၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်
အပိုင်း ၇
လင်းဝေ့ အိပ်ခန်းမကြီးထဲ ဝင်လိုက်သည်နှင့် အပြင်ဘက်က အမျိုးသမီးတစ်ဦး
အသံကြားလိုက်ရသည်။ "အိမ်ရှင်တို့ ရှိကြလား"
"ရှိပါတယ်ရှင့်"
လင်းဝေ့ ပြန်ထူးလိုက်ရင်း ပြတင်းပေါက်ကနေ အောက်ကို လှမ်းကြည့်လိုက်သည်။
အမျိုးသမီးသုံးဦးက ခြံဝန်းထဲမှာ ရပ်နေကြသည်။ သူတို့လည်း သူမ ထူးလိုက်သည့်အသံကို ကြားလိုက်ကာ
အိမ်အပေါ်ထပ်ကို မော့ကြည့်နေကြသည်။
ပန်းပွင့်ရိုက်အင်္ကျီနှင့် အမျိုးသမီးက လင်းဝေ့ကိုကြည့်ရင်း ပြုံးပြကာ
ပြောလိုက်သည်။ "ညီမက ဒုတပ်ရင်းမှုးရဲ့အမျိုးသမီးထင်တယ် ဟုတ်တယ်မလား။ ကျွန်မတို့
ဘေးခြံမှာ စကားပြောနေတုန်း ကားသံကြားလိုက်တာနဲ့ ညီမတို့ ရောက်ပြီထင်လို့ လာမိတ်ဆက်တာပါ"
သူမ ထိုအမျိုးသမီးသုံးဦးကို မသိသော်လည်း ဤနေရာသည် အရာရှိအိမ်ရာဝန်းဖြစ်ရာ
သူမတို့ ပုံစံအရ အရာရှိအိမ်ရာတွင် နေထိုင်ကြသည်မှာလည်း သေချာလေသည်။
အိမ်နီးချင်းများ ဖြစ်ကြ၍ မိတ်ဖွဲ့ထားရမည်ဖြစ်တာကြောင့် "ကျွန်မ ဧည့်သည်တွေကို သွားမိတ်ဆက်လိုက်မယ်နော်"
ဟု ကျုံးရှောက်ကို ပြောလိုက်ပြီး အောက်ထပ်ကို ဆင်းသွားလိုက်သည်။
လင်းဝေ့ အောက်ထပ်ဆင်းလာစဥ် ခြံဝန်းထဲက အမျိုးသမီးသုံးဦးက စကားပြောနေကြ၏။
"ခုလေးတင် သေချာတွေ့လိုက်ကြလား။ ဒုတပ်ရင်းမှုးရဲ့အမျိုးသမီးကိုလေ
ကျွတ်ကျွတ်ကျွတ် တစ်ကယ့်ကို ရှားပါး အလှလေးပဲ " ပန်းပွင့်ရိုက်အင်္ကျီနှင့် အမျိုးသမီးက
မနာလိုအားကျစွာပြောလိုက်သည်။ "သူမအသားအရည်လေးကလည်း ဖြူပြီးဝင်းနေတာပဲ"
ပန်းပွင့်ရိုက်အင်္ကျီနှင့် အမျိုးသမီးက ကောင်းရှို့လျန်ကိုလှမ်းကြည့်ကာ
ပြောလိုက်သည်။ သူမ တပ်ထဲတွင်နေထိုင်သည်မဟုတ်ပဲ သိက္ခာကိုလည်း ထိန်းစရာမလိုပါက ကောင်းရှို့လျန်ကို
တည့်မေးလိုက်ချင်မိသည်။ " ရှင်ပြောတော့ ဒုတပ်ရင်းမှုးက အမြင်ကောင်းမရှိဘူးဆို။
အခုတော့ သူ့မိန်းမကို ကြည့်စမ်းပါဦး"ဟု မျက်နှာဖြတ်ရိုက်သကဲ့သို့ ခံစားစေနိုင်သော
စကားများ မေးလိုက်ချင်မိသည်။ သို့သော် သူမသည် ထုတ်မပြောခဲ့ပါ။
ပန်းပွင့်ရိုက်အင်္ကျီနှင့် အမျိုးသမီးကို တိုက်ရိုက်မမေးခဲ့သော်လည်း
