၇၀ ခုနှစ် စုံတွဲ၏ နေ့စဉ်ပုံမှန်အစီအစဉ်
အပိုင်း ၂၄
လင်းဝေ့ တပ်ထဲမလာခင် အိမ်အဟောင်းမှ ပစ္စည်းများရောင်းခဲ့သော ငွေများရှိသော်လည်း လျော့စျေးဖြင့် ပစ္စည်း အသစ်များထပ်ဝယ်သောအခါ ငွေက
သုံးမလောက်ခဲ့ပေ။
ထို့အပြင် ပစ္စည်းဝယ်လျှင် လက်မှတ်ဖြင့် ဝယ်ရသော ပစ္စည်းက များလေရာ
တစ်ချို့ပစ္စည်းများမှာ ရောင်းလိုက်သော်လည်း ပြန်မဝယ်နိုင်သေးသော ပစ္စည်းများဖြစ်နေသည်။
လင်းဝေ့ တပ်ထဲ ပြောင်းမလာခင်ကပင် အစပိုင်းတွင် အခက်အခဲများ ကြုံရနိုင်သည်ကို
ကြိုတွေးထားပြီးဖြစ်သည်။ လက်မှတ်များမရှိ၍ ပစ္စည်း ဝယ်ရာတွင် အခက်အခဲများ ရှိနိုင်သောကြောင့်ဖြစ်သည်။
လင်းဝေ့ မရောက်ခင်ကတည်းက စိတ်ကိုပြင်ဆင်ထား၍ စိတ်မညစ်ပါ။ ထို့ကြောင့်
ကျုံးရှောက်ကို ပြောလိုက်သည်။ "ကျွန်မ အဆင်ပြေပါတယ် အလုပ်ကို လမ်းလျှောက်ပြီးပဲ
သွားလိုက်မယ် လတ်တလောတော့ စက်ဘီး မလိုသေးဘူး။"
ကျုံးရှောက်က ထပ်မေးလိုက်သည်။"မင်းဆေးပေးခန်းကို အလုပ်သွားရင်
လမ်းလျှောက်သွားဖို့ တစ်ကယ် အဆင်ပြေတယ်နော်"
လင်းဝေ့လည်း ခေါင်းငြိမ့်ကာ ဆက်ပြောလိုက်သည်။
"ပြေပါတယ်။ ညွှန်ကြားရေးမှုးချန်ကတော့
ကျွန်မကို အချိန်သုံးရက်ပေးထားတယ်။ နောက်နေ့ တနင်္လာကို အလုပ်ဆင်းရမှာ။ ဒီရက်ပိုင်းအတွင်း
ကလေးထိန်းပေးန်ိုင်မယ့် သူကို ရှာလိုက်ဦးမယ်"
"ဟုတ်ပြီလေ။ ဒါဆို ညွှန်ကြားရေးမှုးချန်ကို အကြောင်းကြားပြီးပြီလား"
"သူမကတော့ မနက်ဖန်မှ ပြောလည်းရတယ် လို့ပြောတယ်"
"လုပ်ဖို့ဆုံးဖြတ်ပြီးပြီ ဆိုတော့ ထမင်းစားပြီးရင် သွားပြောလိုက်သင့်တယ်လို့
ကိုယ်ထင်တယ်" ဟုကျုံးရှောက်က ပြောလိုက်သည်။
လင်းဝေ့လည်း "မမြန်လွန်းဘူးလား" ဟုပြောလိုက်ရာ ကျုံးရှောက်က
ဖြေခဲ့သည်။
"လုပ်လိုက်မယ်လို့စဥ်းစားမှတော့ အလုပ်အတွက် စိတ်ကို ကြိုပြင်ထားတာကောင်းတာပေါ့။
နောက်မှ ဆုံးဖြတ်တာထက် စောစော လုပ်လိုက်တာ ပိုမကောင်းဘူးလား တော်ကြာ ညဘက် အိပ်မပျော်တာတွေ
ဖြစ်နေဦးမယ်"
ကျုံးရှောက်က အပိုလုပ်ပြောနေသည်ဟု လင်းဝေ့ထင်မိသည်။ အလုပ်က ကောင်းတယ်
ဆိုတာတော့ ညွှန်ကြားရေးမှုးချန်ပြောလို့ သူမလည်း သိပြီးပါပြီ။ ဘာများ ထပ်ပြောင်းလဲမှာမလို့လဲ။
