၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အပိုင်း (၁၁၁)
"အခု ကျွန်မတို့သားက မိသားစုခြံဝင်းထဲက ကလေးတွေနဲ့ ကောင်းကောင်းဆော့နေပြီလေ။ ဒီမှာ မူကြိုကလည်း နီးနီးလေးဆိုတော့ အရမ်းအဆင်ပြေတယ်"
"ဒီလိုဇနီးချောချောလေးနဲ့ လက်ထပ်ထားတာဆိုတော့ သူမကို ချစ်ပေး၊ ဂရုစိုက်ပေးရမယ်လို့ ရှင် သူ့ကိုပြောပြရမယ်နော်။ သူ့မှာမိသားစုတစ်ခုရှိလာပြီဆိုရင် သူ့မိန်းမကို သူပိုပြီးဂရုစိုက်သင့်တာပေါ့"
"အမှန်အတိုင်းပြောရရင် ရှောင်ချင်းကို ကျွန်မ လေးစားမိတယ်။ သူမအမျိုးသားက မကြာခဏ အိမ်မပြန်လာပေမယ့် သူမကတော့ မိသားစုကို ကောင်းကောင်းဂရုစိုက်နေတုန်းပဲ။ ကျွန်မ သူမဆီကနေ သင်ယူရမယ်"
ကျိုးမုန့်လန် ထိုအကြောင်းကို ပိုတွေးလေလေ ချင်းရို့ကို ပိုသဘောကျလေလေဖြစ်သည်။ စစ်ဦးစီးချုပ်လင်း ပြောခဲ့ဖူးတဲ့ လောင်လုအကြောင်း သူမတွေးမိတဲ့အခါ ဒီမိန်းမလှလေးရှောင်ချင်းအတွက် မလွယ်ကူဘူးလို့ ခံစားလိုက်ရ၏။ သူမထက် အသက်အများကြီး ကြီးတဲ့သူကို ဘယ်လိုလုပ်ပြီးလက်ထပ်လိုက်ရတာတုန်း?
စစ်ဦးစီးချုပ်လင်းရဲ့ ဦးရေပြားမှာ ထုံကျင်လာကာ "...ဒီအကြောင်း နောက်မှပြောကြတာပေါ့ကွာကွာ။ ဒီရက်ပိုင်း ငါအလုပ်များနေလို့"
"ရှင်တို့ယောက်ျားတွေဟာလေ အလုပ်များနေတယ်ဆိုပြီး မိသားစုကို ဘယ်တော့မှဂရုမစိုက်ကြဘူး"
ကျိုးမုန့်လန်က သူတို့အိမ်မှာ ညစာလာစားဖို့အတွက် လုမိသားစုကို ဖိတ်ရန် စီစဉ်နေဆဲ။ နောက်တစ်နေ့ညနေခင်းတွင် မိသားစုခြံဝင်းထဲ၌ ရှောင်ချင်းနှင့်အတူတူ လမ်းလျှောက်နေသော ငယ်ငယ်ချောချောအမျိုးသားအရာရှိတစ်ယောက်ကို တွေ့လိုက်ရ၏။ ကြည့်ရတာ သူတို့က ကမ်းခြေမှာ လမ်းသွားလျှောက်မယ့်ပုံပဲ။
ထိုလူငယ်က အဖြူရောင်စစ်ယူနီဖောင်းကို ဝတ်ဆင်ထားကာ သူ့ရဲ့မျက်နှာသွင်ပြင်မှာ အလွန်တရာချောမောလှ၏။ အဖြူရောင်ဦးထုပ်အောက်တွင် ဓားပုံသဏ္ဍာန်မျက်ခုံးနှင့် ကြယ်လိုမျက်လုံးတို့ဟာ ညနေခင်းနေရောင်အောက်တွင် ရွှေရောင်အလွှာဖုံးအုပ်ထားသည့်နှယ်ဖြစ်နေကာ သူ့ကို ပိုလို့တောင် ချောမောစေလျက်။
