Chapter 236 Extra 1 - ဒီမိသားစုက မလွယ်ကြောပဲ။
Viewers 32k


Chapter 236

🦊 Chapter 236

Extra 1 - ဒီမိသားစုက မလွယ်ကြောပဲ။




၁။ ရုပ်ရှင်ဧကရာဇ်နှစ်ယောက်အား လေ့လာခြင်း။




အော်စကာဆုပေးပွဲအပြီး အင်တာဗျူးတွင် သတင်းသမားများက စူးလျို့နျန်အနား၌ ဝိုင်းအုံနေကြလေ၏။ "တဆိတ်လောက်ခင်ဗျ..ရုပ်ရှင်ဧကရာဇ်စူး...ရွှယ်လင်က စကားပြောပြီးတာနဲ့ထွက်သွားတယ်နော်...ခင်ဗျားတို့နှစ်ယောက်ကြားမှာ အငြင်းပွားရတာမျိုးဖြစ်သွားသေးလား.." 




"ဒီနှစ် ဆုပေးပွဲကော်မတီက ရုပ်ရှင်ဧကရာဇ်ဆုနှစ်ဆုချီးမြှင့်တဲ့အပေါ်  ရုပ်ရှင်ဧကရာဇ်စူးရဲ့ ထင်မြင်ချက်လေးကိုသိပါရစေ..ရွှယ်လင်က သရုပ်ဆောင်ပိုင်းမှာ ရှင့်ကိုလိုက်မီနိုင်ပါသလား.." 




"ရွှယ်လင်က ထျန်းရွှမ်နဲ့ စာချုပ်ချုပ်ပြီးသွားပြီ..နောင်အနာဂတ်မှာ ထျန်းရွှမ်ရဲ့ကိစ္စတွေနဲ့ပတ်သက်လို့ သူ့အနေနဲ့ ပြောရေးဆိုခွင့်ရှိလာမှာလားဗျ.." 




"ရွှယ်လင်က အပြေးတစ်ပိုင်းထွက်သွားတယ်..ဘာဖြစ်သွားတာလဲဗျ.."




"ရုပ်ရှင်ဧကရာဇ်စူးရဲ့ ဒီနေ့ဆုရရှိတဲ့အပေါ် သဘောထားလေးပြောပြပေးပါ.."




စူးရွှမ်းချင် ညီဖြစ်သူအရှေ့တွင်ရပ်နေပြီး သူ၏အေးစက်သော အရှိန်အဝါတို့ကိုထုတ်ပြလိုက်သည်။ သတင်းသမားများမှာ ၎င်းတို့၏မိုက်ခ်များကို ပြန်ဆုတ်လိုက်ကြပြီး စူးလျို့နျန်၏ မျက်နှာကိုပြန်ချိန်ကာ မေးခွန်းများက ပိုများလာလေသည်။




သတင်းသမားများ၏ရင်ထဲတွင် စူးရွှမ်းချင်ချန်ထားခဲ့သည့် အရိပ်မည်းကြီးက ယခုအချိန်အထိရှိနေသေး၏။ ၎င်းတို့အား အရိပ်မည်းကျန်စေခဲ့ပြီး ယခုအချိန်အထိ အနုပညာလောကအပေါ် လွှမ်းမိုးနိုင်ဆဲ အနှီယောက်ျားးပျိုနှင့် ရင်ဆိုင်ရချိန်တိုင်း သတင်းသမားများက အလျင်စလိုမလုပ်ရဲကြပေ။




အိုက်ယား...ဒီနေ့ညတော့ ရေးစရာခေါင်းစဥ်တွေပေါနေတော့မှာပဲ။ သူတို့ သတိမထားမိလိုက်ဘူး 




စူးလျို့နျန်၏သက်တော်စောင့်ကမူ နံဘေးတွင်ရှိနေလေ၏။




"လူတိုင်းက သတင်းအရင်ရဖို့ စိတ်စောနေကြတာကို ကျွန်တော်သိပါတယ်..." 




သူ၏အစ်ကိုကြီးဖြစ်သူက မည်းမှောင်နေသောမျက်နှာထားဖြင့်ပေါ်ထွက်လာ၏။ စူးလျို့နျန်သည် သဘာဝတကျဖြင့်ထွက်လာပြီး အတော်လေးရှက်နေပုံဖြင့် ပြောလာသည်။ 




"ရွှယ်လင်က အရေးတကြီး ဖြေရှင်းစရာကိစ္စကြောင့် အလောတကြီးထွက်သွားရတာပါ..ပြီးတော့ ကျွန်တော်တို့ကြားက ဆက်ဆံရေးကို အသေအချာရှင်းပြပေးချင်ပါတယ်..."




