အပိုင်း ၂၅
Viewers 2k

၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်

 

အပိုင်း ၂၅

 

 

 

 

ကောင်းရှို့လျန်လည်း သူ့လိုပဲ ဖြစ်ကာ ခန္ဓာကိုယ်က နုန်းခွေ သလိုဖြစ်နေပြီး မျက်နှာကလည်း အလွန်ပင်ပန်းနေသည့်ပုံပေါက်ပြီး မျက်ကွင်းများလည်း ညိုနေသည်။ သူမိန်းမ၏ မျက်နှာ အမူအရာကို မြင်သောအခါ ကျောက်ဖုန်းလဲ စိတ်မကောင်းဖြစ်သွားပြီး ကောင်းရှို့လျန်ကို ခေါ်လိုက်ကာ ပြောလိုက်သည်။

 

 

သို့သော် " ငါတို့……" ဟုသာပြောရသေးသည် ကောင်းရှို့လျန်က "ဘာလဲ "ဟုပြန်ထူးပြီး သူ့ကို မျက်မှောင်ကြုံ့ကာ ကြည့်ရင်း မေးခဲ့သည်။

 

 

"ရှင် အခုထိ အလုပ်မသွားသေးဘူးလား"

 

 

ကျောက်ဖုန်း၏ သူ့မိန်းမနှင့် ပြန်ပြေလည်အောင် လုပ်မည့်စကားများလည်း အကုန်ပျောက်သွားကာ  "ခဏနေ သွားတော့မှာပါ" ဟုရှက်သွားသည့် ဟန်ဖြင့် ပြန်ပြောလိုက်သည်။

 

 

ကောင်းရှို့လျန်လည်း ခေါင်းငြိမ့်လိုက်ပြီး မထသေးသည့်ကလေးများကို နှိုးရန် အခန်းထဲက ထွက်သွားလိုက်သည်။

 

 

ကလေးများကို ကျောင်းလွတ်ပြီးနောက် ကောင်းရှို့လျန်သည် ထမင်းစားခန်းနှင့် မီးဖိုများကို အဝတ်များနှင့်သုတ်ပြီး သန့်ရှင်းရေး လုပ်လိုက်သည်။ ထို့နောက် နာရီကို တစ်ချက်ကြည့်လိုက်သည်။ ၇ နာရီ ၅၆ မိနစ်ရှိပြီဖြစ်၍ အေပရွန်ခါးစည်းကို ချွတ်ပြီး အပြင်ထွက်ရန် ပြင်တော့သည်။

 

 

သူမ ခြံထဲကနေ ထွက်လိုက်ပြီး လင်းဝေ့တို့ခြံနှင့် သူမတို့ခြံ အကြားက လမ်းကလေး အတိုင်း လျှောက်လာလိုက်သည်။ လင်းဝေ့တို့ ခြံကို စောင်းကြည့်လိုက်စဥ် လင်းဝေ့သည် သူမကလေးများနှင့် ခြံထဲတွင် မနက်စာစားနေသည်ကိုတွေ့လိုက်ရသည်။

 

 

လင်းဝေ့ ကလေးတွေကို ဘာတွေပြောနေမှန်း မသိပေမယ့် လင်းဝေ့က မျက်မှောင်ကြုံ့ရင်း  ပြုံးနေသည်။ ပြုံးနေရင်း သူမကို လှမ်းကြည့်လိုက်သည်ကို မြင်လိုက်ရသော်လည်း လင်းဝေ့မျက်နှာက အပြုံးကတော့ ပျောက်မသွားပေ။

 

 

တစ်ခုခုတော့ တစ်ခုခုပဲ။

 

 

ကောင်းရှို့လျန်လည်း လင်းဝေ့တို့ကို ကြည့်နေရာမှ မျက်နှာပြန်လှည့်ကာ အရှေ့ကိုသာ ဆက်သွားလိုက်သည်။

 

 

လင်းဝေ့လည်း ကလေးများက်ိုခေါ်ပြီး လမ်းလျှောက်သွားလျင် ၇မိနစ် ၈မိနစ်ခန့်ကြာမည့် တပ်မတော်ပြန်လည် နေရာချထားရေးရုံးသို့ သွားလိုက်သည်။ ကောင်းရှို့လျန်ကတော့ သူ့အပူနှင့်သူ ဖြစ်ကာ အမြန်လျှောက်သွား၍ လေးငါးမိနစ်ခန့်နှင့် ရောက်သွားတော့သည်။

