Chapter 123 (Arc 3 end)
Viewers 6k

🌱 Arc 3 -END [ကြယ်တာရာခေတ် ABOကမ္ဘာတွင် လယ်စိုက်ခြင်း ]


Ch 123

နောက်ဆုံးတော့ မင်းရောက်လာပြီ(၂)



ပျက်စီးနေသောဂြိုလ်များထံမှ အခွင့်အရေးများကိုဆက်တိုက်ရုတ်သိမ်းပြီးသည့်အခါ စွေ့ချီချောင်းက သူ့လယ်မြေများကို ဆက်လက်ချဲ့ထွင်ခဲ့သည်။ အခြားသောပျက်စီးနေသည့်ဂြိုလ်များပင် သူ၏စက်များအောက်၌ ပိပြားကုန်လေ၏။


အခြားဂြိုလ်များတွင် စစ်ကြီးက ပို၍ပြင်းထန်လာသည်။ ယခင်အချိန်တွင်မူ လူတိုင်းက ပျက်စီးနေသောဂြိုလ်မှာ အတော်လေးပရမ်းပတာဖြစ်နေလောက်ပြီဟု ထင်ခဲ့ကြသည်။ ယခုမူ ထိုဒေသက အေးချမ်းနေခဲ့၏။ လူတိုင်း အစားအသောက်နှင့် အသီးအရွက်များကို အသည်းအသန် သိုလှောင်ထားကြသည်။ အပြင်ဘက်တွင် ဖြစ်ပျက်နေသည့်ကိစ္စများထက်ပင် ဗရုတ်သုတ်ခဖြစ်နေခဲ့သည်။


"မြစိမ်းရောင်" အဖွဲ့၏လုပ်ဆောင်မှုများက ဂြိုလ်ပေါ်တွင်ကျန်နေသေးသော အဖွဲ့အစည်းများအတွက် အားကိုးစရာဖြစ်နေခဲ့ပြီး သူတို့က အပြင်သို့ထွက်ကာ အသီးအရွက်များရောင်းဝယ်ခဲ့လျှင်ပင် သူတို့၏လုပ်ငန်းကပိုပြီးကြီးထွားလာပေလိမ့်မည်။


"မြစိမ်းရောင်" အဖွဲ့မှာ အကူအညီမလိုသော်ငြား အချို့ကမူ ၎င်းတို့အား နည်းပညာအကူအညီလိုအပ်လားဟု မေးလာကြ၏။


နောက်ပိုင်းတွင် အခြားတိုင်းပြည်များကပါ စစ်ပွဲတွင်ပါဝင်လာကြပြီး စွေ့မိသားစုသည်လည်း မထိန်းကွပ်နိုင်တော့ပေ။ သို့သော်လည်း လူဦးရေထူထပ်ပြီး ငြိမ်းချမ်းသည့်ဂြိုလ်ပေါ်သို့ ထွက်ပြေးလာရန် စိတ်မကူးကြဘဲ ပျက်စီးနေသောဂြိုလ်ပေါ်သို့သာ ရောက်လာခဲ့ကြသည်။ ဤနေရာမှ အဖွဲ့အစည်းများတွင် ရိက္ခာအစုံအလင်မရှိသလောက်နီးပါးဖြစ်စေကာမူ သူတို့အားလုံးသည်ကား လုံခြုံမှုရှိသလိုခံစားနေကြရပေသည်။


သို့တစေ စွေ့ချီချောင်းက သူတို့ကို လျစ်လျုရှုထားခဲ့သည်။ စွေ့ချီချောင်းသာမက ကျန်နေသောအဖွဲ့အစည်းများကပါ သူတို့ကို မသက်ညှာပေးပေ။


တစ်ခါတစ်ရံ စွေ့မိသားစုက စားသောက်ရန်အသီးအရွက်များ လိုက်ခူးကြသော်ငြား စက်ရုပ်များထံမှ နှောင့်ယှက်ခံရ၍ မလွတ်လပ်ပေ။ အထူးသဖြင့် ပါပါးစွေ့သာဖြစ်သည်။ "ဒါတွေအကုန်လုံးက ငါ့သားပိုင်တာလေ...ဘာလို့ငါ့ကိုရိုက်ရတာလဲ…"


