အပိုင်း ၆
Viewers 1k

အပိုင်း ၆

 

 

 

" စနေပြီ စနေပြီ "

 

 

" အဆင်သင့်ပြင်ထားလို့ရပြီနော်။ နာမည်ခေါ်ရင် အထဲဝင်လာပေးပါ "

 

 

စုချန်ယန်က ချက်ချင်း ခပ်မတ်မတ်ရပ်ကာ သူမအလှည့်ကို စောင့်နေလိုက်သည်။

 

 

တောက်ပစွာ ပြင်တင်ထားသည့်လူများအကြား သူမ မိတ်ကပ်ချယ်သမှုက ခပ်ပါးပါးလေးနှင့် သိပ်မသိသာတာကြောင့် ဘယ်သူမှ သေချာသတိမထားမိကြပေ။

 

 

သူမအနေနဲ့ စိတ်လှုပ်ရှားတာမျိုးလည်း နည်းနည်းမှမရှိပေ။

 

 

သူမ ဘဝရဲ့ များစွာသော အတက်အကျ ကာလများကို ကြုံခဲ့ဖူးပြီဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမ တင်ဆက်ချင်သလို စင်မြင်ထက်ဝယ် အကောင်းဆုံး ကြိုးစားတင်ဆက်ဖို့ ပြင်ဆင်ထားပြီးသားပင်။

 

 

ပွဲစပြီးနောက် တစ်ကန့်စီကို မိနစ်၂၀ တွင် အဆုံးသတ်သည်။ သရုပ်ဆောင်များစွာ၏ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဝင်သွားပြီး ပြန်ထွက်လာချိန် စိတ်ပျက်အားမရသည့်ပုံစံကို ကြည့်ရုံဖြင့် စုချန်ယန်အနေနဲ့ ရလဒ်တွေကို ကြိုခန့်မှန်းနိုင်လေသည်။

 

 

ခုနက လူတွေနဲ့ဝန်းရံခံနေရတဲ့ ခေါင်းဆောင်မင်းသမီး တောင်မှ စိတ်တိုလာသည့် အမူအရာဖြင့် ရုံးခန်းထဲမှထွက်လာစဉ် သူမ ပြင်ဆင်လာ‌ခြင်းက မှန်သွားပြီ ဆိုတာ ပိုသေချာသွားသည်။

 

 

" စုချန်ယန် "

 

 

လျိုဝမ် တံခါးဝကနေ လှမ်းအော်ခေါ်လိုက်ချိန် စုချန်ယန်လည်း အတွေးတွေထဲက ရုန်းထွက်လိုက်ပြီး ခေါ်သည့်နေရာဆီ သွားလိုက်သည်။

 

 

လူတွေ့ဖြေဖို့ စောင့်ဆိုင်းနေသည့် သရုပ်ဆောင်တွေကိုဖြတ်ကျော်သွားစဉ် သူတို့သည် စုချန်ယန်ကို လှောင်ပြောင်သရော်ချင်တဲ့ အရိပ်ယောင်တွေနဲ့ ကြည့်ခဲ့သည်။

 

 

'သိပ်ဟုတ်တာပေါ့။ စုချန်ယန် မိတ်ကပ်အနေအထားမှာ အမျိုးသမီးဇာတ်ဆောင်နဲ့ မအက်စပ်သလိုဖြစ်နေတော့ သူတို့လည်း မမှားချေ'

 

 

စုချန်ယန် ရောက်လာတာမြင်တော့ လျိုဝမ် အံ့အားသင့်စွာနဲ့ မေးခဲ့သည်။" ဘာဖြစ်လာတာလဲ ချော်လဲလာတာလား?"

 

 

စုချန်ယန်က လျိုဝမ်ရဲ့ အမူအရာကို သဘောကျသည့်ဟန်ဖြင့် ပြန်နောက်လိုက်သည်။

 

 

"မဟုတ်ဘူး လမ်းမှာဓားပြတိုက်ခံရတာ "

 

 

လျိုဝမ် - "  ...... "

 

 

စုချန်ယန် စနေမှန်း သူမ သိလိုက်ပြီဖြစ်တာကြောင့် မနိုင်သည့်ပုံစံဖြင့်ကြည့်ရင်း သူမ ဝင်ဖို့ ဘေးဖယ်ပေးလိုက်သည်။

 

 

Starlight ဖျော်ဖြေရေး ကုမ္ပဏီမှ သရုပ်ဆောင်ရွေးသည့် ဒါရိုက်တာများက ရှေ့သရုပ်ဆောင်များ၏ တင်ဆက်မှုကိုကြည့်ပြီး သိပ်စိတ်မကြည်တော့ပေမဲ့ ဒီအေဂျင်စီမှာရှိတဲ့ သရုပ်ဆောင်များအပေါ် အနည်းငယ် မျှော်လင့်နေမိကြသည်။