သူ့လက်မောင်းတွေက သူ့ဘေးနားက အမျိုးသမီးကို ကာကွယ်ပေးထား၏။ အမျိုးသမီးရဲ့ ဝမ်းဗိုက်လေးက စူဖောင်းနေကာ သူမရဲ့ အနက်ရောင်ဆံနွယ်ရှည်ရှည်လေးတွေကို အနောက်ပြန်ပို့လိုက်သဖြင့် ဆီဆေးပန်းချီကားအလား အရောင်အသွေးစုံလှပချောမောလှတဲ့မျက်နှာလေး ပေါ်ထွက်လာပါတော့သည်။
သူမရဲ့ မျက်လုံးတွေဟာ နေဝင်ချိန်နေရောင်အောက်၌ အထူးတလည် လှပလွန်းနေလျက်။
မိန်းမတစ်ယောက်အနေနဲ့ ကျိုးမုန့်လန်ဟာ စစ်ယူနီဖောင်းနဲ့ လူချောလေးကို ထပ်မကြည့်ဘဲမနေနိုင်ဖြစ်နေခဲ့ပေမယ့် လောလောဆယ်တော့ ကျိုးမုန့်လန်ရဲ့ အကြည့်တွေက မိန်းမလှလေးဆီမှ မခွာနိုင်ဖြစ်နေလေပြီ။
သူမဟာ တကယ့်ကို ကျက်သရေရှိပြီး စွဲမက်ဖွယ်ကောင်းနေကာ မိန်းမအချင်းချင်းဆိုရင်တောင်မှ ဒီလိုအလှတရားမျိုးကို သဘောမကျမိဘဲမနေနိုင်ပါချေ။
ဒါက လောင်လုမိန်းမရှောင်ချင်းပဲ။
ရှောင်ချင်းဟာ ချောမောလှပရုံသာမက အသံလည်းကောင်းပြီး အရင်က အနုပညာအဖွဲ့မှာ သီချင်းဆိုခဲ့ဖူးကာ အခုတော့ ကြေငြာသူတစ်ဦးဖြစ်နေပြီဆိုတဲ့အကြောင်း ကြားသိခဲ့ရသည်။
ဒါပေမယ့်... သူမဘေးနားက လူချောလေးနဲ့ ဘယ်လိုဖြစ်ပြီး တအားရင်းနှီးနေရတာလဲနော်?
သူမက လောင်လုမိန်းမ မဟုတ်ဘူးလား?
ကျိုးမုန့်လန် အံ့အားသင့်သွားရသော်လည်း ချင်းရို့က သူမကို မြင်လိုက်တဲ့အခါ အစပြုနှုတ်ဆက်လာခဲ့သည်။ "အမကျိုးရေ သူက ကျွန်မရဲ့ လောင်လုလေ!!"
ချင်းရို့က လောင်လုကို အလေးထားနှုတ်ဆက်ပေးလိုက်၏။
ကျိုးမုန့်လန်: "???!!!"
ဒါက လောင်လုလား ? ? ? ! !
"နင့်လောင်လုက အရမ်းငယ်တာပဲနော်"
ချင်းရို့ ပြုံးလျက် "သူက တော်တော်ငယ်တာပေါ့။ အခု သူ့အသက်က ၂၀ကျော်နေပြီဆိုပေမယ့်လို့ ၁၈၊ ၁၉အရွယ်လူငယ်လေးနဲ့ တူနေတုန်းပဲလေ"
အခြေစိုက်စခန်း၌ လူငယ်များစွာရှိပေသည်။ မနက်တိုင်း စောစောထပြီး တောင်ပေါ်ပြေးတက်ကာ အမြင့်တစ်နေရာမှာ မတ်တပ်ရပ်၍ လူငယ်တစ်စု မနက်ခင်းလေ့ကျင့်ရေးလုပ်နေတာကို သွားကြည့်ဖို့ သူမလည်း ဆန္ဒရှိလေရဲ့။
ကျစ် ကျစ် ...
