Chapter 59
Viewers 2k

♎️Chapter 59




မာမားဖုက အိမ်အကူအဒေါ်ကိုဖုန်းဆက်ခေါ်လိုက်သည်။ သူမက ဘယ်နေရာတွင်နေရပါစေ၊ ကိစ္စမရှိကြောင်းနှင့် ဖုယွမ်ကျိုးကိုကောင်းကောင်းဂရုစိုက်ပေးမည့်အကြောင်း ကတိပေးလာခဲ့၏။ ထို့ကြောင့် မာမားဖုမှာစိတ်အေးသွားရကာ ဖုယွမ်ကျိုး၏တောင်းဆိုချက်ကိုလိုက်လျောပေးပြီး မကြာခဏဆိုသလို ကုမ္ပဏီအပြန်တွင်ဝင်ကြည့်ပေးမည်ဟု ပြောထားလိုက်သည်။


"ဒီရက်ပိုင်း ကုမ္ပဏီကအရမ်းအလုပ်များတယ်...အလုပ်တွေပြီးသွားရင် အိမ်ရှာပေးတဲ့ ကုမ္ပဏီကိုဖုန်းဆက်ပေးပြီး လုံခြုံတဲ့ရပ်ကွက်ကိုလိုက်ရှာကြည့်လိုက်မယ်..."


"တကယ်လို့ ရှောင်လင်နဲ့ရှောင်ဖေးသာ သဘောတူမယ်ဆိုရင် မင်းတို့တထပ်တည်းနေလို့ရတယ်...မင်းတို့လည်းအချင်းချင်းဂရုစိုက်နိုင်တာပေါ့...ရှောင်လင်သာမင်းနဲ့အတူနေရင် အမေစိတ်ချမှာ..."


ရှဲ့လင်က ဖုယွမ်ကျိုးကိုသဘောကျနေမှန်းသူမသိထားသည်။ သူမအနေဖြင့် ရှဲ့လင်၏စရိုက်ကိုစိတ်ချသောကြောင့် သူမသားကိုအနိုင်မကျင့်နိုင်မှန်း သူမယုံကြည်ထားလေ၏။


ဖုယွမ်ကျိုးက ပြောသမျှအကုန်လုံးကိုသဘောတူလိုက်သည်။ ဖုန်းချလိုက်ပြီးသည်နှင့် သူပိုပြီးနေထိုင်ကောင်းလာကာ အမြန်ပြောင်းရွှေ့နိုင်ရန် မျှော်လင့်ထားလိုက်သည်။


နောက်ရက်အနည်းငယ်တွင်လည်း အေးချမ်းနေခဲ့သည်။ သူနှင့်ရှဲ့လင်ကြားမှဂိမ်းက သံသယဝင်စရာကောင်းခဲ့၍ ယွိဖေးလည်းပါဝင်လာရသည်။ သုံးယောက်လုံး နှစ်ရက်ခန့်အပြင်ထွက်ကစားခဲ့ကြသေး၏။ ကျန်သည့်အချိန်များကိုမူ အိမ်စာလုပ်လိုက်၊ စာဖတ်လိုက်နှင့်အချိန်ကုန်ခဲ့ကြသည်။ WeChat တွင်မူ သူတို့နှစ်ယောက်အချစ်ရေးအခြေအနေကို စနောက်နေကြပြီး ဖုယွမ်ကျိုးကလည်း အလိုက်အထိုက်ရှင်းပြခဲ့သည်။


ရှန်းရှီကောဘက်ကိုပြောရလျှင် ဖုယွမ်ကျိုးမှာသည်ရက်ပိုင်း အပြင်မထွက်လေရာ ၎င်းအပြင်ထွက်မည့်ရက်ကို ဂရုတစိုက်စောင့်ကြည့်နေပြီး အပြင်ထွက်လျှင် ထိုသူနှင့်မတွေ့မိအောင်သတိထားနေရလေ၏။


