အပိုင်း ၂၁
Viewers 3k

၇၀ ခုနှစ်က အလိုလိုက်ခံ မင်းသမီးလေး

 

အပိုင်း ၂၁

 

 

 

 

 

အပြင်မှ ရွာသူရွာသားများက အလွန် စိုးရိမ်နေကြသည်။

ဒီအရူးနှစ်ကောင်။ တစ်ယောက်နဲ့တစ်ယောက် သတ်နေကြတော့ကော အရေးကြီးလား? သူတို့က ချောင်ရှို့ကျီကို သွားဆုတ်ဖြဲရမှာ။

 

 

သို့သော် အချို့သောလူများက အရေးကြီးသော အချက်ကို စဉ်းစားမိကြသည်။ မိခင်နှင့်သမီးက ရန်ဖြစ်လျှင် ဒဏ်ရာများသာ ရကြလိမ့်မည်။ ချောင်ရှို့ကျီက ဒေါသဖြစ်လျှင် လက်သီးတစ်ချက်နှင့်ပင် သူတို့၏ ဘိုးဘေးများဆီသို့ ပို့ပေးနိုင်သည်။

 

 

ဖန်ရှောင်ကျွမ်း၏ ဦးရေပြားမှာ စုတ်ပြဲလုနီးပါး ဖြစ်နေသည်။ သည်းမခံနိုင်တော့သဖြင့် သူမအမေကို ချက်ချင်း တွန်းထုတ်လိုက်သည်။

 

 

အမေဖန်၏ ကျောသည် သူမအနောက်ဘက်ရှိ စားပွဲထောင့်နှင့် ထိမိသွားသည်။ သူမက စတင်ပြီး ငိုယိုသည်။

 

 

 "အမလေး ဘုရားသခင်၊ ငါ့ဘဝက ခါးသီးလွန်းတယ်။ ဒီလို ဘေးဆိုးကြယ်တစ်ပွင့်ကို ငါမွေးထားတယ်။ ငါက သူမအကျိုးအတွက် လုပ်နေတာ၊ သူက အဲဒါကို တန်ဖိုးမထားဘူး။ အဲဒီအစား သူမအမေကို ရိုက်နှက်တယ်။ ငါ ဆက်ပြီး အသက်မရှင်တော့ဘူး..."

 

 

လူတိုင်း - "..."

 

 

ရင်းနှီးပြီးသား အရသာ၊ ရင်းနှီးပြီးသား ဟင်းချက်နည်း။

 

 

သူတို့က သားအမိ ဖြစ်နေသည်မှာ မဆန်းပေ။

 

 

ချောင်ရှို့ကျီသည် ဤမြင်ကွင်းကို အားရသည်အထိ ကြည့်ရှုပြီးနောက် ထိုလူမိုက်များနှင့် အချိန်မဖြုန်းချင်တော့ပေ။ သူမက အေးစက်စွာပြောလိုက်သည်။ "တော်ပြီ။ တိတ်တော့!"

 

 

အဘွားကြီးဖန်က လည်ပင်းကို အနင်စခံလိုက်ရသည့် ကြက်အိုကြီးကဲ့သို့ ဖြစ်သွားသည်။ သူမ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ထားသော်လည်း အသံမထွက်ရဲပေ။

 

 

ချောင်ရှို့ကျီ - "ငါတို့အားလုံး ချီလီရွာက ဆိုတော့ နင်က ငါ့ကို ကိုယ်တိုင်မသိရင်တောင် ငါ့ရဲ့ စရိုက်ကို ကြားဖူးမှာပေ့ါ။ ငါပြောတဲ့အတိုင်း ငါလုပ်တယ်။ ဒါကြောင့် မင်းရဲ့ မိသားစုအားလုံးက င့ါရှေ့မှာ သေသွားရင်တောင် ဒီနေ့ ဖန်ရှောင်ကျွမ်းနဲ့ ဒုတိယက ကွာရှင်းရမယ်!"

