Chapter 131
Viewers 6k

🌱Arc 4 - [ကျင့်ကြံရေးလောကတွင် လယ်စိုက်ခြင်း ]


Ch 131

တစ်ချက်တည်းနှင့် ကောင်းကင်ဘုံကိုတက်လှမ်းသွားနိုင်သော လက်တိုလက်တောင်း အလုပ်သမားလေး (၂)



လက်တွေ့ကမ္ဘာတွင်...


လင်းလင်းက နည်းပညာဋ္ဌာနမှ တင်ပြလွှာကိုကိုင်ကာ သူမဆံပင်များကို ကြံရာမရဟန်ဖြင့် ဆွဲဆုပ်ထားမိလေတော့သည်။ 


"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... မင်းတို့တွေ ဒီလောက်လူအများကြီးနဲ့ အရင်းအမြစ်ကို ရှာဖွေနေတာကို သူ ဘယ်ကလာလဲဆိုတာကိုတောင် ခြေရာမခံနိုင်ဘူးတဲ့လား… အဆိုးဆုံးက သတင်းအရင်းအမြစ်သဲလွန်စမှန်သမျှ ပျောက်နေတာပဲ…"


ရှောင်ပိုင်၏အချက်အလက်အရင်းအမြစ်မှာ ထူးခြားနေကြောင်း သူတို့သိရှိထားသည်မှာ မကြာသေးပေ။ လွန်ခဲ့သောရက်အနည်းငယ်က သူတို့ တရားဝင်စုံစမ်းစစ်ဆေးမှုစတင်ခဲ့ပြီး ရှောင်ပိုင်၏အချက်အလက်များကို ကြားဖြတ်ရယူလိုခဲ့သည်။ တစ်စုံတစ်ယောက်က ဆာဗာကို ဝင်ရောက်ရှာဖွေသွားခဲ့သည်မှာမူ အမှန်တကယ်ရှက်စရာကောင်းလှလေသည်။ ပိုရှက်စရာကောင်းသောအချက်မှာ  လူအင်အားများစွာက ၎င်းကို မဖမ်းဆီးနိုင်ခဲ့ပေ။


ထိုအချိန်တွင် နည်းပညာဋ္ဌာနမှ ဝန်ထမ်းများက ချိန်သားကိုက်ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ရုတ်တရက်အော်လာလေသည်။

"သေစမ်း…. နေဦး… တစ်ဖက်ဋ္ဌာနက 'ရှောင်ပိုင်'ကို ရှာတွေ့နိုင်တယ်လို့သံသယရှိတယ်ဆိုပဲ…"


လင်းလင်း၏စိတ်အစဉ်မှာ ပြန်လည်တက်ကြွလာလေသည်။

"ဘယ်မှာလဲ…"


တစ်ဖက်လူက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလာသည်။

"စွေ့ချီချောင်းရှိနေတဲ့ မှတ်ဉာဏ်တုလေယာဉ်ထဲမှာပါ… စွေ့ချီချောင်း ဝက်ခေါင်းငရုတ်သီးချက်ကို ချက်နေတုန်းက ကျွန်တော်တို့ မူမမှန်တဲ့အတက်အကျတွေကို တွေ့ခဲ့တယ်…"


လင်းလင်း : "…."


စွေ့ချီချောင်း၏အစီအစဉ်ကို အချိန်အတော်ကြာအောင် ကြည့်ရှုလာသူတစ်ယောက်အနေနှင့် လင်းလင်းက ဝက်ခေါင်းငရုတ်သီးစိမ်းက မည်သို့သောMemeမျိုးကို ကိုယ်စားပြုသည်နှင့် ရှောင်ပိုင်၏ခံစားချက်များက အဘယ့်ကြောင့် အလွန်အတက်အကျဖြစ်နေရသည်ကို သိထားသည်။ ဤအတက်အကျကြောင့် သူတို့ ရှောင်ပိုင်ကိုရှာတွေ့ခဲ့သည်။ ဤသည်မှာ သူမအတွက် အနည်းငယ်ရယ်စရာကောင်းနေပေသည်။


