Volume 1 : ဆေးပညာဌာန
Chapter 6 (နှလုံးသွေးကြောဆိုင်ရာလူနာဆောင် ၀၁)
‘သုတေသနအဖွဲ့’ဟူသော စကားလုံးကို ယွဲ့ရှင်းဝမ် ရှင်းရှင်းလင်းလင်း မှတ်မိသည်။ စနစ်ကျူတာမှ ‘ဝင်ခွင့်လိုအပ်ချက်များ’ကို ဖတ်သောအခါ “သင်တန်းအကဲဖြတ်ခြင်းမှ ရရှိသော အမှတ်များကို လေ့လာခြင်းဆိုင်ရာ စွမ်းရည်စာအုပ်များနှင့် လေ့လာခြင်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းများအပါအဝင် စာကြည့်တိုက်ဒေတာဘေ့စ်တွင် သင်ကြားရေးပစ္စည်းများကို ဝယ်ယူရန်အတွက် အသုံးပြုနိုင်သည်။ သင်တန်းအောင်မြင်ရန် အခြားကျောင်းသားများနှင့် သုတေသနအဖွဲ့တစ်ခုဖွဲ့ရန်လည်း အသုံးပြုနိုင်သည်။”
ဆိုလိုသည်မှာ စာကြည့်တိုက်စနစ်သည် ကျောင်းသားများကို တစ်ချိန်လုံး တစ်ယောက်တည်း တိုက်ခိုက်ရန် ခွင့်မပြုထားဘဲ “သုတေသနအဖွဲ့” တည်ထောင်ကာ အခြားသူများနှင့် ပူးပေါင်းရန် အမှတ်များကို အသုံးပြုနိုင်သည်။
ကျန်းဖျင်စစ်၏ အဓိပ္ပါယ်မှာ သိသာထင်ရှားသည် - သူသည် အတူတူ သုတေသနအဖွဲ့တစ်ခုတည်ထောင်ရန် ယွဲ့ရှင်းဝမ်ကို စောင့်နေမည်ဖြစ်သည်။
ကျန်းဖျင်စစ်က သူထက်စော၍ စာကြည့်တိုက်ကို လာခဲ့သည်။ ကျန်းဖျင်စစ်သည် ဘယ်အထပ်ရောက်ပြီး ဘယ်ဌာနရောက်နေလဲ သူမသိပေ။ သူ့ကို တတ်နိုင်သမျှ အမြန်ဆုံး ရှာတွေ့ရန် ပိုကြိုးစားရမည်။ ဒီအရာကိုတွေးတောရင်း ယွဲ့ရှင်းဝမ်က စနစ်ကျူတာကို ဆက်လက်မေးမြန်းသည်။
"သုတေသနအဖွဲ့တစ်ခု တည်ထောင်ဖို့ ဘယ်လိုအခြေအနေတွေရှိဖို့ လိုအပ်သလဲဆိုတာ မေးလို့ရမလား?"
စနစ်ကျူတာ: "စာကြည့်တိုက် ပထမထပ်ရှိ ဆေးပညာဌာနကို အောင်မြင်သွားရင် သုတေသနအဖွဲ့ရဲ့ လုပ်ဆောင်ချက်ကို သော့ဖွင့်မှာဖြစ်ပြီး အမှတ် 1,000 နဲ့ တည်ထောင်လို့ရပါတယ်…"
"အောင်မြင်တယ်ဆိုတာကို ဘယ်လိုသတ်မှတ်တာလဲ"
"သင်က မသင်မနေရသင်တန်းတွေအားလုံးကို အောင်မြင်သွားရင် သင်စာမေးပွဲအောင်မြင်ပါလိမ့်မယ်… ဆေးပညာဌာနရဲ့ ဒုတိယမသင်မနေရသင်တန်းအတွက် စာမေးပွဲစတင်ပါတော့မယ်… ကျေးဇူးပြုပြီး ပြင်ဆင်ထားပါ…"
ယွဲ့ရှင်းဝမ်: "…"
ဆေးပညာဌာနတွင် မသင်မနေရသင်တန်းတစ်ခုထက် ပိုရှိပါသလား။ တွေးကြည့်တော့မှ ဘယ်ဌာနမှာ မသင်မနေရသင်တန်းတစ်ခုပဲ ရှိမည်နည်း။ သူသည် ဤစာကြည့်တိုက်ကို အလွန်အမင်း လျှော့တွက်ထားမိသည်။ စာကြည့်တိုက်က သူ့ကို ဦးနှောက်ခြောက်စေပါသည်။ ယုန်များ၊ မျောက်များနှင့် အခြားအရာများ၏ လိုက်ဖမ်းခြင်းကို ခံရပြီးနောက် သူသက်ပြင်းတစ်ချက်ချလိုက်သည်။ နောက်ထပ်သင်တန်းက ဘာဖြစ်မည်နည်း။
ယွဲ့ရှင်းဝမ်သည် နာကျင်နေသော နားထင်များကို ဖိကာ တည်ငြိမ်စွာ ပြောလေသည်။
"ငါအဆင်သင့်ဖြစ်ပြီ… နောက်သင်တန်းတစ်ခုကို သွားမယ်…"
စနစ်ကျူတာ: "ဆေးပညာဌာန၊ မသင်မနေရသင်တန်း “နှလုံးသွေးကြောဆိုင်ရာလူနာဆောင်”၊ Credit: 4 မှတ်၊ လူဦးရေကန့်သတ်ချက်: 10 ယောက်၊ ဆောင်ရွက်ဆဲ သင်တန်းအတန်းက ကိုက်ညီပါပြီ၊ နံပါတ်စဉ်ရေတွက်ပါပြီ 10, 9, 8,…"
နံပါတ်စဉ် 1 သို့ ရောက်သောအခါ ယွဲ့ရှင်းဝမ်ရှေ့ရှိ မြင်ကွင်းက ရုတ်တရက် လင်းလက်သွားသည်။
