Chapter 5
Viewers 4k

Volume 1 : ဆေးပညာဌာန


Chapter 5 (အမှတ်စာရင်း)


ယွဲ့ရှင်းဝမ်သည် လင့်ကို နှိပ်လိုက်သည်နှင့် အနီရောင် စာလုံးအတန်းများက လျင်မြန်စွာ ‌တက်လာသည်——


ဟွာအန်းတက္ကသိုလ်၏ “စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်း” အဆင့်သတ်မှတ်ချက်


အမည် —— လိင် —— ဌာန —— စာမေးပွဲရမှတ်


လျှိုကျောက်ချင်း၊ ကျား၊ ဆေးပညာဌာန၊ 119 မှတ်


သွမ့်မန်၊ မ၊ ဆေးပညာဌာန၊ 118 မှတ်


ကျန်းရှန်းမင်၊ ကျား၊ ဆေးပညာဌာန၊ 117 မှတ်


ကျိုဖုန်း၊ ကျား၊ သိပ္ပံနှင့် နည်းပညာဌာန၊ 117 မှတ်


ရွှီယိရှန်း၊ ကျား၊ ဇီဝသိပ္ပံဌာန၊ 116 မှတ်


ယွိရှင်းယွီ၊ မ၊ ဆေးပညာဌာန၊ 116 မှတ်


ကျန်းဖျင်စစ်၊ ကျား၊ သင်္ချာဌာန၊ 115 မှတ်


ယွဲ့ရှင်းဝမ်၊ ကျား၊ လူမှုဘာသာရပ်များဌာန၊ 115 မှတ်


လင်းမန့်လော်၊ မ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ 114 မှတ်


ခယ်ရှောင်ပင်း၊ ကျား၊ ကွန်ပျူတာသိပ္ပံဌာန၊ 113 မှတ်


ချန်မုယွင်၊ မ၊ နိုင်ငံရေးသိပ္ပံနှင့် ဥပဒေဌာန၊ 110 မှတ်


ရှင်းယန်၊ ကျား၊ ဓာတုဗေဒဌာန၊ 110 မှတ်


ယွဲ့ရှင်းဝမ်: "…"


ပထမစာကြောင်းတွင် “ဟွာအန်းတက္ကသိုလ်၏ အဆင့်သတ်မှတ်ချက်”ကို ရေးထားပြီး ဤအမှတ်စာရင်းကို ဖတ်ပြီး သူ၏တက္ကသိုလ်သူငယ်ချင်းများဖြင့် ပြည့်နေကြောင်း ညွှန်ပြနေသည်။ ‌ထိုအထဲမှာ စီနီယာအစ်ကိုကျိုဖုန်းနဲ့ စီနီယာအစ်မလင်းမန့်လော်တို့ကို သူသိသည်။ သူ့ရမှတ် 115 မှတ်နှင့် တူညီနေသည့် ကျန်းဖျင်စစ်လည်း ရှိသည်။ 


ဤအကျွမ်းတဝင်အမည်များက ယွဲ့ရှင်းဝမ်ကို မျက်မှောင်ကြုတ်သွားစေသည်။ စာကြည့်တိုက်စနစ်သည် မကြာသေးမီက ကျောင်းသားအများအပြားကို လွတ်မြောက်ခြင်းဂိမ်းထဲသို့ ဆွဲသွင်းခဲ့ပုံရသော်လည်း ကျောင်းတွင် ယင်းနှင့်ပတ်သက်သည့် ကောလာဟလများ အဘယ်ကြောင့်မရှိရသနည်း။ တစ်ချိန်တည်းမှာ လူတွေအများကြီး ပျောက်ဆုံးနေသည့်အတွက် ကျောင်းက သည်အရာကို ဘယ်လိုကြောင့် လျစ်လျူရှုထားရသနည်း။ ဤအကြောင်းကို ကျောင်းက သိထားပြီးသားလား။ ဒါမှမဟုတ် ကျောင်းခေါင်းဆောင်များက ဒီလို သဘာဝလွန်ဖြစ်ရပ်မျိုးကို မကိုင်တွယ်နိုင်ဘူးလား။


