အပိုင်း ၁၁
Viewers 671

အစားထိုးခံ အမျိုးသမီး အတွင်းရေးမှူး

 

အပိုင်း ၁၁

 

 

 

စူးထောင်၏ နိမ့်ဆင်းပြီး အုံ့မှိုင်းနေသည့်လေသံက အခန်းတွင်းရှိ ထိုင်နေသော ယောက်ျားလေးနှစ်ယောက်ကို ကျောမတ်သွားစေပြီး အနည်းငယ်အေးစက်သွားသလို ခံစားသွားရစေသည်။

 

 

ရှဲ့ကျင်မှာ တစ်ခုခုပြောလိုက်ချင်သော်ငြား စူးထောင်၏ အေးစက်စက်အကြည့်ကြောင့် ပါးစပ်ပိတ်ပြန်ပိတ်လိုက်၏။

 

 

ရှဲ့ကျင်ကတောင် ငြိမ်နေသည့်အတွက် စူးယန်ရှင်းသည်လည်း ဘာစကားမှမပြောရဲတော့ဘဲ ထောင့်ကပ်ကာ နာခံပြီးတော့သာ ထိုင်နေရတော့သည်။

 

 

"ကားကို ငါရောင်းတော့မှာ။ နင် သော့ကိုပေးရင်ပေး မပေးရင် ငါ ရဲကို တိုင်လိုက်မယ်။"

 

 

ထိုစကားများပြောပြီးနောက် စူးထောင်သည် အလုပ်တံဆိပ်ပြားကို ချွတ်လိုက်ကာ ခြေလှမ်းကျယ်ကြီးများဖြင့် လှည့်ထွက်သွား၏။

 

-----

 

ဇွန်လနှောင်းပိုင်းရာသီဥတုမှာ ခန့်မှန်း၍မရနိုင်‌ချေ။နေ့ခင်းဘက်တွင် နေသာပြီးအိုက်စပ်ကာ ညဘက်တွင်မူ လေနုအေးများနှင့် အုံ့မှိုင်းနေသည်။

 

 

စူးထောင်သည် ဗီလာဟောင်းနေရာကို ရောက်ရှိလာပြီး တစ်နှစ်ကျော်ကြာ ပြန်မလာဖြစ်သောအိမ်ကို မော့ကြည့်ကာ မျက်လုံးများက မေးမှိန်သွား၏။

 

 

ကိတ်မုန့်တစ်ဘူးကို ကိုင်ထားရင်း တံခါးဘဲလ်ကို နှိပ်လိုက်သည်။ ခဏအကြာတွင် မရင်းနှီးသော အမျိုးသမီးငယ်တစ်ယောက်၏ အသံက intercom မှထွက်လာသည်။"ဘယ်သူလဲ။"

 

 

စူးထောင်းက တခဏကြာတုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေပေးလိုက်၏။"စူးထောင်။"

 

 

"စူးထောင်?" တစ်ဖက်ခြမ်းမှ အသံသည်လည်း တိတ်ဆိတ်မသွားခင် တုံ့ဆိုင်းသွားပုံရသည်။ မိနစ်ဝက်ကြာပြီးနောက် ‌ဝင်ပေါက်တံခါးလော့ကို ဖွင့်လာပေးသည်။

 

 

စူးထောင်သည် နှုတ်ခမ်းကိုကွေးလိုက်ပြီး ဒီမိသားစုက တဖြည်းဖြည်းနဲ့သူစိမ်းဆန်လာပြီပဲ။

 

 

ခြံဝင်းကိုဖြတ်လျှောက်လာရင်း အနောက်ဘက်နရံထောင့်တွင် အရပ်တဝက်လောက်ရှိသည့် သစ်ပင်လေးတစ်ပင်ရှိနေ၏။ သူမ အမေ အသက်ရှိစဉ်ကာလတွင် အဖေကသူ့လက်ဖြင့် ကိုယ်တိုင်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် အရွက်များက ကျိုးတို့ကျဲတဲဖြစ်နေပြီး အာဟာရချို့တဲ့နေပုံရသည်။

 

 

တံခါးဝကို ရောက်သောအခါ စူးထောင်ကအကြည့်လွှဲလိုက်ပြီး အိမ်ထဲရှိ တောက်ပပြီးနွေးထွေးနေသည့် ဧည့်ခန်းကို ကြည့်လိုက်သည်။ မျက်နှာစိမ်းနေသော အမျိုးသမီးတစ်ဦးက သူမ အစ်ကိုအနားမှာ စက်ဝိုင်းပုံစံပတ်နေရင်း နှစ်နှစ်ခြိုက်ခြိုက်ပြုံးနေ၏။

 

 

ခဏတုန်းက intercomကနေ စကားပြောလာတဲ့အမျိုးသမီးက သူမ အစ်ကိုရဲ့ချစ်သူအသစ် ပဲဖြစ်ရမယ်။

