အပိုင်း ၁
Viewers 2k

၅၀ ခုနှစ်က ဇနီးအလိမ္မာလေး

 

အပိုင်း ၁

 

 

 

၁၉၅၈ ခုနှစ် ဇွန်လတွင် အလွန်နေပူပြင်းလှသည်။

 

 

ညနေ ၅ နာရီခွဲ ယွင်ရွှေမြို့တော်၌

 

 

စတီးစက်ရုံတွင် အလုပ်ဆင်းချိန် ရောက်ပြီဖြစ်သည်။စက်ရုံတံခါးပွင့်သည်နှင့် နက်ပြာရောင်ဝတ်စုံပြည့်ဝတ်ဆင်ထားသော အလုပ်သမားများဖြင့် အပြည့်ဖြစ်သွားကာ ကိုယ်စီ စက်ဘီးများကို တွန်းရင်းအိမ်ပြန်ကြတော့သည်။ တစ်အောင့်ကြာသောအခါ စတီးစက်ရုံဝန်းတစ်ခုလုံးဆူညံသွားတော့သည်။

 

 

ခြံဝန်းကျယ်ကြီးထဲရှိ လူနေအိမ်များသို့ တစ်ယောက်ပြီးတစ်ယောက်ပြန်သွားကြပြီး ရေချိုး၊ ထမင်းချက်စသည်တို့ ပြုလုပ်ကြကာ ထမင်းချက်သံ၊ ရေသွန်သံ စသည်တို့နှင့်ပြည့်သွားတာ လမ်းကြားတစ်ခုလုံး ဝက်ဆီနံ့၊သကြားကိတ်နံ့တို့ဖြင့် ဖုံးလွှမ်းသွားတော့သည်။

 

 

ယနေ့တွင် စတီးစက်ရုံက လုပ်အားခများကို ရှင်းပေးသောကြောင့် ခြံဝန်းထဲရှိ အိမ်ရှင်မများ၏ မျက်နှာပေါ်တွင်အပြုံးပန်းများ ဝေဆာနေကြသည်ပင်။ မိသားစုအနည်းငယ် ချက်ပြုတ်နေစဉ်တွင် စဉ့်တီတုံးများပေါ်၌အသားများ မရှိသလောက်ပင်။

 

 

ယောက်ျားသားများမှာ အင်္ကျီချွတ်နှင့် လူသွားလမ်းတွင်စကားပြောနေကြပြီး အမျိုးသမီးများမှာ မီးမွှေးသည့်အချိန်ကို အကျိုးရှိရှိအသုံးချကာ အတင်းအဖျင်းများကိုပျော်ရွှင်စွာပင် ပြောနေကြတော့သည်။

 

 

" ဟဲ့ ရက်နည်းနည်းတောင်ကြာပြီကို ဟိုဖက်ခြံက ကုမိသားစုရဲ့ချွေးမလေးက ဘာလို့အပြင်မထွက်သေးတာလဲ?"

 

 

"အပြင်ကိုဘာထွက်လုပ်ရမှာလဲ? အဲ့ငယ်ငယ်ရွယ်ရွယ်ချွေးမလေးက ခုမှအိမ်ကိုရောက်တာ ရက်နည်းနည်းပဲရှိသေးတယ်။ မိန်းမငယ်လေးတွေက တစ်ခါတစ်လေအရှက်အကြောက်ကြီးတယ်လေ"

 

 

"လက်ထပ်ပြီးလို့ အရွယ်တောင်ရောက်နေပြီ။ ဒီမိသားစုကြီးထဲကို လက်ထပ်လိုက်တော့ အဲ့ချွေးမလေးဘယ်လောက်ပဲ ချောမောလှပနေပါစေ နှစ်အနည်းငယ်အတွင်းသူလည်း ငါတို့လိုဖြစ်လာမှာပဲ"

 

 

"ပြောမနေပါနဲ့တော့ ကုမိသားစုရဲ့ချွေးမလေးလှတာများ နွေဦးပန်းပွင့်လေးလိုပဲ"

 

 

ထိုသို့ပြောသူမှာ ဝန်းအတွင်းတွင် နေထိုင်သူ ချမ်းသာသည့်အန်တီီကြီး တစ်ယောက်ဖြစ်သည်။ သူမဘေးတွင်ထိုင်နေသာ မျက်နှာချွန်ချွန်နှင့် ဆံပင်နှစ်ခွစီးထားသူအမျိုးသမီးက တံထွေးနှစ်ချက်ထွေးလိုက်သည်။ သူမမတ်တပ်ရပ်လိုက်တော့ တံထွေးတွေ အပေါ်ဖက်ကိုလွင့်ပျံသွားတော့သည်။

 

 

"လှတာက ဘာသုံးစားလို့ရမှာလဲ? မိသားစုထဲမှာ သူတစ်ယောက်ပဲကျန်တာ။ မွဲတေသွားတော့မှာမလို့ သူ့ဦးလေးက ဒီမိသားစုထဲကို ပို့လိုက်တာလေ!"

