Chapter 7
Viewers 4k

Volume 1 : ဆေးပညာဌာန


Chapter 7 (နှလုံးသွေးကြောဆိုင်ရာလူနာဆောင် ၀၂)


ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့ အတူတူထွက်လာသောအခါ သူတို့ဘေးခန်းရှိ လူနာဆောင်အတွင်းမှ လူများသည် တံခါးဝကနေ ချောင်းကြည့်နေသည်။ သူတို့သည် စိုးရိမ်သောအမူအရာဖြင့် အသက် 20 ခန့်ရှိပြီး အပြစ်မဲ့တက္ကသိုလ်ကျောင်းသားများအား စာကြည့်တိုက်စနစ်မှ နှလုံးသွေးကြောဆိုင်ရာလူနာဆောင်သို့ ဆွဲသွင်းခဲ့တာဖြစ်လိမ့်မည်။ 


ဆရာဝန်များနှင့် သူနာပြုများ အလုပ်များနေပြီး ဆေးရုံဝတ်စုံဝတ်ထားသည့် “တက္ကသိုလ်ကျောင်းသား လူနာများ”သည် စင်္ကြံပတ်ပတ်လည်တွင် အတွဲလိုက်လျှောက်သွားနေကြသည်။ လူတိုင်းက အစမှအဆုံး နှလုံးသွေးကြောဆိုင်ရာလူနာဆောင်ကို တိတ်တဆိတ် လှည့်ပတ်ကြည့်ရှုကာ လူနာဆောင်၏ ပတ်ဝန်းကျင်ကို ဦးစွာ သိရှိခဲ့ကြသည်။


ယွဲ့ရှင်းဝမ်သည် အဘိဓာန်နောက်ကျောမှ စာရွက်အလွတ်တစ်ရွက်ကို ‌ဆုတ်ဖြဲလိုက်ပြီး စာရွက်ဖြူပေါ်တွင် မြေပုံဆွဲရန် ဘောပင်တစ်ချောင်းကို ရှာလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ့အဘိဓာန်မှာ သူ့ဘာသာသူ ပြုပြင်နိုင်သည့် စွမ်းရည်ရှိပြီး စာရွက်အပိုင်းအစ အနည်းငယ်ကို ဆုတ်ဖြဲပြီး ပြန်ဆင့်ခေါ်ပါက ပြန်ကောင်းသွားလိမ့်မည်။


နှလုံးသွေးကြောဆိုင်ရာလူနာဆောင်သည် ကြီးမားသောဧရိယာရှိပြီး “回” ပုံသဏ္ဌာန်စင်္ကြံတည်ဆောက်မှုဖြစ်သည်။


ဘယ်ညာတွင် လူနာဆောင်များရှိသည်။ ၎င်းတို့အနက် ဘယ်ဘက်အောက်ထောင့်ရှိ ကုတင်နံပါတ် 1 နှင့် ညာဘက်အောက်ထောင့်ရှိ ကုတင်နံပါတ် 2 တို့က ကုတင်တစ်လုံးတည်းရှိသော VIP လူနာဆောင်များဖြစ်သည်။ ကျန်လူနာဆောင်များတွင် ဘယ်ညာတစ်ဖက်စီ၌ အခန်း 8 ခန်း ရှိပြီး တစ်ပြေးညီပုံစံဖြင့် တစ်ခန်းကို ကုတင် 3 လုံးနဲ့ ရေချိုးခန်းပါရှိသည်။ ဘယ်ဘက်စင်္ကြံတွင် ကုတင် 24 လုံး၊ ညာဘက်စင်္ကြံတွင် ကုတင် 24 လုံးနှင့် ထောင့်နားရှိ VIP အခန်း 2 ခန်းအပါအဝင် လူနာဆောင်တစ်ခုလုံး၌ စုစုပေါင်း ကုတင်အလုံး 50 ရှိသည်။


“回” ပုံသဏ္ဌာန်ဖွဲ့စည်းပုံ၏အထက်တွင် ဆရာဝန်ရုံးခန်း၊ ဆရာဝန်များ၏ ဂျူတီအခန်း၊ အစည်းအဝေးခန်း၊ ရေထုတ်စက် ထားရှိသောနေရာစသည်ဖြင့် ဆရာဝန်များ၏ လုပ်ငန်းခွင်ဧရိယာဖြစ်ပြီး အောက်ဖော်ပြပါဧရိယာသည် နှလုံးသွေးကြောဆိုင်ရာလူနာဆောင်၏ အဓိကဝင်ပေါက်ဖြစ်သည်။ ဤအချိန်တွင် တံခါးကို သော့ခတ်ထားပြီး တံခါးတွင် “မိသားစုဝင်များလည်ပတ်ချိန်: ညနေ 3:00 မှ ညနေ 5:00” ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲထားသည်။ အဓိကဝင်ပေါက်ဘေးတွင် သူနာပြုများဌာန၊ ဆေးစပ်ခန်းနှင့် ဆေးကုသခန်းတို့ရှိသည်။ “ကုတင်နံပါတ် 17 – ယွဲ့ရှင်းဝမ် – အသက် 20 အရွယ် အမျိုးသား”ကဲ့သို့သော လူ‌နာဆောင်ရှိ လူနာအားလုံးအတွက် အတိုချုံးအချက်အလက်များပါရှိသည့် light board က သူနာပြုများ၏ဌာနတွင် ရှိသည်။


