၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အပိုင်း (၁၁၂)
ချင်းရို့က လုယန်နဲ့အတူတူ ကမ်းခြေမှာ လမ်းလျှောက်နေရင်း သူ ငယ်ငယ်တုန်းက တခြားသူတွေနဲ့ မိသားစုလုပ်တမ်းဆော့ခဲ့ဖူးလားလို့ မေးမြန်းလိုက်၏။
လုယန် စိတ်ရှုပ်ထွေးစွာဖြင့် "ကိုယ် လူတွေနဲ့ အဲဒီကစားနည်းကို ကစားလိမ့်မယ်လို့ မင်း ဘာလို့ထင်တာလဲ?"
"ဒီတိုင်းမေးကြည့်တာပဲ၊ ဒီရက်ပိုင်း ကလေးလေးတွေက အဲဒါပဲဆော့နေကြလို့လေ"
ချင်းရို့ သူ့ဗိုက်ကို လက်ညိုးနဲ့ တို့ထိလိုက်ကာ "ရှင် အဲဒါတွေမကစားခဲ့ရင် ဒါဆို ဘာတွေဆော့ခဲ့တုန်း?"
လုယန်က သူ့ရဲ့ညာလက်ဖြင့် ပစ္စတိုသေနတ်ပုံစံ လက်ဟန်ခြေဟန်ပြကာ "ဒါပေါ့ ကိုယ်က ယောကျ်ားတွေကြားက တိုက်ခိုက်တဲ့ဂိမ်းတွေပဲဆော့တာလေ"
"ရန်သူကို ဖျက်ဆီးပစ်လိုက်"
ချင်းရို့ ခေါင်းညိတ်နေရင်း "ဒါက အရမ်းမိုက်တာပါပဲ"
လုယန်: "ကိုယ် အမြဲကံကောင်းလို့ သစ္စာဖောက်ကဒ်ကို ဘယ်တော့မှ မဆွဲမိခဲ့ဘူးလေ"
ချင်းရို့: "…"
အဲလိုဆိုရင်တော့ ဒါဟာလည်း မိသားစုလုပ်တမ်းကစားနည်းနှင့် သိပ်တော့မကွာဘူးပဲ။ ဒါပေမဲ့ ဒါကတော့ မှုခင်းအမျိုးအစားပေါ့လေနော်။
"ကိုယ့်ရဲ့ စတုတ္ထမြောက်အစ်ကိုက သစ္စာဖောက်ကဒ်ကို အမြဲတမ်းဆွဲမိတယ်လေ၊ ကိုယ့်တတိယအစ်မကလည်း သူ့ကို အလေးအနက်ကြီး လိုက်ပစ်ရော။ သူမက သစ္စာဖောက်ကို သေနတ်နဲ့ပစ်ရတာ အကြိုက်ဆုံးပဲ"
"ဒါဆို ရှင်က ဘေးကနေ ကြည့်ရုံကြည့်နေရတာလား?"