သူ့ကိုယ်သူ မရင်းနှီးသော အခန်းတစ်ခုတွင် ရောက်နေတာကို တွေ့ရသည်။ ယခု “စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်း” စာမေးပွဲမှာ သူဝတ်ထားသည့် ကုတ်အင်္ကျီအဖြူလိုပဲ ဒီတစ်ခါမှာတော့ စနစ်က သူ့အဝတ်အစားများကို အတင်းအကြပ်ပြောင်းလဲထားပေမဲ့ ဆေးရုံဝတ်စုံဖြစ်နေသည်။
သူသည် အင်္ကျီနှင့်ဘောင်းဘီ အပြာအဖြူအစင်းများဖြင့် ဆေးရုံဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ဘယ်ဘက်လက်ကောက်ဝတ်ပေါ်တွင် “နှလုံးသွေးကြောဆိုင်ရာလူနာဆောင် 3 – ကုတင်နံပါတ် 17 – ယွဲ့ရှင်းဝမ်”ဟူသော စာလုံးဖြင့် ချည်ထားသော လက်ပတ်လည်း ရှိပါသည်။ IV ပိုက်ကို သူ့ညာလက်၏ လက်ဖမိုးပေါ်တွင် ချိတ်ထားပြီး အေးမြသောအရည်ကြည်များက ပိုက်တစ်လျှောက် သူ့ခန္ဓာကိုယ်ထဲသို့ ဖြည်းညှင်းစွာ စီးဆင်းလာသည်။ ပြွန်ထဲတွင် ဘာဆေးပါရှိသည်ကို ယွဲ့ရှင်းဝမ်မသိသော်လည်း သူအပ်ကို မဆင်မခြင် ဆွဲထုတ်ဝံ့ခြင်းမရှိပေ။ ထို့အပြင် ယခုအခါ သူသည် ‘လူနာ’နေရာတွင် ရှိနေသည်။ အပ်ကို သူဆွဲထုတ်လိုက်လျှင် ဆရာဝန်များနှင့် သူနာပြုများသည် သူ့ကိုပြောပါက ဘယ်လိုလုပ်မည်နည်း။
ယွဲ့ရှင်းဝမ်က ထထိုင်လိုက်ပြီး ပတ်ပတ်လည်ကို အမြန်ကြည့်လိုက်သည်။
ဤနေရာက လူသုံးယောက်လူနာဆောင်ဖြစ်ပြီး ပြတင်းပေါက်ဘေးတွင် ကုတင်နံပါတ် 17 ရှိသည်။ ပြတင်းပေါက်ကို ထူးဆန်းသော ဆေးအလွှာများဖြင့် ခြယ်သထားပြီး ပြတင်းပေါက်ကို လှမ်းကြည့်လိုက်ရာ သူမြင်နေရသမျှမှာ တိမ်ထူထပ်နေသော အဖြူရောင် မြူတိမ်များဖြစ်ပြီး စာကြည့်တိုက်ရှိ ထူးဆန်းသော မှန်တံခါးကို သတိရစေသည်။ သူသည် ပြတင်းပေါက်ကို ထိုးလိုက်သောအခါ သူ၏လက်သီးက နံရံကို ထိမှန်သွားသကဲ့သို့ မာကျောနေပြီး—— သေချာတာကတော့ စာမေးပွဲခန်းကို ပိတ်ထားပြီး ပြတင်းပေါက်မှတစ်ဆင့် စာမေးပွဲအပြင်ဘက်ကို ဘာကိုမှ မမြင်နိုင်ပေ။
ဘေးကို ကြည့်လိုက်တော့ အသက် 20 အရွယ် ယောင်္ကျားလေးတစ်ယောက်က ဘယ်ဘက် ကုတင်နံပါတ် 16 ပေါ်မှာ လဲလျောင်းနေသည်။ ဤအချိန်တွင် သူသည် ယွဲ့ရှင်းဝမ်ကဲ့သို့ ထထိုင်ကာ ပတ်ပတ်လည်ကို ကြည့်နေသည်။ ထိုယောင်္ကျားလေးသည် ရိုးရှင်းပြီး ခေါင်းတုံးဆံတောက်ဆံပင်ပုံစံရှိကာ ထူထဲသောမျက်ခုံးမွေးများ၊ မျက်လုံးကြီးများနှင့် ကောင်းမွန်စွာ သတ်မှတ်နိုင်သော မျက်နှာအသွင်အပြင်ရှိသည်။ သူ၏ယောင်္ကျားဆန်ဆန်ပုံစံနှင့်အတူ ချောမောသော အသွင်အပြင်က လူများကို လုံခြုံမှုပေးစေနိုင်သည်။ သူက မျက်မှောင်ကြုတ်ကာ သူ့လက်ဖမိုးပေါ်ရှိ အပ်ကို ဆွဲဖြုတ်ချင်နေသည်။ သူကြည့်လိုက်တော့ IV ပိုက်ထဲမှာ ဆေးအများကြီးမကျန်တော့တာကို တွေ့လိုက်ရပြီး သူကသည်းခံကာ သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
နှစ်ယောက်သားက တစ်ယောက်နဲ့တစ်ယောက်က အကြည့်ချင်းဆုံကြကာ အမြန် ကုတင်နံပါတ် 15 ဆီသို့ အတူတူကြည့်လိုက်ကြသည်။
ကုတင်နံပါတ် 15 တွင် ECG မော်နီတာ၌ မရေမတွက်နိုင်သော ထူးဆန်းသည့်ကြိုးများပါရှိပြီး အဘိုးအိုတစ်ဦးဖြစ်သည်။ မော်နီတာပေါ်တွင် အစိမ်းရောင်လှိုင်းတွန့် နှလုံးခုန်နှုန်းမျဉ်းကွေးတစ်ခု ပေါ်လာသည်။ အဘိုးအိုသည် သူ၏မျက်နှာပေါ်တွင် အောက်ဆီဂျင်မျက်နှာဖုံးကိုလည်း ဝတ်ဆင်ထားပြီး ယခုအချိန်တွင် သတိမေ့မြောနေကာ နေမကောင်းဖြစ်နေပုံရသည်။
