အပိုင်း ၂
Viewers 12k

ဘုတ်...
လေးလံသော ချစ်(စ်) အိတ်ကြီးကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။
ဆာစီးနီယာ ၏ ပုခုံးသည် ထိုအိတ်ကြီးကို ထမ်းလာရသဖြင့် ‌နာကျင်နေသော်လည်း ပျော်ရွှင်စိတ်ကသာ ကြီးစိုးနေသည်။မကြာခင် အိတ်ထဲက ချစ်(စ်)ပြားများမှာ ပိုက်ဆံဖြစ်သွားမည်လေ။
ဆာစီးနီယာ ၏ မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် တောက်ပနေရသည်။
"ပိုက်ဆံနဲ့ လဲပေး…"
"ဟာ..."
ကောင်တာမှာထိုင်နေသည့် ဝန်ထမ်းအမျိုးသားက အံ့သြသွားသလို မျက်လုံး ပြူးသွားရ၏။
'ဪ… ဒီလောက်များတဲ့ ချစ်(စ်)ပြားတွေ မမြင်ဖူးဘူးကိုး…'
ဆာစီးနီယာ ဂုဏ်ယူစွာဖြင့် ပခုံးတွန့်လိုက်သည်။ဤပိုက်ဆံများနှင့် သူမ ဘာအရင်လုပ်ရမလဲ ဆိုသည့်ကို တွေးကြည့်ရုံနှင့် စိတ်လှုပ်ရှားနေရသည်။
"တဆိတ်လောက်ပါ ခင်ဗျာ…"
သို့သော် ဝန်ထမ်းအမျိုးသား၏ တုံ့ပြန်ပုံမှာ ထူးဆန်းနေသည်။သူ့ နဖူးပေါ်တွင် ချွေးစေးများထွက်နေပြီး ရှက်ရွံ့နေသကဲ့သို့ ထိတ်ထိတ်ပြာပြာ ဖြစ်နေသဖြင့် လဲပေးရန် ပိုက်ဆံမရှိ ဖြစ်နေပုံပေါ်သည်။
ဆာစီးနီယာ မျက်နှာထား ပြောင်းသွားသည်။
"ငါ နင့်ကို လဲပေးလို့ ပြောနေတယ်လေ…"
"အင်း…ကျွန်တော် ပြောချင်တာက…"
သူမနှင့် မျက်လုံးချင်းမဆုံမိစေရန် ကြိုးစားနေသော ဝန်ထမ်းကြောင့် သူမ မျက်ခုံးများ တွန့်ချိုးသွားရသည်။သူမလိုချင်သည်မှာ အိတ်ထဲက ချစ်(စ်)ပြားများကို ပိုက်ဆံအဖြစ် ပြန်လဲပေးရန် ဖြစ်သည်။
သို့သော်... တစ်ခုခုတော့ မှားနေပြီ....
"ကျွန်တော် တောင်းပန်ပါတယ်…"
ဝန်ထမ်းက ထိုင်ခုံပေါ်မှ ထလိုက်ပြီး ၉၀ ဒီဂရီ ဦးညွှတ်ကာ တောင်းပန်လိုက်သည်။
"ဘာဖြစ်လို့လဲ…"
" လောင်းကစားဘုရင်က ခဏနေဆို ငွေတွေလာပေးတော့မှာမို့ နားလည်ပေးပါ..."