ကုတင်အလုံး 50 မှ လူနာများအားလုံး ပါဝင်သည်။ ယွဲ့ရှင်းဝမ်သည် ဘုတ်ပြားကို တစ်ချက်ကြည့်လိုက်ပြီး အဓိကအချက်အလက်ကို စာရွက်ပေါ်တွင် အမြန်ချရေးလိုက်သည်။ ကုတင်နံပါတ် 48 တွင် အလွန်ရင်းနှီးသော နာမည်ဖြစ်သည့် ခယ်ရှောင်ပင်းကို သူတွေ့ရှိခဲ့သည်။


ကွန်ပျူတာသိပ္ပံဌာနမှ ခယ်ရှောင်ပင်းနဲ့ သူတကယ်ပဲ သင်တန်းတူနေတာလား။ ယွဲ့ရှင်းဝမ်သည် ခဏတာ အံ့အားသင့်သွားပြီး နောက်ပိုင်းတွင် ဒီတစ်ကျောင်းတည်းသားကို ရှာဖွေရန် စီစဉ်ခဲ့သည်။


နှလုံးသွေးကြောဆိုင်ရာလူနာဆောင်ထဲမှ လူနာအများစုမှာ သက်ကြီးရွယ်အိုများဖြစ်သည်။


သို့သော် ဘယ်ဘက်စင်္ကြံရှိ ကုတင်နံပါတ် 3၊ ကုတင်နံပါတ် 4၊ ကုတင်နံပါတ် 16၊ ကုတင်နံပါတ် 17၊ ကုတင်နံပါတ် 25 နှင့် ကုတင်နံပါတ် 26 အပါအဝင် ညာဘက်စင်္ကြံရှိ ကုတင်နံပါတ် 34၊ ကုတင်နံပါတ် 35၊ ကုတင်နံပါတ် 48၊ ကုတင်နံပါတ် 49 တို့သည် အသက် 20 အရွယ်လူငယ်များ ဖြစ်ကြသည်။ ထိုအထဲမှာ လူ 10 ယောက်ပါရှိပြီး သူတို့အားလုံးသည် လျှိုကျောက်ချင်းနှင့် ယွဲ့ရှင်းဝမ်တို့လိုမျိုး တက္ကသိုလ်ကျောင်းသားများ ဖြစ်ကြသည်။


ဆိုလိုသည်မှာ သူတို့၏အတန်းဖော် 10 ယောက်ကို လူနာဆောင်ငါးခုမှာ အတွဲလိုက်ခွဲထားပြီး လူနာဆောင်များက ဝေးကွာနေသည်။ သတင်းတွေကို ချက်ချင်းဖလှယ်ရတာ အဆင်မပြေပေ။ 


ယွဲ့ရှင်းဝမ်သည် မြေပုံနှင့် အတန်းဖော် အချက်အလက်ကို ထပ်မံစစ်ဆေးပြီးနောက် လျှိုကျောက်ချင်းနှင့်အတူ ဘယ်ဘက်အပေါ်ထောင့်ရှိ နားနေဧရိယာဆီသို့ လျှောက်သွားခဲ့သည်။


နားနေဧရိယာများတွင် ထိုင်ခုံနှစ်တန်းရှိပြီး ထိုအချိန်မှာ တစ်ယောက်မှ မရှိပေ။ ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့သည် ထိုနေရာတွင် ထိုင်ပြီးနောက် ဆေးရုံဝတ်နဲ့ လူငယ်တချို့သည် လူနာဆောင်တစ်ခုလုံးကို လှည့်ပတ်ကာ ဤဘက်သို့ ဖြည်းညှင်းစွာ လျှောက်လာသည်။


တဖြည်းဖြည်းနှင့် ကျန်သည့်နေရာများက လူ 8 ယောက်၊ အမျိုးသား 4 ယောက်နဲ့ အမျိုးသမီး 4 ယောက် စုရုံးလာကြသည်။


တက္ကသိုလ်ကျောင်းသား လူငယ်များအားလုံးမှာ နှလုံးရောဂါကြောင့် ဖြူဖျော့နေကြသည်။ ပိန်ပိန်ပါးပါး ကောင်လေးက မျက်မှောင်ကြုတ်ပြီး သူ့ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ဖိထားကာ သူ့နှလုံးက ပြန်နာလာပုံရသည်။


အစကတော့ လူတိုင်းသည် စကားမပြောဘဲ ငြိမ်ငြိမ်လေး ထိုင်နေကြသည်။


ဆံပင်ကို အနောက်မှ စုစည်းထားသည့် အရပ် 155 စင်တီမီတာခန့်မြင့်သော ပိန်လှီသောမိန်းကလေးက ရုတ်တရက် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"တစ်ဆိတ်လောက်… ရှင်တို့ အားလုံးက ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်ကလားဟင်… ကျွန်မက မူလတန်းပညာရေးဘာသာရပ်နဲ့ ဒုတိယနှစ်ကျောင်းသူပါ… နာမည်က လျှိုရှောင်းရှောင်းဖြစ်ပြီး ကုတင်နံပါတ် 4 ကပါ…"


ထိုစကားများထွက်လာသည်နှင့် တစ်ပြိုင်နက် သူတို့ပတ်ဝန်းကျင်ရှိ လူများ၏အမူအရာများက ရုတ်တရက်ပြောင်းလဲသွားသည်။


သူမ၏ ဆန့်ကျင်ဘက်မှာ ထိုင်နေသည့် ဝက်ခြံအနည်းငယ်ရှိသော ကျောင်းသားက ချက်ချင်းဆိုသလို ‌ပြောသည်။

