၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အပိုင်း (၁၁၃)
ခြံထဲမှာ အစိမ်းရောင်ပျိုးပင်လေးတွေ ပေါ်လာချိန်တွင် ကျန်းချန်ပေ့က ဒီကံဆိုးတဲ့အရာတွေကို ဘယ်တော့မှ ထပ်ပြီးဂရုမစိုက်တော့ဘူးလို့ တွေးကာ ၄င်းတို့ကို လစ်လျူရှုထားခဲ့သည်။
"အပင်တွေကို ဂရုစိုက်ချင်တဲ့သူ ဘယ်သူမဆို လုပ်နိုင်တယ်ကွာ။ ဘာပဲဖြစ်ဖြစ် အဲဒါတွေက သေသွားမှာပဲ၊ ဘယ်တော့မှ အပွင့်ပွင့်လာဖို့မရှိဘူးဆိုတာ သေချာတယ်။ သရဲတွေကပဲ မင်းတို့ကောင်တွေကို စောင့်ရှောက်နိုင်လိမ့်မှာ။ ဟမ့် မမြင်ရလေ ကောင်းလေပဲကွာ"
ကျန်းချန်ပေ့ အနှီကံမကောင်းတဲ့အရာတွေကို လျစ်လျူရှုထားခဲ့သည်။ ဟွမ်ရှင်းရင်က ဒီပျိုးပင်ပေါက်လေးတွေကို မြင်တဲ့အခါ ၄င်းတို့ကို ပေါင်းပင် သို့မဟုတ် အခြားတစ်ခုခုလို့ တွေးလိုက်၏။ မစ္စတာကျန်းက မျိုးစေ့တွေအများကြီး ပစ်ထုတ်ထားတာဆိုတော့ အဲဒါတွေကို ဘယ်ပျိုးပင်မှန်း သူမ မခွဲခြားနိုင်ခဲ့။
ဟွမ်ရှင်းရင်က တစ်ခါတစ်ရံ ပျိုးပင်ပေါက်တွေကို ရေလောင်းပေးတတ်ပေမယ့် သူတို့စုံတွဲကတော့ ၎င်းတို့အား တမင်သက်သက်ကြီးအချိန်ပေးဂရုစိုက်ခြင်းမရှိပါချေ။
ဒီပျိုးပင်ပေါက်လေးတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုပိုကြီးထွားလာမယ်လို့ ဘယ်သူသိမှာလဲနော်။ မေလရောက်တဲ့အခါ မရေမတွက်နိုင်တဲ့ပန်းတွေ ပွင့်လန်းလာခဲ့ပြီ။ မစ္စတာကျန်းက မျိုးစေ့မျိုးစုံကို ကျပန်းကြဲထားခဲ့တာမို့ ပန်းတွေပွင့်လန်းလာတဲ့အခါ အရောင်အသွေးစုံလင်နေပြီး အဝေးကကြည့်လိုက်ပါက အလွန်လှပနေလေရဲ့။
မိသားစုခြံဝင်းထဲက လူတော်တော်များများက သူတို့ခြံနားက ဖြတ်သွားတဲ့အခါ ရပ်ကြည့်ရင်း ချီးကျူးကြလေ၏။ "မင်းစိုက်ထားတဲ့ပန်းတွေက အရမ်းလှတာပဲ"
ဟွမ်ရှင်းရင် အေးဆေးတည်ငြိမ်စွာ ပြန်ပြောလိုက်၏။ "ကျွန်မစိုက်ထားတာတွေလေ"
ဟုတ်တယ်လေ၊ သူမပဲ ရေလောင်းပေးထားတာ။
အပြင်လူတွေက ဒါကိုကြားတဲ့အခါ အားပါးတရ ချီးကျူးကြပါတော့သည်။ "လောင်ကျန်းက အရမ်းကံကောင်းတာပဲ! မင်းမိန်းမ ပျိုးထားတဲ့ခြံက လှတယ်ကွာ!!"
