နှလုံးသားတစ်ခုလုံးကို ထိမိစေသော ကြင်နာသံကလေးဖြင့် သူမနာမည်ကို တစ်စုံတစ်ယောက်က အော်ခေါ်နေသည်။
နောက်ဆုံးတွင် ဆာစီးနီယာ အသံပိုင်ရှင်ကို ရှာတွေ့သွားရသည်။
ယူနီဖောင်းဝတ်ထားသည့် ကောင်လေးတစ်ယောက် သူမဆီ လျှောက်လာနေသည်ကို သူမတွေ့လိုက်ရသည်။ ခြေလှမ်းကျဲကြီးဖြင့် သူမအနီးသို့ ချဉ်းကပ်နေသည့် ထိုကောင်လေး၏ အနက်ရောင်ဆံပင်များက နေရောင်ထဲတွင် တဖျပ်ဖျပ်လွင့်နေလေသည်။ သူ၏ ခရမ်းရောင်မျက်လုံးများသည်လည်း ညကောင်းကင်ယံကဲ့သို့ တလက်လက် တောက်ပနေရသည်။ မည်သူမဆို မှတ်မိနိုင်သည့် နှာတံမြင့်မြင့်နှင့် ချွန်ထက်နေသည့် မေးရိုးတို့ကြောင့် ရုပ်ရည်ချောမောသူတစ်ယောက်ပင် ဖြစ်သည်။ထိုကောင်လေး ခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ပုခုံးပြင်ကျယ်ကြီးအောက်ရှိ ကြွက်သားများသည် တလှုပ်လှုပ်ဖြစ်နေသည်ကို အင်္ကျီအပေါ်ကပင် အထင်းသားမြင်နေရသည်။သူက ပန်းချီကားထဲမှ မင်းသားတစ်ပါးကဲ့သို့ ရှည်လျားလှသော ခြေတံရှည်များဖြင့် သူမဆီသို့ လျှောက်လှမ်းလာနေသည်။
'ငါ့နာမည်ကို သူဘယ်လိုသိတာပါလိမ့်…အခုမှ တွေ့ဖူးတဲ့ဟာ…'
ဆာစီးနီယာ စိုးရိမ်စိတ်ကြောင့် နှုတ်ခမ်းကိုက်ထားလိုက်ရင်း တွေးမိသည်။ သူမသည် ဘဝကို တိတ်တဆိတ်သာ အမှန်တစ်ကယ် ဖြတ်သန်းချင်သော်လည်း ယခုမူ တလွဲဖြစ်ရချေပြီ။
သူက လေးနက်သော မျက်နှာအမူအရာဖြင့် စိုးရိမ်နေပုံရသော ဆာစီးနီယာ ရှေ့တွင် ခြေလှမ်းရပ်လိုက်သည်။ထို့နောက် ဒူးတစ်ဖက် ထောက်ကာ သူမကို ကြည့်နေလေ၏။
ဆာစီးနီယာ သူ့လုပ်ရပ်ကြောင့် တစ်ကိုယ်လုံး အေးခဲသွားရသည်။ လေပြေလေးက သူမတို့ နှစ်ယောက်ကြားကို ညင်သာစွာ ဖြတ်တိုက်သွားသည်။ ထို့နောက်တွင် ထူးဆန်းသော်လည်း ရင်းနှီးသောရနံ့တစ်ခု သူမထံ ကူးစက်လာရသည်။ဤကောင်လေး၏ ရနံ့မှာ သူမနှင့် ရင်းနှီးနေသဖြင့် သူမ နှလုံးသားတစ်ခုလုံး သိမ်မွေ့စွာ တုန်လှုပ်သွားရသည်။ ခေါင်းငုံ့ထားသည့် ကောင်လေးသည် ကြိုးဖြင့် အမှတ်အသားပြုထားသည့် သူမ၏ လက်ကောက်ဝတ်ကို စိုက်ကြည့်နေသဖြင့် သူမလက်ကောက်ဝတ်မှာ မီးကဲ့သို့ ပူလာသလို ခံစားရ၏။