 

 

မျက်နှာချွန်ချွန်နှင့် မိန်းမကြီး၏စကားက တစ်စုံတစ်ခုကိုညွှန်းဆိုလိုက်သည်မှာ အသေအချာပင်ဖြစ်သောကြောင့် သူမပတ်ဝန်းကျင်ရှိ မိန်းမကြီးများ၏ စပ်စုလိုစိတ်ကို နှိုးဆော်ပြီးဖြစ်သွားသည်။

 

 

"ရှန်းစိုင်ရဲ့အမျိုးသမီး ရှင်ဘာလို့ဒီလိုပြောရတာလဲ?"

 

 

"ဟယ် ရှင်မသိဘူးလား?"

 

 

"ဘာသိတာလဲ? ဒီမင်္ဂလာပွဲက ကုမိသားစုက နှစ်တော်တော်ကြာကတည်းက စီစဥ်ထားတဲ့ဟာမလား?"

 

 

"ဟုတ်တယ် ကျွန်တော်ကြားတာတော့ အဲ့ဒါက အန်ကယ်မန်ဆန်တို့ မိသားစုက လွတ်လပ်ရေးမရခင်တည်းကပြောထားတာတဲ့"

 

 

မျက်နှာချွန်ချွန်နှင့် မိန်းမကြီးက ခပ်ထွားထွားအမျိုးသား၏ စကားကိုကြားသောအခါ နှုတ်ခမ်းမဲ့လိုက်ပြီး လျို့ဝှက်သောမျက်နှာထားနှင့် "ကုမိသားစုရဲ့လက်ထပ်ပွဲကို မိသားစုရဲ့အကြီးအကဲတွေက စီစဥ်ခဲ့တယ်ဆိုတာအမှန်ပဲလေ။ ဒါပေမယ့် သတို့သမီးကတော့တစ်ခြားတစ်ယောက်ကို အစားထိုးလိုက်တာတဲ့"

 

 

"ဟင် အဲ့လိုလား?"

 

 

"အခြေအမြစ်မရှိတဲ့ ပေါက်ကရတွေကို မပြောပါနဲ့"

 

 

တစ်ယောက်ယောက်က သူမကို မေးခွန်းပြန်ထုတ်တော့ ရှန်းစိုင်၏ ဇနီးဖြစ်သူမှာ ပျာပျာသလဲဖြစ်သွားသည်။သူမလက်ကိုမြှောက်ကာ ကျိန်ဆိုလိုက်သည်။

 

 

 "ကျွန်မ မလိမ်ပါဘူး။ အစက လက်ထပ်မယ့်မိန်းကလေးရဲ့နာမည်က လင်းဟုန်နတဲ့။ သူက ရေထဲကို ပြုတ်ကျပြီး သတိရလာတာနဲ့ သောင်းကျန်းပြီးလက်ထပ်ဖို့ငြင်းတော့တာပဲ။ လက်မထပ်ချင်လို့တောင် သူ့ကိုယ်သူသတ်သေဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တာတဲ့။ အဲ့ဒါနဲ့မိဘတွေမှာ လန့်ပြီး ရွေးချယ်စရာမရှိတော့ပဲ သူတို့တူမလေးကိုပဲ လက်ထပ်ခိုင်းလိုက်ရတော့တယ်"

 

 

"ဟယ် အဲ့လိုရက်စက်တဲ့ ဦးလေးမျိုးရှိတယ်ပေါ့?မိန်းကလေးက ဆန္ဒရှိပါ့မလား?"

 

 

"မရှိတော့ရော ဘာတတ်နိုင်မှာလဲ? ကောင်မလေးရဲ့မိဘတွေက မရှိရှာတော့ဘူးလေ။ သူ့ရဲ့တစ်ဦးတည်းသောအစ်ကိုကြီးကလည်း ရှင်းကျန်းမှာ စစ်သားအဖြစ်တာဝန််ထမ်းဆောင်နေတာ။ ကောင်မလေးခမျာ တစ်ယောက်တည််း။ တစ်ခြားသူ လုပ်တိုင်းခံရတော့မယ့် စဥ့်တီတုံးပေါ်က အသားတုံးလို ဖြစ်မနေပေဘူးလား? ဒီကိစ္စကိုလင်းမိသားစုပဲ သိထားတာ။ ခုတော့သတင်းက တစ်ရွာလုံးပျံ့နေပြီ။ ပြီးတော့ လင်းဟုန်နက မောက်မာပြီးလယ်သမားတို့ ဒီဝန်းတို့ကို အထင်သေးရုံတင်မကပဲ သူကအမြင့်က သစ်ကိုင်းကိုတက်ချင်နေတာ!"