"ငါကတော့ ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်က မဟုတ်ပါဘူး… ငါက ရူပနက္ခတ္တဗေဒဘာသာရပ်နဲ့ ကျိုတိုတက္ကသိုလ်က စတုတ္ထနှစ်ကျောင်းသားပါ… ငါ့နာမည်က ကျုံ့ယွီဟန်ဖြစ်ပြီး ကုတင်နံပါတ် 25 ကပါ…"


ထိုကျောင်းသား၏ နာမည်က ‘ယွီဟန်’ဖြစ်ပြီး သူက ရူပနက္ခတ္တဗေဒဘာသာရပ်ကို သင်ယူနေသူဖြစ်သည်။ သူ့မိဘတွေက သူ့နာမည်နဲ့ပတ်သက်ပြီး တော်တော် အမြော်အမြင်ရှိကြသည်။

[TK: ယွီဟန် = အာကာသလေယာဉ်ပျံ]


သူ့စကားကိုကြားတော့ လှပသည့်ဆံပင်ကောက်ကောက်နဲ့ ကျောင်းသူတစ်ယောက်က သူ့ကိုကြည့်ရင်း ပြောသည်။

"မင်္ဂလာပါ စီနီယာအစ်ကို… ကျွန်မကလည်း တိုကျိုတက္ကသိုလ်ကဖြစ်ပြီး ဆက်သွယ်ရေးအင်ဂျင်နီယာဘာသာရပ်ကို သင်ယူနေသူပါ… ကျွန်မနာမည်က ချွီဝေးဝေးဖြစ်ပြီး တတိယနှစ်ကျောင်းသူပါ… ကျွန်မက ကုတင်နံပါတ် 3 ကပါ…"


တစ်ကျောင်းတည်းသားနှစ်ဦးက ရှုပ်ထွေးသော အကြည့်ချင်း ဖလှယ်နေကြသည်။


"ရှင်းကျိုးတက္ကသိုလ်က ဒြပ်ဝတ္ထုဓာတုဗေဒဘာသာရပ်နဲ့ စတုတ္ထနှစ်ကျောင်းသားဖြစ်ပြီး ကုတင်နံပါတ် 24 ကပါ…"

သူ့ရင်ဘတ်ကို ဖိထားသည့် ပိန်ပိန်ပါးပါးနဲ့ ကျောင်းသားက နှလုံးဝေဒနာ အနည်းငယ် သက်သာလာ၍ သူ့လက်ကိုရုတ်သိမ်းကာ အဆင်မပြေစွာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

"တစ်ကျောင်းတည်းကလူတွေများရှိကြလား"


"ကျွန်မ နာမည်က ချင်လု… နန်ယန်ကျောင်းထုံးတက္ကသိုလ်မှာ ပထဝီဝင်စီမံကိန်းဘာသာရပ်ကို သင်ယူနေသူပါ…"

သူ့ဘေးနားရှိ ဆံပင်တိုတိုနဲ့ ကျောင်းသူက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။


"ချင်းချန်တက္ကသိုလ်… ဆေးပညာဌာနက တတိယနှစ်ကျောင်းသူပါ… ကျွန်မတို့က ကုတင်နံပါတ် 34, 35 ကပါ…"

သူမနှင့်အတူထိုင်နေသော ဆံပင်ရှည်ရှည် ကျောင်းသူက ဆက်ပြောလိုက်သည်။


ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့သည် သတင်းများမေးမြန်းရန် ဤနေရာသို့ရောက်ရှိနေသောကြောင့် သူတို့ကိုယ်တိုင် မိတ်ဆက်အကျဉ်းချုံး ပြုလုပ်ခဲ့ကြသည်။ သူနာပြုဌာနတွင် လူနာဆောင်ရှိ လူနာအားလုံးနှင့် ပတ်သက်သော အချက်အလက်များ ပါရှိသောကြောင့် သူတို့၏ အမည်များနှင့် ကုတင်နံပါတ်များကို ဖုံးကွယ်ထားရန် မလိုအပ်ပေ။


အားလုံးက သူတို့ကိုယ်သူတို့ မိတ်ဆက်ပြီး တစ်ယောက်နဲ့တစ်ယောက် ကြည့်နေကြသည်။


ခဏအကြာတွင် ရူပဗေဒဌာနမှ ကျုံ့ယွီဟန်သည် မထိန်းနိုင်တော့ဘဲ ဆဲလိုက်တော့သည်။

"Fuck… ငါတို့ကျောင်းက ကံမကောင်းလို့ စာကြည့်တိုက်ထဲကို ရောက်သွားတာလို့ ငါ‌ထင်ခဲ့တာ… ငါတို့ စာကြည့်တိုက်က ရုတ်တရက်ကြီး ပြောင်းလဲသွားတယ်… ဒါဆို အခြားကျောင်းတွေလည်း ရှိသေးတာလား"


ယွဲ့ရှင်းဝမ်သည် “စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်း”၏ သင်တန်းအဆင့်သတ်မှတ်ချက်မှာ “ဟွာအန်းတက္ကသိုလ်၏ အမှတ်စာရင်း”ကိုသာ မြင်ခဲ့ရပြီး ‌သူ၏ကျောင်းနေဖက်များနှင့် ပြည့်နက်နေသည်။ ထိုအချိန်တုန်းက သူတို့ကျောင်း၏ စာကြည့်တိုက်မှာ ပြဿနာတစ်ခုခုရှိနေသည်ဟု သူထင်ခဲ့သည်။ ယခုအခါ စာကြည့်တိုက်သည် နိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်များမှ လူများကို အတင်းအကျပ် ဆွဲသွင်းခဲ့ပုံရသည်။


