Chapter 57
Viewers 2k

♎️Chapter 57




"သူတို့ဘာတွေပြောနေကြတာလဲ..."



 ဖုယွမ်ကျိုးက အပြင်ဘက်ကိုတချက်လှမ်းကြည့်လိုက်သည်။ မာမားဖုနှင့်ရှဲ့လင်တို့နှစ်ယောက် မည်သည့်စကားများပြောနေကြမှန်းမသိနိုင်ပေ။ သူတို့ဂိမ်းအကြောင်းပြောနေကြတာများလား။


ယွိဖေး: "အစ်ကိုပြန်လာရင်သိရမှာပေါ့ကွာ..."


"ငါတို့ထမင်းစားလို့လည်းပြီးသွားပြီ...မင်းကဘာလို့မသွားသေးတာလဲ..." 

ယွမ်ယဲ့က ရှန်းရှီကောကိုနှင်ထုတ်နေသည်။ 

"မနက်ဖြန်မနက်အတွက်ပါ စားသွားမလို့လား..."


"ငါ့အိမ်ကရှေ့တင်ပဲ...မိနစ်နည်းနည်းလောက်လျှောက်တာနဲ့ရောက်တယ်..." 

ရှန်းရှီကောကပြုံးနေဆဲပင်။

 "မင်းအိမ်မပြန်သေးဘူးလား...မိုးချုပ်နေပြီ...ခဏနေရင်ကားငှားလို့ရမှာမဟုတ်တော့ဘူး.."


ယွမ်ယဲ့: "ရပါတယ်...ငါကညအထိနေမှာ..ယွမ်ကျိုး..အချို့လူတွေနဲ့ယှဥ်ရင် ငါကမင်းနဲ့နေလည်းရတယ်မလား..."


"ပြန်တော့..." 

ဖုယွမ်ကျိုးက ရှန်းရှီကောနှင့်ဝေးရာတွင်ထိုင်နေပြီး အေးစက်စက်ဖြင့်စကားပြောနေလေသည်။


 "ငါတို့အိမ်ကမင်းကိုမကြိုဆိုဘူး..."


သူ့စကားဆုံးသည်နှင့် မာမားဖုကအပြင်မှခေါင်းပြူလာပြီး ရုတ်တရက်လှမ်းပြောလာလေသည်။ 

"အဲဒီမှာပဲထိုင်မနေကြနဲ့တော့..ကြိုက်တာလုပ်ကြ...ကတ်တွေဂိမ်းတွေကစားကြ...ရှောင်ကျိုး...မင်းသူတို့ကိုကောင်းကောင်းဆက်ဆံနော်..."


ဖုယွမ်ကျိုး: "...."


"ရှောင်ကျိုး...ပြောတာကြားလား..." 

သူအသံတိတ်နေ၍ မာမားဖုကအကူအညီမဲ့ဟန်ဖြင့်ထပ်ပြောလိုက်ရသည်။ 


"ကြားပါတယ်ဗျာ..." 

ဖုယွမ်ကျိုး အံကြိတ်ပြီးပြန်ဖြေလိုက်သည်။


နောက်ဆုံးမှ မာမားဖုက သူမဘာသာစကားဆက်ပြောနေသည်။


"မင်းဘာလုပ်ချင်လဲ..." 

ရှန်းရှီကောက လူကြီးလူကောင်းပုံစံဖြင့် ဖုယွမ်ကျိုးအားပြုံးပြလိုက်သည်။

 "စစ်တုရင်ကစားချင်လား...မင်းပဲစစ်တုရင်ကစားချင်လို့ပြောဖူးတယ်လေ..ကိုယ်တော်တော်များများသိတယ်..."


ဖုယွမ်ကျိုး: "မဆော့ဘူး..."


"ဒါဆိုလည်းရုပ်ရှင်ကြည့်ကြမယ်..." 