ယွဲ့ရှင်းဝမ် စကားပြောခါနီးတွင်ပင် နောက်အခိုက်အတန့်၌ လူနာဆောင်တံခါးကို တွန်းဖွင့်လိုက်ပြီး ကုတ်အင်္ကျီအဖြူဝတ် ဆရာဝန်အဖွဲ့တစ်ဖွဲ့ ဝင်လာသည်။
ဆရာဝန်များထဲမှ ဦးဆောင်သူ လူလတ်ပိုင်းအရွယ် အမျိုးသား၏ ရင်ဘတ်ပေါ်တွင် “ဆရာဝန်ကြီးကျန်းကျီကျုံး”ဟူသော တံဆိပ်ဖြင့် ရေးထားကာ အလွန်တက်ကြွပုံရှိသည်။ သူ့နောက်ကို လှမ်းကြည့်လိုက်တော့ သူ့ရင်ဘတ်မှာ “Attending Dr.ရှောင်းဝမ်”ဟုရေးထားသော မျက်မှန်တပ်ထားသည့် လူငယ်ဆရာဝန်တစ်ယောက်ရှိသည်။ သူတို့နောက်မှာ resident Dr.တွေနဲ့ အလုပ်သင်တွေ အများကြီးရှိသည်။ ယွဲ့ရှင်းဝမ်က သူတို့ကို အကြမ်းဖျင်း ရေတွက်နေသည်။ ထိုအဖွဲ့တွင် ဆရာဝန် 20 ကျော်ရှိပြီး လူနာဆောင်တစ်ခုလုံးကို ပြည့်သွားစေသည်။
Dr.ရှောင်းဝမ်က သူ့နှာခေါင်းပေါ်ရှိ မျက်မှန်ကို ပင့်တင်ကာ ကြည်လင်သောအသံဖြင့် အစီရင်ခံသည်။
"ဆရာဝန်ကြီး၊ ကုတင် 16 နဲ့ 17 တို့က မနေ့က အသစ်လက်ခံထားတဲ့ လူနာတွေပါ… သူတို့ရဲ့အဓိကနေထိုင်မကောင်းတာကတော့ precordial ဧရိယာမှာ နာကျင်နေတာက တစ်ပတ်လောက်ကြာသွားပါပြီ… ရောဂါလက္ခဏာကို အတည်မပြုရသေးပါဘူး… ECG မှာလည်း ဘာပြဿနာမှရှိတာ မတွေ့ရပါဘူး… သူတို့ကို coronary stenosis ဖြစ်နေတယ်လို့ သံသယရှိပြီး မနက်ဖြန်မနက်မှာ coronary angiography လုပ်ဖို့အတွက် ပို့မှာဖြစ်ပါတယ်…"
ဆရာဝန်ကြီးကျန်းက သက်ပြင်းချသည်။
"ငယ်ငယ်ရွယ်ရွယ်နဲ့ နှလုံးရောဂါဖြစ်နေတာပဲ… မင်းတို့လူငယ်တွေ ပိုပြီးသတိထားသင့်တယ်… အရမ်းစိတ်လှုပ်ရှားမခံနဲ့…"
ယွဲ့ရှင်းဝမ်: "…"
သူ စိတ်မလှုပ်ရှားပါဘူး။ ဆေးပညာဌာန၏ သင်တန်းစာမေးပွဲတွေက အလွန်သာမန်မဟုတ်ဘူးလို့ပဲ သူတွေးနေတာပါ။
ယုန်များနှင့် မျောက်အုပ်စု၏ လိုက်ဖမ်းခြင်းကို ခံခဲ့ရပြီး ယခုအခါ ဆေးရုံဝတ်စုံဖြင့် ဆေးရုံတင်ထားရကာ သူက နှလုံးရောဂါသည် ဖြစ်သွားပြီလား။ သူ့နှလုံးက အလွန်ကောင်းပြီး အားကစားပြိုင်ပွဲမှာ မီတာ 10,000 ပြေးဖို့တောင် အလွယ်လေးဖြစ်သည်။
ဒီအရာကို တွေးလိုက်ရုံနဲ့ သူ့ဘယ်ဘက်ရင်ဘတ်မှာ ရုတ်တရက် ရင်ဘတ်အောင့်ကာ နာကျင်ကိုက်ခဲလာသည်။ မမြင်ရသောလက်က သူ့နှလုံးအား ဆွဲညှစ်လိုက်သလို ခံစားလိုက်ရသည်။ ယွဲ့ရှင်းဝမ်၏မျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး သူ့ရင်ဘတ်ကို လက်တစ်ဖက်နဲ့ ဖိကာ နှလုံးခုန်သံက မြန်လာသည်။ သူ၏နှလုံးက ပြင်းထန်စွာ ခုန်သွားလိုက်၊ နှေးသွားလိုက် ဖြစ်နေကာ အာရုံကြောတစ်လျှောက် ဦးနှောက်အထိ စူးစိုက်ဝင်သွားသည့် ထူးဆန်းသောနာကျင်မှုမျိုးက ယွဲ့ရှင်းဝမ်ကို မျက်မှောင်ကြုတ်သွားစေပြီး သူ၏နှလုံးကို ချက်ချင်းနှိုက်ထုတ်ချင်နေခဲ့သည်။
ကုတင်နံပါတ် 16 ပေါ်ရှိ ယောင်္ကျားလေးသည်လည်း မျက်နှာက အလွန်ဆိုးရွားလာပြီး သူ့နှလုံးက နာကျင်လာသည်။
