အပိုင်း ၆
Viewers 2k

၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်

 

အပိုင်း ၆

 

 

 

 

 

 

ရှီးချန်မြို့သည် စက်ရုံများနှင့် ပြည့်နှက်နေသော မြို့ဖြစ်သည်။ သံမဏိစက်ရုံ၊ ဘိလပ်မြေစက်ရုံနှင့် ဖန်ချက် စက်ရုံများတို့၏ မီးခိုးခေါင်းတိုင်များမှ အဆက်မပြတ်ထုတ်လွတ်နေသော မီးခိုးမည်းကြီးများကြောင့် ရှီးချန်မြို့ကောင်းကင်မှာလည်း အမြဲ မှုံမှိုင်းနေသည်။

 

 

သို့သော် ယခုမြင်နေရသည့် ပြတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်သည် အပြာရောင် ဆေးခြယ်ထားသကဲ့သို့ဖြစ်နေကာ နူးညံ့ပုံရှိသည့် အဖြူရောင်တိမ်တိုက်လေးများက ဟိုတစ်ပျောက် ဒီတစ်ပျောက် ရှိနေသည်မှာ မြင်ရသူတိုင်းကို စိတ်ချမ်းသာစေသည်။

 

 

အပြာရောင် ကောင်းကင်ကြီး၏ အောက်တွင် အကန့်သတ်မဲ့သော ပင်လယ်ပြာကြီးက ရှိနေခဲ့သည်။ ပင်လယ်ပြင်ကြီးသည် ငြိမ်သက်မနေပါ။ ပင်လယ်လေညှင်းများ သယ်ဆောင်လာသော လှိုင်းလုံးများသည် ငါးဖမ်းလှေများကို ရိုက်ခတ်သွားပြီး ရွှေရောင် သဲသောင်ပြင် တည့်မတ်စွာ ဆိုက်ရောက်လေ၏။

 

 

 ကမ်းခြေသို့ လာရိုက်ခတ်သောအခါ လှိုင်းလုံးများက အားနည်းသွားပြီး ပင်လယ်သို့ ချက်ချင်းပြန်လည်ဆုတ်ခွာသွားလေ၏။

 

 

ကမ်းခြေရှိ အုန်းပင်တန်းကြီးကလည်း သူတို့ အုန်းရွက် လက်တံ ကြီးများ လှုပ်ရမ်းပြနေသည်မှာ ဘေးတစောင်းသွားနေသော ဂဏာန်းများကို လှောင်ပြောင်နေသကဲ့သို့ပင်ဖြစ်နေ၏။

 

 

လင်းဝေ့က နှုတ်ခမ်းထောင့်တွေ ကွေးညွှတ်သွားအောင်ပြုံးလိုက်ပြီး အောက်ထပ်ကို လှမ်းကြည့်လိုက်သည်။

 

 

သူမ မြင်ရသည်က မကျဥ်းလွန်း မကျယ်လွန်းသော ခြံဝန်းကြီးဖြစ်သည်။ ခြံဝန်းညာဘက်တွင် အဖြူရောင်ဆေးသုတ်ထားသော ကျောက်စလစ်ပြင် အမိုးနှင့် မီးဖိုဆောင်ကို တွေ့လိုက်ရသည်။ မီးဖိုဆောင် အပေါ်ထပ်ကို အုတ်လက်ရန်းစီထားပြီး နေသာဆောင်လည်း ရှိလေသည်။

 

 

ကျုံးရှောက်၏ Y ပုံစံ သစ်သားချိတ်များဖြင့် သွယ်တန်းထားသော အဝတ်လှမ်းကြိုးများကိုလည်း လင်းဝေ့ဘက်မှ ကြည့်လျင်မြင်ရသည်။

 

 

မီးဖိုဆောင်၏ ဆန့်ကျင်ဘက်တွင် အသီးအရွက်စိုက်ခင်းလေးရှိသည်။ သို့သော် ဤခြံဝန်းသည် လူမနေသည်မှာ နှစ်ဝက်ခန့်ရှိပြီဖြစ်၍ စိုက်ခင်းထဲတွင်လည်း မည်သည့်အသီးအရွက်မျှ မစိုက်ထားချေ။