စွေ့ချီချောင်း၏ ဆွေမျိုးခြောက်ယောက်အပေါ်စိမ်းသက်သက်ဆက်ဆံမှုက စွေ့မိသားစုကို စိတ်မချမ်းသာဖြစ်စေသည်။ ထို့အပြင် စွေ့ချီချောင်းက ခေါင်းမာလွန်း၍ သူ့ကိုစိတ်ကျေနပ်စေရန် ဘာလုပ်ပေးရမည် မသိကြပေ။ စွေ့ဟူနှင့် အခြားဝမ်းကွဲများကိုလည်း အားကိုးမရပေ။ သူတို့ ၎ငအိမ်ပြန်လာကြသည့်အချိန်က ခက်ခဲသည့် အခြေအနေများနှင့် ကြုံတွေ့ခဲ့ရသည့်အကြောင်း ပြန်ပြောခဲ့ကြဖူးသည်။ သူတို့အားလုံး ကျေးကျွန်များသဖွယ် စေခိုင်းခဲ့ရပြီး ဘာမှမသိကြပေ။


စွေ့မိသားစု၏မိဘများက သူတို့အခြေစိုက်စခန်းကို ဝင်မရသော်လည်း သူတို့၏ သားနှင့်သမီးက ထိုနေရာတွင်အဆင်ပြေပြေရှိနေ၍ ပြန်မလာခိုင်းကြတော့ပေ။


စစ်ပွဲသည်ကား ဆယ်နှစ်ကြာမြင့်ခဲ့သည်။ စွေ့ချီချောင်းသည်လည်း ပျက်စီးနေသောဂြိုလ်ပေါ်တွင် သီးနှံများကိုဆက်လက်စိုက်ပျိုးနေခဲ့သည်။ အေးဂျင့်များနှင့်ဖောက်သည်များက တစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားကြပြီး အပြင်ဘက်မှအခြေအနေများကလည်း တစပြီးတစ ပြောင်းလဲလာခဲ့သည်။ ထုတ်ကုန်များကို ပိုမိုထုတ်လုပ်နိုင်လာပြီး သူတို့လည်း ပို၍ပို၍ ချမ်းသာလာခဲ့ကြသည်။


အခြေစိုက်စခန်းနှင့် ပျက်စီးနေသောဂြိုလ်ကိုတိုက်ခိုက်ရန် စိတ်ကူးထားသူမရှိခဲ့ကြသည့်တိုင် နောက်ဆုံးတွင် သူတို့ရှုံးနိမ့်ခဲ့ရ၏။ "မြစိမ်းရောင်" အဖွဲ့အစည်းသည် ဤနေရာတွင် ပုန်းနေသည့် ဝဲလ်တို့ကဲ့သို့သော အဖွဲ့အစည်းတစ်ခုကို ကာကွယ်နေခဲ့သည်။ ထိုအချိန်တွင် ဤနေရာ၌ အကြမ်းဖက်အဖွဲ့အစည်းများအပ အခြားအဖွဲ့အစည်းများ မရှိတော့ပေ။


နှစ်များကြာလာသည်နှင့်အမျှ စွေ့ဟူနှင့်အခြားသူများမှာ သူ၏သင်ကြားပြသပေးမှုအောက်တွင် စိုက်ပျိုးရေးနှင့်ပတ်သက်သော ပညာရပ်အများအပြားကို တတ်မြောက်လာခဲ့ကြသည်။ စွေ့ချီချောင်းက သူ မထွက်ခွာခင် စွေ့ဟူ၊ စွေ့ထင်နှင့်စွေ့ရှောင်ကျန်းတို့ကို ခေါ်ယူခဲ့ပြီး "မန်နေဂျာ" နေရာအတွက် တိုက်ခိုက်စေခဲ့၏။


စွေ့ချီချောင်းက သူတို့အားလုံးကို အဖွဲ့အစည်းအားအတူတကွ စောင့်ရှောက်ရန်မှာခဲ့သည်။ အကယ်၍ အဖွဲ့အစည်းကို ခွဲလိုက်ချင်လျှင်ပင် သူတို့အနေဖြင့် ကိုယ်တိုင်ခွဲပြီးအုပ်ချုပ်စေခဲ့၏။


သူ ထွက်ခွာရမည့်နေ့တွင် စွေ့ချီချောင်းက စကြဝဠာကြီး၏အောက်ခြေအထိ သီးနှံပင်များက စိမ်းလန်းနေရမည်ဟုပြောခဲ့သည်။


"တစ်ဝမ်းကွဲညီလေး...မင်းအနေနဲ့ အမွေပေးစရာကလေးမရှိမယ့်အပြင်  လက်ရှိမှာလည်း တစ်ယောက်မှမရှိတာမှန်ပါတယ်...မင်းလေ့ကျင့်ပေးထားတဲ့ ဘီတာတစ်ယောက်ကိုလွှဲခဲ့ပေါ့..."