ရှန်းရှီကောကလည်း လာမလည်တော့ပေ။ မာမားဖုကလည်းအိမ်တွင်မရှိသောကြောင့် သူအကြိုဆိုမခံရနိုင်ကြောင်း သဘောပေါက်ထား၍ဖြစ်နိုင်ပြီး နှင်ထုတ်ခံရနိုင်ခြေရှိ၍ ပေါ်မလာတော့ခြင်းလည်းဖြစ်နိုင်သည်။


မျက်စိတမှိတ်အတွင်း အမျိုးသားနေ့အားလပ်ရက်များ ကုန်ဆုံးသွားခဲ့သည်။ ဖုယွမ်ကျိုးကို အတန်းထဲရှိလူတိုင်းကနှုတ်ဆက်ကြ၏။ သူ့အပြင် နောက်ထပ်ရေပန်းစားသူမှာယွမ်ယဲ့ပင်။ ယခုတော့ WeChat တွင် ထိုသူကသူ့အားဖွင့်ပြောခဲ့သည့်ကိစ္စကို တတန်းလုံးသိသွားကြလေပြီ။


"ဆိုတော့...နောက်ပိုင်းဘာဆက်ဖြစ်သွားလဲ..."


တစ်ယောက်က သူတို့နှစ်ယောက်ကိုကြည့်ကာပြုံးလာသည်။ 


"ငါတို့ကဘော်ဒါတွေပဲဟာ...မရှက်ပါနဲ့...ပြောစမ်းပါ...မင်းတို့အတူနေနေကြပြီလား!"


"ငါတို့ကအဲဒီလိုထင်ရလို့လား..." 

ယွမ်ယဲ့ကလည်းသူ့အား ပြုံးပြုံးလေးပြန်ဖြေခဲ့သည်။


"သိပြီ...."


ကောင်လေး၏မျက်လုံးများက သူတို့နှစ်ယောက်အကြားတွင် ခေါက်တုံ့ခေါက်ပြန်ဝဲနေသည်။ ဖုယွမ်ကျိုးက နားလည်မှုလွဲနေခြင်းမဟုတ်ကြောင်းသဘောပေါက်လိုက်ပြီး ချက်ချင်းဖြေရှင်းလိုက်၏။ 


"လျှောက်တွေးမနေနဲ့...ငါတို့အတူနေတာမဟုတ်ဘူး...ယွမ်ယဲ့က..."


"ငါကမှဖုယွမ်ကျိုးကိုလိုက်နေတဲ့သူ...ဒါပေမဲ့ သူကငါ့ကိုငြင်းတယ်လေ..."


အငြင်းခံရသည့်အကြောင်းပြောလိုက်ရသည့်တိုင် ယွမ်ယဲ့မျက်နှာပေါ်တွင် ရှက်နေသည့်အမူအရာရော စိတ်ပျက်နေသည့်အမူအရာပါမရှိပေ။ ထိုသူ၏ပုံစံကဝမ်းနည်းနေပုံပင်မရ၍ တတန်းလုံးကမယုံကြည်နိုင်ပေ။ ၎င်းတို့က ဝိုးကနဲထအော်ကြပြီး မေးလာကြပြန်၍ယွမ်ယဲ့ကပြုံးပြီးဖြေရပြန်သည်။


"အိုကေ...မမေးကြနဲ့တော့...မင်းတို့သူ့ကိုဆက်နောက်နေရင် ငါမဖြေပဲနေမှာနော်...တစ်ခုခုဆိုရင် ငါ့ကိုပဲလာရှာကြ..."


"ရို့...စကားလုံးရှစ်လုံးတောင်မရေးရသေးဘူး...မင်းကသူ့ကိုကာကွယ်ပေးနေပြီပေါ့လေ..." 