"ကိုယ်က သေနတ်ကမ်းပေးတာ"
…
ချင်းရို့တစ်ယောက် လုယန်ရဲ့ ကလေးဘဝအကြောင်းကို နားထောင်နေရင်း သူ့ဆီမှာ ညီအစ်ကိုမောင်နှမတွေအများကြီးရှိတာကို နည်းနည်းမနာလိုဖြစ်သွားရ၏။ အရမ်းသက်ဝင်လှုပ်ရှားနေမှာပဲနော်။
သူမက လောလောဆယ် အမြွှာကိုယ်ဝန်ဆောင်ထားရ၍ ကလေးတွေမွေးလာတဲ့အခါ ဒရာမာကွင်းတွေ၊ ဒရာမာကင်းတွေဖြစ်မယ်ဆိုရင်တောင်မှ ကိစ္စမရှိပါဘူးလေ၊ သူတို့နှစ်ယောက် အတူတူဖျော်ဖြေနိုင်တာပေါ့။
ကြည့်ရတာ အရမ်းရယ်ဖို့ကောင်းနေမှာပဲနော်။
လုယန်က သူမရဲ့ ခါးလေးကို ပွေ့ဖက်ကာ ခေါင်းငုံ့၍ နဖူးလေးကို နမ်းလိုက်၏။ သူမ အနောက်ဘက်ရှိ ပင်လယ်ရေတွေက ကမ်းခြေဆီ ညင်ညင်သာသာ ရိုက်ခတ်လာသလို ပင်လယ်လေညင်းလေးတွေကလည်း ထိုအခိုက်အတန့်တွင် ပိုမိုအားကောင်းလာကာ သူတို့ရဲ့ အဝတ်အစားတွေကို လေတိုးလာလေ၏။ ချင်းရို့က ပြေကျလာတဲ့ သူမရဲ့ ဆံပင်ရှည်ရှည်တွေကို ထိန်းကိုင်ထားလိုက်ရသည်။
"မင်းရော? မင်း ငယ်ငယ်တုန်းက ဘာဆော့ကစားရတာကြိုက်လဲ?"
"ကြိုးခုန်တာလေ၊ ကျွန်မက ခါးကောင်းတော့ အမြင့်ကြီးကို ခုန်နိုင်တယ်"
လုယန်က သူမကို အပြုံးလေးနဲ့ ခဏလောက်ကြည့်နေပြီးမှ လေးလေးနက်နက်ထောက်ခံစွာဖြင့် "တော်တော်ကောင်းပါတယ်"
ချင်းရို့ သူ့ခါးကို ဆွဲဆိတ်လိုက်ရင်း "ရှင် ဘာတွေတွေးနေတာတုန်း?"
"ကိုယ်က ကိုယ့်အတွေ့အကြုံအရ ပြောတာပါကွာ"
"ပြောကြည့်၊ မင်းရဲ့ လုကောရဲ့ ခါးကရော ကောင်းတယ်လို့ ထင်လား?"
"မကောင်းပါဘူးနော်"
"ဒါဆို ကိုယ် ပိုကြိုးစားလေ့ကျင့်ရတော့မှာပေါ့၊ ကိုယ့်ဇနီးလေးမကြိုက်အောင် လုပ်လို့မဖြစ်ဘူးကွာ"
"ပြဿနာမရှာနဲ့တော့၊ ကလေးတွေ အပြင်ထွက်လာတဲ့အထိစောင့်ဦး။ ကလေးတွေ ဆော့တဲ့အခါကျ ကျွန်မ ရှင့်ကို သစ္စာဖောက်အဖြစ်ဆော့ခိုင်းပါ့မယ်နော်"
"ကိုယ်က အဘိုးဖြစ်ချင်တာ၊ အဖိုးလုက အဖွားချင်းကို စောင့်ရှောက်ပေးရမှာပေါ့..."