သူမီဒီယာများအရှေ့ရောက်တိုင်း သိမ်မွေ့နူးညံ့သောပုံရိပ်ကို အမြဲထုတ်ပြလေ့ရှိသည်၊ သို့သော်လည်း သတင်းသမားများက ဘယ်သောအခါမှ အရင်ဆုံးစကားပြောခွင့် မပေးကြပေ။ 




"ရွှယ်လင်က ကျွန်တော်တို့ကုမ္ပဏီက အနုပညာရှင်တစ်ယောက်ပါ...ပြီးတော့...ကျွန်တော့်ရဲ့ ဂျူနီယာညီလေးလည်းဖြစ်တယ်...ကျွန်တော်သူ့ကို ဂရုစိုက်ပြီးပျိုးထောင်ပေးချင်ပါတယ်...သူ့ကိုမိသားစုဝင်တစ်ယောက်လိုသဘောထားပြီး အနာဂတ်မှာလည်း ကျွန်တော်တို့မိသားစုဝင်ဖြစ်လာဖို့ မျှော်လင့်နေပါတယ်..ဒါကြောင့် ကျွန်တော်တို့ကြားမှာ စကားများစရာရှိလာမယ်လို့ မထင်ကြပါနဲ့...ဘယ်တော့မှလည်း ရှိလာမှာမဟုတ်ပါဘူး..."




သတင်းသမားများက တစ်ခဏမျှ စိတ်ရှုပ်ထွေးသွားကြပြီး စူးလျို့နျန်ရှင်းပြချက်ကို နားမလည်နိုင်ကြပေ၊ သို့ထိတိုင် တလက်လက်တောက်ပနေသည့် မျက်လုံးများအကြား စူးလျို့နျန်မှာ စူးရွှမ်းချင်နှင့်အတူ ထွက်သွားလေပြီ။ ၎င်းတို့မှာ ရုပ်ရှင်ဧကရာဇ်စူး၏ပါးစပ်မှ သတင်းတစ်စကိုမျှရအောင် မထုတ်နိုင်ကြတော့ပေ။




ဒါနဲ့...'နောင်အနာဂတ်မှာ မိသားစုဝင်ဖြစ်လာဖို့မျှော်လင့်ပါတယ်' ဆိုတာ ဘာသဘောကြီးလဲ။




🦊




၂။ မင်္ဂလာဆောင်မှတ်ပုံတင်ခြင်း။




မိုးကြိုးအတိဒုက္ခကို ဖြတ်သန်းပြီးနောက်တစ်နေ့၊ ရွှယ်လင်နှင့် စူးရွှမ့်ယန်တို့ အိမ်ပြန်ရန်အချိန်မရတော့သလို မည်သူမှလည်း သူတို့သတင်းကိုမရကြတော့ပေ။ ရွှယ်လင်သည် အတိဒုက္ခဖြတ်သန်းပြီးနောက် ပြန်ရလာသော ဆံပင်ရှည်နှင့်ကိုယ်ပုံစံကို အကြောင်းပြု၍ မနေ့ညက ရုပ်ရှင်ဧကရာဇ်အသစ်မှန်း မှတ်မိသူမရှိအောင် အောင်မြင်စွာဖြင့် ကာကွယ်လိုက်နိုင်၏။ သူ လက်ထပ်မှတ်ပုံတင်ရန် စူးရွှမ့်ယန်းကို X မြို့ ပြည်သူ့ရေးရာဌာနသို့ အတူခေါ်သွားလိုက်သည်။




ကံကောင်း၍ စက်ရုပ်များက လုပ်ငန်းစဥ်အပြီးအထိတာဝန်ယူပေးခဲ့၏။ ၎င်းတို့က ကင်မရာမန်းများ၏ ခြောက်လှန့်မှုမှကာကွယ်ထားပြီး ၎င်းတို့မှတ်ပုံတင်ရာတွင်တံဆိပ်ခေါင်းကပ်ပေးသည့် အမျိုးသမီးက သူတို့နှစ်ယောက်အပေါ် သံသယဖြစ်နေသေးသော်လည်း အိမ်ပြန်ရောက်သည်အထိ ရွှယ်လင်ကိုမမှတ်မိခဲ့ချေ။ သူမသိသည့်အရာမှာ အိမ်ပြန်ရောက်သည်နှင့် အင်မတန်အရေးကြီးသော ကိစ္စတစ်ခုကိုလုပ်ရမည့်အကြောင်းပင်။




စာအုပ်နီလေးနှစ်အုပ်ရလာသည့်အခါ ရွှယ်လင် စိတ်ပျော်သွားခဲ့သည်။ သူတို့လက်ထပ်ခြင်းက ဤအကြိမ်တွင်ပထမဆုံးမဟုတ်သော်လည်း စာအုပ်နီပေါ်တွင် သူတို့၏အမည်အရင်းကိုရေးလိုက်ရခြင်းက ပထမဆုံးပင်။




