Chapter 132
Viewers 6k

🌱Arc 4 - [ကျင့်ကြံရေးလောကတွင် လယ်စိုက်ခြင်း ]


Ch - 132

နေရာတွင် ရပ်နေရင်းနှင့် တိုးတက်လာခြင်း (၁)




[ဝိုး... ဒီကမ္ဘာကတော့ မတူဘူးပဲ... ပုံမှန်ဆိုရင် ငါ အရှေ့တိုင်းစိတ်ကူးယဉ်အစီအစဉ်တွေကို ကြည့်လေ့မရှိဘူး… အရှင်စွေ့ကြောင့် ဒီအစီအစဉ်ကိုဆက်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တာ…]


[ဒီမြေကွက်တွေက ပြုစုစောင့်ရှောက်စရာမလိုဘူးလား… အဲ့လိုမြေကွက်မျိုးမှာ စိတ်ဝိညာဉ်ရောရှိသေးလို့လား]


[မင်းတို့ရဲ့စွေ့က အဲ့လိုမြေကွက်မျိုးမှာ စိုက်ပျိုးနိုင်တဲ့အရည်အချင်းမျိုးမရှိဘူး… စွေ့ချီချောင်းစိတ်ပျက်နေတဲ့ပုံစံကို မမြင်ဘူးလား… ငါတော့ သေတော့မှာပဲ…]


[အဟင့် အဟင့် အဟင့်… သူက သိပ်သနားဖို့ကောင်းတာပဲ… ဒီကမ္ဘာမှာ သူစိုက်ပျိုးလို့မရဘူးတဲ့…ဒီကမ္ဘာရဲ့ခက်ခဲမှုအဆင့်က အရမ်းမြင့်လွန်းတယ်… ငါတို့ရဲ့စွေ့က ဒီလိုအခက်အခဲမျိုးကို ခံစားနေရသတဲ့လား…အရင်တုန်းကဆိုရင် သူက သူကြိုက်တဲ့နေရာမှာ ကြိုက်သလိုစိုက်ပျိုးလို့ရခဲ့တာကို...]


[ရှားပါးဖြစ်တည်မှုအဆင့်ဘိုးဘေးက ဘာဖြစ်တာလဲဟ… သူက ငါတို့စွေ့ကို ဘာလုပ်ချင်နေတာလဲ…]


[ငါတို့စွေ့ရဲ့နောက်ခံက ထင်သလောက်မရိုးရှင်းတာများလား… အဲ့ဒါနဲ့ပတ်သက်ပြီး တစ်ခုခုတော့ထူးဆန်းနေသလိုပဲ…]


[ဒီလူက ငါတို့စွေ့လေးကိုသဘောကျနေတာတော့မဟုတ်ဘူးမလား…]


[ငါလည်း ဒီလူ စွေ့ချီချောင်းကို သဘောကျနေတယ်လို့ထင်တယ်… သူ့စိတ်နေစိတ်ထားကိုကြည့်လိုက်လေ… တစ်ချက်ကြည့်ရုံနဲ့ သူက စွေ့ချီချောင်းကိုစိတ်ဝင်စားနေတယ်ဆိုတာ ငါပြောရဲတယ်… ဟူး ဒါက လူတစ်ယောက်သုံးတတ်တဲ့ မြင်တွေ့နေကျအကွက်တစ်ခုပါပဲ… အရင်ဘဝတုန်းက ဘယ်လိုကံကြမ္မာမျိုးပဲရှိရှိ အထင်ကရပုဂ္ဂိုလ်တစ်ယောက်က အောက်ခြေသိမ်းအလုပ်သမားလေးကို ချစ်ကြိုက်မိသွားပြီး အဲ့ဒီအလုပ်သမားလေးကို အလိုလိုက်အကြိုက်ဆောင်ဖို့ သူ့အနားကိုခေါ်ထားတတ်တယ်… အလုပ်သမားလေးကလည်း ရုတ်တရက်ကြီးရာထူးတက်သွားပြီးတော့ အဲ့ဒါကြောင့်ပဲ သူကြိုက်တဲ့နေရာမှာ စိုက်ပျိုးနိုင်သွားလေရော… ဒါက ခွေးသွေးအချစ်ဇာတ်လမ်းတစ်ခုပဲဟ…ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ကြီးက နက်နက်ရှိုင်းရှိုင်းချစ်နေပေမဲ့  မင်းကတော့ စိုက်ပျိုးရေးလုပ်ဖို့ပဲသိတယ်… ဟိုးဟိုး... ငါဒီဇာတ်ကွက်ကို ကြိုက်လိုက်တာ…]