"အမ်…နင်ဘာတွေပြောနေတာလဲ… အခုချက်ချင်း လဲပေး…"
လောင်းကစားအိမ်မှာ ပိုက်ဆံမည်သို့ လည်ပတ်နေကြောင်း သူမ ဂရုမစိုက်ပေ။
ဆာစီးနီယာ အံကိုတင်းတင်းကြိတ်ထားလိုက်သည်။သူမဘဝတစ်လျှောက်လုံး အေးအေးဆေးဆေး နေထိုင်စားသောက်ဖို့ ပိုက်ဆံလိုအပ်သည်။ထို့ကြောင့် သူမ ငွေရှာခဲ့သော်လည်း ယခုလို ကြိုးစားသမျှ အရာမထင် ဖြစ်သွားရသည်မှာ အဓိပ္ပါယ်မရှိချေ။သူမကို လာကြောလျှင်လည်း သူမ ခွင့်လွှတ်မည်မဟုတ်။
ထို့နောက် ဆာစီးနီယာ ၏ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော လက်သီးထိပ်တွင် သွေးကြောမျှင်တစ်ခု ပေါ်လာရသည်။
"ရက်ပိုင်းလေးပဲ စောင့်ပေးပါ... မဟုတ်ဘူး... တစ်ပတ်လောက်စောင့်ရင်လေ..."
ဝန်ထမ်း၏ စကားမဆုံးခင်မှာပင် ဆာစီးနီယာ က သူမခြေထောက်ကို မြှောက်လိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။
*ဝုန်း*
ဝုန်းကနဲ အသံနှင့်အတူ သစ်သားဖြင့်ပြုလုပ်ထားသော စားပွဲခုံမှာ နှစ်ခြမ်းကွဲသွားရပြီး ဝန်ထမ်းလည်း ထိတ်လန့်သွားရသည်။
"နင်လည်း ဒီလိုမဖြစ်ချင်ဘူးဆိုရင် အခုချက်ချင်း ပိုက်ဆံသွားယူ…"
ဆာစီးနီယာ သည် စားပွဲခုံအထူကြီးကို ခြေထောက်တစ်ဖက်နှင့် နှစ်ပိုင်းခွဲပြီးသည့်တိုင် တည်ငြိမ်မြဲ တည်ငြိမ်နေသည်။ သူမ ခြေဖနောင့်မှာ အနည်းငယ် တုန်ယင်နေရသော်လည်း မပြောပလောက်ပေ။
ဆာစီးနီယာ သည်ကြံ့ခိုင်မှုအားကောင်းကြောင်း ပြောစရာပင်မလိုတော့။ သူမသည် အားကောင်းမောင်းသန်ယောက်ျားများစွာကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သူဖြစ်သည်။ မကောင်းမှု အမျိုးမျိုးကို ကျူးလွန်ရင်း သူမ ပျော်ပိုက်ခဲ့သော်လည်း နောက်ဆုံးတွင် ဆာစီးနီယာ သည် အိမ်ရှေ့စံမင်းသားလက်ချက်ဖြင့် သေဆုံးရမည့်သူပင်။
ဤသည်မှာ စာရေးဆရာ စီစဉ်ထားသည့် ဇာတ်ကွက်တည်း။ ယခင်က ဆာစီးနီယာသည် သူမကိုယ်သူမ မထိန်းချုပ်နိုင်ခဲ့ဘဲ စားပွဲပေါ် ခွက်ကလေးတစ်ခွက် တင်လိုက်ရုံနှင့် စားပွဲမှာ နှစ်ခြမ်းကွဲသွားဖူးလေသည်။ထို့ကြောင့် နောက်ပိုင်းတွင် စွမ်းအားကို ဘယ်လိုထိန်းချုပ်ရမှန်း သူမ သင်ယူခဲ့လေသည်။
ယခု သူမ ထိန်းချုပ်ရန် မလိုအပ်တော့သလို ခံစားလိုက်ရသည်။
"ဟိုလေ.... ပိုက်ဆံက အရမ်းများနေရင် အချိန်နည်းနည်းလိုတယ် လို့ သူက ပြောထားပါတယ်…"