ဤကျောင်းသားများသည် ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်၊ နန်ယန်ကျောင်းထုံးတက္ကသိုလ်၊ ကျိုတိုတက္ကသိုလ် စသည်တို့ကဲ့သို့ နိုင်ငံတစ်ဝှမ်းမှ လာသူများဖြစ်ပြီး သူတို့အားလုံးသည် ယွဲ့ရှင်းဝမ် တည်ရှိသည့် တက္ကသိုလ်ကဲ့သို့ ပြည်နယ်အသီးသီးမှ တက္ကသိုလ်များဖြစ်သည်။ တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များ၏ စာကြည့်တိုက်များက ညတွင်းချင်း ဘယ်လိုလုပ်ပြောင်းလဲသွားရသနည်း။ ဒီလို‌ကြီးမားသောစွမ်းအားမျိုး ဘယ်သူ့မှာရှိမည်နည်း။


ရောက်လာကြသော ကျောင်းသားများသည် ဤမေးခွန်းကိုပင် တွေးတောနေပုံရသည်။


ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်မှ လျှိုရှောင်းရှောင်းက အသံတိုးတိုးဖြင့် ဆက်မေးသည်။

"လူတိုင်းက ညဘက်မှာ စာကြည့်တိုက်ကိုသွားပြီး အပြင်ထွက်မရတော့တာလား"


အားလုံးက သက်ပြင်းချကြသည်။

"ဟုတ်တယ်… ငါက စာကြည့်တိုက်ကို ဖြတ်သွားရင်း စာအုပ်ငှားဖို့ ဝင်သွားတာ…"


"နောက်ဆုံးစာမေးပွဲအတွက် self-studyလုပ်ဖို့ စာကြည့်တိုက်ကို သွားခဲ့တာ… ဒါပေမဲ့ ငါအိပ်ပျော်သွားပြီး မတော်တဆ ပြုတ်ကျပြီး လန့်နိုးလာတော့ အပြင်ထွက်မရတော့ဘူး…"


"ငါက စာကြည့်တိုက်ကို စာအုပ်ပြန်ထားဖို့ သွားတာ…"


လျှိုရှောင်းရှောင်းက သူမ၏ဖြူဖျော့ဖျော့နှုတ်ခမ်းကို ကိုက်ကာ ပြောသည်။

"ကျွန်မတို့ကျောင်းမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးတာတွေ မရှိဘူး… ဒါပေမဲ့ ပထမသင်တန်းပြီးတဲ့အခါ ကျောင်းရဲ့အမှတ်စာရင်းကို တွေ့တော့ ကျွန်မရဲ့တစ်ကျောင်းတည်းသားတွေ အများကြီး ဆွဲသွင်းခံရတာကို တွေ့လိုက်ရတယ်… အားလုံးလည်း အတူတူပဲလား"


လူတိုင်းက ခေါင်းငြိမ့်ပြသည်။


ကျုံ့ယွီဟန်က စတင်ပြီး ဆဲဆိုပြန်သည်။

"အချက်အလက်တွေကို စစ်ဆေးဖို့ စာကြည့်တိုက်ကို ငါနေ့တိုင်းသွားခဲ့တာ… နောက်ဆုံးတော့ ငါ့ရဲ့စာတမ်းတစ်ဝက်ကို ရေးပြီးတဲ့နောက် ငါ ဒီသောက်ချီးလိုနေရာမှာ ပိတ်မိသွားတယ်"

ရူပဗေဒဌာနမှ စီနီယာအစ်ကိုသည် အလွန်စိတ်တိုလွယ်၏။ သူ့မျက်နှာက ဝက်ခြံအနည်းငယ်သည် သူ့စာတမ်းကို နောက်ကျသည်အထိ ရေးနေခဲ့တာကြောင့် အလုပ်ချိန်မမှန်တာ ဖြစ်နိုင်သည်။


ဓာတုဗေဒဌာနမှ ကျောင်းသားက ခါးသက်သက်ဆို၏။

"ငါက စတုတ္ထနှစ်ရဲ့ နောက်ဆုံးစာမေးပွဲအတွက် ပြင်ဆင်နေတာ… မနက်ဖြန် “Organic Chemistry”စာမေးပွဲကို ဖြေဆိုတော့မှာ… ဒီသင်တန်းကို ငါအရင်ကကျထားလို့ ပြန်ဖြေရမှာ… ဒီတစ်ခေါက်ထပ်ကျရင် ငါ ဘွဲ့ရတော့မှာ မဟုတ်ဘူး…"


ပထဝီဌာမှ ချင်လုက မျက်မှောင်ကြုတ်သွားသည်။

"ကျွန်မက ကျွန်မအချစ်ဆုံးသူငယ်ချင်းနဲ့ စကားများပြီး တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်နေချင်တာကြောင့် စာကြည့်တိုက်ကို သွားခဲ့ပေမဲ့ ဒီထူးဆန်းတဲ့နေရာကို ဆွဲသွင်းခံခဲ့ရတယ်…"