 

 

အဘွားကြီးဖန် - "..." နင့်ရဲ့ မိသားစုတစ်ခုလုံးပဲ သေမှာ။

 

 

ဖန်ရှောင်ကျွမ်း - "..." ငါ ဒီ စုန်းမကြီးရဲ့ မျက်နှာကို တကယ် စုတ်ဖြဲပစ်ချင်တယ်။

 

 

သူမက အဲ့ဒီလို ပြောတိုင်း ဘာကြောင့် ကွာရှင်းရမှာလဲ။ ကွာရှင်းချင်​​လျှင်တောင် အကြောသေနေသော ချောင်ကျန်းကျွင်းကို မလိုချင်သော သူမ ဖန်ရှောင်ကျွမ်းကပင် ဖြစ်ရမည်။

 

 

တကယ်တမ်းတွင် ဖန်ရှောင်ကျွမ်းက ဒီရက်ပိုင်းတွင် ရှောင်ချောင်က လေတိုက်နေတာကြောင့် ကွာရှင်းရန် စိတ်ကူးထားပြီးသားပင်။ သူမသည် ဝမ်ရှင်းရှန်နှင့် အကြိမ်အနည်းငယ် လျှို့ဝှက်တွေ့ဆုံခဲ့သည်။

 

 

အလှလေးကို အနိုင်ယူရရန်အတွက် ဝမ်ရှင်းရှန်က သူ့ပိုက်ဆံတွေကို အကုန်သုံးခဲ့သည်။ မျက်နှာလိမ်း ခရင်မ်၊ နို့မှုန့်နှင့် ပေါင်ဒါမှုန့် ကဲ့သို့ပင်။

 

 

သာမာန်လူများက ထိုပစ္စည်းများကို ပိုက်ဆံနှင့်ပင် မရနိုင်ပေ။ ဘာမှမကုန်ကျသကဲ့သို့ ဖန်မိသားစုကိုပင် လက်ဆောင်ပေးသေးသည်။

 

 

ဖန်ရှောင်ကျွမ်းက သူမစိတ်ကို မဆုံးဖြတ်နိုင်သေးရုံသာ ဖြစ်သည်။

 

 

ပထမတော့ တခြားသူများက ဝေဖန်မည်ကို စိုးရိမ်နေသည်။ ချောင်ကျန်းကျွင်းက အကြောသေသည်မှာ တစ်လမျှသာ ရှိသေးပြီး သူမက ကွာရှင်းကာ နောက်အိမ်ထောင်ပြုရန် မစောင့်နိုင်တော့ပေ။

 

 

ဤသတင်းက ပေါက်ကြားသွားလျှင် သူမက လူတိုင်း၏ တံတွေးပင်လယ်ထဲ၌ နစ်မြောသွားလိမ့်မည်။

 

 

အခြားအကြောင်းပြချက်မှာ ဝမ်ရှင်းရှန် ဖြစ်သည်။

 

 

ဝမ်ရှင်းရှန်က ရုပ်မဆိုးသော်လည်း သူ့ပုံစံက ချောင်ကျန်းကျွင်းကို မယှဥ်နိုင်ပေ။ သည်းမခံနိုင်ဆုံးအရာမှာ သူက တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိတာပင်။ အဝါရောင်သွားများနှင့် သူမကို ပြုံးပြနေသည်အား မြင်တိုင်း ညစာကို အန်ချပစ်ချင်သည်။

 

 

ယခင်က သူမသည် ချောင်ကျန်းကျွင်းကို အမြဲလိုလို အပြစ်ရှာခဲ့သည်။ သို့သော် ယခု ဝမ်ရှင်းရှန်းနှင့် ယှဥ်ပြီးသောအခါ ချောင်ကျန်းကျွင်းသည် မည်မျှ သဘောကျစရာကောင်းသည်ကို သူမ သိလာသည်။

 

 

မည်မျှပင် အံ့ဩစရာကောင်းသည်ဖြစ်စေ အရာအားလုံးသည် အတိတ်ဖြစ်သွားပြီ။ ချောင်ကျန်းကျွင်းသည် ယခုအခါ အကြောသေသွားပြီဖြစ်သည်။