 

 

တံခါးက သော့ဖွင့်သားဖြစ်တာကြောင့် စူးထောင် ဒီတ်ိုင်းပဲ တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်သည်။ မိထွေးဖြစ်သူ လီဖေ့ကလည်း မီးဖိုချောင်ကအထွက် သူမလည်းအဝင်ဆိုတော့ အချင်းချင်း တိုက်မိသွားကြတော့သည်။

 

 

လီဖေ့က တခဏလောက် အံ့အားသင့်သွားပြီး စူးထောင်ကို ခေါင်းအစခြေအဆုံးကြည့်ကာ ဝတ်ကျေတမ်းကျေ ပြုံးပြရင်း "မင်းပြန်လာပြီပဲ။ လာထိုင်လေ။"

 

 

စူးထောင်သည် သူမ၏အေးစက်စက်သဘောထားကိုလျစ်လျူရှုလိုက်ကာ တိုက်ရိုက်ပင် အိမ်စီးဖိနပ်စီးလိုက်ရင်း အိမ်ထဲကို ဝင်သွားတော့သည်။

 

 

သူမရဲ့ပိန်ပါးပါးအစ်ကိုကြီးက သူမကိုနှုတ်ဆက်လာ၏။ သူသည် ရွှေရောင်ကြိုးတပ်မျက်မှန်ကို ၀တ်ထားသောကြောင့် ချောမောခန့်ညားနေသင့်သော်လည်း တုန်လှုပ်နေသည့် မျက်လုံးများကြောင့် ထိုအကျိုးသက်ရောက်မှုက ပျက်စီးသွားသည်။ "ထောင်ထောင်ဘာလို့အခုမှ ပြန်လာတာလဲ။ ဒီနေ့အစ်ကိုတောင် မင်းကိုဖုန်းဆက်ပြီး ဘယ်အချိန်ပြန်လာမှာလဲ၊ မင်းဆီ ကားကြိုလွှတ်ပေးရမလားလို့ မေးဖို့တောင်တွေးနေတာ။"

 

 

'ဒီမိသားစုထဲက လူတွေအားလုံးထဲမှာဆို အကိုအကြီးဆုံးတစ်ယောက်ထဲကပဲ သူမကို ယဉ်ယဉ်ကျေးကျေးတုံ့ပြန်ပေးပြီး သူ့စိတ်ရင်းမှန်က ဘယ်လိုပဲဖြစ်နေပါစေ အနည်းဆုံးတော့ သူ့လေသံက အပေါ်ယံမှာတော့ အေးစက်နေမှာမဟုတ်ဘူး။'

 

 

"အဖေ ဘယ်မှာလဲ" သို့ရာတွင် စူးထောင်သည် သူ၏အတုအယောင် ယဉ်ကျေးပျူငှာမှုကို အဖက်မလုပ်ချေ။ သူမအဖေက မွေးနေ့ဆုတောင်းစကားတွေကို ဂရုမစိုက်ဘူးဆိုတာ သူမ သိပေမယ့် ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေလို့ ဆုတောင်းပေးချင်ရုံပါ။

 

 

"စာကြည့်ခန်းထဲမှာ။"

 

 

စူးထောင် စာကြည့်ခန်းဆီသို့ တက်သွားတာကိုကြည့်ရင်း စူးဟောင်ယန်ရဲ့ရည်းစားက မခို့တရိုးလေးပြောလာ၏။"ရှင်ပြောတော့ ရှင့်ညီမလေးက အကြံအစည်တအားများတာမလို့ ကျွန်မတို့ သူ့ကိုစောင့်ကြည့်ရမှာဆို။သူက တော်တော်လေးကို အကျင့်စာရိတ္တကောင်းတဲ့ပုံပဲ။"

 

 

စူးဟောက်ယန်က သူမကိုခပ်စူးစူးကြည့်လိုက်ပြီး အထိတ်တလန့်နှင့်"ပါးစပ်ပိတ်ထား။"

 

 

စာကြည့်ခန်းတံခါး ပွင့်သွားပြီး စူးထောင်သည် တံခါးဝတွင် တိတ်တဆိတ်ရပ်နေပြီး အသက်၆၀နီးပါးအမျိုးသားတစ်ဦး စာရေးနေသည်ကို ကြည့်နေသည်။ လွန်ခဲ့သော တစ်နှစ်ကျော်က သူတို့၏ငြင်းခုံမှုမြင်ကွင်းသည် သူမစိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း မြင်ယောင်နေဆဲပင်။ သူမှင်စွန်းသွားပုံရ၏။

 

 