ယွဲ့ရှင်းဝမ်က လူတိုင်းကို တစ်ချက်ကြည့်လိုက်ပြီး အေးအေးဆေးဆေး လေသံဖြင့်ပြောသည်။

"ငါက စာကြည့်တိုက်မှာ တစ်လလောက်ကြာအောင် စာတမ်းတစ်စောင်ရေးနေခဲ့တာ… နောက်ဆုံးတော့ ပြီးသွားခဲ့ပြီး ဆရာကိုတော့ မအပ်ရသေးဘူး… စာကြည့်တိုက်မှာ ငါ့ဖုန်းအသစ်ကျန်ခဲ့တာနဲ့ ပြန်သွားယူရင်း ဖုန်းကိုရှာမတွေ့ခင် ဒီနေရာဆီ ဆွဲသွင်းခံခဲ့ရတာ…"


လူတိုင်း: "…"


ဒီအရာက ဘယ်သူသနားစရာအကောင်းဆုံးဆိုသည့် ပြိုင်ပွဲများလား။


လျှိုကျောက်ချင်းက ခေါင်းယမ်းကာ သက်ပြင်းချသည်။

"ဟင်း… ငါတို့အားလုံးက ကံမကောင်းတာပဲ…"


ယွဲ့ရှင်းဝမ်၏ စိတ်ပိုင်းဆိုင်ရာက အတော်လေး ကောင်းမွန်နေပြီး ခေါင်းစဉ်ပြောင်းကာ ခွဲခြမ်းစိတ်ဖြာကြည့်သည်။

"စာကြည့်တိုက်စနစ်ဟာ နိုင်ငံတစ်ဝှမ်းက တက္ကသိုလ်တွေရဲ့ လူတွေကို ဆွဲသွင်းခဲ့တာ… ကျောင်း‌တွေအများကြီးက ကျောင်းသားတွေအများကြီး တစ်ချိန်တည်းမှာ ပျောက်ကွယ်သွားတာက နိုင်ငံတစ်ခုလုံးကို ရိုတ်ခတ်စေနိုင်မဲ့ သတင်းမျိုးဖြစ်သင့်တယ်… ဒါဆို ဘာလို့ ဘာသတင်းမှမထွက်ရတာလဲ… ငါတို့ကျောင်းမှာလည်း ဒီကိစ္စကို ဆွေးနွေးတာမျိုး မရှိဘူး… စာကြည့်တိုက်ထဲကို ဝင်လာတဲ့ ကျောင်းသားတွေကို လက်တွေ့ကမ္ဘာက မေ့သွားကြပြီလား"


လူတိုင်း၏ကျောရိုးတစ်လျှောက် အေးစိမ့်နေပြီး သူတို့သည် စမ်းသပ်မှုတစ်ခုအတွက် နတ်ဆိုးမှ ရွေးချယ်ထားသော ပူးတစ်ကောင်ကဲ့သို့ အမြဲခံစားရသည်။ သူတို့၏ အသိဉာဏ်အတိုင်းအတာထက်ကျော်လွန်ပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတချို့က ဤအရာအားလုံးကို ထိန်းချုပ်ထားသည်။


လျှိုရှောင်းရှောင်းက အသံတိုးတိုးဖြင့် ပြန်ပြောသည်။

"ကျွန်မက သာမန်ကျောင်းသူတစ်ယောက်ပါ… ဒါတွေကို ကျွန်မ သိပ်မသိဘူး… ဉာဏ်ရည်ထက်မြက်တဲ့ ဂြိုဟ်သားသတ္တဝါတစ်ကောင်က ကျွန်မတို့ကို သူတို့ရဲ့ လေးဖက်မြင်အာကာသထဲ စုပ်ယူလိုက်တာများလား"


ကျုံ့ယွီဟန်၏ မျက်ခုံးများက လှုပ်ယမ်းသွားပြီး အသံအောအောဖြင့် ပြောသည်။

"လူသားတွေက စကြာဝဠာကြီးကို နှစ်ပေါင်းများစွာ စူးစမ်းနေခဲ့ကြပေမဲ့ ဉာဏ်ရည်မြင့်မားတဲ့ ပြင်ပသတ္တဝါတွေကို ဘယ်တုန်းကမှ မတွေ့ခဲ့ရဘူး… ဒါက ဂြိုဟ်သားတွေရဲ့ ကျူးကျော်တိုက်ခိုက်မှု မဖြစ်နိုင်ဘူး… ဒါ့အပြင် ဂြိုဟ်သားယဉ်ကျေးမှုတွေနဲ့ ကမ္ဘာမြေယဉ်ကျေးမှုတွေက လုံးဝမတူညီနိုင်ဘူး… စာကြည့်တိုက်စနစ်မှာ ငါတို့ဘာသာရပ်တွေရဲ့ အချက်အလက်စာအုပ်တွေ အားလုံးရှိပြီး တကယ်လို့ ငါတို့ ဖြေရှင်းချက်တစ်ခုရှာရမယ်ဆိုရင် ဒီအရာအားလုံးက ငါတို့သောက်လူသားတွေ ပြုလုပ်တဲ့အရာပဲလို့ ငါပြောချင်တယ်…"


လူတိုင်း: "…"


စိတ်တိုလွယ်သော ရူပဗေဒဌာနစီနီယာအစ်ကို၏ စကားက အလွန်သင့်လျော်သည်။ ဂြိုဟ်သားများသည် တက္ကသိုလ်တိုင်း၏ ဘာသာရပ်တစ်ခုစီက ထူးခြားသောလက္ခဏာများနှင့် အားလုံးအတွက် လဲလှယ်နိုင်သည့် နံရံလေးဘက်ရှိ အချက်အလက်စာအုပ်များကို သိနိုင်မည်လား။ ဂြိုဟ်သားများသည် ကမ္ဘာမြေကြီးကို ချက်ချင်းမဖောက်ခွဲဘဲ ဒီလိုလုပ်ရန် အချိန်အလွန်ပေါနေမည်လား။


