Chapter 1
Viewers 4k

Volume 1 : ဆေးပညာဌာန


Chapter 1 (စာကြည့်တိုက် ၀၁)


ယွဲ့ရှင်းဝမ်သည် ဟွာအန်းတက္ကသိုလ်မှ တတိယနှစ်ကျောင်းသားဖြစ်သည်။ ဤစာသင်နှစ်တွင် သင်ရိုးတစ်ခု၏ နောက်ဆုံးအကဲဖြတ်ချက်ကို လူတိုင်းက စာရွက်တစ်ရွက်တွင်ရေးပြီး အမှတ်ပေးရန်အတွက် ပါမောက္ခထံတင်ပြရန်လိုအပ်သည်။ သူသည် ယခုတွင် စာတမ်းများရေးရန် အလုပ်များနေပြီး ကိုးကားရန် အချက်အလက်များ လိုအပ်နေသည်။


ကျောင်းစာကြည့်တိုက်၏ ပထမထပ်တွင် အီလက်ထရွန်နစ်စာဖတ်ခန်းတစ်ခုရှိပြီး အီလက်ထရွန်နစ်စာရွက်စာတမ်းအများအပြားနှင့် နောက်ဆုံးပေါ်ပြည်တွင်းနှင့် နိုင်ငံတကာပညာရေးဂျာနယ်များကို ရှာဖွေနိုင်သည်။ နောက်ဆုံး စာမေးပွဲက မကြာသေးမီ ကျရောက်တော့မည်ဖြစ်ပြီး ဘာသာရပ်အမျိုးမျိုးမှ ကျောင်းသားများသည် အုံလိုက်ကြီးကဲ့သို့ ပြန်လည်သုံးသပ်ရန် စာကြည့်တိုက်သို့ စုရုံးရောက်ရှိလာကြသည်။ စာကြည့်တိုက်မှာ မနက်ကနေ ညအထိ လူတွေပြည့်နေပြီး နည်းနည်းနောက်ကျသွားလျှင် ထိုင်ခုံရရန် ခက်ပါသည်။ ယွဲ့ရှင်းဝမ်သည် နေ့စဉ် နံနက် 7:00 တွင်ထကာ 8:00 တွင် စာကြည့်တိုက်မဖွင့်မီ ထိုင်ခုံနေရာယူရန် ပြေးနေရသည်။


ဒီမနက် အိပ်ရာက နိုးလာတော့ အပြင်မှာ ဆီးနှင်းတွေ ထူထပ်စွာ ရွာသွန်းနေတာကို တွေ့ရပြီး ကမ္ဘာကြီးတစ်ခုလုံး ငွေရောင်ဖြင့် ဖုံးလွှမ်းနေကာ အိပ်ဆောင်ဘေးက ကစားကွင်းကို အဖြူရောင်စောင်လို ဖြူဖွေးသန့်ရှင်းသည့် နှင်းထူထူတွေနဲ့ ဖုံးအုပ်ထားသည်။


ယွဲ့ရှင်းဝမ်သည် တောင်ပိုင်းသားဖြစ်၏။ ငယ်ငယ်က နှင်းတွေကို မမြင်ဖူးချေ။ မြောက်ဘက်တွင် ကျောင်းတက်ပြီးနောက် ဆောင်းရာသီတွင် ကြီးကျယ်ခမ်းနားသော နှင်းမြင်ကွင်းကို တွေ့ရှိခဲ့သည်။ လသာဆောင်တွင် စိတ်လှုပ်ရှားစွာ ရပ်ကာ ဖုန်းဖြင့် ဓာတ်ပုံများစွာ ရိုက်ခဲ့သည်။ ထို့နောက်မှသာ မျက်နှာသစ်ပြီး အဝတ်ထူထူကို ဝတ်ဆင်လေသည်။ စာကြည့်တိုက်ကိုသွားရန် အဆင်သင့်ဖြစ်နေလေပြီ။


အိပ်ဆောင်၏ ခေါင်းဆောင် ကုမင်လည်း အခုလေးတင် ထလာသည်။ သူ အပြင်ထွက်တော့မှာကိုမြင်တော့ သူက သမ်းဝေကာ မေးသည်။

"ရှင်းဝမ် အပြင်မှာ နှင်းတွေကျနေတဲ့အချိန် စာကြည့်တိုက်ကို သွားဦးမလို့လား…"


ယွဲ့ရှင်းဝမ်က သူ့ဖိနပ်ကို ပြောင်းလိုက်ရင်း ဆိုသည်။

"ကျွန်တော့်စာတမ်းရဲ့ နောက်ဆုံးအပိုင်းက ပြီးတော့မယ်… ဒီနေ့ အမြန်ပြီးအောင် လုပ်ချင်လို့…"