 

 

မစ္စတာလင်းရဲ့ သတ်မှတ်ချက်စံနှုန်းတွေက အရမ်းကိုရက်စက်ရာကျမှန်း သူတို့အားလုံး သိကြသည်။

 

 

ဒါကြောင့် စုချန်ယန် ဝင်လာသည့်အချိန်တွင် သူမ ကိုယ်ရေးအကျဉ်းကို စိတ်ဝင်စားမှုမရှိပဲ ပျင်းရိစွာ လှန်လှောကြည့်လိုက်သည်။ သူမမှာ ဘာအတွေ့အကြုံမှမရှိမှန်း သိသွားကြတော့ နောက်ထပ်ပြန်ကြည့်မနေနိုင်လောက်တဲ့ထိ စိတ်ရှုပ်သွားကြသည်။

 

 

သို့ပေမဲ့ လူအုပ်အလယ်မှာ ထိုင်နေတဲ့လူတစ်ယောက်ကတော့ စုချန်ယန်ဝင်လာကတည်းက သိမ်မွေ့နူးညံ့စွာကြည့်နေဆဲပင်။ သူ့မျက်လုံးထဲ နွေဦးလေပြေအလား  ပြုံးယောင်သမ်းနေသည်။ စုချမ်းယန်လည်း ထိုသူကို ပြန်ကြည့်ကာ အနည်းငယ် ခေါင်းငြိမ့်ပြလိုက်သည်။

 

 

"အားလုံးပဲ မင်္ဂလာပါ။ ကျွန်မ နာမည်ကတော့ စုချန်ယန်ဖြစ်ပါတယ် "

 

 

သူမအသံကြားလိုက်ချိန် အခြားဒါရိုက်တာများက လှမ်းကြည့်နေကြပြီး သူမကိုမြင်ပြီးနောက် အံဩသွားကြသည်။ သူတို့ထဲက တစ်ယောက်က မေးခဲ့သည်။ -" မင်းနေရာ မှားလာတာလား? "

 

 

စုချန်ယန်က သူမ ခေါင်းကိုခါလျက် ပြောခဲ့သည်။ " မမှားပါဘူး "

 

 

စုချန်ယန်က ၁၉ရာစု နှောင်းပိုင်းခေတ်က ပုံစံမျိုး ဝတ်စားဆင်ယင်ထားသည်။

 

 

သူမပုံစံက ရှည်ရှည်သွယ်သွယ် အရပ်အမောင်းရှိသဖြင့် ချီဖောင်(ပိုးပြောင်)တရုတ်ရိုးရာဝတ်စုံကို ဝတ်ထားခြင်းပင်။

 

 

ချီဖောင်ဝတ်စုံ၏ အကွဲမှာ သိပ်မရှည်ပဲ သူမ ဒူးအထက်မှစ၍ အနည်းငယ် အရှေ့ကွဲထားရုံပင်။

 

 

သာမန် ရိုးရာဝတ်စုံဖြစ်သော်လည်း သူမဝတ်စုံမှာ အစက်အပြောက်များစွာ စွန်းထင်နေပြီး သူမပြင်ဆင်ထားသည့်မိတ်ကပ်နှင့် ဆံပင်ပုံစံမှာ အနည်းငယ်ဖရိုဖရဲဖြစ်နေသည်။

 

 

စုချန်ယန်က ထိုဒါရိုက်တာများကြားရှိ ခပ်ငယ်ငယ်လူတစ်ယောက်ကို ကြည့်ပြီးပြောခဲ့သည်။

 

" ဆရာ ပေးထားတဲ့ဇာတ်ဝင်တေးက ဂုဏ်သရေရှိအထက်တန်းလွှာဆိုပေမဲ့ ဘယ်လို အထက်တန်းလွှာပုံစံမျိုးဆိုပြီး အသေးစိတ် ပြောပြထားတာ မဟုတ်ဘူးလေ။ ကျွန်မ တင်ဆက်ချင်တဲ့ပုံစံက ငွားငွားစွင့်စွင့် ပွင့်လန်းနေပြီးသား ပန်းတစ်ပွင့်ကို ခူးပြီး လမ်းဘေးက‌‌ဗွက်အိုင်ထဲကို အပစ်ချခံထားရပေမဲ့ ရွှံ့ပေနေရုံလောက်နဲ့ သူ့ရဲ့ပင်ကိုယ်အရောင်အဆင်းကို ဖုံးလွှမ်းမသွားတဲ့ ပန်းရိုင်းတစ်ပွင့်လိုမျိုး အရာအားလုံး ဆုံးရှုံးသွားပေမဲ့ သူမရဲ့ပင်ကိုယ်အလှက မှေးမှိန်သွားခြင်းမရှိတဲ့ အမျိုးသမီးတစ်ယောက်ပုံစံမျိုးပါ။ "