သူစူးရွှမ့်ယန်ကိုခေါ်ပြီး တစ်နေ့လုံးလည်ပတ်နေခဲ့သည်၊ ပုံမှန်စုံတွဲများအတိုင်း နေရာအများအပြားသွားခဲ့ကြပြီးမှ သူတို့တည်ရှိနေသည်မှာ အမှန်တကယ်ပင်ဖြစ်ပြီး အိပ်မက်မဟုတ်ကြောင်း အတည်ယူနိုင်ခဲ့ကြ၏။




ကောင်းကင်မှောင်လာသည့်အခါ နှစ်ယောက်လုံး မြို့ထဲမှ အမြင့်ဆုံးအဆောက်အအုံပေါ်ရှိ စားသောက်ဆိုင်ပေါ်တွင်ထိုင်ခဲ့ကြကာ သူတို့အရှေ့မှ ကျယ်ပြောလှသောမြို့လေးကို ကြည့်နေခဲ့ကြ၏။ ရုတ်တရက်ဆိုသလိုပင် သူတို့နှလုံးသားက ဤနေရာတွင်ရှိဖူးခဲ့သလို ခံစားလိုက်ရသည်။




ရွှယ်လင်၏မျက်လုံးများက တောက်ပသွားပြီး စူးရွှမ့်ယန်ကိုကြည့်ကာ ပြောလိုက်၏။ "အခန်းတစ်ခန်းသွားငှားရအောင်!"




စူးရွှမ့်ယန်က အားကိုးမဲ့စွာပြောလိုက်သည်။ "အိမ်ပြန်မှာကို ဘာလို့အခန်းငှားမှာလဲ..."




ရွှယ်လင်: "အိမ်မှာ ပျင်းစရာကြီး...အခန်းသွားငှားရအောင်..."




စူးရွှမ့်ယန်: "....." မှတ်မိတာဖြင့်မကြာသေးဘူး သွက်လှချည်လား။




သို့သော်လည်း သူကြိုက်ပါသည်။




🦊




၃။ အခန်းငှားခြင်း။




ဟိုတယ်မှာလည်း ယခင်ဟိုတယ်ပင်ဖြစ်ပြီး ဧည့်ကြိုခုံကလည်း မပြောင်းလဲသေးပေ။




"ဟယ်လို...နှစ်ယောက်ခန်းတစ်ခန်းလိုချင်လို့ပါ.." 




သူမအရှေ့မှ ယောက်ျားလေးနှစ်ယောက်က လက်ကောက်ဝတ်မှ နာနိုကွန်ပျုူတာများကို တင်ပေးလာသည်။




ကောင်တာမှအမျိုးသမီးလေးက ပျာပျာသလဲပြန်ဖြေလာ၏။




 "အာ..! ဆရာတို့ကိုး..." 




သူမမျက်တောင်ခတ်လိုက်ပြီး သူမအရှေ့မှလူနှစ်ယောက်ကို သေချာကြည့်လိုက်သည်။ တစ်ယောက်ကဆံပင်ရှည်နှင့်ဖြစ်နေသော်လည်း သေချာပေါက် ထိုယောက်ျားပျိုနှစ်ယောက်သာ။




 "နှစ်ယောက်ခန်းတွေက ဇနီးမောင်နှံတွေအတွက်နဲ့ ကြင်စဦးမောင်နှံတွေအတွက်ဆိုပြီး နှစ်ခန်းခွဲထားပါတယ်...ပြီးတော့ ဟန်းနီးမွန်းပက်ကေ့ချ်တွေလည်းရှိပါတယ်..စနစ်ထဲကအရတော့ လူကြီးမင်းတို့နှစ်ယောက်က လက်ထပ်ပြီးကာစနဲ့တူတယ်..ကျွန်မတို့အကြံပေးချင်တာကတော့...."




အမျိုးသမီးစကားမဆုံးသေးခင် ဆံပင်ရှည်နှင့်အမျိုးသားကပြောလာသည်။ 




"အဲဒါယူမယ်..ရိုမန့်တစ်ဆန်တာ ဘာဖြစ်ဖြစ်ရတယ်..."