တစ်ညပဲ အချိန်ဆွဲတာလေးကို အိပ်မက်ထဲအထိ ထည့်မက်စရာလား။
သို့သော် သူမပြန်စဥ်းစားကြည့်လိုက်သည်။ လင်းဝေ့ ဤ အသက်အရွယ်နှင့်
ဒုတပ်မှုးဖြစ်လာသည်မှာ သူ့စွမ်းဆောင်ရည် လက်ရုံးရည် ကြောင့်သာမဟုတ်ပဲ ဖြတ်ထိုးဉာဏ်
နှလုံးရည်ကြောင့်လဲ ဖြစ်လေရာ ကျုံးရှောက်က သူမထက် အရှေ့ကို ပိုမြင်နိုင်လိမ့်မည်။ ထို့ကြောင့်"ဒါဆိုရင်
လည်း ကျွန်မ ထမင်းစားပြီးရင် သွားလိုက်မယ် ပန်းကန်တွေတော့ရှင်ဆေးလိုက်ပါနော်"
ဟုပြောလိုက်သည်။
ကျုံးရှောက်ကလည်း "ဟုတ်ပြီ" ဟုပြောလိုက်သည်။
…
စားသောက်ပြီးနောက် လင်းဝေ့လည်း ညွှန်ကြားရေးမှုးချန်အိမ်ကို သွားလိုက်သည်။
ဤအချိန်တွင် ဗိုလ်မှုး စုန့်လည်း အိမ်တွင်ရှ်ိနေသည်။ ဗိုလ်မှုးစုန့်က
အရပ်ရှည်ကာ စစ်ဝတ်စုံအပြည့်ဖြင့် တည်တည်ကြည်ကြည် ပုံစံကိုတွေ့ရ၍ လင်းဝေ့လည်း စကားပြောရန်
ဆွံ့အသွားသည်။ သို့ပေမယ့် ဗိုလ်မှုးက ညင်သာစွာ စကားစပြောလိုက်သည်။ လင်းဝေ့က သူ့အမျိုးသမီးနှင့်
ပြောစရာ ကိစ္စရှိမှန်းသိ၍ စကားအနည်းငယ်ပြောပြီး ရှောင်ပေးခဲ့သည်။
ဗိုလ်မှုးစုန့် ထွက်သွားပြီးနောက် လင်းဝေ့လည်း သူမ ဆုံးဖြတ်ချက်ကို
ညွှန်ကြားရေးမှုးဆီ ပြောပြလိုက်သည်။"အစက ကျွန်မ မနက်ဖန်မှ လာမလို့ပါပဲ။ ဒါပေမယ့်
စဥ်းစားလိုက်တော့ မနက်ဖန်မှ လာပြောရင် ညွှန်ကြားရေးမှုးချန်ရဲ့ အလုပ်တွေ နှောင့်နှေးကုန်မှာစိုးတာနဲ့
အခုပဲ လာခဲ့လိုက်တာပါ"
ညွှန်ကြားရေးမှုးချန်လည်း အသာအယာပြန်ပြောလိုက်သည်။"ဘယ်အချိန်ပြောပြော
အတူတူ ပါပဲကွယ်။ ဒါဆိုရင်အခု ဆုံးဖြတ်ပြီးပြီပေါ့နော်။ မနက်ဖန် တနင်္လာမနက် ရှစ်နာရီကို
ဆေးရုံကို လာသတင်းပို့နော်။"
လင်းဝေ့လည်း ခေါင်းငြိမ့်ကာ ဟုတ်ကဲ့ပါ ဟု ပြောလိုက်သည်။
လင်းဝေ့လည်း အလုပ်အကြောင်းပြောပြီး ချက်ချင်းပြန်ရန် လုပ်ထားသော်လည်း
ညွှန်ကြားရေးမှုးချန်က ခဏထိုင်ကာ စကားပြောဖို့ ဆွဲထားခဲ့သည်။သူမအိမ်က ကလေးများကိုလည်း
တွေးမိပြီး ဗိုလ်မှုးစုန့်လည်း ရှိနေ၍ နေရခက်နေပြီး ခဏအကြာတွင် ပြန်ခွင့်ပြုရန် ပြောကာ
ထွက်ခဲ့လိုက်တော့သည်။
ဗိုလ်မှုးစုန့် အိမ်ရှေ့လမ်းမှ ပြန်လာစဥ်တွင် ရှည်လျားသည့်ပုံရိပ်နှင့်
တိုသည့်ပုံရိပ်နှစ်ခု သူမဆီ လျှောက်လာသည်ကိုတွေ့လိုက်ရသည်။ ထိုပုံရိပ်များ နီးလာသောအခါ
