Volume 1 : ဆေးပညာဌာန
Chapter 8 (နှလုံးသွေးကြောဆိုင်ရာလူနာဆောင် ၀၃)
ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့က လူနာဆောင်သို့ ပြန်လာခဲ့သည်။ သူတို့ဖင်တောင် မပူသေးခင်မှာပဲ Dr. ရှောင်းက ရုတ်တရက် တံခါးကိုတွန်းဖွင့်ပြီး ဝင်လာသည်။
"ကုတင်နံပါတ် 16နဲ့ 17၊ မင်းတို့ရဲ့ နှလုံးကို ဓာတ်မှန်ရိုက်ဖို့ ငါချိန်းထားတယ်… မနက်ဖြန်မနက် အိပ်ရာထရင် မင်းတို့ ဘာမှမစားနဲ့ဦး… မင်းတို့တွေ စစ်ဆေးဖို့အတွက် ဓာတ်မှန်ဌာနကိုမသွားခင် သူနာပြုက မင်းတို့ရဲ့သွေးကို ယူသွားလိမ့်မယ်… မင်းတို့ရဲ့အစာအိမ်က အစာမရှိရဘူးဆိုတာ မမေ့ပါနဲ့…"
နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြိုင်တူ ပြောကြသည်။
"ကျွန်တော် နားလည်ပါပြီ… ကျေးဇူးပါ ဆရာ…"
သင်တန်းစာမေးပွဲသည် “ဆရာဝန်၏အကြံဉာဏ်ကို လိုက်နာရန်”လိုအပ်ပြီး သူတို့ကလည်း ပုံမှန်အတိုင်း ဆရာဝန်ပြောတာကို မလိုက်နာ၍မရပေ။ သို့မဟုတ်ပါက အကဲဖြတ်အမှတ်ကနေ နုတ်ယူခံရလိမ့်မည်။
သူတို့၏ အတန်းဖော်များနဲ့ စကားစမြည်ပြောပြီးတာ ကြာလှပြီဖြစ်ပြီး မွန်းတည့်ချိန်နီးနေပြီဖြစ်၍ နေ့လယ်စာကို ကန်တင်းမှ ပို့ပေးလာသည်။ ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့သည် သူတို့ရှေ့ရှိ ထမင်းဘူးခွံများကို စိုက်ကြည့်ရင်း စားရန် ချီတုံချတုံ ဖြစ်နေကြသည်။
လျှိုကျောက်ချင်းက ထမင်းဘူးကိုဖွင့်ပြီး တူနဲ့ ကော်လိုက်သည်။
"အစားအစာထဲမှာ ငါတို့ကို အဆိပ်တော့မခတ်ထားလောက်ဘူးမလား"
ယွဲ့ရှင်းဝမ်က အကြံပြုသည်။
"အခြားသူတွေ စားတာကို အရင်ကြည့်ရအောင်… သူတို့စားပြီးလို့မှ ဘာမှမဖြစ်ဘူးဆိုရင် ကျွန်တော်တို့လည်း စားကြတာပေါ့…"
လျှို့ကျောက်ချင်းက သဘောတူသည်။
"မှန်တယ်… သတိရှိရှိနေခြင်းက ရေရှည်အောင်မြင်တိုးတက်စေနိုင်တယ်…"
နှစ်ယောက်သားက စင်္ကြံပတ်ပတ်လည်ကို လျှောက်သွားတော့ အခြားလူနာဆောင်ရှိ သက်ကြီးရွယ်အိုများက တူညီသော ထမင်းဘူးများဖြင့် စတင်စားနေကြပြီဖြစ်သည်။ အချိန်အတော်ကြာပြီးနောက် နေ့လယ်စာစားသော လူနာများသည် ဆိုးရွားသော တုံ့ပြန်မှုတစ်စုံတစ်ရာ မရရှိခဲ့သဖြင့် သူတို့နှစ်ဦးသည် စိတ်သက်သာရာရသွားကာ နေ့လယ်စာစားရန် ပြန်လှည့်လာခဲ့သည်။
အစားအသောက်က အေးနေပြီဖြစ်ပေမဲ့ အမြဲသတိထားတာက ဘယ်တော့မှမမှားဘူး။
စားပြီးတာနဲ့ ယွဲ့ရှင်းဝမ်က စီနီယာအစ်ကိုကို အမှိုက်ရှင်းရန် ကူညီပေးပြီး ပြောသည်။
"စီနီယာအစ်ကို၊ ကျွန်တော် ညာဘက်အပေါ်ထောင့်က လူနာဆောင်ဆီ သွားကြည့်ချင်တယ်…"
လျှို့ကျောက်ချင်းက ယွဲ့ရှင်းဝမ် ရေးဆွဲထားသည့် မြေပုံကို တစ်ချက်ကြည့်လိုက်သည်။
"ညာဘက်အပေါ်ထောင့်က… အဲဒါတွေက ကုတင်နံပါတ် 48 နဲ့ 49 ပဲ… ဒီမနက်ဆွေးနွေးပွဲကို မလာတဲ့ စာမေးပွဲဖြေဆိုသူနှစ်ယောက်ပဲ… သူတို့ကို မင်းသိတာလား?"
ယွဲ့ရှင်းဝမ်က ပြန်ဖြေသည်။
"သူတို့ထဲက တစ်ယောက်က ကျွန်တော်တို့နဲ့ တစ်ကျောင်းတည်းသားတွေပဲ…"
လျှိုကျောက်ချင်းလည်း ဘာမှလုပ်စရာမရှိတာကြောင့် ယွဲ့ရှင်းဝမ်နောက်လိုက်သွားခဲ့သည်။
နှစ်ယောက်သားက ညာဘက်အပေါ်ထောင့်ရှိ လူနာဆောင်တံခါးဆီသို့ ရောက်လာပြီး ယွဲ့ရှင်းဝမ်က တံခါးကို ညင်သာစွာခေါက်လိုက်သည်။
"တစ်ဆိတ်လောက်… ဒီမှာ ခယ်ရှောင်ပင်းရှိလား?"