အကြံပေးရှန်းရှီကောက ထပ်ပြောလာပြန်သည်။


"အခုလေးတင်ကြည့်လာပြီးပြီ..." 

ဖုယွမ်ကျိုးကလည်းပြန်ဖြေလိုက်ပြန်သည်။


ယွမ်ယဲ့ကနှုတ်ခမ်းများကို ချိတ်တစ်ခုနှယ်ကွေးကာဆိုလာ၏။ 

"မင်းအခုထိနားမလည်သေးဘူးလား...မင်းဒီရောက်နေတည်းက ပျော်စရာကိုမကောင်းတော့တာ..မင်းမြန်မြန်ပြန်လိုက်သင့်တယ်..."


"မင်းအိမ်ထဲမှာဂိမ်းစက်တွေထားတဲ့အခန်းရှိတယ်မလား..မင်းကိုယ့်ကိုဓာတ်ပုံရိုက်ပြထားတယ်လေ..."


သူတို့ဘက်မှအေးစက်ပြီး မစာမနာပြောဆိုနေသည့်တိုင် ရှန်းရှီကောဖုယွမ်ကျိုးအပေါ် သဘောကောင်းနေဆဲ။

 "အဲဒီတုန်းက မင်းကိုယ့်ကိုကတိပေးခဲ့တယ်လေ...တစ်နေ့ကိုယ်မင်းအိမ်ကိုလာလည်ရင် ကိုယ်နဲ့အတူဂိမ်းဆော့မယ်ဆိုပြီးတော့...ကိုယ်တို့သဘောတူထားခဲ့ကြတာ..."


"အရင်ကအကြောင်းတွေလာမ​ပြောနဲ့..." 

ဖုယွမ်ကျိုးက ရုတ်ချည်းမတ်တပ်ထရပ်လိုက်သည်။ 

"ပြီးသွားပြီ...ငါလည်းမင်းသူငယ်ချင်းမဟုတ်တော့ဘူး...ထပ်မပတ်သက်ရအောင်...ဟုတ်ပြီလား..."


သူလှည့်ထွက်လာလိုက်သည်။ ယွမ်ယဲ့ကပြုံးကာ သူ့အနောက်မှလိုက်လာလေ၏။

 "ငါမနေ့ကလာတော့ ဂိမ်းမဆော့လိုက်ရဘူး...ငါ့ကိုခေါ်သွားပေး..ငါမင်းနဲ့အတူကစားပေးမယ်..."


နှစ်ယောက်သားထွက်လာခဲ့ကြပြီး ရှန်းရှီကောကဘာမှထပ်မပြောလာပေ။ ယွိဖေးကမူ တခဏမျှဆက်ထိုင်နေခဲ့သည်။ ရှန်းရှီကောဖုယွမ်ကျိုး၏ နောက်ခံအစစ်ကိုအတည်ပြုထားပြီးပြီမှန်းသူမသိထားသော်လည်း သူတို့စကားပြောပုံကိုနားထောင်ရုံဖြင့်သိသွားပြီး မေးကြည့်လိုက်သည်။


 "ကျိုးအာက ရှောင်ချီးဆိုတာသေချာလား..."


"အင်း...သူဝန်ခံလိုက်ပြီလေ.."

 ရှန်းရှီကောပြန်ဖြေလာသည်။ 

"သူ...ငါ့ကိုကြောက်နေတယ်..ဒါပေမဲ့ ဘာလို့လဲတော့ငါမသိဘူး...ပြီးတော့ သူကလည်းမပြောပြဘူး.."


ယွိဖေး: "သူမင်းကိုပြောပြမယ်လို့ရောထင်လား..."


ရှန်းရှီကောကပြုံးလေ၏။ 

"ကြည့်ရတာ မင်းရဲ့ခံစားချက်တွေဖြစ်မယ်..မင်းကရောမင်းရဲ့တဝမ်းကွဲအစ်ကိုကို အရှုံးခံနိုင်လား..."