[အဓိပ္ပာယ်မရှိလိုက်တာ.. ဒါက သိသာနေတာချည်းကို… အဲ့ဒီဘိုးဘေးက စွေ့ချီချောင်းကို သဘောမကျဘဲနေပါ့မလား…အဲလိုဇာတ်လမ်းတွေအများကြီး ငါမြင်ဖူးတယ်… နောက်ပိုင်းကျတော့ ဘိုးဘေးအိုကြီးက စွေ့ချီချောင်းရဲ့ခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင်ချင်စိတ်ဖြစ်လာမယ်ဆိုတာ သေချာတယ်… ဒါမှမဟုတ် မင်းတို့စွေ့က သူ့သူငယ်ချင်းဟောင်းတစ်ယောက်ရဲ့သားဖြစ်နေတာမျိုးပေါ့… အခုလောလောဆယ်ကတော့ သူက စွေ့ချီချောင်းရဲ့စိတ်ပိုင်းဆိုင်ရာစွမ်းရည်ကို စစ်ဆေးနေရုံသက်သက်ပဲ… သူက သူ့ရဲ့သိုင်းပညာတွေကို လက်ဆင့်ကမ်းပေးဖို့ မင်းတို့စွေ့ကို ဒီနေရာကိုရွှေ့လာခိုင်းတာ… အဲဒါပြီးရင် မင်းတို့စွေ့လည်း ကျင့်ကြံရေးမှာ ဆရာတစ်ဆူဖြစ်လာပြီး သူကြိုက်တဲ့နေရာမှာ စိတ်တိုင်းကျစိုက်ပျိုးရေးလုပ်လို့ရပြီပေါ့… ပြည့်စုံချက်...]


[အံ့ဩစရာကြီးပါလား.. မှတ်ဉာဏ်တုလေယာဉ်တုတွေအားလုံးမှာ စွေ့ချီချောင်းကိုသဘောကျတဲ့လူတစ်ယောက်ယောက်ကတော့ သေချာပေါက်ရှိတယ်နော်… ဘယ်တော့များ အောင်မြင်မလဲမသိဘူး… အခု ငါ့စိတ်လေးချမ်းသာသွားပြီ… စွေ့ချီချောင်းက အဲ့လိုကိစ္စတွေကို အာရုံစိုက်နေမဲ့အစား သူ့လုပ်ငန်းကြီးတွေကို လုပ်ကိုင်တဲ့နေရာမှာ နှောင့်နှေးနေမှာမဟုတ်ဘူး…]


[အပေါ်ထပ်က ဘာဖြစ်နေတာလဲဟ.. အမျိုးသမီးGenreထဲကလူတွေ… မင်းတို့ရဲ့ခွေးသွေးဇာတ်ကွက်တွေကို ပြန်ယူသွားကြစမ်းပါ…]


[ဟီးဟီး... ထွက်သွားသင့်တာ စိတ်ကူးယဉ်အိပ်မက်မက်နေတဲ့ အမျိုးသားGenreထဲကလူတွေပါနော်… အပြောတစ်မျိုးအလုပ်တစ်မျိုးဖြစ်နေတဲ့ ဘိုးဘေးအိုကြီးရဲ့စိတ်နေစိတ်ထားကို မမြင်ဘူးလား…]


[မင်းတို့တွေ အကုန်ရူးနေပြီ… အပြောတစ်မျိုးအလုပ်တစ်မျိုးဖြစ်နေတဲ့ဘိုးဘေးက ဘယ်လိုဖြစ်နေလို့လဲ… သူက ပင်ကိုအရည်အချင်းရှိတဲ့ နှစ်တစ်ထောင်သက်တမ်းရှိလူအိုကြီးတစ်ယောက်ပဲကွ… သူက စွေ့ချီချောင်းရဲ့ဆရာသခင် ဖြစ်ချင်ဖြစ်လာမှာ…]


