♎️Chapter 58
ဖုယွမ်ကျိုးက တည်ငြိမ်နေပုံရသော်လည်း တကယ်တမ်းတွင်အံ့အားသင့်နေလေသည်။ ရှန်းရှီကောကဂိမ်းကစားသည့်နေရာတွင်တော်ကြောင်းသူသိထားသော်လည်း သူ့အဆင့်က သိထားသည့်အဆင့်ထက်ပင်ကျော်နေလေသည်။
သူသည်အားမနည်းပေ။ ကစားသမားများထဲတွင် ထိပ်ဆုံးဆယ်ယောက်နေရာတွင်ရှိနိုင်သည်။ ရှန်းရှီကောကသူ့ထက်ပိုသာသော်လည်း အတူတူနီးပါးဟုထင်ထားခဲ့သည်ပင်။ အရင်ဘဝက သူတို့နှစ်ယောက်ကစားစဥ်တွင် ရှုံးလည်းရှုံးဖူးသလိုနိုင်လည်းနိုင်ဖူးကြသည်၊၊ ယခုမူ သူမှတ်မိထားခဲ့သည်ထင်ပင် ပိုတော်ပြီးပိုစွမ်းအားကြီးနေလေ၏။
အရင်ဘဝက ငါသူနဲ့ကစားတော့ ငါ့ကိုအလျှော့ပေးထားတာများလား။
ဖုယွမ်ကျိုးမှာမယုံကြည်နိုင်ပေ။ ယွမ်ယဲ့က ဖန်သားပြင်ကိုလှမ်းကြည့်ပြီး ရှန်းရှီကော၏အဆင့်ကိုခန့်မှန်းလိုက်သည်။
"မင်းမဆိုးဘူးပဲ..."
ရှန်းရှီကောက ပုံမှန်လိုပင် ယွမ်ယဲ့ကို ပြန်ချီးကျုးပေးလိုက်သည်။
ယွမ်ယဲ့ကဘာမှမပြောဘဲ Dungeon ကိုနောက်တဆင့်ဖွင့်လိုက်သည်။ မကောင်းဆိုးဝါးအုပ်လိုက်ကြီး ပေါ်လာချိန်တွင် ဖုယွမ်ကျိုးကယွိဖေးကိုကာကွယ်ပေးလိုက်၏။ ယွိဖေးက Handle ကိုကြိုးစားပြီးကိုင်နေရသည်။ ယခုလို ဝရုန်းသုန်းကားဖြစ်နေချိန်တွင် သူရှန်းရှီကောအနားကိုကပ်၍မရသောကြောင့် ဖုယွမ်ကျိုးပြောသည့်အတိုင်းလိုက်လုပ်နေရပြီး သူ့အနေဖြင့် ဖုယွမ်ကျိုးကိုလည်းဒုက္ခမများစေချင်ပေ။
"ဝုန်း..."
RPG တစ်ခုက မကောင်းအုပ်စုထဲကို ကျည်တစ်ခုပစ်သွင်းပြီး လမ်းကြောင်းရှင်းပေးလိုက်သည်၊၊ ရှန်းရှီကောက၎င်းနှင့်မဝေးပေ။
"ကံကောင်းလို့ ဒီတစ်ခါတော့ဘာဒဏ်ရာမှမရလိုက်ဘူး..."
ရှန်းရှီကောက RPG နှင့်ထုလိုက်သည့် ယွမ်ယဲ့ကိုပြုံးပြလိုက်သည်။
"မင်းကပစ်မှတ်ကိုအတိအကျချိန်နိုင်တယ်နော်..."