[ T/N - မေ့သွားမှာစိုးလို့ သတိပြန်ပေးတာပါ အလယ်ခေတ်arc မှာ ရှောင်ပိုင်ကို ဝက်တွေလိုက်လို့ ပြေးရတဲ့အခန်းနဲ့ သူ့ကို ဝက်ခေါင်းနဲ့ ကောက်ပေါက်လိုက်ပြီးတဲ့နောက်ပိုင်း စွေ့ချီချောင်းက သူ့ကို ဝက်ခေါင်းနဲ့ပတ်သက်ပြီး တစ်ခုမဟုတ်တစ်ခု လိုက်စတတ်ပါတယ်၊ အဲဒါကြောင့် ဝက်ခေါင်းဆိုတာ ပါလာတာနဲ့ ရှောင်ပိုင်ကိုစတဲ့ memeဆိုပြီး လူသိများကြတာပါ ] 


သို့သော် ရှောင်ပိုင်ဖြစ်နိုင်သည်ဟု သူမ သံသယရှိနေသောdataမှာ ကျင့်ကြံရေးလောကထဲရှိ စွေ့ချီချောင်း၏ဘဝထဲတွင် နက်နက်ရှိုင်းရှိုင်းနစ်မြုပ်နေလေပြီဖြစ်ကြောင်း သတိထားမိလိုက်ချိန်မှာမူ သူမ မရယ်နိုင်တော့ချေ။


"ငါတို့မှာ ရွေးချယ်စရာဘာရှိလဲ...တကယ်လို့ ရှောင်ပိုင့်ရဲ့dataတွေကို အတင်းအကျပ်ဖယ်ပစ်ရင် အစီအစဉ်ကို နှောင့်နှေးသွားစေမလားဆိုတာ ငါလည်းမသေချာဘူး… ငါတို့နောက်ပြန်သွားပြီး စွေ့ချီချောင်းကို ရှိုးအကြောင်း အစကနေ ပြန်မှတ်တမ်းတင်ခိုင်းမှဖြစ်မှာ…"


ဘယ်လိုလုပ်ရပါ့မလဲ… ဘယ်လိုလုပ်ရပါ့…


လင်းလင်းက ဆံပင်ကိုလက်ဖြင့်ထိုးဖွလိုက်မိပြန်၏။ ကုမ္ပဏီဘက်က ဤကိစ္စကိုကိုင်တွယ်ဖြေရှင်းရန်အတွက် သူမကို အာဏာကုန်လွှဲအပ်ထားသည်။  ဤအရေးကိစ္စကို ကိုင်တွယ်ရန် အကောင်းဆုံးနည်းလမ်းကို ချိန်ဆနေရသည့်အတွက် သူမမှာလည်း ကျဉ်းထဲကျပ်ထဲရောက်နေရပေသည်။ အချိန်အတော်ကြာသွားပြီးနောက် သူမ အောက်နှုတ်ခမ်းကိုကိုက်ထားလျက် ပြောလိုက်သည်။


"သံသယဖြစ်စရာကောင်းတဲ့ဇာတ်ကွက်တွေကို ဖြတ်ထုတ်ပြီး ပုံမှန်အတိုင်းထုတ်လွှင့်လိုက်… မူမမှန်တာတွေကို မင်း သတိမထားမိချင်ယောင်ဆောင်ပြီး စုံစမ်းစစ်ဆေးရေးကို အာရုံစိုက်ထား…"


နောက်တစ်နေ့တွင် ဂိုဏ်းချုပ်ယန်က လူတစ်ယောက်စေလွှတ်ကာ စွေ့ချီချောင်းကို အခေါ်တော်ပါးလိုက်သည်။ များစွာချင့်ချိန်ဆင်ခြင်ပြီးနောက် သူမကိုယ်တိုင်သင်ကြားပြသပေးနေသည့် တပည့်ဖြစ်သူဖေးကွမ်းကို စေလွှတ်လိုက်သည်။ ဖေးကွမ်းက  ဂိုဏ်းချုပ်ယန်၏သူငယ်ချင်းဟောင်းဖြစ်သူ၏သားဖြစ်သည်။ ထို့ကြောင့် သူ ယွီလင်းဂိုဏ်းကိုရောက်လာချိန်၌ ဓားသွေးကျောက်မွမ်းမံရေးအိမ်တော်မှာမနေခဲ့ရချေ။ ဂိုဏ်းချုပ်ယန်က သူ့ကို ကိုယ်တိုင်ကိုယ်ကျသင်ပြပေးခဲ့ပြီး သူ့ကို ငြိမ်သက်ခြင်းအဆင့်သို့ရောက်အောင် လမ်းပြပေးခဲ့သည်။