ခွေးတစ်ကောင်လိုပင်၊ ဧည့်ကြိုခုံမှ အမျိုးသမီးလေးက အံကြိတ်ရုံသာတတ်နိုင်တော့၏။




ဝူးဝူးဝူး...နေ့တိုင်းဒီဟိုတယ်က ဧည့်ကြိုခုံမှာအလုပ်လုပ်နေရတာတောင် ဘယ်လိုလုပ်နေ့တိုင်း ခွေးစာနင်နေရတာလဲ? ဒီ ညားခါစလင်မယားတွေက ဘာဖြစ်ချင်နေတာလဲ? သူတို့မင်္ဂလာဦးညမှာ တောင်းဆိုတာကြီးက ဘယ်လိုအကြိုက်တွေလဲ?။




သူမအံကြိတ်ပြီး ဖောင်ဖြည့်ပေးလိုက်ကာ ဧည့်ကြိုခုံမှအမျိုးသမီးလေးမှာ တဖြည်းဖြည်းဝေးသွားသော အမျိုးသားနှစ်ယောက်၏ ကျောပြင်ကိုကြည့်ရင်း ဆံပင်ရှည်နှင့်အမျိုးသားကို ရုတ်ချည်းမှတ်မိလာသလိုပင်....။




"အား......နတ်ဘုရားကြီး!"




🦊




၄။ ထုတ်ဖော်ပြောဆိုခြင်း။




အော်စကာဆုပေးပွဲကျင်းပအပြီး ဒုတိယမြောက်နေ့တွင် သတင်းစာခေါင်းစီးပိုင်းတိုင်းက ရုပ်ရှင်ပွဲတော်မှ အမျိုးသားရုပ်ရှင်ဧကရာဇ်နှစ်ယောက်၏ အကြောင်းများနှင့်သာ ပြည့်နေခဲ့၏။




တတိယမြောက် သတင်းခေါင်းစဥ်ကမူ ရုပ်ရှင်ဧကရာဇ်အသစ်လေးက အမည်မသိလူတစ်ယောက်နှင့် စားသောက်ဆိုင်တွင် ညစာစားနေခဲ့သည့်သတင်းပင်၊ သည့်နောက်၎င်းတို့က ယွမ်စူး ဟိုတယ်တွင်အခန်းငှားခဲ့ကြသည်။




လူစုကြီးကပေါက်ကွဲသွားသည်။ အမည်မသိလူမှာ အလင်းပြန်နေသောကြောင့် မည်သူမှန်းကောင်းစွာမမြင်နိုင်ပေ။ အွန်လိုင်းပေါ်တွင်ရော အပြင်တွင်ပါ ထိုအကြောင်းကို အများအပြားဆွေးနွေးနေကြပြီး ရွှယ်လင်၏ Weibo မှာလည်း ခဏတွင်းချင်းပေါက်ကွဲသွား၏။ ထျန်းရွှမ်နှင့် စူးလျို့နျန်၏အကောင့်များမှာလည်း ထိုနည်း၎င်းပင်။




စူးလျို့နျန်ဘက်ကမူ 'အနာဂတ်မှာ မိသားစုဝင်တွေဖြစ်ဖို့မျှော်လင့်ပါတယ်' ဟူသောစကားကြောင့် ပိုပြီးပင်ရှုပ်ထွေးသွားခဲ့ပြီး လူများက အဆိုပါအမည်မသိလူက သူဖြစ်လိမ့်မည်ဟု ယုံကြည်နေကြသည်။




စူးလျို့နျန်၏ပရိသတ်များက သူ့ဘက်မှရပ်တည်ပေးလာကြသည်။




[မင်းက အယောင်ဆောင်ပရိသတ်ပဲဖြစ်မယ်။ အရပ်ကိုလည်းကြည့်ဦး။ ငါတို့ရုပ်ရှင်ဧကရာဇ်လေးမဟုတ်ဘူး အိုကေ?]




စူးလျို့နျန်: "...." ကောလဟာလလေးပဲဟာ.. ပြန်ငြင်းလိုက်လည်းရပါတယ်..ဘာလို့ငါ့အရပ်ကို လာထိပါးနေတာလဲ?




ထိုအခိုက်အတန့်လေးမှာပင် အပြင်ဘက်လောကကြီးက ဦးစောက်ပြောင်းပြန်ဖြစ်သွားရလေ၏။ ဟိုတယ်ဝင်ပေါက်တွင် သတင်းသမားများနှင့်ပြည့်နေပြီး ရွှယ်လင်ကမူ...




အိပ်မောကျနေခဲ့သည်....။




သူတစ်ညလုံး စူးရွှမ့်ယန်နှင့်ကျီစယ်နေပြီး နှစ်နာရီထက်ကြာအောင် လူးလှိမ့်နေခဲ့ကာ ဖုန်းသံမြည်လာမှ လန့်နိုးလာခဲ့သည်။ အိပ်ရာမှနိုးလာချိန်တွင် အတော်လေးစိတ်မကြည်ဖြစ်နေခဲ့၍ ရှန်းယွဲ့မှာ အနှီသူ၏ရှားပါးလှသည့် လူသတ်သမားပုံစံအခြမ်းကို တွေ့ဖူးသွားခဲ့ရလေသည်။




🦊




၅။ ထုတ်ဖော်ပြောဆိုခြင်း(၂)