ယွမ်ယဲ့က ရှန်းရှီကောနှင့်မပြောချင်၍ ထပ်မပြောတော့ပေ။ တကယ်တမ်း၌သူရှန်းရှီကောကိုချိန်ထားသော်ငြား အနှီသူကသူလုပ်မည်ကိုသိနေခဲ့သည်။ သူ၏စစ်တပ်သုံးလက်နက်ကိုပင် ရှောင်နိုင်ခဲ့၏။ သူသည်ကား အကွာအဝေးကိုစနစ်တကျတွက်ချက်နိုင်ပြီး အချိန်ကိုတွက်ချက်နိုင်သည့် ထိတ်လန့်စရာစွမ်းရည်မျိုးရှိသည်။ သူကိုယ်တိုင်လုပ်နိုင်သော်လည်း ရှန်းရှီကောအဆင့်ကြောင့် နောက်တခါလက်လွတ်သွားရပြန်၏။
နောက်တစ်ပွဲအစ၌ ယွမ်ယဲ့ကတီဗွီကိုမကြည့်တော့ဘဲ ရှန်းရှီကောလက်ကိုသာကြည့်နေလေသည်။ ရှန်းရှီကောလက်ဖဝါးပေါ်မှ ဒဏ်ရာကိုသူမမြင်လိုက်ရပေ။ တဖက်က တမင်တကာ ဒဏ်ရာရသလိုဟန်ဆောင်ထားသလားဟုပင် သူထင်လာမိတော့သည်။
သို့တစေ ထိုအခိုက်အတန့်မှာပင် သူကြည့်နေသည်ကိုရပ်လိုက်ရသည်။ အဖြူရောင်လက်ကိုင်က အနီရောင်အစက်လေးအနည်းငယ်ပေကျံနေ၏၊ ဒဏ်ရာကိုကျပ်စည်းထားသည့်ပတ်တီးစမှာလည်းသွေးစိုနေလေသည်။ ထိုအထိ ၎င်းကသတိမထားမိသေးပေ။ တီဗွီကိုသာမမှိတ်မသုန်ကြည့်နေလေ၏။
"မင်း Handle ကို ညစ်ပတ်အောင်မလုပ်သင့်ဘူး..."
ယွမ်ယဲ့ကပြောလာမှ ဖုယွမ်ကျိုးနှင့်ယွိဖေးတို့က လှမ်းကြည့်မိကြသည်။ ရှန်းရှီကောဒဏ်ရာကသွေးထွက်နေသည်ကိုမြင်သွားကြသည်နှင့် ရှန်းရှီကောကခေါင်းငုံ့သွားလေ၏၊ထိုသူကဒဏ်ရာရထားသူဖြစ်သည်မှာ အသေအချာပင်ဖြစ်သော်လည်း မည်သူကမှအလွယ်တကူသတိမထားမိခဲ့ကြပေ။
"ဆောရီး..."
ရှန်းရှီကောက သူ့လက်ကိုအုပ်လိုက်ပြီး တစ်ရှူးစဖြင့် Handle ကိုသန့်ရှင်းသွားအောင်သုတ်နေလေ၏။ ထို့နောက် ခေါင်းမော့ကာပြုံးလာလေသည်။
"ငါအခုလေးတင်သတိမထားမိဘူးဖြစ်သွားတာ..အနောက်ကတော့မပေပါဘူး..."
"မင်းမနာဘူးလား..."
ထိုသူ၏အပြုအမူကထူးဆန်းနေသောကြောင့် ယွမ်ယဲ့ပင်မနေနိုင်တော့ဘဲမေးလိုက်ရချေပြီ။အရင်ဆုံးပတ်တီးစည်းသင့်သည်မဟုတ်လား။
"ရပါတယ်..."
ရှန်းရှီကောက သူ့လက်သူငုံ့ကြည့်သည်။
"ဆက်ဆော့ကြလေ..."
"မြန်မြန်ပြန်တော့..."
ဖုယွမ်ကျိုး နောက်ထပ်သည်းမခံနိုင်တော့ပေ။ ထိုသူလက်ထဲမှ Handle ကိုဆွဲယူပြီးလွှင့်ပစ်လိုက်သည်။
"ဒီလိုပုံစံနဲ့ ဘယ်ဂိမ်းကိုဆက်ဆော့ချင်သေးတာလဲ..."
