အစားထိုးခံ
အမျိုးသမီး အတွင်းရေးမှူး
အပိုင်း
၁၀
ရှဲ့ကျင်သည်
သူ့လက်နှစ်ဖက်ကို မြှောက်ထားသည့်ပုံစံကို ဆက်ထိန်းသိမ်းထားဆဲဖြစ်ပြီး ယခုအချိန်တွင်
သူ့ပတ်ဝန်းကျင်ရှိ ဒေါသများက အေးခဲသွားပုံရပြီး သူမကို ဗြောင်ကျကျစိုက်ကြည့်နေသည်။
အချိန်အတော်ကြာပြီးနောက် စိတ်နဲ့လူနဲ့မကပ်သေးသလို
ကျယ်လောင်သောအသံဖြင့် မေးနေသေး၏။"ပြီးသွားပြီဆိုတာ ဘာကိုဆိုလိုတာလဲ။"
"ပြီးသွားပြီဆိုတာက လမ်းခွဲတာကို ဆိုလိုတာလေ။"
စူးထောင်က သူမလက်ထဲရှိစာကို ခေါက်သိမ်းလိုက်ရင်း မျက်လုံးပင့်လိုက်ပြီး သူ့ကို တိတ်တဆိတ်ကြည့်ကာ
သူ့အနားက ထွက်သွားဖို့ ပြင်ဆင်လိုက်သည်။
ရှဲ့ကျင်သည် သူမ လှုပ်ရှားလိုက်သည်နှင့် သူမ၏ ရည်ရွယ်ချက်ကို
တွေ့ရှိခဲ့ပြီး လက်ကောက်ဝတ်ကို အမြန်ဆွဲကာ စားပွဲရှေ့တွင် ပိတ်မိနေစေရန် အတင်းပင် ကိုင်ထားတော့၏။
သူ့အသံက ပြာပင်ပြာလာပြီး စူးထောင်ကို စိုက်ကြည့်ကာ
"မင်းကိုယ့်ကို လမ်းခွဲမယ်ဆိုပြီး ခြိမ်းခြောက်လို့မရဘူး။"
စူးထောင်သည် သူ၏သွေးဆာနေသော အကြည့်များကို ရှောင်ရန်မျက်လုံးကို
ငုံ့ထားလိုက်ပြီး သူ့ပုံစံကသားကောင်ကို ကိုက်စားတော့မည့်ပုံပေါ်သည်။ စူးထောင်ပင် အနည်းငယ်
ကြောက်လန့်သွားသလိုခံစားလိုက်ရ၏။
"ရှဲ့ကျင် ကျွန်မတို့ ပျော်ခဲ့ဖူး..."
သူမ
နှုတ်ခမ်းက ကိုက်ခံထိသွားပြီး စကားများကတားဆီးခံလိုက်ကာ သူ့ဒေါသများက သူမရဲ့ခေါင်းပေါ်တွင်
ပေါက်ကွဲထွက်လာပြီး သူမမှာမျက်ရည်ကျလုလုပင်ဖြစ်လာသည်။
နောက်ဆုံးတွင်မူ သူ့ပါးစပ်အောက်ရှိ သားကောင်ငယ်သည်
တိတ်ဆိတ်လွန်းနေသဖြင့် ဒေါသထွက်နေသောခြင်္သေ့ကြီးက တစ်ခုခုမှားယွင်းနေကြောင်း သတိပြုမိသွားပြီး
သူ၏လှုပ်ရှားမှုများကို နှေးကွေးလိုက်ရင်း မျက်လုံးဖွင့်လိုက်၏။
သူ့မြင်ကွင်းထဲ ဝင်လာသည့်အရာမှာ သေရန်အဆင်သင့်ဖြစ်နေသကဲ့သို့
တင်းကျပ်စွာပိတ်ထားသည့် သူမမျက်လုံးများမှ ကြည်လင်သော မျက်ရည်များစီးကျနေသည်ကို တွေ့လိုက်ရသည်။
လှုပ်ရှားမှု ရပ်တန့်သွားသည်နှင့် စူးထောင်က မျက်လုံးများကို
ဖွင့်လိုက်၏။ သူမ၏ စိုစွတ်နေသော သမင်မျက်လုံးများသည်