အတန်းဖော်က ပြောင်ချော်ချော်မျက်နှာဖြင့် ယွမ်ယဲ့ကိုစလိုက်သည်။ ယွမ်ယဲ့ကစကားမပြန်သော်လည်း မျက်နှာကမူပြုံးနေဆဲပင်။


ဖုယွမ်ကျိုးကသာနေရခက်လာသောကြောင့် ဗြုန်းစားကြီးဝင်ပြောလိုက်လေ၏။ 


"မင်းတို့အရမ်းအေးဆေးနေတာပဲနော်...အမျိုးသားနေ့မှာပေးထားတဲ့အိမ်စာတွေလုပ်ပြီးပြီလား..."


အားလုံးက ရုတ်ချည်းကြောင်နေကြပြီးမှ သူ့အား ရက်စက်လွန်သည်ဟု အပြစ်တင်လာကြသည်။ ဖုယွမ်ကျိုးက အိမ်စာစာအုပ်ကိုခပ်ဖြည်းဖြည်းသာထုတ်လိုက်ရာ ၎င်းတို့၏မျက်နှာများအကုန်လုံးက ရုတ်တရက်ပြောင်းသွားကြပြီး သူ့အိမ်စာကိုကူးရေးရန် မျက်နှာချိုသွေးလာကြသည်။ ဖုယွမ်ကျိုးက ငြင်းလိုက်သောကြောင့် သူတို့အားလုံးခေါင်းငိုက်စိုက်ကျသွားကြပြီး သူတို့နှစ်ယောက်ကိုထပ်နှောင့်ယှက်ရန်အချိန်မရှိကြတော့ပေ။


****

သူမအလုပ်ပြီးသွားသည်နှင့် မာမားဖုက ဖုယွမ်ကျိုးအိမ်ပြောင်းရန်စတင်ကူညီပေးခဲ့သည်။ သို့ရာတွင် အိမ်အတွက်လိုအပ်ချက်ကမြင့်မားလွန်းပြီး တထပ်တည်းမှာပင် အခန်းနှစ်ခန်းထားစေချင်သည်။ သို့ဖြစ်၍ တစ်ယောက်တည်းနေရန် သင့်တော်သည့်အခန်းကိုမရှာတွေ့နိုင်သေးပေ။ ထပ်ပြောရပါက သူမလည်းအလုပ်များလွန်းနေခဲ့သည်။ ၎င်းကြောင့် ဖုယွမ်ကျိုး၏ နှစ်လယ်စာမေးပွဲရောက်သည့်အချိန်အထိ အတည်တကျမစီစဥ်ဖြစ်သေးပေ။


ဤစာမေးပွဲက ဖုယွမ်ကျိုးပြန်လည်မွေးဖွားလာပြီးနောက် ပထမဆုံးဖြေရသည့်စာမေးပွဲကြီးပင်။ သူ့အတွက် အလွန်တရာအရေးကြီးသည်။ စာမေးပွဲမတိုင်ခင် သူပြန်လှန်လေ့ကျင့်ခန်းများလုပ်ခဲ့ရ၏။ သည့်အပြင် ယခုနောက်ပိုင်း ရှန်းရှီကောနှင့်လည်းသိပ်မတွေ့ဖြစ်သောကြောင့် စာလေ့လာရာတွင်အာရုံစိုက်ထားနိုင်ခဲ့သည်။


စာမေးပွဲရလဒ်ထွက်လာသည့်အခါ ဖုယွမ်ကျိုးရီပို့ကတ်ကိုစစ်ဆေးလိုက်၏။ အတန်းထဲရှိလူငါးဆယ်တွင် သူက ကိုးနေရာ၌ရှိနေလေရာ ကြိုးစားနိုင်ခဲ့သည်ဟုဆိုရမည်။ နောက်ဆုံးစာမေးပွဲအပြီးတွင် သူအဆင့်ကအောက်ရောက်နေခဲ့ပြီး ပြန်လည်မွေးဖွားပြီးတစ်နှစ်ကြာသည်အထိ အထက်တန်းကျောင်းစာများကို သူအတော်လေးပြန်လေ့လာခဲ့ရသည်။