ထိုအကြောင်းပြချက်ကို တင်ပြသည့် လျှိုရှောင်းရှောင်းက ရှက်သွားသည်။

"ကျွန်မက ဒီအတိုင်းပြောကြည့်ရုံပါ… ကျွန်မက သိပ္ပံဇာတ်ကားတွေ အရမ်းကြည့်ဖူးတယ်…"


ယွဲ့ရှင်းဝမ်က တည်ငြိမ်စွာ ပြောသည်။

"ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် လူတိုင်းက စာကြည့်တိုက်ကို ရောက်လာကြပြီဆိုတော့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း အဆင့်တွေကို ကျော်ဖြတ်ဖို့ အကောင်းဆုံးကြိုးစားကြတာပေါ့… စာကြည့်တိုက်ကနေ Credit 100 ရပြီးမှသာ အပြင်ထွက်နိုင်မှာ… ငါတို့ ဒီကနေထွက်နိုင်ရင် ‌ဒီစာကြည့်တိုက်တည်ရှိရခြင်းရဲ့ အကြောင်းရင်းနဲ့ ငါတို့ကို ခေါ်ယူရတဲ့ ရည်ရွယ်ချက်ကို နားလည်ချင်နားလည်နိုင်မှာပါ…"


‌ထိုကျောင်းသားက ချောမောပြီး သူ့အသံက ကြည်လင်သည်။ သူ့မျက်လုံးများသည် ငြိမ်သက်နေပြီး သူ့ဆီကနေ နောက်ထပ် စကားပြောတာကို ကြားချင်အောင် လူများအား ပြုလုပ်နိုင်သည်။


အားလုံးက ခေါင်းငြိမ့်သဘောတူကြသည်။

"ဟုတ်တယ်… ငါတို့အားလုံး ‌ဒီရောက်နေပြီဆိုတော့ အရင်ထွက်ဖို့ နည်းလမ်းရှာကြတာပေါ့…"


"ဟုတ်တယ်… ငါတို့ ဘယ်လိုဝင်လာသလဲဆိုတာကို တွေးနေတာက အသုံးမဝင်ဘူး… ဒီလိုသဘာဝလွန်ဖြစ်ရပ်မျိုးက ရှင်းပြရခက်လွန်းတယ်…"


"ငါတို့ ဒီကနေထွက်သွားနိုင်ရင် ဒီသောက်စာကြည့်တိုက်က ဘာလဲဆိုတာကို ငါတို့ သေချာပေါက် အဖြေရှာကြည့်မယ်"


သို့သော် မူလတန်းပညာရေး၊ ရူပနက္ခတ္တဗေဒ၊ ဆက်သွယ်ရေးအင်ဂျင်နီယာ၊ ပထဝီဝင်စီမံကိန်း၊ ဒြပ်ဝတ္ထုဓာတုဗေဒနှင့် တရုတ်ဘာသာစကားမှ ကျောင်းသားတစ်စုသည် နှလုံးသွေးကြောဆိုင်ရာရောဂါကို မည်မျှ နားလည်နိုင်မည်နည်း။ ကံမကောင်းထောက်မစွာ ဆေးပညာဌာနမှ လူနှစ်ဦးရှိသည်။


‘ငါတို့တွေ မင်းတို့ကို အားကိုးမယ်နော်’ဟု ပြောနေသကဲ့သို့ လူတိုင်းက ဆေးပညာဌာနမှ လူနှစ်ဦးဆီ လှည့်ကြည့်လာကြသည်။


ဆေးပညာဌာနမှ ကျောင်းသူသည် ခါးသပ်သပ်ပြုံးကာ လက်ကိုဝှေ့ယမ်းလေသည်။

"ကျွန်မကို မကြည့်ပါနဲ့… ကျွန်မက လက်တွေ့ဆေးကုသခြင်းကို သင်ယူနေတာမဟုတ်ဘူး မေ့ဆေးပေးခြင်းကို သင်ယူနေတာ… ကျွန်မက သတ်မှတ်ထားတဲ့ ပစ်မှတ်ကို မေ့ဆေးပေးလိုက်ရုံပဲ… “စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်း”သင်တန်းမှာ မျောက်တွေကို မေ့ဆေးပေးပြီး ကျွန်မ အောင်မြင်ခဲ့တာ… ‌ဒီနှလုံးသွေးကြောဆိုင်ရာသင်တန်းကို ကျွန်မ တကယ် မကူညီနိုင်ဘူး…"


အကူအညီတောင်းရန် သူမဘေးရှိ လျှိုကျောက်ချင်းအား လှမ်းကြည့်လေသည်။

"ကံကောင်းစွာနဲ့ လက်တွေ့ဆေးကုသခြင်းဘာသာရပ်ရဲ့ ဘွဲ့လွန်အစ်ကိုရှိသေးလို့… ရှင့်မှာ ဘာအကြံဉာဏ်တွေရှိလဲ"