စူးထောင်က မျက်လုံးကို ခဏတာမှိတ်လိုက်ပြီးနောက် သတ္တိစုစည်းကာ တံခါးကို ညင်သာစွာ ခေါက်လိုက်‌သည်။ 

 

 

စူးရှန့်သည် ခေါင်းကိုဖြည်းညှင်းစွာ မြှောက်လိုက်ပြီး စူးထောင်၏ အမူအရာ ခပ်တောင့်တောင့် ဖြစ်လာတာကို မြင်လိုက်ရသည်နှင့် သူ့မျက်လုံးထဲရှိ နွေးထွေးမှုများက အေးစက်သွားတော့၏။ "မင်းပြန်လာပြီ။"

 

 

စူးထောင်သည် သူ၏အေးစက်သော သဘောထားကို စိတ်ထဲမထည့်ချေ။ ဟိုးအရင်ကတည်းက ပြင်ဆင်ထားသည့် အနီရောင်စာအိတ်ကို ထုတ်ယူပြီး သူ့စားပွဲပေါ်တင်လိုက်ပေးလိုက်၏။ "အဖေ၊ မွေးနေ့မှာ ပျော်ရွှင်ပါစေ။"

 

 

"ပြန်ယူသွားလိုက်" စူးရှန်းကသူမကို အေးတိအေးစက် ကြည့်လာသည်။"ငါ့မှာ မင်းအတွက် ပေးစရာအမွေမရှိဘူး။ ငါအိုလာတဲ့အချိန်မှာလည်း မင်းထောက်ပံ့စရာမလိုဘူး။ ဒါကမျှတတယ်။"

 

 

စူးထောင်က ညင်ညင်သာသာပြုံးပြီး အကြည့်ကို အောက်နှိမ့်လိုက်၏။ "ဒါက အဖေ အငြိမ်းစားယူဖို့  ပေးတာမဟုတ်ဘူး။ ငယ်ငယ်က အမေ့ကိုပေးထားတဲ့ ကတိကို ဖြည့်ဆည်းပေးချင်လို့။ ဘွဲ့ရပြီးရင် ပထမနှစ်လစာနဲ့ အဖေ့မွေးနေ့မှာ အနီရောင်စာအိတ်ပေးမယ်လို့ ကတိပေးထားတယ်။" 

 

 

အမေ့ကို ပေးထားတဲ့ကတိ ဖြည့်ဆည်းပေးပြီးသွားပြီဆိုတော့ စူးထောင်က တွန့်ဆုတ်မနေတော့ဘဲ စာကြည့်ခန်းမှ လှည့်ထွက်လာတော့သည်။ အနီရောင်စာအိတ်ကလေးမှာ စားပွဲပေါ်ရှိ အမည်းရောင်မှင်စွန်းနေသော စာရွက်ဖြူနှင့်ဆန့်ကျင်စွာ တောက်ပနေ၏။

 

 

စူးယန်ရှင်းသည် စူးထောင်ထက် မိနစ်အနည်းငယ်နောက်ကျပြီးမှ အမြန်ပြေးပြန်လာခဲ့သည်။

 

 

သူပြန်ရောက်လာသည်နှင့် တစ်အိမ်လုံးရှိလူ‌တွေကို လိုက်ရှာနေရင်း စာကြည့်ခန်းမှ ထွက်လာသော စူးထောင်ကို ဝင်တိုက်မိ၏။

 

 

"စူးထောင် အတူတူပြန်ဖို့ နင်ဘာလို့ ငါ့ကို မစောင့်တာလဲ။ နင်တကယ် စိတ်ဆိုးသွားတာလား။"စူးယန်ရှင်း၏ ကျယ်လောင်သောအသံသည် ဧည့်ခန်းတစ်ခုလုံးပဲ့တင်ထပ်သွားတော့သည်။

 

 

ရုန်းရင်းဆန်ခတ်ဖြစ်သံကို ကြားလိုက်ရသောအခါ လီဖေ့က ထွက်လာပြီး မေးလိုက်၏။ "ဘာဖြစ်နေတာလဲ။ နင်က ဘာလို့စိတ်ဆိုးနေတာလဲ။"

 

 

"အစကတော့ ငါကားအသစ်ရထားလို့ နင်နဲ့လဲချင်ရုံပဲ။ နင့်ကားကို တကယ် ငါ့ဆီမပေးချင်ရင်လည်း ငါတို့ မလဲလိုက်ရုံပေါ့။ စူးယန်ရှင်းက စူးထောင်ကို သနားကမားရုပ်လေးနဲ့ကြည့်ပြီး သူကပဲ အနိုင်ကျင့်ခံနေရသလိုလို လုပ်တော့၏။

 

 