သူမ ရှက်ရွံ့စိတ်ဖြင့် လက်ကို ရုန်းကြည့်သော်လည်း သူက ဆာစီးနီယာ လက်ကို မြဲမြဲကိုင်ထားလေသည်။ သို့သော် သူကိုင်ထားပုံမှာ သူမ ဒဏ်ရာ ရသွားမှာကို စိုးရိမ်နေပုံရသလို ဖြစ်နေသည်။ ထို့နောက် သူက သူမလက်ဖမိုးကို သူ့နှုတ်ခမ်းနှင့် ဖိကပ်နမ်းလိုက်သည်။
သူမ အသံမှာ အနည်းငယ် တုန်လှုပ်သွားပြီး ရှက်ရွံ့သံ ပေါက်သွားရသည်။ သူမ ချက်ချင်းပင် တုန်လှုပ်သွားရသော်လည်း ရင်းနှီးနေသည့်ရနံ့ကြောင့် သူမလက်ကို မရုန်းမိပေ။
ထိုကောင်လေးသည် ဆာစီးနီယာ လက်ကို အကြာကြီးနမ်းနေခဲ့သည်။ အချိန်အတော်ကြာ မြတ်နိုးတန်ဖိုးထားခဲ့သော အဖိုးတန်ရတနာတစ်ပါး လို ယုယစွာ နမ်းနေလေသည်။ သူမ သူ့ကို စိုက်ကြည့်နေပြီး မှတ်မိရန်ကြိုးစားကြည့်သော်လည်း သူမ စိတ်ရှုပ်သွားရသည်။ ခဏအကြာတွင် သူ သူမလက်ဖမိုးကို သူ့နှုတ်ခမ်းမှ ခွာလိုက်တော့သည်။
သူ့နှုတ်ခမ်း ထိလိုက်သောနေရာသည် ပန်းတစ်ပွင့်ပွင့်သွားသလို ဆာစီးနီယာ ပူလာရပြီး ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားရ၏။
နောက်ဆုံး ကောင်ကလေး၏ တောင့်တနေသော ခရမ်းရောင် မျက်လုံးများနှင့် သူမ ရင်ဆိုင်ရတော့သည်။
ဆာစီးနီယာ တုန်လှုပ်သွားရသည်။ သူ လုံးဝခြားနားသော လူတစ်ယောက်ဖြစ်နေကြောင်း သူမနားလည်သွားရသည်။ ထို့အပြင် ရင်းနှီးနေခဲ့သောမျက်လုံးများကို မှတ်မိကြောင်း သူမ ပြောလိုက်သည်။
ငှက်ကလေးရဲ့ တေးဆိုသံလို လှပတဲ့အသံကလေး…
သူ့ နှုတ်ခမ်းနီစွေးစွေးတို့က သူမကို ကျေနပ်သလို စူးစူးရှရှ အပြုံးလေးနှင့် ရင်ထဲနစ်အောင် ပြုံးပြနေသည်။
"ကိုယ့်ရဲ့ ဆာစီးနီယာ လေးရယ်…ကိုယ် မင်းကို အရမ်းလွမ်းတာပဲ…"
လခြမ်းကဲ့သို့ ကွေးညွတ်နေသော သူ့မျက်လုံးကို ကြည့်ကာ ဆာစီးနီယာ အသက်ပြင်းပြင်း ရှူလိုက်မိသည်။
လွန်ခဲ့သော သုံးနှစ်က *******
စင်ဒရဲလား ပုံပြင်သည် အိမ်ရှေ့မင်းသားကို ညှို့ယူဖမ်းစားပြီး အိမ်ရှေ့စံ မင်းသမီး ဖြစ်လာသည့် သာမန် မိန်းကလေး သူရဲကောင်း တစ်ယောက် အကြောင်းသာ ဖြစ်သည်။ ဆာစီးနီယာ သည် ထိုထင်ရှားသော ဇာတ်လမ်းထဲတွင် ဗီလိန်ဖြစ်၏။ ဘယ်လ်ပါ အင်ပါယာ၏ တစ်ဦးတည်းသော မှော်ဆရာ ဆာစီးနီယာ သည် မီးလျှံမှော်ကို အသုံးချနိုင်သော သန်မာသည့် မိန်းကလေး တစ်ယောက်ဖြစ်သည်။
အရာအားလုံးကို လောင်ကျွမ်းစေပြီး အပူကိုစုပ်ယူနိုင်စေရန် မီးလျှံ ၊မီးတောက်များကိုပစ်ခတ်နိုင်သော OP ဇာတ်ကောင်......