ငွေရောင်မျက်မှန်တပ်ထားသော နူးညံ့သိမ်မွေ့သည့် ရုပ်ရည်ချောမောသော ကောင်လေးက တံခါးဆီသို့ သံသယဖြင့် လှမ်းကြည့်သည်။ ယွဲ့ရှင်းဝမ်၏ အပြုံးမျက်လုံးများကို တွေ့ပြီးနောက် သူက ချက်ချင်းထကာ လျှောက်လာသည်။ သူသည် မျက်မှန်ကို ပင့်တင်ကာ ပေါ့ပါးသောအသံဖြင့် ပြောသည်။
"ရှင်းဝမ် တကယ်ပဲ မင်းလား… သူနာပြုဌာနမှာ မင်းနာမည်ကို တွေ့ကတည်းက ငါအတည်ပြုချင်ခဲ့ပေမဲ့ မင်းက အရင်ရောက်လာတယ်…"
ယွဲ့ရှင်းဝမ်က ဆိုသည်။
"14 ရက်နေ့ ညမှာ စာကြည့်တိုက်ကို သွားတုန်းက ငါဆွဲသွင်းခံခဲ့ရတာ…"
ခယ်ရှောင်ပင်း: "ငါလည်းပဲ…"
သူက ယွဲ့ရှင်းဝမ်အနားကလူကို ကြည့်ပြီး ယွဲ့ရှင်းဝမ်ကို ဘယ်သူလဲလို့ မေးချင်နေသည်။ ယွဲ့ရှင်းဝမ်က သူ့ကို မိတ်ဆက်ပေးသည်။
"ဒီစီနီယာအစ်ကိုက ဆေးပညာဌာနရဲ့ အရိုးအထူးကုဘာသာရပ်နဲ့ ဘွဲ့လွန်ကျောင်းသားဖြစ်ပြီး သူ့နာမည်က လျှိုကျောက်ချင်းတဲ့… သူက ငါတို့တက္ကသိုလ်ကပဲ…"
ခယ်ရှောင်ပင်းက သူ့လက်ကို ယဉ်ယဉ်ကျေးကျေး ဆန့်တန်းလိုက်သည်။
"မင်္ဂလာပါ စီနီယာအစ်ကို…"
လျှိုကျောက်ချင်းကလည်း ယဉ်ကျေးစွာ လက်ဆွဲနှုတ်ဆက်သည်။
"မင်္ဂလာပါ…"
ယွဲ့ရှင်းဝမ်က စီနီယာအစ်ကိုကို ပြန်ကြည့်ကာ ရှင်းပြသည်။
"ခယ်ရှောင်ပင်းက ကျွန်တော်နဲ့ နှစ်အတူတူပဲဖြစ်ပြီး သူက ကျောင်းသားကောင်စီရဲ့ network ဌာနက ခေါင်းဆောင်ဖြစ်တယ်… ကျွန်တော်က ကျောင်းကောင်စီရဲ့ သတင်းပြန်ကြားရေးဌာနကဖြစ်ပြီး ကျွန်တော်တို့ပထမနှစ်မှာ ကျောင်းသားကောင်စီကို ဝင်ရောက်ချိန်က တစ်ယောက်နဲ့တစ်ယောက် သိခဲ့ကြတာ… ကျွန်တော် “စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်း” သင်တန်းကိုပြီးတဲ့အခါ အမှတ်စာရင်းထဲမှာ သူ့နာမည်ကို တွေ့လိုက်ရသလို အခုလည်း လူနာဆောင်ထဲမှာ သူ့နာမည်ကို တွေ့လိုက်တာကြောင့် အတည်ပြုဖို့ သူ့ဆီလာခဲ့တာ…"
လျှိုကျောက်ချင်းက သူနားလည်တာကို ပြသရန် ခေါင်းငြိမ့်လိုက်သည်။
ခယ်ရှောင်ပင်းက ဒါကိုကြားတော့ သူကပြောသည်။
"ငါ အမှတ်စာရင်းကို ကြည့်လိုက်တော့ စီနီယာအစ်ကိုကျိုဖုန်း၊ စီနီယာအစ်ကိုလင်းမန့်လော်နဲ့ ကျန်းဖျင်စစ်တို့ရဲ့ နာမည်တွေကို တွေ့လိုက်ရတယ်… သူတို့က ငါတို့ထက် စောစောဝင်လာတာဖြစ်မယ်…"
ရူပဗေဒဌာနမှ စီနီယာအစ်ကိုကျိုဖုန်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ စီနီယာအစ်ကိုလင်းမန့်လော်တို့ နှစ်ဦးစလုံးက စတုတ္ထနှစ်များဖြစ်ကြပြီး လက်ရှိတွင် ကျောင်းသားကောင်စီ၏ ဥက္ကဋ္ဌနဲ့ ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေးဌာန၏ ခေါင်းဆောင်ဖြစ်ကာ သူတို့၏ရာထူးကနေ နှုတ်ထွက်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ကျန်းဖျင်စစ်က ကျောင်းသားကောင်စီ၏ အတွင်းရေးမှူးရုံးရှိ အချက်အလက်စာရင်းများကို တာဝန်ယူရပြီး ထိပ်တန်းကျောင်းသားမှ ပြုလုပ်သော ကိန်းဂဏန်းပုံစံအမျိုးမျိုးသည် အတော်လေး ပရော်ဖက်ရှင်နယ်ဆန်ပြီး ဌာနအသီးသီးမှ ကောင်းမွန်စွာလက်ခံရရှိကြသည်။ ကျန်းဖျင်စစ်က လူတွေကို စကားပြောရတာ မကြိုက်သည့်အတွက်ကြောင်း ကျောင်းသားကောင်စီလို အဖွဲ့အစည်းကို သူဘာကြောင့် ရောက်လာသလဲဆိုတာက လူတိုင်းကို အံ့ဩစေခဲ့သည်။
