အပိုင်း ၉၁(end)
Viewers 13k

Chapter 91
Extra 13




သူပြောလိုက်သည်နှင့် တစ်ပြိုင်နက် ယွင်ချင်းစီ၏ အစာအိမ်မှ မြည်သံထွက်ပေါ်လာတော့သည်။ သူ၏ စိတ်ကူးယဉ်နိုင်စွမ်းမှာ လွန်စွာ ကောင်းမွန်လှသည့်အတွက် ကိုယ်တွင်းကလီစာများကပင် ဆန္ဒပြလာတော့သည်။ သူက လီယင်းကို တိတ်တိတ်လေး ခိုးကြည့်လိုက်၏။

လီယင်းက မေးလိုက်သည်။

"ဘာစားချင်လို့လဲ ..."

"..လတ်လတ်ဆတ်ဆတ် အသားအစာသွပ်မုန့်လေးများ ..."

သူက တုန့်ဆိုင်းစွာ မေးလိုက်သည်။

"အခု ဆိုင်ဖွင့်သေးလား ..."

လီယင်းက ထရပ်ကာ ခြေလှမ်းအချို့ လှမ်းပြီးကာမှ နောက်ပြန်လာပြီး ယွင်ချင်းစီကိုပါ စောင်ဖြင့်ထုပ်ကာ ပြောလိုက်သည်။

"မီးဖိုထဲ သွားကြရအောင် ..."

"ငါက ဘာလို့လဲ ..."

"ကိုယ့်ကို ကြည့်နေစေချင်လို့..."

ဤညမှာ လွန်စွာ ထူးကဲလှ၏။ မဖြစ်နိုင်မှန်း သိသည့်တိုင် စိုးရိမ်မိနေဆဲပင်။

ယွင်ချင်းစီသာ မရှိတော့ရင် ဖြစ်နေတာ အကုန်လုံးက အိပ်မက်ဆိုရင် သူ ဘယ်လို လုပ်ရမလဲ ...

လီယင်းက သူ့ကို မီးဖိုထဲရှိ ထိုင်ခုံတစ်လုံးပေါ်တင်ကာ နူးညံ့သည့် ညောင်စောင်းတစ်ခုကိုပါ ယူပေးလိုက်၏။ ဤတစ်ကြိမ်တွင် ယွင်ချင်းစီက သူ့ကို မနှောင့်ယှက်၊ ကိုယ်တိုင် တက်သွားကာ နောက်ကို မှီလျက် ပြောလိုက်သည်။

"မင်း ဒီနေ့ အရမ်း ထူးဆန်းနေတယ်နော် ငါ့ကိုလည်း ဘယ်မှ မသွားခိုင်းဘူး မီးဖိုရှေ့မှာ အကြာကြီးထိုင်ပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောနေရင်း .. ညသန်းခေါင်ကြီးကျမှ ငါ့အတွက် ချက်ပေးမယ်ဆိုပြီး မီးဖိုထဲ သွားချင်ပြန်ပြီ .. ဘာဖြစ်နေတာလဲ ..."

လီယင်းက ရေလောင်းထည့်ကာ ဂျုံနယ်နေပြီဖြစ်သည်။

"မင်းကိုလွမ်းလို့ ..."

သူက ပြောလိုက်သည်။

"ငါက မင်းရဲ့ရှေ့မှာလေ ..."

"အမြဲ လွမ်းနေတာ ..."

လီယင်းက သူ့ကို ကြည့်လိုက်သည့်အခါ ယွင်ချင်းစီက ရှက်ပြုံးတစ်ပွင့် ပြုံးလိုက်မိတော့၏။ ။

သူက တိတ်တိတ်လေး စဉ်းစားနေလိုက်သည်။

ဒီနေ့က ဘယ်လိုနေ့ကောင်းမိုလို့ .. ဆောင်းတွင်း နှင်းတွေ အများကြီး ကျပြီးတော့ အေးစိမ့်နေတဲ့ည ...

တစ်ခုခုကို သတိရသွားဟန်ဖြင့် လီယင်းကို လှည့်ကြည့်လိုက်သည့်အခါ တစ်ဖက်သူက သူ့ကို အချိန်ပြည့် ကြည့်နေကြောင်း တွေ့လိုက်ရ၏။

ယွင်ချင်းစီက နှုတ်ခမ်းကိုကိုက်ကာ ပြောလိုက်သည်။

"ဘယ်ကတည်းက ချက်ပြုတ်တတ်တာလဲ ..."