သူမတို့ သိကျွမ်းလာသည်မှာ မနေ့တစ်နေ့က မဟုတ်သောကြောင့် သူမ ပြောချင်သည်မှာ ဘာကို ဆိုလိုကြောင်း
ကောင်းရှို့လျန် နားလည်သည်။
"အသားဝင်းနေတာ မီးရောင်ကြောင့်ပါအေ။ အသားဖြူတော့ကော ဘာလုပ်ရမှာလဲ
လူကလည်း အာ့လောက် ပိန်နေတာ ကြည့်ရတာ အားကိုမရပါဘူး"
ပန်းပွင့်ရိုက်အင်္ကျီနှင့် အမျိုးသမီးက ထိုစကားကိုကြားသောအခါ မျက်လုံးလှိမ့်ရုံသာ
တတ်နိုင်တော့၏။
ကောင်းရှို့လျန်၏ ပုံစံကို သူမ မကြိုက်ပါ။ သူမ ကိစ္စရှိမှသာ ကောင်းရှို့လျန်နှင့်
ဆက်ဆံလေ့ရှိသည်။ သူမ စကားပြောသည့်အခါတိုင်း သူတစ်ပါး အတင်းက မပါမဖြစ်ပင်။ သူမကိုယ်သူမ
မကောင်းသည့်လူအဖြစ် ဝန်ခံရန် ခက်ခဲလှ၏။ သေသည်အထိ ခေါင်းမာမည့်အမျိုးအစားဖြစ်သည်။
သူမ ထပ်ပြောချင်သေးသော်လည်း အိမ်ထဲက ထွက်လာသောပုံရိပ်ကြောင့် ပြောချင်သည့်
စကားကို ပြန်မျိုချလိုက်ကာ အပြုံးနှင့်နှုတ်ဆက်လိုက်သည်။ " ကျွန်မတို့တစ်တွေ ရှင်တို့
အလုပ်ကို နှောက်ယှက်မိပြီလား မသိဘူးနော်"
"ဘယ်ကလာ မနှောက်ယှက်မိပါဘူးရှင့်" အပြုံးနှင့် ဧည့်သည်များကို
ဧည့်ခန်းထဲ ထိုင်ခိုင်းကာ ကြိုဆိုလိုက်သည်။
ဧည့်သည်များ ထိုင်ပြီးမှ ဧည့်ခံဖို့ လက်ဖက်ရည် အိမ်မှာမရှိသည်ကို
သတိရလိုက်ကာ ပြောလိုက်သည်။ "ကျွန်မတို့လည်း အခုမှရောက်တာ ဆိုတော့လေ ရေနွေးမတည်ရသေးတာနဲ့......."
" ရပါတယ်ရှင် ကျွန်မတို့လည်း အစ်မ ကောင်း အိမ်ကနေ လက်ဖက်ရည်
သောက်လာခဲ့ပြီးပါပြီ။ မသောက်ချင်တော့ပါဘူး" ပန်းပွင့်ရိုက်အင်္ကျီနှင့် အမျိုးသမီးက
အလျင်အမြန် လက်ခါကာ ပြောလိုက်ပြီးနောက် သူ့နှာဖူးကို ရိုက်လိုက်ရင်း ပြောခဲ့သည်။
"မေ့တော့မလို့ ကျွန်မက ဝမ်ဖန်းလိပါ။ ကျွန်မ ယောက်ျားကတော့ ဒုတပ်ရင်းမှုးကျုံးရဲ့
တပ်ရင်းကပါ"
သူမကိုယ်သူမ မိတ်ဆက်ပြီးနောက် ကောင်းရှို့လျန်ကို ညွှန်ပြကာ ပြောခဲ့သည်။
"ဒါကတော့ ရဲဘော် ကောင်းရှို့လျန်ပါ။ သူ့အမျိုးသားက ဒုတိယတပ်ရင်းရဲ့ ဒုတပ်ရင်းမှူးလေ။
သူကတော့ လီချင်တဲ့ သူ့အမျိုးသားကလည်း ဒုတပ်ရင်းကပဲ "
ဝမ်ဖန်းလိ မိတ်ဆက်ပေးအပြီး လင်းဝေ့လည်း သူတို့သုံးဦး အကြောင်း