 

 

တပ်မတော် ပြန်လည်နေရာ ချထားရေးရုံးသို့ ဝင်သည်နှင့် ကောင်းရှို့လျန်သည် ဒုတိယ မြောက်ရုံးသို့ ဝင်လိုက်ပြီး ပြောလိုက်သည်။"ရှင်တို့တွေ ဘယ်လိုလုပ်လိုက်ကြတာလဲ"

 

 

ရုံးထဲမှ ကျောပေးထားသည့် လူသုံးဦးသည် အသံလာရာသို့လှည့်ကြည့်လိုက်ကြသည်။ သက်လတ်ပိုင်းအမျိုးသမီး တစ်ဦးက ထိုင်နေရာမှ ထကာ ကောင်းရှို့လျန်ကိုမေးလိုက်သည်။

"ဘာဖြစ်လာလို့လဲရှင့် ကျွန်မတို့ ရုံးနဲ့ ဘာပြသနာရှိလို့ပါလဲ"

 

 

ကောင်းရှို့လျန်သည် ဝင်လာသည်နှင့် အလျင်လိုနေရာ သူမကို စကားပြန်ပြောသည့် လူကိုတွေ့လိုက်တော့ တုံ့ဆိုင်းသွားသည်။ ခေါင်းကိုငုံ့လိုက်ပြီး "ညွှန်ကြားရေးမှုးလော့ ကျွန်မ ဆိုလိုတာက အာ့သဘောမဟုတ်ပါဘူး"

 

 

"ဒါဆို ဘာကို ပြောချင်တာလဲ "ဟု ညွှန်ကြားရေးမှုးလော့က စိတ်မရှည်ပဲ ဆက်ပြောလိုက်သည်။

 

 

"ကျွန်မရှင့်ကို အရင်ကတည်းကပြောခဲ့ပါတယ်။ ကျောက်ဖုန်းက တာဝန်ထမ်းဆောင်တာလဲကြာ ပြီမို့လို့ ရှင့်ကို အရင်ဆုံး အလုပ်တွေပေးခဲ့တယ်လေ။ ရှင်ပဲ အာ့ အလုပ်တွေကို အထင်သေးပြီး မကြိုက်ဘူးဆိုပြောခဲ့တာလေ။ အိမ်အလုပ်တွေ ရှုပ်လို့ အပြင် အလုပ် မလုပ်နိုင်သေးပါဘူး ပြောခဲ့တာလေ"

 

 

ကောင်းရှို့လျန်သည် ပထမတော့ ညွှန်ကြားရေးမှုးလော့ရှုကျီ ကိုကြောက်နေပေမယ့် သူ့စကားကိုကြားသောအခါ မနေနိုင်ပဲ ပြန်ပြောတော့သည်။

 

 

"ညွှန်ကြားရေးမှုးလော့ ကျွန်မ ဘာလို့ အာ့အလုပ်တွေ မလုပ်လဲဆိုတာ ရှင် နားမလည်ပဲနဲ့မပြောပါနဲ့။ ရှင် အလုပ်တွေစီစဥ်ပေးခဲ့တုန်းက ကျွန်မ အဆင်သင့်လည်း မဖြစ်သေးလို့ပါ။ ရိက္ခာ ထောက်ပံ့ရေးပွဲရုံက အလုပ်ဆိုလည်း မနက်ပိုင်းဆို အရမ်းအလုပ်များတဲ့အလုပ်ပါ။ ကျွန်မက အိမ်မှာလည်း ကလေးသုံးယောက်နဲ့ ကျွန်မယောက်ျား လောင်ကျောက်ကလည်း တပ်ထဲမှာ အလုပ်ရှုပ်နေတော့ သူ့ကိုလည်း အိမ်အလုပ်တွေ အားကိုးလို့မရဘူး။ မနက်စာပြင်တာတွေ ကလေးကျောင်းပို့ရတာတွေ အကုန်ကျွန်မပဲ လုပ်ရတာ။ ကျွန်မသာ ရှင်စီစဥ်ပေးတဲ့အလုပ် လုပ်ရင် ကျွန်မ အိမ်အလုပ်တွေ ဘယ်သူလုပ်မလဲ။ ကလေးတွေကို ဘယ်သူ ကျောင်းကြိုပို့လုပ်မလဲ"

 

 