[မင်းတို့တွေကတော့…]


စွေ့ချီချောင်းက ခြံဝန်းကို သန့်ရှင်းသည့်အခါ အိမ်ရှေ့နှင့် အိမ်နောက်မှ မြေတစ်ကွက်ကို ဖယ်ထားပြီး ပေါင်းပင်များကို တူးလိုက်သည်။ သူ ယမန်နေ့က ဤနေရာသို့ ရောက်လာသည့်အခါ ဤဧရိယာကို စေ့စေ့စပ်စပ် လေ့လာခဲ့ပြီး ဖြစ်သည်။ ညပိုင်း ပြန်သွားပြီးနောက် သူက အိမ်ပတ်လည်တွင် လယ်စိုက်ရန် စဉ်းစားလိုက်၏။ 


အိမ်အရှေ့တွင် သူက စင်တစ်စင်ဆောက်လုပ်ကာ ထိုပေါ်တွင် တစ်ချို့သော ဘူးသီး၊ ဖရုံသီး၊ ဘူးသီးဖြူနှင့် သခွားသီးများ စိုက်ထားသည်။ မြေပြင်ပေါ်တွင် ပြောင်းဖူးအချို့ စိုက်၍ ရသည့်အပြင် သူက အိမ်နောက်ဘက်တွင် တစ်ချို့သော ငရုတ်သီး၊ ခရမ်းသီး၊ အာလူးနှင့် ပဲစသည်တို့ စိုက်ထားပေမည်။ သူက စိုက်ပျိုးရန် အပင်အားလုံးအတွက် စေ့စပ်သေချာလှသော အစီအစဉ်များကို ပြုလုပ်ခဲ့သည်။ 


ကုန်းမြေက မကျယ်လှသော်လည်း စွေ့ချီချောင်းအတွက်မူ ၄င်းမှာ သူ့၏ လက်ရှိလိုအပ်ချက်များအတွက် အဖြေတစ်ခုဟု မှတ်ယူနိုင်ပေသည်။ သူက ဤနေရာသို့ရောက်နေသည်မှာ သုံးလခန့်ရှိပြီဖြစ်သော်လည်း မည်သည့်အပင်မှစိုက်ရန် နည်းလမ်း မရှိခဲ့ပေ။ သို့ဖြစ်ရာ သူက အနည်းငယ် မချင့်မရဲဖြစ်နေပေသည်။ 


လယ်ကွင်းထဲ၌ စတင်အလုပ်ရှုပ်နေသည်နှင့် စွေ့ချီချောင်းက ပို၍တည်ငြိမ်လာပေသည်။ 


သို့သော် လွင့်မျောဥယျာဉ်၏ မြေဆီလွှာများက အမှန်ပင် ကောင်းမွန်၏။ ယွီလင်းဂိုဏ်းထဲတွင် မည်သည့် စိတ်ဝိညာဉ် စွမ်းအင်များ ရှိနေသည်ကို စွေ့ချီချောင်းမသိပေ။ 

အဲ့ဒါက မြေဆီလွှာပေါ်မှာ အကျိုးသက်ရောက်မှု ရှိနေတာလား... 


ဤနေရာရှိ အပင်များက ကောင်းကောင်းမွန်မွန် ကြီးထွားလာသောကြောင့် သူက ထိုအကြောင်းကို သိချင်နေပေသည်။ မြေဆီလွှာက ပျော့ပြောင်းကာ မှောင်မဲပြီး ပြီးပြည့်စုံသော အမှုန်များ ပါဝင်နေသည်။ ၄င်းက ထယ်ထိုးစရာမလိုဘဲ အလွယ်တကူ ခွဲခြား၍ ရနိုင်သည်။ ၄င်းမှာ မြေဆီလွှာက အသက်ရှုနိုင်သကဲ့သို့ ပြီးပြည့်စုံသော အခြေအနေတွင် ရှိနေပေသည်။ 


စွေ့ချီချောင်းက မြေကြီး လက်တစ်ဆုပ်ခန့် ဆုပ်ကိုင်လိုက်ပြီး အလွန်သဘောကျကာ မြေကြီးကို အောက်သို့ပင် မချနိုင်ပေ။ သူက မြေကြီးထဲတွင် အစေ့များကို ချက်ချင်းပင် မြှုပ်ပစ်လိုက်ချင်သည်။  


စွေ့ချီချောင်းက ပေါင်းသင်ရာတွင် စိတ်နစ်မြုပ်နေပြီး သူ့ကိုယ်သူ ရုန်းမထွက်နိုင်ပေ။ 


အိမ်ထဲတွင်....