အခြေအနေကို ဆင်ခြင်မိပြီး ထိုဝန်ထမ်းက သူမရှေ့ ဒူးထောက်လိုက်လေသည်။
ဆာစီးနီယာ သည် နွမ်းလျသော မျက်လုံးများဖြင့် ဝန်ထမ်းကို ငုံ့ကြည့်လိုက်သည်။
'လောင်းကစားအိမ်က ငွေတွေပေးဖို့ ဝန်ဆောင်မှုပေးထားတယ်... ဒါပေမယ့် သူတို့မှာ ငွေအလုံအလောက်မရှိဘူး ဟုတ်လား…'
အဓိပ္ပာယ်မရှိလိုက်တာ…
ဆာစီးနီယာ သည် သူမကို ပိတ်ဆို့နေသည့် အရာမှန်သမျှ မီးလောင်တိုက်သာ သွင်းပစ်လိုက်ချင်တော့သည်။ သို့သော် သူမ၏ မှော်ပညာသည် သာမာန် ဘဝလေးဖြင့် ငြိမ်းချမ်းစွာ နေထိုင်လိုသည့် သူမ ဆန္ဒကို ဖျက်ဆီးသွားနိုင်သဖြင့် သူမ ထိန်းချုပ်ရပေမည်။
'ဒါပေမယ့်လည်း အဆင်ပြေသွားမှာပါ…'
ဝန်ထမ်း‌ကို ချောက်ရန် မှော်အစွမ်း အနည်းငယ် ထုတ်သုံးလိုက်လျှင် ဘာမှ ဖြစ်သွားမည်မဟုတ်ပေ။အကယ်၍ ဆာစီးနီယာ မှာသာ ဘယ်လို စွမ်းအားမျိုး ရှိနေမှန်း သိလျှင် သေချာပေါက် ပိုက်ဆံထုတ်ပေးလိမ့်မည် ဖြစ်သည်။
ဆာစီးနီယာ အသက်ဝဝရှူလိုက်ရာ သူမ လက်ချောင်းထိပ်တွင် အပူရှိန်တို့ တရိပ်ရိပ် တက်လာရလေသည်။ထို အပူရှိန်သည် သူမ ခန္ဓာကိုယ်အနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားရသည်။ ခေါင်းမှ ခြေဖျားအထိ အပူရှိန်များ မြင့်တက်လာသည်နှင့်အမျှ သူမ၏ အနီရောင်ဆံပင်ရှည်များသည် လေတိုက်နေသကဲ့သို့ တဖျပ်ဖျပ် လွင့်နေကြသည်။
လေမတိုးသည့် အခန်းထဲမှာ သူမ ဆံပင်များ တဖျပ်ဖျပ်လွင့်နေရသဖြင့် ဝန်ထမ်း၏ မျက်နှာမှာ ဖြူဖျော့သွားရသည်။
'သူ့ကြည့်ရတာ မှော်အစွမ်းကို ပထမဆုံးမြင်ဖူးပုံပဲ… ဒါလည်း ငါ့ရဲ့ ပထမဆုံး အကြိမ် သုံးတာဘဲလေ…'
သူမ၏ စွမ်းအားကို အပြည့်အဝ အသုံးချခြင်းမှာ သူမထင်သလောက် မလွယ်ကူလှ။ ထမင်းဟင်းချက်ရန် မီးသေးသေးလေး ဖန်တီးရန် မီးမွှေးစဥ်ကနှင့် မတူပေ။
"စရံ...ခင်ဗျားကို စရံပေးထားပါ့မယ်…"
ဝန်ထမ်းက တုန်လှုပ်သွားပြီး သူ့စိတ်ထဲ ပေါ်လာသည်ကို လက်လွှတ်မခံဘဲ ကပျာကယာ အော်လိုက်သည်။ ဆာစီးနီယာ ကျယ်လောင်စွာ အော်လိုက်သော ထိုသူ့အသံကြောင့် နားရွက်များ ပါ တုန်ခါသွားရသည်။ သူမ မကျေမနပ်ဖြစ်သွားရပြီး လက်မှ စွမ်းအားကို လျှော့ချလိုက်သည်။
ထိုဝန်ထမ်းပြောသည့်စကားသာ မတည်ပါက သူမ မှော်စွမ်းအားကို နှစ်ဆတိုး၍ တိုက်ခိုက်မည်ဖြစ်သည်။ချက်ချင်းပင် သူမ၏ လက်ချောင်းထိပ်တွင် စုစည်းထားသော အပူရှိန်မှာ သက်သာသွားရသည်။