 

 

"ဒီကောင်မလေးကတော့ ... ကျွတ် ကျွတ်"

 

 

ရှမ်းစိုင်၏ ဇနီးက နှုတ်ရေးကောင်းကောင်းဖြင့် ပြောနေပြီး သူမ၏ခင်ပွန်းဖြစ်သူက ထိုသတင်းကို အတန်ကြာက လင်းကျားကျွမ်မှာ ဆောက်လုပ်ရေးအဖွဲ့နှင့် အလုပ်လုပ်ခဲ့စဥ်တုန်းက ကြားခဲ့သည်ဆို၏။

 

 

လူတိုင်း ထိုသည်ကို ကြားတော့သက်ပြင်းချပြီး သူတို့၏စိတ်ထဲမှာ မငြီးငြူမိပဲမနေနိုင်တော့ပေ။ ကုမိသားစုတွင် မိသားစုဝင် ၅ ယောက်ရှိပြီး ရိုးသားသည့်ကုမန်ဆန်ကလွဲလျှင် ကျန်သည့်သူများမှာသွားရှုပ်လို့မရပေ။ အထူးသဖြင့် ကုမိသားစု၏ အိမ်ထောင်ဦးစီးဖြစ်သူကျန်းဆွေ့လန်ဖြစ်သည်။ ဝက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ပြီး ဝက်သတ်သည့်ယောက္ခမဖြစ်သူမှာလည်း ဓါးဖြင့်နှစ်ပါးသွားက,ကာ အင်မတန်ပင်အင်အားကြီးမားလှချေသည်။

 

 

ကျန်းဆွေ့လန်က ၎င်းကိုသိပြီး သူမပေါက်ကွဲမှာကိုကြောက်သည်ပင်။

 

 

ကုမိသားစုက စိတ်လှုပ်ရှားစရာတွေ ရှိလာမှာကို စိုးရိမ်ခဲ့ကြသည်။

 

 

သေချာပေါက်ပင် ချင့်ချင့်ချိန်ချိန် စဥ်းစားတွေးခေါ်တတ်သော ယောင်းမလေးတော့ ရှိသေးသည်ပင်။ ကျန်းဆွေ့လန်၏ လိမ္မာပါးနပ်သော သဘာဝအရဆိုလျှင် သူတစ်ခုခုတော့သိထားမည်ပင်။

 

 

မဟုတ်လျှင်တော့ လက်ထပ်သည့်နေ့တွင်ပွဲကြီးပွဲကောင်းတွေ့ရပေမည်။

 

 

လူတိုင်းက ကိုယ်စီကိုယ်စီ အတွေးနယ်ချဲ့နေကြသည်။ညစာစားချိန်ရောက်ရှိလာပြီး  ကလေးများမှာဗိုက်ဆာသောကြောင့် ငိုယိုအော်ဟစ်လာကြတော့သည်။ သို့နှင့်မိခင်များလည်း ဖုတ်ဖက်ခါထကာ အသီးသီးအိမ်သို့ပြန်သွားကြတော့သည်။

 

 

ခြံဝန်း၏ အရှေ့ဖက်အဆုံးသည် ကုမိသားစုဖြစ်သည်။

 

 

ညနေပိုင်းတွင် အပူရှိန်က တဖြည်းဖြည်းလျော့နည်းလာပြီး လမ်းတစ်လျှောက် ဟင်းလျာနံ့များမွှေးပျံ့နေသည်။

 

 

ခြံအနောက်ဖက်ရှိ သဖန်းပင်ပေါ်တွင် ပုစဥ်းရင်ကွဲများက အတောမသတ်နိုင်စွာ ဆူညံသံပေးနေကြသည်။

 

 

သဖန်းပင်အောက်တွင် ဆင်ဝင်ရှိပြီး တောင်နှင့်မြောက်အဆောင်များလည်း ရှိကြသည်။ အခန်းများထဲမှ တစ်ခန်း၏ ပြတင်းပေါက်မှာပွင့်နေပေသည်။ အခန်းထဲတွင်လင်းယောင်တစ်ယောက် မျက်မှောင်ကျုံ့နေသည်။ သူမသည်အပြင်ဖက်က ပုစဉ်းရင်ကွဲများ၏ ဆူညံသံကြောင့်နိုးလာရခြင်းဖြစ်သည်။

 

 

လေအေး‌ပေးစက်က ဒီနေ့ဘာလို့အေးမနေတာလဲ?

