အပိုင်း ၁၅
Viewers 3k

အမျိုးသားဇာတ်လိုက်၏ မိခင်အဖြစ် ကူးပြောင်းသွားခြင်း

 

အပိုင်း  ၁၅

 

 

 

တင်းရှသည် စားပွဲပေါ်တွင် ထွက်နေသော ဗိုက်ကို တည့်တည့်မတ်မတ်ထားထိုင်ကာ စာရင်းစာအုပ်ငယ်ကိုတစ်ရွက်ပြီးတစ်ရွက်လှန်၍ ပြောခဲ့သည်။ငွေစာရင်းရှင်းပြီး ပိုက်ဆံဘယ်လောက်ရလဲ ကြည့်ရအောင်။

 

 

ရှောင်ကျွင်းက ဒီလိုအသေးစိတ်ပြီး ပျင်းစရာကောင်းတဲ့အလုပ်မျိုးကို မကြိုက်တာကြောင့် ထိုင်ခုံကိုဆွဲပြီး တင်းရှဘေးတွင် ၀င်ထိုင်ကာ သူတို့မိသားစုလေးရဲ့ အသုံးစရိတ်နှင့် ဝင်ငွေကို ဂရုတစိုက် တွက်ချက်ကာမျက်မှောင်ကြုတ်ပြီး ဘောပင်ကိုက်နေ​​သော သူမကို  ကြည့်နေခဲ့သည်။

 

 

ရှောင်ကျွင်းသည် တင်းရှ စာရေးသည့်ပုံစံနှင့် အလွန်ရင်းနှီးသူဖြစ်သည်။ အကြောင်းမှာ လွန်ခဲ့သော ဆယ်နှစ်တာကာလအတွင်း တင်းရှ နာမည်မကြီးသော ရွာကျောင်းတွင် စာရေးနေသောအချိန်မှာ လျှို့ဝှက်ကြည့်ရှုခဲ့သည်မှာ မရေမတွက်နိုင်သော အကြိမ်များစွာရှိသောကြောင့်ဖြစ်သည်။

 

 

အဲဒီတုန်းက သူ့အမေဆီက စွန့်ပစ်ခံခဲ့ရပြီးသူက ပိန်ပိန်သေးသေး ညစ်ပတ်နေသည်။ တခြားမိသားစုတွေရဲ့ သားသမီးတွေက သူ့ကို ရှောင်ဖယ်၍ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ပြီး သူ့ကို ဘယ်သူကမှ မလိုချင်ဘူးဆိုပြီးအမှိုက် လို့ ခေါ်ကြသည်။

 

 

လူကြီးတွေက သူ့ကို အပေါ်ယံပဲ ကြင်နာတတ်ပေမယ့် သူက သူ့မိဘတွေဆီ ခက်ခဲတဲ့ ကံကြမ္မာကိုယူဆောင်လာတဲ့ ကြမ္မာဆိုးလို့ နောက်ကွယ်မှာ လျှို့ဝှက်စွာ ခေါ်ဝေါ်ကြသည်။

 

 

ရှောင်ကျွင်းသည် ထိုအချိန်က နားမလည်ဘဲ တစ်ခုခုမှားနေသလို ခံစားလိုက်သည်။ သူရဲ့ ရခဲလှတဲ့ ပစ္စည်းတွေကို တခြားသူတွေက လုယူသွားတဲ့အခါတောင်မှ သူ့ကို ခွင့်လွှတ်ပြီး သူနဲ့ ကစားမယ်လို့ တိတ်တဆိတ် မျှော်လင့်ခဲ့သည်။

 

 

မှောင်မိုက်ပြီး ကျယ်ပြောလှတဲ့ အခန်းထဲမှာ တစ်ယောက်တည်း နေရတာ ကြောက်စရာကောင်းသည်။

 

 

ရှောင်ကျွင်းက ထိုအတွေးကို တွေးမိကာ ပြုံးလိုက်ပြီး ငယ်ငယ်က သူကတော်တော်ရယ်ရတယ်လို့ ခံစားလိုက်ရသည်။

 

 

ဘယ်သူကမှ မလိုချင်တဲ့ ယုန်ကလေး၊ မင်းကို ဘယ်သူက ဂရုစိုက်လဲ။

 

 

တင်းရှ မော့ကြည့်လိုက်ကာ "ဘာကိစ္စရှိလို့လဲ" သူမက ရှောင်ကျွင်းကို စိတ်ရှုပ်ထွေးစွာကြည့်ကာ "ခုနက တစ်ခုခုပြောခဲ့သေးလား"ဟုမေးသည်။