အနည်းငယ် သိလာခဲ့သည်။
သုံးယောက်ထဲမှာမှ ဝမ်ဖန်းလိက စကားအပြောနိုင်ဆုံးဖြစ်ကာ သုံးဦးထဲမှာမှ
သူမနှင့် အဆင်ပြေနိုင်ဆုံးသူ ဖြစ်လိမ့်မည်ဟု ထင်မိသည်။ သို့သော် သူမသည် ကျန်လူများကို
မထင်မရှားဖြစ်စေတတ်၏။
ကောင်းရှို့လျန်ကတော့ သူမ၏ ပုံရိပ်ကို အနည်းငယ် ထိန်းလေ၏။ သူမ ယောက်ျားသည်
ဒုတပ်မှုးဖြစ်ကြောင်း ဝမ်ဖန်းလိ ပြောသည့်အခါ အလ်ိုအလျောက် ခါးမတ်သွားကာ စကားမပြောပဲ
သိပ်အလိုမကျဟန်ဖြင့် ဝမ်ဖန်းလိဆီ ခေါင်းညိမ့်ပြလိုက်သည်။
သူမတို့ ပုံစံကြည့်ခြင်းအားဖြင့် လီချင်းသည် တ်ိတ်ဆိတ်နေကာ အငယ်ဆုံးဖြစ်လိမ့်မည်ဟု
ခန့်မှန်းလိုက်သည်။ကောင်းရှို့လျန်၏ အမျိုးသားသည် သူမယောက်ျား၏ အကြီးအကဲဖြစ်သောကြောင့်
သူမသည်လည်း စကားပြောလိုက်တိုင်း မသိစိတ်ကနေ ကောင်းရှို့လျန်၏ အမူအရာကို အကဲခတ်နေမိသည်။
ဝမ်ဖန်းလိက ဘေးအိမ်တွင် စုဖွဲ့စကားပြောနေကြသည်ဟုပြောကာ ကောင်းရှိူ့လျန်အိမ်တွင်
လက်ဖက်ရည်သောက်ခဲ့ကြောင်းပြောပြန်ရာ ကောင်းရှို့လျန်က သူမ အိမ်၏ ဘယ်ဘက်ခြံတွင်နေသော
အိမ်နီးချင်းဖြစ်လိမ့်မည်။
လင်းဝေ့ ဘယ်ဘက်အခြမ်း ခြံကမှန်းသေချာနေသည့်အကြောင်းမှာ သူမ အိမ်ခြံထဲဝင်လာစဥ်
အနောက်ခြံဘက် ကပ်ရပ်ခြံမှာ လူထိုင်နေကာ ထိုလူက ကောင်းရှို့လျန် မဟုတ်သည်မှာ သေချာသည်။
ထိုအကြောင်းတွေးမိကာ လင်းဝေ့ခေါင်းကိုက်သွားသည်။ မိသားစုအိမ်ရာက
ကျယ်ပြန့်သော်လည်း သူမလည်ပတ်ချင်သည့် နေရာတိုင်း သွားနိုင်သည်။ ခြံချင်းနီးလျှင် မကြာခဏ
တွေ့မြင်ရကြမည်ဖြစ်ကာ ဆက်ဆံရေးအဆင်ပြေလျှင် သာမန်အိမ်နီးချင်းအဆင့်ထက်ပိုလာနိုင်၏။
ကောင်းရှို့လျန်နှင့် အဆင်ပြေပြေ စကားပြောနိုင်ဖို့သာ မျှော်လင့်နေမိသည်။
လင်းဝေ့ သူမစိတ်ထဲမှာ စိုးရိမ်နေသော်လည်း အပြုံးလေးဖြင့် မိမိကိုယ်ကို
မိတ်ဆက်လိုက်သည်။ " ကျွန်မကတော့ လင်းဝေ့ပါ။ ရွမ်းမူရဲ့ လင်း ဖြစ်ပြီး ဝေ့ကတော့
ရှန့်ထုန်မူ့ ပန်းက ယူထားတာပါ"
(ရှန့်ထုန်မူ့ = ပြောင်လက်သော
အရွက်နှင့် ဖြူဖွေးမွှေးကြိုင်သော အပွင့်ဖြူများဖွင့်သည့် ခြုံပင်တစ်မျိုး)
ကောင်းရှို့လျန် ခေါင်း အနည်းငယ်ငြိမ့်လိုက်သော်လည်း လင်းဝေ့ကို