 

 

ခုနကလူရဲ့ ပြုံးယောင်သမ်းနေသည့် မျက်လုံးများမှာပြန်တည်သွားပြီး ဖြေးဖြေးချင်းလှမ်းကြည့်ကာ စုချန်ယန်ကို သေသေချာချာ အာရုံစိုက်‌နေလိုက်သည်။ သူ့မျက်ခုံးတွေက တွန့်ချိုးသွားကာ ကြည့်နေပုံမှာ အနည်းငယ် စိတ်မဝင်စားသည့်ပုံနှယ်။

 

 

ထို့နောက် စုချန်ယန်က အရှေ့ကို ညွတ်ကိုင်း နှုတ်ဆက်ကာဆက်ပြောလိုက်သည်။ " ကျေးဇူးတင်ပါတယ်" 

 

 

 

ပြီးလျှင် မျက်လုံးများဖြေးညှင်းစွာမှိတ်လိုက်ပြီးခံစားချက်များ အသက်ဝင်အောင် စိတ်ထိခိုက်နေသည့်အနေအထားသို့ ပြောင်းလဲလိုက်သည်။

 

 

စုချန်ယန်၏ ပင်ကိုယ်တင်ဆက်မှုက ရိုးရှင်းသည်။

 

 

ဇာတ်လမ်းပုံစံကို သူမဘာသာ ဖန်တီးလိုက်ပြီး စိတ်ထဲတွင် ကိုယ့်ကိုကိုယ် မေးလိုက်သည်။

 

 

' မြင်လိုက်လား စုချန်ယန်? --ဟမ် မြင်တယ် '

 

 

စုချန်ယန် နောက်လှည့်ကြည့်လိုက်ပြီး သူမအကြည့်တွေက ကြည်လင်ပြတ်သားနေသည်။

 

 

' အဲ့လူတွေက နင့်ကို မြောင်းထဲရောက်အောင် မာနကိုချိုးချင်နေတာ '

 

 

' ဘယ်သူမှ မလုပ်နိုင်စေရဘူး '

 

 

'ဟုတ်တယ် ဘယ်သူမှ သူမရဲ့မာနကိုမဖျက်ဆီးနိုင်ဘူး။'

 

 

'အဲ့ဒီတော့မင်းဘာလုပ်မလဲ?'

 

 

' ငါ့ကိုယ်ငါ ညစ်ပတ်အောင်လုပ်ပြီး သူတို့ရဲ့ရှေ့မှာ ခေါင်းမော့ရင်ကော့ပြီး ဖြတ်လျှောက်ပြမယ် '

 

 

'အထင်သေး လှောင်ပြောင်နေတဲ့သူတို့တွေကို ဘယ်နေရာရောက်ရောက် သူမက ကျက်သ‌ရေရှိရှိ လှပနေတုန်းပဲဆိုတာ မြင်စေရမယ်။'

 

 

'ဘယ်လောက်ပဲ သူတို့ မဟုတ်မမှန်တွေပြောပြီး ကျိန်ဆဲနေပါစေ '

 

 

'ဟုတ်တယ်'

 

 

'စုချန်ယန်ကို အဲ့လိုလာစော်ကားရုံနဲ့ ဆွဲချလို့မရဘူး '

 

 

 'သူတို့မျက်လုံးတွေနဲ့ဘယ်လိုပဲကြည့်ကြည့်! '

 

 

' ဟုတ်တယ် သူတို့က ဘာမှအရေးမပါတဲ့ ဖုန်သာသာပဲ'

 

 

စုချန်ယန်က ဘာမှမလုပ်သေးပဲ ညစ်ပတ်နေတဲ့ ပိုးပြောင်အင်္ကျီကိုသာ ဝတ်ဆင်ထားပြီး ပွနေတဲ့ဆံပင်အချို့ကိုနားနောက် သိမ်းလိုက်သည်။ သူမမျက်ဝန်းတွေထဲ မျက်ရည်စ အနည်းငယ် စိုစွတ်နေခြင်းဖြင့် အထက်စီးဆန်မှုများကို ဖုံးကွယ်ထားခြင်းမှာ နားလည်ရခက်စွာခြယ်လှယ်ချင်သည့်နှယ်ပင်။