ယွဲ့ရှင်းဝမ် အံ့ဩသွားသည်။


သူသည် သူ၏သံသယများကို ဖယ်ရှားကာ အမှတ်စာရင်းတွင် ထပ်မံကြည့်လိုက်သည်။


လက်ရှိစာရင်းတွင် ထိပ်ဆုံး 12 ဦးအတွက် အနိမ့်ဆုံးရမှတ်မှာ 110 မှတ်ဖြစ်သည်။ အပိုမေးခွန်းမှလွဲ၍ အကဲဖြတ်ရမှတ်က 90 မှတ်အထက်ဖြစ်ရမည်။ စာမေးပွဲတွင် အမှတ် 90 ရရှိခြင်းသည် အဆင့်စာရင်းသို့ ဝင်ရောက်ခြင်းအတွက် ဖြတ်တောက်ရမည့်အချက်ဖြစ်ပုံရသည်။ အနာဂတ်တွင် ရမှတ် 90 ထက်ပိုသော လူသစ်များသည်လည်း ဤစာရင်းတွင် ပါဝင်နိုင်ပါသည်။


ပထမနေရာရှိ ဆေးပညာဌာနမှ လျှိုကျောက်ချင်းသည် အပိုမေးခွန်းအတွက် အမှတ် 20 မပါဘဲ သင်တန်းရမှတ်တွင် အမှန်တကယ် 99 မှတ်အထိရရှိခဲ့ပြီး ဒီအရာက အလွန်မိုက်ပါသည်။


ဆေးကျောင်းသားများအတွက် "အိမ်ကွင်း"ဖြစ်တာကြောင့် မြင့်မားသောရမှတ်များရရှိခြင်းက ပုံမှန်ဖြစ်သည်။ ထို့အပြင် သူတို့သည် ကြွက်များနှင့် ယုန်များကို ထိတွေ့ခဲ့ရပြီး ယင်းတိရစ္ဆာန်များကို စိတ်ပိုင်းဆိုင်ရာအရ ကြောက်လန့်မည်မဟုတ်ပေ။ စမ်းသပ်မှုမှတ်တမ်းများကို ဖတ်ရှုနိုင်ပြီး မှန်ကန်သောဆေးအကြောင်းကို ချက်ချင်းယူနိုင်ကာ အပိုမေးခွန်းက အချိန်များစွာကို သက်သာစေနိုင်သည်။


ထိပ်ဆုံး 12 ဦးမှာ လေးဦးက ဆေးကျောင်းသားများဖြစ်သည်။


ယွဲ့ရှင်းဝမ်ကို အံ့အားသင့်စေခဲ့တာက ထိပ်ဆုံးအဆင့်ထဲသို့ဝင်လာသော ကျောင်းသား 8 ဦးမှာ အခြားဌာနများမှ ဖြစ်နေခြင်းဖြစ်သည်။ သူ၏ တရုတ်ဘာသာစကားဌာနအပါအဝင် ဇီဝဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ၊ နိုင်ငံရေးသိပ္ပံနှင့် ဥပဒေနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့တောင် ပါရှိသေးသည်။ သူတို့အားလုံးသည် သူ့လိုမျိုး ပထမအဆင့် မှတ်တမ်းစာအုပ်ကို တွေ့ရှိခဲ့ပြီး စတုတ္ထအဆင့် အပိုမေးခွန်း၏ အဖြေကို ‌အောင်မြင်စွာ ယူနိုင်ခဲ့သည်။ သို့သော် သူတို့သည် စမ်းသပ်ခန်းများစွာကို ဆက်တိုက် မည်သို့ဖြတ်သန်းခဲ့ကြသနည်း။


သူတို့သည် ဝင်ခွင့်စာမေးပွဲတွင် အသုံးဝင်သောပစ္စည်းများကို ရရှိထားသောကြောင့် သူတို့ကို ပိုမိုမြန်ဆန်စွာ လွတ်မြောက်စေနိုင်မည်လား။


ယွဲ့ရှင်းဝမ်သည် ထိုအရာကို သေသေချာချာ တွေးပြီး ဤဖြစ်နိုင်ခြေက အလွန်မြင့်မားသည်ဟု ခံစားရသည်။


ရူပဗေဒဌာနမှ စီနီယာအစ်ကိုကျိုဖုန်း၊ သူသည် လျှပ်စစ်ဘုတ်ပြားကို ရရှိပြီး ယုန်များနှင့် မျောက်များကို လျှပ်စစ်ဓာတ်လိုက်စေရန် လျှပ်စစ်ကို တိုက်ရိုက်အသုံးပြုခဲ့တာလား။ ကွန်ပျူတာဌာနမှ ကျောင်းသားများသည် ပထမအခန်းက ကွန်ပျူတာကို ဖောက်ဝင်ပြီး ဖြတ်လမ်းကို ရှာတွေ့ခဲ့တာလား။ ဓာတုဗေဒဌာနမှ ကျောင်းသားများသည် တိရစ္ဆာန်များကို အရည်ပျော်စေရန် အစွမ်းထက်သောဓာတုဒြပ်ပေါင်းတချို့ကို အသုံးပြုခဲ့တာလား။