အမတထန်ဝေ့က ဂနာမငြိမ်ဖြစ်ကာ အပြင်ဘက်မှ အခြေအနေကို စောင့်မကြည့်ဘဲ မနေနိုင်ချေ။ နေမင်းက ကောင်းကင်အလယ်သို့ ရွေ့လျားသွားပြီးသည့်အခါ သူက နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ မျက်နှာသေဖြင့် လျှောက်သွားလိုက်သည်။ 

"မင်း ဘယ်အချိန် ဟင်းချက်မှာလဲ..."


စွေ့ချီချောင်းမှာ အနည်းငယ် အံ့အားသင့်သွားလေသည်။ 

"အမတတွေက စားဖို့လိုသေးလို့လား..."


သူ့စကားများက အမတထန်ဝေ့ကို အတန်ကြာအောင် တံတွေးသီးသွားစေသည်။ 


အတန်ကြာပြီးနောက် သူက မပြတ်မသား ပြန်ဖြေလိုက်သည်။ 

"မင်းက ရှားပါးဖြစ်တည်မှုအဆင့် ကျင့်ကြံသူတွေအကြောင်းကို သိပ်မသိပါဘူး..."


စွေ့ချီချောင်းက ပေါင်းပင် လက်တစ်ဆုပ်ဖြင့် ထရပ်ပြီး ဆိုလိုက်သည်။

"ရှားပါးဖြစ်တည်မှုအဆင့် ကျင့်ကြံသူတွေက တစ်နေ့ကို သုံးနပ်စားချင်ကြသေးတာလား..."


အမတထန်ဝေ့ - "..."


အမတ ထန်ဝေ့ - "...ဟုတ်တယ်... အဲဒါ ဘာဖြစ်လို့လဲ..."


"ဘာမှမဖြစ်ပါဘူး..."

စွေ့ချီချောင်းက အလိုအလျောက် ဆိုလိုက်သည်။ 

" ကျွန်တော် အခုသွားတော့မယ်..."


၄င်းမှာ ရှောင်ပိုင်အတွက် ချက်ပြုတ်ခြင်းသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ယခင်က သူ့အတွက် အများအပြား မချက်ပြုတ်ပေးဖူးသည်မျိုးလည်း မဟုတ်ပေ။ ဤသည်မှာလည်း ရှောင်ပိုင်က သူ့အား ဟင်းချက်ပေးရန် ပထမဆုံးအကြိမ် အော်ဟစ်ပြောဆိုခြင်းမျိုးလည်း မဟုတ်ပေ။ သူက မြောင်ဟူသော ဘာသာစကားမှ လူသားဘာသာစကားအဖြစ် ပြောင်းလဲရုံသာ ဖြစ်လေသည်။သို့သော် ထုံးစံအတိုင်းပင် သူ့၏ ဤစိတ်ရင်းမှန်မှာ သူက သေခြင်းကို ရှာဖွေနေပုံရကြောင်း ပြသနေ၏။ စွေ့ချီချောင်းက အစောပိုင်းကပင် ပေါင်းသင်ခြင်း၌ စိတ်နစ်မြုပ်နေသော်လည်း ယခုတွင် သူက အနည်းငယ် ဆာလောင်နေပြီဟု ခံစားလိုက်ရသည်။ 