 

 

သူမသည် မျက်နှာကိုမော့ထားပြီး ဘေးမှာရှိတဲ့ လူတွေကို ဂရုမစိုက်သည့်ဟန်ဖြင့် ခြုံငုံကြည့်လိုက်သည်။

 

 

သူမ ခါးကိုကြော့မော့စွာလှုပ်ကာ မြေကြီးပေါ်ကို ပန်းတွေ တစ်ပွင့်ချင်းချွေရင်း တစ်လှမ်းချင်းလှမ်းပြီး ပြတ်သားစွာ ဖြတ်လျှောက်ပေးလိုက်သည်။

 

 

သူမ၏ တင့်တယ်သည့်ဟန်ပန်မှာ စစ်တလင်းကို  အေးအေးလူလူ ဖြတ်လျှောက်သွားပြီး ဘယ်တော့မှပြန်မလာတော့မည့် ပုံစံဖြင့် သူမဘဝ၏ နောက်ဆုံးခဏတာအချိန်၊ နောက်ဆုံးအကြိမ်ပွင့်လန်းပြီး လောကကြီးအတွက် နောက်ဆုံးပန်းစည်းလက်ဆောင် ချန်ထားခဲ့သယောင်ပင်။

 

 

စုချန်ယန်က အခန်း အလယ်ဆီ လျှောက်လာကာ လူအုပ်ဘက်ကို ဦးညွတ်ရင်း သူမ၏တင်ဆက်မှုကို အဆုံးသတ်လိုက်သည်။

 

 

" ကျေးဇူးတင်ပါတယ် ကျွန်မရဲ့တင်ဆက်မှုက ဒီလောက်ပါပဲ "

 

 

"ဟင် ဒါပဲလား? " ဒါရိုက်တာ၏ ပုံစံကိုမြင်ရသလောက်မှာ စိတ်ပျက်သွားပြီး ခုနကဇာတ်လမ်းပြကွက်ဆီက ရုန်းမထွက်နိုင်သေးသည့်နှယ်ပင်။

 

 

စုချန်ယန်က သူမ၏ သရုပ်ဆောင်စွမ်းရည်ကို အမြဲယုံကြည်မှုရှိခဲ့သလို မျက်ဝန်းများကို မှေးစင်းကာပြောခဲ့သည်။

 

 

"ကျွန်မ ပုံဖော်ချင်တဲ့အတိုင်း ဆရာတို့ကို ပြောင်မြောက်စွာပြသပြီးပြီလို့ ထင်ပါတယ်"

 

 

အဲ့လိုပြောလိုက်ပေမဲ့ သူမရဲ့ တင်ဆက်မှုရလဒ်ကို အကဲဖြတ်ဖို့ လျိုဝမ်ကို မသိမသာ ဖြတ်ခနဲဝေ့ကြည့်ပြလိုက်သည်။

 

 

လျိုဝမ်က မယုံနိုင်တဲ့ အကြည့်တွေနဲ့ သူမကို ငေးနေမိပုံကို ကြည့်ခြင်းအားဖြင့် သူမလိုချင်သည့် ရလဒ်အတိုင်း အောင်မြင်သွားပြီဟု သိလိုက်ရသည်။

 

 

စုချန်ယန်က မည်သည့်စကားလုံးမှမသုံးပဲ ဇာတ်ကောင်ရဲ့ရင်တွင်းခံစားချက်ကို လူတွေ ရင်ထဲရောက်တဲ့အထိ ခံစားမိအောင် သရုပ်ဆောင်သွားသည့် သူ မတူတဲ့တင်ဆက်မှုမျိုးကို ပိုကြိုက်သည်။

 

 

"ဒါ...."

 

 

များစွာသော ဒါရိုက်တာများက တစ်ယောက်နှင့်တစ်ယောက် အလန့်တကြား အချင်းချင်း ကြည့်နေမိကြပြီး မိနစ်အနည်းငယ်မျှ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။

 

 

တစ်မိနစ်စာမျှ သရုပ်ဆောင်ရတာဖြစ်သော်လည်း စုချန်ယန်က သူမ ချပြချင်သည့်အတိုင်း စိတ်ခံစားမှုကို ထပ်တူကျစွာ တင်ဆက်ပြသနိုင်ခဲ့သည်။

 

 

အကယ်၍ တစ်မိနစ်စာ‌ သာမန်လူရွေးပွဲသာဖြစ်ခဲ့မယ်ဆိုရင် စုချန်ယန်က ဘယ်ဇာတ်ကောင်နေရာမျိုးကိုမဆို သေချာပေါက် ရနိုင်ချေရှိသည်။ ဒါပေမဲ့...