"စရံ…ဟုတ်လား…"
"ဟုတ်ပါတယ်…ခင်ဗျား နောက်မှာပါ…"
ဝန်ထမ်းက သူမနောက်ကို လက်ညှိုးထိုပြပြီး ပြောလိုက်သည်။
ဆာစီးနီယာ နောက်လှည့်ကြည့်လိုက်ရာ ငွေလဲလှယ်သည့် ကောင်တာအစွန်းနားတွင် ကြိုတုပ်ခံထားရသည့် ကောင်လေးတစ်ယောက်မှာ ခပ်ယို့ယို့က‌လေးဝပ်နေ၏။
"နင် ရူးနေလား…"
သူမ အလွန်စိတ်ဆိုးသွားရပြီး ဝန်ထမ်းကို စိုက်ကြည့်လိုက်သည်။
"နင် ငါ့ကိုနောက်နေတာလား…ဘာလို့ လူတွေကို အပေါင်ပစ္စည်းလို စရံယူထားရမှာလဲ…"
"သူက မကြာသေးခင်က လောင်းကစားဘုရင် ဝယ်ထားတဲ့ ကျွန်တစ်ယောက်ပါ…"
ထိုလူမဆန်သောစကားကြောင့် ဆာစီးနီယာ ၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားရသည်။သူမသည်းခံနိုင်စွမ်း ကုန်လွန်သွားရပြီး နောက်တစ်ကြိမ် မှော်အစွမ်းကို ထုတ်လိုက်၏။
"ဒါပေမယ့် ဒီကျွန်က အရမ်းစျေးကြီးပါတယ်…"
ဆာစီးနီယာ ထုတ်သုံးမည်ပြုသော မှော်အစွမ်းမှာ ချက်ချင်းပင် ရပ်တန့်သွားရသည်။
"ဒါဆို ကျွန်ဝယ်​ဖို့ကျတော့ ပိုက်​ဆံရှိ​ပေမယ့် ငါ့ချစ်(စ်)တွေကို လဲပေးဖို့ကျ ပိုက်ဆံမရှိဘူးပေါ့..."
"အဲ…"
ဝန်ထမ်းက သူ မှားမှန်းသိပြီး ပါးစပ်ပိတ်ထားလိုက်တော့သည်။
ဆာစီးနီယာ ၏ အစာအိမ်မှာ ပွက်ပွက်ဆူလာရသည်။ သူမ ချက်ချင်းပင် ဤလောင်းကစားအိမ်တစ်ခုလုံး မီးပင်လယ် လုပ်ပစ်၍ပင် ရပေမည်။
သူမသည် လက်ချောင်းထိပ်များကို ‌ လှုပ်ရမ်းကာ ဒေါသကို ဖွင့်ထုတ်လိုက်တော့သည်။
*ဝုန်း…*
ဆာစီးနီယာ သည် သူမရှေ့တွင် ရှိနေသော အဖြူရာင် ကြွေထည်ပစ္စည်းများကို နံရံကို ပေါက်၍ ရိုက်ခွဲလိုက်သည်။
"အား…"
ဝန်ထမ်းက ကြောက်လန့်တကြား အော်လိုက်သည်။
ဆာစီးနီယာမှာ ဝန်ထမ်းကို မကျေမနပ်ဖြစ်နေသောကြောင့် သူမအနီးက ကုလားထိုင်ကို ထပ်မံကိုင်ပေါက်လိုက်သည်။ ကုလားထိုင်မှာ ခြေချောင်းကျိုးသွားသဖြင့် ကြမ်းပြင်ပေါ် အပုံလိုက်ဖြစ်သွားရသည်။ သိူ့သော်လည်း သူမ မကျေနပ်နိုင်သေးဘဲ သူမ ခေါင်းမှာ အငွေ့ပျံမတတ် ပူလောင်နေရသည်။
ဆာစီးနီယာ သည် ဒေါသတကြီးဖြစ်နေရကာ နွားတကောင်လို တဆတ်ဆတ်တုန်နေလေ၏။
"တစ်ကယ်ပါဗျာ… အပေါင်ပစ္စည်းကိုယူထားလိုက်ပါ... ခဏနေရင် လောင်းကစားဘုရင်က ပိုက်ဆံနဲ့ လာရွေးပါလိမ့်မယ်.."