ရှန်းရှီကောကိုမောင်းထုတ်ချင်စိတ်များနေ၍ သူ့အသံကသိပ်မကောင်းပေ။ သို့သော်လည်း အခြားခံစားချက်များက ရောပါနေလေသည်။
"ဆောရီး...ကိုယ်မင်းကိုစိတ်တိုအောင်ထပ်လုပ်မိပြန်ပြီ..."
ရှန်းရှီကောက မျက်လွှာချကာဆိုလေသည်။
"ကိုယ်တွေးခဲ့မိတာ...ကိုယ်သာမင်းနဲ့ဂိမ်းကစားမယ်ဆိုရင် မင်းပျော်မှာပဲလို့...ကိုယ်ခဏခဏသေနေလည်းဘာမှမဖြစ်ပါဘူး...ဒါပေမဲ့..."
ထိုစကားကြောင့် ယခင်ဘဝကဖြစ်ရပ်ကို ဖုယွမ်ကျိုးပြန်အမှတ်ရသွားခဲ့သည်။ ထိုအချိန်က သူရှန်းရှီကောနှင့်စကားများနေခဲ့ရသော်လည်း ရှန်းရှီကောကဘာမှပြန်မလုပ်ဘဲ ပြုံးသာပြုံးနေခဲ့၏။ သူပျော်နေသရွေ့ ထိုသူအတွက်ကမည်သည့်အရာမှအရေးမကြီးသလိုပင်. သူ့ကိုသတ်ပစ်လိုက်လျှင်ပင် အမှုမထားပုံရသည်။
"ကိုယ်အရင်ပြန်နှင့်ပြီး ပတ်တီးလဲလိုက်ဦးမယ်...ဒါဆို ယွမ်ကျိုးလည်းမကြောက်ရတော့ဘူးပေါ့.."
ရှန်းရှီကောက မတ်တပ်ထရပ်ကာ ဖုယွမ်ကျိုးအားပြုံးပြလိုက်၏။
"နောက်မှတွေ့မယ်..."
ထိုသူသည်ကား တံခါးဖွင့်ပြီးအပြင်ထွက်မည်အပြု မာမားဖုနှင့်ရှဲ့လင်တို့က အထဲဝင်လာကြသည်။ သူအိမ်ပြန်တော့မည်ဖြစ်ကြောင်းပြောလိုက်သည့်အခါ မာမားဖုကသူနှင့်စကားဆက်ပြောချင်သည့်ပုံစံဖြစ်နေသော်လည်း ခဏအကြာတွင် သူ့ဒဏ်ရာကသွေးထွက်နေသည်ကိုမြင်လိုက်ရ၍ အမြန်ဖြည့်ပြောလိုက်လေသည်။
"ရလား...အန်တီ့အိမ်မှာပတ်တီးရောဆေးတွေပါရှိတယ်...အန်တီလဲပေးမယ်လေ..."
"ကျေးဇူးတင်ပါတယ်ဗျာ...ကျွန်တော့်ဘာသာပဲလုပ်လိုက်ပါ့မယ်..."
ရှန်းရှီကောက ဆက်နေချင်သည့်အကြောင်းကိုပြောစဥ်ကရော ပြန်မည့်အချိန်တွင်ပါ အပြုံးမပျက်ခဲ့ပေ။ မာမားဖုလည်းမတတ်နိုင်တော့၍ သူထွက်သွားသည်အထိကြည့်နေပြီးမှ ဖုယွမ်ကျိုးကို စိုးရိမ်နေသည့်မျက်နှာဖြင့်မေးလိုက်သည်။
"မင်းတို့အခုဘာတွေလုပ်နေတာလဲ..."
"ဘာမှမလုပ်ပါဘူး...ဂိမ်းဆော့နေကြတာပါ..."
ယွမ်ယဲ့ကသူ့အစားပြန်ဖြေလိုက်သည်။
"သူဟာသူဂရုမစိုက်တာလေ..."
မာမားဖုကခေါင်းညိတ်ပြပြီး ထပ်မေးပြန်သည်။
"ရှောင်ကျိုး...ရှီကောနဲ့ပြန်ပြေလည်သွားပြီလား..."