 

 

လင်းယောင်သမ်းလိုက်ပြီး နာကျင်နေသောမျက်လုံးများကိုပွတ်သပ်လိုက်သည်။ သူမခန္ဓာကိုယ်က စေးကပ်ကပ်ဖြစ်နေတာ မျက်နှာတွင်ချွေးများထွက်နေသည်။ ခါတိုင်းလိုကိုင်လိုက်မိပြီး သူမ၏နဖူးတွင်ရှိနေသောဒဏ်ရာကို မတော်တဆထိမိသွားကာ နာကျင်မှုကြောင့်ငြီးငြူမိသွားသည်။

 

 

သူမခေါင်းကိုပွတ်လိုက်ပြီး အိပ်ယာမှထရန်ပြင်ကာ အေးမြသွားစေရန် လေအေးပေးစက်ကို ဖွင့်လိုက်သည်။

 

 

သူမမြေကြီးကိုထိမိသည်နှင့် လင်းယောင်တစ်ယောက် ကြောင်အ,သွားသည်။

 

 

သူမ တွေ့လိုက်ရသည်က သစ်သားကုတင်နှင့် ခြင်လုံသံဇကာပင်။ နံရံနှင့်ကပ်လျက်ရှိသောစားပွဲတွင် အနီရောင်ဆေးသုတ်ထားသော ဓါတ်ဘူးများရှိနေသည်။၎င်း၏ဘေးတွင် ရှေးခေတ်ပုံစံအဝတ်စင်နှင့် ဗီရိုတစ်ခုရှိသည်။ အသစ်စက်စက်ဆေးသုတ်ထားသောနံရံပေါ်တွင် "ပျော်ရွှင်ပါစေ" ဟူသောစကားလုံးကိုရေးခြယ်ထားသည်။

 

 

အနီရောင်ခေါင်းအုံးပေါ်တွင် "ပျော်ရွှင်ပါစေ" ဟူသောစာလုံးရှိနေပြီး အိပ်ယာခင်းနှင့် စောင်များကိုဖြန့်ထားသည်။

 

 

ယခုအချိန်တွင်စောင်မှာ‌ ခွေးအိမ်ကဲ့သို့ပင်ရှုပ်ပွနေသည်-သူမအခုလေးတင် အိပ်ယာမှထလာခြင်းဖြစ်သည်။

 

 

လင်းယောင် - ??!

 

 

ဘာတွေဖြစ်နေသည်လဲ? သူမအိပ်ပျော်သွားခဲ့သည်လား?

 

 

နေပါဦး နံရံပေါ်က ပြက္ခဒိန်ပေါ်မှာ ၁၉၅၈ ခုနှစ်?

 

 

လင်းယောင် ဘာမှန်းမသိဖြစ်နေစဉ်မှာပဲ အခန်းပြတင်းကိုအားနှင့်ဖွင့်လိုက်ပြီး အသက် ၄၀ ၅၀ ခန့်ရှိကြမ်းတမ်း‌သောအသားအရေ၊ မျက်နှာဝိုင်းဝိုင်းနှင့် အသားညိုညို အမျိုးသမီးတစ်ဦး ဝင်လာသည်။

 

 

ကျန်းဆွေ့လန် အခုလေးတင်မှ အလုပ်ကပြန်လာခြင်းဖြစ်သည်။ သူမအိမ်ထဲကိုဝင်လိုက်သည်နှင့် လင်းယောင်နိုးနေသည်ကိုမြင်လိုက်ရသည်။ သူမအံ့အားသင့်စွာနှင့် " ကလေး နောက်ဆုံးတော့နိုးလာပြီပဲ။ သမီးအိပ်နေတာရက်နည်းနည်းတောင်ကြာသွားပြီ။ နိုးလာတာကောင်းတယ်။ နိုးလာပြီဆိုတော့ ကောင်းသွားပြီ။ ဗိုက်ဆာနေလား။ အန်တီ သမီးကို ကြက်ဥပေါင်းလုပ်ပေးမယ်နော်။ခဏစောင့်"

 

 

ကျန်းဆွေ့လန်တစ်ယောက် သူမပေါင်ကို ပုတ်လိုက်ပြီး  လေအလျင်လို တစ်ခေါက်ပြန်ထွက်သွားတော့သည်။

 

 

ရှုပ်ထွေးနေသော လင်းယောင်မှာ ပိုပြီးရှုပ်ထွေးသွားတော့သည်။

 

 

ကျန်းဆွေ့လန် ထွက်သွားလျှင် ထွက်သွားချင်းပင် အသက် ၁၀ နှစ်ကျော် ကောင်လေးတစ်ယောက် တံခါးမှာပေါ်လာသည်။

 

 

ကောင်လေးမှာ အသားလတ်လတ်မျက်နှာ၊သေချာရိတ်သင်ထားသော‌ခေါင်းနှင့် ထက်မြက်မှုကို ပြသောမျက်လုံးနက်နက်များ ပိုင်ဆိုင်ထားသည်။ တစ်ယောက်မှမရှိသည်ကိုတွေ့သောအခါ ကောင်လေးကခုန်ဝင်လာသည်။

 

 

"မရီး နိုးပြီလား?"