စွေ့ချီချောင်းက ရှောင်ပိုင်မှာ အမဲသားပြီးနောက် ငွေရောင်ငါးနှင့် ဆော်လမွန်ငါးတို့ စားရသည်ကို နှစ်သက်ကြောင်း သိထားသော်လည်း ဤနေရာတွင် ငွေရောင်ငါးနှင့် ဆော်လမွန်ငါးလည်း မရှိသလို လွင့်မျောဥယျာဉ်တွင်လည်း မရှိပေ။ ဤသို့ဖြင့် သူက ဟင်းပွဲများ ပြုလုပ်ရန်အတွက် စကျင်ကျောက်ပုလဲစေ့ ဖာထေးရေးအဆောက်အအုံဆီသို့ ပြန်သွားလိုက်သည်။ 


စွေ့ချီချောင်းက အဆောက်အအုံဆီသို့ မကြာခဏ လာလည်နိုင်သည်ဟု ဆိုသော်လည်း ရိက္ခာမှူးလျူက သူ့ကို ဤနေရာတွင် ထပ်မံတွေ့ရသည်ကို အံ့အားသင့်သွားလေ၏။ 

သူ ဒီကနေထွက်သွားတာ တစ်ရက်ခွဲလောက်ပဲ ရှိသေးတာကို အခု ပြန်ရောက်လာပြီလား... 


"ကျွန်တော် မီးဖိုလာငှားတာပါ... အမတထန်ဝေ့က အမဲသား စားချင်လို့တဲ့..."


ရိက္ခာမှူးလျူ - "..."


ရိက္ခာမှူးလျူက ၄င်းကို အံ့ဩဖွယ်ကောင်းသည်ဟု ခံစားရပေသည်။ သူက အမတထန်ဝေ့က တစ်ခုခု စားချင်သည်ကို အံ့အားသင့်နေခြင်း ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် စွေ့ချီချောင်းက အမဲသားအနည်းငယ်ကို ကောက်ယူလိုက်သည်ကို မြင်လိုက်ကာ သူက ဆိုလိုက်ပေသည်။ 

"မင်းက ဘယ်လိုလုပ်ပြီး အမတကို ဒီနွားမျိုး ကျွေးမှာလဲ..."


စွေ့ချီချောင်းက သူ့လက်ထဲမှ အမဲသားကို ဂရုတစိုက် ကြည့်လိုက်သည်။ 

"ဒါက လတ်ဆတ်တယ်မလား..."


"ငါက အဲ့ဒါကို ပြောချင်တာ မဟုတ်ဘူးလေ..."

ရိက္ခာမှူးလျူက စိတ်မအေးစွာ ပြန်ဖြေလိုက်သည်။ 

"အဲဒါက အမတထန်ဝေ့လေ... သူ့ရဲ့ ဂုဏ်နဲ့ဆို သာမန်အမဲသားက ဘယ်လိုလုပ် လိုက်ဖက်မှာလဲ... မင်းက သူ့ကို ကျွေးဖို့အတွက် စိတ်ဝိညာဉ် သားရဲတစ်ကောင် ရှာဖို့ မလိုဘူးလား..."


စွေ့ချီချောင်း - "ဟင်... ဒါပေမဲ့ အမတ ထန်ဝေ့က အမဲသားစားရတာ ကြိုက်တယ်လေ..."


ရိက္ခာမှူးလျူက ၄င်းကို ကြားသည်နှင့် သူက စိတ်ထဲတွင် ဘာပြောသင့်သည်ကို စဉ်းစားပြီး ဆိုလိုက်သည်။ 

"...ကောင်းပြီ... အဲ့ဟင်းသာ ချက်လိုက်တော့..."


၄င်းမှာ အမှန်ပင် ကြောက်စရာကောင်းလှပေသည်။ သူတို့၏ သတ်မှတ်ထားသည့် ဆရာများက တပည့်များကို စားသောက်ရန် တားမြစ်ထားသော စကျင်ကျောက်ပုလဲစေ့ ဖာထေးရေးအဆောက်အအုံမှ အစားအသောက်မှာ ယခုတွင် အမတ ထန်ဝေ့အား အစားအသောက် ပြုလုပ်ပေးရပေမည်။ ဤအချိန်မှစ၍ အဆောက်အအုံက ဂုဏ်သတင်းကောင်းတစ်ခု ရှိလာပေမည်။ 


ထိုအချိန်တွင် စွေ့ချီချောင်းက ရိက္ခာမှူးလျူကို ထပ်မံပြောဆိုလိုက်သည်။ 

"အိုး... ဟုတ်သားပဲ... နောက်ဆို သူ့အတွက် ကျွန်တော်ပဲ ချက်ပေးလိုက်မယ်..."