တကယ်တော့ ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်ကြောင့် ဆွဲသွင်းခံခဲ့ရခြင်းဖြစ်သည်။
သူတို့နှစ်ယောက်သည် အခုမှ တက္ကသိုလ် စတက်ရင်း သူငယ်ချင်းဖြစ်ကြသည်။ ကျောင်းသားကောင်စီမှ ကျောင်းသားသစ်များ ခေါ်ယူခြင်းကို မြင်တွေ့ပြီးနောက် ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်အား အင်တာဗျူးသွားဖြေရန် တိုက်တွန်းခဲ့သည်။
"အထက်တန်းကျောင်းတက်တုန်းက သုံးနှစ်လုံးလုံး နေ့တိုင်း စက်ရုပ်တစ်ရုပ်လို အတန်းထဲမှာ နေခဲ့ရပြီး ငါအသက်ရှူကြပ်လို့ သေတော့မယ်… တက္ကသိုလ်မှာက သင်တန်းတွေ သိပ်မများဘူး… အားလပ်ချိန်တွေ အများကြီးရှိတာဆိုတော့ ကျောင်းသားလှုပ်ရှားမှုတွေမှာ ငါတို့အတူတူ ပါဝင်ပြီး အားလပ်ချိန်ကို အကျိုးရှိရှိ အသုံးချကြမလား"
ကျန်းဖျင်စစ်: "…"
ယွဲ့ရှင်းဝမ်က သူ့ကို မျှော်လင့်ကြီးစွာဖြင့် ကြည့်နေသည်။
"ကျောင်းသားကောင်စီကို မင်းစိတ်မဝင်စားဘူးဆိုရင် အခြားပျော်စရာကောင်းတဲ့ နက္ခတ္တဗေဒအသင်း၊ ဓာတ်ပုံအသင်း၊ ကြက်တောင်အသင်း အစရှိတဲ့ အဖွဲ့အစည်းတွေကိုလည်း ငါတို့အတူတူ သွားလို့ရပါတယ်… မင်း ဘယ်တစ်ခုကြိုက်လဲ"
ကျန်းဖျင်စစ်သည် ခဏမျှ နှုတ်ဆိတ်နေပြီး နူးညံ့စွာပြုံးကာ ဆိုသည်။
"ကျောင်းသားကောင်စီကိုပဲ အင်တာဗျူးဖြေဖို့ ငါတို့အတူတူ သွားကြတာပေါ့…"
ထို့ကြောင့် သူတို့နှစ်ဦးအား အင်တာဗျူးဖြေဆိုရန် အတူတူသွားခဲ့ပြီး သူတို့ကို ကျောင်းသားကောင်စီရှိ ဌာနအသီးသီးကနေ လက်ခံခဲ့သည်။
ပထမနှစ်၏ အမှတ်ရစရာများကို သတိရလာပြီး ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်ကို တတ်နိုင်သမျှ အမြန်ဆုံး ရှာချင်ခဲ့သည်။ သူက ခယ်ရှောင်ပင်းကို အသံတိုးတိုးဖြင့် မေးလိုက်သည်။
"ကျန်းဖျင်စစ်က မကြာသေးခင်က အလုပ်တွေရှုပ်နေတာ ဘာကြောင့်လဲ မင်းသိလား"
ကွန်ပျူတာသိပ္ပံဌာနနှင့် သင်္ချာဌာန၏ ကျောင်းသားအဆောင်များသည် တူညီသော အဆောက်အဦးဖြစ်သည်။ ဒါကိုကြားတော့ ခယ်ရှောင်ပင်းက ပြန်ဖြေသည်။
"ကျန်းဖျင်စစ်က ပါမောက္ခရွှီရဲ့ အဖွဲ့မှာလိုက်ပြီးတော့ သင်္ချာဆိုင်ရာပုံစံငယ်နိုင်ငံတကာပြိုင်ပွဲမှာ ပါဝင်တော့မယ်လို့ သင်္ချာဌာနက လူတစ်ယောက်ဆီကနေ ငါကြားခဲ့တယ်… ပြီးတော့ ငါသူ့ကိုမတွေ့တာ ကြာလှပြီ… သူက မင်းနဲ့ ဆက်ဆံရေး အကောင်းဆုံးမဟုတ်ဘူးလား"
ယွဲ့ရှင်းဝမ်က သက်ပြင်းချသည်။
"မကြာသေးခင်က ငါ့ရဲ့စာတမ်းကို ရေးနေတာနဲ့ အလုပ်ရှုပ်နေတာ… နောက်ဆုံးအကြိမ် သူ ငါ့ကို စာကြည့်တိုက်မှာ စာလေ့လာဖို့ ခေါ်တုန်းက လွန်ခဲ့တဲ့လဝက်လောက်ဖြစ်ပြီးတော့ ဒီအတောအတွင်း ငါ သူနဲ့ အဆက်အသွယ် သိပ်မရှိဘူး…"
လျှိုကျောက်ချင်းသည် သူတို့အနားတွင် ရပ်ကာ လက်ပိုက်ပြီး နှစ်ယောက်သား စကားစမြည်ပြောနေတာကို နားထောင်နေသည်။ ထိုစကားကို ကြားတော့ သူမနေနိုင်ဘဲ သိချင်စွာ မေးသည်။
"ကျန်းဖျင်စစ်က ဘယ်သူလဲ"
ခယ်ရှောင်ပင်းက ရှင်းပြသည်။