"ဟင့်အင်း...ကျွန်တော်သူနဲ့ဘယ်တော့မှ ပြန်အဆင်ပြေမှာမဟုတ်ဘူး..."
ဖုယွမ်ကျိုးက ယခင်အတိုင်း ယတိပြတ်ပြောလိုက်ချေ၏။
"မာမား...ကျွန်တော်ပြောတာကိုယုံ...စကားများရုံတင်မဟုတ်ဘူး...သူကလူကောင်းလည်းမဟုတ်ဘူး..သူနဲ့အရမ်းရင်းနှီးအောင်မနေနဲ့...သူကစကားနဲ့ပြောလို့ရတာမဟုတ်ဘူး..."
သူယခုလိုဖြစ်နေတတ်သည်က ရှားသောကြောင့် မာမားဖုပင် အံ့ဩနေလေသည်။
"ဟုတ်လို့လား...မင်းတို့ကြားမှာအထင်လွဲသွားရုံတင်မဟုတ်လား...ရှီကောကလူကောင်းလေးပါ..."
ဖုယွမ်ကျိုး: "ကျွန်တော်မလိမ်ဘူး..."
"ရှောင်ဖေး...မင်းကရော"
မာမားဖုက ယွိဖေး၏ထင်မြင်ချက်ကိုမေးကြည့်ပြန်သည်။ ယခင် သူတို့အပြန်အလှန်မိတ်ဆက်ပေးကြစဥ်က ယွိဖေးနှင့်ရှန်းရှီကောတို့သိပြီးသားဖြစ်နေခဲ့သည်။
"ကျွန်တော်ကတော့ မပြောတတ်ဘူး..."
ခဏမျှတိတ်ဆိတ်နေပြီးနောက် ယွိဖေးက လက်မခံသလိုငြင်းလည်းမငြင်းပေ။ ရှန်းရှီကောက မရိုးရှင်းမှန်းသူသိသည်။ တားမြစ်ဆေးများကိုသူ့အား မိတ်ဆက်ပေးခဲ့သူမှာ ရှန်းရှီကောပင်ဖြစ်သော်လည်း သူရှန်းရှီကောအကြောင်းပြောလိုက်ပါက နောက်ဆက်တွဲကိစ္စများကိုပါရှင်းပြရလိမ့်မည်။ အီလက်ထရောနစ်ပစ္စည်းများကိုမဖျက်ဆီးရသေးခင်အထိ သူဘာမှပြော၍မဖြစ်ပေ။
သည့်အပြင် သူသိထားသလောက် ရှန်းရှီကော၏ဖယ်ရိုမုန်းများက အန္တရာယ်ရှိသည်။ ယွမ်ယွမ်နှင့် အလွန်အကျွံထိတွေ့မိ၍မဖြစ်ပေ။
ခဏအကြာတွင် ယွမ်ယဲ့ထွက်သွားပြီး ရှဲ့လင်နှင့်ယွိဖေးတို့လည်းအိမ်ပြန်သွားကြသည်။ မာမားဖုကမနက်ဖြန်မနက် ကုမ္ပဏီကိုစောစောပြန်ရမည်ဖြစ်၍ အိပ်ရာဝင်သွား၏။ ယနေ့အပန်းဖြေခဲ့ရသည့်အချိန်လေးက ကြုံတောင့်ကြုံခဲအေးချမ်းစွာနှင့်ပြီးစီးသွားခဲ့သည်။ မာမားဖုကရှဲ့လင်ကို မည်သည့်စကားမျိုးပြောလိုက်မှန်း ဖုယွမ်ကျိုးလည်းမသိတော့ပေ။
အိမ်အကူအဒေါ်က ဧည့်ခန်းကိုသန့်ရှင်းပေးနေသည်။ ဖုယွမ်ကျိုးအနှစ်သက်ဆုံးမှာ ဂိမ်းဆော့သည့်အခန်းပင်။ သူကိုယ်တိုင်သာ သန့်ရှင်းရေးလုပ်တတ်သည်။ ဂိမ်းစီဒီခွေများကို စင်ပေါ်အစီအရီပြန်တင်ပြီး Handle များကိုပါတစ်ခုပြီးတစ်ခုပြန်သိမ်းရသည်။ ရှန်းရှီကောက Handle ကိုပြန်သန့်ပေးသွားသော်လည်း ဖုယွမ်ကျိုးက အရက်ပြန်နှင့်ထပ်သန့်လိုက်သည်။