ရိက္ခာမှူးလျူ - "...."


.....


စွေ့ချီချောင်းက အမဲသားကို လှီးကာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် ငရုတ်သီးခြောက်အနည်းငယ်ကို လှီးလိုက်သည်။ သူက CUတွင် ငရုတ်သီးများ စိုက်သည့်အချိန်က ရှောင်ပိုင်မှာ ငရုတ်သီးများကို တိတ်တဆိတ် စားတတ်ပေသည်။ သူတို့၏ အစပ်နှုန်းမှာ ကြောင်တစ်ကောင်အတွက် အလွန်များလွန်းရာ သူက ရူးသွပ်စွာပင် ထိတ်လန့်သွားပေသည်။ သို့သော် ယခုတွင် သူက ငရုတ်သီးထပ်ထည့်လိုက်သည်။ သူက ရှောင်ပိုင်ကို လှောင်ရယ်လို၍ မဟုတ်ဘဲ ရှောင်ပိုင်က နောက်ဆုံးတွင် ငရုတ်သီး စားနိုင်ပြီ ဖြစ်ရာ အနည်းငယ် ထည့်လိုက်ခြင်းပင်။  


စွေ့ချီချောင်းက ဆီဦးစွာ ထည့်ပြီးနောက် ငရုတ်သီးခြောက်များကို အရင်ကြော်လိုက်သည်။ ဒယ်အိုးထဲမှ အနည်းငယ် မွှန်ထူသည့် ရနံ့တစ်ခုက ပျံ့လွင့်လာလေသည်။ ထိုအချိန်တွင် သူက ငရုတ်သီးကြော်များကို ဆယ်ယူထားလိုက်သည်။ ၄င်းကို နောက်တွင်မှ ထပ်မံအသုံးပြုမည် ဖြစ်သည်။ ဟင်းခတ်အမွေးအကြိုင်များအား အနံ့မွှေးလာသည်အထိ ကြော်ပြီးနောက် အမဲသားတုံးများကို ဒယ်အိုးထဲသို့ ထည့်လိုက်ပြီး အလျင်အမြန် ကြော်ကာ ဝိုင်အနည်းငယ် ထပ်ထည့်လိုက်သည်။ ဝိုင်နှင့် အသား၏ ရနံ့က မီးဖိုချောင်ထဲတွင် ပြည့်နှက်နေလေသည်။ ဆီများ ပေါက်နေပြီး အသားပေါ်တွင် ပျံ့နေသည့် အသံနှင့်အတူ အမဲသားတုံးများက တဖြည်းဖြည်းနှင့် အရောင်ပြောင်းလာ၏။ ၄င်းတို့ကို ခပ်ပါးပါးလှီးထားရာ အပူပေးထားသော ဆီအောက်တွင် ကွေးတက်လာပြီး အနည်းငယ် ပဲငံပြာရည်အရောင်သန်းလာသည်။ 


မူလက ကြော်ထားသည့် ငရုတ်သီး ခြောက်များကို အိုးထဲသို့ထည့်ကာ ထပ်ကြော်လိုက်သည်။ သူက အမဲသား၏ နူးညံ့မှုကို ထိန်းသိမ်းထားရန် ဟင်းပွဲကို အချိန်ကြာမြင့်စွာ မကြော်လိုက်ပေ။ ထို့နောက် ဟင်းခတ်မှုန့်အနည်းငယ်ကို ထပ်ထည့်လိုက်ရာ ဟင်းက ကျက်သွားပြီး ပန်းကန်းထဲသို့ ပြောင်းထည့်လိုက်သည်။ 