ယွိဖေးကပြန်မဖြေပေ။ အပြင်ကိုလှမ်းကြည့်လိုက်သည်။ ရှဲ့လင်နှင့်မာမားဖုတို့ကစကားကောင်းနေကြဆဲ၊၊ လူကြီးတစ်ယောက်အနေဖြင့် သူမကသူ့အားဂရုစိုက်ပေးခဲ့သည်။ သို့တိုင် ဆယ်နှစ်ကြာကွဲကွာသွားပြီးနောက် သူမကသူ့အားဧည့်သည်အနေဖြင့်သာဆက်ဆံခဲ့ပြီး ရှဲ့လင်နှင့်မူ ပိုရင်းနှီးလာခဲ့သည်။


"မင်းအတွက်လည်းမထူးမခြားနားပဲလို့တော့ငါထင်တယ်..." 

ရှန်းရှီကော တိုးလျသည့်အသံဖြင့်ပြောလိုက်၏။

 "ငါတခြားလူတွေကိုမနှောင့်ယှက်ပါဘူး...ဒါပေမဲ့ ဖုယွမ်ကျိုးတော့မရဘူး...ငါမလွှတ်ပေးနိုင်ဘူး.."


"ဒါဆိုလည်းကံကောင်းပါစေကွာ..."


ထို့နောက် ယွိဖေးကလည်းမတ်တပ်ရပ်လိုက်ပြီး ဂိမ်းစက်များထားရာအခန်းထဲသို့သွားလိုက်၏။ သူရှန်းရှီကောကို မကူညီနိုင်ဘဲ ဖုယွမ်ကျိုးနှင့်လည်းအဆင်ပြေအောင် မစေ့စပ်ပေးနိုင်ပေ။ သို့ရာတွင် ရှန်းရှီကောကမတ်တပ်ရပ်လာသည်။ 

"ပျောက်သွားပြီလား...မင်းရဲ့ဖယ်ရိုမုန်းအာရုံခံချို့ယွင်းနေတဲ့ရောဂါလေ..."


"....." 


ယွိဖေးမျက်လုံးထဲတွင် အေးစက်သည့်အလင်းတပျကဖြတ်ပြေးသွားခဲ့သည်။ 

"သက်သာလာပါပြီ..မေးပေးတဲ့အတွက်ကျေးဇူးပါ..."


"လုံးဝတော့မသက်သာသေးဘူးမလား...ကုနေတုန်းရှိသေးတယ်မလား..." 


ရှန်းရှီကောက အဓိပ္ပါယ်တစ်မျိုးဖြင့်ပြောလာ၏။ 

"အမြန်သက်သာပါစေလို့ဆုတောင်းပေးပါတယ်ကွာ..."


ဖုယွမ်ကျိုးနှင့်ယွမ်ယဲ့က ဂိမ်းကစားရာအခန်းထဲသို့ဝင်သွားခဲ့သည်။ယွမ်ယဲ့ကသတိထားကာ ဘေးပတ်လည်ကိုလှမ်းကြည့်ပြီး စင်ပေါ်ကဂိမ်းခွေများကိုကြည့်လိုက်သည်။ တစ်ခွေချင်းစီတိုင်း သူသိထားပြီးသားဖြစ်နေပြီး နောက်ဆုံး၌ သူပြောထွက်လာလေသာ်။ 

"ဒီနေရာကတော့သုခဘုံပဲ.."


ဖုယွမ်ကျိုးလည်း ယွမ်ယဲ့အိမ်ကိုရောက်ဖူးသည်။ ယွမ်ယဲ့ မိသားစုကလည်းချမ်းသာလင့်ကစား ဂိမ်းကစားရန်အတွက် ပစ္စည်းကိရိယာများမရှိပေ။ ၎င်း၏အဖေကရှေးရိုးကျပြီး သူ့အိမ်တွင် သူကျွမ်းကျင်မှုမရှိသည့်ပစ္စည်းများကိုထားခွင့်မပေးချေ။ သို့ဖြစ်၍ ယွမ်ယဲ့အတွက် ထိုဂိမ်းများကိုသိရန်ခက်ခဲသည်။


"မင်းဘာဆော့ချင်လဲ..." 