ဆရာဝန်းကြီးကျန်းက သူတို့၏မျက်နှာများကိုကြည့်ကာ နားကြပ်ကို အမြန်တပ်လိုက်ပြီး ယွဲ့ရှင်းဝမ်၏ရင်ဘတ်ကို ခဏအကြာ နားထောင်ပြီးနောက် အသံတိုးတိုးဖြင့် ရှင်းပြသည်။
"ဒီလူနာမှာ arrhythmia ရှိတယ်… Dr. ရှောင်း၊ ဒီနေ့ လူနာအသစ်တွေအများကြီးရှိတယ်… သူတို့ကို ရောဂါရှာဖွေပြီးရင် နောက်ဆက်တွဲ ကုသမှုအစီအစဉ်တွေကို ပြုလုပ်ဖို့ သူတို့ကို အမြန်ဆုံးစစ်ဆေးရန် လိုအပ်တယ်…"
Dr. ရှောင်းက လေးလေးနက်နက် ခေါင်းညိတ်သည်။
"ကျွန်တော်နားလည်ပါတယ် ဆရာဝန်ကြီး…"
ဆရာဝန်ကြီးက နောက်တစ်ကြိမ် သူ့ဘေးရှိ ကုတင်ကို စစ်ဆေးရန်သွားသည်။ ကုတင်နံပါတ် 16 မှ ယောင်္ကျားလေးသည် အစမှအဆုံး ဘာမှမပြောချေ။ ဆရာဝန်နှင့် ပူးပေါင်းဆောင်ရွက်ရန် သူ၏လက်များကို ရုပ်သေးရုပ်ကဲ့သို့ ဆန့်တန်းလိုက်သည်။
သူတို့ကို စစ်ဆေးပြီးနောက် Dr. ရှောင်းသည် ကုတင်နံပါတ် 15 ဆီသို့ လှမ်းသွားကာ ပြောသည်။
"ကုတင်နံပါတ် 15 မှာရှိတဲ့ အသက် 77 နှစ်အရွယ် လူနာက မနေ့က coronary angioplasty ပြုလုပ်ခဲ့ပြီး သူ့ရဲ့သွေးလွှတ်ကြောကို stent ထည့်သွင်းထားတယ်… ခွဲစိတ်ပြီးနောက် သူ့ရဲ့လက္ခဏာတွေက တည်ငြိမ်နေပါတယ်…"
ယွဲ့ရှင်းဝမ်: "…"
မတူညီသည့် ကျွမ်းကျင်မှုများက တောင်များဖြင့် ခြားနားနေသည်။ သူသည် အဘိုးအိုကြည့်လိုက်ကာ နေမကောင်းဖြစ်နေတယ်လို့ ထင်ခဲ့ပေမဲ့ ဆရာဝန်က သူ့အခြေအနေဟာ တည်ငြိမ်နေတယ်လို့ ဆုံးဖြတ်ခဲ့သည်။
ဆရာဝန်အဖွဲ့သည် လှည့်ပတ်ကြည့်ရှုရန် ရောက်ရှိလာပြီး အခန်းကို စစ်ဆေးပြီးနောက် ထွက်ခွာသွားကြသည်။ ပထမဦးဆုံးအကြိမ် ဆေးရုံတက်ခဲ့သည့် ယွဲ့ရှင်းဝမ်သည် ခမ်းနားသောကုတ်အင်္ကျီအဖြူရောင်နဲ့ အဖွဲ့ကိုကြည့်ကာ အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။ ထို့နောက် နောက်ထပ် သူနာပြုဆရာမလေးတစ်ယောက် ဝင်လာပြီး ယွဲ့ရှင်းဝမ်အား IV ပိုက်ကို ဖြုတ်ရန် ကူညီပေးကာ ပြုံးပြပြီး ပြောသည်။
"ရှင့်ရဲ့လက်ထဲကို ပြွန်ထဲကအရည်တွေ ဝင်ရောက်တာ မကုန်မချင်း မဖြုတ်နဲ့… ဖယ်လိုက်ရင် ပြန်ထိုးရတာ အရမ်းနာကျင်လိမ့်မယ်…"
သူနာပြုဆရာမက ဖော်ရွေစွာပြုံးပြပြီး ယွဲ့ရှင်းဝမ်က သူမကို ခေါင်းငြိမ့်ပြသည်။
"ကျေးဇူးတင်ပါတယ်…"
သူမသည် ဘေးဘက်ရှိ ကုတင်နံပါတ် 16 မှ ယောင်္ကျားလေးအတွက် ပိုက်ကိုဖြုတ်ပေးပြီး အလားတူပြောပြသည်။
သူမထွက်သွားပြီးနောက် ယွဲ့ရှင်းဝမ်၏ရှေ့တွင် လေးထောင့်ဘောင်ပေါ်လာပြီး နောက်ဆုံးတွင် မက်ဆေ့ခ်ျတစ်ခု ထွက်ပေါ်လာသည်——
[ဆေးပညာဌာန၏ မသင်မနေရသင်တန်း: နှလုံးသွေးကြောဆိုင်ရာလူနာဆောင်]
[Credit: 4 မှတ်]
[အတန်းဖော်: 10 ယောက်]
[သင်တန်းဖော်ပြချက်: နှလုံးသွေးကြောဆိုင်ရာလူနာဆောင်သို့ ဝင်ခွင့်လက်ခံထားသည့်လူများတွင် သွေးတိုးရောဂါ၊ နှလုံးရောဂါကြောင့် ရင်ခေါင်းအောင့်ခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ cardiomyopathy၊ myocarditis၊ နှလုံးရပ်ခြင်းရောဂါ၊ စသဖြင့် နှလုံးရောဂါအမျိုးမျိုးရှိကြသည်။ နှလုံးသည် လူ့ခန္ဓာကိုယ်၏ သွေးထောက်ပံ့ရေးဗဟိုချက်ဖြစ်သည်။ နှလုံးတစ်ချက်ခုန်တိုင်း လတ်ဆတ်သောသွေးများကို တစ်ကိုယ်လုံးဆီသို့ ပို့ပေးသည်။ နှလုံးခုန်ရပ်သွားသည်နှင့် တစ်ပြိုင်နက် လူ့ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါရပ်များနှင့် တစ်ရှူးများအားလုံးသည် အလုပ်မလုပ်တော့ဘဲ လူသားများသည် အချိန်တိုအတွင်း လျင်မြန်စွာသေဆုံးသွားမည်ဖြစ်ပါသည်။]