ရွှယ်လင်မှာ လေးကန်ထိုင်းမှိုင်းစွာဖြင့် အိပ်ရာမှထလိုက်ပြီး နောက်ဆုံးတော့ ရှန်းယွဲ့တစ်ယောက် သူ့အားမနက်အစောကြီး ဆက်သွယ်လာရသည့်အကြောင်းအရင်းကို သိလိုက်ရ၏။ သူတို့မနေ့က အဆင်အခြင်မဲ့သွားခြင်းကြောင့် ရုပ်ရှင်ဧကရာဇ်က လူတစ်ယောက်နှင့်အခန်းငှားနေသည့်သတင်းမှာ ဟိုးလေးတကျော်ကျော် ဖြစ်သွားခဲ့ရခြင်းပင်။




အမှန်အတိုင်းပြောရပါက ရွှယ်လင်မှာမတုန်လှုပ်မိချေ။ ၎င်းက ကိစ္စကြီးလည်းမဟုတ် စူးရွှမ့်ယန်က ဖုံးကွယ်ထားရမည့်လူတစ်ယောက်မဟုတ်။ ထို့ကြောင့် ရှန်းယွဲ့ကို စိတ်တည်ငြိမ်အောင် နှစ်သိမ့်ပေးလိုက်ပြီး ပြန်အိပ်နေလိုက်သည်။




စူးရွှမ့်ယန်လည်းနိုးနေပြီ။ သူပထမဆုံးလုပ်သည့်အရာက ခေါင်းငုံ့ပြီး ရွှယ်လင်ကိုနမ်းလိုက်ခြင်းပင်။ ထို့နောက် ရွှယ်လင်၏ပုခုံးကိုမှီထားပြီး တဖက်မှရှန်းယွဲ့ကိုကြည့်လိုက်သည်။ 




"မင်းတို့ကောင်တွေ ဒီကိစ္စကိုအရင်ရှင်းထားနှင့်လိုက်..ငါတို့နေ့လည်ကျရင် ပြန်ရောက်မှာ...အဲဒီတော့မှ သတင်းစာရှင်းလင်းပွဲလုပ်မယ်...သတင်းကိုဖုံးထားစရာမလိုဘူး..ထွက်လာပြီဆိုမှတော့ လူတိုင်းစေ့သိအောင်သာ ကြေညာလိုက်တော့..."




ရှန်းယွဲ့: "....." သူအခု ခွေးစာကို လက်ခုပ်နဲ့အပြည့်ထိုးထည့်နေတာပဲ။ တစ်အိပ်ရာတည်းမှာအတူအိပ်နေပြီး အဝတ်တွေလည်းမပါကြဘူး၊ မနေ့ညက မည်သည့်အရာများဖြစ်ပျက်သွားမှန်း သူလုံးဝမသိတော့ပေ။




ရှန်းယွဲ့ ဖုန်းချလိုက်ပြီး တစ်ဖက်၌ ပျင်းရိပျင်းတွဲလှဲနေသော အနုပညာရှင်ဘက်သို့လှည့်ပြောလိုက်၏။ "မင်းရဲ့အစ်ကိုကြီးက သတင်းစာရှင်းလင်းပွဲလုပ်မယ်တဲ့..."




စူးလျို့နျန်က 'အို့' ဟူသောအသံဖြင့်ဆက်ပြောလာ၏။ "သူလူသိရှင်ကြားထုတ်ပြောချင်ရင်လည်း ပြောလိုက်ပေါ့ ~ မထင်မှတ်ဘဲ ကျွန်တော်လွန်ခဲ့တဲ့နှစ်ရက်က ပြောလိုက်တာက ဒီနေ့တကယ်ဖြစ်လာတာပဲ ~ အစ်ကိုကြီးက တကယ်တော်တာပဲ..."




ရှန်းယွဲ့: "....." သူတကယ် ဒီမိသားစုထဲမှာ မနေချင်တော့ဘူး!




🦊




ထုတ်ဖော်ပြောဆိုခြင်း(၃)




သတင်းစာရှင်းလင်းပွဲကို လေးရက်မြောက်နေ့၊ ၎င်းတို့အလုံအလောက် အနားယူပြီးသည့် နေ့လည်ပိုင်းတွင် စီစဥ်ထားလေသည်။