ဖုယွမ်ကျိုးကမေးလိုက်ချေသည်။


"ဘာပဲဖြစ်ဖြစ်ရတယ်..." 

ယွမ်ယဲ့ကလက်ဖြန့်ပြသည်။

 "ငါကတစ်ယောက်တည်းဆော့တယ်ဆိုတာရှားတယ်..ဘယ်သူမှဆော့တာမကောင်းလို့လေ.."


ဖုယွမ်ကျိုးက သူတို့နှစ်ယောက်အတွက် ကစားရန်ကောင်းမည့်ဂိမ်းကိုစဥ်းစားလိုက်သည်။ထိုအခိုက် ယွိဖေးနှင့်ရှန်းရှီကောကရုတ်တရက်ဝင်လာပြီး ယွိဖေးကသူ့အားပြုံးပြလာသည်။

 "ယွမ်ယွမ်...ငါလည်းမင်းနဲ့ဂိမ်းဆော့ချင်တယ်..."


"လာလေ..."


ဖုယွမ်ကျိုးက နည်းနည်းအံ့ဩသွားခဲ့သည်။ယခင်ဘဝက ယွိဖေးသည် ဂိမ်းမကစားတတ်ပေ။ ယခုယွိဖေးရောက်လာရသည့်အကြောင်းအရင်းကိုသူသိချင်နေခဲ့သည်။ ဒါနဲ့..ရှန်းရှီကောကဘာလို့မသွားသေးတာလဲ။


"ငါတော့ လူစုဆော့ရတာကိုကစားချင်တယ်..'Sleeping Island' လေးဆော့လို့ရတယ်..." 

ယွိဖေးက ရှက်စနိုးဖြင့်ကြည့်သည်။

 "ကျိုးအာ..အဲဒီဂိမ်းရှိလား...မရှိရင်လည်းထားလိုက်တော့..."


"ရှိပါတယ်..."


ယွိဖေးဂိမ်းကစားချင်သည့်အချိန်က ရှားပါးသောကြောင့် ဖုယွမ်ကျိုးက တုံ့ဆိုင်းဆိုင်းဖြင့်ပြောလိုက်ရသည်။ 

"ဒါပေမဲ့ ဒီနေ့တော့ လေးယောက်မရှိဘူး..ဆိုတော့ တခြားဟာဆော့ကြမယ်လေ..."


ယွမ်ယဲ့နှင့်ရှဲ့လင်က မဆော့ကြသည့်တိုင် သူရှန်းရှီကောကိုလည်းမခေါ်ချင်ပေ၊၊ ရှန်းရှီကောလက်ကဒဏ်ရာရထားသောကြောင့် ဂိမ်းမကစားနိုင်မည်ကိုစိတ်ပူရသည်။


သို့သော်လည်း ရှန်းရှီကောသူထင်ထားသလိုမဟုတ်ခဲ့ပေ။ 

"ကိုယ်လည်းပါမယ်လေ..."


"မင်းရဲ့အဲဒီလက်နဲ့ကစားနိုင်လို့လား..." 

ယွမ်ယဲ့က သူ့လက်ကိုလှမ်းကြည့်သည်။


"ရတယ်..."

 ရှန်းရှီကောကပြုံးလိုက်သည်။


"ဒါဆိုလည်းသဘောပဲလေ..."


ဖုယွမ်ကျိုးက ငြင်းချင်သော်လည်း ယွမ်ယဲ့ကအရင်စကားပြန်လိုက်သည်။ သူ့အသံက ပျင်းရိနေဟန်ရသော်လည်း မျက်လုံးများကမူစူးရှနေ၏၊ စကားပြောချိန်တွင် သူ့နှုတ်ခမ်းများကတွန့်ကွေးနေခဲ့သည်။ 


"မင်းထပ်မကစားနိုင်တော့ရင် အမြန်ထွက်လိုက်တော့...အကြောရှည်မနေနဲ့..."