 

 

"မဟုတ်ဘူး"

 

 

ရှောင်ကျွင်းက ကြင်နာစွာ သူမခေါင်းပုတ်၍ "မြန်မြန် တွက်ပါ၊ မင်းပြီးရင် မနက်ဖြန် ကိုယ်တို့ ဈေးသွားဝယ်မယ် မှတ်မိတယ်မလား"ဟုပြောသည်။

 

 

တင်းရှ သည် ပင်ပန်းနွမ်းနယ်စရာကောင်းသော တွက်ချက်မှုများကို ဆက်လက်အာရုံစိုက်သည်ကိုကြည့်ကာ သူ၏ တစ်ချိန်က အမှတ်ရစရာများကြောင့် အေးစက်သော အကြည့်သည် နွေးထွေးလာသည်။

 

 

တင်းရှနဲ့တွေ့တာကလွဲလို့ သူ့ကလေးဘဝ အတွေ့အကြုံတွေက ကောင်းမွန်တဲ့အမှတ်တရတွေ မရှိခဲ့ပါဘူး။

 

 

တင်းရှ နဲ့တွေ့တဲ့နေ့က သူဗိုက်အလွန်ဆာလောင်ခဲ့သည်။ ထိုနှစ်တွင် စပါးရိတ်သိမ်းမှု ဆိုးရွားခဲ့ပြီး ရွာတွင် မည်သူမျှသူ့ကို ကျွေးမွေးရန် အပိုရိက္ခာမရှိခဲ့ပေ။

 

 

သူ့ဗိုက်ပြည့်ဖို့အတွက် တောရိုင်းဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေရှာဖို့ ရွာနောက်ကတောင်ကုန်းတွေကို တက်ရသည်။

 

 

ဒါပေမယ့် ရွာသူရွာသားတွေက မြေအလွှာကို ခြစ်ထုတ်ပြီး စားသောက်စရာတွေ အကုန် တူးယူပြီးသွားပြီဖြစ်သည်။

 

 

သူသည် ဆာလောင်မှုကြောင့် မူးဝေလာသည်။

 

 

နောက်ဆုံးတော့ သူ သည်းမခံနိုင်တော့ဘဲ တောင်စောင်းမှာ ထိုင်ရင်း မျက်ရည်တွေ ကျလာသည်။

 

 

လှပပြီး ဖြူစင်သန့်ရှင်းသော ကလေးမလေးကို ဆွဲဆောင်နိုင်လောက်အောင် ဝမ်းနည်းစွာ ငိုကြွေးနေပေမည်။

 

 

တင်းရှက "နင်ဘာလို့ ငိုနေတာလဲ၊ တစ်ယောက်ယောက်က နင့်ကို အနိုင်ကျင့်လို့လား" လို့ မေးသည်။

 

 

ယောက်ျားလေးမှာလည်း မာနရှိသည်။  ရှောင်ကျွင်းသည် သူ့မျက်ရည်များကို သုတ်လိုက်ပြီး မငိုတော့ဘဲအသံရပ်သွားခဲ့သည်။

 

 

သူစကားမစပြောနိုင်ခင်မှာ သူ့ဗိုက်က ကျယ်လောင်စွာ အသံမြည်လာခဲ့သည်။

 

 

တင်းရှ ရုတ်တရက် နားလည်လိုက်သည်။"နင်ဗိုက်ဆာနေပြီ!"

 

 

အိတ်ကပ်ထဲမှ သန့်ရှင်းသော လက်ကိုင်ပဝါဖြင့် ထုပ်ထားသော တစ်ခုခုကို ထုတ်ယူလိုက်သည်။ အထုပ်ထုတ်လိုက်သောအခါ တောက်ပြောင်၍ အနံ့မွှေးပြီး စွဲမက်ဖွယ်ကောင်းသော ရွှေရောင်ထမင်းကိတ်မုန့်တစ်ခုထွက်လာသည်။ ရှောင်ကျွင်း တံတွေးမျိုချလုနီးပါးဖြစ်၏။

 

 

  တင်းရှ သည် သူ့ဘေးတွင်ထိုင်ပြီး တူညီသောအရွယ်အစား နှစ်ပိုင်းခွဲကာ ရှောင်ကျွင်းကို တစ်ပိုင်းပေးလိုက်သည်။

 

 

