Chapter 3
Viewers 4k

Volume 1 : ဆေးပညာဌာန


Chapter 3 (စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်း ၀၁)


သူ့ရှေ့တွင် မှောင်မဲနေသော စင်္ကြံတစ်ခုရှိပြီး စင်္ကြံအဆုံးတွင် အလင်းတန်းတစ်ခုသာ ပေါ်လာသည်။ ယွဲ့ရှင်းဝမ်သည် အလင်းတန်းလာရာဆီသို့ ပေါ့ပေါ့ပါးပါး လျှောက်သွားလိုက်သည်။ အလင်းတန်းလာရာမှ တံခါးထဲကိုဝင်ပြီးနောက် သင်တန်းအချက်အလက်ပါရှိသော အကြည်ရောင်လေးထောင့်ဘောင်တစ်ခုက သူ၏ခေါင်းအထက်တွင် ပေါ်လာသည်——


ဆေးပညာဌာန၏ မသင်မနေရသင်တန်း: စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်း


ကန့်သတ်ချက်: လူ 1 ယောက်


Credit: 2 မှတ်


သင်တန်းဖော်ပြချက်: သင်သည် အလုပ်သင်ဆရာဝန်တစ်ဦးဖြစ်ပြီး တိရစ္ဆာန်လက်တွေ့စမ်းသပ်မှုများအတွက် အသုံးပြုထားသည့်ဆေးပညာဌာနရှိ လျှို့ဝှက်ဆန်းကြယ်သော ဆေးဘက်ဆိုင်ရာစမ်းသပ်ခန်းသို့ သင်ဝင်ရောက်တော့မည်ဖြစ်သည်။ ထူးဆန်းသည်မှာ စမ်းသပ်ခန်းတိရစ္ဆာန်များသည် တစ်ခုခုကြောင့် မငြိမ်မသက်ဖြစ်လာကြသည်။


စာမေးပွဲလိုအပ်ချက်: မိနစ် 30 အတွင်း စမ်းသပ်ခန်းမှ လွတ်မြောက်ရန် သင့်၏အရှေ့ထွက်ပေါက်မှ ချက်ချင်းထွက်ပြေးပါ။


အပိုမေးခွန်း: တိရစ္ဆာန်များပြောင်းလဲခြင်းနဲ့ ပတ်သက်သည့် ဆေးဝါးကို ရှာဖွေပြီး စမ်းသပ်ခန်းမှ ယူလာခဲ့ပါ။ အပိုမေးခွန်းကို ပြီးမြောက်ပါက အကဲဖြတ်အမှတ် 20 ရလိမ့်မည်။


သူ့မျက်လုံးရှေ့ရှိ စကားလုံးများက လျင်မြန်စွာ ဖြတ်သွားသည်။


အပိုမေးခွန်းလား။ စားမေးပွဲစာရွက်တွင် အပိုမေးခွန်းများ ပေါ်လာခြင်းသည် အဆန်းမဟုတ်ပေ။ ဂိမ်းထဲရှိ အပိုမေးခွန်းသည် အွန်လိုင်းဂိမ်းများ၏ လျှို့ဝှက်တောင်းဆိုမှုများနှင့် ဆင်တူသည်။ ဒီအရာကို ပြီးမြောက်လျှင် အပိုဆုတွေ ပေးလိမ့်မည်။ အပိုမေးခွန်း အကဲဖြတ်အမှတ် 20 ကို Credit 2 မှတ်ဖြင့် မြှောက်လျှင် အမှတ် 40 ရနိုင်သည်။ ခြင်များသည် မည်မျှသေးငယ်ပါစေ အသားဖြစ်သည်။ ဒီလို လျှို့ဝှက်တောင်းဆိုမှုကို လုပ်နိုင်ဖို့ သူတတ်နိုင်သမျှ ကြိုးစားရမည်။


ယွဲ့ရှင်းဝမ်သည် ဆုံးဖြတ်ချက်ချကာ သူ့ရှေ့က ‘လက်တွေ့စမ်းသပ်ခန်း’ဆိုသည့် တံခါးကို တွန်းဖွင့်လိုက်သည်။ စမ်းသပ်ခန်းထဲသို့ လျှောက်သွားစဉ် သူ၏အပေါ်အင်္ကျီ ပျောက်သွားကာ ကုတ်အင်္ကျီအဖြူပေါ်လာပြီး ဘယ်ဘက်ထောင့်ပေါ်ရှိ ရင်ဘတ်ပေါ်တွင် ‘အလုပ်သင် : ယွဲ့ရှင်းဝမ်’ တံဆိပ်ကို ရေးထားသည်။ 