"မင်းကို ချင်နယ်မြေကို ပြန်လွှဲပေးဖို့ မတောင်းဆိုခင် ..."

လီယင်းက ပြောလိုက်သည်။

"အဲဒီ့တုန်းက ဒီကိစ္စတွေ ပြီးသွားရင် မင်းနဲ့အတူ ကမ္ဘာပတ်မယ်လို့ စဉ်းစားထားတာ အစာသွပ်မုန့် ရောင်းတဲ့ဆိုင် မရှိရင် မင်း အရမ်း ဗိုက်ဆာနေရမှာ မဟုတ်လား ..."

"ဒါဆို မင်း အဲဒီ့အချိန်တုန်းက ..."

"အန်း ..."

အတိတ်ဘဝကလည်း ‌ကျန်းမိသားစုကို ဆွဲချရန် စီစဉ်ခဲ့သော်လည်း ယွင်ချင်းစီကို မပြောပြခဲ့မိသည့်အတဠက် သူ့ကို ဆုံးရှုံးခဲ့ရသည်။

မီးဖိုချောင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

အချိန်ကာလ ရှည်ကြာစွာ အတူရှိခဲ့ကြသည့်အတွက် စကားတစ်ခွန်းမှ မပြောဘဲပင် တစ်နေကုန် အတူရှိနေနိုင်ပေသည်။

ယွင်ချင်းစီက အတိတ်ဘဝအကြောင်း ထပ်မမေးတော့။ သိသင့်သည်များကို သိရှိပြီးဖြစ်ရာ လွှတ်ချသင့်သည်များကို လွှတ်ချလိုက်တော့မည်ဖြစ်သည်။ လီယင်းဘက်မှ သူ့ကို စိတ်မပျက်သွားသရွေ့ အကြွေးဟောင်းကို ပြန်တောင်းတော့မည် မဟုတ်ပေ။

များမကြာမီ ရနံ့တစ်ခု၏ ဖမ်းစားခြင်းကို ခံလိုက်ရသည်။

ယွင်ချင်းစီက လွန်စွာ ပျင်းရိလှ၏။ အစာသွပ်မုန့်ကို လူများ စေလွှတ်ကာ ဝယ်ခိုင်းတတ်ပြီး ထိုသူများကလည်း နွေးနေဆဲ အနေအထားမှာပင် ဝယ်လာနိုင်ခဲ့သည့်တိုင် ပူပူနွေးနွေး ဖြစ်နေသည့် အချိန်တွင် စားရမှသာ အနံ့အရသာဖြင့် ပြည့်စုံမည်ဖြစ်သည်။ မုန့်အသားမှာ ကြွပ်ရွကာ အစာသွပ်ထားသည့် အသားများက နူးညံ့အိစက်နေ၏

လီယင်းက အရသာရှိသည့် အစာသွပ်မုန့်ကို ပန်းကန်ထဲ ထည့်ကာ သူ့ရှေ့ ချပေးလိုက်သည်။

"အခြေအနေတွေက ကန့်သတ်ထားတော့ လုပ်ကို လုပ်ရမယ်လေ ..."

ဧကရာဇ်က မီးဖိုချောင်သုံးဓားဖြင့် မုန့်ကို လှီးဖြတ်ပေးလိုက်သည့်အခါ အလယ်ရှိ အသားတို့မှ အရည်များ စိမ့်ထွက်လာကာ အပူငွေ့နှင့် ရောယှက်လျက် ပြီးပြည့်စုံသော အနံ့အရသာတစ်ခု ရရှိလာတော့သည်။

ယွင်ချင်းစီက လှမ်းယူရန် မစောင့်နိုင်တော့။ သို့သော် လီယင်း၏ တားမြစ်ခြင်းကို ခံလိုက်ရတော့သည်။

"တူနဲ့စားလေ ..."

ယွင်ချင်းစီ၏ မျက်နှာ ညှိုးကျသွားတော့သည်။

"မင်းက ငါ့ကို မချစ်ဘူး ..."

"အပူလောင်မှာ ကြောက်လို့လေ ..."