"ဘာကားလဲ။ ထောင်ထောင် စိတ်ဆိုးသွားတာ မင်းသူ့ကားကိုယူလိုက်လို့လား။"လီဖေ့မှာ သူ့သားမျက်ရှုလေး ဝမ်းနည်းနေတာကိုမြင်တော့ သည်းမခံနိုင်တော့ဘဲ ကြမ်းတမ်းစွာပြောတော့သည်။ "ကိစ္စကြီးကြီးမားမားလည်းမဟုတ်ဘဲ နင်က ဘာလို့ ဒေါသလာထွက်နေတာလဲ။ အဲဒီကားက ငါ့ပိုက်ဆံနဲ့ငါဝယ်ပြီး နင့်ကိုပေးထားတာလေ။"

 

 

"အမေ ထပ်မပြောပါနဲ့တော့။"စူးထောင် အမူအရာပြောင်းသွားတာကိုမြင်တော့ စူးယန်ရှင်းက လီဖေ့ကိုခပ်စူးစူးစိုက်ကြည့်ရင်း သူမစကားကို ခပ်မြန်မြန်ပင် တားဆီးလိုက်တော့သည်။

 

 

စူးထောင်၏အကြည့်က စူးယန်ရှင်း နှင့် လီဖေ့တို့ကို ကျော်ပြီး တံခါးဝတွင် မတ်မတ်ရပ်နေပြီး အေးစက်သောအငွေ့အသက်များ ဖုံးလွှမ်းနေသည့်ရှဲ့ကျင်ဆီကို ရောက်နေ၏။

 

 

'သူနဲ့မရင်းနှီးတဲ့သူတွေဆို ဒီလိုချောမောတဲ့အသွင်အပြင်ကြောင့် လှည့်စားခံလိုက်ရပြီး အခုအချိန် သူ့နှလုံးသားအောက်ခြေက ကြီးမားတဲ့ဒေါသကို မြင်တွေ့နိုင်မှာမဟုတ်ဘူး။'

 

 

"အိုင်းယား ဥက္ကဌရှဲ့" စူးဟောက်ရန်သည် စူးထောင်မြင်ပြီးသည့်နောက် ရှဲ့ကျင်အား ပထမဆုံးတွေ့သောသူဖြစ်သည်။ သူက ချက်ချင်းဆိုသလို အံ့ဩသွားသည့်မျက်နှာဖြင့် နှုတ်ဆက်ကာ ရှဲ့ကျင်ဆီသို့ ပြေးမသွားရုံတမယ်ပင်။

 

 

"ဥက္ကဌရှဲ့ အထဲကိုဝင်လာပါ။ ယန်ရှင်း ကောင်ဆိုးလေး ဥက္ကဌရှဲ့လာတာကို ဘာလို့မိသားစုဝင်တွေကိုမပြောပြတာလဲ။ ငါတို့အပြင်ထွက်ပြီး ကြိုပေးရမှာပေါ့။"မိထွေးဖြစ်သူ လီဖေ့ကလည်း တုံ့ပြန်လာရင်း မျက်ခုံးတွန့်ကွေးသွားတဲ့အထိကို ပြုံးနေ၏။ စူးထောင်မှာ သူမရဲ့ဒီလိုရိုးသားသည့် အပြုံးမျိုးကို အရင်က တစ်ခါမျှမမြင်ဖူးချေ။

 

 

"ဥက္ကဌရှဲ့ ကျွန်တော်က ထောင်ထောင်ရဲ့အကိုအကြီးဆုံးပါ။ ကျွန်တော်တို့ နှစ်ယောက်က ထောင်ထောင်ရဲ့ကျောင်းမှာ ဆုံဖူးကြမယ်ထင်တယ်။" စူးဟောက်ရန်က လက်ကိုဆန့်တန်းရင်း သူ့နာမည်ကတ်ကိုလည်း ကမ်းပေးလိုက်သည်။

 

 

ရှဲ့ကျင်က တခဏတာလက်ဆွဲနှုတ်ဆက်ပြီး နာမည်ကတ်ကို လှမ်းယူလိုက်၏။ သူ့အကြည့်တွေက နာမည်ကတ်ပေါ်ရှိ 'ရှင်းယန်ဖျော်ဖြေရေးကုမ္ပဏီ အထွေထွေမန်နေဂျာ'ဆိုသည့်နေရာကို ‌ရောက်နေသည်။

 

 

"ရှင်းယန်ကုမ္ပဏီတဲ့လား။ မှတ်မိသလောက်ဆို အရင်ကဒီနာမည် မဟုတ်ဘူးထင်တယ်။" ရှဲ့ကျင်၏ လေသံက အနည်းငယ် နိမ့်ဆင်းသွား၏။

 

 

ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်‌ရေးလောကထဲမဝင်မီ ရှဲ့ကျင်ဟာ နိုင်ငံတစ်ဝှမ်းရှိ ဖျော်ဖြေရေးကုမ္ပဏီကြီးများကို စေ့စေ့စပ်စပ် လေ့လာခဲ့သဖြင့် ပြည်တွင်းဖျော်ဖြေရေးကုမ္ပဏီများ၏ နောက်ကြောင်းကိုလည်း သဘာဝကျစွာပင် သိနေခဲ့သည်။

 

 

"ဟုတ်ပါတယ် အရင်က ရှန်းယွမ်ဖျော်ဖြေရေးကုမ္ပဏီလို့ နာမည်ရှိခဲ့တာပါ။"စူးဟောက်ရန်က ပြန်ဖြေလာ၏။

 

 

 ရှန်းယွမ် ဖျော်ဖြေရေးကုမ္ပဏီသည် ပေ့ချန်တွင် ကာလအတော်ကြာ တည်ထောင်ထားသည့် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုဖြစ်ပြီး ရုပ်ရှင်ဧကရာဇ်တစ်ဦး၊ ရုပ်ရှင်ဘုရင်မတစ်ဦး၊ ပေါ့ပ်ဘုရင် အဆိုသရုပ်ဆောင်တစ်ဦးတို့ကို အောင်မြင်စွာ ပြုစုပျိုးထောင်ပေးနိုင်ခဲ့သည်။ အပြိုင်အဆိုင်များတဲ့ ဖျော်ဖြေရေးလောက၌ ထိပ်တန်းကျားတစ်ကောင်ဖြစ်ခဲ့၏။

 

 

 သို့သော် လွန်ခဲ့သည့် ဆယ်နှစ်ကျော်လောက်က နာမည်ကြီး အနုပညာရှင်တွေအားလုံး ထွက်ခွာသွားပြီးနောက် ကျဆင်းသွားတော့သည်။ နာမည်ပြန်ထိန်းရန်အတွက် လက်မှတ်ထိုးထားသည့် အနုပညာရှင်ငယ်လေးများကိုသာ အားကိုးတကြီးနှင့် ရပ်တည်လာခဲ့ရ၏။

 

 

ယခုအခါ နာမည်ကိုပြောင်းလိုက်ပြီး မော်ဒယ်တွေ၊ ထရိန်နင်တွေကို ပြုစုပျိုးထောင်ခြင်းဘက်သို့ ကူးပြောင်းလိုက်သည်။ boy band တစ်ခုကို ပျိုးထောင်ထားပြီး ကုမ္ပဏီက ထိုက်သင့်သလောက် နာမည်ရှိနေသေး၏။

 

 

"ရပ်ပြီးစကားပြောမနေနဲ့။ ဝင်ထိုင်ကြလေ။" စူးရှန့်သည် စာကြည့်ခန်းမှထွက်လာပြီး စူးထောင်အပေါ် ရှဲ့ကျင်၏ သဘောထားကို စောင့်ကြည့်ကာ လူတိုင်းကို ထိုင်ခိုင်းလိုက်သည်။

 

 

'စူးထောင်က ရှဲ့ကျင်နဲ့တွဲနေမှန်း သူသိပေမယ့် အရင်တုန်းကတော့ သိပ်ပြီးအာရုံမစိုက်ဖြစ်ဘူး။'

 

 

'အဖေ့ရဲ့လုပ်ငန်းတွေကို အမွေဆက်ခံတဲ့ဒုတိယမျိုးဆက်လူချမ်းသာ‌တွေရဲ့ သဘောသဘာဝကို သူကောင်းကောင်းသိတယ်။ သူတို့တွေက ပန်းပေါင်းစုံတွေရဲ့အလယ်မှာနေနေကြပြီး တစ်လကိုတစ်ယောက်နှုန်း ရည်စားထားနေကြတာ။'

 

 

' ငါ့ရဲ့သားနှစ်ယောက်ကတောင် ဒီလိုအကျင့်တွေပဲလုပ်နေတာမလား။"

 

 

ထိုအကြောင်းများကြောင့်ပင် စူးထောင်နှင့် ရှဲ့ကျင်တို့တွဲနေသည်ကို ဂရုမထားဘဲ လွန်ခဲ့သည့်နှစ်အနည်းငယ်အကြာက လမ်းခွဲပြီးပြီဟု ထင်ကာ သူ့သမီးကို သိပ်ဂရုမစိုက်ခဲ့ပေ။

 

 

လွန်ခဲ့သောနှစ်ရက်က ထျန်းကျင် Group ဟာ video portal website တစ်ခုကို တည်ထောင်ခဲ့ကြောင်း သတင်းကိုတွေ့ခဲ့ပြီးနောက် စူး‌ထောင်ကိုပင် သူနှင့်အဆက်သွယ်ရှိသေးလားဟု မေးရန်စဉ်းစားနေသေး၏။

 

 

တွေးနေလို့ပင်မကြာသေး လူကိုယ်တိုင် ရောက်လာနေပြီ။

 