[စာမေးပွဲလိုအပ်ချက်: နှလုံးသွေးကြောဆိုင်ရာလူနာဆောင်တွင် 5 ရက် အသက်ရှင်နေထိုင်ရန်]
[အပိုမေးခွန်း: လူနာများသေဆုံးရခြင်း အကြောင်းရင်းအမှန်ကိုရှာပါ၊ အပိုမေးခွန်းကို ပြီးမြောက်အောင်မြင်ပါက စာမေးပွဲအမှတ် +30 ရရှိမည်]
[မှတ်ချက် 1: သင်သည် ယခုအချိန်တွင် ပြင်းထန်သော နှလုံးရောဂါသည်တစ်ဦးဖြစ်နေသည်။ ကျေးဇူးပြုပြီး အလွန်အမင်းစိတ်မလှုပ်ရှားနဲ့။ တုန်လှုပ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ ဒေါသထွက်ခြင်းတို့သည် negative စိတ်ခံစားမှုများဖြစ်ကာ နှလုံးကို ပြင်းထန်စွာ ရိုက်ခတ်စေပြီး သွေးကြောများ ပိတ်ဆို့ခြင်း သို့မဟုတ် ပေါက်ပြဲခြင်းတို့ကို ဖြစ်စေနိုင်ပြီး acute myocardial infarction၊ နှလုံးရပ်ခြင်းနှင့် အခြားရောဂါလက္ခဏာများ ဖြစ်ပေါ်စေနိုင်ကာ ကယ်တင်ခြင်းမှာ ထိရောက်မှုမရှိပါက အသက်သေဆုံးနိုင်သည်။]
[မှတ်ချက် 2: နံနက် 8:30 မှ 9:00 ထိ လူနာဆောင်ကို ဆရာဝန်များ လှည့်ပတ်ကြည့်ရှုလေ့ရှိပြီး ဤအချိန်အတွင်း သင်သည် လူနာဆောင်ကနေ အပြင်ထွက်ခွင့်မရှိပေ။ အခြားအချိန်များတွင် ဆရာဝန်၏စကားကို လိုက်နာရမည်။ စစ်ဆေးတာ၊ ဆေးသွင်းခြင်း စသည်တို့အတွက် အစီအစဉ်မရှိပါက သင်သည် လူနာဆောင်ထဲတွင် လွတ်လပ်စွာ သွားလာနိုင်သည်။ ဒါမှမဟုတ် ဆရာဝန်၏ရုံးခန်းထဲသို့ပင် ခိုးဝင်နိုင်သည်။ နှလုံးသွေးကြောဆိုင်ရာလူနာဆောင်သည် ညတိုင်း လှည့်ပတ်ကြည့်ရှုမှုများ ပြုလုပ်လေ့ရှိပြီး လူနာများကို လူနာဆောင်ကနေ ထွက်သွားခွင့်မပြုပေ။ ကျေးဇူးပြုပြီး တံခါးများကို ဖျက်ဆီးခြင်း၊ ပြတင်းပေါက်များ ထုရိုက်ခြင်းနှင့် အခြားအန္တရာယ်ရှိသော လုပ်ရပ်များကို ပြုလုပ်ရန် မကြိုးစားပါနှင့်။ မဟုတ်ပါက အကျိုးဆက်များအတွက် သင့်တွင် တာဝန်ရှိပါလိမ့်မည်။]
[ကျောင်းသားတစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ပေါ်မူတည်၍ ဤစာမေးပွဲကို သီးခြားစီ အမှတ်ပေးပါမည်။]
[စာမေးပွဲ တရားဝင် စတင်ပါပြီ။]
ယွဲ့ရှင်းဝမ်သည် ကုတင်ဘေးကို မှီ၍ စာမေးပွဲ လိုအပ်ချက်များကို ဖတ်ပြီးနောက် ဆင်ခြင်သုံးသပ်ကြည့်နေသည်။
5 ရက် အသက်ရှင်မှာလား… ဒီသင်တန်းက တော်တော်အန္တရာယ်များပုံရတယ်… သူသတိမထားရင် နှာလုံးရပ်သွားနိုင်တယ်…
အပိုမေးခွန်းတွင် “လူနားများသေဆုံးရခြင်းအကြောင်းရင်း”ကို ဖော်ပြထားသည်မှာ အနည်းငယ်ထူးဆန်းသည်။ နှလုံးခုန်ရပ်သွား၍ နှလုံးသွေးကြောဆိုင်ရာလူနာဆောင်က လူနာများသေဆုံးရခြင်း၏ အကြောင်းရင်း မဟုတ်ဘူးလား။ ဒီတော့ အပိုမေးခွန်းက ‘အမှန်’ဆိုသည့် စကားလုံး၏ အဓိပ္ပါယ်က ဘာလဲ။