စွေ့ဟူက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပြောလာ၏။

"မင်းက အယ်လ်ဖာတွေကိုဆိုရင် မသတီတတ်ဘူးမလား...အယ်လ်ဖာတွေက ရွံစရာကောင်းတယ်လေ..."


"သူတို့လိင်အမျိုးအစားကို မကြိုက်တာမဟုတ်ပါဘူး...မလိုက်ဖက်ဘူးလို့ခံစားရလို့ပါ..."

စွေ့ချီချောင်းက ဆက်ပြောလိုက်၏။

"အစကတော့ အယ်လ်ဖာနဲ့ဘီတာကိုပေါင်းပြီး စကြဝဠာကြီးကိုအုပ်ချုပ်စေချင်ခဲ့တာ...ဒါပေမဲ့ မင်းတို့ကပိုသင့်တော်တယ်လေ...မင်းတို့က စိုက်ပျိုးရေးကိုဆက်လုပ်သွားနိုင်မယ်လို့မျှော်လင့်ပါတယ်..."


စွေ့ဟူက စွေ့ချီချောင်းကို မျက်တောင်လေးတဖျတ်ဖျတ်ခတ်ပြပြီး ပြောလိုက်သည်။

"မင်းပြန်ရောက်တဲ့အခါကျရင် ထုတ်လုပ်ရေးက သုံးဆယ်ရာခိုင်နှုန်းပိုများလာစေရမယ်လို့ ငါကတိပေးတယ်..."


စွေ့ကျင်းဇယ်ကလည်း လွန်ခဲ့သည့် ဆယ်နှစ်အတောအတွင်းတွင် ရင့်ကျက်လာခဲ့သည်။ လွန်ခဲ့သောနှစ်ပိုင်းက သူ ဘီတာဖြစ်ကြောင်းကို သိရှိခဲ့ရပေသည်။ သူ စစ်တက္ကသိုလ်တွင် ပညာသင်ခဲ့သော်လည်း လယ်ယာစိုက်ပျိုးသည့် ဝါသနာကို မစွန့်လွှတ်နိုင်ကြောင်း ပြောလာခဲ့သည်။ စစ်တက္ကသိုလ်က တစ်နှစ်ကြာပညာသင်ရမည်ဖြစ်ပြီး စစ်ပွဲကိုမသွားရသည့်အချိန်များတွင် ဤနေရာတွင်အပန်းလာဖြေမည်ဟုဆို၏။


သူသည်ကား တုံ့ဆိုင်းဆိုင်းဖြင့်ဆိုလာသည်။

"အစ်ကိုချီချောင်း...အမြန်ပြန်လာရမယ်နော်..."


စွေ့ချီချောင်းက နူးညံလှသည့်အသံဖြင့် ပြန်ဖြေခဲ့သည်။ "အခွင့်အရေးရခဲ့ရင်ပေါ့..."


စွေ့ထင်က ရှောင်ပိုင်ကိုပွေ့လာခဲ့၏။ သူသည်ကား အိုမင်းလှပြီဖြသ်သည်။ လူတိုင်းက ဤကြောင်ကြီးကို ဆရာကြီးတစ်ယောက်နီးပါးဟု သဘောတူလက်ခံကြပြီး သူက လေယာဥ်ကိုမောင်းနိုင်ပြီဟု ခန့်မှန်းနေကြသည်။


စွေ့ချီချောင်းက ရှောင်ပိုင်ကိုယူလိုက်ပြီး ရှောင်းပိုင်၏လက်လေးများက စွေ့ချီချောင်းလက်ကို ဖက်ထားလေသည်။ သူက ရှောင်ပိုင်ကို တစ်ချက်မျှကြည့်လိုက်ပြီး အသံမပေးလာသည့်တိုင် သူ့အတွက် ရှောင်ပိုင်က သခင်နှင့်တိရစ္ဆာန်တစ်ကောင်ဆက်ဆံရေးထက် ပိုခဲ့သည်။ သူတို့ မိတ်ဆွေတစ်ယောက်အဖြစ် ရံဖန်ရံခါ စနောက်ခဲ့ကြသည်။ ရံဖန်ရံခါ ရှောင်ပိုင်၏စိတ်တိုနေသောပုံစံကိုမြင်ရလျှင် သူပျော်ခဲ့ရ၏။ သို့တစေ သူယခုကြောင်ကို ထိကိုင်လိုက်ချိန်တွင် သူ့လက်ထဲမှ လက်သန့်ဆေးကို မညှစ်ထုတ်တော့ပေ။