သတင်းစာရှင်းလင်းပွဲ တစ်လျှောက်လုံးကို အင်တာနက်တွင် တိုက်ရိုက်ထုတ်လွှင့်နေ၏။ ၎င်းတို့၏ကြယ်ပွင့်ထံမှ သတင်းအစအနမရသော ရွှယ်လင်၏ပရိသတ်များမှာ လိင်စိတ်တိမ်းညွှတ်မှုသတင်းကို ကြားလိုက်ရသည်နှင့် ၎င်းတို့ ကြယ်ပွင်အတုကို မှားပြီးအားပေးမိပြီလားဟုပင် စတင်သံသယဝင်လာကြရ၏။ သို့သော် ရွှယ်လင်ပေါ်လာမည့်အချိန်ကို အလွတ်မခံကြဘဲ အချိန်စော၍ လူအနည်းငယ်ခန့်စုဝေးပြီး ပွဲကျင်းပမည့်အချိန်ကို စောင့်ဆိုင်းကြလေသည်။




လက်ရှိတွင် ၎င်းတို့သည် ယွမ်စူးဟိုတယ်တွင်သာရှိနေကြသေး၏။ အဆိုပါနှစ်ရက်က သတင်းသမားများသည် အဝင်အထွက်တံခါးတွင် ပိတ်ဆို့ခဲ့မိသောကြောင့် ၎င်းတို့မှာ ပွဲကျင်းပမည့်နေရာတွင် စောင့်ဆိုင်းကာ ဟိုတယ်တွင်ဖြစ်ခဲ့သမျှကို တောင်းပန်ရန် ရွေးချယ်လိုက်ကြသည်။ စူးရွှမ့်ယန်က သတင်းများထုတ်ပြန်ရန်အတွက် ယွမ်ချွမ်းပိုင်ကို အကူအညီတောင်းခဲ့ပြီး နှစ်ပေါင်းတစ်ရာခန့်ပျော်ရွှင်ပါစေဟူသော ဆုတောင်းပေးစာကိုရခဲ့သည်။




သတင်းသမားများက စောစီးစွာရောက်လာပြီး လိုအပ်သည့်ပစ္စည်းများကို ပြင်ဆင်ကြသည်၊ သို့တစေ ပွဲအပြင်အဆင်ကို ကြည့်လိုက်ကြသည့်အခါ သူတို့နေရာမှားလာသည်ဟု ထင်သွားပြီး မင်္ဂလာဆောင်သို့ရောက်လာမိပြီဟု အထင်မှားသွားကြ၏။




အားလုံးက မင်္ဂလာသကြားလုံးတွေ လိုက်ပေးနေတယ် ဘာတွေဖြစ်နေတာလဲ?။




မြင်တွေ့နေရသမျှအရာတိုင်းက အမှန်တကယ် မင်္ဂလာဆောင်ပင်ဖြစ်ကြောင်း ဖော်ပြနေသည်။ နှစ်ဖက်လုံးက ၎င်းတို့၏ဂုဏ်သတင်းနှင့် ကိုက်ညီမှုရှိပါ၏။ ရွှယ်လင်သည် ထွက်ပေါ်လာသည့်အချိန်တိုင်း လူတိုင်းကိုရှော့ခ်ရစေပြီး သတင်းကြီးအောင်လုပ်တတ်သည်။




သူတို့က တကယ်ကိုလက်ချင်းတွဲပြီး ထွက်လာကြခြင်းပင်။




မှတ်ချက်များက ဒရဟောလျှံကျလာသည်: [အား....နတ်ဘုရားဟေ့!] 




[ဖုန်းမှန်ကြီး ညစ်ပတ်နေလည်းမသိတော့ဘူး ငါအရင်လျက်ပြီး ရိုက်ခွဲပစ်မယ်!]




[သူတကယ်ကြီး နတ်ဘုရားလက်ကိုကိုင်လာတယ်! ငါပဲ နတ်ဘုရားကို အဝေးကြီးကနေမြင်နေရတာ! QAQ..ငါသာသူ့လက်လေးကို ကိုင်ခွင့်ရရင် တစ်သက်လုံး လက်မဆေးပဲနေလိုက်တော့မှာ!!] 




[အိုက်ယား...နတ်ဘုရားလက်ကို ကိုင်လာတဲ့လူက ပိုချောတယ်~] 




[သူတို့ကအရမ်းလိုက်ဖက်တာပဲ] 




[ငါတော့ ကြီးမားတာ တစ်ခုခုဖြစ်တော့မလို ဆက်တိုက်ခံစားနေရတယ်] 




[ဒီလူကရင်းနှီးနေသလိုပဲ]




🦊




၇။ သတင်းစာရှင်းလင်းပွဲ




"ကြွရောက်လာကြတဲ့ စာနယ်ဇင်းဝန်ထမ်းများနှင့် မိတ်ဆွေတို့... တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်ရှုနေကြသူများခင်ဗျာ.. အမေးအဖြေမစတင်ခင် သတင်းကောင်းလေးအရင် ပါးပါရစေ..." 