တတန်းတည်းသား ယွမ်ယဲ့သည်လည်း သူ့လိုစာကောင်းကောင်းလုပ်ပုံမရသော်လည်း ဤတကြိမ်စာမေးပွဲတွင်မူ အဆင့်ကောင်းနေခဲ့သည်။ အတန်းထဲရှိ အဆင့်တစ်ပုလ္လင်ထက်မှ ရန်ရှူးထန်ကိုမူ မည်သူကမှ ဆွဲမချနိုင်သေးပေ။ ၎င်းက သင်္ချာတွင်အမှတ်ပြည့်ရထားပြီး ရူပဗေဒနှင့်ဓာတုဗေဒတွင်လည်း စွမ်းဆောင်ရည်ထက်ကျော်လွန်နေခဲ့သည်။


တတိယနှစ်၏ပထမအဆင့်မှာ ပြောစရာမလိုအောင် ရှဲ့လင်ပင်ဖြစ်ပြီး ယွိဖေးက အထက်တန်းပထမနှစ်တွင် တတိယနေရာရခဲ့သည်။ ဖုယွမ်ကျိုးက သူတို့အဆင့်များကိုသိလိုက်ရပြီးနောက် တိတ်ဆိတ်သွားခဲ့သည်။ မေးခွန်းများကိုပြန်လှန်ကြည့်နေစဥ် မိဘများနှင့်အိမ်အကူအဒေါ်က သူ့အခန်းတံခါးကိုလာခေါက်ပြီး နားနားနေနေလုပ်ရန်ပြောလာခဲ့ကြ၏။


ဖုယွမ်ကျိုးသည် ရန်ရှူးထန်ကိုကျေးဇူးတင်ရန်လည်းမမေ့ပါချေ။


ရန်ရှူးထန်က သူ့အပေါ်တွင်သဘောကောင်းခဲ့သော်လည်း သူကရန်ရှူးထန်ကို စာလေ့လာရာတွင်မကူညီခိုင်းခဲ့ပေ။ သို့သော်လည်း ရန်ရှူးထန်သူ့အားပေးခဲ့သည့် စာအုပ်များက အလွန်အသုံးဝင်ခဲ့သည်၊၊ ယခုလိုအမှတ်ကောင်းရခဲ့ခြင်းမှာ ထိုသူကြောင့်ပင်။ သူကလေလွင့်ကြောင်လေးများကိုရှာပေးခဲ့ရုံသာရှိပြီး အကျိုးအမြတ်က အားထုတ်မှုထက်ပိုများနေခဲ့သည်။


တိုက်ဆိုင်သည်မှာ နောက်တစ်ပတ်တွင် ရန်ရှူးထန်၏မွေးနေ့ရှိကြောင်း သူမတော်တဆကြားလိုက်ရသည်။ ထို့ကြောင့် ရန်ရှူးထန်အတွက်မွေးနေ့လက်ဆောင်ပေးရန်ဆုံးဖြတ်လိုက်သော်လည်း ရန်ရှူးထန်လိုအပ်သည့်အရာမျိုးကိုသူမသိပေ။ အွန်လိုင်းသင်ခန်းစာတွေနဲ့ မေးခွန်းဟောင်းတွေပေးလိုက်ရမလား။ အိတ်ကြီးတစ်အိတ်လောက်ပေးလိုက်မယ်။


ဖုယွမ်ကျိုးက ခုံတွင်ထိုင်နေပြီး မေးခွန်းအကြောင်းကိုအသည်းအသန်စဥ်းစားနေမိသည်။ ထိုအချိန် တံခါးဘဲလ်သံမြည်လာပြီး တာ့ယန်က လက်ထဲတွင် စာရွက်တထပ်ကြီးသယ်ကာ အတန်းထဲသို့ဝင်လာလေသည်။


အစက ဖုယွမ်ကျိုးမှာ မေးခွန်းစာရွက်များဖြစ်မည်ဟုထင်လိုက်သော်လည်း ကြည့်လိုက်သည့်အခါ ဆေးသိပ္ပံမေးခွန်းများဖြစ်နေလေ၏။