သူက ဆာလောင်နေသဖြင့် ငြင်းပယ်ရကောင်းမှန်းမသိပေ။ ထမင်းကိတ်က အရမ်းမွှေးပြီး နူးညံ့တယ်လို့ပဲ ခံစားရရသည်။ သူ့ပါးစပ်ထဲ ထည့်လိုက်ပြီး အလျင်အမြန် စားလိုက်သည်။

 

 

သူစားတာ အရမ်းမြန်တာကိုမြင်တော့ တင်းရှ က သူအရမ်းဗိုက်ဆာနေပြီဆိုတာ သိလိုက်ရသဖြင့် ချီတုံချတုံဖြင့် ကျန်တစ်ဝက်ကိုလည်း ပေးခဲ့သည်။

 

 

သူနှစ်တုံးစားပြီးမှသာ ဆာလောင်မွတ်သိပ်မှု အနည်းငယ် လျော့ပါးသွားသည်။ ထိုအခါမှ ရှောင်ကျွင်းရှက်သွားသည်။

 

 

တင်းရှ က ပြုံးပြီး "အရသာရှိလား? ငါကိုယ်တိုင်လုပ်ထားတာ" ဟု မေးသည်။

 

 

ရှောင်ကျွင်းက သူ့ပါးစပ်ထဲက အရသာကို မြည်းစမ်းနေတုန်း "အရသာရှိတယ်၊ ဒါပေမယ့် ငါ့ဗိုက်မတင်းစေဘူး။ ဒါက ပေါင်းထားတဲ့  ပေါင်မုန့်ကြီးဆိုရင် ငါ ဗိုက်အပြည့်စားနိုင်တယ်"

 

 

တင်းရှ သည် တခဏတာ မှင်တက်ကာအနည်းငယ် ဒေါသထွက်သွားသည်။ "နင်တကယ်ပဲ..."

 

 

သူမပြောစရာစကားရှာချင်ပေမယ့် လောလောဆယ်တော့ တစ်လုံးမှ မစဉ်းစားနိုင်ခဲ့ပေ။ သူမ ဒေါသတကြီးထကာ နောက်ဆုံးတွင် ထွက်သွားခဲ့သည်။

 

 

ရှောင်ကျွင်းက သူမဘာကြောင့် စိတ်မချမ်းသာရမှန်း မသိ။ ထမင်းကိတ်က အရမ်းမွှေးတယ်ပြီး သူမက အရမ်းလှတယ်လို့ပဲ ခံစားရသည်။

 

 

သူမ က သူမနေ့လယ်စာကိုသူ့ကို စားဖို့ ပေးပြီး သူမဗိုက်ဆာဆာနဲ့ ကျောင်းသွားတက်ခဲ့တာ နောက်ပိုင်းမှာ သိလိုက်ရသည်။

 

 

တစ်နှစ်ပြီးတစ်နှစ် မကြာခဏ ဗိုက်ဆာတတ်တဲ့  ရှောင်ကျွင်းက ဆာလောင်မှုက ကမ္ဘာပေါ်မှာ သည်းမခံနိုင်ဆုံးအရာလို့ ခံစားခဲ့ရသည်။ သူမက တကယ်ပဲ သူ့ကို သူမနေ့လည်စာကျွေးသည်။

 

 

ရှောင်ကျွင်းက သူမကို ပြန်ဆပ်ရမယ်လို့ ထင်ပေမယ့် သူ့မှာ ဘာမှမရှိသလို ဘယ်လိုပြန်ဆပ်ရမလဲဆိုတာ မသိခဲ့ပေ။ မိမိအသက်ကို ကယ်တင်ပေးသောသူကိုအသက်ပေး၍စောင့်ရှောက်ရမည်ဟု ဆိုခဲ့သောသူများအဆိုကိုသတိရမိသည်။ ရှောင်ကျွင်းက သူမကိုကာကွယ်စောင့်ရှောက်မည်ဟု လျှို့ဝှက် ဆုံးဖြတ်လိုက်သည်။

 

 

သူသည်  ရွာကျောင်းထဲကို ခိုးဝင်ပြီး သူမ အတန်းထဲတွင်ကျောင်းစာအုပ်ကို ကိုင်ပြီး လိမ္မာရေးခြားရှိစွာ ရွတ်ဆိုတာ၊ တည့်တည့်မတ်မတ်ထိုင်တာ၊ သင်္ချာပုစ္ဆာတွေကို မဖြေရှင်းနိုင်တဲ့အခါ တိတ်တိတ်လေး ငိုနေတာကြည့်၊ ကျစ်ထားသောဆံပင်နှင့်ကျောင်းက ေန အိမ်ပြန်လာတာ ကို အလုပ်များသော စိုက်ပျိုးရာသီများတွင် သူမကိုစောင့်ကြည့်ခဲ့သည်။