ကုမင်က ပြန်ပြောသည်။

"မင်းရေးတဲ့စာတမ်းက ပရော်ဖက်ရှင်နယ် ဖြစ်ရမယ်… ငါကတော့ အောင်မှတ်ရသ၍ အဆင်ပြေပြီမို့ ပေါ့ပေါ့တန်တန်ပဲ ရေးတော့မယ်…"


ယွဲ့ရှင်းဝမ်သည် တရုတ်ဘာသာစကားဌာနတွင် လူသိများသော ထိပ်တန်းကျောင်းသားဖြစ်သည်။ သူသည် နှစ်စဉ် ပညာသင်ဆုများရရှိခဲ့သည်။ သူ၏စာတမ်းကို ပါမောက္ခများက ချီးကျူးခဲ့ကြသည်။ စာတမ်းနှင့် ပတ်သက်သော ထိပ်တန်းကျောင်းသား၏ သဘောထားနှင့် စာမလိုက်နိုင်သောကျောင်းသား၏ သဘောထားက မတူညီပေ။ ကုမင်က စိတ်ထဲကနေ သက်ပြင်းချရင်း ထပ်မံ သတိပေးလိုက်သည်။

"နှင်းတွေကျနေတယ်… မင်းသွားရင် သတိထားဦးနော်…"


ယွဲ့ရှင်းဝမ်က သူ့ဖိနပ်ကိုစီးပြီး ပြန်လှည့်ကာ ကုမင်ကို ကြည့်လာသည်။

"ကျွန်တော်သိပါတယ် အစ်ကိုမင်… ကျွန်တော် နေ့လည်တော့ မပြန်ဖြစ်လောက်ဘူး… စာကြည့်တိုက်ပိတ်မှ ကျွန်တော်ပြန်လာခဲ့မယ်…"


အပြင်မှာ အေးခဲနေပြီး လမ်းမှာ နှင်းထူထပ်နေတာကြောင့် ယွဲ့ရှင်းဝမ်က ဂရုတစိုက်နဲ့ လမ်းလျှောက်လာလေသည်။


ယောင်္ကျားလေးအဆောင်၏ ထောင့်ကို ဖြတ်လျှောက်လာတာနဲ့ အနက်ရောင်အင်္ကျီဝတ်ထားသော အတန်းဖော်တစ်ယောက်က လှေကားထစ်တွေပေါ်မှ တဆတ်ဆတ်ခုန်နေတာကို တွေ့လိုက်ရသည်။ ယွဲ့ရှင်းဝမ် မကူညီခင်မှာ တစ်ဖက်လူက နှင်းထဲကို ဘုတ်ခနဲ လဲကျသွားပြီး မြေပြင်ပေါ်တွင် ‘大’ပုံစံကဲ့သို့ ပြောင်းလဲသွားသည်။


ဤအသံကြားရတာ နာကျင်မည့်ပုံပေါ်သည်။


ယွဲ့ရှင်းဝမ်သည် ရှေ့သို့ လျင်မြန်စွာ ပြေးသွားကာ အတန်းဖော်၏ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော စာအုပ်များကို လက်တစ်ဖက်ဖြင့် ကောက်ပေးကာ အခြားလက်တစ်ဖက်ဖြင့် တစ်ဖက်လူ၏လက်မောင်းကို ဆွဲထူပေးကာ တိုးတိုးလေး မေးသည်။

"အတန်းဖော် အဆင်ပြေရဲ့လား…"


ကောင်လေးက သူ့လက်မောင်းများကို ခွန်အားဖြင့်ထရန် ရုန်းကန်ပြီး သူ့မျက်နှာပေါ်ရှိ နှင်းတွေကို အမြန်သုတ်လိုက်ကာ ကြည်လင်သောမျက်လုံးတစ်စုံကို ပေါ်လွင်စေသည်။


နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ရင်း ကောင်လေး၏ မျက်လုံးထဲတွင် အပြုံးတစ်ခု အမြန်ပေါ်လာသည်။

"စီနီယာ တိုက်ဆိုင်လိုက်တာ…"


ယွဲ့ရှင်းဝမ်ကလည်း သူ့ကို မှတ်မိသည်။

"ရှောင်နျန်လား"