စာကြည့်တိုက်စနစ်က သူ့အဝတ်အစားတွေကို ပုံစံပြောင်းလဲနိုင်တာလား။


ကုတ်အင်္ကျီအဖြူအဖြစ်သို့ ပြောင်းလဲသွားသော ယွဲ့ရှင်းဝမ်မှာ အံ့အားသင့်သွားသည်။ စာကြည့်တိုက်ကျူတာက “ဒီမှာ သင်တန်းကျရှုံးရင် လက်တွေ့ဘဝမှာလည်း အပြီးတိုင်ဖျက်ဆီးခံရမယ်”လို့ ပြောခဲ့တာဟာ နောက်တာတော့ မဟုတ်ပေ။ ‘လက်တွေ့ဘဝရှင်သန်ခြင်းဂိမ်း’ထဲသို့ ဆွဲသွင်းခံရလောက်သည်အထိ သူကံမကောင်းခဲ့ပေ။


အချိန်ရေတွက်ခြင်း [30 : 00] က လေးထောင့်ဘောင်ထဲတွင် ပေါ်လာပြီး ယွဲ့ရှင်းဝမ်သည် သူ့လက်သီးကို တင်းတင်းဆုပ်ကာ ရှေ့သို့ လျင်မြန်စွာ လျှောက်သွားသည်။


သူ့ခေါင်းပေါ်ရှိ အလင်းရောင်သည် ပျက်စီးသွားပုံရပြီး 'ကျိကျိ' အသံထွက်နေကာ စမ်းသပ်ခန်းတစ်ခုလုံး၏ လေထုကို အထူးအဆန်းဖြစ်စေသည်။ စားပွဲနှစ်လုံး၊ ထိုင်ခုံများရှိသလို ကွန်ပျူတာနှစ်လုံးလည်း ပါရှိတာကြောင့် ဆရာဝန်ရုံးခန်းဖြစ်နိုင်သည်။ 


ကွန်ပျူတာက ပိတ်ထားပြီး ယွဲ့ရှင်းဝမ်သည် ၎င်းကိုဖွင့်ရန် ကြိုးစားခဲ့သည်—ကွန်ပျူတာ နှစ်ခုလုံးတွင် စကားဝှက်များ တပ်ဆင်ထားသောကြောင့် desktop ထဲသို့ သူမဝင်ရောက်နိုင်ပေ။ အကယ်၍ သူသည် ကွန်ပျူတာကျောင်းသားဖြစ်ခဲ့ပါက စနစ်ကို အတင်းအကျပ် ဖျက်ဆီးနိုင်သော်လည်း သူသည် တရုတ်ဘာသာစကားကျောင်းသားဖြစ်ပြီး ကွန်ပျူတာစနစ်များကို နားမလည်သောကြောင့် အချိန်ဖြုန်းမည်မဟုတ်ပေ။


ယွဲ့ရှင်းဝမ်သည် လှည့်၍ အခြားသဲလွန်စများကို ရှာဖွေသည်။


သူသည် စားပွဲအံဆွဲကိုဖွင့်၍ နားမလည်နိုင်သော စမ်းသပ်ဒေတာမှတ်တမ်းများစွာကို တွေ့လိုက်ရသည်။ ယွဲ့ရှင်းဝမ်သည် အံဆွဲကိုပိတ်ပြီး ဆက်လက်ရှာဖွေနေခဲ့သည်။ ထိုင်ချလိုက်ပြီး စားပွဲအောက်ကို သေချာကြည့်လိုက်တော့ ထိုင်ခုံထောင့်မှာ ပိတ်ဆို့နေသည့် မှတ်စုစာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။ ယွဲ့ရှင်းဝမ်သည် လက်နှစ်ဖက်ကိုဆန့်ကာ မှတ်စုစာအုပ်ကို ဆွဲထုတ်ရန် ကြိုးစားသည်။ “စမ်းသပ်ခန်းမှတ်တမ်းစာအုပ်”ဖြစ်သည်။


“ဇူလိုင် 10၊ နေ့သာတယ်။


ဒီနေ့ ငါ့ရဲ့စီနီယာအစ်ကိုနဲ့ အစ်မနဲ့အတူ စမ်းသပ်ခန်းအသစ်ကို ရောက်လာခဲ့တယ်။ စမ်းသပ်မှုက သုံးလကြာမှာဖြစ်ပြီး ပြီးသွားရင် ငါတို့တွေ စာတမ်းရေးလို့ရပြီ။ ဒီသုတေသနအကြောင်းအရာက အရမ်းအရေးကြီးတယ်။ ငါတို့က SCI ဆောင်းပါးအများကြီးကို ထုတ်ဝေနိုင်တယ်။ ငါတို့ရဲ့ ကျူတာဆရာက သုတေသနရန်ပုံငွေ ယွမ် 200,000 ကို လျှောက်ထားဖို့ ကူညီပေးခဲ့တယ်။ ဒါက အရမ်းကောင်းတယ်။”