သူက လူငယ်မျိုးဆက်မှ လူငယ်လေးတစ်ယောက်ဖြစ်ပြီး ရာထူးဂုဏ်ဒြပ်မြင့်မားလှသည်။ အကယ်၍ စွေ့ချီချောင်းက လက်တိုလက်တောင်းအလုပ်သမားများအကြား အောင်နိုင်သူတစ်ယောက်ဆိုပါက ဖေးကွမ်းကလည်း တရားဝင်တပည့်များအကြားတွင် အောင်နိုင်သူတစ်ဦးဖြစ်လေသည်။


သူမ ယခုလိုလုပ်ရခြင်းမှာ အမတထန်ဝေ့ကို လေးစားသောကြောင့်သာမဟုတ်ဘဲ သူ့ရှေ့တွင် သူ့တပည့်မျက်နှာကို ပြချင်သောကြောင့်လည်း ပါသည်။ ထို့ကြောင့် သူမ၏တပည့်ကို စွေ့ချီချောင်းအား လမ်းပြပေးခိုင်းခြင်းဖြစ်၏။ ထိုကိစ္စအပြင် ဖေးကွမ်းက ဖော်ရွေတတ်သူတစ်ယောက်ဖြစ်ကြောင်း သူမ သိထားပြီးဖြစ်သဖြင့် ဤကိစ္စက သူနှင့်သင့်တော်လေသည်။


ထိုအခြင်းအရာကြောင့် ရိက္ခာမှူးလျူက တစ်ဖန်ထိတ်လန့်သွားရပြန်သည်။ ဂိုဏ်းချုပ်တန်ဖိုးထားမြတ်နိုးလှသော တပည့်လေးကိုယ်တိုင် ရောက်လာပုံထောက်လျှင် ဖေးကွမ်းကိုလမ်းပြပေးရန်အတွက် သူစိတ်ငြိမ်အောင်ထားနိုင်ရန် အချိန်အတော်ကြာပေဦးမည်ဖြစ်၏။


ဖေးကွမ်းက ယွီလင်းဂိုဏ်းထဲတွင် အချိန်အတော်ကြာအောင် ကုန်ဆုံးခဲ့ပြီးဖြစ်သော်လည်း စကျင်ကျောက်ပုလဲစေ့ဖာထေးရေးအဆောက်အအုံကိုမူ မရောက်ဖူးချေ။ တစ်ပတ်ပတ်ကြည့်ရန်အတွက် သူ ရိက္ခာမှူးလျူနောက်က လိုက်သွားလေသည်။ စွေ့ချီချောင်းက  အထုပ်အပိုးများကို ထုပ်ပိုးပြင်ဆင်ထားပြီးပြီဖြစ်၍ ကိတ်များကို သစ်ခွရွက်များဖြင့်ထုပ်နေလေသည်။


ကြည့်ရသည်မှာ သူက ၎င်းတို့ကိုထုပ်ပိုးလာပြီး လွင့်မျောဥယျာဉ်ဆီသို့ ယူလာချင်ဟန်ပင်။


စွေ့ချီချောင်းက ဓလေ့ထုံးတမ်းများကို နားမလည်ကြောင်း ရိက္ခာမှူးလျူသိထားသည်။ စွေ့ချီချောင်း အနားကပ်မသွားမီ သူကအသံမြှင့်ပြီး မိတ်ဆက်ပေးလိုက်သည်။

"ချီချောင်း… အမတအရှင်ဖေးကွမ်းက မင်းကိုလာခေါ်နေတယ်...မြန်မြန်လာပြီး အရိုအသေပေးဦး… သူက ဂိုဏ်းချုပ်ရဲ့ထူးချွန်တပည့်ပဲ…"


"ယဉ်ကျေးနေစရာ မလိုပါဘူး…" 

ဖေးကွမ်းက ဂရုမစိုက်ဟန်ဖြင့် လက်ယမ်းပြပြီး စားပွဲနားကိုလျှောက်လာကာ ခပ်ပြုံးပြုံးဖြင့်ပြောလာလေသည်။