ကျန်းရှောင်နျန်သည် ဟွာအန်းတက္ကသိုလ်၏ ဗိသုကာဌာန၏ မြို့ပြအင်ဂျင်နီယာဌာနမှ ပထမနှစ်ကျောင်းသားဖြစ်သည်။ သူသည် ယခင်က ယွဲ့ရှင်းဝမ်နှင့်တူသော အထက်တန်းကျောင်းတွင် ရှိပြီး သူတို့နှစ်ဦးသည် တက္ကသိုလ်ဇာတိမြို့အဖွဲ့တွင် တွေ့ဆုံခဲ့ကြသည်။ ကျန်းရှောင်နျန်သည် သူနဲ့တူညီသော အထက်တန်းကျောင်းမှ ဂျူနီယာညီလေးဖြစ်သောကြောင့် ယွဲ့ရှင်းဝမ်က သူ့ကို အလွန်ဂရုစိုက်ခဲ့သည်။ သို့သော် ဤဂျူနီယာညီလေးက နည်းနည်းတော့ ခေါင်းထဲ၌ရှုပ်ထွေးလေ့ရှိပြီး ဦး‌တည်ချက်ကို အာရုံခံရာတွင် ညံ့ဖျင်းသည်။ သူ ကျောင်းစတက်သောအခါတွင် အဆောက်အဦးဧရိယာ A မှ ဧရိယာ F ကို မည်ကဲ့သို့သွားရမည်ကို မကြာခဏ ရှုပ်ထွေးလေ့ရှိပြီး ရယ်စရာများစွာရှိခဲ့သည်။


ယွဲ့ရှင်းဝမ်သည် သူ့ဂျူနီယာညီလေး၏ ဦးခေါင်းက အနည်းငယ် ချို့ယွင်းနေသည်ဟု အမြဲလိုလို ခံစားရသည်။ သူ့တစ်ကိုယ်လုံး နှင်းတွေဖုံးလွှမ်းနေတာကိုမြင်တော့ ယွဲ့ရှင်းဝမ်က စိုးရိမ်တကြီးနဲ့ မေးသည်။

"မနာဘူးလား…"


ကျန်းရှောင်နျန်သည် သူ့ခန္ဓာကိုယ်ပေါ်ရှိ နှင်းများကို ပွတ်သပ်ကာ ရယ်မောလိုက်သောအခါတွင် ကျားသွားသေးသေးလေးနှစ်ချောင်းကို ပြသလိုက်သည်။

"ရပါတယ်… ကျွန်တော် အဝတ်ထူထူဝတ်ထားတယ်…"


ယွဲ့ရှင်းဝမ်က သူကောက်ထားသော စာအုပ်များကို အခြားသူထံသို့ ပေးလိုက်သည်။

"မင်းစာအုပ်တွေ…"


ကျန်းရှောင်နျန်က သူ့ကို ကျေးဇူးတင်စကားပြောကာ မေးသည်။

"အစောကြီးပဲရှိသေးတာကို စီနီယာက self-studyခန်းကို သွားတော့မလို့လား"


ယွဲ့ရှင်းဝမ်က ပြန်ဖြေသည်။

"ငါက စာကြည့်တိုက်ကို သွားမှာ…"


"ကျွန်တော်လည်း စာကြည့်တိုက်ကိုသွားမှာ… အတူတူသွားရအောင်လေ…"


နှစ်ယောက်သား ဘေးချင်းကပ်လျက် လျှောက်သွားကြသည်။


ယွဲ့ရှင်းဝမ်က ပေါ့ပေါ့ပါးပါး မေးသည်။

"နောက်ဆုံး စာမေးပွဲအတွက် မင်းဘယ်လိုတွေ လေ့လာနေလဲ"


ကျန်းရှောင်နျန်က ခါးသက်သက်မျက်နှာဖြင့် ဖြေသည်။

"ဒီရက်ပိုင်းမှာ စာအုပ်တွေကနေ မှတ်မိအောင် ကျွန်တော် အပြင်းအထန် ကြိုးစားနေတာ… ပထမနှစ်ဝက်မှာ အတန်းကို ကောင်းကောင်းနားမထောင်ခဲ့ဘူး… ကျွန်တော် စာမေးပွဲကျတော့မယ်လို့ အမြဲခံစားနေရတယ်…"


ယွဲ့ရှင်းဝမ်က သူ့ဂျူနီယာညီလေးကို ပြန်ကြည့်သည်။

"သင်တန်းကျရင် စာမေးပွဲပြန်ဖြေဖို့ အခွင့်အရေးတစ်ခုပဲ ရှိလိမ့်မယ်… ဒါပေမဲ့ မင်းစာမေးပွဲမအောင်ရင် ကျတဲ့သင်တန်းကို ပြန်ဖြေရလိမ့်မယ်… ပြန်ဖြေဖို့က အရမ်းဒုက္ခများတယ်… နောက်သင်တန်းမှာ အခြားကျောင်းသားတွေနဲ့ အတန်းတူတက်ဖို့ အစွမ်းကုန် ကြိုးစားသင့်တယ်… ကျရှုံးတဲ့သာဘာရပ်တွေရဲ့ မှတ်တမ်းတွေ ရှိနေရင် နောင်အခါ ဘွဲ့လွန်လေ့လာမှုမှာ အာမခံချက်ရှိမှာမဟုတ်တော့ဘူး… သင်တန်းကို အမှတ် 60 နဲ့ ကပ်သီးလေးအောင်နိုင်ရင်ကို အဆင်ပြေနေပါပြီ…"