သူ လေယာဥ်ရှိရာသို့ လျှောက်သွားလိုက်ပြီး လူများ၊ အဆောက်အအုံများ၊ အသီးအရွက်ခင်းများနှင့် ပြတင်းမှတစ်ဆင့် မြင်နေရသည့်တောအုပ်ကြီးကို လှမ်းကြည့်လိုက်သည်။ မူလကဤနေရာမှာ တလင်းပြင်ကြီးဖြစ်ခဲ့ဖူးသည်ကို အမှတ်ရမိပြီး ရှောင်ပိုင်ကိုပြောလိုက်၏။

"ငါတို့ ထပ်တွေ့ကြမယ်နော်...ဟုတ်ပြီလား..."


ရှောင်ပိုင်က သူ့အားကပ်တွယ်နေပြီး တွန့်ဆုတ်နေရာမှ နောက်ဆုံးခေါင်းညိတ်ပြလာရှာသည်။ သူ၏ ခေါင်းညိတ်ပြပုံက တစ်ခုခုကို ရိပ်စားမိနေပုံရသည်။


လေယာဥ်သည်ကား ရှန်းဟိုင်ပင်လယ်အောက်ခြေမှခွာခဲ့လေပြီ။


......



"မစ္စတာစွေ့...ရှင်သတိရလာပြီလား..."


စွေ့ချီချောင်း အမျိုးသမီးတစ်ယောက်အသံကို ကြားလိုက်ရသည်။ သူ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ မြင်တွေ့လိုက်ရသည်က လင်းလင်း၏မျက်နှာပင်။ သူက ပတ်ဝန်းကျင်နှင့်ရင်းနှီးသွားစေရန် အချိန်အနည်းငယ်ယူလိုက်ရ၏။ သက်ကြီးပိုင်းသရုပ်ဆောင်အများအပြားက အနားယူချိန်များများစားစားယူသည်မှာ အံ့အားသင့်စရာမကောင်းတော့ပေ။ ကမ္ဘာများကို ကူးပြောင်းရာတွင် အတွေ့အကြုံပိုရှိလာပြီး သူတို့၏မှတ်ဉာဏ်နှင့်ခံစားချက်များတွင် အခက်အခဲရှိလာခြင်းကို မလွဲမသွေကြုံရကြလေသည်။ 


လင်းလင်းက ပုံမှန်အတိုင်း ရေတစ်ခွက်အားကမ်းပေးလာခဲ့ပြီး စွေ့ချီချောင်းက ကျေးဇူးတင်စကားပြောကာ သောက်လိုက်သည်။ ဝန်ထမ်းများက အခြားလိုအပ်သည့်အရာများအတွက် သူ့အားကူညီပေးလာကြ၏။


လင်းလင်းက ပြုံးကာပြောလာခဲ့သည်။

"မစ္စတာစွေ့...ဂုဏ်ယူပါတယ်... ဒီတစ်ခေါက် ratingတွေကလည်း တော်တော်ကောင်းရုံမကဘူး ရောင်းထွက်သွားတဲ့ merchတွေကလည်း ရောင်းအားကောင်းနေတာဆိုတော့... မူရင်းစာချုပ်အတိုင်း ဒီနေရာတစ်ဝိုက်က ရှင့်အပိုင်ဖြစ်သွားပါပြီ...ကျန်တာတွေကို ရှင့်ရဲ့ရှေ့နေနဲ့ ညှိနှိုင်းလိုက်လို့ရပါတယ်..."


"ဟုတ်ကဲ့...သူနဲ့ဆက်လုပ်လိုက်ပါ..." 


"နောက်ပြီးတော့... အရင်တစ်ခါက ဟိုက်ဒရိုပိုနစ်အပင်စိုက် ကိရိယာအိတ်ကို ရောင်းထားခဲ့တော့...ဒီတစ်ခေါက်ကို မေတ္တာလက်ဆောင်အပို ထည့်ပေးထားပါတယ်... ပြီးတော့ ဝယ်ယူသူတွေဆီကနေလည်း မှတ်ချက်ကောင်းတွေပိုရလာပါတယ်..."