ဝန်ထမ်းက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
"ဟူး"
ဆာစီးနီယာ သက်ပြင်တစ်ချက် ချလိုက်ပြီး မျက်နှာပေါ်ကျလာသော ဆံပင်များကို ပြန်ပင့်တင်လိုက်သည်။သူမ ဝန်ထမ်းကို စိတ်ဆိုးနေရုံဖြင့် ပိုက်ဆံမရလာနိုင်၊ဒေါသကို ဆင်ခြင်တုံတရားဖြင့် ထိန်းချုပ်ရပေမည်။
' သူ့ကို စရံအဖြစ် တစ်ကယ်ယူထားသင့်ရဲ့လား..'
သူမ ပိန်လှီနေသော ကောင်လေးကို တစ်ချက်ကြည့်လိုက်သည်။
"ကျွန်တော့်ကိုကယ်ပါခင်ဗျာ…"
တဆတ်ဆတ်တုန်နေသံဖြင့် အကူအညီတောင်းနေသည့်‌ ကောင်လေးမှာ ဟောင်းနွမ်းစုတ်ချာနေသည့် အဝတ်တို့ကို ဝတ်ထား၏။ထို့အပြင် သူ့လက်မောင်းနှင့် ခြေသလုံးများတွင် နီညိုရောင်အမာရွတ်များ ရှိနေပြီး သိပ်ကြာသေးဟန်မတူပေ။
'ကြောက်စရာ ကောင်းလိုက်တာ...'
သူမ မျက်မှောင်ကြုတ်လိုက်မိသည်။ အလွန်ပိန်ပါးပြီး အရိုးများသာရှိသော ကောင်လေး၏ ခန္ဓာကိုယ်မှာ ထိစရာနေရာမရှိလောက်အောင်ပင်။
တိတ်ဆိတ်လာသည်နှင့်အမျှ ကောင်လေးက ဆာစီးနီယာကို မော့ကြည့်လိုက်၏။
သူ၏ တောက်ပနေသော ခရမ်းရောင်မျက်လုံးများကို ရှုပ်ပွနေသော ဆံပင်ကြားထဲမှ ဆာစီးနီယာ တော်တော် ကြည့်ယူရသည်။
'ဒီလိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ…'
ဆာစီးနီယာ သည် ကောင်လေး၏မျက်နှာကို မြင်ရသောအခါ နှုတ်ခမ်းကို ကိုက်ထားလိုက်မိသည်။ ပါးပြင်များခွက်ဝင်နေသော သူ့မျက်နှာကလေးကိုလည်း သူမ,မကြည့်ရက်တော့။ သူ့နှုတ်ခမ်းနှင့် ခန္ဓာကိုယ်တွင် သွေးများပေကျံနေပြီး အရိုးများငေါထွက်နေရသည်။ သူမ သူ့ကို မကယ်ဘဲ လှည့်ထွက်သွားပါက ညရောက်လျှင် အိပ်လို့တောင် ပျော်မည်မထင်။
ဆာစီးနီယာ ကောင်လေးအနား တိုးလိုက်သည်။ ကောင်လေးကို သူမ စိတ်အနှောင့်အယှက်ဖြစ်ရသော်လည်း ဝန်ထမ်းပြောသလိုပင် သူ့ကို အပေါင်ပစ္စည်းအဖြစ် ခေါ်သွားရပေမည်။အဘယ်ကြောင့်ဆိုသော် သူမ ငွေတစ်ကယ်လိုအပ်နေခြင်းကြောင့်ပင်။ ထို့ကြောင့် ငွေရမည့် နည်းလမ်းကို သူမ တစ်နည်းနည်းဖြင့် ရှာဖွေရမည်။