သို့သော် သင်္ချာ၊ နိုင်ငံရေးသိပ္ပံနှင့် ဥပဒေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဇီဝသိပ္ပံဌာနမှ ကျောင်းသားများသည် ဤသင်တန်းကို အမြန်ပြီးမြောက်ရန် မည်သည့် စွမ်းရည်များ သို့မဟုတ် ပစ္စည်းများကို အသုံးပြုခဲ့သလဲဆိုတာ ယွဲ့ရှင်းဝမ် မသိသေးပေ။ အဆင့်သတ်မှတ်ချက်စာရင်းတွင် ယွဲ့ရှင်းဝမ်၏အမည်ကို အခြားလူများက နားမလည်နိုင်ဖြစ်နိုင်သည်။ တရုတ်ဘာသာစကားဌာနက အဘယ်ကြောင့် ဤမျှလောက်အမှတ်ဖြင့် စာမေးပွဲအောင်သွားရသနည်း။


ဤအဆင့်သတ်မှတ်ချက်သည် ယွဲ့ရှင်းဝမ်အား လှုံ့ဆော်မှုနှင့် ယုံကြည်မှုများစွာကို ပေးသည်။


တစ်ကျောင်းတည်းသားတွေက စာကြည့်တိုက်ကိုလာပြီး မမြင်နိုင်သည့်နေရာများမှာ သူလုပ်ခဲ့သလို အလုပ်ကြိုးစားကြသည်။ သူတစ်ယောက်တည်း တိုက်ခိုက်နေတာမဟုတ်ပေ။ တစ်နေ့တွင် သူတို့သည် ဤစာကြည့်တိုက်စနစ်ကနေ ထွက်ခွာပြီး ပုံမှန်ကျောင်းသားဘဝသို့ ပြန်သွားကြမည်ဖြစ်သည်။


ယွဲ့ရှင်းဝမ်၏မျက်လုံးများက သူနှင့် အမှတ်တူထားသည့် “ကျန်းဖျင်စစ်”ဟူသော နာမည်သုံးလုံးကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်နေကာ ရင်းနှီးနေသော မျက်နှာတစ်ခုက သူ့စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။


ထိုယောင်္ကျားလေးတွင် ထူးခြားသော မျက်ခွံတစ်စုံနှင့် ကြည့်ကောင်းသော ဓားမျက်ခုံးတစ်စုံ၊ သူ၏မျက်လုံးနက်နက်များက ထူးခြားမှုရှိပြီး နှာတံစင်းစင်းဖြင့် မျက်နှာအသွင်အပြင်က စူးရှပြီး တင်းမာကာ သူသည် သူ၏မျက်နှာဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်သော ချောမောသည့်ယောင်္ကျားတစ်ယောက် ဖြစ်ပေမဲ့ ထို့အစား သင်္ချာဖြင့်သာ အသက်မွေးဝမ်းကျောင်းပြုသည်။


ကျန်းဖျင်စစ်သည် 2018 ခုနစ်တွင် ချင်းချန် အမှတ် 7 အထက်တန်းကျောင်းရှိ သိပ္ပံဘာသာရပ်တွင် နံပါတ် 1 ထိပ်တန်းကျောင်းသားဖြစ်ပြီး ယွဲ့ရှင်းဝမ်သည် ဝိဇ္ဇာဘာသာရပ်တွင် နံပါတ် 1 ထိပ်တန်းကျောင်းသားဖြစ်ကာ “အမှတ် 7 အထက်တန်းကျောင်း ထိပ်တန်းကျောင်းသားနှစ်ယောက်”ဟု သူတို့နှစ်ယောက်ကို လူသိများကြသည်။ 


အထက်တန်း ပထမနှစ်တွင် နှစ်ယောက်စလုံးက အတန်းတူသော်လည်း စကားဆယ်လုံးထက် ပိုမပြောဖူးပေ။


ကျန်းဖျင်စစ်က စကားပြောရတာ နှစ်သက်သူမဟုတ်ဘဲ သူ၏ပင်ကိုယ်စရိုက်မှာ အနည်းငယ် သီးသန့်ဆန်သည်။ သူသည် အထက်တန်းကျောင်းတွင် သုံးနှစ်ကြာအောင် တစ်ယောက်တည်းနေခဲ့ပြီး သူ့အနီးနားတွင် သူငယ်ချင်းအနည်းငယ်သာရှိသည်။ သူ့ကိုတွေ့တိုင်း ပြတင်းပေါက်မှာထိုင်ပြီး စာအုပ်တွေဖတ်ကာ သူ့ပတ်ဝန်းကျင်ကလူများကို လေကဲ့သို့ အေးဆေးတည်ငြိမ်သောအမူအရာဖြင့် စာလုပ်သည်၊ စာကျက်သည်၊ သူ့ကို ဘယ်သူမှ အနှောင့်အယှက်မပေးရဲပေ။