အပြစ်ကင်းစင်နေသကဲ့သို့ သူ့ကိုကြည့်လာပြီး နီရဲရောင်ရမ်းနေသော နှုတ်ခမ်းများက သွေးများစီးကျနေကာ
သူကျူးလွန်ခဲ့သော ရက်စက်မှုများကို ဖော်ပြနေသကဲ့ပင်။
ဒေါသများအစား စိတ်ပျက်နာကျင်မှုက ချက်ချင်းအစားထိုးသွားပြီး
ခေါင်းငုံ့လိုက်ကာ သူမ၏ဒဏ်ရာကို နူးနူးညံ့ညံ့နမ်းလိုက်သည်။ စူးထောင်က နာကျင်စွာနှင့်
ခေါင်းကိုလှည့်လိုက်ရာ သူမမျက်ဝန်းထဲမှ ကျလုဆဲဆဲမျက်ရည်များသည်လည်း ခပ်မြန်မြန်ပင်စီးကျလာတော့၏။
ရှဲ့ကျင်က မော့ကြည့်လိုက်ပြီး သူ့မျက်တောင်ခပ်ရှည်ရှည်လေးများတွင်
ရေငွေ့တွေနဲ့ စွန်းထင်းနေသည်။ အသံက ပထမဆုံးအကြိမ် မထွက်လာပေ။ တံတွေးခက်ခက်ခဲခဲမျိုချလိုက်ကာ
ခြောက်သွေ့သွေ့အသံဖြင့်"မင်းကိုယ့်ကို နုတ်ထွက်မယ်လို့ ပြောတုန်းက ကိုယ်သည်းခံပေးခဲ့တယ်။
လမ်းခွဲဖို့ကိုတော့ ပေါ့ပေါ့တန်တန် ပြောခွင့်မပြုဘူး။"
စူးထောင်သည် ခေါင်းကိုစောင်းထားရင်းနှင့်ပင် မျက်ရည်များကို
လက်ဖြင့်သုတ်လိုက်ကာ မငိုတော့ဘဲ တည်ငြိမ်စွာနှင့် ပြောလာ၏။ "ခဏတုန်းက ရှင်နဲ့ချင်ရွယ်ရှီး
တွေ့နေတာကို မြင်လိုက်တယ်။"
ရှဲ့ကျင်၏ မျက်လုံးများက ရုတ်တရက် လန့်သွားသလို ပြူးကျယ်သွားပြီး
ခပ်မြန်မြန်ပင် ခံစားချက်များကိုဖုံးကွယ်လိုက်တော့သည်။
စူးထောင်သည် အစပိုင်းတွင် သံသယရှိရုံသာဖြစ်သော်လည်း
အခုသူ့အမူအရာကို မြင်လိုက်ရသောအခါ ပို၍ပင် သေချာသွားတော့၏။
"ရှင်ကတော့ လှေနံနှစ်ဖက်နင်းထားပြီး ကျွန်မကိုကျတော့
လမ်းခွဲဖို့မပြောနဲ့တဲ့လား။" စူးထောင်ကမဲ့ပြုံးပြုံးလိုက်ရာ ဒဏ်ရာကိုထိသွားသဖြင့်
မျက်မှောင်ကြုတ်သွားမိသည်။
"ကိုယ်မလုပ်ဘူး!" ရှဲ့ကျင်က အလျင်အမြန်
ငြင်းလိုက်ပြီး "ဒါက ဒီတိုင်းအလုပ်သဘောအရ တွေ့ကြတာ။"
သူတစ်ခါမှ
ဒီလိုပျာယာခတ်ဖူးတာ မတွေ့ဖူးတာကြောင့် စူးထောင်က ရုတ်တရက် ရယ်စရာကောင်းနေသလိုခံစားလိုက်ရ၏။
'သူ့ခံစားချက်တွေကို
နှိုးဆွပေးနိုင်တဲ့သူက သူမတစ်ယောက်တည်းပဲလို့ အမြဲတွေးခဲ့ဖူးတယ်။'
အခုတော့
အဲလိုလုပ်နိုင်တာ ချင်ရွယ်ရှီးပဲရှိတယ်ဆိုတာ သူမသဘောပေါက်သွားပြီ။
"ဒါက
တကယ်ကို အလုပ်ကိစ္စကြောင့်ပါ။" ရှဲ့ကျင်က သူမမျက်နှာကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ပြီး