လီယင်းက တူကို သူ့လက်ထဲ ထည့်ပေးကာ နှစ်သိမ့်‌လိုက်သည်။

"လိမ်လိမ်မာမာနေ ..."

ယွင်ချင်းစီက တူကို ယူကာ တစ်လုပ်ခန့် စားကြည့်ပြီးနောက် သူ့ကို ချက်ခြင်း ချီးကျူးလိုက်သည်။

"အရသာရှိတယ် ..."

"အရသာတစ်ချို့ မပါတော့လေ .. တကယ်ရော စားကောင်းတာ ဟုတ်ရဲ့လား ..."

"တကယ်ပါဆို အရင်ထက်တောင် စားကောင်းသေးတယ် ..."

ပြီးခဲ့သည့် နှစ်များတွင်လည်း လီယင်းက သူ့အတွက် ထိုမုန့်ကို ကိုယ်တိုင် လုပ်ပေးခဲ့ဖူးသေးသည်။ ယွင်ချင်းစီ စားချင်သမျှကို သူကိုယ်တိုင် လုပ်ပေးသော်လည်း ယွင်ချင်းစီက အရူးမဟုတ်ရာ သူ့ကို အနှောင့်အယှက်မပေး။ အချိန်အများစုမှာ လူလွှတ်ကာသာ အပြင်သို့ သွားဝယ်ခိုင်းလေ့ ရှိပေသည်။

လီယင်းက စားပွဲပေါ် လက်ထောက်ကာ ယွင်ချင်းစီ၏ ပျော်ရွှင်နေသော မျက်နှာကို ငေးကြည့်ရင်း ပြောလိုက်သည်။

"နှစ်ဘဝလုံး စားလာတာကိုတောင် မငြီးငွေ့သေးဘူးလား ..."

"ဟင့်အင်း ..."

ယွင်ချင်းစီက ပြောလိုက်သည်။

"မင်းကိုလည်း နှစ်ဘဝလုံး ချစ်လာတာ နည်းနည်းလေးမှ မငြီးငွေ့သေးဘူးလေ ..."

လီယင်းက နူးညံ့စွာ ပြုံးလိုက်သည်။

ယွင်ချင်းစီသည် တစ်ခုတည်းကို စွဲစွဲမြဲမြဲ ကြိုက်တတ်သည့် လူစားမျိုး ဖြစ်ပေသည်။ စားစရာတစ်ခုခုကို ကြိုက်ပါလျှင်လည်း ထိုထဲမှ သန်ကောင်ထွက်လာသည်ကို မတွေ့သရွေ့ မငြီးငွေ့ပေ။ လူတစ်ယောက်ကို ချစ်မိပါလျှင်လည်း ထိုသူဘက်မှ သစ္စာမဖောက်သရွေ့ ချစ်နေမည်ဖြစ်သည်။

နူးညံ့လှသည့် အသားတစ်ဖတ်ကို ခွံ့ကျွေးကာ ပြောလိုက်သည်။

"မင်းလည်းစား ..."

... စားနေစဉ်မှာပင် အခြားတစ်ခုကို တွေးမိနေဆဲပင်။

ယွင်ချင်းစီလို ဘက်ပေါင်းစုံက ကောင်းမွန်နေတဲ့သူမျိုးကို ပိုင်ဆိုင်ရတာ သူ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ သူ့ကို နှလုံးသားတစ်ခုလုံးနဲ့အပြည့် ချစ်ပေးတဲ့သူကို ပိုင်ဆိုင်ရတာ ပြီးတော့ အဲဒီ့သူကို နှလုံးသားတစ်ခုလုံးနဲ့အပြည့် ချစ်ခွင့်ရတာ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ ...

ယွင်ချင်းစီက ညပိုင်းတွင် များများစားစား စားရခြင်းကို မကြိုက်လှ။ ညသန်းခေါင်တွင် နိုးလာခြင်းဖြစ်ရာ အိပ်ချင်နေဆဲ ဖြစ်သည့်အတွက် အများကြီး စားမိပါလျှင် ပြန်အိပ်သည့်အခါ မသက်မသာဖြစ်မည်ကို စိုးရိမ်မိပေသည်။

နှစ်ယောက်သား စားသောက်ကြပြီးနောက် လီယင်းက မီးဖိုချောင်ကို ရှင်းလင်းလိုက်သည်။ ယွင်ချင်းစီက အစေခံများအား ရှင်းခိုင်းရန် ပြောသော်လည်း လီယင်းက သူတို့ ‌နန်းတော်မှ ထွက်လာသည့်အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်ရန် သင်ယူရမည်ဟု ပြောလာသည်။