"သူက ကျွန်တော်တို့ကျောင်းရဲ့ သင်္ချာဌာနမှာ စာနတ်ဘုရားဖြစ်ပြီးတော့ နိုင်ငံတကာဆုတွေလည်း မကြာခဏရတယ်… သူ တတိယနှစ်မှာ သင်္ချာဌာနရဲ့ သင်ရိုးအားလုံးကို ပြီးမြောက်သွားပြီး ဘွဲ့လွန်လေ့လာဖို့အတွက် သူဆုံးဖြတ်ထားတယ်… သူက ရှင်းဝမ်နဲ့ တူညီတဲ့အထက်တန်းကျောင်းကနေ ဘွဲ့ရခဲ့တာ… သူတို့နှစ်ယောက်က အဲဒီနှစ်မှာ ဝိဇ္ဇာဘာသာရပ်နဲ့ သိပ္ပံဘာသာရပ်ရဲ့ ထိပ်တန်းကျောင်းသားတွေဖြစ်ခဲ့ကြပြီး ဟွာအန်းတက္ကသိုလ်မှာ အတူတူတက်ရောက်ခဲ့တာ…"
လျှိုကျောက်ချင်းက အော်ဟစ်လေသည်။
"ဝိဇ္ဇာဘာသာရပ်နဲ့ သိပ္ပံဘာသာရပ်ရဲ့ ထိပ်တန်းကျောင်းသားတွေလား… အရမ်းမိုက်တယ်… အရမ်းမိုက်တယ်… သူကလည်း အခု စာကြည့်တိုက်ထဲမှာ ရှိနေတာလား"
ခယ်ရှောင်ပင်းက ပြန်ဖြေသည်။
"ကျွန်တော် သူ့နာမည်ကို အမှတ်စာရင်းမှာ တွေ့ခဲ့တယ်… ဒီတော့ သူလည်း ဒီနေရာကို ဆွဲသွင်းခံခဲ့ရတယ်ထင်တာပဲ…"
ယွဲ့ရှင်းဝမ်က ခယ်ရှောင်ပင်းကို ကြည့်ကာ မေးသည်။
"ရှောင်ခယ် ကွန်ပျူတာသိပ္ပံဌာနမှာ ‘သုံးဖက်မြင် 3D ဂိမ်း’နဲ့ပတ်သက်တဲ့ ကောလဟာလတွေကို မင်းကြားမိလား?"
ခယ်ရှောင်ပင်းက ခေါင်းယမ်းလေသည်။
"အဲဒါမျိုး ငါလုံးဝမကြားဖူးဘူး… ဒီစာကြည့်တိုက်က သုံးဖက်မြင် 3D ဂိမ်းလို့ မင်းသံသယရှိနေတာလား?"
ယွဲ့ရှင်းဝမ်က ပြောသည်။
"ကျောင်းသားတွေအများကြီးက တစ်ချိန်တည်းမှာ ပျောက်ဆုံးသွားပေမဲ့ ကျောင်းမှာ သတင်းတစ်ခုမှ မရှိဘူး… ဒါက ယုတ္တိမရှိဘူးလို့ ငါခံစားရတယ်…"
ခယ်ရှောင်ပင်းက သူ့မျက်မှန်ကို ပင့်တင်ကာ မှန်းဆသည်။
"ဒါပေမဲ့ ငါတို့ရဲ့ လက်ရှိ ကွန်ပျူတာ နည်းပညာနဲ့ ဒီလိုလူအများအပြား ကစားနိုင်တဲ့ အွန်လိုင်းသရုပ်ဖော်ဂိမ်းကို ဖန်တီးနိုင်တဲ့ အဆင့်မရောက်နိုင်သေးဘူးလေ…"
သုံးယောက်သားက အတန်ကြာ တိတ်ဆိတ်သွားကြသည်။
ယွဲ့ရှင်းဝမ်က မဆွေးနွေးနိုင်သည့် ခေါင်းစဉ်ကို ဖယ်လိုက်ပြီး ခေါင်းစဉ် ပြောင်းလိုက်သည်။
"ဒါကို အခုချိန်မှာ မစိုးရိမ်ဘဲနေကြရအောင်… ရှောင်ခယ်၊ မင်း ဒီမနက် အခြားစာမေးပွဲဖြေဆိုသူတွေနဲ့ တွေ့ဖို့ ထွက်လာတာလည်း မတွေ့သလို၊ လူနာဆောင်မှာလည်း မရှိဘူး… မင်း ဘယ်သွားနေတာလဲ"
ခယ်ရှောင်ပင်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့ကို ဘယ်သူမှမရှိသော ထောင့်တစ်နေရာသို့ ခေါ်သွားပြီး ထူးဆန်းစွာ သူ့အသံကို တိုးလိုက်သည်။
"ဆရာဝန်တွေ လှည့်ပတ်ကြည့်ရှုနေတုန်း ဆရာဝန်ရုံးခန်းထဲက သူတို့ရဲ့ကွန်ပျူတာကို hack ဖို့ ငါ အခွင့်အရေးကို အသုံးချခဲ့တာ… ပြီးတော့ လူနာဆောင်က အချက်အလက်တွေအားလုံးကို ငါ copy ကူးခဲ့တယ်…"
ကျန်နှစ်ယောက်: "..."
မင်းက အခွင့်အရေးကို ဖမ်းဆုပ်နိုင်တဲ့ ကျွမ်းကျင်သော သူလျှိုကောင်းတစ်ယောက်ပဲ…
လျှိုကျောက်ချင်းက သိချင်စွာ မေးသည်။
"ဂျူနီယာညီလေးက ကွန်ပျူတာဌာနရဲ့ စွမ်းရည်ကို ရခဲ့တာလား… ဒါမှမဟုတ် မင်းက မင်းကိုယ်တိုင် ကွန်ပျူတာကို ဖောက်ဝင်နိုင်တာလား"
"အဲဒီကွန်ပျူတာတွေရဲ့ လုံခြုံရေးစနစ်တွေက အဆင့်မမြင့်တာကြောင့် ကျွန်တော် ချက်ချင်း ဖောက်ဝင်လိုက်တာ… ကွန်ပျူတာဌာနရဲ့ ဝင်ခွင့်စာမေးပွဲမှာ ကျွန်တော့်ကို ဉာဏ်ရည်မြင့်မားတဲ့ စက်ရုပ်တစ်ရုပ်ပေးခဲ့တာ… အဲဒါကို ကြည့်ချင်ကြလား?"