လင်းလင်းက လက်ချောင်းလေးများကိုလှုပ်ရှားပြီး စွေ့ချီချောင်းကို ဓာတ်ပုံပြလိုက်သည်။


ရှိုး၏နာမည်ကြီးမှုကြောင့် ပရိသတ်များက အသီးအရွက်များကို အပြေးအလွှားလာဝယ်ကြသည်။ ဟိုက်ဒရိုပိုနစ်စက်များက ဖွဲ့စည်းမှုအနည်းငယ်သာပါသည်ဟု ယူဆရပြီး အချို့သောကြည့်ရှုသူများဆိုလျှင် လသာဆောင်ပေါ်တွင် စုပြုံစိုက်ပျိုးရန် စီစဥ်ထားကြ၏။


စွေ့ချီချောင်းက တစ်ခုပြီးတစ်ခုကို ဂရုတစိုက်ကြည့်ပြီးပြောလိုက်၏။

"ဟုတ်ကဲ့..."


လင်းလင်းက အစမ်းသဘောဖြင့် မေးကြည့်လိုက်သည်။ 

"ပရိသတ်တွေကိုမိတ်ဆက်ပေးပြီး အပင်တွေကိုရောင်းကြည့်ချင်ရော...အဆင်ပြေလောက်မလား..."


ယခင်ကမူ စွေ့ချီချောင်းက လူများနှင့်တွေ့ဆုံရသည့်ကိစ္စတိုင်းကိုငြင်းပယ်ခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ လင်းလင်းက သေချာလေ့လာထားပြီး ပရိသတ်များနှင့်တွေ့ဆုံကာ အပင်ရောင်းမည့်အကြံကို ထုတ်မေးလာခဲ့သည်။


စွေ့ချီချောင်းကမူ သူမစိတ်ကို နားမလည်နိုင်၍ လှမ်းကြည့်လိုက်သည်။

"နောက်မှပြောရအောင်..."


လင်းလင်းသည်ကား အနည်းငယ်မျှစိတ်လှုပ်ရှားသွားလေ၏။ စွေ့ချီချောင်းက လက်မခံသေးသော်လည်း သူ့အပေါ် သူမနားလည်ထားမှုအရ တိုက်ရိုက်ငြင်းပယ်လိုက်ခြင်းမဟုတ်သေး၍ မျှော်လင့်ချက်ရှိနေသေးသည်။


"အိုး...ဒါဆို...ရှင်အနားယူလိုက်ပါဦး..ပြန်လာမှဆက်ပြောကြမယ်..."

လင်းလင်းက သူ့အား အတင်းအကျပ်မမေးနေတော့ဘဲ စွေ့ချီချောင်းကို အနားယူရန် ယဥ်ယဥ်ကျေးကျေးသာတိုက်တွန်းလိုက်သည်။


......


စွေ့ချီချောင်း သူစိုက်ပျိုးထားခဲ့သည့် သီးနှံပင်လေးများကို သွားပြန်ကြည့်လိုက်သည်။ ပါရာမီတာနှင့် တိုင်းတာစစ်ဆေးပြီးနောက် တစ်ခုခုစားကာ စာအုပ်တစ်အုပ်အားဖတ်နေလိုက်၏။ သုံးရက်ခန့် အနားယူနေပြီးနောက် သူ ပုံမှန်အနေအထား ပြန်ဖြစ်လာခဲ့သည်။


သူနှင့်လင်းလင်းက ရုံးခန်းထဲတွင်တွေ့ဆုံကြရန် ချိန်းဆိုထားကြပြီး ထိုင်လိုက်သည်နှင့် သူ့ဘက်မှ ဦးစွာစကားစလိုက်သည်။

"ဒီတစ်ခေါက်ကရော ဘယ်နေရာမှာများလဲ...နောက်ဆုံးတခေါက်ကတော့ ကို့ရို့ကားယားဖြစ်သွားတာပဲ..."


"ဟား...ဟား..."

လင်းလင်းရယ်လိုက်သည်။ သူမ ထိုအကြောင်းကိုသိပြီးသားပင်။ ယခု သူမက စွေ့ချီချောင်း၏ ပရိုဂရမ်တိုက်ရိုက်ထုတ်လွှင့်ရာတွင် တာဝန်ယူထားရပြီး ကို့ရို့ကားယားဖြစ်သွားခဲ့ရသည့်အတွက် သူမတွေးလိုက်သည်။

ဘာလို့လဲဆိုတော့ ရှင်က စာအုပ်ကြီးအတိုင်းပဲလုပ်တာလေ… အဲဒါကြောင့်ပဲ ပရိသတ်တွေက ရှင်နှိပ်စက်တာကိုခံနေရတာ...