လီယင်းသည် ယခင်က ယွင်ချင်းစီကဲ့သို့ လက်တွဲဖော်ကို အကောင်းဆုံးအရာများအား ပေးလိုသူအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ခြားနားချက်မှာ ယွင်ချင်းစီက သူ လုပ်ပေးသမျှကို ထုတ်ပြောတတ်သော်လည်း လီယင်းကမူ အသံတိတ်နေ‌ဆဲပင်။

ထို့နောက် မီးဖိုထဲမှ အတူတူ ထွက်လာလိုက်သည်။

ညအမှောင်အောက်တွင် ခြံဝင်းထဲရှိ နှင်းထုတို့က ဝင်းထိန်နေကာ ဆင်ဝင်အောက်တွင် မီးအိမ်များကို အဆင်တန်ဆာအဖြစ် ချိတ်ဆွဲထားသေး၏။ ကောင်းကင်ပြင်တွင်လည်း နှင်းမှုန်များ မျောလွင့်နေဆဲပင်။ ပြတ်ပြတ်သားသား မမြင်ရသေးသည့်တိုင် တံစက်မြိတ်တွင် ချိတ်ဆွဲထားသည့် "လပြည့်ဝန်း" ကိုမူ ကောင်းစွာ မြင်နေရပေသည်။ ချီဖန့်နန်းဆောင်မှ ခြံဝင်းထဲသို့ ကောင်းစွာ မြင်နိုင်သကဲ့သို့ ခြံဝင်းထဲမှလည်း နန်းဆောင်၏ တံစက်မြိတ်ကို ထင်ထင်ရှားရှား မြင်နေရ‌သည်။

လီယင်းက မီးအိမ်ကို မော့ကြည့်လိုက်သည်။

ထိုမီးအိမ်ကို မြင်မှသာ သူ့ကိုယ်သူ အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာကြောင်း ယုံကြည်နိုင်တော့သည်။

သူက ယွင်ချင်းစီ၏ လက်ကိုဆွဲကာ တီးတိုးပြောလိုက်သည်။

"အားစီ ကျေးဇူးတင်ပါတယ် ..."

ယွင်ချင်းစီက သူ့ကို ပြန်ကြည့်ကာ ပြောလိုက်သည်။

"အဲဒါ မင်းရဲ့ ညလင်းပုလဲလေ ဘာလို့ အမြဲ စိတ်ထဲ ထည့်ထားနေရတာလဲ ..."

ညလင်းပုလဲမှာ အမှန်တကယ်ပင် လီယင်းက ပေးထားခဲ့ခြင်းဖြစ်သည်။

လီယင်းက ယွင်ချင်းစီသည် အမှောင်ကို ကြောက်တတ်ကြောင်း အမြဲ သတိတရရှိခဲ့ရာ လက်ထပ်ပြီးနောက် နေရာတိုင်း တော်ဝင်ဥယျာဉ်ပါမကျန် မီးအိမ်များ ချိတ်ဆွဲထားစေ၏။ ညတိုင်း ထိန်လင်းနေအောင် ထွန်းညှိကာ မိုးစင်စင်လင်းမှသာ မီးငြိမ်းသတ်စေသည်။

အလင်းရောင် ရှိသည့်အတွက် ယွင်ချင်းစီလည်း ညစာစားပြီးနောက် လမ်းထွက်လျှောက်နိုင်လာပေသည်။ မူလက နန်းတော်၏ စည်းမျဉ်းဟု ထင်ခဲ့သော်ငြား လီယင်းကသူတို့ လက်ထပ်ပြီးနောက်တွင်မှ ပြောင်းလဲချမှတ်လိုက်ခြင်းဖြစ်ကြောင်း တစ်ယောက်ယောက်က ပြောလာသည့်အတွက် ချက်ခြင်း သဘောပေါက်သွားတော့သည်။

သူ့အနေဖြင့် မပျော်ရွှင်ဟု ပြောရန် မဖြစ်နိုင်ပေ။

သူ့စိတ်အတွေးတို့ကို မဖုံးကွယ်နိုင်ရာ ချက်ခြင်းပင် ကျန်းရှန်းနန်းဆောင်သို့ အပြေးသွားလိုက်တော့သည်။

ဧကရာဇ်ငယ်လေးက ကျောက်စိမ်းစားပွဲ၏ အရှေ့တွင် ထိုင်နေ၏။ ခြေသံများ ကြားလိုက်ရပြီးနောက် ခါးကို တင်းကြပ်စွာ အဖက်ခံလိုက်ရတော့သည်။

"အားယင်း အားယင်း ..."