ထူးမခြားနားကြည့်နေဆဲပင်ဖြစ်သည်။ လီချင်ကတော့ လင်းဝေ့ကိုပြုံးပြရင်း နှုတ်ဆိတ်နေခဲ့သည်။
သုံးယောက်ထဲမှ ခင်မင်လွယ်သည့် ဝမ်ဖန်းလိကသာ " ညီမနာမည်လေးက လှလိုက်တာနော်"
ဟုပြန်ပြောခဲ့သည်။
" အစ်မ နာမည်ကလည်း လှပါတယ်" လင်းဝေ့က အပြုံးလေးဖြင့်တုံ့ပြန်လိုက်သည်။
"တစ်ကယ်ကြီးလား" ဟုပြန်ပြောကာ ဝမ်းသာနေခဲ့သည်။
"ဒါနဲ့ ကျွန်မက ၂၆နှစ်ရှိပါပြီ ညီမက ကော"
"ကျွန်မက ၂၃နှစ်ရှိပါပြီ" ဟု လင်းဝေ့က ပြန်ဖြေလိုက်သည်။
" ဒါဆိုရင်လည်း အစ်မက ရှောင်လင်လို့ပဲ ခေါ်မယ်နော်" ဟုပြောလိုက်ကာ
ဧည့်ခန်းအတွင်း ခေါင်းကို လှည့်ပတ်ကြည့်ရင်း "အိမ်အတွင်းကို ဆေးသုတ်ထားတာ ဒီလိုပုံစံလေးလား"ဟု
ဝမ်ဖန်းလိက ပြောလိုက်သည်။
" ပိုက်ဆံကို ဘာမှ မဟုတ်သလို သုံးနေတာပဲနော်" ဟု ကောင်းရှို့လျန်က
နှာခေါင်းရှုံ့ကာ အေးစက်စက်ပြောလိုက်သည်။
"အစ်မပြောမယ် ရှောင်လင်ရေ တပ်က ဆောက်ပေးတဲ့အိမ်ကလည်း နေလို့မရတဲ့
အိမ်တော့မဟုတ်ပါဘူး။ ဘာလို့ ပိုက်ဆံအများကြီး လျှောက် အကုန်ခံရတာလဲ နံရံဆေးသုတ်တာတွေ
အိမ်သာနဲ့ ရေချိုးခန်းပြင်တာတွေက အလကားဖြုန်းတာပဲလို့ အစ်မတော့ထင်တယ်"
ကောင်းရှို့လျန်က ဆက်ဆံရ ခက်ရုံသာမက ကြွက်တွေကြားဝင်နှောက်ယှက်တတ်သည့်
ခွေးကဲ့သို့ သူများကိစ္စကိုလည်း ဝင်စွက်ဖက်တတ်သေးသည်။
လင်းဝေ့ စိတ်ကိုလျော့ကာ ပြောလိုက်သည်။ " ရဲဘော်အစ်မ ကောင်းရှင့် ကျွန်မတို့မိသားစုက
ကျွန်းကို အခုမှရောက်လာရုံသာမက ကျွန်မတို့ အချင်းချင်းကလည်း အခုမှတွေ့ကြတာဆိုတော့ ကျွန်မတို့
အိမ်ကိုလာပြီး ဟိုဟာဒီဟာ လက်ညိုးထိုး လာပြောတာတော့ မသင့်တော်ဘူး ထင်တယ်နော်"
" ဟိုဟာဒီဟာ လက်ညိုးထိုး ပြောတယ်ဆိုတာ ဘာကိုပြောချင်တာလဲ ကျွန်မက
စေတနာနဲ့ ပြောပြတာပါရှင့်"
ကောင်းရှို့လျန်က လင်းဝေ့ကို မသိနားမလည်သည့်သူဟု ယူဆကာ အသံကျယ်ကျယ်ဖြင့်
ဆက်ပြောခဲ့သည်။
" ရှေးလူကြီးတွေကပြောတယ်
အကျင့်ပျက်ခြစားတာနဲ့ မလိုအပ်တဲ့နေရာမှာ ဖြုန်းတီးတာက ပြစ်မှုကြီးပဲတဲ့ ကိုယ့်ကိုယ်ကို
သိသင့်တယ်"
လင်းဝေ့လည်း ဒေါသဖြင့် ရီလိုက်ပြီး ပြောလိုက်သည်။
"ကျွန်မတို့ကို အပြစ်သားလိုလာ ပြောမနေနဲ့။ အစိုးရဆီကနေ ကျွန်မတို့