ယွဲ့ရှင်းဝမ်သည် ဝိဇ္ဇာဘာသာရပ်ကျောင်းသားဖြစ်သည်။ မေးခွန်းများဖတ်သည့်အခါ ဖော်ပြချက်အသေးစိတ်များကို သူအလွန်အာရုံစိုက်သည်။ အရာရာတိုင်းက မရိုးရှင်းဘူးလို့ သူအမြဲခံစားရသည်။ အကယ်၍ လူနာက နှလုံးခုန်ရပ်သွားပါက နှလုံးအဆုတ်ကို ပြန်လည်အသက်သွင်းခြင်း၊ defibrillation စသည်တို့ဖြင့် တတ်နိုင်သမျှ အမြန်ဆုံး ကယ်တင်ပေးလိမ့်မည်။ သူတို့ မသေသ၍ အသက်ကို ကယ်တင်နိုင်မည်ဖြစ်သည်။ ကယ်တင်ရန် ကျရှုံးပြီး သေဆုံးသွားသော လူနာများကိုလည်း မတော်တဆ သေဆုံးမှုအဖြစ် သတ်မှတ်လိမ့်မည်။
သူတို့၏ စိတ်ခံစားချက်များကို ထိန်းချုပ်ပြီး သူတို့ကိုယ်သူတို့ နှလုံးရောဂါမဖြစ်အောင် ထိန်းထားနိုင်လျှင် သူတို့ အသက်ရှင်သန်နိုင်မည် မဟုတ်ပါလား။
သူတို့ကို ခြိမ်းခြောက်နိုင်သည့် အချက်နှစ်ချက် ရှိသည်။
ပထမအချက်က စိတ်ခံစားမှုကို ထိခိုက်စေသည့် အဖြစ်အပျက်တွေဖြစ်သည်။ ဥပမာအားဖြင့် ညသန်းခေါင်မှာ ရုတ်တရက် သရဲခြောက်ပြီး ပြတင်းပေါက်ကနေ သရဲတစ္ဆေတွေ လွင့်နေတာမျိုးဖြစ်သည်။ တချို့ကြောက်တတ်သော ကျောင်းသားများက “သေလောက်အောင်ကြောက်”ပြီး နှလုံးဖောက်လိမ့်မည်။ မထင်မှတ်ထားသော အခြေအနေနဲ့ ရင်ဆိုင်ရသောအခါ သူတို့၏နှလုံးက ပြင်းထန်စွာ နှလုံးခုန်မြန်လာပြီး နှလုံးဖောက်စေကာ နေရာမှာတင် အကြောက်လွန်ပြီး သေဆုံးသွားလိမ့်မည်။
ဒုတိယအချက်မှာ လူတို့ဖန်တီးထားသော အဖြစ်အပျက်များသည် သူတို့၏အခြေအနေအပေါ် သက်ရောက်မှုရှိသည်။ ဥပမာအားဖြင့် ကုသမှုအစီအစဉ်မှားတာ၊ ဆေးမှားတာ၊ ဒါမှမဟုတ် လူနာက ရူးသွပ်သွားတာ၊ မိသားစုဝင်ကတောင် ရူးသွပ်သွားမျိုး ဖြစ်နိုင်ပြီး ဒါမှမဟုတ် လူနာဆောင်ထဲတွင် အစာအဆိပ်သင့်ခြင်းကဲ့သို့သော စုပေါင်းဖြစ်ရပ်မျိုး ရှိနိုင်ပါသလား။
အတိုချုပ်ပြောရလျှင် သူသည် လာမည့်ရက်အနည်းငယ်အတွင်း အလွန်သတိထားရမည်ဖြစ်သည်။
ကုတင်နံပါတ် 15 ရှိ အဘိုးအိုက ဘယ်တော့မှ နိုးမလာပေ။
ယွဲ့ရှင်းဝမ်က သူ့ဘေးရှိ ကုတင်ကို ကြည့်လိုက်ပြီး အရင်ဆုံး နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ အခန်းဖော် စာကြည့်တိုက်ကို ရောက်ဖူးလား"
ကုတင်နံပါတ် 16 ရှိ ယောင်္ကျားလေး၏အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
"မင်းကောလား"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။
"အင်း… ငါကလည်း စာမေးပွဲဖြေဆိုသူပဲ…"
နှစ်ယောက်သားက တစ်ယောက်ကို တစ်ယောက် အကြာကြီး ကြည့်နေကြပြီး ယွဲ့ရှင်းဝမ်က တစ်ဖက်လူကို ဖော်ရွေသည့် သဘောထားနဲ့ သူ့မျက်နှာမှာ အပြုံးကိုပြသထားသည်။
"ဒီစာမေးပွဲက ကျောင်းသားတစ်ယောက်စီတိုင်းအတွက် အမှတ်တွေက သီးသန့်ရမှာဆိုတော့ ငါတို့တွေ 5 ရက်လောက် အသက်ရှင်နိုင်သ၍ စာမေးပွဲအောင်မြင်မှာဖြစ်တာကြောင့် ငါတို့တွေ ပြိုင်ဆိုင်စရာမလိုပါဘူး… ငါတို့တွေ အချင်းချင်း ခင်မင်ရင်းနှီးမှုယူကြမလား"
သူတို့နှစ်ဦးသည် လူနာဆောင်တစ်ခုတည်းတွင် 5 ရက်ကြာ နေထိုင်ရမည်ဖြစ်သည်။ သူ့ဘေးရှိ အတန်းဖော်သေလျှင် ယွဲ့ရှင်းဝမ်လည်း သေဖို့ အလားအလာ အလွန်ရှိသည်။ အတန်းဖော်ကို အသေခံခိုင်းရန် တွန်းထုတ်တာမျိုး သူ မလုပ်နိုင်ဘူး။ သူတို့သည် အပြစ်မရှိဘဲ ကံမကောင်းစွာ စာကြည့်တိုက်ထဲသို့ ဆွဲသွင်းခံခဲ့ရသူများ ဖြစ်သည်။ တစ်ယောက်နဲ့ တစ်ယောက် ရန်စနေမည့်အစား ဘာကြောင့် မပူးပေါင်းကြတာလဲ။