"ဟမ် ..."

လီယင်းက သူ့အား "ကောကော" ဟု ခေါ်စေလိုသော်ငြား ယွင်ချင်းစီသည် သူတို့ တွေ့ကာစအချိန်တွင်သာ ခေါ်ခဲ့ဖူးပေသည်။ နောက်ပိုင်း၌ သူတစ်ခုခု လိုချင်မှသာ နူးညံ့စွာ ခေါ်လာတတ်၏။ သူက ခပ်မတ်မတ်ထိုင်ကာ သူ့ကို တွယ်ကပ်ပွတ်သပ်နေသည့် ယွင်ချင်းစီကို အသာတကြည် ခွင့်ပြုထားလိုက်သည်။

"ဒီတစ်ခေါက်ရော ဘာဖြစ်လာတာလဲ ..."

"သူတို့က ပြောတယ် နန်းတော်ထဲက မီးတွေက ငါ့အတွက် ထွန်းခိုင်းထားတာဆို ဟုတ်လား ..."

"ဟုတ်တယ်လေ ..."

ယွင်ချင်းစီက သူ့ရင်ခွင်ထဲ တိုးဝင်ကာ ပြောလိုက်သည်။

"အရင်က ငါ အမှောင်ကို ကြောက်တတ်ခဲ့လို့လား ..."

"အခု မကြောက်တော့ဘူးလား ..."

သူက ချီတုံချီချ ပြောလိုက်သည်။

"အားယင်းရှိနေရင် မကြောက်တော့ဘူး ..."

ထိုအချိန်က သူသည် အမှန်တကယ်လည်း ယခင်ကလောက် အမှောင်ကို မကြောက်တော့ချေ။ ညအချိန် လမ်းလျှောက်ရခြင်းကို မကြိုက်သည့်တိုင် ဤသည်မှာလည်း အမှောင်ကို ကြောက်သည်နှင့် မသက်ဆိုင်။ ညအချိန်တွင် အမှောင်ဖုံးကာ ကောင်းကောင်း မမြင်ရသည့် ခံစားချက်ကို မကြိုက်ခြင်းသာ ဖြစ်ပေသည်။

အခန်းထဲတွင် မီးငြိမ်းသွားချိန် သူနိုးလာသည့်အခါ မိခင်ဖြစ်သူက ဘေးတွင် လဲလျောင်းပေးနေသည်ကို သတိရသွားတော့သည်။ သူ့အမေက လွန်စွာ ပင်ပန်းလွန်း၍ မနိုးလာခြင်းဟု တွေးကာ သူမကို မနှိုးမိစေရန် သာသာလေး ငြိမ်နေလိုက်၏။ လွန်စွာ ဗိုက်ဆာသည့်တိုင် မိုးစင်စင်လင်းသည်အထိ စောင့်နေလိုက်သည်။

ထို့နောက်တွင်မှ မိခင်ဖြစ်သူ ဆုံးပါးသွားကြောင်း သိလိုက်ရသည်။

အကယ်၍ ထိုစဉ်က သူ့လက်ထဲတွင်သာ မီးအိမ်ရှိခဲ့ပါလျှင် မိခင်ဖြစ်သူ၏ အခြေအနေကို သတိပြုမိကာ ကယ်ဆယ်၍ ရနိုင်လေမလားဟု တွေးမိ၏။

ထိုနေ့က လီယင်းသည် တစ်ခုခုကို သတိရသွားဟန်ဖြင့် ပြောခဲ့သည်။

"မင်းကို တစ်နေရာ ခေါ်သွားပေးမယ် ..."