ထိုအချိန်တွင် ကျန်းချန်ပေ့ရဲ့ အမူအရာ သိပ်မကောင်းတော့ဘဲ "နားထောင်၊ ငါ့မိန်းမက မဟုတ်တာတွေပြောနေတာ။ အဲဒီခြံကို ငါစိုက်ထားခဲ့တာပဲကွ!!"
"ငါ စိုက်ပျိုးဖို့ အရမ်းကြိုးစားခဲ့ရတာ။ အဲဒီပေါက်ပြားကိုကြည့်၊ ငါကိုယ်တိုင် မြေကြီးတူးပြီးတော့ ငါကိုယ်တိုင် မြေသြဇာလုပ်ခဲ့တာ..."
အပြင်လူများ: "…"
လောင်ကျန်းတို့ဇနီးမောင်နှံနှစ်ဦးဟာ "ခြံကို တကယ် ဘယ်သူပျိုးထားသလဲ" ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အပြင်းအထန် အငြင်းပွားခဲ့ကြလေ၏။ နောက်ဆုံးမှာတော့ ဗိုလ်ကျခြယ်လှယ်တတ်တဲ့လောင်ကျန်းက လူတွေကို ကြေငြာလိုက်လေပြီ။ -
- ဒါတွေက ငါကြဲထားတဲ့မျိုးစေ့တွေကွ!!
"သူစိုက်ထားတာပဲ!!"
ဟွမ်ရှင်းရင်က သူနဲ့ရန်ဖြစ်ဖို့ရာ ပျင်းရိလွန်းနေခဲ့ပြီ။ ဒီခြံကို ဘယ်သူက စီစဉ်ပေးထားတာလဲနော်။ ဘာပဲဖြစ်ဖြစ်ပါလေ သာယာလှပတဲ့ ခြံဝင်းလေးက အရမ်းကို မျက်စိပဒေသာရှိတာပါပဲ။ အခုဆို သူတို့ခြံက အရင်ကထက် အများကြီးပိုလှလာပြီလေ။
ကျန်းချန်ပေ့က သူ့လက်တွေကို ပွတ်သပ်ပြီး ဘေးခြံအတိုင်းလုပ်ဖို့ စိတ်အားထက်သန်နေလျက် "ဘေးအိမ်က သက်ကယ်တဲလိုမျိုးတစ်ခုလောက်လုပ်ကြမယ်၊ ခြံထဲမှာထိုင်ပြီးတော့ ပန်းတွေကို ရှုစားကြမယ်လေ"
ဟွမ်ရှင်းရင်: "ရှင်ပဲပြောတော့ ခေတ်ဟောင်းစတိုင်ကြီးကို မကြိုက်ဘူးဆို?"
"မင်းက တက်ကြွမှုမရှိဘူးပဲကွာ။ ငါတို့က ငါတို့အခြေအနေနဲ့ လိုက်လျောညီထွေရှိမယ့် သက်ကယ်အိမ်ကောင်းတစ်လုံး ဆောက်မှာပေါ့ကွာ"
"ဟားဟား အင်းပါ ရှင် ဖြေးဖြေးလုပ်နိုင်တယ်"
ကျန်းချန်ပေ့က သူ့အိမ်ခြံဝင်းထဲတွင် သက်ကယ်ထီးတစ်ခုဆောက်ရန်အတွက် ဒေသခံလူနည်းနည်းကို ပြတ်ပြတ်သားသားရှာဖွေခဲ့ပြီး စားပွဲ၊ ကုလားထိုင်နှင့် ခုံတန်းရှည်တွေကို ထားရှိခဲ့ကာ သူ့ဇနီးလေး လက်ဖက်ရည်သောက်ဖို့ လုပ်ပေးခဲ့သည်။ ထို့နောက် သူက ပန်းနှစ်ပွင့်ခူးကာ သစ်သားပြွန်လေးထဲ ထည့်ထားလိုက်ပြီး မသေမျိုးတစ်ယောက်ကဲ့သို့ ပျော်ရွှင်နေလေရဲ့။
ပင်လယ်လေကို ရှုရှိုက်ရင်း လက်ဖက်ရည်ပူပူလေးသောက်ကာ ကျန်းချန်ပေ့တစ်ယောက် သူ့အပိုင်မြေကို စစ်ဆေးကြည့်ရှုနေလျက်။
ဒါက ဘဝပဲ၊ နေလို့ထိုင်လို့ကောင်းလိုက်တာကွာ!