ခယ်ရှောင်ပင်း ထိုသို့ပြောပြီးနောက် သူက နံရံကိုမျက်နှာမူကာ သူ့ညာဘက်လက်ဖဝါးကို ဖြန့်လိုက်သည်။
သေးငယ်သော လက်ဖဝါးအရွယ် အဖြူရောင်စက်ရုပ်လေးက ဘီးများဖြင့် နံရံထောင့်ဘက်မှာ ပေါ်လာပြီး ခြေတို၊လက်တိုများဖြင့် ကလေးကစားစရာ အရုပ်နဲ့တူသည်။ ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့က စက်ရုပ်ကို သိချင်စိတ်ဖြင့် စူးစိုက်ကြည့်နေကြသည်။
လျှိုကျောက်ချင်း၏မျက်နှာက “မြေအောက်ရထားထဲရှိ အဘိုးအိုသည် သူ့လက်ကိုင်ဖုန်းကို စူးစိုက်ကြည့်နေသကဲ့သို့” မထင်မှတ်ထားသော အမူအရာဖြင့် ပြောသည်။
"ဉာဏ်ရည်မြင့်မားတဲ့ စက်ရုပ်တွေအားလုံးက အကြီးကြီးမဟုတ်တာကို ငါသဘောကျမိပေမဲ့ ဒီစက်ရုပ်က လက်ဖဝါးအရွယ်လေး… ဒါက… mini version လား?"
"ဒါက ပထမအဆင့် ဉာဏ်ရည်မြင့်စက်ရုပ်ဖြစ်ပြီး သူ့ကို အဆင့်မြင့်ပေးရင် ကြီးလာမှာ…"
ခယ်ရှောင်ပင်းသည် ထောင့်နားက စက်ရုပ်ကိုကြည့်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ရှောင်ထူ… ရှောင်ထူ… သီချင်းဆိုစမ်း…"
စက်ရုပ်၏နဖူးက မီးလင်းလာပြီး ကလေးအသံဖြင့် သီချင်းကို စတင်ဆိုလေသည်။
"ကျားနှစ်ကောင်၊ ကျားနှစ်ကောင်၊ မြန်မြန်ပြေး၊ မြန်မြန်ပြေး…"
ခယ်ရှောင်ပင်း: "ရှောင်ထူ ဆိုနေတာရပ်တော့…"
စက်ရုပ်: "ဟုတ်ကဲ့ သခင်…"
ယွဲ့ရှင်းဝမ်: "…"
လျှိုကျောက်ချင်း: "…"
ထောင့်၌ ရှက်စရာကောင်းစွာဖြင့် တိတ်ဆိတ်မှုတစ်ခု ရှိနေသည်။
ခယ်ရှောင်ပင်း၏ နားရွက်များက အနည်းငယ်နီလာသည်။ သူ၏အသားအရည်က နဂိုဖြူတာကြောင့် နားရွက်နီသောအခါတွင် အလွန်သိသာထင်ရှားသည်။ သူက ထောင့်နားရှိ စက်ရုပ်ကို လှမ်းကြည့်ကာ အတန်းဖော်နှစ်ယောက်ကို ရှင်းပြရန် ကြိုးစားလေသည်။
"ဒါက ကလေးဆန်တယ်ဆိုပြီးတော့ အရူးလုပ်မခံပါနဲ့… ဒီစက်ရုပ်က ‘ကျားနှစ်ကောင်’သီချင်းကို ဖွင့်နိုင်တဲ့ အသံလုပ်ဆောင်ချက် တစ်ခုပဲရှိသေးလို့ပါ… အဲဒါက ပတ်ဝန်းကျင်က လူတွေရဲ့အာရုံကို ဆွဲဆောင်နိုင်တယ်…"
ယွဲ့ရှင်းဝမ်သည် ရယ်ရမလား ငိုရမလား မသိတော့ချေ။
"ဒါဆို စမ်းသပ်ခန်းသင်တန်းမှာ မျောက်တွေကို မင်းက သီချင်းနားထောင်ခိုင်းလိုက်တာလား"
ခယ်ရှောင်ပင်းက ခါးသက်သက်မျက်နှာဖြင့် ပြောသည်။
"အင်း… ငါက ရှောင်ထူကို မျောက်တွေကို လှောင်အိမ်ထဲ ခေါ်သွားခိုင်းလိုက်တာ…"
ယွဲ့ရှင်းဝမ်သည် စက်ရုပ်လေးကို မျောက်များက လိုက်ဖမ်းနေသည့် မြင်ကွင်းကို တွေးကြည့်ကာ ရယ်ချင်လာသည်။ မျောက်များသည် ဤတက္ကသိုလ်ကျောင်းသားအုပ်စု၏ ကစားခြင်းကို ခံနေရပြီး ပညာရေးဘာသာရပ်၏ ကျောင်းသူကြောင့် သူတို့က သင်ခန်းစာကို နားထောင်ရပြီး ထို့နောက် ဉာဏ်ရည်မြင့်စက်ရုပ်ကြောင့် သီချင်းကို နားထောင်ရပြန်သည်။
လျှိုကျောက်ချင်းက သိလိုစိတ်ဖြင့် မေးသည်။
"အခြားသီချင်းတွေကို လေ့လာဖို့ ဒါကို အဆင့်မြင့်ရတာလား"
ခယ်ရှောင်ပင်း: "ဟုတ်တယ်… စနစ်ဖော်ပြချက်အရ စက်ရုပ်ရဲ့ နောက်ပိုင်းအဆင့်မှာ လုပ်ဆောင်ချက်တွေ အများကြီးပါဝင်ပြီး အဆင့်ပြည့်တဲ့အထိ အဆင့်မြင့်ဖို့ စီစဉ်ထားတယ်…"