 

 

 သူသည် မိသားစုကို ထောက်ပံ့ရန် ငွေမရှာနိုင်ရုံသာမက ဘဝ၏ ကဏ္ဍပေါင်းစုံတွင်လည်း ဂရုစိုက်ရန် လိုအပ်သည်။ ထို့အပြင် အကြင်လင်မယားကိစ္စ၌လည်း သူသည် စိတ်ကျေနပ်မှု မပေးနိုင်ပေ။

 

 

ထို့ကြောင့် သူမက ဝမ်ရှင်းရှန်ကို ရက်စက်စွာ မငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

 

 

မူလက နှစ်ဖက်စလုံးကို ကြိုးရှည်ရှည်ဖြင့် လှန်ထားရန် စီစဉ်ခဲ့သည်။ မတတ်နိုင်သောနေ့အထိ ဆွဲထားလိမ့်မည်။ ချောင်ကျန်းကျွင်းသည် သူမရှေ့တွင် ကွာရှင်းပြတ်စဲရန် အမှန်တကယ် ပြောမည်ဟု မထင်ခဲ့ပေ။

 

 

ထိုအကြောင်းကို ပိုတွေးလေလေ မုန်းလေလေဖြစ်သည်။ သူမ မေးစေ့ကို ပင့်ကာ ပြောလိုက်သည်။

 

 

 "မကွာရှင်းချင်ဘူး။ နင်ပြောသလို ဘာလို့ကွာရှင်းရမှာလဲ?"

 

 

"ဟုတ်တယ်၊ ငါတို့ ကွာရှင်းမှာ မဟုတ်ဘူး!" ဖန်ဖူကွေ့က သူ့ညီမကို ပံ့ပိုးပေးသည်။ သူ့မျက်နှာက ပြာပြီး ရောင်နေသည်မှာ တိုက်ရိုက်ပင် မကြည့်ရဲပေ။

 

 

ဖန်ရှောင်ကျွမ်းသည် သူမအစ်ကိုက ထွက်လာသည်ကို မြင်သောအခါတွင် ချက်ချင်းပင် ယုံကြည်မှု ရှိလာသည်။ မနေ့တနေ့က သူမအစ်ကို ဘယ်လောက်တောင် ကြောက်သွားသည်ဆိုသည်ကို မေ့သွားကြောင်း ထင်ရှားသည်။

 

 

ချောင်ရှို့ကျီက သူတို့ကိုကြည့်ပြီး မေးလိုက်သည်။ "ဒါဆို နင့်ဘက်က ကွာရှင်းဖို့ ဘာလုပ်ပေးရမလဲ?"

 

 

ဖန်ဖူကွေ့နှင့် ဖန်ရှောင်ကျွမ်းတို့သည် ပြင်းထန်သော ခုခံမှုများနှင့် ရင်ဆိုင်ရမည်ဟု မူလက ထင်ခဲ့သော်လည်း ယနေ့တွင် ချောင်ရှို့ကျီက ဤမျှလောက် စကားပြောအဆင်ပြေမည်ဟု မမျှော်လင့်ထားပေ။

 

 

ဖန်ဖူကွေ့က မျက်လုံးလှိမ့်ပြီး ပြောလိုက်သည်။ "ကွာရှင်းဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ချောင်မိသားစုက ငါ့ညီမလေးကို ကွာရှင်းကြေး ယွမ်တစ်ထောင်ပေးရမယ်!"

 

 

ယွမ်တစ်ထောင်!