"ဒီကိတ်မုန့်ကို မင်းလုပ်ထားတာလား…ငါကြားထားတာတော့ မင်းက ဟင်းချက်စွမ်းရည်နဲ့ ဓားသွေးကျောက်မွမ်းမံရေးအိမ်တော်က တပည့်တွေကို ကျင့်ကြံစဉ်ရပ်ဆိုင်းသွားအောင်လုပ်ခဲ့တာတဲ့... အဲ့ဒါကိုကြားတုန်းက ငါလည်း အရသာမြည်းကြည့်ချင်ခဲ့တာ… အစားအသောက်တွေက ဘယ်လောက်တောင်အရသာရှိမလဲဆိုတာ ငါလည်းသိချင်နေခဲ့တာ…"


"အမတအရှင်…"

စွေ့ချီချောင်းက ဦးညွှတ်လိုက်သည်။

"ဒါက သစ်အယ်သီးကိတ်မုန့်ပါ…"


ဖေးကွမ်းက တစ်စိတ်ယူ၍စားကြည့်လိုက်ပြီး ပြောလာလေသည်။

"ဝိုး အရသာရှိလိုက်တာ…"


ထိုကိတ်ကို သစ်အယ်သီးဖြင့်ပြုလုပ်ထားပြီး ကောက်ညင်းဆန်မုန့်နှင့် ပျားရည်ကိုသုံးထားသည်။ ၎င်းက ချိုမြသော်လည်း အီမနေပေ။ အရသာကလည်း နူးညံ့ပြီး စေးကပ်ကပ်နိုင်သည်။ သစ်အယ်သီးရနံ့က အလွန်ပြင်းလှသည်။ ဖေးကွမ်း ထိုကိတ်ကို ဝါးလိုက်သည့်အချိန်တွင် စွေ့ချီချောင်းက ဆက်လက်ထုပ်ပိုးနေသည်ကို မြင်လိုက်ရသည်။ စွေ့ချီချောင်း ထုပ်ပိုးပြီးစီးသွားသောအခါ သူ စွေ့ချီချောင်း၏အိတ်ထဲမှ  နောက်တစ်စိတ်ထပ်ယူလိုက်ပြီး ရယ်လိုက်မိသည်။

"ငါ နောက်တစ်စိတ်စားဦးမယ်…"


ဖေးကွမ်းက ရွှေရောင်နဂါးကိုအသိအမှတ်ပြုခြင်းအဆင့် (အဆင့်၃)ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ကျင့်ကြံရေး၌ အလုံးစုံမြှုပ်နှံထားတတ်သူဖြစ်၏။ သူက သက်ဝင်တက်ကြွသောအသွင်အပြင်မျိုးရှိပြီး သူ့မျက်နှာကိုကြည့်၍ သူက အသက်နှစ်ဆယ်အစောပိုင်းတွင်သာ ရှိသေးကြောင်း အတပ်ပြောနိုင်လေသည်။


သူ့အပြုအမူများကို စွေ့ချီချောင်းက ဘာမှမပြောပေ။ သူက မုန့်ကိုဆက်လက်ထုပ်ပိုးနေဆဲပင်။


"လမ်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…"

သူက ရိက္ခာမှူးလျူနှင့်တခြားလူများကို ခေါင်းဆတ်ပြ၍နှုတ်ဆက်လိုက်သည်။


"သွားကြရအောင်…"

ဖေးကွမ်းက လက်ခုပ်တီးလိုက်သည်။


ယွီလင်းဂိုဏ်း၏ တောင်ထွတ်ပိုင်းအများစုကို ကြိုးတန်းများဖြင့်ချိတ်ဆက်ထားသော်လည်း စကျင်ကျောက်ပုလဲစေ့ဖာထေးရေးအဆောက်အအုံကမူ ဂိုဏ်း၏အပြင်ဘက်တွင်ရှိပြီး လွင့်မျောဥယျာဉ်ကမူ အလယ်၌ရှိသည်။ အကယ်၍ စွေ့ချီချောင်းသာ တစ်ယောက်တည်းခြေကျင်လျှောက်သွားပါက အချိန်မည်မျှကြာမည်ကို မည်သူမှမသိနိုင်ပေ။ ထို့ပြင် စွေ့ချီချောင်းက လမ်းလည်းမသိချေ။