ခန္ဓာကိုယ်စစ်ဆေးခြင်းက အချိန်နှင့်နေရာအလိုက် အမြဲအသိပေးချက်တင်ပေးရသည်။ ယနေ့လိုသောကြာနေ့ရောက်သည်နှင့် မနက်ပိုင်းတွင် ကျောင်းသားအားလုံးကဆေးရုံတွင်သွားရောက်စစ်ဆေးပေးရသည်။


အထွေထွေစစ်ဆေးမှုတိုင်းကို ကျောင်းမှပစ္စည်းများနှင့်အမြဲစစ်ဆေးခြင်းဖြစ်သောကြောင့် ဖုယွမ်ကျိုးက စိတ်သန့်သလိုခံစားရသည်။ ကျောင်းသားများလည်း ဆေးရုံကိုတကူးတကသွားရန်မလိုအပ်တော့ပေ။


"အကြိုသတိပေးချက်တွေကို စာရွက်အပေါ်ဆုံးမှာရေးပေးထားတယ်...အားလုံးသေချာဖတ်ကြနော်..."


တာ့ယန်: "အယ်လ်ဖာဖြစ်ဖြစ် အိုမီဂါဖြစ်ဖြစ် အရေးကြီးတာက ဒီနှစ်ရက်ထဲမှာ တားဆေးလုံးဝမသောက်ကြနဲ့..ဆေးရုံကမင်းတို့ဖယ်ရိုမုန်းတွေကိုစစ်တော့မှာ.."


"အဲဒီနေ့ကျရင် စစ်ဆေးပြီးတာနဲ့ ထိန်းသိမ်းရေးလည်ပတ်တွေကိုဝတ်ထားဖို့တော့မမေ့နဲ့...မင်းတို့ကိုယ်မှာပုံမှန်မဟုတ်သလိုခံစားရပြီဆိုတာနဲ့..ဆရာဝန်ကိုအချိန်မီပြောကြ..." 


ထို့နောက် သူချောင်းဟန့်လိုက်သည်။ 

"ပြဿနာမရှာကြနဲ့..."


သူသည်ကား မရေမရာနှင့်သာပြောလိုက်သည့်တိုင် heatကာလအကြောင်းကိုပြောချင်နေမှန်း လူတိုင်းသဘောပေါက်ထားကြသည်။ ၎င်းတို့က နည်းနည်းရှက်နေကြပြီး ဘေးဘီကိုခိုးကြောင်ခိုးဝှက်ဖြင့်ကြည့်လိုက်ကြသေးသည်။ ၎င်းတို့မျက်လုံးအများစုက အိုမီဂါနှင့်အယ်ဖာများအပေါ်တွင်ရှိနေကြလေ၏။


ဖုယွမ်ကျိုးက သူတို့အကြည့်ကိုသတိမထားမိဘဲ ခန္ဓာကိုယ်စစ်ဆေးချက်စာရွက်ပေါ်မှ ပစ္စည်းစာရင်းကိုသာကြည့်နေလိုက်သည်။ အများစုက ယခင်ဘဝကနှင့်ကွာခြားသွားခဲ့ပြီ။ ဥပမာ တိတ်တဆိတ်ဖယ်ရိုမုန်းစစ်ဆေးခြင်းနှင့် ဂလန်းစစ်ဆေးခြင်းတို့ပင်။


"အိမ်မှာ မင်းတို့မိဘတွေကိုလက်မှတ်ထိုးခိုင်း..."