ရွှယ်လင် ခေါင်းငုံ့ကာ စူးရွှမ့်ယန်လက်ကိုမလွှတ်ဘဲ စတင်ပြောလိုက်၏။




သူ၏အရှိန်အဝါကြောင့်ဖြစ်မည် သူစတင်ပြောလာချိန်တွင် မည်သူကမှ စကားတစ်လုံးပင်ဝင်မပြောရဲတော့ပေ။




"ကျွန်တော်တို့ လက်ထပ်မှတ်ပုံတင်တာလည်းလုပ်ပြီးပါပြီ.." သူသည် ကိုင်ထားသည့်လက်နှစ်ဖက်ကိုမြှောက်ပြလိုက်ပြီး ဆက်ပြောလိုက်သည်။ 




"ကျွန်တော်တို့က မနေ့ကတင် တရားဝင်လက်ထပ်ပြီးပါပြီ..နည်းနည်းတော့ မြန်သွားနိုင်ပေမဲ့ အားလုံးသိနေကြပြီဆိုတော့ လူသိရှင်ကြားပြောဖို့ ဆုံးဖြတ်လိုက်ရတာပါ..." 




သူသည် လက်ထဲမှ စာအုပ်နီလေးကိုဝှေ့ယမ်းပြလိုက်၏။ "အားလုံးလည်း ကျွန်တော်တို့ကို ဆုမွန်ကောင်းတောင်းပေးမယ်လို့ထင်ပါတယ်..."




မှတ်ချက်များတွင်ပြည့်နေသည်မှာ: 




[အိုးမိုင်ဂေါ့ဒ်] 




[ငါတော့ခွေးစာနင်နေပြီ!] 




[ငါတော့ မဟုတ်တရုတ် တိုက်ရိုက်ထုတ်လွှင့်တာနဲ့ နတ်ဘုရားအတုကို ကြည့်နေမိတာထင်တယ်...] 




[အိုးမိုင်ဂေါ့ဒ်! နတ်ဘုရားကလက်ထပ်သွားပြီ??? စာအုပ်နီတောင်လုပ်ပြီးသွားပြီ!!] 




[ဝူးဝူးဝူး..အစကတော့ screenshot ရိုက်ပြီး ငါ့ပုံဘေးမှာ ဖိုတိုရှော့လုပ်မလို့..ရုတ်တရက်ကြီး ဘယ်လိုလုပ် ယောကျ်ားရသွားတာလဲ....] 




[ဟယ်လို...အားလုံး...သူ့ဘေးကလူက အတုကြီးပါ..တကယ်တော့ နတ်ဘုရားလက်ထပ်ထားတာငါလေ..] 




[အားလုံးကို ဖုံးကွယ်ထားမိလို့တောင်းပန်ပါတယ်... ဒါပေမဲ့ တကယ်တမ်း နတ်ဘုရားနဲ့အတူနေလာတာ ဆယ်နှစ်လောက်ရှိပါပြီ..ငါတို့က ကလေးတည်းကချစ်လာကြတာ..တစ်စိတ်တည်းပဲလေ...ဝူးဝူးဝူး..ငါ့ကိုယ်ငါအရူးလုပ်လို့မရတော့ဘူး...ငိုဖို့လိုနေပြီ]




စာနယ်ဇင်းသမားများ၏မျက်နှာအခြေအနေ: 




[ဘုရားရေ..ငါတော့ သတင်းစာရှင်းလင်းပွဲအမှားကိုတက်လာမိတာ ကျိန်းသေတယ်..] 




[မင်္ဂလာပွဲကို ဒီလိုကြေငြာတယ်လား?]




[ရူးနေတာပဲ! ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!!!] 




[အို့..တကယ့်ကို ဇာတ်လမ်းအကြီးစားပဲ...]




🦊




၈။ ထုတ်ဖော်ပြောဆိုခြင်း(၄)




"ဒီနေ့ ကြေငြာပေးမယ့် အကြောင်းအရာက ယာယီပါပဲ..ကျွန်တော်တို့ တကယ့်မင်္ဂလာပွဲကျင်းပနေတုန်းမှာ သတင်းသမားတွေနဲ့မိတ်ဆွေတွေကိုလည်း အသိပေးခဲ့ပါတယ်..အခုဖိတ်ခေါ်လိုက်ရတာက ဆွေးနွေးဖို့အတွက်လောက်ပါပဲ.." 




စူးရွှမ့်ယန်က ရွှယ်လင်၏အနောက်မှ လိုက်ပြောလာသည်။ မျက်နှာအမူအရာသည်ကား နှစ်ရာချီကြာသည့်တိုင် အရည်မပျော်နိုင်မည့် ရေခဲတုံးကြီးနှယ်။ "ကျွန်တော်နဲ့ထျန်းရွှမ်မှာ အင်တာနက်ပေါ် ကောလဟလဖြန့်သူတွေနဲ့ မှန်းချက်ထုတ်သူတွေကို အရေးယူနိုင်တဲ့ အခွင့်အရေးရှိပါတယ်..သတင်းစာတွေနဲ့ ကုမ္ပဏီတွေကိုလည်း ကျွန်တော့်ချစ်သူကို ဂုဏ်သိက္ခာကျစေတဲ့အတွက် တရားရင်ဆိုင်ဖို့ စာတွေပို့ထားပြီးပါပြီ...စူးမိသားစုကို မထိပါးဖို့ လူတိုင်းကိုလည်း ကျွန်တော်တို့သတိပေးထားဖူးပါတယ်..."