ယွဲ့ရှင်းဝမ်ကတော့ သူနဲ့ဆန့်ကျင်ဘက်ဖြစ်ပြီး ကျောင်းမှာ အလွန်ပွင့်လင်းသည်။ အားလပ်ချိန်မှာ အခြားသူများနဲ့ ကစားရန် အားကစားရုံသို့ သွားလေ့ရှိသည်။ အတန်းတိုင်းမှာ သူ၏သူငယ်ချင်းကောင်းတွေရှိသည်။ အတန်းဖော်တွေက သူ့ကို မေးခွန်းတွေမေးလျှင် သူအကုန်သိသည်။ အတန်းထဲမှာ သူက အလွန်နာမည်ကြီး၏။


သူတို့နှစ်ဦးသည် အစွန်းနှစ်ဖက်တွင် ရပ်နေသော အအေးနှင့် အပူစရိုက်မျိုးရှိသည်။


အထက်တန်းကျောင်း ဒုတိယနှစ်တွင် ဝိဇ္ဇာဘာသာရပ်နှင့် သိပ္ပံဘာသာရပ်ကို အတန်းခွဲလိုက်သောအခါ ယွဲ့ရှင်းဝမ်သည် စာအုပ်များနှင့် ဂန္တဝင်စာအုပ်များကို ဖတ်ရှုရတာ နှစ်သက်သောကြောင့် ဝိဇ္ဇာဘာသာရပ်အတန်းသို့ တက်ရောက်ခဲ့ပြီး ကျန်းဖျင်စစ်က သိပ္ပံအတန်းသို့ တက်ရောက်ခဲ့သည်။ ထိုအချိန်မှစ၍ သူတို့နှစ်ဦးကြား လမ်းဆုံတာ နည်းပါးလာပြီး အခြားသူများ၏ စကားများကနေတစ်ဆင့်သာ မကြာခဏ ကြားနေရသည်။


ဥပမာအားဖြင့် ယွဲ့ရှင်းဝမ်သည် နိုင်ငံတကာစာစီစာကုံးပြိုင်ပွဲတွင် အနိုင်ရခဲ့ပြီး ချင်းချန်မြို့စကားရည်လုပြိုင်ပွဲတွင် ပထမနေရာဖြင့် အနိုင်ရရန် ကျောင်းစကားရည်လုအဖွဲ့ကို ဦးဆောင်ခဲ့သည်။ အခြားဥပမာတစ်ခုအနေနှင့် ကျန်းဖျင်စစ်သည် နိုင်ငံတကာအထက်တန်းကျောင်း သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။


ကျောင်းရှိ နေရာတိုင်းတွင် သူတို့နှင့်ပတ်သက်သော သတင်းတွေရှိနေပြီး ဂျူနီယာညီလေး၊ညီမလေးများက သူတို့ကို လေးစားသောအားဖြင့် “စာနတ်ဘုရားများ”ဟု ခေါ်ကြသည်။


ဝိဇ္ဇာဘာသာရပ်အတန်းနှင့် သိပ္ပံအတန်းသည် ထိုအချိန်က တစ်ထပ်တည်းတွင်မဟုတ်သောကြောင့် သူတို့အတန်းခွဲပြီးကတည်းက နှစ်ဦးသားတွေ့ဆုံရန် အခွင့်အလမ်း အလွန်နည်းပါးခဲ့သည်။ အမျိုးမျိုးသော ကျောင်းလှုပ်ရှားမှုများတွင် တွေ့ဆုံကြသည့်အခါတိုင်း ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်ကို ယဉ်ကျေးစွာ နှုတ်ဆက်ပြီး ကျန်းဖျင်စစ်ကလည်း ‘အသိအမှတ်ပြုသည့်အနေဖြင့်’ ခေါင်းငြိမ့်ပြသည်။


ထို့ကြောင့် ယွဲ့ရှင်းဝမ်သည် သူတို့၏ ခင်မင်ရင်းနှီးမှုကို “သွားရင်းလာရင်းနှုတ်ဆက်သည့် အသိမိတ်ဆွေ”အဖြစ် သတ်မှတ်ခဲ့သည်။


တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် သူတို့နှစ်ဦးသည် ဝိဇ္ဇာဘာသာရပ်နှင့် သိပ္ပံဘာသာရပ်များတွင် ထိပ်တန်းကျောင်းသားများ ဖြစ်လာကြပြီး ဂုဏ်ပြုစာလွှာကို ကျောင်းတံခါးဝတွင် ချိတ်ဆွဲကာ သူတို့၏နာမည်များကို ဘေးချင်းကပ်လျက် ရေးသားခဲ့ကြသည်။ တိုက်ဆိုင်စွာပင် သူတို့နှစ်ဦးစလုံးသည် မြောက်ဘက်ရှိ နာမည်ကြီးကျောင်းဖြစ်သော ဟွာအန်းတက္ကသိုလ်တွင် လျှောက်ထားခဲ့ကြသည်။ ယွဲ့ရှင်းဝမ်သည် တရုတ်ဘာသာစကားဌာနသို့ သွားခဲ့ပြီး ကျန်းဖျင်စစ်က သင်္ချာဌာနသို့သွားခဲ့သည်။


တက္ကသိုလ်ဖွင့်ပြီးနောက် ချင်းချန်မှ ပထမနှစ် ကျောင်းသားသစ်များ စုဝေးခဲ့ကြသည်။


ယွဲ့ရှင်းဝမ်သည် လူအုပ်ကြီးအတွင်းသို့ တစ်ချက်ကြည့်ကာ ရင်းနှီးသောရုပ်သွင်ကို မြင်လိုက်ရပြီး သူက တစ်ဖက်လူဆီသို့ သွားကာ အရွှန်းဖောက်သည်။

"ကျန်းဖျင်စစ် ငါတို့က သုံးနှစ်လုံး အထက်‌တန်းကျောင်းမှာ ကျောင်းနေဖက်တွေဖြစ်ခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် သိတာကြာလှပြီ… နောက်တစ်ခါ ငါတို့ဆုံရင် မင်းဘက်က ငါ့ကို နှုတ်ဆက်ဖို့ အစပြုလို့မရဘူးလား…"


ကျန်းဖျင်စစ်က ကြောင်သွားသည်။

"ငါ မင်းကို အရင်က နှုတ်ဆက်စကားပြောဖူးတယ် မဟုတ်ဘူးလား…"


ယွဲ့ရှင်းဝမ်: "မင်းခေါင်းငြိမ့်ပြတာကိုလား…"


‘ငါက လူတိုင်းကို အလုပ်ရှုပ်ခံပြီး ခေါင်းငြိမ့်မပြဘူး’ဟု ဆိုသကဲ့သို့ ကျန်းဖျင်စစ်က ခေါင်းငြိမ့်ပြသည်။


ယွဲ့ရှင်းဝမ်က ပြုံးပြပြီး သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

"တရားဝင် သူငယ်ချင်းဖွဲ့ကြတာပေါ့… သုံးနှစ်လုံးလုံး အထက်တန်းကျောင်းမှာ ကျောင်းနေဖက်တွေဖြစ်ခဲ့ပြီး တက္ကသိုလ်မှာလည်း ငါတို့ အခု ပြန်တွေ့ကြပြန်ပြီ… ကံကြမ္မာအရ အနာဂတ်မှာ ငါတို့ အချင်းချင်း ကူညီပေးနိုင်တာပေါ့…"


ကျန်းဖျင်စစ်၏ မျက်လုံးများထဲတွင် အံ့သြမှု အရိပ်အယောင် ပေါ်လာပြီး စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားကာ ယွဲ့ရှင်းဝမ်၏လက်ကို လက်ဆွဲနှုတ်ဆက်လိုက်သည်။


ထိုယောင်္ကျားလေး၏ လက်ချောင်းများက သွယ်လျပြီး သန့်ရှင်းကာ ခန္ဓာကိုယ်အပူချိန်လည်း နိမ့်သည်။ ထိုအချိန်တုန်းက နွေရာသီဖြစ်ခဲ့ပြီး စက်တင်ဘာလမှာ ရာသီဥတုက အလွန်ပူသည်။ ကျန်းဖျင်စစ်၏လက်သည် အေးမြပြီး သက်တောင့်သက်သာရှိနေတာကို ယွဲ့ရှင်းဝမ် တွေ့ရှိခဲ့သည်။ ထိုနေ့တွင်ပင် သူတို့သည် အဆက်အသွယ်အချက်အလက်များကို တရားဝင်ဖလှယ်ခဲ့ကြပြီး WeChat မှာ အပြန်အလှန် add ခဲ့ကြသည်။


ယွဲ့ရှင်းဝမ်သည် သူ၏ moments တိုင်းကို မျှဝေရတာ နှစ်သက်သည်။ ကျန်းဖျင်စစ်သည် သူ၏ moments တိုင်းကို သဘောကျလိမ့်မည်ဆိုပေမယ့် သူက moments များကို ဘယ်တော့မှ မတင်ပေ။