 

'သူတို့တွဲနေကြတာ အခုဆို လေးနှစ်လောက်ရှိနေပြီမလား။ ငယ်ငယ်တုန်းက သူ မထီမဲ့မြင်ပြုခဲ့တဲ့ ဒီသမီးလေးက ဒီလိုစွမ်းရည်တွေရှိမှန်း သူတကယ်မထင်ထားမိဘူး။'

 

 

 'စူးထောင်ရဲ့နှိမ့်ချပြီး နာခံနေတဲ့ပုံစံကို မြင်ပြီးနောက်မှာ ရှဲ့ကျင်က သူမရဲ့နာခံမှုနဲ့ တွေးခေါ်နိုင်စွမ်းရှိပုံတွေကို တန်ဖိုးထားတာဖြစ်ရမယ်။'

 

 

' ဒါကလည်း အားသာချက်တစ်ခုပဲလေ။ စူးရှန့်က ကျေကျေနပ်နပ်နဲ့ တွေးလိုက်တယ်။'

 

 

လူတိုင်းက စားပွဲဝိုင်းတွင်ထိုင်ပြီး စိတ်ပါလက်ပါနဲ့ ရေပက်မဝင်အောင် ပြောနေကြ၏။ ရယ်စရာကောင်းသည်မှာ ရှဲ့ကျင်ရောက်ရှိလာခြင်းက မိသားစုကို တစ်ခါတည်း စည်းလုံးသွားစေသလိုပင်။

 

 

"ဥက္ကဌရှဲ့ ကျွန်တော်ကြားတာတော့ ဥက္ကဌရှဲ့ကုမ္ပဏီရဲ့  video portal platform က တရားဝင်လည်ပတ်နေပြီဆို။ ကျွန်တော့်ရဲ့ နောက်ကျသွားတဲ့ဂုဏ်ပြုစကားလေးကို လက်ခံပေးပါဗျ  " စူးဟောက်ယန်က ဝိုင်ခွက်ကိုမြှောက်လိုက်ရင်း ရှဲ့ကျင်အား ပြုံးပြလာသည်။

 

 

 ကုမ္ပဏီ အကြီးအကဲ တစ်ဦးအနေဖြင့် သူ့စကားသံသည် နှစ်ချို့စီးပွားရေး အမှုဆောင်တစ်ဦးကဲ့သို့ပင်။

 

 

'ဘာပဲဖြစ်ဖြစ် ရှဲ့ကျင်က platform တည်ထောင်သူလေ။ ဒီဆက်ဆံရေးက အဖိုးမဖြတ်နိုင်ဘူး။'

 

 

 "ရှင်းယန်ဖျော်ဖြေရေးကုမ္ပဏီ......နာမည်မဆိုးဘူးပဲ" ရှဲ့ကျင်သည် သူ့ခွက်ကိုမမြှောက်လိုက်ဘဲ သူ့အတွေးတွေက ကုမ္ပဏီနာမည်ပေါ်ရှိနေသေးပြီး သူ့လက်ချောင်းတွေက စားပွဲကို ဖြည်းညှင်းစွာ ခေါက်နေ၏။

 

 

 စူးထောင်သည် သူ၏ယခုပုံစံမှာ စိတ်မကောင်းဖြစ်ပြီး ဒေါသထွက်လာမည့် လက္ခဏာတစ်ခုဖြစ်ကြောင်း သိနေသည်။

 

 

"ကျွန်မတို့ရဲ့ထောင်ထောင်က အရင်ကထက်တောင် ပိုလှလာတယ်" လီဖေ့က တကယ့်မွေးမိခင်တစ်ယောက်လို စူးထောင်၏ပန်းကန်ပြားပေါ်သို့ ပုဇွန်ကိုခပ်ထည့်ပေးနေရင်း ပြုံးပြုံးရွှင်ရွှင်နှင့်ပြောလာသည်။

 

 

 "မင်းအဖေကလေ သူ့သမီးကို လွမ်းနေတဲ့အကြောင်း နေ့တိုင်းပြောနေတယ်။ ငါတောင်မှ ဒီနေ့မင်းတို့အဖေရဲ့မွေးနေ့မှာ ထောင်ထောင်လေးပြန်လာရင် သူဘယ်လောက်တောင် ပျော်သွားလိုက်မလဲဆိုပြီး တွေးနေတာ။"

 

 