သူ Handle ကိုကိုင်ပြီး သွေးစွန်းနေသည့်နေရာများကို အသေအချာကြည့်လိုက်သည်။ ရုတ်တရက် လက်ကိုင်ပေါ်တွင်သွေးနံ့ဖျော့ဖျော့ရလိုက်၏။
ဖျော့ဖျော့လေးဆိုသော်ငြား ဖုယွမ်ကျိုးမှာ ဒိတ်ကနဲဖြစ်သွားရသည်။
ယင်းက အယ်လ်ဖာဖယ်ရိုမုန်းဖြစ်ပြီး ရှန်းရှီကောကိုင်သွားသည့် Handle တွင်ရှိနေ၏။ သူခန့်မှန်းထားပြီးသားဖြစ်သော်လည်း ယခုမှပင် ရှန်းရှီကောကအယ်လ်ဖာဖြစ်ကြောင်းအတည်ပြုလိုက်နိုင်ပြီး ၎င်း၏ဖယ်ရိုမုန်းကလည်း...။
ဖုယွမ်ကျိုး Handle ကိုကြည့်ရင်း ငိုင်သွားခဲ့သည်။
ယခုလေးတင် အဆုံးမရှိသည့်လိုအင်လှိုင်းလုံးတစ်ခုကို သူခံစားလိုက်ရသလိုပင်။
ဖုယွမ်ကျိုးက Handle ကိုကိုင်ထားပြီး ခဏအကြာမှာပင် သူရှန်းရှီကော၏ဖယ်ရိုမုန်းတိုက်ခိုက်မှုကို ခံလိုက်ရပြီဖြစ်ကြောင်း သဘောပေါက်လိုက်လေ၏၊၊ သူသည်ကား တမဟုတ်ချင်းတောင့်တင်းသွားရကာ Handle ကိုပင် ရိုက်ခွဲမိလုနီးပါးဖြစ်သွားခဲ့ရသည်။
သူ Handle ကို အရက်ပြန်ဖြင့် အသေအချာထပ်ဆေးလိုက်မှ ပြင်းထန်စူးရှသည့်အနံက တဖြည်းဖြည်းချင်းလျော့ပါးသွားရကာ သူ့နှလုံးမှာလည်း အပြင်းအထန်ခုန်လှုပ်နေခဲ့လေ၏။
ရမ္မက်ဆန်သည့်အနံ့ကိုရလိုက်ချိန်တွင် သူ့နှလုံးသားအောက်ခြေမှ ကြောက်ရွံ့တုန်လှုပ်မှုကိုခံစားလိုက်ရသည်။ ရှန်းရှီကော၏ဖယ်ရိုမုန်းက ပြင်းပြလွန်းသောကြောင့် သူယခင်ဘဝမှ တူညီသောအမှားမျိုးထပ်လုပ်မိမည်ကိုစိုးရိမ်နေမိပြီး ရှန်းရှီကော၏ ထောင်ချောက်တွင် နောက်တကြိမ်ပိတ်မိသွားမည်ကိုစိုးရိမ်မိသည်။
သူထပ်ပြီးအဖြစ်မခံနိုင်တော့ပေ။
ဖုယွမ်ကျိုး အခြားတနေရာတွက်ပြောင်းနေဖို့စတင်စဥ်းစားကြည့်သည်။ သူရှန်းရှီကောကိုမောင်းထုတ်မရလျှင် ရှန်းရှီကောမတွေ့နိုင်သည့်နေရာတွင်သာ သွားနေရတော့မည်။
သူပိုတွေးမိလေ၊ ထိုနည်းလမ်းကဖြစ်နိုင်ချေပိုရှိသလိုခံစားရလေပင်။ သူချက်ချင်းပင် မာမားဖုနှင့်ထိုအကြောင်းကိုဆွေးနွေးလိုက်ချင်သော်လည်း ယခုသူမက အိပ်ပျော်နေပြီဖြစ်၍ ဖုယွမ်ကျိုးသည် နောက်နေ့မှပြောရန်ဆုံးဖြတ်လိုက်ပြီး မနက်ဖြန်တွင်အတတ်နိုင်ဆုံးထွက်သွားနိုင်ရန် ပြင်ဆင်ထားလိုက်လေသည်။
ဂိမ်းစက်ထားရာအခန်းကိုသန့်ရှင်းရေးလုပ်ပြီးသည်နှင့် သူ ကိုယ်လက်ဆေးကြောကာ အိပ်ရာဝင်လိုက်သည်။ ထို့နောက် ဖုန်းယူကာ ရှဲ့လင်ထံမက်ဆေ့ချ်ပို့လိုက်လေ၏။
"မင်းနဲ့အမေနဲ့ ဘာတွေပြောခဲ့ကြတာလဲ..."