ယခုလို ခန္ဓာကိုယ်စစ်ဆေးခြင်းမျိုးကို စာမေးပွဲပြီးသည်နှင့်လုပ်ဆောင်ရတတ်ပြီး အားလုံးကလည်းသိထားကြပြီးသားပင်။ တာ့ယန်က ရှည်ရှည်ဝေးဝေးမပြောတော့ဘဲ သူတို့ကိုသင်္ချာသင်ခန်းစာစပေးခဲ့သည်။ သောကြာနေ့အရောက်၌ ခန္ဓာကိုယ်စစ်ဆေးရန်အတွက် တစ်တန်းချင်းစီက ဆေးရုံကိုသွားရပြီး တထပ်ချင်းစီတွင် အဖွဲ့လိုက်စစ်ဆေးရသည်။


ဖုယွမ်ကျိုးက ရလာသည့်စာရင်းကိုကြည့်ပြီး ခန္ဓာကိုယ်စစ်ဆေးရန်အတွက် ပစ္စည်းများကိုလိုက်ရှာရသည်။ သူကအိုမီဂါဖြစ်၍ ဂလင်းစစ်ဆေးခြင်းကိုပါအပိုလုပ်ဆောင်ရမည်ဖြစ်ရာ ရုံးခန်းတံခါးကိုတွန်းဖွင့်လိုက်သည်နှင့် ဆရာဝန်ကသူ့အားပြုံးကာကြိုဆိုလေ၏။


 "အိုကေ..မင်းလည်ပတ်ကိုချွတ်လိုက်ပါ..."


ဂလင်းစစ်ဆေးမည်ဖြစ်သောကြောင့် ဂလင်ူကိုဖော်ပြရလိမ့်မည်၊၊ ဖုယွမ်ကျိုးလည်ပတ်ချွတ်လိုက်သည်နှင့် စစ်ဆေးမှုအတွင်း ထိန်းသိမ်းထားခြင်းမရှိတော့သောကြောင့် မက်မွန်ပန်းအနံ့က တခန်းလုံးကိုပျံ့သွားခဲ့သည်။


မက်မွန်ပန်းနှင့်တူသောရနံ့က နူးညံ့ချိုမြိန်ပြီး လျစ်လျူရှုထား၍မရပေ။ ချိတ်ကောက်တစ်ခုနှယ် အခြားသူများကိုဆွဲဆောင်ထားနိုင်သည်။ စစ်ဆေးပေးသည့်ဆရာဝန်မှာလည်းအိုမီဂါပင်။ ၎င်းသည်ပင် ထိုအနံ့ကြောင့် ဖုယွမ်ကျိုးကိုထူးဆန်းစွာကြည့်လာခဲ့သေးသည်။


"မင်းရဲ့heatကာလကရောက်တော့မှာလား..." ထိုသူကမေးလာခြင်းပင်။


ဆရာဝန်က "heatကာလ" ဆိုသောစကားကို ဒဲ့ပြောလိုက်သောကြောင့် ဖုယွမ်ကျိုးမှာရှက်စိတ်ဝင်သွားရသော်လည်း ဆရာဝန်များက ၎င်းကိုဂရုစိုက်မည်မဟုတ်မှန်းသူသိထား၏။ ထို့ကြောင့် သူ့ကိုယ်သူတည်ငြိမ်အောင်လုပ်ယူကာတုံ့ပြန်လိုက်သည်။ 


"မဟုတ်ပါဘူး...ပြီးသွားတာတောင်မကြာသေးပါဘူး.."


"ဒါဆိုရင်တော့ မင်းရဲ့ဖယ်ရိုမုန်းထုတ်လွှတ်မှုအားက အရမ်းမြင့်နေပြီ...သာမန်လူတွေထက်ကျော်နေတယ်..."


ဆရာဝန်က ဖုယွမ်ကျိုးကိုထိုင်ခိုင်းပြီး စစ်ဆေးပေးလေသည်။ ၎င်းက ဖုယွမ်ကျိုးကိုယ်ထဲမှသွေးပမာဏအနည်းငယ်ကိုထုတ်ကာ စစ်ဆေးသည့်ပစ္စည်းအတွင်းထဲသို့ထည့်ပြီး ပြန်ထုတ်လိုက်သည်။ သည့်နောက် အချောင်းပုံစံကိရိယာက ဖုယွမ်ကျိုး၏ဂုတ်နှင့်နီးကပ်လာ၏။