သူ့ကို ကြည့်ခိုင်းလိုက်သည်။ "ဝူရှဲ့ယွီက သူမကို စာရွက်စာတမ်းပို့ခိုင်းလိုက်လို့လေ။"
ထိုသို့ပြောနေရင်း ရှဲ့ကျင်တစ်ယောက် ရုတ်တရက် တစ်စုံတစ်ခုကိုသတိပြုမိသွားပြီး
ပြောနေတာရပ်သွား၏။
" ဝူရှဲ့ယွီ? ရွေ့ချီရဲ့သူဌေး ဝူရှဲ့ယွီကိုပြောတာလား။
ဒါဆို ချင်ရွယ်ရှီးက ရွေ့ချီမှာအလုပ်လုပ်နေတာပေါ့လေ။" စူးထောင်၏ ကြည်လင်သောမျက်လုံးများတွင်
မျက်ရည်များရှိနေသေးပြီး မျက်ခုံးများကကြုတ်သွားကာ သံသယများအပြည့်နှင့် မေးခွန်းထုတ်နေသလိုကြည့်လာသည်။
ဟိုးအရင်အချိန်တုန်းက
သူမသည် ရွေ့ချီတွင် တော်တော်လေး အလုပ်လုပ်ချင်နေခဲ့၏။ အေးဂျင့်တစ်ဦးအနေနှင့် သို့မဟုတ်
PRဌာနအရာရှိတစ်ဦးအနေနှင့် စတင်ချင်ခဲ့သည်။
သူမ၏ကိုယ်ရေးရာဇ၀င်အကျဉ်းကို
တိတ်တဆိတ်ပို့လိုက်ပြီး အင်တာဗျူးလာဖြေပါဆိုသည့် အကြောင်းကြားချက်ကိုပင် ရနေပြီးဖြစ်၏။
သို့သော်ငြား
နောက်ဆုံးတွင် ရှဲ့ကျင်က ရှာတွေ့သွားပြီး သူမကို တားဆီးလိုက်သည်။
ထိုအချိန်တုန်းက
ရှဲ့ကျင်တစ်ယောက် သူမ မရှိဘဲ မနေနိုင်တာဖြစ်ရမည်ဟုတွေးကာ သူမကလည်း ထွက်မသွားချင်တော့ချေ။
ယခုအချိန်တွင်
သူမသံသယဖြစ်လာပြီ။
ရှဲ့ကျင်က
သူမ မရှိဘဲ မနေနိုင်တာလား ဒါမှမဟုတ် ရွေ့ချီမှာ ချင်ရွယ်ရှီးနဲ့တွေ့မှာကို ကြောက်နေတာလား။
"ရှဲ့ကျင်" စူးထောင်သည် ရုတ်တရက် ပြုံးလိုက်ပြီး
ခြောက်သွေ့လုမတတ်ဖြစ်နေသည့် သူမမျက်လုံးတွေမှာလည်း တဖန်မျက်ရည်ဝိုင်းလာပြန်၏။
" ရှင်ကလေ အမြဲတမ်းကျွန်မကို အရူးတစ်ယောက်လိုမျိုး ခံရစားအောင်လုပ်တယ်။"
"အများကြီးမတွေးနဲ့။ ချင်ရွယ်ချီးနဲ့ ကိုယ့်ကြားမှာ
ဘာမှမရှိဘူး။ မင်း ကိုယ့်ကို မယုံဘူးလား" ရှဲ့ကျင်က သူမရဲ့မျက်ရည်တွေကိုသုတ်ပေးဖို့
လက်မဆန့်ထုတ်လိုက်သည်။
"ကျွန်မ ရှင့်ကိုမယုံတော့ဘူး" စူးထောင်ဟာ
ခေါင်းကို ဖြည်းညှင်းစွာခါပြလိုက်၏။
ရှဲ့ကျင်က
စကားပြောနေတုန်းဆိုပေမယ့် စူးထောင်မြင်လည်းမမြင်ချင်၊ ကြားလည်းမကြားချင်တော့သလို မျက်လုံးမှိတ်ထားတော့သည်။
သူမသည်
သူ့ထံမှရှင်းပြချက်ကို တောင့်တရင်း စိတ်အားထက်သန်စွာ မေးခဲ့ဖူး၏။ အခုတော့ သူ့ထံမှ စကားတစ်ခွန်းမျှပင်
မကြားချင်တော့ချေ။