စားပွဲခေါက်နေသည့် အသံတိုးတိုးလေးက ရုတ်တရက် ရပ်တန့်သွား၏။ ရှဲ့ကျင်က သူမ၏ပန်းကန်ထဲမှ ပုဇွန်များကို ကောက်ယူလိုက်ပြီး စူးထောင်အတွက် အခွံနွှာကာ လူတိုင်း၏ အံ့အားသင့်နေသည့်အကြည့်အောက်တွင် သူမပါးစပ်ထဲ ခွံ့ပေးလိုက်သည်။ ထိုအကြည့်များကို ဂရုမစိုက်ဘဲ သူ့လက်ကိုသုတ်ပြီးနောက် လီဖေ့ကို ကြည့်ရန် ခေါင်းမော့လာ၏။

 

 

"ဒီတော့ မင်းတို့ စူးယန်ရှင်း‌ကို ထောင်ထောင်ရဲ့ကားခိုးခိုင်းလိုက်တာက ဒီတိုင်းညစာစားဖို့ ခေါ်လိုက်တာပေါ့။"

 

 

ရှဲ့ကျင်၏နက်နဲသော မျက်လုံးများသည် လှောင်ပြောင်နေသလို ဖြည်းညှင်းစွာ ကွေးတက်သွားသည်။ "မင်းတို့မိသားစုရဲ့ ညစာစားဖို့ အိမ်ခေါ်ပြန်တဲ့နည်းလမ်းက ထူးခြားလိုက်တာ။"

 

 

လေးယောက်သား အချင်းချင်းကြည့်နေရင်း သူတို့၏ အပြုံးတွေက ချက်ချင်းတောင့်သွားတော့သည်။ 

 

 

'မိသားစုဝင်တွေထဲမှာ စူးယန်ရှင်းတစ်ယောက်ကပဲ ရှဲ့ကျင်နဲ့ အဆက်အဆံလုပ်ဖူးတဲ့အတွက်ကြောင့် သူတို့ရှဲ့ကျင်ရဲ့ စိတ်နေသဘောထားကို မသိကြဘူး။ ပြီးတော့ ရှဲ့ကျင်က ဒီလောက်ရန်လိုတတ်ပြီး လျှာစောင်းထက်မယ်မှန်း သူတို့မထင်ထားမိကြချေ။'

 

 

"ယန်ရှင်း ဘာတွေဖြစ်နေတာလဲ။ မင်းဘယ်လိုလုပ်ပြီး  မင်းအစ်မကားကို ယူထားရတာလဲ။"လီဖေ့က သူ့ကိုကြိမ်းမောင်းနေပေမယ့် မျက်လုံးအကြည့်တွေကတော့ ရှဲ့ကျင်ဆီကို ရောက်လို့နေ၏။

 

 

စူးထောင် ယောင်ယောင်လေး ပြုံးလိုက်မိသည်။တကယ်လို့ သူမသာ ခဏတုန်းကစကားကို မ‌ကြားထားဘူးဆိုရင် လီဖေ့စကားတွေက သူမကို အရူးလုပ်သွားနိုင်တယ်။" တော်လောက်ပြီ။ မသိသလို ဟန်ဆောင်နေတာကိုလည်း ရပ်လိုက်ကြတော့။ ကျွန်မ ဒီနေ့ တကယ်ပြန်မလာသင့်ဘူး။" စူးထောင်က ထရပ်လိုက်ပြီး နူးနူးညံ့ညံ့ပြောလာသည်။ "နောင်ကျရင်လည်း ပြန်တော့မှာ မဟုတ်ဘူး။"

 

 

စူးထောင် တည်တည်ငြိမ်ငြိမ်ဖြင့် ထထွက်သွားသောအခါ လူတိုင်းက အံ့အားသင့်နေကြ၏။ သူတို့က သူမကိုတားချင်သော်လည်း ရှဲ့ကျင်၏ဘအေးစက်စက်အကြည့်အောက်တွင် စကားတစ်ခွန်းမျှပင်ဘမပြောရဲတော့ဘဲ သူမထွက်သွားသည်ကိုသာ ကြည့်နေကြသည်။

 

 

"အစ်မ" စူးယန်ရှင်းက အိမ်ထဲကနေ သူမနောက်ကိုလိုက်သွားပြီး လက်ကိုဖမ်းဆုပ်လိုက်ကာ ကားသော့ကိုထည့်လာပေး၏။"ဒီမှာနင့်ရဲ့ကားသော့။ နောင်ကျရင် အိမ်ကိုပြန်လာဦးမယ်မလား။"

 

 

စူးထောင်သည် ထောင့်နားရှိသစ်ပင်ငယ်လေးကို တစ်ချက်စိုက်ကြည့်ပြီးနောက် သူ့လက်ထဲမှကားသော့ကို ယူလိုက်ကာ တည်တည်ငြိမ်ငြိမ်နှင့်ပင် ပြောလာသည်။"အိမ်မှာကျန်နေတဲ့ ငါ့ပစ္စည်းတွေ အကုန်လုံးကို နောင်ကျရင် ငါလာယူတော့မှာမဟုတ်ဘူး။ နင့်ဘာသာနင်ယူပဲယူယူ ဘာပဲလုပ်လုပ် ငါ့ကိုလာပြောစရာမလို‌ဘူး။"