ဒိတ်တဲ့ဂိမ်းအကြောင်းပဲလား။ သူထိုစကားကိုမူ မရိုက်ဖြစ်လိုက်ပါချေ။
ရှဲ့လင်ကစာပြန်လာသော်လည်း မာမားဖုနှင့်ပြောခဲ့သည့်အကြောင်းမဟုတ်ပေ။ ဖုယွမ်ကျိုးထပ်မမေးဖြစ်တော့ဘဲ ရှက်ရှက်နှင့်လက်လျှော့လိုက်ရသည်။
"ဒါဆို..."
သူသည် အချိန်အတော်ကြာတုံ့ဆိုင်းနေပြီးမှ ထပ်မေးလိုက်ပြန်၏။
"မင်းဂိမ်းကိုဘယ်လိုထင်လဲ..."
ထိုကိစ္စအတွက် မာမားဖုကသတိပေးခဲ့၍ သူနှင့်ရှဲ့လင်တို့ကလက်ခံလိုက်ရသော်လည်း ရှဲ့လင်ကမူ WeChat တွင်သူနှင့်စကားပြောနေခဲ့သေးသည်။ ဖုယွမ်ကျိုးက ထိုသူ၏အတွေးများကိုမဖော်ထုတ်နိုင်သည့်တိုင် သူမမေးပြန်လျှင်လည်း အာရုံစိုက်စရာဖြစ်နေမည်စိုးရိမ်၍မေးလိုက်လေသည်။
"နောက်မှပြောတော့..."
ရှဲ့လင်ကသူ့အားစာပြန်လာခဲ့သည်။
"မင်းကိုယ့်ကိုနှစ်ရက်အကြွေးတင်နေသေးတယ်နော်..."
"....."
ဖုယွမ်ကျိုးမှာ စာရိုက်ရင်းလက်များပင်တုန်လာခဲ့လေ၏။
"နောက်မှပြောမယ်!"
"မင်းကိုယ့်ကိုကတိပေးထားပြီးသားနော်...စကားတမျိုးမပြောရတော့ဘူး.."
ရှဲ့လင်က အလျှော့မပေးဘဲဆက်ပြောလာသည်။
အစပိုင်းတည်းက သူကိုယ်တိုင်ဝင်ခဲ့သည့်ထောင်ချောက်ဖြစ်နေ၍ သူ့မျက်ရည်များကိုသိမ်းဆည်းထားရုံသာတတ်နိုင်တော့သည်။ ဖုယွမ်ကျိုး မျက်နှာကျက်ကိုမော့ကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။ ထို့နောက် စားပွဲပေါ်မှ ပြောင်လက်နေသောလက်စွပ်ကို ရိပ်ကနဲမြင်လိုက်ရ၍မေးလိုက်လေ၏။
"မင်းကိုလက်စွပ်ပြန်ပေးရမလား..."
"အိုကေ..."
ရှဲ့လင်ကမငြင်းဘဲပြောလာသည်။
"ကိုယ်တို့တရားဝင်တွဲတဲ့နေ့မှ မင်းကိုထပ်ပေးမယ်..."