ထိုစဉ်က လီယင်းသည် အခြားသက်တူရွယ်တူများထက် ရင့်ကျက်သည့်တိုင် ယခုကဲ့သို့ မထိန်းချုပ်တတ်သေးပေ။ တစ်ခုခုကို တွေးကာ ယွင်ချင်းစီ၏ လက်ကို ဆွဲကိုင်လျက် ထွက်လာလိုက်သည်။

သူက ယွင်ချင်းစီကို နန်းတွင်းဘဏ္ဍာတိုက်သို့ ခေါ်လာလိုက်၏။ တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် အထဲသို့ ဝင်ကာ ယွင်ချင်းစီကို ပြောလိုက်သည်။

"ဒီမှာ ညလင်းပုလဲရှိလား ကြည့်ရအောင် ..."

ယွင်ချင်းစီက စိတ်လှုပ်ရှားသွား၏။

"ည ညလင်းပုလဲ ..."

"ကိုယ် ငယ်ငယ်က အဖေပြောတာ ကြားဖူးတာ ဒါပေမယ့် ဒီထဲ မရောက်ဖူးတော့ တစ်ခါမှ မတွေ့သေးဘူး ..."

ယွင်ချင်းစီက သူနှင့်အတူ လိုက်ရှာလိုက်သည်။

"ဒါဆို အခု ကိုယ်ပိုင်တဲ့ပစ္စည်းကို ကိုယ့်ဘာသာ ပြန်ခိုးနေတာပဲ မဟုတ်လား ..."

"ဘာလို့ ခိုးရမှာလဲ အခု တစ်လောကလုံး ကိုယ့်အပိုင် ဖြစ်နေပြီကို ညလင်းပုလဲလောက်ကတော့ ..."

ယွင်ချင်းစီကို တန်ဖိုးရှိသည့် ပစ္စည်းတစ်ခုခု ပေးနိုင်တော့မည်ဖြစ်၍ထင်၊ လီယင်း၏ လေသံမှာ အနည်းငယ် ဝံ့ကြွားနေပေသည်။

ထိုစဉ်က သူ့စိတ်အတွေးတစ်ခုလုံးကို ယွင်ချင်းစီက နေရာယူထားသည်။ သူက ယွင်ချင်းစီအပေါ် ကြင်နာ၍ ယွင်ချင်းစီကလည်း သူ့အပေါ် ကြင်နာသည့်အခါ လွန်စွာ ပျော်ရွှင်ရ၏။

ဆယ်ကျော်သက်နှစ်ဦးက အလိုရှိသည်ကို ရှာနေပြီးနောက် ယွင်ချင်းစီသည် သစ်သားသေတ္တာထဲမှ တောက်ပနေသော အရာတစ်ခုကို တွေ့လိုက်ရသည်။

လီယင်း၏ အကြည့်တို့လည်း ဖျတ်ခနဲ ဝင်းလက်သွားတော့သည်။

ယွင်ချင်းစီကို ခေါ်ကာ လာရှာမိသည့်အတွက် နောင်တရမိသွားတော့၏။ မူလက ထိုပုလဲကို ကိုယ်တိုင်ကိုင်ကာ သူ့လက်ထဲ ထည့်ပေးလိုသော်ငြား ယခုမူ ယွင်ချင်းစီက ကိုယ်တိုင် ရှာတွေ့သွားချေပြီ။ ရလဒ်မှာ အတူတူပင် ဖြစ်သည့်တိုင် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်မိသွားတော့သည်။

ယွင်ချင်းစီက မယူရဲ။ သူ့ကိုသာ ကြည့်နေလိုက်သည်။

"တကယ် ငါ့အတွက်လား ..."

"မင်းအတွက်ပဲပေါ့ ..."

လီယင်းက အမြန်ပြန်ဖြေလိုက်သည်။

"ကိုယ့်ပစ္စည်းတွေအကုန် မင်းအပိုင်ပဲ ..."

လီယင်းသည် သူ့ရှေ့တွင် ကိုယ့်ကိုယ်ကိုယ် "ကျန်း" ဟု သုံးခဲလှသည်။ အစမှ အဆုံးအထိ ထိုသို့ သုံးနှုန်းသည်မှာ လက်တစ်ဖက်ပင် မပြည့်။ သူက ရှေ့ဆက်လျှောက်သွားကာ နူးညံ့စွာ ပြောလိုက်သည်။

"ထုတ်လာခဲ့လေ ..."

ယွင်ချင်းစီက မလုပ်ရဲ။ တီးတိုးပြောလိုက်သည်။

"ပူမှာလား ..."