 

 

သူသည် ဆယ်နှစ်မျှသာ ကြည့်ခဲ့သည်။

 

 

တင်းရှ သည် မျက်လုံးကြီးကြီး၊ ဖရဲစေ့မျက်နှာနှင့် ချစ်စရာကောင်းသော မိန်းမပျိုလေးအဖြစ် ကြီးပြင်းလာခဲ့သည်။

 

 

ပတ်ဝန်းကျင်မှ လူငယ်များသည် သူမအား တိတ်တဆိတ် သဘောကျကြသော်လည်း သူမ၏ ငြင်းပယ်မှုကြောင့် လျှို့ဝှက်စွာ အသရေဖျက်ကြသည်။

 

 

ဒါကြောင့် ရှောင်ကျွင်း ဟာ သူ့ရဲ့ တိုက်ခိုက်စွမ်းရည်ကို လေ့ကျင့်ခဲ့သည်။

 

 

 သူ့ဒဏ်ရာတွေကို ကုသပေးတဲ့အခါ သူမတင်းရှက "ရှင် ထပ်ပြီး ရန်ဖြစ်တာလား။"

 

 

ရှောင်ကျွင်း က သူ့မျက်လုံးထောင့်မှာ ပွန်းပဲ့ဒဏ်ရာတွေရှိတာကိုမမူဘဲ ပြုံးပြီး "သူတို့က ငါ့ထက် ပိုဆိုးတဲ့ ဒဏ်ရာတွေရတာ။ ပြသနာမရှိပါဘူး!"

 

 

တင်းရှက သူ့ကို စိုက်ကြည့်ရင်း "အုပ်စုဖွဲ့ပြီး အနိုင်ကျင့်တာလား?"

 

 

"မဟုတ်ပါဘူး၊ လူအများနဲ့တစ်ယောက်ရန်ဖြစ်ခဲ့တယ်!" ရှောင်ကျွင်းက မကျေမနပ်နဲ့ ငြင်းဆိုလိုက်သည်။

 

 

တင်းရှသည် သူ့ရောင်ရမ်းနေသော မျက်လုံးထောင့်ကို တမင်တကာ ဖိလိုက်သည်။

 

 

"အား" ရှောင်ကျွင်း ခုန်ပေါက်လုမတတ်ပင်။

 

 

အဲ့အချိန်မှပဲ တင်းရှက ထပ်မဖိတော့ချေ။"သူတို့ပြောတာကို ငါဂရုမစိုက်ပါဘူးလို့ ငါပြောခဲ့တယ်လေ၊ မင်းကိုယ်မင်း နာကျင်အောင်မလုပ်နဲ့"

 

 

ရှောင်ကျွင်း - "သူတို့ရဲ့ ပါးစပ်တွေက အညစ်အကြေးတွေလို ညစ်ပတ်နေတာ အဲ့ဒီအပုပ်နံ့ကို ရပ်တန့်အောင် ဆေးကြောရမယ်"

 

 

ရှောင်ကျွင်းက နားမထောင်ဘူး ဆိုတာတင်းရှ သိထားပြီး၊ သူမက ဆေးပိုဝယ်ပြီး အိမ်မှာထားတာဘဲတတ်နိုင်သည်။

 

 

တင်းရှအထက်တန်းကျောင်းပြီးတဲ့နှစ်မှာ မိထွေးဖြစ်သူက သူမမွေးတဲ့သားလေးကို မြို့ကြီးပြကြီးမှာ ပညာသင်ကြားဖို့ ပိုက်ဆံရှာဖို့အတွက် ရွာမှာ မုဆိုးဖိုနဲ့သူမကိုလက်ထပ်စေချင်ခဲ့သည်။

 

 

တင်းရှ သည် ထိုလူကို သိသည်၊ သူသည် အသက်ပိုကြီးရုံသာမက သူ့မိန်းမကိုလည်း ရိုက်နှက်ခဲ့သည်။

 

 

တင်းရှက သူမထွက်သွားရမယ်ဆိုတာ သိတယ်၊ မဟုတ်ရင် သူမဘဝ ပျက်စီးသွားလိမ့်မယ်။

 

 