 

 

အိမ်သာက်ိုတော့ ခြံအနောက်ဖက်တွင် ဆောက်ထားကာ အိမ်အနောက်ဖေး တံခါးသည်လည်း ပွင့်နေခဲ့သည်။

 

 

လင်းဝေ့ အိမ်ထဲစဝင်လာစဥ်ကာ နောက်ဖေးသို့ သွားကာ အိမ်သာကို အရင်ကြည့်ခဲ့ခြင်းဖြစ်သည်။ အိမ်သာခွက်ထိုင်သည့် နေရာကိုလည်း ကြွေပြားကပ်ထားကာ အိမ်သာ လေဝင်ပေါက်သည်လည်း အတော်အသင့်ကျယ်၍ လေဝင်လေထွက်ကောင်းလေသည်။ အိမ်သာရေဆွဲချပြီးသည်နှင့် ခဏကြာလျင် မည်သည့်အနံမျှ မကျန်တော့ပေ။

 

 

အိမ်သာဆောက်ထားသည်ကို ကြည့်ရင်း အိမ်ပြုပြင်သည့်စရိတ်ကို မနှမြောတော့ပဲ တန်သည်ဟု ခံစားရသည်။

 

 

အိမ်ပြုပြင်သည့်ကိစ္စနှင့် ပတ်သက်၍ မတွက်ကတ်သင့်မနှမြောသင့်ဟုတွေးသော်လည်း ပိုက်ဆံအကြောင်း စဥ်းစားလိုက်သည်နှင့် ရင်ထဲ နင့်ကနဲ့ ခံစားလိုက်ရပြန်သည်။

 

 

လင်းဝေ့ ထိုသို့တွေးနေစဥ် တစ်ဖက်ခန်းမှ မင်မင်က ပြေးလာကာ ပျော်ရွှင်စွာမေးလိုက်သည်။ "မေမေ သားတို့ နောက်ဆို ကိုယ်ပိုင်အခန်းနဲ့ နေရတော့မှာလားး"

 

 

လင်းဝေ့ အသိပြန်ကပ်လာကာ မင်မင့်ကို ပြောလိုက်သည်။ "သားတို့ညီအစ်ကိုနှစ်ယောက် တစ်ခန်းထဲပဲ အတူနေရမယ်"

 

 

မင်မင် အဖို့တော့ သူတို့ညီအစ်ကိုနှစ်ယောက် အတူနေရလည်း အဆင်ပြေသည်ဖြစ်သည်။ သူတို့အခန်းအတူပေါင်းနေရသော်လည်း သူတို့နှစ်ယောက်၏ သီးသန့်အခန်းဖြစ်သည်ဖြစ်၍ ကိုယ်ပိုင်အခန်းဟုပင် ခံစားရကာ ရုတ်တရက် ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။

"ဟေးးး ကိုယ်ပိုင်အခန်းရပြီကွ လူကြီးဖြစ်ပြီကွ"

 

 

မြို့ထဲက မိသားစုအများစုသည် စည်းစည်းလုံးလုံးနေကြကာ ကလေးများက သူတို့မိဘနှင့် အတူနေကြ၏။အသက်အရွယ် အပိုင်းအခြား တစ်ခုရောက်လာမှသာ  သူတို့အတွက် သီးသန့်အိပ်စရာ နေရာတစ်ခုစီစဥ်ပေးလေသည်။

 

 

ထို့ကြောင့် ချည်စက်ရုံဝန်း တစ်ခန်းအတွင်း ပေါင်းနေခဲ့ရသည့် ကလေးများက ကိုယ်ပိုင်အခန်းရသောအခါ လူကြီးဖြစ်လာသလို ခံစားလိုက်ရရှာသည်။

 

 