ထိုအချိန်မှစ၍ ကျန်းဖျင်စစ်သည် ကျောင်းတွင် ယွဲ့ရှင်းဝမ်နှင့် တွေ့သောအခါ သူသည် အထက်တန်းကျောင်းတုန်းကလောက် မအေးစက်တော့ပေ။ သူက ယွဲ့ရှင်းဝမ်ကို နှုတ်ဆက်ရန် အစပြုကာ သာယာဖွယ်ကောင်းသောအသံဖြင့် နူးညံ့စွာ “ရှင်းဝမ်” ဟု ခေါ်လေသည်။


ပထမနှစ်ဝက်နှင့် နောက်ဆုံးစာမေးပွဲများ ရောက်တော့မည့်အချိန်တွင် ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်ကို အတူတူစာလုပ်ရန် စာကြည့်တိုက်သို့ ‌သွားဖို့ မက်ဆေ့ခ်ျပို့သည်။ 


ယွဲ့ရှင်းဝမ်က အရွှန်းဖောက်သည်။

"မင်းရဲ့သင်္ချာဘာသာရပ်နဲ့ ငါ့ရဲ့တရုတ်ဘာသာစကားဘာသာရပ်ကို အတူတူလေ့လာတာက မထူးဆန်းဘူးလား…"


ကျန်းဖျင်စစ်က ပြန်ဖြေသည်။

"ဒါကို လိုက်ဖက်တဲ့တွေးခေါ်မှုလို့ ခေါ်တယ်…"


ယွဲ့ရှင်းဝမ်က ရယ်မောနေသော အီမိုဂျီကို ပို့ခဲ့သည်။

"မင်းနိုင်ပါတယ်… မနက်ဖြန်ည 8 နာရီ စာကြည့်တိုက်တံခါးဝမှာ တွေ့မယ်…"


အတူတူ စာကြည့်တိုက်ကို သွားလေ့လာရန် ချိန်းဆိုကြ၊ ထောင့်နားကစားပွဲတစ်ခုရှာ၊ မျက်နှာချင်းဆိုင်ထိုင်ကြ၊ ‘မင်းကသင်္ချာပုစ္ဆာတွေကိုလုပ်၊ ငါက ငါ့စာပေစာအုပ်တွေကို ငါဖတ်မယ်’ မတူညီသော ဘာသာရပ်နှစ်ခုဆိုပေမဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းသည်။


ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်နှင့် သူ၏ဆက်ဆံရေးက အနည်းငယ်ထူးဆန်းသည်ဟု အမြဲလိုလို ခံစားမိသည်။


အထက်တန်းကျောင်း ပထမနှစ်တုန်းက ‘ဒီတစ်ခါတော့ ငါ ပထမနေရာကို ယူလိုက်ပြီ၊ နောက်တစ်ခါမှ မင်း ပထမနေရာကို ယူလိုက်တော့’ဟု ဆိုသလိုမျိုး သူတို့နှစ်ယောက်သည် အတန်း၏ ပထမနေရာကို တိတ်တဆိတ် ယှဉ်ပြိုင်ခဲ့ကြပေမဲ့ အထက်တန်းကျောင်း ဒုတိယနှစ်တွင် ဝိဇ္ဇာဘာသာရပ်နှင့် သိပ္ပံဘာသာရပ်တွင် သူတို့သည် ပထမနေရာ၌ ရပ်နေခဲ့ပြီး ယှဉ်ပြိုင်ရန် မလိုအပ်တော့ပေ။ 


ကျောင်းက ဂုဏ်ပြုလွှာထုတ်တိုင်း ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့၏ နာမည်များက စာရင်း၏ထိပ်မှာ အမြဲတမ်း ဘေးချင်းကပ်လျက်ရှိနေကြသည်။ တစ်နေ့ ကျန်းဖျင်စစ်၏နာမည်က သူ့ဘေးမှာမရှိလျှင် သူအဆင်မပြေ‌ဖြစ်မှာလား။


တစ်ယောက်အပေါ် တစ်ယောက်ထားသည့် သူတို့၏သဘောထားက “ငါ့ဘေးမှာ ရပ်နေနိုင်သူဟာ မင်းပဲ”ဟု မသိစိတ်ကနေ လေးစားမှုနှင့် အသိအမှတ်ပြုမှုတို့ ဖြစ်နေနိုင်သည်။ 