“ဇူလိုင် 15၊ တိမ်ထူတယ်။


စီနီယာအစ်ကိုက စမ်းသပ်တိရစ္ဆာန်အသစ်တစ်သုတ်ကို ဝယ်လိုက်တယ်။ ယုန်လေးတွေက အရမ်းချစ်စရာကောင်းတယ်။”


“သြဂုတ် 27၊ မိုးရွာတယ်။


စမ်းသပ်မှုရဲ့ ပထမအဆင့်ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး တိရစ္ဆာန်တွေကို နေ့စဉ် ကြည့်ရှုခဲ့တယ်။ ဆေးအသစ်ထိုးပြီးပြီ။ ဘယ်လိုတုံ့ပြန်မှုဖြစ်လာမလဲဆိုတာ မသိရသေးဘူး။”


“စက်တင်ဘာ 1၊ မိုးသည်းစွာရွာတယ်။


တစ်ခုခုတော့ မှားနေပြီ။ ငါ နည်းနည်းတော့ ကြောက်သွားတယ်။ မနက်လင်းတော့ စမ်းသပ်ခန်းကို သွားကြည့်တာ တိရစ္ဆာန် တော်တော်များများ သေနေတာကို တွေ့လိုက်ရတယ်။ စီနီယာအစ်ကိုနဲ့အစ်မက တိရစ္ဆာန်အသေတွေကို အတူတကွ ဖြေရှင်းခဲ့ပြီး တိရစ္ဆာန်တွေမှာ မတူညီတဲ့ ခန္ဓာကိုယ်ရှိတယ်၊ တချို့တိရစ္ဆာန်တွေက ဆေးအသစ်ကို မခံနိုင်ဘူးလို့ ပြောကြတယ်။ ဒီတော့ ငါစိတ်ပူစရာမလိုတော့ဘူး။ သေဆုံးမှုနှုန်းက လောလောဆယ်မှာ 5% ထက်နည်းပြီး ငါတို့ဆက်လေ့လာနိုင်တယ်။”


နောက်တစ်ရွက် လှန်ကြည့်လိုက်တော့ မှတ်တမ်းစာအုပ်ထဲမှာ သွေးစွန်းကွက်တွေ အများကြီးရှိနေတာကို တွေ့လိုက်ရသည်။


မှတ်တမ်းရေးသည့်သူက သိသိသာသာ တုန်လှုပ်နေပြီး လက်ရေးက အလွန်ပရမ်းပတာဖြစ်လာသည်။ အကြောင်းအရာအများစုက သွေးများနဲ့ ပေကျံနေပြီး ဖတ်လို့ရသည့် စကားလုံးတချို့က ယောင်ဝါးဝါး ဖြစ်နေသည်။

“စီနီယာအစ်ကို၊ သူက… ရူးသွားပြီ… နေရာတိုင်းမှာ သွေးတွေချည်းပဲ… ငါ ဒီနေရာက ထွက်သွားချင်တယ်——”


“တယ်”ဟူသော စကားလုံး၏ နောက်တွင် စာရွက်ပေါ်၌ စုတ်ပြဲနေသော အစင်းကြောင်း အရှည်ကြီးတစ်ခု ရှိနေသည်။


ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ကာ မှတ်တမ်းစာအုပ်ကို စားပွဲပေါ် ပြန်တင်လိုက်သည်။


မှတ်တမ်းစာအုပ်ထဲတွင် သဲလွန်စအနည်းငယ်သာရှိသော်လည်း စမ်းသပ်ခန်းတွင် တိရစ္ဆာန်အမြောက်အမြားရှိပြီး ဆေးပညာဌာနမှ ဘွဲ့ရကျောင်းသား သုံးဦးထက်မနည်းရှိကြောင်း ခန့်မှန်းနိုင်သည်။ စမ်းသပ်ခန်းထဲရှိ တိရစ္ဆာန်များပြောင်းလဲမှုက လူသားများအပေါ် သက်ရောက်သည်ဟု ယူဆပါက လွတ်မြောက်ခြင်းလုပ်ငန်းစဉ်တွင် သူသည် ပြောင်းလဲနေသာ လူသုံးဦးနှင့် ရင်ဆိုင်ရဖွယ်ရှိနိုင်သည်။


ယွဲ့ရှင်းဝမ်သည် စားပွဲခုံကို လှမ်းကြည့်လိုက်တော့ ဘာမှထပ်မတွေ့ရပေ။ သူရှေ့ဆက်သွားရမည်။