 

 

ချောင်မိသားစုက ချမ်းသာသော်လည်း ပိုက်ဆံအများကြီး မရှာနိုင်ကြပေ။ ဤမောင်နှမနှစ်ယောက်က ခြင်္သေ့ကဲ့သို့ ပါးစပ်ကို ကျယ်ကျယ်ဖွင့်နေသည်။

 

 

ချောင်ရှို့ကျီက သဘောတူ၊ မတူ ဘာမှ မပြောပေ။

ဖန်ဖူကွေ့က မျိုချလိုက်သည်။ "တစ်ထောင်က အဆင်မပြေဘူးဆိုရင်လည်း ၈၀၀"

 

 

ချောင်ရှို့ကျီက ပြုံးလိုက်သည်။ "ငါ့မှာ ပိုက်ဆံမရှိဘူး။ နင်လက်သီး လိုချင်လား?"

 

 

မောင်နှမနှစ်ယောက်က ခေါင်းကို တပြိုင်နက် ယမ်းကြသည်။

 

 

မလိုချင်ဘူး။  မလိုချင်​​တော့ဘူး!

 

 

ချောင်ရှို့ကျီက အေးစက်စွာ နှာမှုတ်လိုက်သည်။ "တစ်ခုတော့ ရှင်းရှင်း ပြောလိုက်မယ်။ ငါတို့ ချောင်မိသားစုက ဒီနေ့လာတာ နင်တို့နဲ့ ဆွေးနွေးဖို့ မဟုတ်ဘူး၊ အသိပေးဖို့ပဲလာတာ!"

 

 

နှိပ်ကွပ်လွန်းတယ်!

 

 

ဖန်ရှောင်ကျွမ်းက ဒေါသကြောင့် သတ္တိရှိလာသည်။ "အမေ့လို ယောက္ခမ ရှိလား? သားနဲ့ သူ့မိန်းမ ကွဲကွာပြီး သားသမီးတွေ ကွဲလွင့်ပါစေလို့ ဆုတောင်းနေတယ်။ ချောင်ကျန်းကျွင်းက အမေ့ရဲ့သားအရင်းလားလို့တောင် တွေးမိတယ်"

 

 

လူတိုင်းက အံ့သြသွားပြန်သည်။

 

 

သူမသည် ဤနည်းဖြင့် ပြောရဲသည်။ လူတိုင်းက သူမကို သူရဲကောင်းတစ်ယောက်လို လေးစားကြသည်။

 

 

လူအချို့က စိတ်လှုပ်ရှားနေကြသည်။ သူမကို ရိုက်။ အန်တီချောင်၊ သူမကို မြန်မြန်ရိုက်။

 

 

ချောင်ရှို့ကျီသည် ဒေါသတကြီး ဒေါသတကြီး ပြောသောစကားကို အာရုံမစိုက်ပေ။ မျက်စိမကန်းသူတိုင်း ချောင်ကျန်းကျွင်းနှင့် ရွှယ်ချွမ်က မည်မျှတူသည်ကို ပြောပြနိုင်သည်။

 

 

သူမသည် ဖန်ရှောင်ကျွမ်းကို အေးစက်စွာ စိုက်ကြည့်ပြီးနောက် ချောင်ကျန်းကျွင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။

 

 

"ဒုတိယ၊ မင်းသူ့ကို ကိုယ်တိုင်ကိုယ်ကျ ပြောပြလိုက်။ ဒါဆိုရင် သူမ ဆက်ပြီး နှောင့်ယှက်နေမှာ မဟုတ်ဘူး"

 

 

ဖန်ရှောင်ကျွမ်းသည် ထိုစကားကိုကြားသောအခါ အလွန်ဒေါသထွက်ပြီး သွေးအန်လုနီးပါး ဖြစ်သွားသည်။

 

 

အကြောသေနေသူ ချောင်ကျန်းကျွင်းကို သူမက ကပ်တွယ်နေတာလား? သူမက မျက်​မမြင်​မို့လို့လား!