မင်မင်အရွယ် ကလေးများသည် သူတို့လုပ်ချင်တာ လုပ်ရအောင် လူကြီးအရမ်းဖြစ်ချင်ကြ၏။ ဒါပေမယ့် လင်းဝေ့က အမြဲတမ်း ညီအစ်ကိုနှစ်ယောက်တည်းကို မအိပ်ခိုင်းပေ။ ချည်မျှင်စက်ရုံ ဝန်ထမ်းအိမ်ရာတွင် အခန်းအပို မရှိသည်သာမကာ ကလေးများချည်းသာ အိပ်လျှင် ညပိုင်း အိပ်မောကျသည့်အခါ ဂွမ်းကပ်စောင်မခြုံမိကာ အအေးမိ နေမကောင်းဖြစ်မည်ကို စိုး၍ဖြစ်သည်။ ဒါတင်မက ကလေးများသည်လည်း အလွန်ငယ်သေး၍ဖြစ်သည်။

 

 

ကလေးနှစ်ယောက်ကို သီးသန့်အခန်းပေးကာ အိပ်ခွင့်ပြုခဲ့သော်လည်း လင်းဝေ့က စိုးရိမ်နေဆဲဖြစ်သည်။ သို့သော် ကျုံးရှောက်က အခန်းများခွဲပြီးသားဖြစ်၍ စိတ်ထဲရှင်းလင်းသွားကာ မကန့်ကွက်တော့ပဲ အိပ်ခန်းထဲက ထွက်လာလိုက်သည်။

 

 

ဒုတိယအထပ်သည် L ပုံစံ ထောင့်ချိုးပုံစံရှိပြီး အလျားရှည်သည့်ဘက်က အရှေ့အနောက် ပြတင်းပေါက်များပါသော အိပ်ခန်းအကြီးဖြစ်၍ အလျားတိုသည့်ဘက်တွင် အိပ်ခန်းအကြီး၏ ထက်ဝက်ခန့်သာရှိသော ဒုတိယအိပ်ခန်းတစ်ခုရှိသည်။

 

 

အိပ်ခန်းများ၏ တံခါးသည် လူနှစ်ဦးလျှောက်ရန်အဆင်ပြေသော စင်္ကြံလမ်းဘက်သို့ လှည့်ထားသည်။ စင်္ကြံလမ်း၏ အဆုံးတွင် လသာဆာင်ရှိကာ လသာဆောင်တွင် သံချေးတက်နေသော ရေဆေးကန်တစ်ခုရှိသည်။ရေဆးကန် အင်တုံသည် မြေကြီးများ ပြည့်နေပြီး ယခင်က ပန်းပင်များ စိုက်ခဲ့ဟန်တူသည်။ သို့သော်လည်း ယခင်နေထိုင်သူ ပြောင်းသွားပြီးနောက် ရေလောင်းဂရုစိုက်မည့်သူမရှိ၍  ပန်းများ ညှိုးနွမ်းကာ အင်တုံထဲတွင် မည်သည့်အပင်မျှ မရှိတော့ချေ။

 

 

လသာဆောင်ဆီ ထွက်သော တံခါးပေါက်ဘေးတွင် လှေကားရှိသည်။ လှေကားသည် နှစ်ဆင့်ဖြစ်၍ ပထမအဆင့်လှေကား အောက်တွင် နောက်ဖေးပေါက်တံခါးရှိကာ အိမ်သာသွားလိုလျင်လည်း ဤတံခါးပေါက်ကိုအသုံးပြုနိုင်သည်။ အောက်အဆင့် လှေကားဘေးတွင် မီးဖိုဆောင်ရှိသည်။ ထိုမီးဖိုဆောင်ကို ယခုတွင် ရေချိုးခန်းအဖြစ် ပြောင်းလဲလိုက်ပြီးဖြစ်သည်။

 

 