ယွဲ့ရှင်းဝမ်၏ ဖော်ရွေသောအကြည့်ကြောင့် ထိုယောင်္ကျားလေးက ရိုးရှင်းစွာ ပြောလာသည်။
"ငါက ဟွာအန်းတက္ကသိုလ်ရဲ့ ဆေးပညာဌာနက ဘွဲ့လွန်ဒုတိယနှစ်ကျောင်းသား လျှိုကျောက်ချင်းပါ…"
ယွဲ့ရှင်းဝမ်သည် ခဏတာ အံ့အားသင့်သွားခဲ့၏။
"… စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်းရဲ့ ထိပ်ဆုံးစာရင်းက ထိပ်ဆုံးကျောင်းသားလား"
သူသည် “စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်း”၏ စာမေးပွဲ အဆင့်သတ်မှတ်ချက်များကို ကြည့်ရှုခဲ့ပြီး ပထမနေရာမှာ ဆေးပညာဌာနမှ လျှိုကျောက်ချင်းဖြစ်သည်။ ဒုတိယသင်တန်းမှာ ထိုသူနဲ့ တိုက်ဆိုင်စွာ တွေ့ဆုံလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ဤဘွဲ့လွန်ကျောင်းသားက အလွန်တော်ပြီး စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်းတွင် 99 မှတ်ရခဲ့သည်။
ယွဲ့ရှင်းဝမ်က ချက်ချင်း ယဉ်ယဉ်ကျေးကျေး နှုတ်ခွန်းဆက်လိုက်သည်။
"မင်္ဂလာပါ စီနီယာအစ်ကို… ကျွန်တော်ကလည်း ဟွာအန်းတက္ကသိုလ်ကပါ… လူမှုဘာသာရပ်များဌာန၊ တရုတ်ဘာသာစကားဌာနက တတိယနှစ်ကျောင်းသားဖြစ်ပြီး ကျွန်တော့်နာမည်က ယွဲ့ရှင်းဝမ်ပါ…"
တစ်ကျောင်းတည်းသားလား။ လျှိုကျောက်ချင်း၏ သဘောထားက သိသိသာသာ ဖော်ရွေလာသည်။
"ဂျူနီယာညီလေးကလည်း ဒီနေရာထဲ ဆွဲသွင်းမခံရခင် ကျောင်းစာကြည့်တိုက်ကို သွားခဲ့တာလား"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြသည်။
"အင်း… ည 10 ကျော်မှာ စာကြည့်တိုက်ကို ရောက်သွားတော့ တစ်ခုခု မှားနေတာကို ကျွန်တော် တွေ့လိုက်ရတယ်… ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကျွန်တော် အပြင်မထွက်နိုင်ခဲ့ဘူး…"
လျှိုကျောက်ချင်း: "ငါက အဲဒီကို ည 9:30 မှာ သွားခဲ့တာ… အချက်အလက်တချို့ကို စစ်ဆေးကြည့်မလို့ဆိုပေမဲ့ ငါ တံခါးထဲ ဝင်လိုက်တာနဲ့ အနီးနားမှာ ဘယ်သူမှမရှိဘူးဆိုတာ သိလိုက်ရတယ်…"
သူတို့နှစ်ယောက်က ခဏလောက် ငြိမ်သက်သွားပြီး လျှိုကျောက်ချင်းက သိချင်စွာ မေးသည်။
"တရုတ်ဘာသာစကားဌာနက ဘာပစ္စည်းရတာလဲ… ယုန်တွေ၊ မျောက်တွေနဲ့ နောက်ဆုံးအဆင့်က boss နှစ်ယောက်ကို ဘယ်လိုဖြေရှင်းပြီး အတန်းအောင်မြင်သွားလဲဆိုတာ ငါ့ကို ပြောပြလို့ရမလား…"
တရုတ်ဘာသာစကားဌာနတွင် အမျိုးအစားအနည်းငယ်သာရှိပြီး တရုတ်ဘာသာစကားဌာနှင့် တွေ့ဆုံသော စီနီယာများက အနာဂတ်မှာ သူတို့အကြောင်း သိလာမည်ဖြစ်သည်။ ထို့အပြင် ဆေးပညာဌာ၏ ဘွဲ့လွန်ကျောင်းသားသည် စမ်းသပ်ခန်းကနေ အမှတ် 99 မှတ်ရခဲ့ပြီး သူသည် အလွန်ထူးချွန်သူဖြစ်ကြောင်း သိသာထင်ရှားပါသည်။ ထိုအရာကိုစဉ်းစားရင်း ယွဲ့ရှင်းဝမ်က သူ့ညာဘက်လက်ကို အနည်းငယ် မြှောက်လိုက်ပြီး အုတ်ခဲတစ်ခုလိုအထူရှိသည့် “ခေတ်သစ် idiom အဘိဓာန်”ကို ထုတ်ကာ ပြုံးရယ်ပြီး ပြောလိုက်သည်။
"ကျွန်တော် သူတို့ကို ဒီအဘိဓာန်နဲ့ ရိုက်လိုက်တာ…"
"..."