ကျန်းရှောင်နျန်က လေးလေးနက်နက် ခေါင်းငြိမ့်လိုက်သည်။

"အင်း… ကျွန်တော် မှတ်စုတွေထုတ်ဖို့ စာကြည့်တိုက်ကို နေ့တိုင်းလာနေတာ… ဒီစာမေးပွဲက သိပ်ခက်မှာမဟုတ်ဘူးလို့ ကျွန်တော်မျှော်လင့်တယ်…"


နှစ်ယောက်သား လမ်းလျှောက်ရင်း စကားစမြည်ပြောဖြစ်ကြတော့ စာကြည့်တိုက်ကို ရောက်သည့်အချိန်က 8 နာရီလောက်ရှိပြီဖြစ်သည်။


စာကြည့်တိုက်က အချိန်မီဖွင့်ပြီး စောစောရောက်လာသည့် ကျောင်းသားများကြောင့် အခန်းက ပြည့်နေလေသည်။


ယွဲ့ရှင်းဝမ်က တံခါးဝမှာ သူ့ကို နှုတ်ဆက်လိုက်သည်။

"အချက်အလက်တွေကို စစ်ဆေးဖို့ ပထမထပ်က အီလက်ထရွန်နစ်စာဖတ်ခန်းကို ငါသွားတော့မယ်…"


ကျန်းရှောင်နျန်က ပြုံးကာ လက်ဝှေ့ယမ်းပြသည်။

"ဒါဆို ကျွန်တော်လည်း စာလေ့လာဖို့ စတုတ္ထထပ်ကို သွားဦးမယ်… နောက်မှတွေ့မယ် စီနီယာ"


နှစ်ယောက်သား စာကြည့်တိုက်တံခါးဝမှာ လမ်းခွဲလိုက်ကြသည်။


ယွဲ့ရှင်းဝမ်သည် ပထမထပ်ရှိ အီလက်ထရွန်နစ်စာဖတ်ခန်းတွင် လစ်လပ်နေသော ထိုင်ခုံကိုတွေ့ပြီး ထိုင်ချလိုက်ကာ သူ့ဖုန်းကို ဘေးနားတွင်ထားပြီး လက်ပ်တော့ကိုဖွင့်ကာ ကိုးကားခြင်းသင်တန်းများတွင် အချက်အလက်များကို ရှာဖွေခဲ့သည်။


နေ့လယ်စာနှင့် ညစာစားချိန်များတွင် ကျောင်းသားများသည် ထိုင်ခုံများယူရန် သူတို့၏ဖတ်စာအုပ်များကို စာကြည့်တိုက်တွင်ထားလေ့ရှိကြပြီး ယွဲ့ရှင်းဝမ်သည်လည်း ကျောင်းလွယ်အိတ်ကို ထိုင်ခုံပေါ်တွင်တင်ကာ အချက်အလက်များဆက်လက်စစ်ဆေးရန် ထမင်းစားပြီးနောက် အမြန်ပြန်လာခဲ့သည်။ သူသည် ကျန်ရှိနေသော သင်တန်းများကို ပြန်သုံးသပ်ရန် အာရုံစိုက်ဖို့ စာတမ်းကို တတ်နိုင်သမျှပြီးအောင် ရေးရမည်။ 


မှောင်စပြုလာပြီဖြစ်၍ စာတမ်းကို အပြီးသတ်ရန် ယွဲ့ရှင်းဝမ် တစ်နေကုန် အချိန်ယူခဲ့ရသည်။ သူက လက်ပ်တော့ကိုပိတ်ပြီး သက်တောင့်သက်သာ အညောင်းဆန့်ထုတ်လိုက်ကာ မနက်ဖြန်မှာ ဒါကို ပြန်ဖတ်ရန် စဉ်းစားပြီး စာလုံးပေါင်းကို ပြင်ကာ ပါမောက္ခ၏ email ဆီ ပို့လိုက်သည်။


လဝက်လောက် ယွဲ့ရှင်းဝမ်သည် ဖင်လှည့်ခေါင်းလှည့်ဖြင့် နောက်ဆုံးတွင် စာတမ်းကို ပြီးအောင် ရေးနိုင်လိုက်ပြီး ဖြစ်သောကြောင့် စိတ်သက်သာရာ ရသွားသည်။


ညဆယ်နာရီထိုးခါနီးမှ သူသည် ပစ္စည်းများကို သိမ်းဆည်းကာ အိပ်ဆောင်ကို ပြန်သွားခဲ့သည်။