ဖေးကွမ်းက မြူခိုးဝေလငါးကိုဆင့်ခေါ်လိုက်ပြီး စွေ့ချီချောင်းကိုရှင်းပြလိုက်သည်။

"မင်းကိုလမ်းပြဖို့ မြူခိုးဝေလငါးကိုစီးကြရအောင်…မင်းက အမတထန်ဝေ့ကို ခစားရတော့မှာဆိုပေမဲ့ ခန္ဓာကိုယ်က သေမျိုးပဲဖြစ်နေသေးတော့ ငါ့ဆရာက အထူးခံစားခွင့်တစ်ရပ်ကို အပ်နှင်းပြီး ဝေလငါးဆင့်ခေါ်ရေးတူရိယာကို ပေးလိုက်တယ်…နောင်ကျရင် မင်းအပြင်ထွက်တဲ့အခါ  မြူခိုးဝေလငါးကိုဆင့်ခေါ်လို့ရပြီ…"


စွေ့ချီချောင်း ခေါင်းညိတ်ပြလိုက်သည်။

"ဂိုဏ်းချုပ်ကို ကျွန်တော့်အစား ကျေးဇူးတင်စကားပြောပေးပါဦး…"


လက်တိုလက်တောင်းအလုပ်သမားများကို လာခေါ်ခဲ့သော ပထမဝေလငါးထက် ပိုကြီးပြီး ပိုငြိမ်သော သူ့ခြေဖဝါးအောက်က မြူခိုးဝေလငါးကို သူ ငေးကြည့်နေမိသည်။ သူ မတွေးဘဲ မနေနိုင်ပေ။ ယွီလင်းဂိုဏ်း၏စိုက်ပျိုးရေးလုပ်ငန်းက မတိုးတက်လှဘဲ ကျင့်ကြံရေးစွမ်းရည်အပေါ်မူတည်နေသော်ငြား မွေးမြူရေးလုပ်ငန်းကမူ အလွန်ကောင်းမွန်စွာတိုးတက်နေလေသည်။ ဤမြူခိုးဝေလငါးကြီး၏ ကြီးမားပုံကိုကြည့်လျှင် ၎င်းကိုစားရန်အတွက် သုံးမည်ဆိုပါက လူအမြောက်အမြားကို ရှစ်နှစ်မှဆယ်နှစ်အထိ  ကျွေးမွေးနိုင်လောက်အောင် ကြီးမားလေသည်။


မြူခိုးဝေလငါးက နားလည်ရခက်စွာဖြင့် ခိုက်ခိုက်တုန်သွားလေသည်။ ထိုအကောင်ကြီးက ခေါင်းကိုခါယမ်းလိုက်ပြီး ရှေ့ကို ဆက်လက်ကူးခတ်သွားလေသည်။


"ရပါတယ် ညီအစ်ကိုရဲ့.. ဒီခံစားခွင့်မျိုးကိုရတာ ယွီလင်းဂိုဏ်းထဲမှာ မင်းတစ်ယောက်တည်းရှိတာနော်…"

ဖေးကွမ်းက စွေ့ချီချောင်းကိုကြည့်ပြီး မျက်လုံးကိုမှေးလိုက်သည်။ အခြားကျင့်ကြံသူအများစုက သေမျိုးများကို ရောင်းရင်းညီအစ်ကိုဟုခေါ်ရမည်ကို အထင်သေးကြသော်လည်း ဖေးကွမ်းကမူ သူဆန္ဒရှိသည့်အတိုင်း လုပ်ပစ်လိုက်သည်။


အထူးသဖြင့် စွေ့ချီချောင်းက  သူ့ဘက်ကမျက်နှာချိုသွေးသလိုမမြင်သည့်အတွက် ဖေးကွမ်းက ပို၍စိတ်ကျေနပ်နေလေသည်။ သူက အမတဘိုးဘေးထံမှ အသိအမှတ်ပြုမှုနှင့်ထိုက်တန်လေသည်။

"အမတအရှင်မှာရော အိတ်ဆောင်လှိုဏ်ဂူရှိလား…"


စွေ့ချီချောင်းက အခွင့်အရေးကို အမိအရယူ၍ သတင်းအချက်အလက်စုဆောင်းလိုက်သည်။


"ငါ့ရဲ့တာအိုနာမည်ဖေးကွမ်းကိုပဲ ခေါ်ပါ..."