လျှိုကျောက်ချင်းက ရှုပ်ထွေးသောအကြည့်ဖြင့် လက်မထောင်ပြပြီး "ကောင်းလိုက်တာ… မင်းရဲ့အဘိဓာန်နဲ့ အရိုက်ခံရရင် တော်တော်နာကျင်မှာပဲ…"
ယွဲ့ရှင်းဝမ်က မေးသည်။
"စီနီယာအစ်ကိုကော ဘယ်လိုလုပ်ခဲ့တာလဲ… စာမေးပွဲကို အမှတ် 99 နဲ့တောင် အောင်မြင်ခဲ့တာ… ဘယ်လိုဖြေခဲ့သလဲဆိုတာ မေးလို့ရမလား"
"ဝင်ခွင့်စာမေးပွဲမှာ အလောင်းကို ခွဲစိတ်ရပြီး saphenous သွေးပြန်ကြောကို ခွဲခိုင်းတယ်… စာမေးပွဲပြီးတော့ ခွဲစိတ်ဓားရခဲ့တယ်… အဲဒီမျောက်တွေကို ငါသတ်ပစ်လိုက်တာ…"
လျှိုကျောက်ချင်းသည် ညာဘက်လက်ကို အနည်းငယ် မြှောက်လိုက်ပြီး ခွဲစိတ်ဓားက ရုတ်တရက် ပေါ်လာသည်။ ခွဲစိတ်ဓားသည် လှံကဲ့သို့ တည့်တည့်ပစ်နိုင်ကာ နံရံတွင် ချက်ချင်း သွားစိုက်သည်။ လက်ဖဝါးကို ရုပ်သိမ်းလိုက်သည်နှင့် ခွဲစိတ်ဓားက သူ့လက်ထဲသို့ ပြန်ရောက်သွားပြီး နောက်တစ်ကြိမ် ပြန်ခေါ်ယူကာ ဆက်၍ ပစ်နိုင်သည်။
အသွားအပြန်လုပ်၍ အဆုံးမရှိသုံးနိုင်သော ခွဲစိတ်ဓားဖြစ်သည်။
ယွဲ့ရှင်းဝမ်က သူ့ကို ချီးကျူးသည်။
"ဓားမြောင်သမားလီရဲ့ ဒဏ္ဍာရီလိုပဲ… တစ်ချက်ပစ်ရင်တောင် ဘယ်တော့မှ ပစ်မှတ်မလွဲဘူး"
လျှိုကျောက်ချင်းက သက်ပြင်းချသည်။
"ပစ်နှုန်းက သိပ်မတိကျဘူး… ဒါက ပထမဆုံးအကြိမ် ခွဲစိတ်ဓားကို လှံတံလိုမျိုး အသုံးပြုတာပဲ…"
ယွဲ့ရှင်းဝမ်: "ကျွန်တော်လည်း အဘိဓာန်နဲ့ လူတစ်ယောက်ကို ပထမဆုံးအကြိမ် ရိုက်ဖူးတာပဲ…"
နှစ်ယောက်သားက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခါးသက်သက် ပြုံးလိုက်ကြသည်။
လျှိုကျောက်ချင်းက မေးလေသည်။
"ဂျူနီယာညီလေး… မင်းရဲ့ အစီအစဉ်က ဘာလဲ… အခြားစာမေးပွဲဖြေဆိုသူတွေကို ရှာဖို့ အပြင်ထွက်ချင်သလား"
ယွဲ့ရှင်းဝမ်က ပြန်ဖြေသည်။
"ဒီစာကြည့်တို
က်စနစ်အကြောင်း ကျွန်တော်တို့ သိပ်မသိကြသေးဘူး… အခြားကျောင်းသားတွေရဲ့ အခြေအနေကို သွားမေးကြမလား"
လျှိုကျောက်ချင်းကလည်း ဒီလိုမျိုး တူညီစွာ တွေးနေခဲ့သည်။
"ကောင်းပြီ… အတူတူ လုပ်ဆောင်ရအောင်…"
#TK