ဖုယွမ်ကျိုး: "...."
အဲဒီလိုနေ့မျိုးရှိလာမှာကိုမဟုတ်ဘူး!
ရှဲ့လင်နှင့်ပြောပြီးသွားသည့်အခါ သူ့စိတ်ထဲတွင်လေးလံနေသည့်အရာ အများအပြားရှိသော်လည်း မျက်လုံးမှိတ်ထားလိုက်ပြီး မကြာခင် တဖြည်းဖြည်းအိပ်ပျော်သွားခဲ့လေ၏။ နောက်တနေ့နံနက်တွင် မာမားဖုက ကုမ္ပဏီပြန်သွားခဲ့သည်။ သူမကိုမတွေ့လိုက်ရသောကြောင့် အပြင်တွင်နေမည့်အကြောင်းကိုဖုန်းနှင့်ပင်ပြောလိုက်ရတော့သည်။
မာမားဖုက ရှန်းရှီကောကြောင့် သူအပြင်တွင်နေချင်မှန်း ရိပ်မိလေ၏။ သူတို့နှစ်ယောက်က ပုံမှန်စကားများထားကြခြင်းဖြစ်မည်ဟု သူမထင်ထားခဲ့သော်လည်း မနေ့ကတင် ရှန်းရှီကောကအန္တရာယ်များသည့်လူဖြစ်ကြောင်း ဖုယွမ်ကျိုးကအခိုင်အမာပြောနေခဲ့သည်။ ထို့ကြောင့် သူမအနည်းငယ်အာရုံစိုက်ထားမိပြီး ယခုတော့ သူမသားကအမှန်အတိုင်းပြောနေသလိုခံစားလာရသည်။ သူမသားက ပူပန်နေပြီး ရှန်းရှီကောကိုလည်းကြောက်နေသည်။ သူသာအပြင်ထွက်နေလျှင် ရှန်းရှီကောနှင့်အဆက်အသွယ်လုပ်မိတော့မည်မဟုတ်ပေ။
ယခင်ကအတိုင်းသာဆိုပါက သူမလုံးဝသဘောတူမည်မဟုတ်။ ရှောင်ကျိုးက အိုမီဂါဖြစ်သော်ငြား ရင့်ကျက်နေပြီဖြစ်သည်။ တစ်ယောက်တည်းနေထိုင်ခြင်းက ကရိကထများသော်လည်း ရှောင်ကျိုးက ယခုနောက်ပိုင်းပိုပြီး စဥ်းစားတတ်လာသည့်အပြင် စည်းကမ်းရှိလာသည်ကို သူမသတိထားမိခဲ့သည်၊၊ စာလည်းကြိုးစားပြီး သားသမီးဝတ္တရားကျေပွန်နိုင်ကြောင်းကိုလည်းပြသနေခဲ့သည်။ ၎င်းက အရွယ်ရောက်နေလေပြီဟု ဆိုလိုခြင်းပင်။
သို့သော်လည်း သူမတစ်ယောက်တည်းမဆုံးဖြတ်နိုင်၍ သူမယောကျ်ားနှင့် တိုင်ပင်ကြည့်ခဲ့သည်။
ပါပါးဖုသည်လည်း သူ့သားအပေါ်ယုံကြည်နေခဲ့သည်။ သားဖြစ်သူအတွက် ပြဿနာမရှိလောက်ဟုခံစားရသောကြောင့် ဖုယွမ်ကျိုးကို အိမ်အကူအဒေါ်နှင့်နေစေလိုက်သည်။ အမှန်တွင် သူတို့နှစ်ယောက်ကလည်း အလုပ်နှင့်လက်မပြတ်သောကြောင့် အိမ်တွင်မရှိတတ်ကြဘဲ လက်ရှိအခြေအနေနှင့်မထူးမခြားနားပင်ဖြစ်သည်။ အိမ်အကူအဒေါ်သာ ဖုယွမ်ကျိုးနှင့်အတူရှိနေရတတ်၏။