လျှိုကျောက်ချင်းက ဆက်၍ သိချင်သေးသည်။
"ရှောင်ထူဆိုတဲ့နာမည်ကို မင်းကိုယ်တိုင် ပေးထားတာလား… ဒါက မင်းပြောတာပဲ နားထောင်တာလား"
ခယ်ရှောင်ပင်းက ခေါင်းငြိမ့်ပြသည်။
"အဲဒီတုန်းက ကျွန်တော် ‘စာကြည့်တိုက်’ကို ဝင်ရောက်ပြီးကတည်းက မှတ်မိရလွယ်အောင် ‘ရှောင်ထူ’လို့ နာမည်ပေးခဲ့တာ… သူက ကျွန်တော့်အသံကို မှတ်တမ်းတင်ထားပြီးသားဖြစ်တာကြောင့် ကျွန်တော့်အသံကို မှတ်မိနိုင်တယ်… အခြားသူတွေကို သူပြန်ဖြေမှာ မဟုတ်ဘူး…"
လျှိုကျောက်ချင်းက စက်ရုပ်ကို ခေါ်ကြည့်သည်။
"ရှောင်ထူ၊ ရှောင်ထူ၊ သီချင်းဆိုစမ်း…"
ရှောင်ထူက သူ့ကို တကယ်ပဲ လျစ်လျူရှုထားသည်။
ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြောစရာစကားများ ပျောက်ရှသွားသည်။
စာကြည့်တိုက်ရှိ ဘာသာရပ်အမျိုးမျိုး၏ စွမ်းရည်များသည် အမှန်တကယ် ‘အထူးဆန်းဆုံးမဟုတ်ဘဲ အခြားသူတွေထက် ပို၍ထူးဆန်းနေခြင်း’ဖြစ်သည်။ နှိုင်းယှဉ်ကြည့်လျှင် ယွဲ့ရှင်းဝမ်သည် အဘိဓာန်ကို အုတ်ခဲတစ်ခုအဖြစ် အသုံးပြုပြီး လျှိုကျောက်ချင်းက ခွဲစိတ်ဓားကို လှံတံအဖြစ် အသုံးပြုသည်။ အတော်လေးရိုးရှင်းပြီး တိုက်ရိုက် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှု နည်းလမ်းတစ်ခု မဟုတ်ပါလား။ ဤရှောင်ထူသည် တိရစ္ဆာန်များကို ဆွဲဆောင်ရန် သီချင်းဆိုနိုင်ပြီး ဒီအရာက မှော်ဆန်သောတိုက်ခိုက်မှုတစ်ခုဖြစ်သည်။
ခယ်ရှောင်ပင်းသည် သူ၏စက်ရုပ်လေးက ကလေးသီချင်းများကိုသာ သီဆိုနိုင်မှန်း သိသွားပါက ရယ်စရာကောင်းနေမည် ဖြစ်သောကြောင့် စက်ရုပ်ကို ပြန်သိမ်းလိုက်ကာ ခေါင်းစဉ်ပြောင်းပြီး မေးခဲ့သည်။
"ရှင်းဝမ် ဒီစာမေးပွဲရဲ့ အပိုမေးခွန်းကို မင်းဘယ်လိုထင်လဲ"
ယွဲ့ရှင်းဝမ်က ခဏလောက် စဉ်းစားပြီး ပြန်ပြောသည်။
"အပိုမေးခွန်းရဲ့ ဖော်ပြချက်က နည်းနည်းတော့ ထူးဆန်းတယ်လို့ ငါထင်တယ်… ‘သေဆုံးရတဲ့အကြောင်းရင်းအမှန်ကို ရှာပါ’က ဘာကိုဆိုလိုတာလဲ… နှလုံးသွေးကြောဆိုင်ရာလူနာဆောင်က လူနာတွေမှာ ရုတ်တရက် အခြေအနေ ဆိုးရွားလာလို့ နှလုံးရပ်သွားပြီး သေဆုံးသွားတာထက် ဘာများရှိဦးမှာလဲ… ဒါပေမဲ့ ဖော်ပြချက်မှာ ‘သေဆုံးရတဲ့အကြောင်းရင်းအမှန်’ဆိုတဲ့ စကားလုံးပါတာကြောင့် လူနာရဲ့သေဆုံးမှုက လူလုပ်တာဖြစ်နိုင်တယ်လို့ ငါသံသယဖြစ်မိတယ်…"
"လူလုပ်တာလား…"
ခယ်ရှောင်ပင်း ခဏတာ မှင်တင်သွားသည်။
"မင်း ဘာကိုဆိုလိုတာလဲ…"
"လူကြောင့်ဖြစ်ရတဲ့ နှလုံးရပ်ခြင်းလိုမျိုးပေါ့… ဥပမာ… လူသတ်တာ…"
ထိုစကားများကို သူပြောလိုက်သည်နှင့် တစ်ပြိုင်နက် အေးစက်သောလေများ တိုက်ခတ်လာပြီး သူတို့သုံးယောက်၏ နောက်ကျောများက ကြက်သီးမွေးညင်းများ ရုတ်တရက် ထလာသည်။
လျှို့ကျောက်ချင်းက သူ့လက်မောင်းများကို ပွတ်ကာ ချောင်းဟန့်လိုက်သည်။