ကောင်းရှို့လျန် အပြင်အလုပ်မလုပ်သည်က အိမ်အလုပ်ရှုပ်သည့် အကြောင်းပြချက်တစ်ခုတည်းသာ မဟုတ်ပဲ သူတို့စီစဥ်ပေးသည့်အလုပ်ကို သဘောမကျ၍လည်းပါသည်။

 

 

ကောင်းရှို့လျန်သည်လည်း တုံးအနေတာမဟုတ်ပါ။ အကယ်၍ အလုပ်အကိုင် ရှာဖွေရေးရုံးကသာ လင်းဝေ့ကိစ္စကိိုသေချာ မဖြေရှင်းပေးနိုင်လျှင် သူမသည် အထက်ကို တက်ကာ ​ဖြေရှင်းချက်တောင်းမည်ဖြစ်သည်။

 

 

ထိုအတွေးများကို သူမစိတ်ထဲတွင်သာ ထားလိုက်သည်။ ထို့နောက် သူမ အိမ် အလုပ်ရှုပ်သည့် အကြောင်းအရာကို ရုံးရှိလူများကို ရှင်းပြနေခဲ့သည်။ သူတို့မှာလည်း လင်းဝေ့ကို ပြန်မပြောတတ်တော့ပါ။ သူမမှာလည်း ကလေး သုံးယောက် နှင့် အလုပ်ရှုပ်ကြောင်းကို သူတို့သိသောကြောင့်ပင်ဖြစ်သည်။

 

 

ညွှန်ကြားရေးမှုး လော့ရှုကျီသည်လည်း စိတ်ကိုအရှည်ဆုံးထားကာ အလေးအနက် ရှင်းပြလိုက်သည်။

"ရဲဘော်ကောင်း ကျွန်မတို့လည်း ရှင်က မိသားစု အရေး အိမ်အလုပ်တွေနဲ့ ခက်ခဲမှန်းသိပါတယ်။ ဒါပေမယ့် ကျွန်မတို့ဘက်ကနေလဲ စဥ်းစားပေးပါဦး။ ကျွန်မတို့ ဖာသာ စီစဥ်ချင်တာ စီစဥ်ပေးလို့မှမရတာ။ အခု ဘယ်ဌာနကမှ အလုပ်ခေါ်တာမရှိဘူး။ လစ်လပ်တဲ့နေရာလည်း မရှိဘူး။ ဒါ့ကြောင့် ကျွန်မတို့ကလည်း ရှင့်ကို အလုပ်စီစဥ်ပေးလို့မှမရတာ ဟုတ်တယ်မို့လား"

 

 

ကောင်းရှို့လျန်သည် နစ်နာသူ တစ်ယောက်လိုပြော ပြန်သည်။

 

 

"ညွှန်ကြားရေးမှုးလော့ ကျွန်မကို အရူးမလုပ်ပါနဲ့။ လွန်ခဲ့တဲ့နှစ်တုန်းက ကျွန်မပဲ အလုပ်မရတာ တစ်ခြား အရာရှိဇနီးသည်တွေက အဆင်ပြေတဲ့အလုပ်ရကြတယ်လေ။ မူလတန်းကျောင်းက ဆရာမ ဟွမ် တို့၊ ဆန်စပါးပွဲရုံ က ရဲဘော်ဝမ် တို့၊ အသီးအရွက်ပွဲရုံက ရဲဘော် စွန်း တို့……"

 

 

ကောင်းရှို့လျန်ပြော၍ မပြီးသေးခင် ညွှန်ကြားရေးမှုး လော့က ဖြတ်ပြောလိုက်သည်။

"ဟုတ်ပါတယ် ကျွန်မတို့က ရှင်ပြောတဲ့ အရာရှိဇနီးသည်တွေကို အလုပ်တွေစီစဥ်ပေးခဲ့ပါတယ်။ ဒါပေမယ့်သူတို့က ရှင့်ထက်အရင် တပ်ထဲပြောင်းလာကြတာလေ။ ရှင့်ထက်အရင် အလုပ်အက်ိုင် ရှာဖွေရေးရုံးမှာ လျှောက်လွှာတင်ထားကြတာလေ။ အခုခတ် လူ့အဖွဲ့အစည်းက တရားမျှတတဲ့ လူ့အဖွဲ့အစည်းပါ။ လူတိုင်းမှာ တန်းတူ အခွင့်အရေးရှိပါတယ်။ ဒါ့ကြောင့် သူတို့ကိုကျော်ပြီး ရှင့်ကို အလုပ်ပေးလို့မှ မရတာ ဟုတ်တယ်မလား။ ရှင့် ထက် နှစ်လလောက် နောက်ကျတဲ့ အမျိုးသမီး ဟွမ်ကို အလုပ်ပေးတယ် ဆိုတာကလည်း သူက အထက်တန်းအောင်ထားတယ်။ အာ့အချိန်မှာ မူလတန်းကျောင်းကလည်း ဆရာမအရေးပေါ်လိုအပ်နေတာနဲ့ကြုံသွားလို့ အထူးအခြေအနေဖြစ်သွားလို့ပါ။ ဒါ့ကြောင့် ရဲဘော်ကောင်းရေ အလုပ် ရဖို့က သူ့အစဥ်အလိုက်တိုင်းပဲ ရပါမယ်ရှင့် နားလည်ပါရဲ့လား"