လျှိုကျောက်ချင်းက သူ့လက်များကိုဖြန့်ကာ အကူအညီမဲ့စွာ ကြည့်နေသည်။

"ငါက အရိုးအထူးကုဆရာဝန်တစ်ယောက်ပါ… ငါ့ရဲ့သုတေသနလမ်းညွှန်ချက်က အရိုးအကျိတ်တွေ… ဆေးပညာလောကက ကျွမ်းကျင်မှုမတူတာနဲ့ ကမ္ဘာကြီးတွေ ခြားသွားသလိုပဲ… ပြီးတော့ ငါက နှလုံးသွေးကြောဆိုင်ရာရောဂါမှာ ကျွမ်းကျင်သူမဟုတ်ဘူး… ဒါ့အပြင် ဒီစာကြည့်တိုက်က ဖဲချပ်ကစားသလို ယုတ္တိရှိတဲ့အရာတွေ မကစားတာကြောင့် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ ဘယ်သူမှမသိဘူး… ဥပမာအားဖြင့် “စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်း”သင်တန်းမှာ virus က တိရစ္ဆာန်တွေကို ပြောင်းလဲစေခဲ့တယ်… ဆေးပညာကို ငါနှစ်အတော်ကြာအောင် လေ့လာခဲ့ပေမဲ့ ဒါမျိုး တစ်ခါမှ မကြားဖူးဘူး… ဒါမျိုးကို စာကြည့်တိုက်က လုပ်ထားမှန်း သိသာပါတယ်…"


လူတိုင်း: "…"


ပတ်ဝန်းကျင်က တိတ်ဆိတ်သွားပြန်သည်။


လက်တွေ့ဆေးကုသခြင်း ကျောင်းသားတစ်ဦးကို ရှိနေရန်မှာ အလွန်ခက်ခဲနေသော်လည်း ဘွဲ့လွန်အစ်ကိုက အရိုးအထူးကုကို လေ့လာခဲ့သည်။ သူတို့တွေ ဘာလုပ်သင့်သနည်း။


ယွဲ့ရှင်းဝမ်က ခေါင်းငုံ့ကာ ခဏလောက်စဉ်းစားနေသည်။

"ဒီစာမေးပွဲက ငါတို့ကို 5 ရက်လောက် အသက်ရှင်ရမယ်လို့ ပြောထားပြီး ငါတို့အားလုံးကို နှလုံးရောဂါရအောင် လုပ်ထားတယ်… ငါတို့ရဲ့ စိတ်ခံစားချက်တွေကို လှုံ့ဆော်ပေးတဲ့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ အများကြီးရှိနိုင်တယ်… ဘာပဲဖြစ်ဖြစ် အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့… အစာစားတာကိုလည်း သတိထားသင့်ပြီး လူတိုင်း ကံကောင်းကြဖို့ ငါမျှော်လင့်တယ်…"


အားလုံးက သက်ပြင်းချကြသည်။

"ငါတို့မှာ ရွေးချယ်စရာ ဒါပဲရှိတာပေါ့…"


ယွဲ့ရှင်းဝမ်က တည်ငြိမ်စွာ ခေါင်းစဉ်ကိုပြောင်းလိုက်ပြီး ပထမသင်တန်း၏ စာမေးပွဲအခြေအနေနှင့် ပတ်သက်၍ မေး‌သည်။

"လူတိုင်း ဆေးပညာဌာနရဲ့ ပထမသင်တန်းကို ဘယ်လိုအောင်ခဲ့ကြတာလဲ… ငါက တရုတ်ဘာသာစကားဌာနရဲ့ အဘိဓာန်စာအုပ်ကိုသုံးပြီး ‌ပြောင်းလဲသွားတဲ့သူတွေကို မေ့လဲအောင်ရိုက်ခဲ့တာ…"


ကျုံ့ယွီဟန်: "ငါက ရူပဗေဒဌာနက သံလိုက်နဲ့ အချိန်ဆွဲခဲ့တာ… သံလိုက်ရဲ့ အစွန်းနှစ်ဖက်က မျောက်ကို အဝေးရောက်အောင် ဆွဲသွားနိုင်ဖို့ သတ်မှတ်ထားတဲ့ နေရာမှာ ပူးထားနိုင်တယ်… ဒီတော့ ပထမသင်တန်းကို အတော်လေး လွယ်လွယ်ကူကူနဲ့ ဖြတ်ကျော်နိုင်ခဲ့တယ်…"


လျှိုရှောင်းရှောင်းက ပြောသည်။

"ကျွန်မက အတန်းသင်ခန်းစာမှတ်စုတွေကို ရခဲ့ပြီး မျောက်တွေကို လမ်းလျှောက်ရင်း သင်ခန်းစာတစ်ခုကို သင်ပေးခဲ့တယ်… သင်ခန်းစာကို သူတို့တွေကို နားထောင်ခိုင်ပြီး စက္ကန့်အနည်းငယ် မတ်တတ်ရပ်ဖို့ အပြစ်ပေးခဲ့တယ်…"


လူတိုင်း: "…"


ပညာရေးဘာသာရပ်မှ ကျောင်းသူက အလွန်မိုက်၏။ သူမက အရူးမျောက်တွေကိုတောင် စာသင်ပေးနိုင်သည်။


ဆက်သွယ်ရေးအင်ဂျင်နီယာမှ ကျောင်းသူသည် ချောင်းဟန့်ကာ ပြောလေသည်။

"ကျွန်မက 5G အချက်ပြတာဝါတိုင်ကို ထောင်လိုက်ပြီး မျောက်တွေက အဲဒီအပေါ် ကုတ်တက်ကြတယ်… နောက်ဆုံး boss ကိုတော့ အနည်းငယ်ရှောင်ရှားရင်း ဒဏ်ရာရအနည်းငယ်ရသွားပြီး အမှတ်သိပ်မမြင့်ခဲ့ဘူး…"