ဒုတိယအထပ်ကို ပြန်ကြည့်လျင် အိပ်ခန်းအကြီးနှင့် ဒုတိယအိပ်ခန်းသည် ထောင့်ချိုးကပ်ရပ် ဖြစ်ကာ လင်းဝေ့ အိပ်ခန်းအကြီးမှ ထွက်လိုက်သည်နှင့် ဒုတိယအိပ်ခန်း၏ မျက်နှာစာကိုမြင်ရသည်။

 

 

အိပ်ခန်းအကြီးနှင့်မတူသည်က ဒုတိယအိပ်ခန်းရှိ ပရိဘောဂပစ္စည်းများမှာ အရင်အိမ်ရှင် ထားခဲ့သော ပစ္စည်းအဟောင်း များဖြစ်သည်။

 

 

မိသားစုအိမ်ရာဆောက်လုပ်ခဲ့စဥ်က ကုတင်၊ အဝတ်ဘီဒို၊ စားပွဲခုံ စသည့် ပရိဘောဂပစ္စည်းများပါ အပါ စစ်တပ်က ထည့်ထားခဲ့​ပြီးဖြစ်သည်။

 

 

သို့သော်လည်း ပရိဘောဂပစ္စည်းများမှာ ကျိုးပျက်လွယ်၍ အိမ်ပြောင်းလာသည့်သူတိုင်းက ပစ္စည်းများထပ်ဝယ်ထည့်ရသည်။ ကျုံးရှောက် အိမ်သော့ ရသည့်အခါတွင်တော့ စစ်တပ်က ပြင်ဆင်ပေးသည့် မူလပရိဘောဂပစ္စည်းတွေလည်း မရှိတော့ပါ။

 

 

အရင်နေထိုင်ခဲ့သူတွေ အစားထိုးခဲ့သော ပရိဘောဂပစ္စည်းများမှာလည်း သိပ်မကောင်းတော့ပေ။

 

 

အရင်​နေ ထိုင်ခဲ့သူများက ပရိဘောဂပစ္စည်းများကိုဂရုတစိုက် မသုံးခဲ့ကြခြင်းမဟုတ်ပါ။ ပင်လယ်ကမ်းခြေဘေးရာသီဥတုမှာစိုစွတ်၍ အိမ်အတွင်း နေထိုင်ရသည်က ပိုအဆင်ပြေပါသည်။ လေဝင်လေထွက်ကောင်းရန် ပြတင်းပေါက်များ မကြာခဏ ဖွင့်ပေးကာ ပရိဘောဂများကို သေချာထိန်းသိမ်းလျှင် ဆယ်နှစ်ကျော်ခန့်အသုံးပြု၍ရ၏။ သို့သော် လူမနေသည်မှာ နှစ်ဝက်ခန့် ရှိပြီဖြစ်ရာ တံခါးပေါက်များလည်း ပိတ်ထား၍ လေဝင်လေထွက်မရှိခြင်းကလည်း ပရ်ိဘောဂပစ္စည်းများကိုမှိုတက်ကာ ပျက်စီးလွယ်စေ၏။

 

 

ကျုံးရှောက် အိမ်သော့ရသည်နှင့် ပရိဘောဂပစ္စည်းအဟောင်းများကို ချိုးဖျက်ကာ မီးဖိုဆောင်ထောင့်တွင်ပုံထားလိုက်သည်။ ခုံ ခြေထောက်သာ ပျက်စီးနေသော စားပွဲ ထိုင်ခုံတို့ကို ပြန်ပြင်ကာ မီးဖိုဆောင်နှင့် ရေချိုးခန်းတွင်ထားရန် စင်များ လုပ်လိုက်သည်။ အတော်လေးကောင်းသေးသည့် ကုတင်နှင့် အဝတ်ဘီဒိုများကိုတော့ ကျုံးရှောက်ကိုယ်တိုင် သန့်ရှင်းရေးလုပ်ကာ ဒုတိယအိပ်ခန်းသို့ ပြောင်းရွေ့ထားလိုက်သည်။

 

 