လင်းဝေ့က ဝမ်းပန်းတသာ မေးလိုက်သည်။
"ဘာလို့ လိုက်လာကြတာလဲ"
" မှောင်နေပြီ ဆိုတော့ မင်းကို လာကြိုတာလေ"
ဟု ကျုံးရှောက်က ပြန်ပြောလိုက်သည်။
မင်မင်ကလည်း ပြောလိုက်သေးသည်။"မေမေ သားတို့ လေ ဘယ်သူက မေမေ့
ဆီ အရင် ရောက် ရောက် ဆိုပြီး ပြေးလာကြတာ"
ရွေ့ရွေ့ကတော့ ပြေးလာရ၍ မောနေကာ ဘာမှမပြောနိုင်ပဲ ဟောဟဲဆိုက်နေခဲ့သည်။
လင်းဝေ့လည်း သူတို့ခေါင်းလေးတွေ ပွတ်သပ်ပေးလိုက်ပြီး ပြုံးကာပြောလိုက်သည်။"သားတို့
လိမ္မာလိုက်တာကွယ်"
ကလေးများက လင်းဝေ့ ထပ်ပြောမည့်စကားကို မျက်လုံးလေး ပုတ်ခတ် ပုတ်ခတ်လုပ်ကာ
စောင့်နေခဲ့သည်။ လင်းဝေ့ ဘာမှ မပြောလေတော့ သူတို့က မေးလိုက်သည်။"မေမေ ဖေဖေ့ကိုကော
မချီးကျူးတော့ဘူးလား။ ဖေဖေက သားတို့ကို ဒီခေါ်လာတာလေ။"
လင်းဝေ့သည် ကလေးများ၏ စကားကိုကြားလျင် ကျုံးရှောက်ကို မော့ကြည့်လိုက်သည်။
လင်းဝေ့ မျက်လုံးထဲမှ စနောက်နေသယောင် ယောင် အပြုံးများကိုမြင်လျင်
ကျုံးရှောက်က ဟန်ဆောင်ကာ ချောင်းခြောက် အနည်းငယ် ဆိုးလိုက်ပြီးနောက် ပြောခဲ့သည်။"ငါတို့……"
ကျုံးရှောက်ပြော၍ မပြီးသေးခင် လင်းဝေ့သည် ကျုံးရှောင်ခေါင်းပေါ်
လက်တင်ကာ ပြောလိုက်သည်။
"ဖေဖေ မေမေ့ကို လာကြိုပေးတဲ့အတွက် မေမေလည်း အရမ်းပျော်ပါတယ်နော်
သားတို့လဲ ဖေဖေ့လို…………"
လင်းဝေ့၏ လက်ဖဝါးနုနုလေးက ကျုံးရှောက် ဆံပင် တိုလေးများကို ထိလိုက်သည်နှင့်
တစ်ပြိုင်နက် ကျုံးရှောက်က တစ်ခြားဘာအသံမှ မကြားတော့ချေ။ မိသားစုအိမ်ရာဝန်းကမ်းခြေမှ
အုန်းပင်များကို လေ တိုးဝှေ့တိုက်နေသည့်အသံနှင့် လှိုင်းလုံးများက ကျောက်ဆောင်ကို ရိုက်ခတ်နေသည့်
အသံများသာကြားရတော့သည်။
ထို့အပြင် လူတစ်ဦးတည်းကသာ သူ့ကမ္ဘာထဲ ကျန်နေခဲ့သည်။
ကျုံးရှောက်တို့ မိသားစုကို တောင်းပန်ရသည့် ကိစ္စနှင့်ပတ်သက်၍ ကျောက်ဖုန်းတို့
မိသားစုသည် ဤရက်ပိုင်းတွင်း အခြေအနေ သိပ်မဟန်ပေ။
ကောင်းရှို့လျန်က ပေါက်ကွဲမပြခဲ့ပေမယ့် သူ့ယောက်ျားမျက်နှာကိုကြည့်ပြီး
မျက်နှာညိုးနေခဲ့သည်။
ကျောက်ဖုန်းက မိသားစုအတွက် အပြင်မှာ အလုပ်ကြိုးစားလုပ်နေရသူဖြစ်သည်။