သူမရဲ့နှလုံးသားက
လုံးဝသေဆုံးသွားပြီလားဆိုတာကို သူမလည်းမသိတော့ပေ။
'အခုချိန်မှာ
သူတို့နှစ်ယောက်အကြောင်း တကယ်ကို ဘာတစ်ခုမှမကြားချင်တော့ဘူး။'
"ရှောင်ထောင်လေး
ဒီလောက်ရယ်စရာကောင်းတဲ့ကောလာဟလတွေကို မင်းနားထောင်မှာမဟုတ်ဘူးလို့ ကိုယ်ထင်ထားခဲ့တာ။"
'ဟမ့်
ဒီတော့ သူမရဲ့အပြစ်ဖြစ်နေတုန်းပဲပေါ့။'
ရုံးခန်းကဖုန်းမြည်လာသောအခါ
ရှဲ့ကျင်သည် အသံချဲ့လိုက်ပြီး ထျန်ရင်ရင်အသံက ဖုန်းထဲကနေထွက်လာသည်။ "ဥက္ကရှဲ့
မနေ့ကချိန်းထားတဲ့ ယင့်ဖုန်း ဗီဒီယိုထုတ်လုပ်ရေးရဲ့ ဥက္ကဌကု ရောက်လာပြီ။ ကျွန်မ ဥက္ကဌရုံးခန်းဆီကို
ခေါ်လာလိုက်ရမလား။"
"အစည်းအဝေးခန်းငယ်ထဲ ခေါ်သွားလိုက်" ရှဲ့ကျင်သည်
အသံအနိမ့်နိမ့်ဖြင့် တိုတိုတုတ်တုတ်ပင်ပြန်ပြောပြီး ဖုန်းကို ချလိုက်၏။
စူးထောင်၏ အေးစက်ပြီး အနည်းငယ်သော လှောင်ပြောင်လိုသော
မျက်လုံးများက ရှဲ့ကျင်ကို ဒေါသထွက်သွားစေသည်။ သူမ ပါးစပ်ထောင့်ရှိ ဒဏ်ရာကိုမြင်လိုက်ရသောအခါ
စိတ်ကိုပြန်ထိန်းချုပ်လိုက်၏။
သူ့လက်နှစ်ဖက်က
သူမမျက်နှာကိုကိုင်ထားရင်းနှင့်ပင် အောက်ကိုလျောချသွားပြီး သူမလက်ကိုဆုပ်ကိုင်လိုက်ရင်း
"ဒီမှာပဲ စိတ်ကိုအေးအေးထားပြီးနေနေ၊ အပြင်ကိုမထွက်နဲ့။ ကိုယ်ပြန်လာတဲ့အထိ စောင့်။"
ရှဲ့ကျင်ရုံးခန်းမှ
ထွက်သွားပြီးနောက် စူးထောင်က စားပွဲမှလျောကျသွားပြီး မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်ကာ
မျက်နှာကို အုပ်ထားလိုက်၏။
ရှဲ့ကျင်ပြန်ရောက်လာပြီး
အချိန်ကိုကြည့်လိုက်သောအခါ နှစ်နာရီကြာ ကြာသွားသည်ကိုတွေ့လိုက်ရသည်။ မကြာခင်အချိန်တုန်းက
စူးထောင်၏ အေးတိအေးစက် မျက်ဝန်းများကို သတိရပြီး သူ့စိတ်ထဲတွင် နားမလည်နိုင်အောင် တုန်လှုပ်သွားမိ၏။
ရုတ်တရက်
သူတံခါးကိုဖွင့်လိုက်ရင် အထဲမှာဘယ်သူမှ ရှိမနေမှာကို ကြောက်နေမိသည်။
တံခါးကိုဖွင့်နေသည့်လက်က
အနည်းငယ်တုန်နေ၏။ တံခါးကသော့ပွင့်သွားပြီး အလွယ်တကူ တွန်းဖွင့်လိုက်သည်။
ဆိုဖာပေါ်တွင်
ပိန်သွယ်သွယ်ပုံပန်းသဏ္ဍာန်လေးက ကွေးကွေးလေး အိပ်နေ၏။
ရှဲ့ကျင်သည်
စိတ်သက်သာရာရစွာ အသက်ရှုထုတ်လိုက်ပြီး တံခါးကို ဖြည်းညှင်းစွာပိတ်ကာ တိတ်တဆိတ်လျှောက်လာသည်။