***
ချင်းရို့ဗိုက်မှာ ပိုပိုကြီးလာခဲ့ပြီ။ ကိုယ်ဝန်အစောပိုင်းမှာ တုံ့ပြန်မှုပိုနည်းသော်လည်း ယခုကာလတွင် သူမရဲ့ ဗိုက်က ပူဖောင်းမှုတ်ထားသည့်နှယ် လျင်မြန်စွာ ကြီးထွားလာတဲ့အချိန်အပိုင်းအခြားကို ဝင်ရောက်လာပြီဖြစ်၍ ရုတ်တရက် ကြီးထွားလာတဲ့ ဝမ်းဗိုက်ကြောင့် ဘဝမှာ အဆင်မပြေမှုတွေ အများကြီးဖြစ်ခဲ့လေသည်။
သူမခြေထောက်တွေလည်း အနည်းငယ် ဖောရောင်နေသဖြင့် နေ့တိုင်း ရေနွေးစိမ်ရ၏။ ဆရာဝန်တစ်ဦးဖြစ်တဲ့ သူမရဲ့ ယောက္ခမကျန်းဖျင်ကလည်း သူမအား နှိပ်နယ်ပေးတတ်သလို လုယန် ပြန်လာတဲ့အခါ ထိုတာဝန်ကို သူလက်လွှဲယူခဲ့သည်။
သူက သူမအား ရေချိုးဖို့ အဖော်ပြုပေးသလို ရေချိုးပြီးနောက် လက်သည်းညှပ်ပေးပါသေးသည်။ လုယန် သူမဘေးနားမှာ ရှိနေသရွေ့ သူမဖိနပ်ကို ကိုယ်တိုင်စီးခွင့်မပေးခဲ့ဘဲ သူက ကူညီပြီး ဖိနပ်စီးပေးလေ့ရှိ၏။
အိပ်ရာမဝင်ခင်မှာ သူက သူမရဲ့ နောက်ကျောနှင့် ပုခုံးတွေကို ပွတ်ပေးသလို သူမရဲ့ခြေထောက်နှင့် ခြေဖဝါးတွေကိုလည်း နှိပ်နယ်ပေးရင်း ပုံစံအမျိုးမျိုးနှင့် အနမ်းပေးတတ်သည်။
အရင်တုန်းကတော့ မကြာခဏဆိုသလို နမ်းတာဟာ စေးကပ်လွန်းတယ်လို့ သူမ အမြဲခံစားရသော်လည်း သူမသဘောကျရတဲ့လူတစ်ယောက်ထံမှ အနမ်းခံရခြင်းဟာ ထိုလူက သူမအား တန်ဖိုးထားတယ်ဆိုတဲ့ ခံစားချက်ကို တိုးပွားလာစေသည်မှာ အမှန်ပင်။
အဲဒါက နှိပ်နယ်ပေးသလိုမျိုး အနည်းငယ်သက်သာရာရတယ်ဆိုပေမယ့် စိတ်ပိုင်းဆိုင်ရာကျေနပ်မှုနှင့် ပျော်ရွှင်မှုတွေ ပိုများတယ်လေနော်။
ချင်းရို့ ကိုယ်ဝန်ရှိစအချိန်တုန်းက သူမ ရုပ်ဆိုးလာတော့မှာကို အလွန်ကြောက်ရွံ့ခဲ့၏။ သူမ အချိန်တော်တော်ကြာ မှန်မကြည့်ဝံ့သလို ဓာတ်ပုံမရိုက်ချင်ပေမယ့် လုယန်က သူမကို ဓာတ်ပုံရိုက်ခိုင်းခဲ့သည်။
ကောင်းပြီလေ၊ သူမလည်း တခြားလုပ်နိုင်တာမှမရှိတော့ပဲ။ ချင်းရို့ သူမရဲ့ အစစ်အမှန်ကိုယ်ကိုသာ ရင်ဆိုင်ရတော့မှာပေါ့။
သို့သော် မှန်ကြည့်ပြီးနောက် သူမ ရုပ်ဆိုးသွားခြင်းမရှိတာကို တွေ့လိုက်ရ၏။ ဆန့်ကျင်ဘက်အားဖြင့် သူမရဲ့မျက်နှာမှာ အနည်းငယ် တောက်ပနေလျက်၊ ဖြစ်နိုင်တာက သူမရဲ့ စိတ်အခြေအနေကောင်းနေတာကြောင့်များလားနော်။
အကြောင်းကား သူမဟာ ကောင်းကောင်းဂရုစိုက်ခံရတဲ့ ဝက်လေးတစ်ကောင်လိုဖြစ်နေတာကြောင့်လည်း ဖြစ်နိုင်လေရဲ့။