ပထဝီဝင်စီမံကိန်းဘာသာရပ်မှ ချင်လုက တည်ငြိမ်စွာ ဆိုသည်။

"ကျွန်မက စမ်းသပ်ခန်းကို ကမ္ဘာကြီးရဲ့ အဓိကကျောက်ထုလွှာ ‌ငါးခုအဖြစ် ခွဲထုတ်လိုက်ပြီး ကျောက်ထုလွှာလှုပ်ရှားမှုကို အသုံးပြုပြီးတော့ သူတို့ဆီကနေ ဝေးဝေးရွေ့သွားခဲ့ပြီး သူတို့က ကျွန်မကို အမီမလိုက်နိုင်ခဲ့ဘူး…"


ဓာတုဗေဒဌာနမှ ကျောင်းသာက ပြောသည်။

"ငါက သူတို့ကို sulfuric acid နဲ့ တိုက်ရိုက်ပက်ခဲ့တာ…"


အနီးနားရှိ ကျောင်းသားများက လက်မထောင်ပြကြသည်။

"ဒါက အရမ်းရက်စက်တာပဲ"


လူတိုင်းက ‘မင်းငါ့ကိုကြည့်တယ်၊ ငါမင်းကိုကြည့်တယ်’ ပုံစံဖြင့် သူတို့၏ခံစားချက်များက တော်တော်ရှုပ်ထွေးနေကြသည်။

 

ကျောင်းမှာ စာမေးပွဲဖြေတိုင်း စာမေးပွဲခန်းက အလွန်တိတ်ဆိတ်နေသည်။ တက္ကသိုလ်ကျောင်းသားတစ်ဦးသည် စာမေးပွဲတွင် လိမ်လည်လှည့်ဖြားသည်နှင့် တစ်ပြိုင်နက် ဘွဲ့ဒီဂရီရရှိရန် အရည်အချင်းမပြည့်မီတာ ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် သူတို့သည် အလကားမဖြစ်စေရန် တက္ကသိုလ်တွင် လေးနှစ်ဖြတ်သန်းပြီး စာအပြင်းအထန်လေ့လာခဲ့ကြသည်။ ကျောင်းသားများသည် ကိုယ့်မေးခွန်းကိုယ်သာ ဖြေဆိုကြပြီး ဘယ်သူနဲ့မှ စကားမပြောရဲပေ။ 


သို့သော် စာကြည့်တိုက်ထဲသို့ ဝင်ကတည်းက သူတို့၏ စာမေးပွဲနည်းလမ်းသည် အလွန်စိတ်လှုပ်ရှားစရာ ဖြစ်လာသည်။ လူတစ်ယောက်တည်းပါရှိသော စာမေးပွဲခန်းတွင် ကြောက်လန့်တကြား ထွက်ပြေးရခြင်းကို မဆိုထားနှင့် လူပေါင်းစုံ စာမေးပွဲခန်းသည် အချင်းချင်း ဆက်သွယ်ပြောဆိုနိုင်သည်၊ ဆွေးနွေးနိုင်သည်။ သုတေသနအဖွဲ့အဆင့်သို့ရောက်သောအခါ ဘာသာရပ်အသီးသီးမှ ကျောင်းသားများသည်လည်း စာမေးပွဲဖြေဆိုရန် အဖွဲ့တစ်ဖွဲ့ဖွဲ့ကာ အခက်အခဲများကို ကျော်ဖြတ်ရန် အတူတကွလုပ်ဆောင်ကြသည်။


သူတို့ရှေ့က ဒီလူများသည် တက္ကသိုလ်အသီးသီးက လာကြပေမဲ့ သင်တန်းကို အောင်မြင်ဖို့အတွက် ကျောင်းသားများ၏ မတူညီသော အတွေးများအား တွေ့ရပြီး လူတိုင်းက အခက်အခဲများကို ကျော်လွှားဖို့ အမျိုးမျိုးသော ဘာသာရပ်များ၏ ထူးခြားသောလက္ခဏာများကို အသုံးပြုကြသည်။


ယွဲ့ရှင်းဝမ်သည် သူအလွန်ကံမကောင်းဘူးလို့ မခံစားရတော့ပေ။


အခုလေးတင် ဒီအတန်းဖော်တွေက ယွဲ့ရှင်းဝမ်ကို အထင်ကြီးစေခဲ့သည်။ မျောက်တွေကို ဆွဲသွားရန် သံလိုက်ကို အသုံးပြုသူ၊ sulfuric acid နဲ့ပက်ခဲ့သူ၊ မေ့ဆေးအသုံးပြုသူ၊ အချက်ပြတာဝါတိုင် ထောင်ထားသူ၊ စမ်းသပ်ခန်းကို ချက်ချင်းနေရာရွှေ့လိုက်သူ၊ ဆရာဖြစ်သင်တန်းတက္ကသိုလ်မှ မျောက်များကို စာသင်ပေးသူတောင် ပါရှိသည်။ 


ဒီအရာက တကယ်ကို ‘အခြားလူတွေထက် သာလွန်သောလူတစ်ယောက်’ဖြစ်စေခဲ့သည်။


ယွဲ့ရှင်းဝမ်သည် စာကြည့်တိုက်မှ ထွက်ခွာရန် ကျောင်းသားများ၏ ယုံကြည်ချက်က အလွန်ခိုင်မာသည်ဟု ယုံကြည်ပါသည်။


5 ရက် အသက်ရှင်ပြီးနောက် စာမေးပွဲခန်းရှိ ကျောင်းသားအားလုံး ချောမွေ့စွာ ရှင်သန်နိုင်မည်ဟု သူမျှော်လင့်သည်။


#TK