သူမ အိပ်မောကျသွားပြီ။
သူမ၏ငြိမ်သက်စွာ
အိပ်မောကျနေသောပုံစံသည် တခြားကမ္ဘာမှ မသေမျိုးနတ်ဘုရားတစ်ပါး ဆင်းသက်လာကဲ့သို့ပင်။
'တံခါးမဖွင့်မခင်က
သူ့ပုံစံကိုပြန်တွေးရင်း ရယ်စရာကောင်းသလို ခံစားလိုက်ရတယ်။ ရှောင်ထောင်လေး ပျောက်သွားမှာကို
သူတကယ်ကြောက်နေခဲ့တာ။'
'သူမက
သူ့ကိုအရမ်းချစ်နေတာကို ဘယ်လိုလုပ်ထားသွားနိုင်မှာလဲ။'
ဝယ်လာတဲ့ဆီမွှေးကို
ထုတ်ယူပြီး သူ့လက်ချောင်းတွေပေါ် ညှစ်ချလိုက်သည်နှင့် ရုတ်တရက် သူ့လက်ချောင်းတွေ တော်တော်လေးအေးသွားသည်ကို
ခံစားလိုက်ရ၏။
သူ့နှုတ်ခမ်းပေါ် အရင်လိမ်းလိုက်ပြီးနောက် သူမနှုတ်ခမ်းဆီသို့အပ်လိုက်ကာ
ဆီမွှေးလိမ်းပေးလိုက်ရင်း သူ့နှုတ်ခမ်းအောက်ရှိ လူသားလေးက နိုးလာသည်။ သူမသည် နှစ်နှစ်ခြိုက်ခြိုက်
မအိပ်ပျော်သွားချေ။
သူမလက်ချောင်းများက
နှုတ်ခမ်းထောင့်စွန်းရှိ စေးကပ်သောနေရာကို ထိလိုက်ရာတွင် အေးစက်စက်လက်ကြီးက သူမလက်ကိုဆုပ်ကိုင်လာ၏။"မထိနဲ့။
အဲဒါဆီမွှေးပဲ။"
စူးထောင်သည်
လက်ကိုရုန်းလိုက်ပြီး သူ့လက်ကို အံ့ဩတကြီး ကြည့်လိုက်သည်။ အမြဲတမ်းနွေးထွေးနေတဲ့လက်က
ဒီနေ့မှဘာလို့ အေးနေပါလိမ့်။
"ရှောင်ထောင်လေး"
ရှင့်ကျင်၏အသံက ညှိနှိုင်းနေသလို နူးညံ့လာပြီး "မင်းကိုယ့်ရဲ့အတွင်းရေးမှုးဖြစ်ရတာကို
တကယ်မကြိုက်ရင် တခြားအလုပ် လုပ်ရင်ရော။"
'စူးထောင်အံ့သြနေရာမှ
ရပ်တန့်သွား၏။ သူဘာကြောင့် ရုတ်တရက်ကြီး စိတ်ပြောင်းသွားတာလဲဟု တွေးနေရင်း သူပြောလာမည့်စကားကို
ဆက်နားထောင်နေတော့သည်။ “မင်း ကုမ္ပဏီထဲမှာရှိတဲ့ ရာထူးတစ်ခုခုကို ရွေးလို့ရတယ်။ ဘဏ္ဍာရေးဌာန
ဒါရိုက်တာ၊ HR ဒါရိုက်တာ၊ မားကတ်တင်းဌာန၊ အရောင်းဌာန၊ ကြော်ငြာဌာန မင်းကြိုက်တဲ့ရာထူးရွေးလို့ရတယ်။"
စူးထောင်
- "..."
သူမက
စက္ကန့်အနည်းတိတ်ဆိတ်သွားပြီးနောက် အသက်ပြင်းပြင်း ရှုသွင်းပြီး ပြန်ချေပရန်လုပ်ရာ
ရှဲ့ကျင်၏ တားဆီးခြင်းကိုခံလိုက်ရ၏။
"အလျင်မလိုနဲ့
စိတ်အေးအေးထားပြီး သေသေချာချာစဉ်းစားလိုက်ပါဦး။ မင်းအလုပ်ပင်ပန်းလာရင် ကိုယ်တို့ခရီးတွေထွက်ကြမယ်။
ဒီရက်ပိုင်းအတွင်း မင်းဘယ်သွားချင်လဲဆိုတာ စဉ်းစားထားဦးနော်။"