 

 

လင်းယောင် - မင်း ဘယ်သူ့ကို မရီးလို့ ခေါ်နေတာလဲ?

 

 

သူမ မတုံ့ပြန်နိုင်ခင်မှာပင် အသားညိုညိုနှင့် ကောင်လေးက သွားကြီးကြီးများဖြင့် ပြုံးပြကာ သူ့ခေါင်းပြောင်ပြောင်ကို ကိုင်လိုက်ပြီး ပြောလာသည်။

 

 

" မရီးက ကျွန်တော့်ကိုမမှတ်မိဘူး။ ကျွန်တော်က သုန်ဇီပါ။ ကျွန်တော် လင်းကျားကျွမ်ကို အစ်ကိုကြီးနဲ့သွားတုန်းက မရီး ကျွန်တော့်ကို သကြားလုံးကျွေးသေးတယ်လေ။ ကျွန်တော့်ရဲ့အကြီးဆုံးအစ်ကိုကြီး ကုရှီအန်းကဒီနှစ်ဆို ၂၉ နှစ်ရှိပြီ။ သူကတော့ စစ်တပ်ထဲကိုပြန်သွားပြီ။ မရီး ဒီကို အစားရောက်လာတုန်းက တိုင်နဲ့ခေါင်းနဲ့ဆောင့်မိတာ။ အစ်ကိုကြီးက မရီးကိုဖက်ထားတာ အားးးးးးး နာတယ် နာတယ်..."

 

 

ခေါင်းပြောင်ပြောင်နှင့် ကောင်လေး ပြောလို့မဆုံးခင်မှာပင် ကျန်းဆွေ့လန် ပြန်ရောက်လာကာ ကြားသွားပြီးသူ့ကိုနားလိမ်ဆွဲကာပြောတော့သည်။ " ကုရှီတုန်း ဘာလုပ်နေတာလဲ ကောင်စုတ်လေး? မင်းမရီး နိုးလာတာနဲ့ ဆူညံဆူညံလုပ်ပြီး ရိုက်ပေါက်လုပ်နေတာ။ ကျောင်းဆင်းတာနဲ့ဒီကိုရောက်လာတယ်။ အခန်းထဲက ခုထွက်!"

 

 

ကုရှီတုန်း တစ်ယောက်အော်ပြီးသူ့အမေကိုတောင်းပန်တော့သည်။ " အမေ အမေ ကျွန်တော်တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ညင်ညင်သာသာလေး လုပ်ပေးပါ..."

 

 

"မရီးကျွန်တော့်ကို စိတ်မပူဘူးလား? ကူညီပါလား?"

 

 

"ကူညီပါ!"

 

 

တံခါးပိတ်လိုက်သည်နှင့်အတူ အပြင်ဖက်ကအမေဖြစ်သူနှင့်သားဖြစ်သူတို့၏ အသံမှာ တဖြည်းဖြည်းတိုးဖျော့သွားတော့သည်။

 

 

လူစားထိုးလက်ထပ်တယ်? ကုရှီအန်း?

 

 

လင်းယောင်တစ်ယောက် ကုတင်ပေါ်မှာ ထိုင်နေပြီး တောက်ပစွာ အလှဆင်မှုများနှင့် ပြည့်နေသည့်အိမ်ကို ကြောင်အ,စွာကြည့်နေလိုက်သည်။

 

 

သူမမွေးနေ့ဆင်နွှဲရန် လှေကားကနေ အောက်ကိုဆင်းနေရုံရှိသေး ရုတ်တရက်ပြုတ်ကျခဲ့သည်။ သူမ ဟာသဆန်ဆန်ပင် စာအုပ်ထဲကို ကူးပြောင်းရောက်ရှိလာသည်တဲ့လား?

 

 

မနေ့က သူမ၏မွေးနေ့ကို ညီအစ်မများနှင့် ဗီလာထဲတွင်ဆင်နွှဲနေခဲ့သည်။ သူမအိပ်ယာကနေ နိုးလာတော့ဒီလိုဖြစ်နေခဲ့သည်။

 

 

ဒါကတရားလွန်လား မလွန်ဘူးလား?