"အိုကေ..."

 ရှန်းရှီကောကလည်းပြန်ဖြေလိုက်၏။


"စိတ်လျှော့ပါ.."


ယွမ်ယဲ့ကမျက်လုံးလှိမ့်ပြီး ဖုယွမ်ကျိုးကြောင့်အသံတိတ်သွားလေသည်။


ဖုယွမ်ကျိုးအိမ်တွင် ဂိမ်းစက်အများအပြားရှိသည်။ လေးယောက်လုံး ဂိမ်းစက်နှင့်ချိတ်လိုက်ပြီး တီဗွီတွင်ဂိမ်းပုံစံပေါ်လာခဲ့သည်။ "Sleeping Island" သည် စွန့်စားခန်းဖွင့်သည့် အမဲလိုက်ဂိမ်းပုံစံဖြစ်သည်။ ဂိမ်းထဲမှဇာတ်လိုက်လေးယောက်ကတစ်ဖွဲ့ဖြစ်ပြီး ကျွန်းပေါ်တွင်ပိတ်မိနေသည့် သိပ္ပံပညာရှင်လေးယောက်ကိုကယ်ထုတ်ပေးရမည်ဖြစ်သည်။ မကောင်းဆိုးဝါးများနှင့်တိုက်ခိုက်ပြီး ကယ်ဆယ်ရေးအတွင်း ထိတ်လန့်စရာကောင်းသည့်လျို့ဝှက်ချက်များလည်းပေါ်လာမည်ဖြစ်သည်။


"ကျိုးအာ...ဘယ်လိုဆော့ရမှာလဲ..."


 ဂိမ်းထဲဝင်လိုက်ကြပြီ။ ယွိဖေးက ဂိမ်းဆော့နေကျလူမဟုတ်သလို handle ကိုကိုင်ထားရင်း အူကြောင်ကြောင်လေးဖြစ်နေသည်။ ဖုယွမ်ကျိုးက သူ့အားချက်ချင်းလာကူညီပေးပြီး စိတ်ရှည်လက်ရှည်ဖြင့်ရှင်းပြပေးလိုက်သည်၊ Handle ပေါ်မှလက်ကို အုပ်ကိုင်ရင်း အသုံးပြုပုံကိုပြသပေးနေသည်။


"ငါကသိပ်မကျွမ်းဘူး...မင်းငါ့ကိုကူညီပေးဦးနော်..." 


ယွိဖေးက သနားစရာပုံလေးဖြင့်အကူအညီတောင်းလာသည်။


ဖုယွမ်ကျိုးက မငြင်းခဲ့ပေ။ 

"ကိစ္စမရှိဘူး...ငါမင်းကိုကူညီမှာပါ..."


နောက်ဆုံးတော့ ဂိမ်းထဲရောက်သွားခဲ့ကြသည်။ ဇာတ်ကောင်လေးယောက်က ဖန်သားပြင်တွင်ပေါ်လာ၏။ ဇာတ်ကောင်ကိုရွေးချယ်ပြီးသည်နှင့် ကိရိယာများကအရင်ဆုံးပေါ်လာခဲ့သည်၊ ယွမ်ယဲ့ဇာတ်ကောင်ကသေနတ်များကိုင်ထားခဲ့၏။ ရုတ်တရက် ဖန်သားပြင်တွင် 'ဒိုင်း' ကနဲအသံထွက်လာခဲ့သည်။ ရှန်းရှီကော၏ဇာတ်ကောင်က အပစ်ခံလိုက်ရခြင်းပင်၊။သွေးများကဖန်သားပြင်ပေါ်ကိုပန်းထွက်လာပြီး တလိမ့်လိမ့်ဆင်းလာလေသည်။


"အိုး...စိတ်မရှိပါနဲ့...လက်ချော်သွားလို့..." 