သူက သူ့သားကျန်းရိချောင်ကို သတိပေးထားခဲ့၏။ "ငါ့ပန်းတွေကို မခူးရဘူး"
"ငါ့ပန်းတွေခူးဖို့ ဘယ်သူ့ကိုမှခေါ်မလာနဲ့!"
"မင်း ငါ့ပန်းတစ်ပွင့်ကို ခူးလိုက်ရင် ခက်ခဲတဲ့စာလုံးတွေကို တစ်မျက်နှာကူးရေးဖို့ အပြစ်ပေးခံရမယ်!"
'ဒီကောင်စုတ်လေးကို သူ့ခြံကို မလာစေရဘူးကွ'
အခု ဒီခြံဟာ သူ့နှလုံးသားလေး၊ ရတနာလေးပဲ။
ကျန်းရိချောင်: "…"
ဟွမ်ရှင်းရင်က ခြံဝင်းထဲမှာထိုင်လျက် ပင်လယ်လေညင်းကို ခံစားနေရင်း အိမ်နီးချင်းရှောင်ချာကျင်းပေးထားတဲ့ *ဖုန့်ဟွမ်တန့်ချုံးလက်ဖက်ရည်ကို သောက်နေခဲ့သည်။ လက်ဖက်ရည်ဟာ သူမပါးစပ်ထဲသို့ ဝင်လာသည်နှင့် ရှောင်ချာကျင်းရဲ့ ပျော်ရွှင်မှုတွေကို ရုတ်တရက် ခံစားမိသွားရချေပြီ။
(*ဖီးနစ်တံဆိပ်oolong tea)
ကျန်းမိသားစုဟာ ချိုမြိန်နေပြီး သူတို့က ကွမ်ချန်မှာ ကင်မရာတစ်လုံးဝယ်လာပေးဖို့ တစ်ယောက်ယောက်ကိုတောင် အကူအညီတောင်းခဲ့ပြီး ခြံထဲမှာ ဓာတ်ပုံတွေအများကြီးရိုက်ခဲ့ကြ၏။
ကျန်းချန်ပေ့ အိမ်မှာရှိနေသရွေ့ သူက ခြံထဲမှာနေရင်း သူဒီခြံဖြစ်လာဖို့ ဘယ်လောက်ကြိုးစားထားခဲ့ရကြောင်း ဖြတ်သွားဖြတ်လာတိုင်းကို ကြွားဝါပေလိမ့်မည်။
ကျန်းချန်ပေ့ သူ့ဦးထုပ်အစွန်းကိုမြှောက်၍ ဘေးအိမ်က တဖြည်းဖြည်း ဖရိုဖရဲဖြစ်လာတဲ့ခြံကို ကြည့်ကာ အကြိမ်အနည်းငယ် လျှာတောက်လိုက်သည်။
ယခုတော့ ဘေးအိမ်က ရဲဘော်ရှောင်လုနှင့် သူ စကားပြောချင်နေသလို ရဲဘော်ရှောင်လုအရှေ့မှာ သူ့မိန်းမထံ ပန်းတွေပို့ပေးချင်နေတာလေ။
"လုယန်! ရှောင်လု! လုယန်!!"
"ဟေး ခေါင်းဆောင်လုရေ!"