 

 

သည်းခံရမည်ပင်။

 

 

ကံကောင်းစွာနှင့်သူမက သူမဖတ်ဖူးသော ဝတ္ထုထဲသို့ရောက်ရှိလာခဲ့သည်။

 

 

မူရင်းစာအုပ်ကို အပေါ်အပိုင်းများနှင့် အောက်အပိုင်းများဟူ၍ခွဲထားသည်။ အပေါ်ပိုင်းတွင်ရှိသူ အမျိုးသမီးဇာတ်ဆောင်လင်းယောင် တစ်နည်းမူရင်းပိုင်ရှင်သည် ကံကောင်းခြင်းများဖြင့် မွေးဖွားလာသူဖြစ်သည်။

 

 

သူမ၏ ကြည့်ကောင်းပြီး တိတ်ဆိတ်သိမ်မွေ့သောကိုယ်ကျင့်စရိုက်ကြောင့် မူရင်းပိုင်ရှင်သည် မိသားစုကောင်းကောင်းထဲသို့ လက်ထပ်ခွင့်ရရုံသာမကပဲ သူမ၏ခင်ပွန်းဖြစ်သူကလည်း ပင်လယ်ထဲ ထွက်ပြီးစီးပွားရေးလုပ်ကာ ငွေအမြောက်အမြား ရှာဖွေနိုင်ခဲ့သည်။

 

 

သည်လိုနှင့်မူရင်းပိုင်ရှင်မှာ ချမ်းသာသောဇနီးတစ်ယောက်ဖြစ်လာခဲ့သည်။ ဟောင်ကောင်မြို့တော်တောင်တန်းများ၏ ဘေးရှိဗီလာတွင် သူမနေထိုင်သည်။အိမ်တွင်အိမ်ထိန်းတစ်ယောက်နှင့် အပြင်ထွက်လျှင်ဒရိုက်ဘာတစ်ယောက်ရှိသည်။ သူမတစ်ဘဝလုံးပြည့်စုံစွာနေခဲ့ရသည်။

 

 

ဒုတိယပိုင်း၏ ဇာတ်လမ်းကတော့ အထိအခိုက်အကြမ်းအတမ်းများသည်။ ၎င်းတွင်ဇာတ်လိုက်မှာ မူရင်းပိုင်ရှင်၏ ဝမ်းကွဲအစ်မဖြစ်သူ လင်းဟုန်နဖြစ်သည်။မူရင်းပိုင်ရှင်မှာမူ သူမ၏ကံကောင်းခြင်းများကို ဆုံးရှုံးလိုက်ရသော အမြောက်စာတစ်ယောက်ဖြစ်လာခဲ့သည်။

 

 

လင်းဟုန်နတစ်ယောက် ပြန်လည်မွေးဖွားလာသည်နှင့် သူမ၏အတိတ်ဘဝမှ အတွေ့အကြုံနှင့် ဉာဏ်ရည်တို့ကို သူမ၏အမြောက်စာဝမ်းကွဲဆီမှ အောင်မြင်စွာခိုးယူပြီး သူမခင်ပွန်းကို အချမ်းသာဆုံးလူတစ်ယောက်ဖြစ်ရန်ကူညီကာ ဘဝ၏အထွတ်အထိပ်ကို ရောက်ရန်အသုံးချခဲ့သည်။

 

 

မိသားစုကြီးတွင် လက်ထပ်ပြီးသူတို့၏‌ ခြေဖဝါး‌ အောက်မှာသာ တစ်ဘဝလုံးနေရပြီး ဆင်းရဲမွဲ‌တေသွားသော ဇာတ်‌လိုက်ဖြစ်သူက သူမ၏ခင်ပွန်းကို လုယူတာခံလိုက်ရသော သူမ၏ဝမ်းကွဲအမြောက်စာအဖြစ်ပြုမူသည်။

 

 

အထက်ပါအပိုင်းသည် မူရင်းဝတ္ထု၏မိတ်ဆက်ဖြစ်သည်။

 

 

တိတိကျကျနှင့် အသေးစိတ်ကတော့ လင်းဟုန်နနှင့်မူရင်းပိုင်ရှင်တို့၏ အဘိုးမျိုးဆက်ကစသည်။

 

 

အဘိုးလင်းမှာ အမေအဖေမရှိသော ဆင်းရဲသည့်ကောင်လေးတစ်ယောက်ဖြစ်သည်။ သူ ၇ နှစ် ၈ နှစ်အရွယ်ရောက်သောအခါ  မြေပိုင်ရှင်၏ မိသားစုအတွက်အလုပ်ကြိုးစားပြီး အသက် ၁၅ နှစ်တွင် စစ်တပ်ထဲသို့ဝင်သွားခဲ့သည်။