သတင်းသမားများ၏မျက်နှာမှာ ခဏတာခန့်မည်းမှောင်သွားပြီး ၎င်းတို့အနက်မှအများစုမှာ စူးမိသားစု၏ဖိအားပေးမှုကို ခံရစဥ်က အကြောက်တရားတို့ကို ပြန်ခံစားလိုက်ရ၏။




ထိုစကားကို စူးလျို့နျန်၏နောက်ကွယ်မှ အမှန်တရားကို ဖော်ထုတ်ခဲ့စဥ်ကလည်းပြောခဲ့ဖူးသည်! ထိုစဥ်က စူးလျို့နျန်ကို နှိမ်ခဲ့ကြသူများမှာ အနုပညာလောကထဲမှ အပြီးတိုင်ပျောက်သွားခဲ့ရ၏! ကုမ္ပဏီအတော်များများပင် ဒေဝါလီခံထားရသေးသည်!။




ကြောက်ဖို့ကောင်းလိုက်တာ! အဲဒီလူရဲ့အေးစက်စက်မျက်နှာကို မှတ်မိနေသေးတယ်!။




တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှလူအားလုံး စူးရွှမ့်ယန်ကို မှတ်မိသွားကြပြီ။




အချိန်များကြာခဲ့ပြီဆိုသော်လည်း လူအများစုထံတွင် အင်မတန်ကောင်းမွန်သည့် အမှတ်တရများရှိနေဆဲ။




[ရုပ်ရှင်ဧကရာဇ်ပြောတဲ့ မိသားစုဆိုတာကြီးကို ငါသဘောပေါက်သွားပြီ! ဒါက သူ့ယောက်ဖကို!!] 




[ဒါက စူးမိသားစုကအစ်ကိုကြီးကို ရှော့ခ်ရစေတဲ့ဒုတိယမြောက်အကြိမ်ပဲ! အား! ငါနတ်ဘုရားကိုပြောင်းလိုက်ပြီ! ငါအစ်ကိုကြီးစူးအတွက် မျောက်လေးတွေ မွေးပေးချင်တယ်!]




[အပေါ်ထပ်ကတစ်ယောက်...ကျေးဇူးပြုပြီး နိုးထလိုက်ပါတော့..သူတို့နှစ်ယောက်ကအတွဲညီတယ်!] 




[အာ.စူးမိသားစုက တကယ်ကို ပါဝါကြီးတာပဲ...] 




[အော်စကာဆုရုပ်တုက စူးမိသားစုလက်ထဲရောက်သွားတာ ဘယ်သူမှသတိမထားမိလိုက်ကြပြန်ဘူး? ကြောက်စရာပဲ၊ ဒီထူးဆန်းတဲ့သံသရာမှာ ပိတ်မိနေကြတာ]




[အာ၊ သူတို့ တစ်ယောက်နဲ့တစ်ယောက်ကြည့်နေကြပြီ၊ အစ်ကိုကြီးစူးရဲ့တစ်ကိုယ်လုံးက ပျော့ပျောင်းသွားသလိုပဲ] 




[ဝူးဝူးဝူး..ငါနောက်ထပ်ခွေးစာအပြည့်စားလိုက်ရပြန်ပြီ၊ စင်ဂယ်တွေကို အပြစ်ပေးတာများလား] 




[ချစ်စရာကောင်းလိုက်တာ၊ အစ်ကိုကြီးစူးက ရွှယ်ရွှယ်ကိုကြည့်ရင် အရမ်းနူးညံ့တာပဲ!] 




[ငါဒီအတွဲကို အားပေးတော့မယ်! ငါအခုချက်ချင်း ဘွတ်ကင်ချိတ်ထားလိုက်ပြီ!] 




[...ဟေး..ဟေး..မင်းဘက်ပြောင်းတာမြန်လွန်းတယ်နော်]




ထိုနှင့်ပင် သာမန် သတင်းစာရှင်းလင်းပွဲလေးက မင်္ဂလာအခမ်းအနားသို့ ပြောင်းလဲသွားခဲ့လေသည်။




ရှန်းယွဲ့ကမူ ဤမိသားစုကို မလွယ်ကြောဟုသာပြောလိုက်ချင်တော့၏!။




🦊