သူ့မိန်းမ မျက်နှာအမူအရာကိုတွေ့သည့် ကျောက်ဖုန်းကလည်း စိတ်ထဲ မပျော်ပဲ မွန်းကြပ်လာသည်။
ထို့ကြောင့် ညနေပိုင်း ထမင်းစားပြီးချိန်တွင် အိမ်အပြင်ထွက်လာကာ
မိသားစုအိမ်ရာဝန်း၏ ဂိတ်ဝရှိ ကျောက်တုံးပေါ်တွင် ထိုင်နေကာ ဆေးလိပ်သောက်နေ၏။
သူ ဆေးလိပ် တစ်လိပ်မကုန်ခင်တွင် ကျုံးရှောက်က ကလေးနှစ်ယောက်နှင့်
အပြင်ထွက်လာသည်ကို တွေ့လိုက်ရသည်။ ဘယ်သွားမလို့လဲမေးတော့ ကလေးတွေနဲ့လမ်းလျှောက်ထွက်လာသည်ဟု
ပြန်ဖြေသောကြောင့် သူလည်း ဆက်မမေးတော့ပဲ ကောင်းကင်ကိုကြည့်နေလိုက်သည်။
ဆေးလိပ်ကို တစ်ချက်ရှိုက်လိုက်ပြီး ပြန်ရှုထုတ်လိုက်သည်။ ထိုကဲ့သို့
ဆေးလိပ်သောက်နေပြီး နှစ်လိပ်မြောက်မကုန်သေးခင် ကျုံးရှောက် ပြန်လာသည်ကို တွေ့လိုက်ရသည်။
ဤတစ်ခါတော့ သူနှင့်အတူ နောက်တစ်ယောက်ပါလာသည်။ ပန်းပွင့်ရိုက်ဂါဝန်ဝတ်ထားသည့် သူ့မိန်းမဖြစ်ပြီး
သူမ ဂါဝန်က လေအဝေ့တွင် ရမ်းခါနေခဲ့သည်။
ကျုံးရှောက်က သူ့ကလေးတွေတင်မက သူ့မိန်းမပါ ခေါ်လာပြီး လမ်းလျှောက်နေတာပဲဟု
တွေးလိုက်ပြီး ဆေးလိပ်သောက်နေသည်ကို ရပ်လိုက်သည်။
ထိုသို့တွေးနေစဥ် ကျုံးရှောက်က လှမ်းမေးလိုက်သည်။
"ဆေးလိပ်သောက်နေတုန်းပဲလား အစ်ကို "
ကျောက်ဖုန်းလဲ တစ်ဟဲဟဲ ရီလိုက်ပြီး ပြောလိုက်သည်။
" နှစ်လိပ်လောက်ပါပဲ အာ့ဘက်ကနေ ဘာလို့ပြန်လာကြတာလဲ"
"ဝေ့ဝေ့က ကိစ္စလေးရှိတော့ တစ်ယောက်ယောက်နဲ့တွေ့နေရလို့ပါ။
မှောင်လာလို့ ကျွန်တော်တို့ သားအဖတစ်တွေက သွားကြိုကြတာပါ" ဟုကျုးရှောက်က ပြောလိုက်သည်။
ကျုံးရှောက် ပြောလိုက်သည့် နာမည်ကို စဥ်းစားကာ ကြောင်သွားသည်။
"ဝေ့ဝေ့" တဲ့။ ကြက်သီးထစရာကောင်းလိုက်တာ။
ကျောက်ဖုန်းလဲ သူ့လက်ထဲက ဆေးလိပ်ကို ပစ်ချလိုက်ပြီး ခြေဖြင့် နင်းချေလိုက်ကာ
ပြောလိုက်သည်။
"လျန်လျန်လည်း ကျွန်တော့ကို ခေါ်နေပြီမို့လို့ အိမ်ပြန်လိုက်ဦးမယ်နော်"
လင်းဝေ့ ဟူသော အမည်တွင် လင်းသည် မျိုးရိုးနာမည်ဖြစ်ပြီး ဝေ့ သည်သာ
နာမည်ဖြစ်လေရာ သူမနှင့်ရင်းနှိီးသည့် သူတိုင်းသည် ဝေ့ဝေ့ ဟုခေါ်ကြသည်။ ထို့ကြောင့်ကျုံးရှောက်လည်း
အထူးတလည် တွေးမနေတော့ပဲ ဝေ့ဝေ့ ဟုသာ ခေါ်လိုက်ခြင်းဖြစ်သည်။
သို့သော် ကောင်းရှို့လျန် နာမည်က ရှို့လျန် ဟူသည့်နှစ်လုံးရှိသည်ကို