စွေ့ချီချောင်းက ဦးဆုံး မြည်းကြည့်လိုက်သည်။ အသားက အရသာ ကွက်တိဖြစ်နေ၏။ ၄င်းက နူးညံ့ကာ ဝါးရလွယ်ပြီး ဝိုင်နံ့ဖျော့ဖျော့နှင့် ငရုတ်သီးခြောက်များ၏ အစပ်အရသာက ၄င်းကို ပိုအရသာရှိအောင် ပြုလုပ်ပေးနေသည်။ ငရုတ်သီးခြောက်များကို များစွာမထည့်ထားရာ အလွန်လည်း မစပ်ပေ။ အရသာက စားပြီးရင်း စားချင်စေသော အရသာ ဖြစ်နေ၏။ 


ဤကဲ့သို့ ဟင်းပွဲတစ်ခုကို အဓိက အသားအသောက်များဖြင့် ပြင်ဆင်ပေးသင့်သည်။ စွေ့ချီချောင်းက ဂရုတစိုက် ထပ်မံတွေးကြည့်လိုက်သည်။ ဤနေရာရှိ အသင့်သုံး ဆန်ဖြူကို သုံးမည့်အစား သူက ဆန်အနည်းငယ်ဆေးကာ ၄င်းကို ကြက်သားပြုတ်ရည်၊ ဝက်ပေါင်ခြောက်နှင့် ပြောင်းဖူးစေ့တို့ဖြင့် ချက်လိုက်သည်။ ထမင်းအိုးတည်နေသည့်အချိန်တွင် သူက နောက်ထပ် ဟင်းရွက်စိမ်းတစ်ပွဲကို ကြော်လိုက်သည်။ 


ဤသည်က အမတတစ်ဦးအတွက် ထမင်းတစ်နပ်ဖြစ်ရာ အစားအသောက်များကို သစ်ရွက်များဖြင့် ထုတ်သွားသည်က မကောင်းပေ။ စွေ့ချီချောင်းက အစားအသောက်ကို ကြွေပန်းကန်များဖြင့် ထုတ်ပိုးလိုက်သည်။ ထို့နောက် သူက ၄င်းကို အစားအသောက်သေတ္တာထဲသို့ ထည့်ကာ ယူပြီး ထွက်လာခဲ့သည်။


ရိက္ခာမှူးလျူက စိတ်ထဲတွင် ရုန်းကန်နေရဆဲ ဖြစ်သည်။ သူက မည်သည့်အခါကမှ ရှားပါးဖြစ်တည်မှုအဆင့် ဘိုးဘေးတစ်ဦးနှင့် မရင်ဆိုင်ခဲ့ဖူးပေ။ ထို့အပြင် သူက ထိုကဲ့သို့ ဘိုးဘေးတစ်ဦးနှင့် ပတ်သတ်သည့် အခြားကိစ္စများနှင့်လည်း သွယ်ဝိုက်ကာ မပတ်သတ်ခဲ့ဖူးပေ။ ဤအချိန်တွင် သူက အပြင်ထွက်ကာ ချဲ့ကားပြောလိုသော်လည်း ဤကိစ္စကို ချဲ့ကားပြောနိုင်သည်လား မသိတော့ချေ။ 


စွေ့ချီချောင်းက မြူနှင်းဝေလငါးကို တစ်ဦးတည်း စီးသွားလိုက်သည်။ သူ ဆောင့်ကြောင့်ထိုင်ချကာ မြူနှင်းဝေလငါးကို ထိလိုက်ရာ ၄င်း၏ အရေပြားအထိအတွေ့မှာ အတန်ပင် ဆန်းကြယ်လှသည်ဟု ခံစားလိုက်ရသည်။ မြူနှင်း ဝေလငါးက မြူနှင်းပင်လယ်ထဲတွင် အချိန်ကြာမြင့်စွာ ကူးခတ်နေရာ သူ၏ အရေပြားမှာ အလွန် စိုစွတ်ကာ မာကျောနေ၏။ ၄င်းကို လှီးဖြတ်ရသည်မှာ ခက်ခဲလောက်မည်ဟု သူက မှန်းဆမိပေသည်။


မြူနှင်းဝေလငါးက စွေ့ချီချောင်း၏ အတွေးများကို လုံးဝ မသိပေ။ ၄င်းက စွေ့ချီချောင်း၏ အထိအတွေ့ကြောင့် ခေါင်းကိုပင် ရမ်းခါနေ၏။ 




🌳🌳🌳