အင်ပါယာတွင် မည်သူမျှ သူမကို မအနိုင်ယူနိုင်ခဲ့ပေ။သူမကို စုန်းမအဖြစ် သရုပ်ဖော်ထားခဲ့ပြီး မင်းသမီး၏မိခင်နှင့် အင်ပါယာတစ်ဝက်ကို မီးရှို့ခဲ့သူတည်း။ထို့အပြင် အိမ်ရှေ့မင်းသားကို ပြန်ပေးဆွဲပြီး သတ်ဖို့တောင် ကြိုးစားခဲ့လေသည်။ ရလဒ်အနေဖြင့် အိမ်ရှေ့မင်းသည် ဇာတ်ဆောင်မင်းသားဖြစ်၍ သူမလက်ထဲမှ လွတ်မြောက်ခဲ့ပြီး သူမကို တန်ပြန်တိုက်ခိုက်နိုင်ခဲ့သည်။ အရိုးထဲအထိ ဆိုးယုတ်ပြီး မကောင်းမှုမျိုးစုံကို ကျူးလွန်ခဲ့သည့် သူမ၏ အဆုံးသတ်မှာ ကြေကွဲစရာပင်။သူမကို ဖမ်းမိသွားသောအခါ သံမြှား ၁၅ ချောင်းက ကရုဏာမဲ့စွာ ပစ်မှတ်ထားခဲ့သည်။သူမ၏ မီးအစွမ်းမှာလည်း ထိုသံမြှားတို့ကို မလောင်ကျွမ်းစေနိုင်ပေ။
နောက်ဆုံး သူမသည် လူတိုင်းရှေ့တွင် အိမ်ရှေ့မင်းသား လက်ချက်ဖြင့် ခေါင်းဖြတ်ခံခဲ့ရသည်။ လူအများမှာ သူမသေဆုံးသွားသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရသလို အိမ်ရှေ့မင်းသားလည်း စိတ်သက်သာရာရသွားသည်။
ထို့ကြောင့် ၎င်းဝတ္ထုမှာ ဆာစီးနီယာ ကို သတ်ဖို့ ဟိုးအရင်ကတည်းက သေချာ အစီအစဉ်ဆွဲထားပြီး အမျိုးသားဇာတ်ဆောင်ကို ပိုအသားပေးထားသည့် ဇာတ်လမ်းတွဲ တစ်ခုဖြစ်၏။
စာရေးဆရာကြောင့် ဆာစီးနီယာ သည် အပြစ်ဒဏ်သင့်သူ ဖြစ်လာရချေသည်။ သူမသေဆုံးပြီးနောက် ငြိမ်းချမ်းသော အင်ပါယာ ဖြစ်တည်လာရသည်။ဝတ္ထုသည် အိမ်ရှေ့မင်းသားနှင့် အိမ်ရှေ့ မင်းသမီး တို့၏ ထိမ်းမြားလက်ထပ်ပွဲ နှစ်-၁၀၀ ပြည့်ကို လူအများရှေ့တွင် ကျင်းပခြင်းဖြင့် အဆုံးသတ်ခဲ့လေသည်။
'စိတ်ပျက်စရာ ကောင်းလိုက်တာ…'
ဆာစီးနီယာ တွေးမိရသည်။ လူတစ်ယောက်ကို စတေးထားသည့် အချစ်ဇာတ်လမ်းမှာ လွန်စွာ သောက်အဓိပ္ပါယ်မရှိသည့် ကိစ္စပင်။
သူမ စားပွဲဝိုင်းမှာထိုင်ရင်း ဤအကြောင်းကို တွေးနေမိပြီး ကြောက်ရွံ့နေသဖြင့် ခြေထောက်များလည်း တုန်နေကြသည်။
"မင်းဒီလိုပဲအဆုံးသတ်တော့မလို့လား…"
ခနဲ့တဲ့တဲ့ လေသံသည် သူမကို အစွမ်းကုန်စိတ်အနှောင့်အယှက်ဖြစ်စေသည်။သူမက အသက်ပြင်းပြင်းရှူပြီး တုံ့ပြန်လိုက်သည်။
ထို့နောက် သူမက အမည်းရောင် ၁၆ ပေါ်တွင် ချစ်စ်ပြား(ကာစီနို လောင်းကစားလုပ်ရာတွင် ငွေကြေးနှင့် လဲလှယ်၍ ရသော အဝိုင်းပြားများ)အားလုံးကို ထည့်ထားလိုက်ရာ ပရိသတ်အားလုံး လက်ခုပ်တီးလိုက်ကြသည်။ အစည်ကားဆုံး လောင်းကစားအိမ် အလယ်တွင် ဆာစီးနီယာသည် အဓိကဇာတ်ဆောင်ပင်။