အိပ်ဆောင်တံခါးကို တွန်းဖွင့်လိုက်ပြီးနောက်တွင် အပူသည် သူ့မျက်နှာဆီသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာကာ ယွဲ့ရှင်းဝမ်သည် အေးခဲသွားတော့မည့် သူ့လက်များကို ပွတ်သပ်ကာ ဖိနပ်ပြောင်းခါနီးတွင် အိပ်ဆောင်ခေါင်းဆောင် ကုမင်ရောက်ရှိလာပြီး ပြောသည်။

"ရှင်းဝမ်… မင်းဘာလို့ ဖုန်းမကိုင်တာလဲ… မင်း ညဘက် ညစာစားမလားလို့ ငါမေးမလို့ကို…"


"ဒီနေ့တစ်နေကုန် စာကြည့်တိုက်မှာ နေနေခဲ့တာ… ကျွန်တော့်ဖုန်းက အသံပိတ်ထားတော့ ဖုန်းသံမကြားရဘူး…"

ယွဲ့ရှင်းဝမ်သည် သူ့အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်တော့ ဗလာဟု ခံစားလိုက်ရသည်။ သူ့ကျောင်းလွယ်အိတ်ကို အမြန်ဖွင့်ကာ ခဏလောက်ကြာအောင် စစ်ဆေးကြည့်လိုက်ပြီး သူ့မျက်နှာက တဖြည်းဖြည်း ဖြူဖျော့လာသည်။


ကုမင်က သံသယဖြစ်စွာ မေးသည်။

"ဘာဖြစ်နေတာလဲ"


ယွဲ့ရှင်းဝမ်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

"ကျွန်တော့်ဖုန်းကို စာကြည့်တိုက်မှာ ထားခဲ့မိပြီ…"


ကုမင်က မေးသည်။

"မင်း ပြီးခဲ့တဲ့ အပတ်ကမှ ဝယ်ခဲ့တဲ့ ဖုန်းအသစ်လား"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်ပြီး သူ့နားထင်ကို အကူအညီမဲ့စွာ ပွတ်သပ်လေသည်။

"ဟင်း… အချက်အလက်တွေ ရှာပြီးတော့ ကျွန်တော့်စိတ်က ရှုပ်နေတာ… ကျွန်တော့်ဖုန်း မပျောက်ဖို့ မျှော်လင့်ရတာပဲ…"


ကုမင်းက အမြန်သတိပေးသည်။

"ဒါဆို ပြန်သွားရှာလေ… စာကြည့်တိုက်က ည 10 ခွဲ အထိ မပိတ်ဘူး… ဒီတော့ မင်း မနောက်ကျခင် နာရီဝက်လောက်တော့ အချိန်ရသေးတယ်…"


ယွဲ့ရှင်းဝမ်သည် ချွတ်ထားသော အပေါ်အင်္ကျီကို ပြန်ဝတ်လိုက်သည်။

"အင်း… ကျွန်တော် မြန်မြန်လာခဲ့မယ်…"


သူသည် အများအားဖြင့် ဤမျှလောက် မပေါ့လျော့တတ်ပေ။ ဒီနေ့ တစ်နေကုန် စာရွတ်စာတမ်းတွေ စစ်ဆေးပြီးမှ မူးနောက်နေတာမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ ညဘက် ပစ္စည်းများ သိမ်းဆည်းသောအခါ ထိုင်ခုံပေါ်ရှိ ဖုန်းကို ထည့်ရန် မေ့သွားသည်။


***


ယွဲ့ရှင်းဝမ် ထွက်သွားပြီးနောက် အခြားအခန်းဖော် နှစ်ယောက်သည် ထိုင်ခုံတွင်ထိုင်ကာ ကွန်ပြူတာပေါ်တွင် စကားစမြည်ပြောရန် အိပ်ဆောင်သို့ ပြန်လာခဲ့ကြသည်။


အခန်းဖော်တစ်ဦးသည် ကျောင်းဖိုရမ်သို့ ပွတ်ဆွဲလိုက်ကာ ကွန်ပျူတာကို အားတက်သရော လက်ညှိုးထိုးပြပြီး ပြောသည်။

"လခွမ်း… ဟေ့ကောင်တွေ ဒါကို ကြည့်စမ်း… ကျောင်းဖိုရမ်က လူကြိုက်အများဆုံး ပို့စ် 10 ခုပဲ… လွန်ခဲ့တဲ့ညက ညသန်းခေါင်ကြီး စာကြည့်တိုက်မှာ ပထမနှစ် ဂျူနီယာညီမလေးက စာကြည့်တိုက်ကိုဖြတ်သွားတာ တံခါးတွေဖွင့်ထားပြီး အထဲမှာ သရဲကားလို ကြောက်စရာကောင်းတဲ့ အရိပ်တွေ တွဲလောင်းချထားတယ်တဲ့…"