သိုင်းဝတ္ထုများထဲက ကမ္ဘာ့အတော်ဆုံး ပညာရှင်များကဲ့သို့ တစ်ယောက်က saber ကို အသုံးပြုကာ အခြားတစ်ယောက်က sword ကို အသုံးပြုသည်။ ငယ်ရွယ်သည့်အချိန်တုန်းကတော့ စိတ်ဓာတ်မြင့်မားပြီး ပထမနေရာကို အပြင်းအထန် ယှဉ်ပြိုင်ခဲ့သည်။ နောက်ပိုင်းမှာ သူတို့နှစ်ယောက်၏ နာမည်များ ယှဉ်လျက်ရှိနေတာက တကယ်ကောင်းမွန်ကြောင်း သိလိုက်ရသည်။ သက်ဆိုင်ရာနယ်ပယ်တွေမှာ ထူးချွန်ဖို့က ငယ်ရွယ်စဉ်မှာ ပြိုင်ဘက်တွေဖြစ်တာဟာ သူတို့အတွက် အကြီးမားဆုံးတွန်းအားဖြစ်သည်။ 


ကျန်းဖျင်စစ်သည် တစ်သီးတစ်သန့်နေတတ်သူဖြစ်ပြီး လူများနှင့် နီးကပ်နေရတာ မကြိုက်ကြောင်း ယွဲ့ရှင်းဝမ်သိသည်။


ကံမကောင်းစွာပဲ ကျန်းဖျင်စစ်က အလွန်ထူးချွန်ပြီး အရွယ်ရောက်ချိန်တွင် အရပ် 189 cm ရှိကာ သင်္ချာဌာနတွင် ထိပ်တန်းကျောင်းသားတစ်ဦးလည်း ဖြစ်သည်။ သူ့တွင် ကျောင်း၌ မရေမတွက်နိုင်သော ပရိသတ်များရှိပြီး သတ္တိရှိသော ကျောင်းသူလေး အများအပြားက သူတို့၏ချစ်နေတာကို ဖွင့်ဟဝန်ခံရန် အစပြုကြပြီး ‘ငါတို့က မလိုက်ဖက်ဘူး’ဆိုသော စကားဖြင့် ဝန်ခံခြင်းများကို သူက အေးစက်စွာ ငြင်းဆိုခဲ့သည်။


ကျန်းဖျင်စစ် ဘာတွေတွေးနေသလဲဆိုတာ ဘယ်သူမှ မသိကြပေ။ သူ ချစ်ဖို့ စိတ်ကူးမရှိသလို သူ၏စွမ်းအင်အားလုံးကိုလည်း သူ၏စာလေ့လာမှုမှာ အာရုံစိုက်ခဲ့သည်။ သူနှင့်အတူ အများဆုံးစာလေ့လာသူမှာ တရုတ်ဘာသာစကားဌာနမှ ယွဲ့ရှင်းဝမ်ဖြစ်သည်။


“စာကြည့်တိုက်မှ လွတ်မြောက်ခြင်း” လက်တွေ့ဘဝရှင်သန်ခြင်းဂိမ်းကို ရောက်လာသော အေးစက်စက်နှင့် အသန့်ကြိုက်သည့် ကျန်းဖျင်စစ်သည် “စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်း”စာမေးပွဲကြောင့် လွန်စွာ ငြီးငွေ့သွားမည်ဟု ယွဲ့ရှင်းဝမ် တွေးတောနေမိသည်။ သူ့အဝတ်အစားတွေက အမြဲသပ်သပ်ရပ်ရပ်ရှိပြီး ရှုပ်ထွေးနေသည့် စမ်းသပ်ခန်းကို မြင်သောအခါ ရွံရှာစွာ မျက်မှောင်ကြုတ်သွားလိမ့်မည်။ သူက ညစ်ပတ်တာကို မုန်းသလို ဆူညံသည့်နေရာများကိုလည်း မုန်းသည်။ ဒီတစ်ခါမှာတော့ စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်းသည် သူအမုန်းဆုံးအရာတွေအားလုံးကို စုစည်းပေးလိုက်သည်။


သူက အလွန်မြန်ပြီး ရမှတ် 95 မှတ်ရခဲ့တာ အံ့ဩစရာတော့မဟုတ်ပေ။


ယွဲ့ရှင်းဝမ်သည် သူ့ကို ယုန်များ လိုက်ဖမ်းနေသည့် မြင်ကွင်းကို စိတ်ကူးကြည့်ခဲ့ပေမဲ့ သူတကယ် စိတ်ကူး၍မရခဲ့ပေ။ ကျန်းဖျင်စစ်သည် အခြား“စာကြည့်တိုက်”တွင် သူ့အသက်အတွက် ရူးသွပ်စွာပြေးခြင်းထက် ကျောင်းစာကြည့်တိုက်တွင် ထိုင်ကာ စာအုပ်များဖတ်နေတာက သူ့မျက်လုံးထဲတွင် ပို၍လိုက်ဖက်မှုရှိသည်။