ဤအချိန်မှာပင်  အခြားသောတိုက်ရိုက်ထုတ်လွှင့်သည့် A/B/O ပရိုဂရမ်များက စွေ့ချီချောင်းကြောင့် ပရိသတ်များအုံလိုက်ကျင်းလိုက်ဖြစ်တတ်ခြင်းကို မကြာခဏကြုံခဲ့ကြရဖူးသည်။ ၎င်းတို့က အောက်ပါအတိုင်းမှတ်ချက်ပေးတတ်ကြ၏။

[အယ်လ်ဖာလား… အာကာသထဲလွှင့်ပစ်လိုက်…]


"ဒီလိုပါ..."

လင်းလင်းက ဖိုင်ကိုဆွဲထုတ်လိုက်သည်။

"ဒီတစ်ခါ ကျွန်မတို့က အရင်ကထက်စာရင်တော့အများကြီးပိုကောင်းလာပါပြီ... မှတ်ဉာဏ်တုလေယာဉ်အသစ်က Xuanhuan ကျင့်ကြံရေးလောကမှာပါ… Xuanhuan ကျင့်ကြံရေးလောကအကြောင်းကို သိလား…"


စွေ့ချီချောင်း: "သိသလိုနဲ့ သေချာတော့ နားမလည်ပါဘူး..."


လင်းလင်းက အံ့ဩဟန်မပြပေ။ သူ၏ယခင် သရုပ်ဆောင်ချက်များကိုကြည့်လျှင် မစ္စတာစွေ့က ရုပ်လွန်ဒသနိကဗေဒထက် သိပ္ပံပညာကို ပိုမိုစိတ်ဝင်စားနေကြောင်း သိနိုင်သည်။ ဝဲလ်ကသူ့အား ခေါင်းဆောင်တင်ချင်နေသော်လည်း စွေ့ချီချောင်းက ဝဲလ်ကို လူများထံ မြေဆီလွှာအတွင်း သက်ရှိဗေဒအကြောင်း ဟောပြောစေခဲ့သည်။


မဟုတ်လျှင် ကုမ္ပဏီက ဤthemeကို ရွေးပေးမည်မဟုတ်ပေ။


စွေ့ချီချောင်း ဤပရိုပရမ်တွင် စတင်သရုပ်ဆောင်ချိန်တည်းက ကြည့်ရှု့သူများ၏မျက်နှာကို အကြိမ်ပေါင်းများစွာ ဖြတ်ရိုက်ခဲ့သည်။ သူက အားလုံးကို ပျော်ပျော်ရွှင်ရွှင် နေခွင့်မပေးချေ။ A/B/O မှတ်ဉာဏ်တုလေယာဉ်တွင်လည်း အားလုံးထင်ထားသည့်ပုံစံအတိုင်း မနေထိုင်ခဲ့ပေ။ ပရိုဂရမ်ကိုစီစဉ်သူများမှာ ဆုံးနိမ့်မှုအကြီးစားများကို ရင်ဆိုင်ခဲ့ရသည်။


လယ်သမားနတ်ဘုရားရဲ့ မျိုးဆက်ကို LJJက ဒီလို အသုံးချလို့ရမယ်တဲ့လား…


သို့ဖြစ်၍ ဆွေးနွေးကြပြီးသည့်အခါ လူတိုင်းက နောက်ဆုံးအကြိမ်အဖြစ် ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ မစ္စတာစွေ့က ကူလီကူမာလုပ်သည့်နေရာတွင် တစ်ဖက်ကမ်းခတ်တော်လွန်းနေခဲ့လျှင် ချက်ချင်းလက်လျှော့လိုက်ကြရုံသာ။ အနာဂတ်တွင် သူတို့က မစ္စတာစွေ့ကြောင့် ထိခိုက်ဆုံးရှုံးခြင်းကို ခွင့်ပြုရန်သာ ဆုံးဖြတ်လိုက်သည်။ သူတို့က မှတ်ဉာဏ်တုလေယာဉ်တွင် စွေ့ချီချောင်း အပင်မျိုးစုံစိုက်နေသည်ကို liveလွှင့်ပြကြမည်သာဖြစ်သည်။


"ဒါပေမဲ့...သိပ်စိတ်မပူပါနဲ့...ကျွန်မ ရှင် နားလည်အောင် ပစ္စည်းနည်းနည်းပြင်ထားတယ်..."