ကုမင်က လက်ဖက်ရည်ခွက်ကို လှမ်းကိုင်လိုက်ပြီး ပို့စ်ကို ငုံ့ကြည့်ကာ ပြောသည်။

"နောက်ဆုံးစာမေးပွဲအတွက် စာလေ့လာချိန်မှာ ပြန်လည်သုံးသပ်ရတာ ပင်ပန်းလွန်းတာကြောင့် ဒီလိုထင်ယောင်ထင်မှားဖြစ်တာ သိသာပါတယ်… ညသန်းခေါင်းမှာ စာကြည့်တိုက်က ဘယ်လိုလုပ်ဖွင့်နေမှာလဲ… ကံမကောင်းလို့ အဲဒီမှာ အရိပ်တွေ အများကြီး တွဲလောင်းချတယ်ပဲ ပြောထားတာ… သရဲမက ဂါဝန်အနီကြီးဝတ်ပြီး ထွက်လာတယ်လို့ သူမ ဘာကြောင့် မပြောရတာလဲ"


အခန်းဖော်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထောက်ခံသည်။

"အမှန်ပဲ… သူမ အမြင်မှားတာ ဖြစ်မယ်… ဒါက ပုံလည်းမပါဘူး…"


သူက စာမျက်နှာကို refresh လုပ်လိုက်သောအခါ “ဒီပို့စ်ကို ဖျက်လိုက်ပါပြီ”ဟု တွေ့ရှိသောအခါ အခန်းဖော်က မခံမရပ်နိုင်ဖြစ်ကာ ပြောလေသည်။

"ဒါက တကယ်ကို အဓိပ္ပါယ်မရှိတဲ့ စိတ်ညစ်အောင်လုပ်တဲ့ ပို့စ်ပဲ… ဒါကို moderator က အမြန်က ဖျက်လိုက်ပြီ…"


ထိုအချိန်တွင် ယွဲ့ရှင်းဝမ်သည် အေးစက်သောလေကို ဆန့်ကျင်လျက် ရှေ့သို့ လျှောက်လှမ်းနေသည်။


နှင်းတွေက ပိုပိုပြီး ကျဆင်းလာသည်။ ကမ္ဘာကြီး တစ်ခုလုံး အဖြူရောင်သန်းနေပြီး သူ့ရှေ့မှာ ဆယ်မီတာကျော် အကွာအဝေးကိုသာ မြင်နေရသည်။ ဆောင်းလေအေးသည် နှင်းပွင့်များဖြင့် ရောနှောကာ သူ့မျက်နှာဆီသို့ ပြေးဝင်လာသည်။ စာကြည့်တိုက်မှ ပြန်လာသော ကျောင်းသားများသည် အရှေ့မှ အနောက်သို့ သွားနေကြပြီး အနောက်မှ အရှေ့သို့ သွားသူမှာ သူတစ်ဦးတည်းသာရှိကာ ပတ်ဝန်းကျင်ရှိ လူအားလုံးက “ညသန်းခေါင်ကြီး ဒီကျောင်းသားက စာကြည့်တိုက်ကို ဘာလို့သွားနေရတာလဲ?”ဟူသော သူ့ကို သံသယမျက်လုံးများဖြင့် ကြည့်နေကြသည်။


ယွဲ့ရှင်းဝမ်သည် အပေါ်အင်္ကျီကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ နှင်းတွေကျနေသည့် ညသန်းခေါင်မှာ စာကြည့်တိုက်ကို သူမသွားချင်ပေမဲ့ ဖုန်းက ပညာသင်ဆုနဲ့ သူ့ကိုယ်တိုင် ဝယ်ထားသည့် အသက် 20 ပြည့် မွေးနေ့ လက်ဆောင်ဖြစ်ပြီး တစ်ပတ်တောင် မပြည့်သေးပေ။ ပျောက်သွားလျှင် သူအသည်းကွဲလိမ့်မည်။


ယွဲ့ရှင်းဝမ်က သူ့ဦးထုပ်အစွန်းကို ဆွဲပြီး ရှေ့ကို ဆက်သွားသည်။


စာကြည့်တိုက်ကိုရောက်သောအခါ ည 10:25 ရှိနေပြီဖြစ်ပြီး စာကြည့်တိုက်က ငါးမိနစ်အတွင်း ပိတ်တော့မည်။