စူးထောင်သည်
သူ၏အကြီးမားဆုံး အပေးအယူ၊လိုက်လျောမှုလို့ ထင်နေတဲ့ဟာကိုလုပ်နေတဲ့ ရှဲ့ကျင်ကိုကြည့်လိုက်ပြီး
ပြောစရာစကားမဲ့နေတဲ့အမူအရာအပြည့်နဲ့ ယောင်ယောင်လေးပြုံးပြလိုက်၏။
ရှဲ့ကျင်က
သူမကိုကောင်းကောင်း ချော့လိုက်နိုင်သည်ဟုထင်ကာ နှုတ်ခမ်းထောင့်က ကွေးတက်သွားသည်။
----
အလုပ်မဆင်းခင်စပ်ကြားတွင်
စူးထောင်ရဲ့မောင်လေးဆိုသည့် အမျိုးသားတစ်ဦးက အောက်ထပ်ရှိဧည့်ခန်းတွင် ဆူညံနေပြီး
အပေါ်ထပ်ကို တက်ချင်သည်ဟုပြောနေကြောင်း အရှေ့ကောင်တာမှ ဖုန်းဆက်လာ၏။
စူးထောင်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ မျက်နှာကလည်း
မည်းမှောင်လာပြီး သူ့ဆီဖုန်းလွဲပေးရန် အရှေ့ကောင်တာရှိဝန်ထမ်းအား ပြောလိုက်သည်။
ဖုန်းထဲမှ လူငယ်တစ်ယောက်၏ မာနခပ်ကြီးကြီးအသံထွက်လာ၏။
"စူးထောင် နင် ငါ့ကို block ထားတယ်။"
"ဘာတွေ လာရှုပ်နေတာလဲ" စူးထောင်သည် အံကြိတ်ပြီး
စကားပြောနေသော်လည်း သူ့လေသံက တည်ငြိမ်နေသည်။
"ငါ့စာတွေကို နင်တွေ့ပြီးပြီမလား။ နင့်ကားရဲ့ပိုင်ရှင်က
တောင်းနေတယ်လေ။" အရိုက်ခံချင်နေသည့် လေသံဖြစ်နေတုန်းပင်။
"ငါကား
ရောင်းလိုက်ပြီးပြီ။"
စူးထောင်၏
တည်တည်ငြိမ်ငြိမ်လေသံက စူးယန်ရှင်းကို ဒေါသထွက်လာစေ၏။ "နင်ဒီကားကို အကြိုက်ဆုံးမဟုတ်ဘူးလား။
ငါ နင့်ကို ရောင်းခွင့်မပေးဘူး။"
"ဈေးမြင့်မြင့်ပေးနိုင်တဲ့သူက
ကားကိုရမယ်။"
ရင်းနှီးနေသည့်လက်တစ်ဖက်က
အနောက်ဘက်ခြမ်းကနေ သူမလက်ထဲရှိဖုန်းကို လှမ်းယူလိုက်သည်။
စူးထောင်
တခဏတာအံ့အားသင့်သွားပြီး ရှဲ့ကျင်ဘယ်အချိန်ကတည်းက ရုံးခန်းကနေ ထွက်လာမှန်းမသိလိုက်ချေ။
ဖုန်းကို
သူ၏နားဘေးနားကပ်လိုက်သည့်အချိန်တွင် ယောက်ျားတစ်ဦး၏ ဒေါသတကြီးအော်ဟစ်သံက ထွက်လာ၏။"စူးထောင်!
အခုချက်ချင်းဆင်းလာခဲ့။ ငါနင့်ကိုတွေ့ချင်တယ်။"
ရှဲ့ကျင်၏
မျက်လုံးများက ချွန်ထက်နေသောဓါးကဲ့သို့ပြောင်းလဲသွားကာ စူးထောင်ကို စိုက်ကြည့်လိုက်ရင်း
အသံနက်ကြီးဖြင့် မေးလိုက်သည်။"မင်းဘယ်သူလဲ။"
တစ်ဖက်ခြမ်းရှိဖုန်းက
ရုတ်တရက်တိတ်ဆိတ်သွားပြီး စက္ကန့်အနည်းငယ်အကြာတွင် အားနည်းသည့်လေသံလေးထွက်လာ၏။"
ယောက်...ယောက်ဖ"