 

 

ချောင်ကျန်းကျွင်းသည် မနေ့ညက တစ်ညလုံး အိပ်မပျော်ပေ။ ယခုကဲ့သို့ ဆုံးဖြတ်ချက်ချသော အခါခါတွင် သူက လုံး၀ မပျော်ရွှင်နေပေ။ ပြောသင့်တာက ပြောပြီးသွားပြီ။ သူစိတ်ပြောင်းမှာမဟုတ်ပေ။

 

 

သူက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "ရှောင်ကျွမ်း၊ ကွာရှင်းမှုကိစ္စက င့ါမိဘတွေနဲ့ ဘာမှမဆိုင်ပါဘူး။ ငါ့ရဲ့ ဆုံးဖြတ်ချက်ပဲ၊ အခုကစပြီး ငါတို့က ကိုယ့်လမ်းကိုယ်လျှောက်ပြီး တစ်ယောက်နဲ့တစ်ယောက် စိတ်အနှောင့်အယှက်မဖြစ်အောင် နေကြရအောင်။ ကလေးနှစ်ယောက်ကတော့ ငါ့နောက်လိုက်ကြတာပေ့ါ"

 

 

"ရှင်အိပ်မက်မက်နေတာလား!" ဖန်ရှောင်ကျွမ်းက သူ့မျက်နှာကို လက်ညိုးနဲ့ထိုးလုမတတ်ပင်။

 

 

"သာ့ချောင်၊ အဲ့ဒီဘေးဆိုးက ရှင်နဲ့ ပြိုင်ပြီး ဘယ်သူမှ လုယူမှာမဟုတ်ဘူး။ ဒါပေမယ့် ရှောင်ချောင်က ကျွန်မနောက်ကို လိုက်ရမယ်!"

 

 

သူတို့ရောက်ကတည်းက သာ့ချောင်သည် ထောင့်တွင် ငြိမ်သက်စွာ ရပ်နေခဲ့သည်။

 

 

သူမအမေက အဖွားနှင့် ရန်ဖြစ်နေသည်ကို တွေ့သောအခါ သူမအမေကို စိတ်ပူနေသည်။ မထင်မှတ်ဘဲ သူမအမေထံမှ ကြင်နာမှုကင်းသော နောက်ထပ်စကားတစ်ခွန်းကို ကြားရခဲ့သည်။

 

 

သူမ၏ ရှည်လျားပြီး ထူထပ်သော မျက်တောင်များသည် တုန်တုန်ယင်ယင်ဖြစ်ကာ မျက်ရည်များက သူမ၏မျက်လုံးတွင် လျင်မြန်စွာ ဖြစ်ပေါ်လာသည်။

 

 

 သူမ၏ နှုတ်ခမ်းငယ်များကို တင်းတင်းစေ့ထားလိုက်သည်။ မငိုဘဲနေသည့် သူမ၏ ပုံစံက သနားစရာကောင်းပြီး ချစ်စရာလည်း ကောင်းနေသည်။

 

 

ရွှယ်ချွမ်က မျက်မှောင်ကြုတ်လိုက်သည်။ သူက ဖက်ထုပ်ငယ်၏ လက်ကို ကိုင်ရန် သူ့လက်ကို ဆန့်တန်းပြီး နွေးထွေးစွာပြောခဲ့သည်။

 

 

 "သမီးက ဘေးဆိုးကြီးမဟုတ်ဘူး။ သမီးက ချောင်မိသားစုရဲ့ အဖိုးတန်ပြီး မင်္ဂလာရှိတဲ့ ကြယ်ပွင့်ကြီးပဲ။ သမီးရှိနေတော့ ချောင်မိသားစုက ပိုကောင်းလာမယ်လို့ အဖိုး ယုံကြည်တယ်"

 

 

ဖက်ထုပ် သာ့ချောင်သည် အဖိုးပြောသည်ကို ကြားသောအခါ သူမ၏ နှလုံးသားသည် နူးညံ့ပြီး နွေးထွေးသော အရာတစ်ခုဖြင့် ရစ်ပတ်နေသကဲ့သို့ ခံစားလိုက်ရသည်။

 

 

သူမသည် အဖိုး၏လက်ကို ဆုပ်ကိုင်ကာ အဖိုး၏ပေါင်ပေါ်တွင် ထိုင်နေသည်။

 

 

ရွှယ်ချွမ်နှင့် ယှဉ်လျှင် ချောင်ရှို့ကျီက ပိုရိုးရှင်းပြီး ကြမ်းတမ်းသည်။

 

 

သူမက ရှေ့ကိုလှမ်းပြီး ဖန်ရှောင်ကျွမ်းကို မြေပြင်ပေါ်သို့ မြှောက်ပြီး အေးစက်စွာပြောသည်။ "နင်က ကလေးကို ဘေးဆိုးကြီးလို့ ထပ်ခေါ်မယ် ဆိုရင် ငါ့လက်သီးတွေကို အပြစ်မတင်နဲ့!"