နောက်တစ်ချက်ကတော့ သဘာဝအစားအစာတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တယ်လေ။ ဒီခေတ်အခါမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေ မရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ကြက်ကြော်နဲ့ ကိုလာလို အသင့်စားအစားအစာတွေ မရှိသေးတာ သေချာလေရဲ့။
နောက်ပြီးတော့ ပရိုတင်းဓာတ်ပြည့်ဝဖို့အတွက် ပင်လယ်ထဲက လတ်လတ်ဆတ်ဆတ်ပင်လယ်စာမျိုးစုံကို စားလို့ရတယ်လေ။ အထူးသဖြင့် ပုစွန်နှင့် ငါးတို့ကိုလည်း ပြုတ်မယ်၊ ပေါင်းမယ်ပေါ့။
လုယန်နှင့် ယောက္ခမကျန်းဖျင်တို့က သူမအား မီးဖိုချောင်မဝင်ဖို့ တားမြစ်ခဲ့သည်။ ဘန်းမုန့်ပေါင်းတစ်မျိုးကိုသာ ကျွမ်းကျင်သူဖြစ်သော လုယန်က သူမအတွက် မြေအိုးထမင်းချက်ပေးဖို့ ကြိုးစားပေးခဲ့သည်။ ကျရှုံးမှုနှုန်းမြင့်မားသော်ငြား သူက သူမအား စားလို့ကောင်းတဲ့အပိုင်းကို ကျွေးခဲ့ပြီး အရသာမကောင်းခဲ့ပါက သူ့ဘာသာသူ စားပစ်ခဲ့သည်။
မနက်ခင်းတွင် သူမလည်း ကလေးတွေနှင့်အတူတူ နို့သောက်ရသဖြင့် သူမတစ်ကိုယ်လုံး နို့အနံ့ထွက်နေတတ်၏။ သူမရဲ့ယောက္ခမက အလုပ်ကနေ သွားလိုက်ပြန်လိုက် သူမဆီ အဖော်လာလုပ်ပေးတတ်သည်။ ချင်းရို့ကို ကြေညာသူအဖြစ် အလုပ်ဆက်မလုပ်ခိုင်းတော့ဘဲ ပို၍ပေါ့ပေါ့ပါးပါးအလုပ်ရှိတဲ့ ထောက်ပံ့ပို့ဆောင်ရေးစီမံဌာနဆီသို့ တာဝန်ပြောင်းပေးထားခဲ့သည်။
သူမ အများကြီးလုပ်စရာမလိုသောကြောင့် ပင်ပန်းနွမ်းနယ်ခြင်းမရှိပါချေ။ သူမ ခြံကိုလည်း ဂရုမစိုက်နိုင်တော့သဖြင့် ခြံကို လွတ်လွတ်လပ်လပ်သာ ကြီးထွားခွင့်ပေးထားရ၏။
လုယန်နှင့် သူမရဲ့ ယောက္ခမတွေက တခါတရံ ရှင်းလင်းပေးခဲ့ပေမယ့် အရင်ကလို သူမလောက် စေ့စေ့စပ်စပ် ဂရုမစိုက်နိုင်ကြဘူးလေ။ သည့်အပြင် ကလေးလေးနှစ်ယောက်ရဲ့ "အချစ်တွေနဲ့ဂရုစိုက်မှုတွေ"ကြောင့် ခြံဝင်းမှာ ပိုလို့တောင် ရှုပ်ပွလာပါတော့သည်။
ချင်းရို့လည်း ဤအရာများအတွက် အစွမ်းအစမရှိသော်ငြား ဝါရံတာ၌ စိုက်ပျိုးထားသော ဆလတ်၊ ပဲသီး၊ ကြက်သွန်မြိတ်နှင့် ခရမ်းချဉ်သီးသေးသေးလေးတွေကိုတော့ ရိုးရိုးလေး ထိန်းသိမ်းထားနိုင်ရုံသာ... အပြင်ဘက်ခြံဝင်းကတော့... သူမလက်ထဲမှာမှမဟုတ်ပဲကိုး။
ဆန့်ကျင်ဘက်အနေနဲ့ ဘေးအိမ်ကခြံဟာ ပိုပိုပြီးလှလာလေရဲ့။
xxx