"ဆိုလိုတာက လူနာဆောင်ထဲမှာ လူသတ်သမားတစ်ယောက်က ပုန်းနေပြီး လူနာရဲ့ဆေးကို လဲလှယ်ပြီးတော့ လူနာအိပ်ပျော်နေတဲ့အချိန် နှလုံးရပ်ပြီး သေအောင်လုပ်မယ်ပေါ့… အပေါ်ယံမှာတော့ လူနာက မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားပေမဲ့ သေဆုံးရတဲ့အကြောင်းရင်းအမှန်က လူသတ်မှုဖြစ်ပြီး အဲဒါက အပိုမေးခွန်းရဲ့ အခက်အခဲနဲ့ လိုက်ဖက်ညီပါတယ်… ငါတို့ရဲ့ စာမေးပွဲဖြေဆိုသူတွေကို လူသတ်သမားက တိတ်တဆိတ် သတ်ပစ်ဖို့လည်း ဖြစ်နိုင်တယ်မလား…"
ယွဲ့ရှင်းဝမ်၏ အမူအရာက တည်သွားသည်။
"ငါ ညည်းထိတ်ရင်ဖိုဝတ္ထုတွေ အများကြီးဖတ်ဖူးတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ ဒီလူနာဆောင်က ထူးဆန်းတယ်လို့ အမြဲခံစားရတယ်… ဒီတစ်ခေါက်သင်တန်းက Credit 4 မှတ်၊ အပိုမေးခွန်းက အမှတ် 30 ဆိုတော့ ငါတို့က အပိုမေးခွန်းအတွက် အမှတ် 120 ရလိမ့်မယ်… ဒီမေးခွန်းက အမှတ်များတာကြောင့် အဖြေက လွယ်ကူမှာ မဟုတ်ဘူး…"
"ငါ့အထင်တော့ ငါတို့သုံးယောက်ပူးပေါင်းပြီး အပိုမေးခွန်းရဲ့ အဖြေကို ရှာကြည့်ရင် ပိုကောင်းမယ်…" ခယ်ရှောင်ပင်းက ချက်ချင်း အကြံပြုသည်။ "စကားမစပ် အချက်အလက်တွေကို ငါအရင်ပြမယ်…"
သူပြောပြီးနောက် သူ့ညာလက်ကို ညင်သာစွာ မြှောက်လိုက်ပြီး အလွန်ပါးလွှာသောလက်ပ်တော့က သူ့လက်ထဲမှာ ပေါ်လာသည်။
"ဒါက စာကြည့်တိုက်ထုတ်တဲ့ ကွန်ပျူတာပဲ… ကွန်ပျူတာသိပ္ပံကျောင်းသားတွေအတွက် အပိုလက်ဆောင်တစ်ခုပေါ့… အဲဒါမှာ နေရာအကန့်အသတ်မရှိဘူး… ပြီးတော့ ဝိုင်ဖိုင်ကွန်ရက်ကို ဒေတာအဖြစ် ပြောင်းလဲပြီးတော့လည်း အသုံးပြုနိုင်တယ်… ငါ ဆရာဝန်ရုံးခန်းရဲ့ ကွန်ပျူတာကို ဟက်ခ်ပြီး လူနာဆောင်တစ်ခုလုံးက အချက်အလက်တွေကို ကော်ပီကူးထားတယ်…"
ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့က အတော်လေး ထိတ်လန့်ခဲ့ကြသည်။ ကွန်ပျူတာသိပ္ပံဌာနသည် တကယ်ကို အထင်ကြီးစရာကောင်းပြီး ကျောင်းသားအားလုံးကို လက်ပ်တော့တစ်လုံးစီ ပေးခဲ့သည်။ အကယ်၍ ခယ်ရှောင်ပင်းနှင့်သာ မတွေ့ဆုံခဲ့လျှင် အချက်အလက်များကို သူတို့ကိုယ်တိုင်စစ်ဆေးရန် များစွာအားထုတ်ရပေလိမ့်မည်။
ခယ်ရှောင်ပင်းက ဆက်ပြောသည်။
"ဒီကွန်ပျူတာကို လက်ဗွေရာနဲ့ လော့ခ်ဖွင့်ရပြီး ငါမရှိရင် ကွန်ပျူတာမျက်နှာပြင်က 10 မိနစ်အကြာမှာ အလိုအလျောက် လော့ခ်ကျသွားလိမ့်မယ်…"
ကွန်ပျူတာဌာနရှိ လက်ပ်တော့များက “လက်ဗွေဖြင့်အသိအမှတ်ပြုခြင်း”နှင့် ဉာဏ်ရည်မြင့်စက်ရုပ်က “အသံမှတ်တမ်းတင်ထားခြင်း”တို့ကြောင့် အခြားသူများက လုယူသွားလျှင်ပင် အသုံးမပြုနိုင်သည့်အပြင် ကွန်ပျူတာဌာန ဉာဏ်ရည်မြင့်ပစ္စည်းများ၏ မိမိကိုယ်ကို ကာကွယ်နိုင်စွမ်းက အလွန်ပြင်းထန်သည်။
သုံးယောက်သားက လူနာဆောင်ထဲကို အတူတူ ပြန်လာကြသည်။
ကုတင်နံပါတ် 15 ရှိ အဘိုးအိုက မနိုးသေးတာကြောင့် အချက်အလက်များကို အတူတူဖတ်ရန် ယွဲ့ရှင်းဝမ်၏အိပ်ယာပေါ်မှာ ထိုင်ပြီး ကွန်ပျူတာကို ဖွင့်လိုက်သည်။
အချက်အလက်သည် လူနာဆောင်ရှိ လူနာအားလုံး၏ ရောဂါမှတ်တမ်းများ၊ ဆရာဝန်များနှင့် သူနာပြုများ၏ အချက်အလက်အားလုံး အပါအဝင် အလွန်အသေးစိတ်ကျပါသည်။ လျှိုကျောက်ချင်းသည် ရောဂါမှတ်တမ်းများကို သေချာဖတ်ပြီး သုံးသပ်လေသည်။