ထိုကုတင်နှင့် အဝတ်ဘီဒိုသည် သစ်သားကောင်းနှင့်ပြုလုပ်ထား၍ မှိုတက် ခြစားခြင်းမရှိပါ။ သန့်ရှင်းရေးလုပ်ပြီးသည်နောက် မူလအတိုင်းသာ အကောင်းကြီးရှိသေး၏။

 

 

အိပ်ခန်းမကြီးအတွင်းရှိ ကုတင်နှင့် အဝတ်ဘီဒိုများကို အခန်းအရွယ်အစားနှင့် ကိုက်ကာ ဝယ်ထည့်ထားခြင်းဖြစ်သည်။ မူလကုတင်နှင့် အဝတ်ဘီဒိုတို့ကို ဒုတိယအိပ်ခန်းသို့ ရွေ့လိုက်သော်လည်း ထိုအခန်းသည် နေရာလွတ်များကျန်သေးကာ လူအများလှည့်ပတ်သွားလို့ရသေး၏။

 

 

အနာဂတ်တွင် ညီအစ်ကို နှစ်ယောက်ကြီးပြင်းလာသောအခါ သူတို့သူငယ်ချင်းများကို အခန်းထဲ အလည်ခေါ်ဆော့ချင်လျင်ပင် ရသည်ဟု လင်းဝေ့တွေးမိ၏။ ထိုကဲ့သို့ တွေးရန်အချိန်မှာ အလွန်ပင် စောသေး၏။

 

 

ခြုံကာပြောရလျင် ဒုတိယအိပ်ခန်းသည်လည်း မဆိုးပါ။သို့သော် ခန်းစီး လိုက်ကာများက အလွန်ပင် ဟောင်းနေပြီပင်။ လက်​ဖြင့်ကိုင်ကြည့်လျင်ပင် ဖုန်များကပ်ပါလာနိုင်သည်။

 

 

လင်းဝေ့လက်မှာ ပေနေသည့် ဖုန်များကို မြင်လျှင်  "ကိုယ် နောက်ကျရင် ခန်းစီးတွေကို ဖြုတ်ပြီး လျှော်လိုက်မယ်" ဟု ကျုံးရှောက် ပြောလိုက်သည်။

 

 

လင်းဝေ့ကလည်း "ခန်းစီးတွေကို အသစ်ပဲလဲလိုက်ရအောင်။ ဒီကိုကျွန်မ မလာခင်က စက်ရုံကနေ  ပယ်လိုက်တဲ့ အထည်တွေ ဝယ်လာတယ်။ အဲထဲက ပိတ်စကြီးတစ်ချို့ကို ခန်းစီးအနေနဲ့ သုံးလို့ရလောက်တယ်" ဟုပြန်ပြောလိုက်သည်။

 

 

ချည်မျှင်စက်ရုံ၏ ဂိုထောင်တွင် ရောင်းတန်းမဝင်သည့် ပယ်လိုက်သည့် အထည်အစများ စင်လိုက်ရှိလေသည်။ ထိုအစများကို စက်ရုံတာဝန်ရှိသူများက မည်သို့အသုံးချရမည်ကို စဥ်းစားနေစဥ် လင်းဝေ့က ဝယ်ယူရန် စိတ်ကူးရှိသည့်အတွက် ဝမ်းမြောက်ဝမ်းသာ ရောင်းပေးလိုက်ကြ၏။

 

 

 အမှန်တော့ ရောင်းတန်းမဝင် ပယ်လိုက်သည့် အစဟုဆိုသော်လည်း ပြစ်ချက်မှာ ကြီးကြီးမှားမှားမရှိချေ။ပြစ်ချက်ကြီးမှာ ချည်ကျော်ခြင်းနှင့် အရောင်ကျွတ်ခြင်းသာ ဖြစ်သည်။

 

 