ရှဲ့ကျင်၏
ရုံးခန်းထဲတွင် အဝါရောင်ဆံပင်ခပ်တိုတို၊ စူးထောင်နှင့် ဆင်တူသောမျက်ခုံးများဖြင့် ချောမောသည့်ဆယ်ကျော်သက်အရွယ်
ကောင်လေးတစ်ယောက်က အနက်ရောင် သားရေဆိုဖာပေါ်တွင် သူ့ခြေထောက်များချထားလျက် နာခံစွာ
ထိုင်နေသည်။
စူးထောင်သည်
ပြတင်းပေါက်ဘေးတွင်ရပ်ကာ လက်နှစ်ဖက်ကိုပိုက်ထားရင်း ဘာတွေတွေးနေမှန်းမသိ အောက်ဘက်ရှိယာဥ်များဖြင့်
ရှုပ်ထွေးနေသောလမ်းမကြီးကို ကြည့်နေ၏။
ရှဲ့ကျင်က
ဆိုဖာတစ်ခုပေါ်တွင်ထိုင်လိုက်ရင်း လက်ရန်းတွင် လက်တင်လိုက်ကာ သူဌေးတစ်ယောက်ကိုယ်ဟန်အမူအရာအတိုင်း
ဖိနှပ်ထားသည့်အော်ရာများ ရစ်သိုင်းနေသည်။"ဘာလို့ မင်း အစ်မကို ပြဿနာရှာနေတာလဲ။"
ရှဲ့ကျင်၏
အုံ့မှိုင်းနေသည့်မျက်နှာက အေးစက်စက်လေသံနှင့်ပင်ပြောစရာမလိုဘဲ စူးယန်ရှင်းကို ဇက်ပုသွားစေ၏။
"ဒီနေ့က
အဖေရဲ့မွေးနေ့လေ။ အဲဒါ ကျွန်တော့်အစ်မကို ညစာစားဖို့ခေါ်သွားချင်လို့။"စူးယန်ရှင်းက
နောက်ဆုံးတော့ ရိုးသားစွာနှင့် အနှောက်အယှက်လာပေးရခြင်း၏ ရည်ရွယ်ချက်ကို ပြောလာ၏။
စူးထောင်
အိမ်ကနေ ထွက်သွားသည်မှာ တစ်နှစ်လောက်ပင်ရှိပြီ။ နောက်ဆုံးအကြိမ် အဖေနဲ့စကားများပြီးကတည်းက
တစ်ခါမှအိမ်မပြန်လာတော့ပေ။
"မင်းရဲ့အစ်မကို
အိမ်ခေါ်ပြန်ချင်ရင် စကားကောင်းကောင်းပြောလေ။ ဘာလို့ သူ့ကားမောင်းပြီး သူ့ကိုစိတ်တိုအောင်လုပ်နေတာလဲ။"
စူးယန်ရှင်းက
ပြတင်းပေါက်နံဘေးရှိ စူးထောင်ကို စိုက်ကြည့်လိုက်ကာ ကို့ရို့ကားယားဖြစ်စွာ ခေါင်းကုတ်နေရင်းပြောလိုက်သည်။
"ကျွန်တော် သူ့ကို ကောင်းကောင်းမွန်မွန်ပြောပေးနေတာပဲ။သူက လျစ်လျူရှုလိုက်တဲ့အပြင်
ကျွန်တော့်ကိုပါ block ထားတယ်လေ။"
နောက်ဆုံးစာကြောင်းကို
နာနာကျည်းကျည်း ဖိပြောလိုက်ရင်း ခေါင်းကိုငုံ့ချကာ နှုတ်ခမ်းစူပြလေသည်။ မသိလျှင် သူကအနိုင်ကျင့်ခံနေရသကဲ့သို့ပင်။
'block
ထားလိုက်တယ်' ဆိုတဲ့စကားကိုကြားလိုက်သည်နှင့် ရှဲ့ကျင်မျက်ခုံးများက အနည်းငယ်မြင့်တက်သွားသည်။
သူသည် စူးထောင်ကို တိတ်တဆိတ်ကြည့်နေရင်းပင် ရုတ်တရက် စူးယန်ရှင်းရဲ့စိတ်ကို အနည်းငယ်နားလည်သွား၏။
တကယ်လို့စူးထောင်သာ
သူ့ကို block သွားရင်......