 

 

ဘာပဲဖြစ်ဖြစ် အခုဟာက လင်းယွီအနေဖြင့် ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးချင်သည့် အနုပညာရှင်ကို ရှာဖွေခြင်းဖြစ်ပြီး အဆုံးသတ်ကလည်း သူကျေနပ်မှုရှိလား မရှိလားဆိုသည့်အပေါ်မူတည်နေသည်။

 

 

ဒီ့အပြင် စုချန်ယန်က ယန်ရှို့ရီ ကို လုံးဝလက်မလျှော့ပဲ ဇွဲရှိရှိ တကောက်ကောက်လိုက်ကာ ပိုးပမ်းနေပြီး သူမသည် အချစ်ရေးမှာ ပုံသေမရှိ(ပလေးတတ်သည်)ဟု ကောလဟာလများ ထွက်လျက်ရှိသည်။

 

 

သူမသာ Starlight ဖျော်ဖြေရေး ကုမ္ပဏီနဲ့ စာချုပ်ချုပ်လိုက်ရင် ယန်ရှို့ရီနဲ့ အေဂျင်စီတစ်ခုထဲ ဖြစ်သွားပြီး ဘယ်လောက်ထိ အုတ်အော်သောင်းနင်း ဖြစ်လာမလဲဆိုတာ ခန့်မှန်းရမခက်ချေ။

 

 

အလယ်တည့်တည့်မှာထိုင်နေသော လင်းယွီက စုချန်ယန်ကို စိုက်ကြည့်နေခြင်းမှာ အကြည့်ပင်မလွှဲနိုင်။ သူ့မျက်လုံးထဲ မည်သည့်ခံစားချက် အရိပ်အယောင်မှ မပါပေမဲ့ စုချန်ယန်၏ ပုံပန်းသဏ္ဌာန်ကို စေ့စေ့စပ်စပ်ကြည့်နေခဲ့သည်။

 

 

အနုပညာနယ်ပယ်ထဲမှာ သရုပ်ဆောင်တစ်ယောက်ရဲ့ပုံပန်းသဏ္ဌာန်က ဘယ်လောက်အရေးပါလဲဆိုတာကို စုချန်ယန်ကောင်းကောင်းနားလည်သွားသည်။

 

 

'အလကား စတာ'

 

 

ဒီတရုတ် ပိုးပြောင်ရိုးရာဝတ်စုံနဲ့ အံဝင်ဂွင်ကျ ကွက်တိဖြစ်ဖို့တစ်ပတ်လုံး ဝိတ်တက်အောင် ပြင်ဆင်နေခဲ့သည်။ လက်ရှိခန္ဓာကိုယ်က သူမရဲ့ မူလခန္ဓာကိုယ်နဲ့ လုံးဝမတူပဲ ဝိတ်တက်လွယ်သည့်ပုံပင်။

 

 

စုချန်ယန်က သူမ ဝိတ်တက်လာခြင်းအပေါ်ဂုဏ်ယူနေစဉ်မှာပင် လင်းယွီက သူ့လက်ထဲက ဖိုင်ကိုပိတ်ပြီး ပြုံးကာမေးလိုက်သည်။

 

 

"မိန်းကလေးစုအနေနဲ့ ခန္ဓာကိုယ်ထိန်းသိမ်းမှုနဲ့ ပက်သက်ပြီး ကုမ္ပဏီရဲ့စည်းမျဉ်းစည်းကမ်းတွေကိုလိုက်နာနိုင်လားဆိုတာ ကျွန်တော်သိပါရစေ "

 

 

စုချန်ယန်မှ အနည်းငယ်လန့်သွားပြီး သူမ နှလုံးခုန်သံများ မြန်လာသည်။

 

 

"ဘယ် ဘယ်လိုမျိုးလဲရှင့်? "

 

 

" အ‌စာကို အတိုင်းအထွာနဲ့ လျှော့စားရပါမယ်" သူက မျက်လုံးတွေထဲထိ ရောက်အောင် ပြုံးရင်း သူမကို ကြည့်ကာဖြေခဲ့သည်။

 

 

ဒါပေမဲ့ စုချန်ယန်ကတော့  ကျောရိုးထဲထိစိမ့်ကာ ကြက်သီးထသွားသည်။

 

 

ပျင်းနေတဲ့အချိန် စုချန်ယန် လုပ်ရတာ အကြိုက်ဆုံးအရာမှာ ဘယ်ဟာကို မဆိုစားနေရခြင်းပင်။