 

 

သူကုရှီအန်း၏ အဖေနှင့် စစ်တပ်ထဲတွင်တွေ့ဆုံခဲ့သည်။၂ ယောက်သားခင်မင်ရင်းနှီးပြီး ညီအစ်ကိုများသဖွယ်ဖြစ်လာခဲ့ကြသည်။

 

 

တိုက်ပွဲတစ်ခုတွင် လင်းမိသားစု၏ အဘိုးဖြစ်သူက ကုမိသားစု၏ အဘိုးဖြစ်သူကို ကယ်ဆယ်ရန်အလို့ငှာ အမြောက်မှန်ပြီး ခြေတစ်ဖက်မသန်တော့ပေ။

 

 

သူ့ရဲဖော်ရဲဖက်၏ အသက်ကယ်ပေးသောကျေးဇူးကိုပြန်ပေးဆပ်ရန်အတွက် ကုမိသားစု၏ အဘိုးက လင်းမိသားစုနှင့် မင်္ဂလာပွဲတစ်ခု အမြန်စီစဉ်တော့သည်။မိသားစု ၂ ခုကအစဉ်အမြဲ ၁ ခုတည်းသာဖြစ်ရမည်။

 

 

သို့သော်ငြား ကုမိသားစု၏ နောက်မျိုးဆက်က အကုန်ယောက်ျားသားများသာဖြစ်သည်။ လင်းမိသားစု၏ အဘိုးက သားအကြီးလင်းတာ့ကော်နဲ့ သားအငယ်လင်းဝေကော်တို့ကို မွေးဖွားခဲ့သည်။

 

 

မိသားစု ၂ ခုလုံး၏ သားယောက်ျားလေးများသည် လိင်တူကြိုက်သူများဖြစ်၍မဖြစ်ပေ။

 

 

သည်လိုနှင့်မိသားစု ၂ ခုကြားမှ လက်ထပ်စာချုပ်သည် နောက်မျိုးဆက်တစ်ခုအထိ ရောက်ရှိသွားတော့သည်။

 

 

လင်းမိသားစုတွင် လင်းတာ့ကော်၏ သမီးကြီးမှာ လင်းဟုန်နဖြစ်ပြီး လင်းဝေကော်တွင်လည်း လင်းယောင်ဟူသည့်သမီးတစ်ယောက်ရှိသည်။

 

 

ကုမိသားစုတွင်တော့ မျိုးဆက်ကြွယ်ဝသည်။ ကုမန်ဆန်တွင် သား ၂ ယောက်နှင့် သမီး ၁ ယောက်ရှိသည်။ အကြီးဆုံးသားကုရှီအန်း၊ ဒုတိယသမီးကုချွင်မေနှင့် အငယ်ဆုံးသားကုရှီတုန်းတို့ပင်။

 

 

မိသားစု ၂ စုကြားမှ သဘောတူညီချက်အရ ယခုမျိုးဆက်တွင် လင်းဟုန်နနှင့် ကုရှီအန်းတို့ကို ငယ်စဉ်တည်းက စေ့စပ်ကြောင်းလမ်းထားကြသည်။

 

 

ပြောရမည်ဆိုလျှင် ကုမိသားစု၏ အခြေအနေက လင်းမိသားစုထက်ပို၍ သာသည်။

 

 

ကုမိသားစုက မြို့ကြီးပြကြီးရှိ ခြံဝန်းကျယ်ကြီးတွင်နေထိုင်ကာ လင်းမိသားစုမှာ နယ်ဖက်တွင် အလုပ်လုပ်ကြသည်။

 

 

ကုမန်ဆန်၏ တစ်လဝင်ငွေလည် ၆၅ ယွမ်ဖြစ်သည်။ ကုမန်ဆန်၏ ဇနီးဖြစ်သူ ကျန်းဆွေ့လန်မှာ နိုင်ငံပိုင်ဝက်မွေးမြူရေးလုပ်ငန်းတွင် လုပ်ကိုင်ပြီး ဝက်များကိုသတ်ဖြတ်ရသည်။ သူ၏သမီးကုချွင်မေမှာ ဈေးကွက်ဖြန့်ချိရေးလုပ်ငန်းတွင် အရောင်းပိုင်းကို လုပ်ကိုင်သည်။ ကုရှီအန်းက ၁၈ နှစ်ပြည့်သည်နှင့် စစ်တပ်ထဲဝင်သွားပြီး လက်ထောက်တပ်ရင်းမှူးအဖြစ်တာဝန်ထမ်းဆောင်သည်။

 

 