သူမ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကောင်လေးမှာ ကြောက်လန့်ပြီး နောက်ပြန်ဆုတ်သွားသည်။ သူ့မှာ တခြားသွားစရာ နေရာမရှိတော့ဘဲ နံရံနှင့် တတ်နိုင်သမျှ နီးအောင်ကပ်နေလိုက်သည်။ သူမကို ဘီလူးတစ်ကောင်လို ကြောက်ရွံ့နေသောကြောင့် သူမ ခံစားချက် သိပ်မကောင်းပေ။
"ဘာလုပ်နေတာလဲ...သူ့ကို ကြိုးဖြည်ပေးလိုက်လေ…"
စောင့်ကြည့်နေသည့် ဝန်ထမ်းကို သူမ ပြောလိုက်သည်။
ဆာစီးနီယာ ပြောသည့်အတိုင်းပင် ဝန်ထမ်းက အမြန်ပြေးပြီး ကြိုးဖြည်ပေးလိုက်ရာ ကြိုးမှာ ကြမ်းပြင်ပေါ် ချောက်ကနဲ ပြုတ်ကျသွားရသည်။
"သွားကြစို့…"
ဆာစီးနီယာ ကောင်လေးကို လက်ဆွဲခေါ်လိုက်ရာ သူက ညင်သာစွာ ကြည့်နေလေသည်။ ကောင်လေး၏ မျက်လုံးများသည် ဂဏှာမငြိမ်ဖြစ်နေကြသဖြင့် သူစိုးရိမ်နေသည့် ကိစ္စကို သူ့မျက်လုံးထဲတွင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။ သူဒီမှာနေရမလား သို့မဟုတ် သူမ နောက်လိုက်ရမလား တွေးနေပုံရသည်။
ဆာစီးနီယာ စကားတစ်ခွန်းမှ မပြောဘဲ သူ့အဖြေကို စောင့်နေခဲ့သည်။ ကောင်လေးက သူမမျက်နှာကို တစ်လှည့် ၊သူ့လက်ကို တလှည့်စီကြည့်ရင်း မဝံ့မရဲ ဖြစ်နေ၏။
အကယ်‌၍ သူမသာ မူလ ဆာစီးနီယာ ဆိုပါက သေချာပေါက် စိတ်မရှည်ဖြစ်ပြီးဒေါသထွက်နေပေလိမ့်မည်။
ကောင်လေးသည် သူမ၏ အနီရောင် မျက်လုံးများကို စေ့စေ့ကြည့်နေဆဲ။ ကောင်လေးသည် သူ့နှလုံးသားကို နွေးထွေးစေသော သူမ မျက်လုံးစူးစူးများကို ချက်ချင်း စွဲလန်းသွားရသည်။ထို့‌နောက် ရေခဲကဲ့သို့အေးစက်နေသည့် သူ့လက်ကို ဆာစီးနီယာ ၏ပူနွေးသော လက်ဖဝါးခထဲ ထည့်ထားလိုက်တော့သည်။
"နင်ပြောသလိုပဲ ငါသူ့ကို အပေါင်ပစ္စည်းအဖြစ် ယူထားလိုက်မယ်…ဒါကြောင့် နင့်သူဌေးကို ပြောပြလိုက်… တစ်ပတ်အတွင်း ငါ့ပိုက်ဆံကို မပေးရင် ငါ ဒီဆိုင်ကို ဇောက်ထိုးလှန်ပစ်မယ်လို့…"
ဝန်ထမ်းက သူမကို ခေါင်းတဆတ်ဆတ် ငြိမ့်ပြလိုက်သည်။
ဆာစီးနီယာ သည် ကောင်လေး၏လက်ကိုဆွဲ၍ ချစ်(စ်)အိတ်ကို ယူကာ လျှို့ဝှက်ခန်းထဲမှ ထွက်လာခဲ့သည်။
ဤသို့ဖြင့် သူမနှင့် ဘန်တို့ တွေ့ခဲ့ရလေ၏။
Xxxxxxx