လောင်းကစားအိမ်များတွင် သူမဘဝကို ကုန်ဆုံးခဲ့သည်။ယခုလည်း သူမ၏ ကံကြမ္မာတစ်ခုလုံးကို လောင်းကြေးထပ်လိုက်ခြင်း ဖြစ်သည်။
ဘာမှ မရှိတော့လည်း ဘာဖြစ်လဲ…
ဘုရားသခင်၏ ကျေးဇူးတော်သည် သူမကို ကောင်းချီးပေးနေလိမ့်မည်။ ထို့ကြောင့် သူမ ဂျက်ပေါ့ကို နှစ်ကြိမ်ဆက်တိုက် လုပ်လိုက်သည်။
'ကျေးဇူးပြုပြီး... ဘုရား ဘုရား... ကျေးဇူးပြုပြီး…'
သူမ နတ်ဘုရားအပေါင်းတို့အား ဆုတောင်း တိုင်တည်လိုက်လေ၏။ 'ပထမဆုံးနှင့် နောက်ဆုံး' ဆိုသော စကားလုံးများကို သူမနှင့် မသက်ဆိုင်စေရန် ဆုတောင်းခဲ့ရသည်။
လောင်းကစားဒိုင်၏ လက်ထဲက ဂေါ်လီလုံးမှာ ဖြည်းဖြည်းချင်း လှိမ့်နေသည်။ အချိန်အတော်ကြာပြီးနောက် ဂေါ်လီလုံးကလေးသည် ရုပ်ရှင် အနှေးပြကွက်တစ်ခုဖြစ်နေရာမှ ချောက်ကနဲ အသံထွက်လာသည်။
စက္ကန့် ၃ သာကြာသော်လည်း နှစ်ပေါင်း ဘီလီယံချီ ကြာမြင့်သွားသလို သူမ ခံစားရသည်။ သူမ ကြောက်ရွံ့မှုကို ဖုံးကွယ်မထားနိုင်သောကြောင့် စားပွဲဘောင်ကို လက်ဖြင့်ဆုပ်ကိုင်ထားမိသည်။
၃ စက္ကန့်ကျော်သွားသည့် အခိုက်တွင် ဂေါ်လီလုံးကလေးလည်း ရပ်တန့်သွားသည်။
လောင်းကစားဒိုင်၏ အော်သံနှင့်အတူ ပရိသတ်များလည်း ရုတ်ရုတ်သဲသဲ အော်ဟစ်အားပေးလိုက်ကြသည်။
ဆာစီးနီယာ တုန်ရီနေသော ခြေထောက်များဖြင့် မတ်တပ်ထရပ်လိုက်သည်။ ကြောက်လန့်ကာ တဒိန်းဒိန်းခုန်နေသော သူမနှလုံးသားမှာလည်း ပျော်ရွှင်ခြင်းအဖြစ်သို့ ပြောင်းလဲသွားရသည်။
' နိုင်ပြီ.....ရေး....ဒါ ငါ့ဘဝအတွက် အလှည့်အပြောင်းတစ်ခုပဲ…'
ပရိသတ်များလည်း တဝါးဝါးပွဲကျနေကြသည်။
ဆာစီးနီယာ သည် ပျော်ရွှင်မှုကို ဖုံးဖိရန် ကြိုးစားပြီး အသက်ပြင်းပြင်းရှူလိုက်မိသည်။ သူမ အသက်ပြင်းပြင်းရှူလိုက်ပုံကလေးကပင် လှပလွန်းသောကြောင့် ပရိသတ်များ အသက်ရှူရပ်သွားမတတ် ဖြစ်သွားရ၏။
လောင်းကစားဒိုင်က မပြုံးချင့်ပြုံးချင် ပြုံးပြပြီး ချစ်(စ်)ပြားများ ပေးလိုက်သည်။ သူမသည် ချစ်(စ်)ပြားများကို အိတ်ထဲသို့ အမြန်ထည့်လိုက်သည်။
သူမ နိုင်လိမ့်မည်ဟု မမှန်းထားသဖြင့် သူမ ဝမ်းသာသွားရပြီး တစ်ချက်ပြုံးလိုက်မိသည်။
'ဘုရားရေ... ဘယ်လောက်တောင်လဲ… ငါ တစ်ကယ်ပဲ ဘဝသစ်တစ်ခု စနိုင်တော့မယ်…'
ထို့နောက် ဆာစီးနီယာသည် ချစ်(စ်)ပြားများအားလုံးကို ထုပ်ပိုးကာ ငွေကြေးလဲလှယ်သည့် ကောင်တာဆီသို့ လျှောက်လာခဲ့သည်။