သို့ရာတွင် ယေဘူယအားဖြင့်တော့ ဒီလိုအကျိုးကျေးဇူးမျိုးကို မိန်းမငယ်လေးတွေပဲ ခံစားနိုင်တာပေါ့လေ။ သူမလို အိမ်ထောင်ရှင်မတွေအတွက်ကတော့ ဒီလိုအရာတွေကြည့်ဖို့ ရှက်စရာကောင်းတယ်လေနော်။
ချင်းရို့က အမှန်တကယ်တော့ ကမ်းခြေမှာ စစ်သားတွေ လေ့ကျင့်ခန်းလုပ်နေတာကို နည်းနည်းစပ်စုလိုသော်လည်း သူတို့ကို ကြည့်ဖို့ ရှက်မိတယ်လေ။ လုယန်ကို အဲဒီအကြောင်းပြောပြတဲ့အခါ သူက သဝန်တိုသွားပါလေရော။
"ကိုယ် မင်းအတွက် လုပ်ပြမှာပေါ့"
သူက သူမအား ကိုယ်တိုင်ကိုယ်ကျလုပ်ပြခဲ့ပြီး အဆုံးထိ "လုပ်ပြတယ်"ဆိုတဲ့စကားလုံးကို အကောင်အထည်ဖော်ခဲ့လေရဲ့။
ချင်းရို့: "…" သူမတော့ ပြောတောင်မပြောရဲတော့ပါဘူးနော်။
"သူက အသက်၃၀နီးပါးဆိုတော့ ငါ့ရဲ့လောင်လင်းထက် ငယ်တာပေါ့။ အခု သူက ၂၀ကျော်ထဲမှာလား?" ကျိုးမုန့်လန်မှာ အံ့အားသင့်သွားရလျက်။ သူက ဘယ်လိုလုပ်ပြီး လောင်လင်းထက် ပိုငယ်နေရတာတုန်းဟ?!
ဒါက အဲဒီရဲဘော်လု မဟုတ်ဘူးလား? သူက အရမ်းအသက်ကြီးပုံမပေါ်ဘူးလေနော်။
လုယန် ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "၂၆နှစ်ပါ"
"ဒါ... အရမ်းငယ်တာပဲ?!" ယခုအချိန်တွင် ကျိုးမုန့်လန်တစ်ယောက် သူမအရှေ့ကလူဟာ လောင်လင်းပြောဖူးတဲ့ လောင်လုဟုတ်လား မဟုတ်လား သိချင်နေမိလေပြီ။
လောင်လုက ဒီလောက်ငယ်တာလားဟ!
ကျိုးမုန့်လန်: "…"
"လောင်လုရေ ကျွန်မတို့အိမ်မှာ ညစာလာစားဖို့ ရှောင်ချင်းကိုခေါ်ခဲ့ဦး။ ရှောင်ချင်းကို ကျေးဇူးတင်ရမယ်..."
သူတို့နှုတ်ဆက်ခဲ့ကြပြီးနောက် ကျိုးမုန့်လန်ဟာ လောင်လုတို့ဇနီးမောင်နှံအကြောင်း လောင်လင်းအား အလေးအနက်မေးမြန်းခဲ့ရာ သူမရဲ့လောင်လင်းကမှ နောက်ကွယ်မှာ လျှောက်ပြောတဲ့သူဖြစ်နေမှန်း သိလိုက်ရလေရဲ့။
"ကျစ် ကျစ် ကျစ် အခုလိုပြောပြပေးလို့ ကျေးဇူးတင်ပါတယ်"
စစ်ဦးစီးချုပ်လင်းက "ငါဘာပြောခဲ့လို့လဲ? ငါဘာမှမှားမပြောဘူးလေ ဟုတ်တယ်မလား? ငါ သူ့ကို ယဥ်ယဥ်ကျေးကျေးနဲ့ လောင်လုလို့ ခေါ်နေကြပဲကွ"
"ရှင် လောင်လုရဲ့ တစ်ဝက်လောက်ကြည့်ကောင်းရင် ဒုတိယကလေးမပြောနဲ့၊ တတိယကလေး၊ စတုတ္ထကလေးတောင် ကျွန်မမွေးပေးဦးမှာ"
စစ်ဦးစီးချုပ်လင်းတစ်ယောက် လက်ဖက်ရည်သီးလုမတတ်ဖြစ်သွားရလျက် "ဒီမိန်းမကတော့... မင်း ဘာပြောလိုက်တာတုန်းကွ??!!"
Thanks for reading!