သူ့ရှေ့မှာ သတ္တုတံခါးတစ်ခုရှိသည်။ ယွဲ့ရှင်းဝမ်သည် သတိထားပြီး ခေတ်သစ် idiom အဘိဓာန်စာအုပ်ကို ဆုပ်ကိုင်ကာ တံခါးကို တွန်းဖွင့်လိုက်သည်။


သူ့နားထဲတွင် "ကျွီ"အသံများ ဆက်တိုက်ထွက်လာပြီး စူးရှသောအသံက သူ့ဦးရေပြားကို ပေါက်ကွဲလုမတတ် ဖြစ်သွားစေသည်။


ယွဲ့ရှင်းဝမ်သည် စမ်းသပ်ခန်း၏ တစ်ဖက်တစ်ချက်စီတွင် သံလှောင်အိမ်များ ရှိနေတာကို တွေ့လိုက်ရပြီး လှောင်အိမ်တစ်ခုစီတွင် စမ်းသပ်မှုအတွက် ဝဖြိုးသောကြွက်တစ်ကောင်ရှိသည်။ ဤကြွက်များသည် လှောင်အိမ်ထဲမှာ မငြိမ်မသက် ပြေးနေကြသည်။ လှောင်အိမ်ထဲတွင် အစာကျွေးထားသည့် ပန်းကန်ထဲ၌ ဘာမှမရှိတော့ဘဲ သူတို့အားလုံးသည် အပြင်ထွက်ရန် ရုန်းကန်နေသော်လည်း လှောင်အိမ်၏ ချုပ်နှောင်မှုကြောင့် မလွတ်မြောက်နိုင်ပေ။ 


သံလှောင်အိမ် အများအပြားတွင် ခြစ်ရာများဖြင့် သွေးစွန်းထင်းနေကာ သံလှောင်အိမ်များထဲရှိ ကြွက်များက သံလှောင်အိမ်ကို အရူးအမူး ဝင်တိုက်မိသဖြင့် ကျန်ရစ်ခဲ့တာဖြစ်နိုင်သည်။ စမ်းသပ်ခန်းတစ်ခုလုံးတွင် ကြွက်အကောင်ရေ ရာနှင့်ချီရှိနေသည်။ ယွဲ့ရှင်းဝမ်သည် မျက်မှောင်ကြုတ်ကာ လှောင်အိမ်အလယ်ရှိ စင်္ကြံလမ်းမှ ရှေ့သို့ လျှောက်သွားသည်။ 


ဆေးပညာဌာန၏ သင်တန်းက အလွန်သာမန်မဟုတ်ချေ။


ကြွက်ကဲ့သို့သော စမ်းသပ်မှုများသည် ဆေးကျောင်းသားများအတွက် အသုံးများသော တိရစ္ဆာန်ဖြစ်ပြီး သူတို့တွေက ကျင့်သားရနိုင်သည်။ သို့သော်လည်း အခြားသောဘာသာရပ်များ၏ ကျောင်းသားများသည် အမြင်အာရုံနှင့် အကြားအာရုံ၏ နှစ်ဆထိတ်လန့်မှုကို လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ရန် ခက်ခဲသည်။ ကြွက်ကြောက်သူများသာ ဤစမ်းသပ်ခန်းထဲကို ဝင်သွားသည့်အခါ ခြေထောက်များ ပျော့ခွေသွားတာမျိုး ဖြစ်သွားနိုင်သည်။


ကံကောင်းထောက်မစွာ လှောင်အိမ်များအားလုံးကို ပိတ်ထားသည်။ ကြွက်များ ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ လှောင်အိမ်ထဲမှာပဲ ပြေးကာ အော်နေကြသည်။


ဤသံလှောင်အိမ်များ အကုန်ပွင့်ပြီး ကြွက်တွေ ဝိုင်းအုံထွက်လာလျှင် ဘယ်လို မြင်ကွင်းမျိုး ဖြစ်လာမလဲဆိုတာ သူ တွေးကြည့်၍ မရပေ။


[အချိန်ရေတွက်ခြင်း 28 မိနစ် 30 စက္ကန့်]


ယွဲ့ရှင်းဝမ်သည် သူ့ခေါင်းထက်မှ အချိန်ကို မော့ကြည့်လိုက်ပြီး နောက်တံခါးကိုဖွင့်ရန် ဓာတ်ခွဲခန်း၏အဆုံးသို့ အမြန်လျှောက်သွားသည်။


ပြင်းထန်သော အနံ့အသက်သည် လှိုင်းလုံးကြီးတစ်ခုလို ထွက်လာပြီး သူ့မျက်လုံးရှေ့၌ ဖမ်းမိသော ပုံရိပ်က နှလုံးရပ်လုမတတ် ဖြစ်သွားစေသည်။