လီယင်းလည်း အယောင်ယောင်အမှားမှားဖြင့် ကိုင်ကြည့်လိုက်မိ၏။ ပူမည်ဟု ထင်ထားသော်လည်း ထိကြည့်လိုက်သည့်အခါ ယွင်ချင်းစီကို ရယ်လျက် ပြောလိုက်သည်။

"အရူးလေး ..."

သူလိုချင်သည်ကို ရလာပြီးနောက် ယွင်ချင်းစီ၏ လက်ထဲသို့ ကိုယ်တိုင်ကိုယ်ကျ ထည့်ပေးလိုက်၏။ မျက်လုံးတို့ ကွေးညွတ်သည်အထိ ပြုံးပြကာ ပြောလိုက်သည်။

"ဒါနဲ့ဆို အားစီလည်း အမှောင်မကြောက်ရတော့ဘူးလေ ..."

လီယင်းက ပစ္စည်းပေးသည့်အခါ ဇာချဲ့မနေတတ်။ လက်ထဲသို့သာ တိုက်ရိုက်ထည့်ပေးကာ လှည့်ကွက်ဟူ၍ မရှိ၊ အံ့ဩစရာလည်းမရှိ၊ လွန်စွာ ရိုးရှင်းလှပေသည်။

ယွင်ချင်းစီက လွန်စွာ လေးနက်နေသည်။

"အားယင်း ကျေးဇူးတင်ပါတယ် ..."

ညလင်းပုလဲက လူငယ်နှစ်ဦးအကြား ဝင်းလက်စွာ တောက်ပနေ၏။ လီယင်းက အနားတိုးလာကာ ပြောလိုက်သည်။

"ကိုယ့်ကို ဆုချလေ ..."
ယွင်ချင်းစီက သူ့ကို ဖျတ်ခနဲ မော့နမ်းကာ ပြောလိုက်သည်။

"ဆုအဖြစ် မင်းရဲ့ ဘဝတစ်လျှောက်လုံး ငါ့ကို ကြင်နာယုယခွင့်ကို ပေးမယ် ..."

"ဒါဆို ... အများကြီး ကျေးဇူးတင်ပါတယ်ဗျာ ..."

ညအချိန် ကောင်းကင်ယံရှိ နှင်းမှုန်တို့က ခရမ်းရောင်ဖျော့ဖျော့အဖြစ် ပြောင်းလဲနေသည်။

ယွင်ချင်းစီက မျက်လွှာချကာ သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသူအား ကြည့်လိုက်သည်။

လီယင်း၏ လက်အရွယ်အစားမှာ ဆယ်ကျော်သက်အရွယ်ကထက် များစွာ ကြီးမားလှပြီဖြစ်သည့်တိုင် သူတို့နှစ်ဦး၏ အရွယ်အစား ကွာဟချက်မှာမူ မပြောင်းမလဲ ရှိနေဆဲပင်။

သူက လက်ချောင်းတို့ကို အချင်းချင်း ဆုပ်ကိုင်လိုက်သည်။

"အားယင်း ..."

"ဟမ် ..."

"နှင်းကျနေပြီ အရမ်းအေးတယ် ..."

သူ့အပေါ်သို့ ဝတ်ရုံတစ်ထည် လွှမ်းခြုံလာကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ခံလိုက်ရသည်။

"အိမ်ပြန်ကြရအောင် ..."

နှင်းမြူက ကျနေဆဲ၊ လေရူးကလည်း မြူးနေဆဲ၊ ညအချိန်ကလည်း အေးနေဆဲပင်။

တံစက်မြိတ်အစွန်းတွင် ချိတ်ဆွဲထားသည့် မီးအိမ်ဝိုင်က အမှောင်ခွင်းကာ အလင်းဆောင်ပေးနေသည်။

ပြတင်းပေါက်နှင့် တံခါးပေါက်များကို ပိတ်လိုက်သည့်အခါ အိမ်ထဲရှိ ရာသီဥတုမှာ နွေဦးသဖွယ် နွေးထွေးသွားရတော့သည်။

"အေးနေသေးလား ..."

".. ခြေထောက်တွေလည်း နွေးအောင်လုပ်ပေး ..."



................ပြီးပါပြီ ..........

Translated by...
မုန်ညင်းထုပ်
Porcini
Imperial meow 💜