အပ်တစ်ချောင်းယူတာ ရှင်တွေ့လို့လား။ ပြည်သူတွေဆီကနေ အပ်ချည်လုံးယူတာကိုကော ရှင်တွေ့လို့လား။
အာ့တာတွေ ရှင် မတွေ့ပဲနဲ့ ဘာလို့ကျွန်မတို့ကပဲ အကျင့်ပျက်ခြစားနေသလို ပြစ်မှုကြီးကျူးလွန်နေသလို
လာပြောနေရတာလဲ"
ကောင်းရှို့လျန်ကလည်း ဒေါသတကြီးထရပ်ကာ ပြန်ပြောလိုက်သည်။
"ကျွန်မက ဘယ်တုန်းက ရှင်တို့ကို အကျင့်ပျက်ခြစားတယ် ပြောမိလို့လဲ
ကျွန်မက ရှင်တို့ အသုံးအဖြုန်းကြီးလို့ပြောနေတာ အာ့လို လျှောက်ဖြုန်းတာကလည်း ပြစ်မှုပဲ"
လင်းဝေ့သည်လည်း သူမကို မကြောက်ပေ။ ထို့ကြောင့် ထရပ်လိုက်ကာ အသံကျယ်ကျယ်ဖြင့်
ပြန်အော်လိုက်သည်။ "ကျွန်မက အဝတ်အင်္ကျီ လက်အနားတွေဖွာ နေ ရင်တောင်မှ ဝတ်ပြီး ထမင်းစားရင်တောင် ဆန်တစ်စေ့မှ မကျန်အောင်စားတာတောင်မှ
အသုံးဖြုန်းကြီးတယ် လျှောက်ဖြုန်းတယ်လို့ ရှင်က ပြောနေသေးတာလား"
"ရှင်က နေတောင်မနေရသေးတဲ့ အိမ်ကို ဆေးတွေသုတ်ပြီး ပြင်နေတာတောင်
အသုံးအဖြုန်းမကြီးဘူး လျှောက်မသုံးဘူး ပြောနေသေးတာလား"
" အိမ်နံရံဆေးသုတ်တာ အိမ်သာပြင်တာတွေက လျှောက်ဖြုန်းတယ်လို့ခေါ်တာတဲ့လား။
ရှင် ပြောပုံအရဆိုရင် တပ်ကနေ အိမ်ရာအဟောင်းမှာ နေထိုင်တဲ့သူတွေကို အိမ်ပြုပြင်ထိန်းသိမ်းစရိတ်
မပေးသင့်တော့ဘူးပဲ။ အိမ်ပြုပြင်တာက ဖြုန်းတီးတာပဲဆိုတော့လေ တိုက်တန်းအိမ်ရာမှာလဲ အိမ်သာတွေရှိတော့
အာ့ဒီအိမ်တွေကို တံခါးခေါက်ပြီး အိမ်သာလိုက်တက်ရုံပဲပေါ့"
လင်းဝေ့ စကားများက ယင်ယန် ကဲ့သို့ ထင်ရသော်လည်း ပျံ့နှံ့သွားပါက
ကောင်းရှို့လျန်အပေါ်မုန်းတီးမှုများ တိုးလာကာ တပ်မိသားစုတစ်ခုလုံး သူမကို သေသည်အထိ
မုန်းတီးသွားပေလိမ့်မည်။
ကောင်းရှို့လျန်သည်လည်း သူမပြောသည်ကို နားလည်လိုက်ကာ ဒေါသဖြင့်
တုန်တုန်ယင်ယင် ပြောလိုက်သည်။
"ကျွန်မ ဘယ်တုန်းက အိမ်ပြုပြင်စရိတ် မပေးသင့်ဘူးလို့ပြောခဲ့လို့တုန်း"
"ရှင်ပြောတယ်လေ။ တပ်က အိမ်ပြုပြင်စရိတ်ပေးတယ် ဒါပေမယ့် ကျွန်မတို့က
အိမ်ပြုပြင်တဲ့နေရာမှာမသုံးသင့်ဘူး။ သုံးတာက ဖြုန်းတာပဲ ပြစ်မှုပဲလို့ ရှင်ပဲ ပြောခဲ့တာလေ"
"ကျွန်မ အာ့လိုမပြောခဲ့ပါဘူး"