လခွမ်း… ပြောနေရင်းနဲ့ မကောင်းဆိုးရွားက တကယ်လာနေပြီ… ဒီစမ်းသပ်ခန်းထဲက သံလှောင်အိမ်တွေ အကုန်ပွင့်ထားပြီ…


စမ်းသပ်ခန်းတစ်ခုလုံး ယုန်သေကောင်များနဲ့ ပြည့်နေသည်။ သေဆုံးသွားသော ယုန်များသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး အများစုမှာ ဝမ်းဗိုက်များပွင့်ထွက်နေကာ အဖြူရောင်ယုန်အမွေးများက သွေးများဖြင့် ဖုံးလွှမ်းနေသည်။ မသေသေးသည့်ယုန် ဒါဇင်ပေါင်းများစွာတွင် သူတို့၏မျက်လုံးများက သွေးလိုနီရဲနေပြီး သူတို့၏အသေကောင်များကို အရူးအမူးကိုက်စားနေကြသည်။ 


သံလှောင်အိမ်၏ တံခါးများ အားလုံးပွင့်သွားပြီး အပေါင်းအပါများ၏ အလောင်းများကို ဆွဲကာ လှည့်ပတ်ပြေးနေကြသည်။ စမ်းသပ်ခန်းတစ်ခုလုံး ရှုပ်ပွသွားကာ အလယ်လမ်းများတွင် အသေကောင်များ၊ ယုန်အမွေးများနှင့် သွေးများဖြင့် ပြည့်နေသည်။ 


ယွဲ့ရှင်းဝမ် တံခါးကိုဖွင့်လိုက်သည့်အခိုက်တွင် သက်ရှိယုန်များသည် အနံ့တစ်ခုခုရသွားပြီး နားရွက်ကိုထောင်ကာ ခေါင်းကိုလှည့်ပြီး သူ့ကို ဝိုင်းကြည့်နေကြသည်။ 


မရေမတွက်နိုင်သော သွေးရောင်ယုန်မျက်လုံးများကို ရင်ဆိုင်နေရသော ယွဲ့ရှင်းဝမ်သည် တစ်ခုခုမှားနေပြီမှန်း သိသွားပြီး မီတာ 100 အပြေးအမြန်နှုန်းဖြင့် စမ်းသပ်ခန်း၏အဆုံးသို့ အမြန်ပြေးသွားခဲ့သည်။


ကြမ်းပြင်တွင် သွေးများပေကျံနေသော်လည်း သူဂရုမစိုက်နိုင်ပေ။ ဤထူးဆန်းသောစမ်းသပ်ခန်းက အလွန်မှားယွင်းနေပါသည်။ တိရစ္ဆာန်များက ရူးသွပ်နေကြသည်။ တိရစ္ဆာန်များ ကိုက်တာခံရလျှင် သူလည်း ဒီထူးဆန်းသော ရောဂါကို ကူးသွားနိုင်သည်။


ယွဲ့ရှင်းဝမ်က အလွန်လျင်မြန်စွာ ပြေးလာသည်။ ယုန်လေးတွေက သူတုံ့ပြန်လိုက်တာနဲ့ ချက်ချင်းဆိုသလို သူ့ကို အုပ်စုလိုက် လိုက်ကြသည်။


စမ်းသပ်ခန်းမှထွက်လာသော အနံ့အသက်သည် ယွဲ့ရှင်းဝမ်၏ဗိုက်ထဲတွင် မသက်မသာဖြစ်သွားစေသည်။ သူသည် အော့အန်ချင်စိတ်ကို တွန်းလှန်ပြီး ရှေ့သို့ အမြန်ပြေးသွားခဲ့သည်။


သူသာ ခြေလှမ်းတစ်လှမ်းလောက် နှေးကွေးသွားပါက သူတို့သည် သူ့ကို ဝန်းရံပြီး ကိုက်ဖြတ်မည့်ပုံစံမျိုးဖြင့် ယုန်အုပ်စုက အော်ဟစ်နေကာ သူ့ဦးရေပြားကို ထုံကျင်သွားစေသည်။ သူသည် ဝိဇ္ဇာဘာသာရပ် ကျောင်းသားတစ်ဦးဖြစ်ပြီး ယုန်များစွာကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ သူ့အမြင်၌ မုန်လာဥနီကို စားသုံးရင်း နူးညံ့သည့် ချစ်စရာအဖြူရောင်ဖြူလေးတွေက သူ့နောက်ကို လိုက်နေသည့် ယုန်အရူးအုပ်စု ဖြစ်သွားကာ ဇာတ်တူသားများကိုလည်း ကိုက်စားနေကြသည်။


ဤအတွေ့အကြုံဖြင့် သူသည် "ယုန်" တိရစ္ဆာန်အပေါ် စိတ်ဒဏ်ရာ အရိပ်အယောင်ရှိသွားနိုင်သည်...