ဤလောင်းစားအိမ်တွင် သူမ၏ အနာဂတ်အတွက် ရည်ရွယ်ထားသည့် ငွေအားလုံး တစ်ထိုင်တည်း ဆုံးရှုံးသွားနိုင်သည်။ထို့ကြောင့် သူမ အဝေးကို အတတ်နိုင်ဆုံး ပြေးသွားချင်မိသည်။ သူမ ပခုံးပေါ်ရှိ အိတ်က လေးလံသော်လည်း ခံစားချက်တို့ ကောင်းနေရသည်။
နောက်ဆုံးတွင် သူမ၏ ကျက်သရေရှိပြီး ရိုးသားငြိမ်းချမ်းသော ဘဝသစ်ဆီသို့ ခြေတစ်လှမ်း ပိုနီးကပ်လာခဲ့ပြီ ဖြစ်သည်။
သူမ၏ နာမည်အရင်းမှာ ဆာစီးနီယာ ဖြစ်ပြီး အလွန်ချမ်းသာချင်သူပင်။ ဆာစီးနီယာ ၏ကိုယ်ခန္ဓာကို သူမပိုင်ဆိုင်ထားသည်မှာ ဆယ်ရက်ရှိပြီ ဖြစ်သည်။ ဆာစီးနီယာ သည် အနီရောင်ဆံပင်နှင့် နှင်းကဲ့သို့ ဖြူဖွေးနုဥသောအသားအရေရှိသည့် ကောင်မလေးတစ်ယောက်ဖြစ်သည်။ သူမတွင် ကြက်သွေးရောင်မျက်လုံး၊ နှာတံလုံးလုံးနှင့် သလဲသီးကဲ့သို့ အနီရောင်နှုတ်ခမ်းရှိသည်။ သူမကိုတွေ့လိုက်သည်နှင့် အလွယ်တကူမေ့ပျောက်မသွားနိုင်သော ရုပ်ရည်ရှိ၏။
သူမ၏ခန္ဓာကိုယ်သည်လည်း စွဲမက်ဖွယ်ကောင်းလှသည်။ ထင်ရှားသော (colar bone) လည်ညှပ်ရိုး များနှင့် သေးသွယ်သော လက်ကောက်ဝတ်များနှင့် ခြေချင်းဝတ်များကြောင့် နတ်သမီးတစ်ပါးအလား လှပပေသည်။ထို့ကြောင့် သူမသည် ပြီးပြည့်စုံသောရုပ်ရည်ရှိသည့် အမျိုးသမီးတစ်ဦးဖြစ်လေသည်။
သို့သော် ဤကိုယ်ခန္ဓာ၏ မူလပိုင်ရှင်မှာ အကျင့်ပျက်သူတစ်ယောက်တည်း။ သူမသည် ဒေါသကို မထိန်းချုပ်နိုင်သလို ဒေါသထွက်သည့်အခါတိုင်းလည်း သူမ၏ မှော်ပညာကို မထိန်းချုပ်နိုင်ပေ။ထို့ကြောင့် သူ့အနားမှာ ဘယ်သူမှ ရှိမနေရဲ၍ သူမ အမြဲတမ်း အထီးကျန်နေခဲ့ရသည်။
'ရုပ်လှတော့ရော ဘာလုပ်ရမှာလဲ…နောက်ဆုံးကျ ခေါင်းဖြတ်ခံရမယ့် အထီးကျန်သူ တစ်ယောက်ပဲဟာ…'
အချစ်ဝတ္ထုထဲတွင် မကြာခဏ ရေးလေ့ရှိသည့် ပရိတ်သတ်များ သေချင်စေနေသည့် ဗီလိန်တစ်ဦးပင်။ ကြောက်စရာကောင်းလှသည့် မကောင်းမှုများကို ကျူးလွန်ခဲ့သောကြောင့် စာဖတ်သူများက ဆာစီးနီယာ ကို သေစေချင်ကြ၏။
ဆာစီးနီယာ သည် သူမ၏ မကောင်းသော အကျင့်များ မည်သို့ဖြစ်လာရသည်ကို ဝတ္ထုထဲတွင် မဖော်ပြထားပေ။ သူမသည် ဖြစ်နိုင်ခြေလုံးဝ မရှိသော ဇာတ်ကွက်များနှင့် ဖန်တီးထားသော ဗီလိန်သာ ဖြစ်ချေသည်။ စာရေးဆရာက သူ့ဝတ္ထုပေါက်စေရန် အသုံးပြုခဲ့သော စစ်တုရင်ရုပ်တစ်ရုပ်မျှသာ။ သူမသေဆုံးပြီးသည့်တိုင် စာဖတ်သူများက သူမဘယ်လောက်ဆိုးခဲ့ကြောင်းကို ဆက်ပြောနေခဲ့ကြသည်။
ဘယ်လောက်တောင် သနားစရာကောင်းလိုက်သလဲ....