ယွဲ့ရှင်းဝမ်က တံခါးဆီသို့ အမြန်ပြေးသွားခဲ့သည်။


ဆောင်းရာသီတွင် အလွန်အေးပြီး အတွင်းနှင့် အပြင်ဘက်ကြား အပူချိန်ကွာခြားချက်မှာ အလွန်ကြီးမားသည်။ စာကြည့်တိုက်သည် အများအားဖြင့် အပြင်ဘက်ဆုံးမှန်တံခါးကိုပိတ်ပြီး လေကိုပိတ်ဆို့ရန် ထူထဲသောကန့်လန့်ကာကိုဆွဲထားသည်။ သို့သော် ယခုအချိန်တွင် စာကြည့်တိုက်တံခါးက အမှန်တကယ်ပွင့်နေသည်မှာ ထူးဆန်းနေသည်။


ဘယ်သူမှလည်း မထွက်သလို ဘယ်သူမှလည်း မဝင်ချေ။


ထူးဆန်းစွာ တိတ်ဆိတ်နေ၏။


နှင်းဖြူတွေ တဖွဲဖွဲကျလာပြီး စာကြည့်တိုက် အဆောက်အဦးက တိမ်တွေထဲသို့ တိုးဝင်နေသယောင် ညအမှောင်က စာကြည့်တိုက်ဖြင့် ပေါင်းစည်းထားတာကြောင့် အပေါ်ထပ်ကို မမြင်နိုင်တော့ပေ။ စာကြည့်တိုက်အတွင်း မီးများဖွင့်ထားသော်လည်း နှင်းများထူထပ်စွာကျနေသည့်မြင်ကွင်းကြောင့် ပြတင်းပေါက်များအားလုံးကို မြူထူထပ်စွာဖုံးအုပ်ထားကာ အထဲမှာ ကျောင်းသားမည်မျှရှိနေသည်ကို မမြင်နိုင်ပေ။


ဤအချိန်သည် ကျောင်းသားများအတွက် အိပ်ဆောင်သို့ပြန်ရန် အချိန်ဖြစ်သင့်သည်။ စာကြည့်တိုက်ကနေ ဘယ်သူမှ ဘာကြောင့် မထွက်လာရသနည်း။


ယွဲ့ရှင်းဝမ်သည် ခဏမျှ တုံ့ဆိုင်းသွားပြီး လှေကားများပေါ် လှမ်းတက်လိုက်သည်။


ဒီနေ့ စာကြည့်တိုက်အဝင်ဝမှာ ခါတိုင်းထက် လှေကားများအနည်းငယ်ပိုနေသည်လို့ ခံစားရပေမဲ့ တိကျသည့် လှေကားအရေအတွက်ကို တစ်ခါမှ မရေတွက်ခဲ့ဖူးသလို သူအတည်မပြုနိုင်ခဲ့ပေ။ တံခါးဖွင့်ထားသလား ဒါမှမဟုတ် ကျောင်းသားတွေ အဝင်အထွက် ပိတ်ချိန်နီးနေလား။


သူကျန်ခဲ့သော ဖုန်းအသစ်ကို တွေးရင်း ယွဲ့ရှင်းဝမ်သည် နောက်ထပ်မတွန့်ဆုတ်ဘဲ တံခါးဝတွင် သူ၏ကျောင်းသားကတ်ကို ပွတ်ဆွဲကာ စာကြည့်တိုက်ထဲသို့ အမြန်လျှောက်သွားခဲ့သည်။


ခေါင်မိုးပေါ်တွင် မီးမှိန်မှိန်လေးဖြစ်နေ၍ အနီးနားတွင် ဘယ်သူမှမရှိပေ။


ယွဲ့ရှင်းဝမ်သည် ပထမထပ်ရှိ အီလက်ထရွန်နစ်စာဖတ်ခန်းဆီသို့ တည့်တည့်လျှောက်သွားသည်။ တတိယတန်းမှာ သူ့ထိုင်ခုံက ညာဘက်အစွန်ဆုံးပဲလို့ သူ မှတ်မိသည်။ ထိုအချိန်တွင် ဖုန်းကို အတွင်းခန်းထိုင်ခုံပေါ်တွင် တင်လိုက်သည်။ တည်နေရာက တကယ်ကို လျှို့ဝှက်လွန်းသည်။ ဖုန်းက မူလနေရာတွင် နေရာယူထားဆဲ ဖြစ်ကောင်းဖြစ်နိုင်သည် သို့မဟုတ် ကြင်နာတတ်သော အတန်းဖော်တစ်ဦးက ကောက်ယူပြီး ပျောက်ဆုံးသွားသော ပစ္စည်းကို လွှဲပြောင်းပေးနိုင်သည်။


ယွဲ့ရှင်းဝမ်သည် စင်္ကြံကိုဖြတ်၍ လျင်မြန်စွာ လျှောက်သွားပြီးနောက် သူ့တစ်ကိုယ်လုံး ရုတ်တရက် တောင့်ခဲသွားသည်။ 