မည်သို့ပင်ဖြစ်စေ ကျန်းဖျင်စစ်သည် “စာကြည့်တိုက်”တွင် ရှိသောကြောင့် ယွဲ့ရှင်းဝမ်သည် သူ့ကို အရင်ဆုံးရှာဖွေချင်ခဲ့သည်။ ကျန်းဖျင်စစ်၏ အဆိုအရ သူတို့သည် တစ်ဦးနှင့်တစ်ဦး တွေးခေါ်မှုကို ဖြည့်စွက်ပေးနိုင်ပြီး ဝိဇ္ဇာဘာသာရပ်နှင့် သိပ္ပံဘာသာရပ်ပေါင်းစပ်မှုက ပို၍လွယ်ကူသည်။


ဒီအရာကိုတွေးပြီး ယွဲ့ရှင်းဝမ်က ချက်ချင်း မေးလိုက်သည်။

"စနစ်ကျူတာ ကျောင်းသားတစ်ယောက်ကို ဘယ်လိုရှာရမလဲ?"


စနစ်ကျူတာ: "သင်သတ်မှတ်ထားတဲ့ ကျောင်းသားဆီကို private message တစ်ခု ပေးပို့နိုင်ပါတယ်… အဲဒါက အမှတ်တွေကို ကုန်သွားစေပြီး စကားလုံးတစ်လုံးကို 10 မှတ် ဖြစ်ပါတယ်…"


ယွဲ့ရှင်းဝမ်သည် လက်ရှိတွင် အမှတ် 230 ရှိပြီး သူ၏ ခေတ်သစ် idiom အဘိဓာန်ကို အဆင့်မြင့်ရန် မလုံလောက်ပေ။ ဒီအရာကိုစဉ်းစားပြီးနောက် သူက ဆိုသည်။

"ဟွာအန်းတက္ကသိုလ်၊ သင်္ချာဌာနက ကျန်းဖျင်စစ်ဆီကို private message နဲ့ ‘ယွဲ့ရှင်းဝမ်’ဆိုတဲ့ စကားလုံးသုံးလုံးကို ပို့ပေးပါ…"


စနစ်ကျူတာ: "ကောင်းပါပြီ… private message ပို့နေပါပြီ… အမှတ် 30 ကို နုတ်ယူသွားမှာဖြစ်ပြီး သင့်ရဲ့လက်ကျန်အမှတ် 200 ဖြစ်ပါတယ်…"


စကားလုံးတစ်လုံးအတွက် 10 မှတ်သည် တကယ်စျေးကြီးပြီး အမှတ် 30 ကို နုတ်ယူလိုက်သည်။ ဒီအရာက အခုလေးတင် အပိုမေးခွန်းကို လုပ်ဆောင်ခြင်းနှင့် ညီမျှသည်။ သို့သော် စာကြည့်တိုက်စနစ်က အလွန်ရှုပ်ထွေးသည်။ ဆေးပညာဌာန၏ အဆင့်သတ်မှတ်ချက်များတွင် ကျောင်းနေဖက်တွေ အများအပြားရှိသည်။ သင်တန်းကာလအတွင်း ယွဲ့ရှင်းဝမ်အတွက် ကျန်းဖျင်စစ်နှင့် “တိုက်ဆိုင်စွာတွေ့ဆုံရန်” မဖြစ်နိုင်သလောက်ပင်။


Private message ကနေ သူပို့လိုက်သည့် စကားသုံးလုံးက သူတို့၏ အပြန်အလှန်နားလည်မှုဖြင့် ကျန်းဖျင်စစ်က သေချာပေါက် နားလည်နိုင်လိမ့်မည်ဟု သူယုံကြည်ခဲ့သည်။ 


မကြာခင် စနစ်သတိပေးချက်က သူ့နားထဲမှာ ထွက်ပေါ်လာသည်။

"ကျောင်းသားကျန်းဖျင်စစ်ထံမှ private message ကို လက်ခံရရှိပါတယ်… ဖွင့်ဖတ်ချင်ပါသလား"


ယွဲ့ရှင်းဝမ်က အမြန်ဖွင့်ဖတ်လိုက်သည်——


စကားလုံးတစ်လုံးက 10 မှတ် ဖြစ်သောကြောင့် ကျန်းဖျင်စစ်၏စာက အလွန်တိုပါသည်။


ကျန်းဖျင်စစ်: "သုတေသနအဖွဲ့ မင်းကို စောင့်နေမယ်…"



#TK