ယွဲ့ရှင်းဝမ်က အရပ်ရှည်ပြီး ခြေတံရှည်သောကြောင့် ခြေတံတိုရှိသော ယုန်များထက် ပိုမြန်စွာ ပြေးနိုင်သည်။


စက္ကန့် 30 မပြည့်ခင်မှာပဲ စမ်းသပ်ခန်း၏အဆုံးကို ပြေးသွားပြီး ရှေ့က သတ္တုတံခါးကို တွန်းဖွင့်လိုက်သည်။ တံခါးထဲဝင်သွားပြီးနောက် သူသည် တံခါးကို နောက်ပြန်ဆွဲကာ ချက်ချင်းပိတ်လိုက်ပြီး သူ့ကို လိုက်နေသည့် ယုန်အရူးများသည် တံခါးဖြင့် ရိုက်မိကာ တံခါးနောက်တွင် ကျန်နေခဲ့သည်။ 


တံခါးကို ချွန်ထက်သော လက်သည်းများဖြင့် ကုတ်နေသည့် ယုန်များ၏ အသံကို သူ့နားထဲတွင် ကြားနေရသည်။


ယွဲ့ရှင်းဝမ်သည် သတ္တုတံခါးကို မှီ၍ အသက်ပြင်းပြင်းရှူလိုက်သည်။


သူ ရှေ့ကို လှမ်းကြည့်လိုက်တော့ သူဝင်လာသည့် အခန်းက ကိရိယာပစ္စည်းများစမ်းသပ်ခန်းဖြစ်တာကို တွေ့လိုက်သည်။ စားပွဲပေါ်တင်ထားသော သတ္တုကိရိယာများသည် အလင်းရောင်အောက်တွင် အေးစက်သော အလင်းရောင်ကို ဖြာထွက်စေသည်။ ဆေးပညာဌာန၏ ဤကိရိယာများကို သူမသိပေမဲ့ စားပွဲပေါ်တွင် ယုန်တစ်ကောင်၏အလောင်းနှင့် သွေးစွန်းနေသော ခွဲစိတ်ဓားများ၊ ဇာဂနာများ၊ ကတ်ကြေးများနှင့် အခြားခွဲစိတ်ကိရိယာများကို ရှင်းရှင်းလင်းလင်း မြင်ရသည်။


ယွဲ့ရှင်းဝမ်သည် သင်တန်းတောင်းဆိုချက်တွင် ‘အပိုမေးခွန်း’ကို သတိရပြီး တိရစ္ဆာန်များပြောင်းလဲခြင်းကို ဖြစ်စေသည့် ဆေးကို ရှာဖွေရန်ဖြစ်သည်။


တိရစ္ဆာန်များ ထားရှိရာ နေရာတွင် ဆေးများကို သုတေတီများက ထားရှိရန် မဖြစ်နိုင်ကြောင်း၊ စမ်းသပ်ခန်းဆေးဝါးများနှင့် တိရစ္ဆာန်များကို သီးခြားထားရှိရမည်ဖြစ်ပြီး၊ ထို့ကြောင့် အဖြေမှာ ကိရိယာများ ပြည့်နက်နေသော ဤအခန်းတွင် ဆေးရှိနေသည်။


ယွဲ့ရှင်းဝမ်သည် အသက်ပြင်းပြင်းရှူပြီး ကိရိယာများ၏ အလယ်ဗဟိုကို လျင်မြန်စွာ လျှောက်သွားသည်။


ထောင့်၌ ဆေးများကို သိမ်းဆည်းထားသည့် ရေခဲသေတ္တာကို အမြန်ရှာတွေ့ပြီး တံခါးကိုဖွင့်လိုက်ကာ သူ့မျက်နှာကို မှုတ်ထုတ်လိုက်သော လေအေးက ယွဲ့ရှင်းဝမ်ကို နှာချေသွားစေသည်။ သူ အသက်ရှူကြပ်သွားပြီး ရေခဲသေတ္တာထဲက ဆေးများကို သေသေချာချာ ကြည့်လိုက်သည်။


ဒီမှာ ဆေးတွေအများကြီးရှိနေသည်။ စမ်းသပ်ပြွန်တစ်ခုစီတွင် အကြည်ရောင် အရည်များနှင့် အနီရောင်၊ အပြာရောင် ဓာတုပစ္စည်းတွေ အမျိုးမျိုးရှိသည်။ ဆေးဝါးများ၏အမည်များကို ‘tumor target cell drug’၊ ‘immunity inhibitor’၊ ‘Cephalosporin antibiotic’ စသဖြင့် မှတ်သားထားသည်။