သူ့ရှေ့တွင်ပေါ်လာသည့်အရာမှာ ရင်းနှီးပြီးသား အီလက်ထရွန်နစ်စာဖတ်ခန်းနှင့် သပ်ရပ်သောကွန်ပြူတာတန်းများမဟုတ်ဘဲ ဘတ်စကတ်ဘောကွင်းအရွယ်အစားရှိသည့် ခန်းမလွတ်တစ်ခုဖြစ်သည်။


ခန်းမပတ်လည်တွင် လေးမီတာမြင့်သော နံရံများရှိပြီး စာအုပ်မျိုးစုံဖြင့် ပြည့်နှက်နေကာ ထိပ်ဆီသို့ တည့်တည့်တက်သွားသော ခိုင်မာသောသစ်သားဖြင့် စာအုပ်စင်များ ပြုလုပ်ထားသည်။ ခေါင်မိုးပေါ်ရှိ ကြည်လင်သော မီးရောင်များမှ တောက်ပသော အလင်းရောင်သည် ပျက်စီးနေသောစိန်များကဲ့သို့ ညင်သာစွာ ဖြတ်ခနဲ ဖြတ်ခနဲဖြစ်နေပြီး အဖြူရောင် စကျင်ကျောက်ကြမ်းပြင်သည် အလင်းနှင့် အရိပ်တို့ဖြင့် ရောယှက်နေသည်။ ကြီးကျယ်ခမ်းနားသော အိပ်မက်ကမ္ဘာတစ်ခုလိုပဲဖြစ်နေသည်။


ယွဲ့ရှင်းဝမ်သည် သူ့မျက်လုံးများကို အပြင်းအထန် ပွတ်သပ်ကာ ယောင်ဝါးဝါး ဖြစ်နေသည်။


သို့သော် သူ့မျက်လုံးများကို ပွတ်သပ်ပြီးသော်လည်း သူ့ရှေ့က မြင်ကွင်းသည် အရင်အတိုင်းပဲဖြစ်နေ၏။


သူ့ရှေ့တွင် စာအုပ်စင်များ ပြည့်နှက်နေသည့် ခန်းမလွတ်ကြီးတစ်ခုရှိနေပြီး အီလက်ထရွန်နစ်စာဖတ်ခန်းရှိ ကွန်ပျူတာတစ်လုံးကိုပင် မမြင်ရပေ။


အချက်အလက်များကို စစ်ဆေးရန် နေ့လယ်က သူ ဒီမှာထိုင်နေခဲ့သည်။ အခုလေးတင် စာဖတ်ခန်းက ဘာကြောင့် ပျောက်ကွယ်သွားရသနည်း။ ဤထူးဆန်းသောခန်းမက ဘာကြောင့်ပေါ်လာရသနည်း။


ယွဲ့ရှင်းဝမ်သည် တစ်စုံတစ်ခု မှားယွင်းနေတာကို သတိပြုမိပြီး မီတာ 100 အပြေးအမြန်နှုန်းဖြင့် ချက်ချင်းလှည့်ကာ ထွက်ပြေးသွားခဲ့သည်။


သို့သော် သူ တံခါးဆီသို့ ပြေးသွားသည့်အခိုက်တွင် စာကြည့်တိုက်တံခါးသည် သူ့ရှေ့တွင် ရုတ်တရတ် ဘမ်းခနဲပိတ်သွားကာ တိတ်ဆိတ်သောညတွင် အသံများ ဆူညံသွားသည်။ တံခါးကို တွန်းရန် သူ့လက်များဖြင့် တွန်းလိုက်သော်လည်း တံခါးက လုံးဝဖွင့်လို့မရတာကို တွေ့လိုက်ရသည်။ ယွဲ့ရှင်းဝမ်က သူ့ခေါင်းကို လှည့်လိုက်ပြီး တင်းမာသောလေသံဖြင့် ပြောသည်။

"ဘယ်သူက သရဲယောင်ဆောင်နေတာလဲ…"


သူ့အသံက ခန်းမလွတ်ထဲမှာ နှစ်ကြိမ်ပဲ့တင်ထပ်နေသည်။


ထို့နောက်တွင် အေးစက်သော အမျိုးသမီးစက်သံက သူ့နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

"ဟွာအန်းတက္ကသိုလ်ရဲ့ တရုတ်ဘာသာစကားဌာန၊ လူမှုဘာသာရပ်များဌာနမှ တတိယနှစ်ကျောင်းသား ယွဲ့ရှင်းဝမ်၊ ကျောင်းသား ID နံပါတ် 18384016၊ အချက်အလက်တွေကို သိမ်းဆည်းပြီးပါပြီ" 


"———〈စာကြည့်တိုက်မှ လွတ်မြောက်ခြင်း〉လက်တွေ့ရှင်သန်ခြင်းဂိမ်းမှ ကြိုဆိုပါတယ်"


#TK