 

 

"အစ်မ နင်တကယ်ပဲ ဒီမိသားစုကို မလိုချင်တော့ဘူးလား။"စူးယန်ရှင်းက မျက်မှောင်ခပ်တင်းတင်းကြုတ်လိုက်၏။

 

 

'သူတကယ် စူးထောင်ကို အနိုင်ကျင့်ရတာကြိုက်တယ်။'

 

 

ဒါပေမယ့် ဘယ်သူက စူးထောင်ကို အမူအကျင့်ကောင်းကောင်း ရှိခိုင်းလို့လဲ။ သူက စူးထောင် သူ့ကိုအော်ငေါက်ပြီး သူမ ဟာတွေကိုထုတ်လာစေချင်တာ။'

 

 

'အနည်းဆုံးတော့ သူမက စိမ်းကားတဲ့ပုံ ပေါ်တော့မှာမဟုတ်ဘူး။'

 

 

'သူ့အတန်းဖော်တွေက သူ့မှာနတ်သမီးလို အစ်မတစ်ယောက်ရှိကြောင်း၊ အဆင့်လည်းကောင်း၊ အမူအကျင့်လည်းကောင်း၊ ရုပ်ရည်လည်းလှ‌ကြောင်းပြောနေပြီး ဘာလို့ သူ့ကိုမနာလိုဖြစ်နေကြမှန်း သူလည်းမသိတော့ဘူး။'

 

 

'ဒါပေမယ့် အဲဒီပြီးပြည့်စုံပါတယ်ဆိုတဲ့ အစ်မကတော့ သူနဲ့မရင်းနှီးဘူး။ သူတို့က မိသားစု၊သွေးရင်းမောင်နှမတွေ ဖြစ်ကြပေမယ့် သူမက သူစိမ်းတွေထက်တောင် သူနဲ့စကားသိပ်မပြောဘူး။'

 

 

'သူ့အစ်မ သူ့ဆီအာရုံစိုက်အောင် တမင်ဒေါသထွက်အောင် လိုက်လုပ်နေတာ။'

 

 

'ဒါပေမယ့် စူးယန်ရှင်း မသိလိုက်တဲ့အရာကတော့  မိသားစုအတွင်း အရင်းအမြစ်တွေကို မျှမျှတတမခွဲဝေပေးတဲ့အတွက် သူမ ပိုင်ဆိုင်ထားတဲ့ပစ္စည်းတွေကို ပိုပြီးတော့တောင် တန်ဖိုးထားမြတ်နိုးတယ်။'

 

 

'ဒါတွေအားလုံးဟာ သူမကြိုးကြိုးစားစား လုပ်ခဲ့ပြီးမှ ရခဲ့တဲ့အရာတွေပါ။ ဆုံးရှုံးသွားတာပဲဖြစ်ဖြစ် ပျောက်ပျက်သွားတာပဲဖြစ် ဖြစ်သွားရင် အစားထိုးစရာပစ္စည်း‌တွေမရှိတော့ဘူး။ညအဲဒီအရာကို ပြန်ရဖို့ သူမ ဒီထက်မက ပိုပိုပြီးကြိုးစားရတော့မှာပါ။'

 

 

'ဒီတော့ စူးယန်ရှင်းက သူအလွယ်တကူ ရနိုင်တဲ့ပစ္စည်းတွေကို သူမဘာကြောင့် ရတနာလို တန်ဖိုးထားနေမှန်း နားလည်နိုင်မှာမဟုတ်ပါဘူး။'

 

 

'နောက်ပြီး သူမက ဘယ်‌လောက်ထိ ထိခိုက်နစ်နာသွားတာကိုလည်း သူမသိပါဘူး။'

 

 

'ထားလိုက်ပါတော့ အားလုံးက အတိတ်မှာပဲ ဖြစ်ခဲ့တာပါ။ အခုဆို မိသားစုဆီက အရင်းအမြစ်တွေကိုလည်း သူမ မလိုအပ်တော့ဘူး။ လိုချင်တာမှန်သမျှ ကိုယ်တိုင်ရယူနိုင်ပြီ။'

 

 

အုံ့ဆိုင်းနေသည့်ရာသီဥတုကို သူမမော့ကြည့်လိုက်သောအခါ ရုတ်တရက် ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။ ဘာလို့ဒီလောက် ဝန်ထုပ်ဝန်ပိုးတွေ အများကြီး သယ်ထားရတာလဲ။ လေးနေတာကို လွှတ်ချပြီး သူပေါ့ပေါ့ပါးပါး ရှေ့ဆက်သင့်သည်။

 

 

"ငါမလိုအပ်တော့ဘူး။"