ကျောက်ဖုန်းက လျန်လျန်ဟု ခေါ်လိုက်၍ လင်းဝေ့ ကြောင်သွားသည်။
နောက်မှ သူတို့နှစ်ယောက်က လင်မယားဆိုသည်ကို ပြန်တွေးမိလိုက်သည်။
လျန်လျန် ဟုခေါ်သည်က အနည်းငယ် ကြက်သီးထစရာ ကောင်းသော်လည်း သူတို့ လင်မယားကြား ဆက်ဆံရေးက
အဆင်ပြေသည်ကိုပြနေသည်။
ထို့ကြောင့် သူမတို့ အိမ်ပြန်ရောက်သောအခါ ကျုံးရှောက်ကို မေးလိုက်သည်။"ဒုဦးစီးမှုး
ကျောက်နဲ့ ရဲဘော်ကောင်းတို့က အရမ်းချစ်ကြမယ်လို့ မထင်ထားဘူးနော်"
"ဘာလို့ အာ့လိုထင်တာလဲ"
လင်းဝေ့လည်း ထမင်းစားစားပွဲဆီ သွားလိုက်ပြီး ရေသောက်ဖို့ ကြွေရည်သုတ်ထားသော
ရေခွက်ကို ယူလိုက်ကာ ပြောလိုက်သည်။"ရှင် စောနက မကြားလိုက်ဘူးလား ဒုဦးစီး ကျောက်က
ရဲဘော်ကောင်းကို လျန်လျန်လို့ ခေါ်လိုက်တာကိုလေ"
ကျုံးရှောက်လည်း နှာခေါင်းရှုံ့ကာ အသက်ရှုလိုက်ရင်း ပြောလိုက်သည်။"
ကိုယ်လည်း မင်းကို ဝေ့ဝေ့လို့ ခေါ်လိုက်တာပဲလေ"
လင်းဝေ့ - "အ…ဟွတ်…ဟွတ် !"
…
ကျုံးရှောက်နှင့် သူမိန်းမ လင်းဝေ့တို့ ကြည်နူးနေကြသည်ကို မြင်လိုက်၍
ကျောက်ဖုန်းလည်း အိမ်ပြန်ကာ သူ့မိန်းမနှင့် ပြန်အဆင်ပြေရန် စကားပြောမည် ဟုတွေးကာ အခန်းထဲ
ဝင်သွားလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က လင်နဲ့မယားပဲလေ။ သူတို့နှစ်ယောက်အကြား ဆက်ဆံရေး
အေးစက်နေတာ မကောင်းဘူးဟု တွေးလိုက်သည်။
သို့သော် ကောင်းရှို့လျန်က မနက်ဖြန် တပ်မတော်ပြန်လည် နေရာချထားရေးရုံးသို့
သွားကာ ဖြေရှင်းချက်သွားတောင်းမည့်အရေးသာတွေးနေ၍ သူမ ယောက်ျားကိုပင် အာရုံမစိုက်နိုင်ပါ။
သူမ ယောက်ျားပြောသည့်စကားများကိုလည်းဝတ်ကျေတန်းကျေ အင်းးးအဲ သာ ပြန်ပြောခဲ့သည်။
ကျောက်ဖုန်းလဲ တပ်မှုးတစ်ယောက်ဖြစ်ပြီး စစ်သားအများကို အုပ်ချုပ်လေသူ
ဖြစ်လေရာ သူ့မိန်းမအမူအရာကိုကြည့်ပြီး သူလည်း မတုံးအပါ။ သူ့မိန်းမ သူ့ကို ဝန်ကျေတန်းကျေ
ပြုမူနေမှန်းသိလိုက်သည်။
သူတို့နှစ်ယောက်အိပ်ပြီး မိနစ်အနည်းငယ်ကြာလျင် အလွန်ပူလာ၍ ကျောက်ဖုန်းက
ဂွမ်းကပ်စောင်ကို အောက်သို့ အနည်းငယ် ဆွဲချလိုက်သည်။
ကျောက်ဖုန်း စိတ်ထဲ တွင် မပျော်၍ တစ်ညလုံး အိပ်၍ မရပေ။ ထို့ကြောင့်
မနက်မိုးလင်းသောအခါ မျက်ကွင်းများညိုနေခဲ့သည်။