ဖေးကွမ်းက ပေါ့ပေါ့ပါးပါးပြောလာသည်။

"ငါက ကိုယ့်ဘာသာမဖန်တီးနိုင်ဘူးလေ… အဲ့ဒါကြောင့် ဆရာက အထွေထွေသုံးဖို့ တစ်ခုပေးထားတာ… ဟူး…အိတ်ဆောင်လှိုဏ်ဂူကို ငါ့ဘာသာလုပ်နိုင်ဖို့ အချိန်တော်တော်ယူရဦးမှာ…"


စွေ့ချီချောင်းက အိတ်ဆောင်လှိုဏ်ဂူနှင့်ပတ်သက်သည့်အသေးစိတ်ကို စုံစမ်းခဲ့ပြီး ဖေးကွမ်း၏ အိတ်ဆောင်လှိုဏ်ဂူက ယွင်မုန့်၏အိတ်ဆောင်လှိုဏ်ဂူနှင့်မတူညီကြောင်း သိလိုက်ရသည်။ သူ့အိတ်ဆောင်လှိုဏ်ဂူထဲရှိ ဝိညာဉ်ရေးရာစွမ်းအင်က ယွင်မုန့်လောက်မများပေ။


မကြာမီမှာပင် သူတို့ လွင့်မျောဥယျာဉ်သို့ရောက်လာကြသည်။ ဖေးကွမ်းက သူ့စိတ်အစဉ်ကို လန်းဆန်းအောင်လုပ်လိုက်ပြီး စွေ့ချီချောင်းကို လွင့်မျောဥယျာဉ်ဆီသို့လမ်းပြလေသည်။ 

"ရှစ်ရှု့… ဒီတပည့်က ဂိုဏ်းချုပ်ရဲ့အမိန့်နဲ့ စွေ့ချီချောင်းကို ခေါ်လာခဲ့ပါပြီ…"


အတော်ကြာသည်အထိ အမတထန်ဝေ့က ဘာမှပြန်မဖြေပေ။ ဖေးကွမ်းက သင်္ကာမကင်းစွာဖြင့် ခေါင်းမော့လိုက်သည်။ 

ရှစ်ရှု့က တံခါးပိတ်ကျင့်ကြံရေးကို ပြန်ဝင်သွားတာများလား…


"ရှစ်ရှု့…"


သူ့စကားမဆုံးသေးမီမှာပင် ရှင်းလင်းပြတ်သားပြီးအေးစက်လှသည့် 'ဟမ့်'ဟူသောအသံက အတွင်းဘက်မှ ထွက်ပေါ်လာသည်။

"ဟမ့်…"


ဖေးကွမ်းက ထိတ်လန့်ကြောက်ရွံ့သွားရှာပြီး ကြမ်းပြင်ပေါ်ကို ဦးညွှတ်ချလိုက်၏။


"ဒီတပည့် စို့ရွံ့မိပါတယ်… ရှစ်ရှု့ ကျေးဇူးပြုပြီး လမ်းပြပေးပါ…"


စွေ့ချီချောင်းက ဖေးကွမ်းကို ပခုံးပုတ်ပေးလိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။


"အမတ… ကျွန်တော် အလုပ်စလုပ်လို့ရပြီလား"


ဖေးကွမ်းက သူ့ကိုငေးကြည့်ပြီး နှုတ်ခမ်းကိုစုကျုံ့ထားလျက် သူ့အား စကားမပြောရန် အချက်ပြနေပေသည်။


သို့သော် အမတထန်ဝေ့ကမူ  စကားဆိုလာလေသည်။

"ဒီငပျင်းကောင်လေး… မင်း ဘာလို့အလုပ်သွားမလုပ်သေးတာလဲ…"


ဖေးကွမ်း : "…."