Beep ဆိုသောအသံဖြင့် လက်ကိုင်သဏ္ဍာန်ကိရိယာတွင် ရလဒ်ပေါ်လာခဲ့သည်။ အခြားကိရိယာများကလည်း စာရွက်အသေးစားလေးများကိုထုတ်ပေးလာ၏။ ဆရာဝန်က စာရွက်နှစ်ရွက်ကိုနှိုင်းယှဥ်ကြည့်ပြီးနောက် ပြောလာလေသည်။ 


"မင်းရဲ့ဆေးစစ်ချက်တွေကအရ ဖယ်ရိုမုန်းတုံ့ပြန်မှုနှုန်းမြင့်နေတယ်လို့ထွက်လာတယ်..အရင်ကရောဆေးရုံတွေမှာစစ်ဆေးဖူးလား.."


"မစစ်ဖူးပါဘူး..." 


ဖုယွမ်ကျိုးက ခေါင်းသာယမ်းပြလိုက်သည်၊၊ သူတို့၏မိသားစုဆရာဝန်ဒေါက်တာစွင်းပင် သူ၏ဆေးစစ်ချက်အဖြေများနှင့်ပတ်သတ်၍ မှားယွင်းနေသည့်အကြောင်း တစ်ခါပင်မပြောဖူးပါချေ။


စစ်ဆေးပေးသည့်ဆရာဝန်ကလည်း မငယ်တော့ပေ။ ၎င်းတွင်လည်း အတွေ့အကြုံရှိနေသင့်ပြီး အချက်အလက်များထဲတွင် ပေါ်မလာဖူးသည့်အဖြေများကိုရှာတွေ့သွားခြင်းဖြစ်နိုင်သည်။ ဖုယွမ်ကျိုးက သိချင်စိတ်ဖြင့်မေးမိသွားလေ၏။ 


"ဖယ်ရိုမုန်းတုံ့​ပြန်မှုအရမ်းမြင့်နေရင်ဘာဖြစ်တတ်လဲ..."


၎င်းက ပုံမှန်အခြေအနေတစ်ခုပင်ဖြစ်ပြီး ဆရာဝန်ကသူ့ကိုစိတ်ရှည်လက်ရှည်ဖြင့်ပြောပြလာသည်။


"ဖယ်ရိုမုန်းတုံ့ပြန်မှုမြင့်ရင် အယ်လ်ဖာဖယ်ရိုမုန်းတွေကို ဆွဲဆောင်မှုမြင့်စေတယ်..တည်ငြိမ်နေတဲ့ကာလကတိုတောင်းလိမ့်မယ်..heatကာလကို မကြာခဏကြုံနေရမယ်..အချိန်ကြာမယ်..အယ်လ်ဖာဖယ်ရိုမုန်းကြောင့်လည်း အဖျားဝင်နိုင်တယ်..."


ရုတ်တရက် ဖုယွမ်ကျိုးသည် ယခင်တစ်ခါကကိစ္စကိုအမှတ်ရလိုက်မိသည်။ ဒေါက်တာစွင်းက အယ်လ်ဖာဖယ်ရိုမုန်းများနှင့်ထိတွေ့မှုများသောကြောင့် heatကာလရောက်လာချိန်စောလိမ့်မည်ဟု သူ့အားပြောခဲ့ဖူးသည်။ ၎င်းက ဖယ်ရိုမုန်းတုံ့ပြန်မှုမြင့်တက်ခြင်းပေလား။


ဆရာဝန်ကဆက်ပြောလာလေ၏။


 "ဖယ်ရိုမုန်းတုံ့ပြန်တာများရင် ယာယီအမှတ်အသားလုပ်လို့ရတယ်..အမှတ်အသားကဖယ်ရခက်တယ်လေ..အယ်လ်ဖာအပေါ်ကို ဖယ်ရိုမုန်းမှီခိုမှုကတော့ ပိုများလာလိမ့်မယ်..တဖက်က အပြီးသတ်အမှတ်အသားမပေးမချင်း ဖယ်ရိုမုန်းတောင့်တမှုကိုထိန်းသိမ်းရခက်လာစေလိမ့်မယ်.."