"ငါတို့ စာမေးပွဲဖြေဆိုသူ 10 ဦးရဲ့ ရောဂါတွေကို စာကြည့်တိုက်က ပြုလုပ်ခဲ့ခြင်းဖြစ်တာကြောင့် ရောဂါလက္ခဏာတွေအားလုံးက အတူတူပဲဖြစ်ပြီး လူတိုင်းက precordial ဧရိယာမှာ နာကျင်နေတာက တစ်ပတ်လောက်ရှိသွားပြီ… အခြားလူနာတွေရဲ့ ရောဂါတွေကတော့ အပေါ်ယံအားဖြင့် ပြဿနာရှိတာမျိုး မတွေ့ဘူး…"
ခယ်ရှောင်ပင်းက မေးသည်။
"စီနီယာအစ်ကို သံသယဖြစ်စရာ ဆေးတွေတွေ့လား"
လျှိုကျောက်ချင်းက ခေါင်းခါသည်။
"သွေးကျဆေးနဲ့ သွေးသွင်းဆေးတွေက သွေးတိုးတာနဲ့ နှလုံးရောဂါသည်တွေအတွက် အသုံးများတဲ့ဆေးတွေပဲ…"
ယွဲ့ရှင်းဝမ်သည် ဆရာဝန်များနှင့် သူနာပြုများ၏ ကိုယ်ရေးအကျဉ်းကို ခွဲခြမ်းစိတ်ဖြာပြီး ပြောသည်။
"ဆရာဝန်တွေနဲ့ သူနာပြုတွေရဲ့ ကိုယ်ရေးအကျဉ်းမှာ ပုံမှန်မဟုတ်တာ မရှိဘူး… ကျွန်တော်တို့တွေ ဆက်ပြီးခွဲခြမ်းမစိတ်ဖြာခင် သေဆုံးသူပေါ်လာမှာကို စောင့်တာက ပိုကောင်းပါတယ်… ဒါ့အပြင် အပိုမေးခွန်းရဲ့ အဖြေက လူသတ်မှုဖြစ်မယ်လို့လည်း မပြောထားတာကြောင့် ကျွန်တော့်ရဲ့လက်ရှိ မှန်းဆတာက အခြေအမြစ်မရှိဘူး…"
လျှိုကျောက်ချင်းက ပြန်ပြောသည်။
"တစ်လှမ်းချင်း သွားကြတာပေါ့… ဘာပဲဖြစ်ဖြစ် ဂျူနီယာညီလေးခယ် ကော်ပီကူးထားတဲ့ အချက်အလက်တွေက အသုံးဝင်မှာ သေချာတယ်…"
ယွဲ့ရှင်းဝမ်သည် အဘိဓာန်မှ စာရွက်အနည်းငယ်ကို ဖြဲကာ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် လူများအကြောင်း အဓိကအချက်အလက်တချို့ကို ချရေးပြီးနောက် ကွန်ပျူတာကို ခယ်ရှောင်ပင်းဆီသို့ ပြန်ပေးလိုက်သည်။
"ဒီညတော့ မင်းသတိထားပါ… ဘာဖြစ်မယ်ဆိုတာ မပြောနိုင်ဘူး…"
လျှိုကျောက်ချင်းကလည်း သူ့ကို သတိပေးသည်။
"မင်းရဲ့ IV ပိုက်ကို ပြောင်းဖို့ သူနာပြုတစ်ယောက်က ညလယ်မှာ ဝင်လာရင် သူနာပြုထွက်သွားပြီးတာနဲ့ IV ပိုက်ကို ချက်ချင်းဆွဲဖြုတ်ပြီး ပိုက်ထဲက အရည်တွေအားလုံးကို သွန်ပစ်လိုက်… ရှင်းဝမ်မှန်းဆထားတဲ့အတိုင်းဆိုရင် လူသတ်သမားက ဆေးကို ပြောင်းလိမ့်မယ်…"
ခယ်ရှောင်ပင်းက အလေးအနက်ထားကာ ခေါင်းငြိမ့်ပြပြီး သူ့ညာဘက်လက်ဖဝါးကို ပိတ်လိုက်သောအခါ လက်ပ်တော့က လေထုထဲမှာ ပျောက်ကွယ်သွားပြီး သူ့လက်ဖဝါးတွင် ကွန်ပျူတာသင်္ကေတတစ်ခု အမှန်တကယ်ပေါ်လာသည်။ ခယ်ရှောင်ပင်းက နံရံပေါ်ရှိ အချိန်ကိုကြည့်ကာ ထလိုက်သည်။
"ဒါဆို ငါပြန်တော့မယ်… မင်းတို့တွေလည်း သတိထားကြတာနော်…"
နာရီသည် တဖြည်းဖြည်း ည 10 နာရီသို့ ညွှန်ပြနေသည်။
သူနာပြုများသည် လူနာဆောင်တစ်ခုလုံးရှိ ကုတင်များကို စတင်စစ်ဆေးပြီး လူနာများကို တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးသည်။
ယွဲ့ရှင်းဝမ်နှင့် လျှိုကျောင်ချင်းတို့က ကုတင်ပေါ်တွင် နာခံစွာ လဲလျောင်းနေကြသည်။
ပြတင်းပေါက်များကို ဆေးသုတ်ထားသည့်အလွှာဖြင့် ဖုံးအုပ်ထားပြီး အပြင်ဘက်တွင် မည်းမှောင်နေကာ အလင်းရောင်ကိုပင် မမြင်နိုင်ပေ။
ဒီညမှာ ဘာဖြစ်မှာလဲ…
*****
TK:
ယွဲ့ရှင်းဝမ် – 21 နှစ်
ကျန်းဖျင်စစ် – 21 နှစ်
လျှိုကျောက်ချင်း – 24 နှစ်
ခယ်ရှောင်ပင်း – 21 နှစ်
#TK