 

 

"ဟုတ်ပါတယ် အမျိုးသမီးဟွမ်က အထူးက်ိစ္စဆိုတာ ကျွန်မ နားလည်ပါတယ်။ ကျန်တဲ့သူတွေကလည်း ကျွန်မထက် စောရောက်လို့ အလုပ်စောရကုန်တာကိုနားလည်ပါတယ်။ ဒါပေမယ့် ရဲဘော်လင်းဝေ့ကျတော့ကော။ သူကျ မနေ့ကမှ ရောက်လာတယ်။ အိမ်ထောင်စုစာရင်းတောင် သွင်းလို့မပြီးသေးဘူး။ ဘာလို့ အလုပ် အမြန် ရသွားရတာလဲ"ဟုကောင်းရှို့လျန်က ပြန်ပြောလိုက်သည်။

 

 

ညွှန်ကြားရေးမှုးလော့သည် အခုမှ ကျွန်းပေါ် ရောက်သည့်အမျိုးသမီးဟု ကြားလိုက်သည်နှင့် ထိုင်နေသည့် နှစ်ယောက်ကို လှည့်ကြည့်ကာ မေးလိုက်သည်။

"လင်းဝေ့?? ဘယ်မိသားစုကလဲ သူမက"

 

 

"ဘယ်သူဖြစ်ရမှာလဲ။ ဒုတပ်ရင်းမှုး ကျုံးရှောက်ရဲ့ အမျိုးသမီးပေါ့။ ညွှန်ကြားရေးမှုးလော့ ဒုတပ်ရင်းမှုးကျုံးရှောက်က သူ့အမျိုးသမီးကို ဇာတိကနေ ခေါ်လာဖို့အတွက် လဝက် လောက် ခွင့်ယူခဲ့တာကို ရှင် မသိလိုက် ဘူး ထင်တယ်"

 

 

ကောင်းရှို့လျန်သည် သူ့စကားကိုပဲ အတင်းပြောချင်နေ၍ ညွှန်ကြားရေးမှုးလော့၏ မျက်နှာ အမူအရာကိုမတွေ့လိုက်ပေ။ ထို့ကြောင့် တမင်သက်သက် သူ့အသံကို မြှင့်လိုက်ပြီး ပြောလိုက်သည်။

 

 

"ရဲဘော် လင်းဝေ့တို့ကတော့ ကံကောင်းတယ်လို့ပြောရမယ်နော်။ တစ်မြန်နေ့ကမှ ကျွန်းပေါ်ရောက်တယ်။ နောက်နေ့ အိမ်ထောင်စုစာရင်း လာသွင်းပြီး ဒီနေ့တော့ ဆေးရုံမှာ အလုပ်ရသွားတယ်။ ကျွတ် ကျွတ် ကျွတ်"

 

 

ကောင်းရှို့လျန် ပြောသည်ကိုကြားပြီး ညွှန်ကြားရေးမှုးလော့သည် မျက်ခုံးပင့်ကာ ဆံပင်တိုနှင့် အမျိုးသမီးကို လက်ညိုးထိုးကာ ခေါ်ပြီး ပြောလိုက်သည်။ "ငါနဲ့ အပြင် ခဏလိုက်ခဲ့"

 

 

ဆံပင်တိုနှင့် အမျိုးသမီး ထွက်သွားပြီးနောက် လော့ရှုကျီက ကောင်းရှို့လျန်ကို လှည့်ကြည့်ကာ ထူးမခြားသော လေသံဖြင့် ချိုချိုသာသာ ပြောလိုက်သည်။