"ဒါပေမဲ့...မင်းရဲ့ဖယ်ရိုမုန်းက အရည်အသွေးကောင်းပါတယ်..ဒီဂရီမြင့်ပြီး အားကောင်းတဲ့အယ်လ်ဖာဖယ်ရိုမုန်းနဲ့ဆို မင်းအဆင်ပြေမှာပါ..."


"သာမန်အယ်လ်ဖာဖယ်ရိုမုန်းတွေကတော့ မင်းအပေါ်ကိုသက်ရောက်မှုမရှိဘူး...heatကာလထဲမှာပဲ မင်းအပေါ်သက်ရောက်မှုရှိလိမ့်မယ်...သန်မာတဲ့အယ်လ်ဖာတွေကိုမင်းကဆွဲဆောင်နိုင်တယ်...ပြီးတော့ မင်းရဲ့ဖယ်ရိုမုန်းတွေကလည်း သူတို့ဖယ်ရိုမုန်းတွေရဲ့ဆွဲဆောင်မှုကိုခံရပြီး အပြန်အလှန် လွှမ်းမိုးမှုရှိလာလိမ့်မယ်...ပုံမှန်အရတော့ မင်းရဲ့လိင်အမျိုးအစားကြောင့် သေချာတာကတော့ မင်းအပေါ်မှာသက်ရောက်မှုပိုများလိမ့်မယ်.."


"ဆိုလိုတာက...." 

ဖုယွမ်ကျိုးမှာ ချီတုံချတုံဖြင့် မှတ်ချက်ပြုလိုက်လေ၏။ 

"အယ်လ်ဖာတစ်ယောက်က ကျွန်တော့်အပေါ်လွှမ်းမိုးနိုင်ရင် ကျွန်တော်ကသူနဲ့ပိုပြီးလိုက်ဖက်နိုင်တယ်ပေါ့"


"အဲဒီလိုပြောလို့ရတယ်..."


ဖုယွမ်ကျိုးအတွက် သတင်းကောင်းတစ်ခုမဟုတ်ပေ။ ရှဲ့လင်နှင့်ယွမ်ယဲ့တို့ဖယ်ရိုမုန်းများကြောင့် သူ့ခြေထောက်များပျော့ခွေခဲ့ရပုံကို ရုတ်တရက်တွေးမိသွားခဲ့သည်။ ရှောင်ဖေးနှင့် ရန်ရှူးထန်တို့အပေါ်တွင်လည်း သည်အတိုင်းပင်၊ ရှန်းရှီကော၏ဖယ်ရိုမုန်းပင်မလွတ်ပေ။


"ဒီအခြေအနေကိုပြောင်းလို့မရဘူးလား..."


ဆရာဝန်က သူ၏ဖယ်ရိုမုန်းအပေါ်တုံ့ပြန်မှုများပြားခြင်းအပေါ် အတည်မပြုရသေးလင့်ကစား ဖုယွမ်ကျိုးကမူ ဆယ်ပုံရှစ်ပုံလောက်ခန့်မှန်းထားနှင့်ပြီးပြီ။


"ဂလင်းတွေကို ခွဲစိတ်လိုက်မှပဲရမယ်..ဒါပေမဲ့ ဆရာကတော့အားမပေးဘူး...အဲဒါကခန္ဓာကိုယ်ထိခိုက်စေတယ်..." 

ဆရာဝန်ကရှင်းပြလာလေသည်။ 

 "ခွဲစိတ်ပြီးမှပြန်မကောင်းလာရင် ခန္ဓာကိုယ်ခုခံအားကျသွားမယ်...နောက်ဆက်တွဲရောဂါတွေပါဝင်လာလိမ့်မယ်..."


"နောက်တစ်နည်းကတော့ သိတဲ့အတိုင်း: အရည်အသွေးမြင့်အယ်လ်ဖာတစ်ယောက်က ယာယီအမှတ်အသားလုပ်ပေးတာကိုခံလိုက်တာပဲ..."