"အဲဒါနဲ့ပဲ ငါ သူမနဲ့တူမယ်လို့ ပြောလို့မရဘူး…"
ထိုစဉ်က သူမ ဒေါသသံဖြင့် ပြောလိုက်မိသည်။သူမကသည် ဆာစီးနီယာ မှာ သနားစရာ လူသားတစ်ယောက်ဟုသာ ထင်မြင်ခဲ့သည်။ သို့သော် သူမ စာအုပ်ကိုပိတ်ပြီး မျက်လုံးဖွင့်ကြည့်လိုက်ရာ သူမကိုယ်တိုင် ဆာစီးနီယာ ဖြစ်လာရသည်။
သူမ ကူးပြောင်းလာချိန်မှာ ဆာစီးနီယာ သည် ဗီလိန်အဖြစ် ဝတ္ထုဇာတ်လမ်းထဲ၌ ထွက်မလာမီ သုံးနှစ်အလိုတွင်ဖြစ်သည်။ ပထမ သူမကိုယ်သူမ အရူးတစ်ယောက်လို အပြစ်တင်မိသည်။ ရက်စက်ကြမ်းကြုတ်လှသော သေခြင်းတရားကို သူမ,မကြုံချင်ပေ။
နောက်ပိုင်း တွေးကြည့်သောအခါ သူမ ဗီလိန်တစ်ဦးဖြစ်လာရန် ၃နှစ်လိုသေးသည်။ ထို့အပြင် ဆာစီးနီယာ သည်ဝတ္ထုအလယ်ရောက်မှ စုန်းမဖြစ်နေမှန်း တခြားသူများ ရိပ်မိသွားကြခြင်း ဖြစ်သည်။
"အဲဒီမတိုင်ခင် ငါက စုန်းမကြီးမှန်း ဘယ်သူမှ မသိကြဘူးလေ…"
ဤအဖြစ်အပျက်များအားလုံး ဘုရားသခင်၏ အလိုတော်ဟု သူမ ယူဆလိုက်သည်။ သူမကို အသက်ရှင်ခွင့်ပေးရန် ဘုရားသခင်က အလိုတော်ရှိပေသည်။ ထို့ကြောင့် သူမသည် လောင်းကစားအိမ်တွင်သာ ငွေရှာပြီး ကိုယ်ပိုင်ဘဝကို ဖြတ်သန်းရန် ဆုံးဖြတ်ခဲ့သည်။
ဝတ္ထု၏ အဆုံးကို သိရပြီးဖြစ်၍ သူမသည် မူရင်းဝတ္ထုထဲက ဗီလိန်မ,လို နေထိုင်သွားဖို့ စိတ်ကူးမရှိပေ။ သူမသည် စုန်းမ မဟုတ်ဘဲ သာမန်ဘဝဖြင့် သာ ငြိမ်းချမ်းစွာ နေထိုင်မည်ဖြစ်သည်။ မှော်ပညာအသုံးမပြုဘဲ ငြိမ်းချမ်းစွာနေထိုင်ခြင်းသည် ပြဿနာကို ဖြေရှင်းနိုင်မည်ဟု သူမ ထင်မိသည်။
သူမအသက်ရှင်သန် လာကတည်းက သူမဘဝကို အမြဲကောင်းမွန်အောင်သာ ရှင်သန်ချင်ခဲ့သည်။ထို့ကြောင့် ကောင်းကောင်းနေရဖို့ဆိုလျှင် ပိုက်ဆံမရှိမဖြစ်လိုအပ်၏။သို့နှင့် အင်ပါယာရှိ တစ်ခုတည်းသော တရားဝင်လောင်းကစားအိမ်ကို ရောက်လာခြင်းပင်။
ထို့နောက် ဆာစီးနီယာ သည် ပေါ့ပါးသော ခြေလှမ်းများဖြင့် ငွေကြေးလဲလှယ်သည့် ကောင်တာသို့ လျှောက်သွားလိုက်လေသည်။