မိသားစုငါးယောက်တွင် ၃ ယောက်မှာ ပိုက်ဆံအများအပြား ရှာနိုင်သူဖြစ်ပြီး တစ်ယောက်မှာအရာရှိဖြစ်သည်။

 

 

အခြေအနေမှာ ယွင်ရွှေမြို့တော်တစ်ခုလုံးတွင်ပင် အရမ်းကောင်းသည်ဟုဆို၍ရသည်။

 

 

လင်းဟုန်န လက်ထပ်ပြီး ကားတစ်စီးနှင့်အိမ်တစ်အိမ်ရခဲ့သည်။ သူမ၏ခင်ပွန်းမှာ စစ်တပ်ထဲမှာဖြစ်ပြီး အိမ်တွင်မရှိပေ။ သူမဒီလိုဘဝ‌ကောင်းမျိုးကို ဘယ်မှာရှာလို့ရမည်နည်း?

 

 

လင်းဟုန်နက အလုပ်များများလုပ်နေရသည့်မိသားစုကိုမကြိုက်ပေ။ သူမကလှေကားထစ်ကို တက်လှမ်းပြီး ချမ်းသာသည့်ဇနီးတစ်ယောက်ဖြစ်လိုသည်။

 

 

သူမချမ်းသာသည့်ဇနီးတစ်ယောက်ဖြစ်လိုလျှင် ကုမိသားစုနှင့် ကိစ္စများကို သူမနည်းသူမဟန်နှင့် ရှင်းလင်းရမည်။

 

 

ကုမိသားစုတွင်ဖြစ်မည့်အရာမှာ ယခင်နှင့်တူတော့မည်မဟုတ်ချေ။

 

 

သို့သော်ငြား ပြန်လည်မွေးဖွားလာသော လင်းဟုန်နကချမ်းသာသည့် ဇနီးတစ်ယောက်ဖြစ်လိုပြီး  နာမည်ကောင်းလည်းလိုချင်သည်။ သူမမျက်လုံးလှန်လိုက်ကာ သူမ၏ဝမ်းကွဲညီမဖြစ်သူ လင်းယောင် အပေါ်တွင်သာ အာရုံစိုက်ထားရန် ဆုံးဖြတ်လိုက်သည်။

 

 

မည်သို့ပင်ဆိုစေ လင်းယောင်သည်လည်း လင်းမိသားစုဝင်ပင်။

 

 

လင်းယောင်၏ မိဘများမှာ လွန်ခဲ့သောနှစ်အနည်းငယ်က မုန်တိုင်းရိုက်ခတ်ခံရပြီး မိသားစုလေးယောက်မှနှစ်ယောက်မှာ ကွယ်လွန်သွားခဲ့သည်။ အစ်ကိုကြီးဖြစ်သူမှာအဝေးရှိ ရှင်းကျန်းကော်ပိုရေးရှင်းတွင်ဖြစ်သည်။ မူရင်းပိုင်ရှင်တစ်ယောက်တည်းသာလျှင် ဦးလေးဖြစ်သူလင်းတာ့ကော်နှင့်ကျန်ရစ်ခဲ့သည်။

 

 

သူတို့သမီးကောင်းစားဖို့အတွက် လင်းတာ့ကော်နှင့် လီအိုက်ဖုန်းတို့သည် မူရင်းပိုင်ရှင်ကို ကုမိသားစုနှင့်လက်ထပ်ရန်ဖိအားပေးခဲ့သည်။

 

 

မူလပိုင်ရှင်မှာ ဘာမျှမတတ်နိုင်ပဲ မျက်ရည်များကြားမှသဘောတူလိုက်ရတော့သည်။

 

 

မမျှော်လင့်ထားစွာပင် လက်ထပ်ပွဲနေ့၌ ကုမိသားစုကလူစားထိုးသည့်အကြောင်းကို သိရှိသွားခဲ့သည်။ လူတိုင်းဆီမှ ပြစ်တင်ပြောဆိုမှုများကို ခံရပြီး လင်းတာ့ကော်သည် အရှက်မရှိစွာပင် မူရင်းပိုင်ရှင်ကိုသာ ပြစ်တင်ခဲ့သည်။ မူရင်းပိုင်ရှင်မှာ လွန်စွာအရှက်ရ၊ဒေါသထွက်ပြီး အပြစ်ရှိသလိုခံစားရကာ သူမခေါင်းကိုကုမိသားစု၏ တိုင်နှင့်ဆောင့်တော့သည်။

 

 

ကံမကောင်း အကြောင်းမလှသော လင်းယောင်မှာ  ပြုတ်ကျပြီး ကူးပြောင်းရောက်ရှိလာခဲ့သည်။