စွေ့ချီချောင်းက သူ့အား ခေါင်းဆတ်ပြ၏။ ဖေးကွမ်းက သူ့ဘဝကိုသူ သံသယဖြစ်နေသောအမူအရာဖြင့် ရှိနေလေသည်။ သူ နောက်ကို ခြေလှမ်းအနည်းငယ်ပြန်ဆုတ်လိုက်ပြီး ပြောလိုက်သည်။


"ဒါဆို...ဒါဆို… ဒီတပည့် ပြန်လိုက်ပါဦးမယ်…"


အမတထန်ဝေ့ထံမှ မည်သည့်တုံ့ပြန်မှုမှ မရောက်လာသည်ကိုကြည့်နေမိရင်း သူ နောက်ပြန်လှည့်လာရုံသာ တတ်နိုင်ပေသည်။ သူ့မှာ ခြေလှမ်းအနည်းငယ်လှမ်းပြီးတိုင်း နောက်ကို ပြန်လှည့်ကြည့်နေမိသည်။ အစမှ အဆုံးအထိ အမတထန်၏ဆံချည်တစ်မျှင်မျှကိုပင် မကြည့်နိုင်ခဲ့ပေ။


စွေ့ချီချောင်း အခန်းထဲကိုဝင်လာပြီးနောက် အမတထန်ဝေ့က ယမန်နေ့က ပုံစံအတိုင်းထိုင်နေသည်ကို မြင်လိုက်ရသည်။ သို့သော် သူ့မျက်ခုံးနှစ်ဖက်ကြားတွင်မူ မကျေနပ်မှုသေးသေးလေးတစ်ခု ရှိနေချေသည်။


အမတထန်ဝေ့က သူ့ကိုစိုက်ကြည့်လာသည်။

"မင်း ကြမ်းပြင်တွေကို တံမြက်စည်းမလှည်းသေးဘူးလား…"


စွေ့ချီချောင်းလည်း အိတ်ကို စားပွဲပေါ်တွင် လေးတိလေးကန်တင်လိုက်သည်။ အမတထန်ဝေ့၏ခန္ဓာကိုယ်က ဗြုန်းခနဲမတ်တတ်ထရပ်လာပြီး အင်တင်တင်ဖြင့် ပြန်ထိုင်လိုက်ပြန်လေသည်။ ဘာမှဖြစ်မထားသည့်အလား စွေ့ချီချောင်းမေးခွန်းထုတ်လိုက်သည်ကို သူကြားလိုက်ရသည်။


"အမတအရှင် သစ်အယ်သီးကိတ်လေးများ  စားချင်လား…"

သူ သစ်ခွရွက်ကိုခွာလိုက်လေရာ အတွင်းဘက်တွင် ကိတ်နှစ်စိတ်ထွက်ပေါ်လာသည်။


အမတထန်ဝေ့က ချက်ချင်းဆိုသလို ဒေါသူပုန်ထသွားလေသည်။

"မင်းက ငါ့ကို ဖေးကွမ်းစားထားတဲ့အကျန်တွေ လာပေးနေတာလား…"


အမတ တစ်ပါးက သူတို့၏ဒိဗ္ဗစက္ခုဉာဏ်ဖြင့် ဝက်ခေါင်းအသားမှသည် သစ်အယ်သီးကိတ်အထိ အရာခပ်သိမ်းကို သိမြင်နိုင်၏။


စွေ့ချီချောင်းကမူ တစ်ခုကို သူ့ဘာသာယူစားလိုက်၏။ ထို့နောက် လှောင်ပြုံးပြုံးလျက် အမတထန်ဝေ့ကိုကြည့်လိုက်သည်။ သူ့မျက်လုံးထဲရှိအကြည့်မှာ စကားလုံးတချို့ထင်ဟပ်နေပေသည်။

"စိတ်ရှုပ်ချင်ယောင်ဆောင်နေတာလား…"


အမတထန်ဝေ့က သုန်သုန်မှုန်မှုန်ဖြင့် ပြောလေသည်။

"မင်း ဘာတွေပြောနေလဲဆိုတာ ငါမသိဘူး…"