ယွမ်ယဲ့ကနှုတ်ခမ်းတို့ကိုပင့်လိုက်ကာ ရိုင်းဆန်းသည့်အပြုံးဖြင့်ဆိုလာ၏။ 


"ကြည့်ရတာငါအသင်းသားတွေမထိအောင်လုပ်ဖို့ မပြောင်းလိုက်မိဘူးထင်တယ်..."


ယွမ်ယဲ့ဇာတ်ကောင်က ရှန်းရှီကောနှင့်မတူပေ။ ပစ်မှတ်ကိုထိအောင်ပစ်နိုင်ပြီး ၎င်း၏အဝေးပစ်စကေးနှင့်ပေါင်းလိုက်သည့်အခါ ရှန်းရှီကောကို တည့်တည့်ထိအောင်ပစ်နိုင်ခဲ့သည်။ သို့ရာတွင် ၎င်းကအင်မတန်တည်ငြိမ်နေဆဲ။


ဖုယွမ်ကျိုးက ၎င်း၏ဗျူဟာနှင့် အလွန်အမင်းရင်းနှီးနေခဲ့သည်။ ယခင်ဘဝက နှစ်ယောက်အတူကစားကြချိန်တွင် ယွမ်ယဲ့ကသူ့အားဒေါသထွက်ခဲ့ပြီး ယခုလိုလုပ်ခဲ့ဖူးသည်။ဖုယွမ်ကျိုးကလည်းစိတ်တိုလာ၍ အံကြိတ်ပြီးယွမ်ယဲ့ခေါင်းကို တစ်ချက်တည်းပစ်ခွဲပြီးအနိုင်ယူခဲ့သည်။ယခုတော့ယွမ်ယဲ့က အခြားတစ်ယောက်ကိုပစ်မှတ်ထားတိုက်ခိုက်နေပြီး သူအနည်းငယ်စိတ်ပေါ့ပါးသွားခဲ့ရ၏။


"ကိစ္စမရှိဘူး..."

 ရှန်းရှီကောကလည်း ဒေါသမထွက်ဘဲ အေးအေးဆေးဆေးတုံ့ပြန်လိုက်သည်။

 "နောက်ကျရင်ပိတ်ထားဖို့သတိရပေါ့..."


"ပိတ်ဖြစ်မှာမဟုတ်ဘူး..." 

ယွမ်ယဲ့က လက်ထဲမှ handle ကိုလျှောက်နှိပ်နေသောကြောင့် "ကလစ်" ဆိုသောအသံနှစ်ခါထွက်လာပြီး ဇာတ်ကောင်က သေနတ်ကိုင်ကာဟိုရောက်သည်ရောက်ဖြစ်နေလေသည်။ ထို့နောက် သေနတ်ကိုရှန်းရှီကော၏ ရင်ဘတ်အားထောက်ထားလိုက်၏။ 


"ဒါကပိုပြီးစိတ်လှုပ်ရှားစရာမကောင်းဘူးလား..."


ရှန်းရှီကောဆိုသည့်အနှီသူက ဘာမဆိုသည်းခံနိုင်သည်။ လှောင်ပြောင်သရော်မှုကပင် သူ့အပေါ်အလုပ်မဖြစ်ပေ၊၊ ၎င်းကိုဂိမ်းထဲတွင် ခဏမျှထိန်းထားနိုင်ခဲ့ပြီး ဖုယွမ်ကျိုးကို ကြကြာမနှောင့်ယှက်နိုင်အောင်အချိန်ဆွဲထားလိုက်ခြင်းက ပိုကောင်းပေမည်။