…
ကံမကောင်းတဲ့မိသားစုရဲ့ ခေါင်းဆောင်လု-ရှောင်လုကတော့ သူ့ကို လစ်လျူရှုထားခဲ့သည်။ သူ့ဇနီးလေးက ကိုယ်ဝန်၇လရှိလာပြီဆိုတော့ အခု သူက သူမကိုသာ ဂရုစိုက်နေလေရဲ့။ သူက အမြဲတမ်း သူ့ဇနီးလေးအနားမှာ ရှိနေတာဖြစ်ပြီး ရံဖန်ရံခါ သူ မိသားစုခြံဝင်းကို စောစောပြန်ရောက်လို့ သူ့ဇနီးလေးက အလုပ်မှာပဲရှိနေသေးတာဆိုရင် သူမကို အလုပ်လာကြိုဖို့ ရောက်လာပေလိမ့်မည်။
ကျန်းချန်ပေ့လက်ထဲက ပန်းတွေ ညှိုးနွမ်းသွားခဲ့ရပြီ။
ကျန်းချန်ပေ့: "... "
ဘယ်လောက်ပျင်းစရာကောင်းလိုက်သလဲကွာ။
ထားလိုက်ပါတော့။
ခြံထဲ၌ ချစ်ကြည်နူးနေတဲ့စုံတွဲလေးက ကိုယ်ဝန်ဆောင်ပညာရေးအပေါ်မှာသာ အာရုံစိုက်နေကြလျက်။ ရှောင်ချင်းက သူမရဲ့ဗိုက်ထဲက ကလေးလေးတွေနဲ့ ဆက်သွယ်ကြည့်ဖို့ အဖေဖြစ်တဲ့လုယန်ကို ပြောလိုက်၏။
သူမက လုယန်အား ဗိုက်ထဲက ကလေးလေးတွေကို စကားပြောခိုင်းသလို သီချင်းဆိုခိုင်းလိုက်ရာ...
ဟုတ်တာပေါ့... အရာရှိလေးဟာ သီချင်းဆိုရာမှာ သံစဥ်မမိသော်လည်း လေးလေးနက်နက် သီဆိုနေခဲ့တာပါပဲ။ ဒီလိုနဲ့ သီချင်းဆိုခြင်းတာဝန်ဟာ ရှောင်ချင်းအပေါ်သာ ကျရောက်သွားတော့သည်။
သို့သော် ခေါင်းဆောင်လုဆီမှာ အရည်အချင်းတစ်ခုရှိပါသေးသည်။ သူက တယောတီးတတ်လေရဲ့။
အရမ်းကြီးမကျွမ်းကျင်သော်လည်း အနည်းဆုံးတော့ သံစဥ်မိအောင် တီးခတ်နိုင်လေ၏။
ယခုအချိန်၌ တခြားမိသားစုတွေရဲ့ ကလေးတွေတော်တော်များများဟာ တယော၊ အကော်ဒီယံစသည်တို့ကို သင်ယူနေခဲ့ကြပြီ။ အထူးသဖြင့် ကာနယ်တွေ၊ အလုပ်သမားတွေရဲ့ ကလေးတွေပါပဲ။ ယခုအချိန်တွင် ယဥ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းများစွာ ရှိလာပြီဖြစ်သောကြောင့် ဒီလိုကျွမ်းကျင်မှုတစ်မျိုးသင်ယူလေ့လာပြီးတဲ့နောက် သံထမင်းပန်းကန်တွေကို စားဖို့ပိုလွယ်ကူတယ်လေ။ (အစိုးရအလုပ်ရဖို့လွယ်တယ်ပြောတာပါ)
အကော်ဒီယံ
လုမိသားစုတစ်ခုလုံး အနုပညာပိုးလုံးဝမရှိခဲ့။ လုယန်တစ်ယောက်သာ မိသားစုရဲ့ တစ်ဦးတည်းသော မျှော်လင့်ချက်ဖြစ်ခဲ့၏။
ဟုတ်တာပေါ့၊ အဆုံးမှာတော့ တစ်ခုတည်းသော မျှော်လင့်ချက်လေးဟာလည်း အားလျော့သွားလေရဲ့။
မျှော်လင့်ချက်တွေ ပျက်ပြယ်သွားခဲ့ရပေမယ့် ကျွမ်းကျင်မှုကတော့ ရှိနေဆဲပင်။ ရိုးရိုးရှင်းရှင်းကလေးချော့တေးသွားတွေကို တီးခတ်ဖို့ ပြဿနာလုံးဝမရှိပါဘူး...
ဒါပေမယ့်...
ချင်းရို့: "..." ဒါက တကယ့်ကို ဆိုးရွားနေတာပဲဟ!
xxx