ဘယ်ဆေးက တိရစ္ဆာန်များကို ပြောင်းလဲစေသည့် ဆေးဖြစ်သနည်း။ ဤအပိုမေးခွန်းသည် ဝိဇ္ဇာဘာသာရပ် ကျောင်းသားများအား ဆေးရှာရန် တမင်တကာမေးထားခြင်းမှာ ခက်ခဲသည်မဟုတ်ပါလား။


အချိန်မှာ 25 မိနစ်သာ ကျန်တော့သည့်အတွက် ယွဲ့ရှင်းဝမ်သည် အနီးကပ်ကြည့်ရှုရန် ဆုံးဖြတ်ခဲ့သည်။


ရေခဲသေတ္တာ၏ အပေါ်ထပ်ရှိ ဆေးသည် အဖြေမှန်ပုံမပေါ်ဟု သူအမြဲတမ်း ခံစားမိသည်။ အောက်ဆုံးတန်းကို ငုံ့ကြည့်ပြီးနောက် စူးရှသောမျက်လုံးများက အောက်ခြေအလွှာတွင် အကြည်ရောင် ဖန်ပြွန်တစ်ခုရှိပြီး ၎င်းတွင် “New EBEoV-II Anti-Virus”ဟု ထူးခြားသောစာတန်းပါသည့် အညွှန်းတစ်ခုပါရှိတာကို တွေ့ရှိခဲ့သည်။


နာမည်က ကွဲပြားပြီး အင်္ဂလိပ်လို အတိုကောက် စာလုံးအကြီးဖြင့် ရေးသားထားသည်။ 


ဒီဗိုင်းရပ်စ်က ဘယ်လိုဗိုင်းရပ်စ်မျိုးလဲဆိုတာ သူနားမလည်နိုင်ပေမဲ့ မသိစိတ်က ဒီဆေးမှာ တစ်ခုခုမှားနေတယ်လို့ အမြဲလိုလို ခံစားရသည်။ 


သူ၏အပေါ်ယံနားလည်မှုအရ လက်တွေ့စမ်းသပ်မှုများသည် များသောအားဖြင့် တိရစ္ဆာန်များအပေါ် ဆေးဝါးအမျိုးမျိုးကို ဦးစွာစမ်းသပ်ခြင်းဖြစ်ပြီး တိရစ္ဆာန်များကို ပျောက်ကင်းအောင်ကုသနိုင်ပြီး ဘေးထွက်ဆိုးကျိုးမရှိကြောင်း အတည်ပြုပြီးနောက် volunteer လူသားများကို စမ်းသပ်ရန် ဆေးဝါးများကို တွေ့ရှိမည်ဖြစ်သည်။


ဤထူးဆန်းသောစမ်းသပ်ခန်းတွင် ကြွက်များနှင့် ယုန်များအားလုံးက စိတ်တိုပြီး မငြိမ်မသက်ဖြစ်နေကြသည်။ သုတေသီများသည် သူတို့အား ရောဂါတစ်မျိုးမျိုးဖြစ်စေရန် တစ်ခုခုကို ထိုးသွင်းပြီးနောက် သက်ဆိုင်ရာ အထူးဆေးဖြင့် ထိုးပေးရမည်ဖြစ်သည်။ ရလဒ်အနေဖြင့် အထူးဆေးသည် ဘေးထွက်ဆိုးကျိုးများ ရှိခဲ့ကာ တိရစ္ဆာန်များကို ပြောင်းလဲသွားစေသည်။ 


“ဆေးအသစ်” ဟူသော စကားလုံးကိုလည်း ယခု အဘိဓာန်တွင် ဖော်ပြခဲ့သည်။


New EBEoV-II Aniti-Virus က အဖြေမှန်ဖြစ်သည်။


ယွဲ့ရှင်းဝမ်သည် တွန့်ဆုတ်မနေတော့ဘဲ ဆေးကိုယူကာ သူ့အိတ်ကပ်ထဲထည့်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ဒီအရာက အပိုမေးခွန်းတစ်ခုဖြစ်ပြီး အမှားလုပ်မိတာက ဆိုးရွားသွားမည်မဟုတ်ပေ။


သူက ရေခဲသေတ္တာကိုပိတ်ပြီး လှည့်ထွက်လာခဲ့သည်။


ကိရိယာအခန်း၏ အဆုံးမှာ တံခါးတစ်ခုရှိသည်။ တံခါးဘေးတွင် exclamation mark ပါသော အမှိုက်ပုံးရှိပြီး ၎င်းပေါ်တွင် “ညစ်ညမ်းသောအမှိုက်ပုံး” ဟူသော စာလုံးပါရှိသည်။ တံမြက်စည်း၊ ကြမ်းတိုက်၊ ပုံးများကဲ့သို့သော သန့်ရှင်းရေးကိရိယာများလည်း ရှိပါသည်။