Handle ကိုသိပ်မကိုင်ထားသည့်တိုင် ယွမ်ယဲ့၏ဂိမ်းထဲမှစွမ်းဆောင်ရည်က ပြိုင်ဘက်မရှိပေ။ သူကသာ ရေထဲတွင်ယက်ကန်ယက်ကန်ဖြင့်ကူးခတ်နေရသော ဘဲတစ်ကောင်ပမာဖြစ်နေလေသည်။ သူလုပ်စရာရှိသမျှလုပ်ပြီးသည့်နောက် ဖုယွမ်ကျိုးဘက်ကိုလှည့်ကာပြုံးပြလိုက်ပြီး အနှီသူချီကျုးလာမည့်အချိန်ကိုစောင့်နေခဲ့သည်။ ထို့နောက် ဖုယွမ်ကျိုးကသူဆော့နေသည်ကိုကြည့်မနေခဲ့ပေ။ ထိုအစား ယွိဖေးကိုသာဆော့ပုံဆော့နည်းသင်ပြပေးနေခဲ့သည်။


ယွိဖေး စကစားနေတည်းက သူဝင်မကစားသေးပေ။


ယွမ်ယဲ့က ၎င်း၏ဩချစရာလုပ်ဆောင်ချက်ကို မည်သူကမှကြည့်မနေသောကြောင့် မပျော်မရွှင်ဖြစ်သွားခဲ့လေသည်။ အမှိုက်လိုမစ်ရှင်အား တစ်ယောက်မှဝင်မပါကြသောကြောင့် သူပိုပြီးစိတ်ညစ်လာခဲ့ရ၏။


သူတကယ်ကြီးစိတ်တိုလာပြီဖြစ်ရာ ဖုန်းကိုထုတ်ကာ ယွိဖေးကို WeChat အဖွဲ့မှထုတ်ပစ်ပြီး ဖုယွမ်ကျိုးကိုမနှောင့်ယှက်ရန်စာပို့လိုက်သည်။ မကြာသေးခင်က ယွိဖေးသည်သူနှင့်ပူးပေါင်းမည်ဟုသဘောတူထားခဲ့ပြီး သူတို့နှစ်ယောက်၏ခင်မင်မှုက အမှိုက်ဆန်သော်ငြား အနည်းဆုံး စကားတစ်ခွန်းတစ်လေပြောခြင်းက ဘာမှမပြောဖြစ်ခြင်းထက်ပိုကောင်းလိမ့်မည်။


"မင်းရှန်းရှီကောနဲ့ပိုရင်းနှီးလေ...သူ့ကိုငါပိုသတ်ချင်လာလေပဲ" 


ယွမ်ယဲ့မက်ဆေ့ချ်ရိုက်လိုက်သည်။

 "သူစိတ်မရှည်တော့ရင် ထပြန်သွားလိမ့်မယ်"


ဖုန်းမြည်သံကြောင့် ယွမ်ယဲ့ကဖုန်းထုတ်ကြည့်လိုက်ပြီး ယွမ်ယဲ့ကိုမော့မကြည့်ဘဲစာပြန်ရိုက်လိုက်သည်။ 

"ဘယ်လိုလုပ်မှာလဲ"


"မင်းဘာမှလုပ်စရာမလိုဘူး..မင်းစကေးကသောက်ရမ်းညံ့တယ်...သူ့ကိုသတ်ဖို့ကအလွယ်လေး..အယောင်ဆောင်ခင်မင်နေကြရင်တောင်ပေါ့" 

ယွမ်ယဲ့က မညှာမတာဝေဖန်တိုက်ခိုက်နေ၏။


"သူ့လက်မှာဒဏ်ရာနဲ့ဆိုတော့ သိပ်ကစားနိုင်မှာမဟုတ်ဘူး...လွတ်မှာလည်းမဟုတ်ဘူး...မင်းပုံမှန်ကစားရုံနဲ့သူ့ကိုထိနိုင်တယ်"