လင်းလင်းက သူမ၏ အပျော်လွန်နေသည့်ခံစားချက်ကိုဖုံးကွယ်ထားရင်း ပြောလိုက်သည်။

"ဒီတစ်ခေါက်တော့ အစပိုင်းမှာ ရှင့်ရဲ့နေရာက တော်တော်လေး နိမ့်ကျနေမှာမို့ စိတ်ပိုင်းဆိုင်ရာအရ ကြိုပြင်ဆင်ထားဖို့ မျှော်လင့်ပါတယ်..."


"အင်း..."

စွေ့ချီချောင်းက မော့ပင်မကြည့်ဘဲ ပြောလိုက်သည်။ ဒေတာများကိုကြည့်ပြီးသည့်နောက် သူ ရုတ်တရက်သတိရလာပြီး ပြောလိုက်မိလေ၏။

"ဒီကမ္ဘာက မသေမျိုးကျင့်ကြံရေးကမ္ဘာဆိုတော့..ငါ့ရဲ့ရှောင်ပိုင်လေးလည်း ကြောင်မိစ္ဆာလေး ဖြစ်လာလောက်ရောပေါ့..."


လင်းလင်းကား တောင့်တင်းသွားလေ၏။

" ဒါကတော့...."


စွေ့ချီချောင်းကမူ စိတ်ထဲတွင်မျှော်လင့်နေမိ၏။ ရှောင်ပိုင်သာ စကားပြောတတ်လျှင် သူမည်သည့်စကားမျိုးပြောလာနိုင်မည်ကို စွေ့ချီချောင်း မသိပေ။ ရှောင်ပိုင်က သာမန်ကြောင်လေးတစ်ကောင်ဖြစ်နေခဲ့လျှင်ပင် သူစိတ်ပျက်မိမည်မဟုတ်ပေ။


သို့သော်လည်း လင်းလင်းက ပြောလာပြန်သည်။

"တကယ်တော့...ပြောဖို့ နည်းလမ်းရှာနေခဲ့တာ...ဒီကမ္ဘာမှာတော့ ရှောင်ပိုင်က မစ္စတာစွေ့နဲ့ လိုက်လာမယ်မထင်ဘူး..."


စွေ့ချီချောင်းက ချက်ချင်းတုံ့ပြန်လာသည်။

"ဘာလို့လဲ...မင်း ဘာကိုတွေ့ထားလို့လဲ..."


ရှောင်ပိုင်က တစ်ချိန်လုံး ထူးဆန်းနေသည်မှာအမှန်ပင်။ LJJ ကလည်း သူ့ကို ခြေရာခံရန် ကြိုးစားခဲ့ဖူးသည်။ လွန်ခဲ့သောရက်ပိုင်းအတွင်း သူ အနားယူနေစဉ်ကလည်း ရှောင်ပိုင် မည်သည့်အရာဖြစ်ကြောင်း LJJ မှလူများက မသိကြောင်း ကြားခဲ့မိသည်။ လင်းလင်း ဤစကားပြောလာချိန်တွင်မူ ရှောင်ပိုင်က မည်သည့်အရာဖြစ်သည်ကို အရိပ်အမြွက်အချို့ သိထားမည်ဖြစ်ကြောင်း ရိပ်စားမိလိုက်သည်။


လင်းလင်းက ထစ်ငေါ့စွာဖြင့် ပြောလာ၏။

"ဒါကတော့...ကျွန်မ ပြောပြလို့မရဘူး..."


စွေ့ချီချောင်းက သူ့အား တည့်တည့်ကြည့်လိုက်သည်။ "အဲ့လိုလား..."


ရုတ်ချည်းပင် လင်းလင်း၏ကျောပြင်တွင် ချွေးများရွှဲလာပြီး ဖိအားတစ်ခုက ပိကျလာသလိုပင်။ နောက်ဆုံး၌ ဘုရင်တစ်ယောက်၏မျက်နှာ၊ မဟုတ်သေး ဧကရာဇ်တစ်ပါး၏အော်ရာကို ခံစားလိုက်ရပြီဖြစ်သည်။


စွေ့ချီချောင်းက သူမကို တမင်တကာခြောက်လှန့်လိုက်ခြင်းမဟုတ်သော်လည်း သူမသည်ကား ဤအခိုက်အတန့်လေးတွင် ယခင်က စွေချီချောင်းမှာ ဆက်ဆံရလွယ်သူ ဖြစ်ခဲ့သည်ကို နက်နက်ရှိုင်းရှိုင်းခံစားလိုက်ရလေသည်။


"အဲဒါက...တကယ်တော့..."