စွေ့ချီချောင်းက အမတထန်ဝေ့ကို အထက်အောက်စုန်ချည်ဆန်ချည်ကြည့်လိုက်ပြီး မသိမသာပြုံးလိုက်သည်။ သူတို့က အချိန်အတန်ကြာအောင် အတူနေလာခဲ့ကြသည့်အတွက် ရှောင်ပိုင်က သေလမ်းရှာနေလေသလား၊ အမြီးကိုမြှောက်လျက် အကျင့်ပျက်ကလေးတစ်ယောက်နှယ် ပြုမူနေသလားဆိုသည်ကို စွေ့ချီချောင်းနားလည်သည်။ စကားလေးငါးခွန်းမျှဖြင့် အမတထန်ဝေ့ကား ကိုယ့်ကိုယ်ကိုယ်ဖော်ထုတ်မိသွားချေပြီ။


၎င်းမှာ အဓိပ္ပာယ်မရှိသလို လင်းလင်းပြောထားသည့်စကားများနှင့် ရှေ့နောက်မညီသော်လည်း ဖြစ်နိုင်ခြေအားလုံးကို ဖယ်ထုတ်လိုက်ပြီးနောက် ကျန်ရှိနေသောဖြစ်နိုင်ခြေက အမှန်တရားပင်ဖြစ်ပေလိမ့်မည်။ အမတထန်ဝေ့၏ခန္ဓာကိုယ်ထဲတွင် ရှောင်ပိုင်ရှိမနေပါက လက်ကျန်ဘဝမှာ သူစိုက်ပျိုးမည့်မြေ မုပေါင်းမှာ ၁၀၀ထက်မကျော်ပါစေနှင့်ဟု ကျိန်ဆိုရဲသည်။


LJJရှိ လက်ရှိအခြေအနေကို စွေ့ချီချောင်းမသိပေ။ သို့သော် စွေ့ချီချောင်းတွင် အေးဆေးတည်ငြိမ်သောစိတ်နေစိတ်ထားမျိုးရှိသည်။ ရှောင်ပိုင်မှာ အချိန်ကောင်းလေး ပိုင်ဆိုင်ထားသည့်အတွက် သူ့ကို ထိုအချိန်ကောင်းမှာ ဖြတ်သန်းခွင့်ပေးထားလိုက်မည်သာ။ ယမန်နေ့က အားမာန်တက်ကြွနေခြင်းကို မျက်မြင်ကိုယ်တွေ့တွေ့လိုက်ရပြီးနောက် ရှောင်ပိုင်တစ်ယောက် သူ့စိတ်ခံစားချက်များကိုလည်း အလွန်တရာမျိုသိပ်ထားခဲ့ရမည်ဖြစ်ကြောင်း စွေ့ချီချောင်းတွေးလိုက်မိသည်။ ဖြစ်ပျက်ခဲ့သမျှမှာ လူတိုင်းမျှော်လင့်ထားသည်ထက် ပိုသာလွန်နေသော်လည်း အဓိပ္ပာယ်လည်းရှိ၏။


စွေ့ချီချောင်းက အမတထန်ဝေ့ရှေ့တွင် လက်ဖြန့်လိုက်သည်။ အမတထန်ဝေ့ကလည်း ချက်ချင်းပင် သူ့လက်ကို အမှုမဲ့အမှတ်မဲ့ဆန့်ထုတ်၍ စွေ့ချီချောင်း၏လက်ဖဝါးပေါ်တင်လိုက်လေသည်။


အမတထန်ဝေ့ : "…"


စွေ့ချီချောင်းက သူ့လက်များကို တင်းတင်းဆုပ်ကိုင်၍ သူတို့၏လက်နှစ်ဖက်ကို အပေါ်အောက်လွှဲယမ်းလိုက်သည်။ ထို့နောက် စွေ့ချီချောင်းက သူ့ကိုငေးကြည့်လျက် ခပ်ဖွဖွပြောလေသည်။


"အမတအရှင်..နောင်ပိုင်းကျ ကျွန်တော် အရှင့်စိတ်ကျေနပ်အောင် မခစားနိုင်ခဲ့ရင် ကျေးဇူးပြုပြီးခွင့်လွှတ်ပေးပါ…"


အမတထန်ဝေ့ : "…"


[ အားးး စွေ့စွေ့က ချက်ချင်းကို သိသွားတာနော် ထန်ဝေ့ကလည်း ချစ်စရာကြီး😭 ]


.......




🌳🌳🌳