သိပ်မကြီးသည့်အစများကို ဖိနပ်အောက်ခံချုပ် နိုင်ပြီး ကလေးများအတွက် ဘောင်းဘီလည်း ချုပ်၍ ရနိုင်သည်။ သို့သော် အရောင်မညီသောကြောင့် အဝတ်အစားများ အဖြစ်ချုပ်ရန် အဆင်မပြေချေ။ သိုသော် ခေါင်းဦးအဖုံး၊ ဆိုဖာထိုင်ခုံအစွပ်နှင့် တစ်ခြားအရာများ အဖြစ်ချုပ်လုပ် အသုံးပြုနိုင်၏။ ခန်းစီးစအဖြစ်လည်း ချုပ်လုပ် အသုံးပြုန်ိုင်သည်။

 

 

ခန်းစီးသည် ကြီးမားရှည်လျား၍ လက်နှင့်ချုပ်လိုက်လျင် အလွန်ကြာမည်ဖြစ်သည်။ လင်းဝေ့တို့လည်း ယခုမှပြောင်းလာ၍ ပစ္စည်းများသယ်ရွေ့ကာအလုပ်များနေလေရာ ခန်းစီးချုပ်မည့်ကိစ္စက ကြာဦးမည်ဖြစ်သည်။

 

 

ခန်းစီးချုပ်မည့်ကိစ္စကို ထိုသို့စဥ်းစားလိုက်မိကာ လင်းဝေ့ စိတ်ပြောင်းသွားပြီး ပြန်ပြောလိုက်သည်။ "ရှင် ခန်းစီးအဟောင်းတွေကို ဖြုတ်ပြီးပြန်လျှော်လိုက်ပါ။ အသစ်မချုပ်ရသေးခင် တပ်ထားလို့ရတာပေါ့"

 

 

အပ်ချုပ်စက်သာ မရောင်းခဲ့လျှင် ခန်းစီးသုံးခုကို တစ်နေ့လည်ခင်းတည်းနှင့် သူမ အပြီးချုပ်နိုင်သည်။

 

 

သူမ အပ်ချုပ်စက် မ​ရောင်းခဲ့လျှင်ပင် အပ်ချုပ်စက်ကို ယခု သုံးနိုင်မည်မဟုတ်ပေ။ လေးလံလှသည့်အပ်ချုပ်စက်ကို ခရီးအရှည်ကြီးသယ်နိုင်ရန် ဖြုတ်ပြီးသယ်ခဲ့၍ စက်လည်း ပြန်လည်ဆင်နိုင်ဦးမည်မဟုတ်လေရာ လက်ဖြင့်သာ ချုပ်ရမည်ဖြစ်သည်။

 

 

"ကောင်းပြီလေ ဒါဆိုကိုယ် အခုဖြုတ်လိုက်မယ်"ဟု ပြောကာ ပြတင်းပေါက်နားသွားပြီး ခန်းစီးများကို စဖြုတ်တော့သည်။

 

 

 ကျုံးရှောက် ချက်ချင်း ထလုပ်လိမ့်မည်ဟု မထင်သောကြောင့် လင်းဝေ့လည်း ရှေ့တက်လာကာ ပြောလိုက်သည်။ "ကျွန်မလည်း ကူမယ်လေ"

 

 

"မလုပ်ပါနဲ့ ခန်းစီးတွေက ညစ်ပတ်နေတာ ကိုယ်တစ်ယောက်ထဲ လုပ်လိုက်ပါ့မယ်"

 

 

ကျုံးရှောက်က လင်းဝေ့ကို လက်ဖြင့် တားလိုက်ပြီး သူတစ်ယောက်တည်း ခန်းစီးကို ဖြုတ်လိုက်ကာ အပြင် စင်္ကြံလမ်းမှာ ပုံထားလိုက်၏။ ထို့နောက် ပထမအိပ်ခန်းမကြီးမှ ခန်းစီးများကိုလည်း သွားဖြုတ်ခဲ့သည်။ ကျုံးရှောက် တစ်ယောက်တည်း လုပ်ခိုင်းလိုက်ရန် စိတ်ကူးကာ လင်းဝေ့လည်း မကူတော့ပဲ သူ့နောက်ကသာ လိုက်သွားတော့သည်။