"တောင်းပန်ပါတယ် ရဲဘော်ကောင်း။ ကျွန်မ မနေ့က ခွင့်ယူထားတော့ ဒီကိစ္စတွေ မသိလိုက်ဘူး။ ဒါ့ကြောင့် ဒီမှာ ခဏလောက် ထိုင်ပါဦးနော်။ ကျွန်မ အကြောင်းစုံသိအောင် မေးလိုက်ပါဦးမယ်"

 

 

ကောင်းရှို့လျန်လည်း သူမ လေသံကို ဂရုမထားမိပဲ ညွှန်ကြားရေးမှုးလော့ ပြောသည်ကို နားထောင်ကာ ဇာတ်လမ်းလေးများ ရှိတော့မည်ကို နားလည်လိုက်ပြီး ပြုံးရင်း ပြန်ပြောလိုက်သည်။

"ဟုတ်ကဲ့ ဒါဆိုရင်လည်း ကျွန်မ စောင့်နေလိုက်ပါ့မယ်"

 

 

လော့ရှုကျီလည်း ဆံပင်တို အမျိုးသမီးနှင့်အတူ ထွက်သွားလိုက်သည်။ သူတို့ထွက်သွားသည်နှင့် ကောင်းရှို့လျန်က ရုံးခန်းထဲမှာ ထိုင်စရာ နေရာရှာကာ ထိုင်လိုက်ပြီး စာရေးခုံမှာ ထိုင်ကျန်နေခဲ့သည့် အမျိုးသမီးကို စကားပြောလိုက်သည်။

 

 

"အတွင်းရေးမှုးဟဲ့ ရေ… ညွှန်ကြားရေးမှုးလော့က အခု စိတ်တိုနေမလား မသိဘူး။ မန်နေဂျာဝူကိုတော့ မဆူလောက်ပါဘူးနော်"

 

 

အတွင်းရေးမှုးဟဲ့လည်း အဓိပ္ပါယ်မရှိတာတွေ လာမေးနေသည်ဟု သဘောထားကာ ကောင်းရှို့လျန်ကို လျစ်လျူရှုထားလိုက်သည်။

 

 

တစ်ဖက်က ဘာမှ ပြန်မပြောသည်ကိုတွေ့၍ ကောင်းရှို့လျန်လည်း နှာခေါင်းရှုံ့ကာအေးစက်စက်လေသံဖြင့်ပြန်ပြောလိုက်သည်။

 

 

"ပြောရမယ် ဆိုရင် ရှင်တို့ကလည်း ပြောချင်စရာကိုး။ ရှင်တို့ ဒီမှာ လုပ်လာတာ မနေ့တစ်နေ့ကမှ လုပ်လာတာမဟုတ်တော့ဘူး။ ဒါကိုတောင် အရာရှိဇနီးသည်တွေရဲ့အလုပ်စီစဥ်ပေးတဲ့ လုပ်ငန်းစဥ်တွေကို မေ့သွားကြတာလား။ ဘာလို့ ဒီလိုအမှားမျိုး လုပ်ကြတာလဲ။ ကျွန်မက ထောက်ပြတာပါ။"

 

 

ထိုသို့ပြောသည်ကို ကြားသည်နှင့် အတွင်းရေးမှုးဟဲ့ လည်း မနေနိုင်တော့ပဲ မျက်လုံးလိမ့်လိုက်သည်။ သူတို့လုပ်ငန်းစဥ်အတိုင်း မလုပ်လိုက်မ်ိတာ မှန်ပေမယ့် သည်လောက်ကြီးတော့ ပြောစရာ မလိုဘူးမလား။

 

 

အလုပ်အကိုင် ရှာဖွေရေးရုံးသည် အရင်လျှောက်လွှာတင်ထားသော အရာရှိဇနီးသည်များကို ဦးစားပေးကာ အလုပ်ရှာပေးရမည်မှာ မှန်သည်။ သို့သော် လစ်လပ်နေရာရှိပြီး အလုပ်လိုအပ်ချက်များနှင့်လည်း ကိုက်ညီရမည်ဖြစ်သည်။ လျှောက်လွှာ အစဥ်လိုက် လူတိုင်းအလုပ်ရကြသည်တော့ မဟုတ်ပေ။ အလုပ်က သတ်မှတ်သည့် အရည်အချင်းများ ပြည့်မှီသည့် လူများကိုသာ အလုပ်အက်ိုင် ရှာဖွေရေးရုံးက အလုပ်ရှာပေးနေခြင်းဖြစ်သည်။