အမှိုက်ပုံးထဲမှာ ရွံစရာကောင်းသော တိရစ္ဆာန်ရုပ်အလောင်းတွေ အများကြီးရှိသည်။ ယွဲ့ရှင်းဝမ်သည် အဝေးကိုကြည့်ကာ ညာဘက်လက်ဖြင့် တံမြက်စည်းကို ကိုင်လိုက်သည်။


ကြွက်များနှင့် ယုန်များ၏အခန်းကို ဖြတ်ကျော်ပြီး ဤကိရိယာများအခန်းကိုတွေ့တာနဲ့ အပိုမေးခွန်းအတွက် ဆေးကိုရှာတွေ့ပြီးနောက်မှာ သင်တန်းစာမေးပွဲက ပြီးဆုံးတော့မည်ဟု လူအများက ထင်နေကြလိမ့်မည်။ ထို့အပြင် အပိုမေးခွန်းက စာမေးပွဲတွင် နောက်ဆုံးပြုလုပ်ရန် မေးခွန်းဖြစ်သည်။

 

သို့သော် အချိန်မှာ မိနစ် 20 ကျန်နေသေးပြီး အရာအားလုံးက ဒီလောက်မရိုးရှင်းဘူးဟု ယွဲ့ရှင်းဝမ်အမြဲခံစားရသည်။


တံမြက်စည်းကိုကိုင်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။


ထို့နောက်တွင်တော့ သူ့နောက်ကျောက ကြက်သီးမွေးညင်းထတာကို ခံစားလိုက်ရသည်။


တတိယစမ်းသပ်ခန်းက ပထမနှစ်ခုထက်တောင် ပိုကြောက်စရာကောင်းသည်။


မျက်လုံးနီရဲပြီး အော်ဟစ်နေကာ သွေးများလွှမ်းနေသော အရူးမျောက်များရှိနေသည်။


အချင်းချင်း ကိုက်ကြ၊ ပြေးလွှားနေကြပြီး ကျယ်လောင်သော အသံများဖြင့် ဆူညံနေပါသည်။


စမ်းသပ်ခန်းထဲမှာ သူတို့ခုန်စရာနေရာမရှိတာကြောင့် သံလှောင်အိမ်တစ်လျှောက် တွားသွားနေကြသည်။ မျောက်များ၏ သစ်ပင်တက်ခြင်းစွမ်းရည်က အလွန်ကောင်းနေပြီဖြစ်သည်။ ရူးသွပ်သွားပြီးနောက် သူတို့အားလုံးသည် နံရံများပေါ်တွင် ပျံဝဲနေသော ပင့်ကူလူသားများ ဖြစ်လာကြပြီး နံရံလေးခုစလုံးကို ဖုံးအုပ်ထားသည်။ ယွဲ့ရှင်းဝမ်သည် တံခါးဝသို့ ဝင်လာစဉ် မျောက်တစ်ကောင်က မျက်နှာကျက်ပေါ်သို့ တက်နေဆဲဖြစ်ပြီး သူသည် မျက်နှာကျက်ပေါ်ရှိ မီးပန်းကို ရုတ်တရက် ခြေထောက်ဖြင့် ချိတ်ဆွဲကာ ချွန်ထက်သော လက်သည်းများကို ဆန့်ထုတ်ပြီး ယွဲ့ရှင်းဝမ်ဆီသို့ လှမ်းလိုက်သည်။ 


ချွန်ထက်သော လက်သည်းများဖြင့် အနီရောင်လက်ဖဝါးက သူ့မျက်နှာကို ကုတ်လာသည်။ ယွဲ့ရှင်းဝမ်၏နောက်ကျောက ချက်ချင်းပင် တောင့်တင်းသွားပြီး မသိစိတ်က တံမြက်စည်းကို ကောက်ကိုင်ကာ သူ့ခေါင်းထက်က အရူးမျောက်ဆီသို့ လှမ်းထိုးလိုက်သည်။ မျောက်က သူ့အား အော်ဟစ်ကာ လက်သည်းများကို ရုတ်သိမ်းပြီး နီရဲသော မျက်လုံးများဖြင့် သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။


ယွဲ့ရှင်းဝမ်သည် ဒေါသအလွန်ထွက်ပြီး ဆဲချင်လာသည်။


အပိုမေးခွန်းရဲ့ နောက်မှာ မေးခွန်းကြီးတစ်ခုရှိနေတယ်… ဒီမေးခွန်းစာရွက်က ဘယ်အရူးဆီကနေ လာတာလဲ…


#TK