သူမသည် သူမ၏အိမ်ထောင်စုစာရင်းကို လျှို့ဝှက်ထုတ်ယူပြီး အိမ်ထောင်စုခွဲလိုက်သည်။ ထို့နောက် ရွာတံခါးတွင် အိတ်တစ်လုံး ကိုင်ဆောင်ထားသော ရှောင်ကျွင်းသည် အတွေးနစ်ဝင်နေသည့်အမူအရာဖြင့် ဆေးလိပ်သောက်နေသည်ကို တွေ့လိုက်ရသည်။

 

 

တင်းရှက သူ့ဆီ လျှောက်သွားပြီးသူမ စကားတစ်လုံးမှမပြောခင် မျက်ရည်တွေ ပါးပြင်ပေါ် စီးကျသွားခဲ့သည်။

 

 

ရှောင်ကျွင်းသည် စီးကရက်ကို လွှင့်ပစ်လိုက်သည်။ ဆေးလိပ်နံ့သင်းနေတဲ့ သူ့လက်ချောင်းကြမ်းတွေက သူမမျက်ရည်တွေကို ညင်သာစွာ သုတ်လိုက်ပြီး သူမကိုသူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ "မငိုပါနဲ့ ငါမင်းကို သူတို့နဲ့ဝေးရာခေါ်သွားပေးမယ်"

 

 

သူတို့သည် ညသန်းခေါင် ရထားကို ချက်ချင်းစီးကာ ကြုံရာလက်မှတ်များကို ဝယ်ကြသည်။

 

 

ရထားက လူပြည့်ကျပ်နေ၍ ရှောင်ကျွင်းသည် တင်းရှကို ဖက်လိုက်ပြီး သူ့ရင်ခွင်ထဲတွင် အိပ်စေလိုက်သည်။

 

 

သူသည် ဝံပုလွေသားပေါက်လေးလို လုံးလုံးလျားလျား မရင်းနှီးသောကမ္ဘာကြီးကို စူးစူးစိုက်စိုက်ကြည့်ရင်း အိပ်ငိုက်မနေရဲပေ။

 

 

သူတို့နှင့်အတူ လိုက်ပါလာသည့် တစ်ခုတည်းသောအရာမှာ ရှောင်ကျွင်း၏ ဆေးလိပ်နံ့ဖြစ်ပြီး ထိုအနံ့သည် တဖြည်းဖြည်း ပြင်းထန်လာသည်။

 

 

နန်ကျင်း မြို့သို့ ရောက်သောအခါမှ သက်ပြင်းချနိုင်ခဲ့သည်။

 

 

လူစည်ကားသော ဘူတာရုံရောက်မှ ရထားပေါ်က ဆင်းကာ ဘယ်နေရာသွားရမည်မသိဘဲလမ်းပျောက်နေကြသည်။  ရှောင်ကျွင်း ကြက်ဥမှုန့်နှင့်တူသော အဖြူရောင်အရည်ခွက်များ ကိုင်ဆောင်ထားသည့် အမျိုးသမီးငယ်များစွာကို တွေ့လိုက်ရသည်။ လှည့်ကြည့်လိုက်တော့ သူတို့ဘေးက ဆိုင်မှာ ရောင်းနေတာ တွေ့လိုက်ရသည်။ တင်းရှကို ထိုင်ခိုင်းပြီး နို့ချိုလို့ ခေါ်တဲ့ မုန့်ဝယ်လိုက်သည်။

 

 

  တင်းရှမျက်နှာတွင် ကြည်နူးမှုနှင့် အပြစ်ပုံချမှုခံစားချက်နှစ်ခုပုံပေါ်နေသည်။

 

 

သူတို့နှစ်ဦးသည် နူးညံ့အေးမြသော တို့ဟူးနှင့်တူသော်လည်း သူ့ထက်ပို၍အရသာရှိပြီး ချိုမြိန်သော မုန့်တစ်ခွက်ကို မျှဝေစားကြသည်။

 

 

ပဲနီအရသာက အချိုဓါတ်နဲ့ပြည့်စုံနေသည်။

 

 

  ရှောင်ကျွင်းက သူအတိတ်ကိုပြန်သတိရတာကို ရပ်ပြီး မီးဖိုချောင်ကို သွားလိုက်သည်။

 

 

တင်းရှမော့ကြည့်လိုက်သောအခါ ရှောင်ကျွင်း၏ ပါးစပ်ထောင့်တွင် နွေးထွေးညင်သာသော အပြုံးကို တွေ့လိုက်ရပြီး သူကသူမကို နို့ချို တစ်ခွက် ကမ်းပေးလိုက်သည်။

 

 

"ဒါကို မှတ်မိသေးလား"