လင်းလင်းက မဝံ့မရဲပြောလာခဲ့သည်။

"နည်းနည်းလေး ပြောပြလိုက်လည်းကိစ္စမရှိပါဘူး...ရှင်လည်း အရင်က စာချုပ်ချုပ်ခဲ့ဖူးတဲ့မင်းသားပဲဟာ...အတူတူပါပဲ... ကျေးဇူးပြုပြီး အပြင်မှာလျှောက်မပြောပါနဲ့နော်...ကုမ္ပဏီမျက်နှာပျက်လိမ့်မယ်...ရှောင်ပိုင်ရဲ့ဒေတာအရင်းအမြစ်တွေက တကယ် ထူးဆန်းနေတယ်..."


ဒေတာအရင်းအမြစ်တွေက ထူးဆန်းနေတယ်ဆိုပါလား…

စွေ့ချီချောင်းက စဥ်းစားနေပြီး လင်းလင်းကလည်း အများအပြားမပြောပြနိုင်ပေ။ 


ဒီပုံမှန်မဟုတ်တဲ့ အရင်းအမြစ်တွေက ဘာကိုပြောချင်တာလဲ… LJJကို အပြင်လူတွေ သတင်းမရအောင် ကာကွယ်ထားတာလား… သူက  LJJရဲ့ databaseတွေထဲကမဟာတ်ဘဲ တခြားရင်းမြစ်တစ်ခုကနေ ရောက်လာတာများလား…


LJJ ကဲ့သို့သောကုမ္ပဏီကြီးအတွက် နိုင်ငံခြားရှိအချက်အလက်များနှင့် ၎င်းတို့၏စနစ်များက ချိတ်ဆက်ထားခဲ့သည်မှာ အချိန်အတန်ကြာခဲ့ပြီဖြစ်သည်။ ကုမ္ပဏီ၏ပုံရိပ်ကိုထိခိုက်နိုင်သည်မှာလည်း အမှန်ပင်ဖြစ်ပြီး နည်းပညာ၏အရင်းအမြစ်ကလည်း နောက်စရာမဟုတ်ပေ။


စွေ့ချီချောင်းသည်ကား စိတ်ထဲရှိသည့်အတိုင်း ထုတ်မပြောပေ။ ခဏအကြာတွင် သူလက်ရှိအကြောင်းအရာအပေါ်အာရုံပြန်စိုက်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"သိပြီ...ကျေးဇူးပါပဲ..."


လင်းလင်း: "ရပါတယ် မစ္စတာစွေ့... တကယ်လို့ အိမ်မွေးတိရိစ္ဆာန်လေးတွေ မရှိတာနဲ့ အသားမကျသေးရင်...အလယ်ခေတ်က သာ့ပိုင်နဲ့ သာ့ကျူကို ခေါ်လာလည်းရပါတယ်..."


လက်ရှိ LJJ တွင်စွေ့ချီချောင်း၏ နာမည်ကြီးမှုအရ အထူးအခွင့်အရေးရရန်က ပြဿနာမဟုတ်ပေ။


စွေ့ချီချောင်းက ချီတုံချတုံဖြစ်နေပြီးမှ ပြောလိုက်သည်။ "ထားလိုက်တော့..."


သူ မနေနိုင်တော့ဘဲ တွေးမိသွားလေသည်။ ရှောင်ပိုင်သာ သူနောက်ထပ် "ကြောင်တစ်ကောင်မွေးရန်" တုံ့ဆိုင်းနေသည်ကို သိသွားခဲ့လျှင်ကျိန်းသေပေါက် ဒေါသထွက်လောက်မည်ပင်။



Arc 3 - [ကြယ်တာရာခေတ် ABOကမ္ဘာတွင် လယ်စိုက်ခြင်း ] ပြီးသွားပါပြီရှင် 🍀🍀🍀



နည်းနည်းကြိုပြောပြလိုက်ပါမယ် Arc 4ကတော့ ခွေးစာအပြည့်ပါနော် အားလုံးမျှော်နေတဲ့သူကြီး ပါလာတော့မှာပါ 😎