ရှဲ့ကျင်က
အကြည့်ပြန်လွှဲလိုက်ကာ ရင်ဘတ်ထဲမှ တင်းကြပ်သွားသည့် ခံစားချက်ကို ပြန်ဖြေလျော့လိုက်သည်။သူ့ရဲ့ရှောင်ထောင်လေးဆီကနေ
ဘယ်လိုလုပ်ပြီး block ခံထိနိုင်မှာလဲ။ ရှောင်ထောင်လေးက သူ့ကိုဘယ်တော့မှ လျစ်လျူရှုမှာမဟုတ်ဘူး။
"အဖေ့မွေးနေ့မှာ
ငါသေချာပေါက်ပြန်သွားမှာပါ။ နင်ဘယ်အချိန်ကတည်းက ငါ့ကိုလာရှာတတ်သွားတာလဲ။" စူးထောင်သည်
ပြတင်းပေါက်မှ အကြည့်ကိုရွေ့လိုက်ရင်း စူးယန်ရှင်း၏ မျက်နှာထက်သို့ အကြည့်ပို့လိုက်ကာ
ပေါ့ပေါ့တန်တန်ပြောလာသည်။" ငါပိုင်တဲ့အရာတွေကို တခြားသူတွေထိတာ ငါသဘောမကျမှန်းနင်သိပါတယ်။"
"နင့်ကားကို
ငါကြိုက်တယ်။" စူးယန်ရှင်းရဲ့ စရိုက်က ပြောင်းလဲဖို့ခဲသည်။ ရှဲ့ကျင်ရှေ့တွင် ခြိမ်းခြောက်မှုကို
ချုပ်တည်းထားသော်လည်း ခေါင်းမာနေဆဲပင်။ "ငါ့ကိုပေးလိုက်ရတာထက် နင်က ရောင်းစားချင်နေတာ။"
စူးထောင်၏
ကြည်လင်နေသည့်မျက်လုံးများက အေးခဲသောနှင်းပွင့်အလွှာများဖြင့် ဖုံးလွှမ်းသွား၏။
သူမ
ပိုင်ဆိုင်ထားတဲ့အရာမှန်သမျှ သူမကြိုက်တာ ဘာရှိလို့လဲ။
ငယ်ငယ်ကတည်းက
သူမအပိုင်တွေကို လုလာတာ အခုချိန်ထိ မလုယူဖူးတာမရှိဘူး။
သူမနောက်တွင်ရှိနေသည့်အတွက်
ရှဲ့ကျင်က စူးထောင်၏ နိမ့်ဆင်းနေတဲ့ စိတ်သဘောထားကို သတိမပြုမိချေ။ သူ၏လက်ဖဝါးကို ဝှေ့ရမ်းလိုက်ရင်းနှင့်ပင်
"မင်းကြိုက်ရင် ငါ မင်းကို ပေးလိုက်မယ်။"
ဘာပဲဖြစ်ဖြစ်
သူမဘယ်ကားကိုပဲ သဘောကျနေပါစေ သူက သူမအတွက်ဝယ်ပေးမှာပါ။
စူးထောင်က
ရှဲ့ကျင်ကိုကြည့်ရန် ရုတ်တရက်ခေါင်းလှည့်လာပြီး နောက်ဆုံးတွင် ကျောက်စိမ်းကဲ့သို့ အမြဲနူးညံ့သိမ်မွေ့သော
သူမ၏ မျက်နှာပေါ်တွင် အက်ကွဲကြောင်း ပေါ်လာသည်။
"တကယ်လား"
စူးယန်ရှင်းသည် ဝမ်းသာလွန်းလို့ ဆိုဖာပေါ်ကနေ ခုန်ဆင်းလိုက်ပြီး စိတ်လှုပ်ရှားမှုကို
ချက်ချင်း တည်ငြိမ်အောင်လုပ်ကာ "ကျေးဇူးပါ ယောက်ဖ "
"ဒါပေမယ့်
မင်းအစ်မရဲ့ခွင့်ပြုချက်မရဘဲ သူ့ရဲ့ပစ္စည်းတွေကို နောက်တစ်ကြိမ် ထပ်ထိတာငါသိသွားလို့ကတော့
နောက်ဆက်တွဲဆိုးကျိုးတွေကို မင်းသိပါတယ်။" ရှဲ့ကျင်း၏ မျက်နှာသည် ရက်စက်ကြမ်းကြုတ်နေပြီး
အလွန်ကြောက်စရာကောင်းသောနည်းဖြင့် ယောင်းဖဖြစ်သူကို ခြိမ်းခြောက်နေ၏။
စူးယန်ရှင်းသည် မကောင်းသောအမှတ်တရတချို့ကို ပြန်မှတ်မိသွားသလို
"ကလု" အသံဖြင့် တံတွေးမျိုချလိုက်ပြီး ထပ်ခါသလဲလဲ ခေါင်းညိတ်ပြကာ "ကျွန်တော်သိပါတယ် နောက်မလုပ်ရဲတော့ပါဘူး။"
စကားတစ်ခွန်းမှ ဝင်မပြောရသေးသော စူးထောင်ဟာ သူမမျက်နှာတစ်ဝက်လောက်က
အရိပ်ကျနေကာ မျက်တောင်များမှာ အနည်းငယ်တုန်ယင်နေရင်း ပန်းနုရောင်နှုတ်ခမ်းကပွင့်ဟသွားပြီး
ခပ်နိမ့်နိမ့်အသံဖြင့်အေးတိအေးစက် ပြောလာသည်။
"ကျွန်မကားကို ပေးပစ်လိုက်ဖို့ ရှင့်ကိုဘယ်သူက ဆုံးဖြတ်ချက်ချခိုင်းလိုက်တာလဲ။"