 

 

ဖန်ရှောင်ကျွမ်းသည် အလွန်သေးသွယ်သော်လည်း သူမသည် အရပ်ရှည်ပြီး ကိုယ်အလေးချိန် ဂျင်းကိုးဆယ်ကျော်ရှိသည်။

 

 

သို့တိုင် ချောင်ရှို့ကျီသည် သူမကို ကြက်ကလေးကဲ့သို့ လွယ်ကူစွာ ချီနိုင်သည်။ ဒီခွန်အားက တကယ်ကြောက်စရာကောင်းသည်။

 

 

ဖန်ရှောင်ကျွမ်းက ငိုလုမတတ်ပင်။

 

 

သူမသည် ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားပြီး စကားပင် မပြောနိုင်ပေ။

 

 

ရိုးရှင်းပြီး ရှက်စရာကောင်းသော မြင်ကွင်းပင်။

ချောင်ရှို့ကျီက သူမကို အမှိုက်ပုံးလို စွန့်ပစ်လိုက်ပြီး ရှောင်ချောင်ကို ကြည့်ကာ ပြောလိုက်သည်။

 

 

 "လူတိုင်းက နင့်ကို ဉာဏ်ကောင်းတယ်လို့ ပြောကြတယ်။ ငါတို့​ပြောတာကို နင်နားလည်မယ်လို့ ငါယုံတယ်။ မင်းဘယ်လိုထင်လဲ? ချောင်မိသားစုအိမ်ကို ပြန်ချင်လား ဒါမှမဟုတ် ဖန်မိသားစုအိမ်မှာနေမလား? မင်းကိုယ်ပိုင်ဆုံးဖြတ်ချက်ချ!"

 

 

ချောင်ကျန်းကျွင်းနှင့် အခြားလူများက ထိတ်လန့်သွားကြသည်။ ချောင်ရှို့ကျီက ထိုကိစ္စအတွက် ဆုံးဖြတ်ချက်ချရန် ရှောင်ချောင်ကို လွှဲပေးမည်ဟု ဘယ်တုန်းကမှ မထင်ခဲ့မိပေ။

 

 

ဖန်ရှောင်ကျွမ်းက ရှောင်ချောင်ကို ပွေ့ဖက်လိုက်ပြီး ရောင်ရမ်းနေတဲ့ မျက်နှာနှင့် ပြောသည်။

 

 

 "ကျောင်းကျောင်းအာ၊ သမီးက အမေနဲ့နေဖို့ ရွေးရမယ်။ သမီးအဖေက အကြောသေနေတဲ့လူပဲ။ သူ့နောက်ကို လိုက်ခဲ့မယ်ဆိုရင် သမီးသေချာပေါက် ဒုက္ခရောက်လိမ့်မယ်!"

 

 

လူတိုင်းက ထိုကဲ့သို့ မိန်းမကို လက်ထပ်ထားသည့် ချောင်ကျန်းကျွင်းကို သနားသော အကြည့်များဖြင့် ကြည့်နေကြသည်။ ၎င်းက ရှစ်ဘဝလောက် စုမိခဲ့သည့် ကံမကောင်းမှုပင် ဖြစ်ရမည်။

 

 

ချောင်ကျန်းကျွင်း၏ မျက်နှာက ဖြူလိုက် နီလိုက် ဖြစ်သွားပြီး သူ့လက်နောက်ဘက်ရှိ သွေးပြန်ကြောများပင် ပေါ်လာခဲ့သည်။