ယွိဖေးက မက်ဆေ့ချ်ကိုခံစားချက်မရှိသည့်မျက်နှာဖြင့်ကြည့်နေသည်။ သည့်နောက်ဖုန်းကိုဘေးဖယ်ထားလိုက်ပြီး ဖုယွမ်ကျိုး၏ Handle ကိုင်နည်းသင်ကြားမှုအပေါ် အာရုံစိုက်ထားလိုက်၏။ ယွမ်ယဲ့ကသူ့အား ဆက်တိုက်မျက်စိမှိတ်ပြနေသော်လည်း မျက်စိတမှိတ်အတွင်း ကစားပွဲကအပြောင်းအလဲဖြစ်သွားခဲ့သည်။


ယွမ်ယဲ့မပျော်မရွှင်ဖြစ်ခဲ့ရသည့်တိုင် ယခုတော့ တိုက်ခိုက်ရန်စိတ်ပါနေသည့်တစ်ဦးတည်းသောသူမှာ ရှန်းရှီကောသာဖြစ်ပြီး ၎င်းကရှေ့ဆုံးမှဦးဆောင်နေလေသည်။ သူနှင့်ယွိဖေးတို့ကဖုယွမ်ကျိုးနှင့်ဘေးချင်းကပ်ထိုင်နေကြပြီး ရှန်းရှီကောက သူတို့နှင့်ဝေးနေလေသည်။ ၎င်းကတစ်ယောက်တည်းအထီးကျန်နေပုံရသော်လည်း ဂရုစိုက်ပုံလည်းမရပေ။


အဖွင့်နေရာကိုဖြတ်ကာ လမ်းလျှောက်လာပြီးသည့်နောက် မြေပံဖြွင့်လိုက်သည့်အခါ ရန်သူအစုက ဇာတ်ကောင်လေးယောက်ကိုဝန်းရံထားလိုက်ကြ၏။ ဤအပိုင်းက လေ့လာရန်အတွက်သာဖြစ်၍ လွယ်ကူရိုးရှင်းလေသည်။


သူသည်ကား အခြားသူများ၏တိုက်ကွက်အပေါ်အာရုံစိုက်ထားပြီး ဖုယွမ်ကျိုးက ယွိဖေးအားသူပြောသည့်အတိုင်းလုပ်ရန်ညွှန်ကြားနေသည်။ ယွမ်ယဲ့ကိုမူ မကောင်းဆိုးဝါးအုပ်စုကဝိုင်းအုံထားပြီး ဖုယွမ်ကျိုးကသူ့ဘက်လှည့်လာအောင်လုပ်နေလေသည်။


ယွိဖေးကဂိမ်းကစားရာတွင်မကျွမ်းကျင်ရှာပေ။ နှစ်ခါသေပြီးသည့်အခါ သူရှန်းရှီကောရှိရာသို့ခဲရာခဲဆစ်လျှောက်သွားလိုက်ရပြီး မကြာမီမှာပင် ရှန်းရှီကောကသူ့အနီးမှမကောင်းဆိုးအုပ်စုကို အပြတ်ရှင်းလိုက်ခြင်းအားမြင်လိုက်ရလေ၏။


ရှန်းရှီကောတိုက်ခိုက်နေသည်ကို မည်သူကမှသတိမထားမိပေ Dungeons တလှည့်ပြီးသွားသည့်အခါ ရရှိလာသည့်လက်နက်ဇယားနှင့် မကောင်းဆိုးဝါးအရေအတွက်ပေါ်လာခဲ့သည်။ မကောင်းဆိုးဝါးအများစုကိုရှန်းရှီကောကသတ်လိုက်ပြီး ယွမ်ယဲ့နှင့်ပမာဏတူသည်။ သူ့လက်ထဲတွင်ဒဏ်ရာရထားသော်လည်း အဆင့်အလိုက်ကြည့်ပါက အားလုံးထဲတွင်သူတစ်ယောက်တည်းကသာ မကောင်းဆိုးဝါးအဆင့်နှင့်ညီမျှနေလေသည်။