Volume 1 : ဆေးပညာဌာန
Chapter 9 (နှလုံးသွေးကြောဆိုင်ရာလူနာဆောင် ၀၄)
အချိန်အနည်းငယ်ကြာပြီးနောက် နံရံပေါ်ရှိ နာရီက 12 ကို ညွှန်ပြနေသည်။
အတန်းဖော်အားလုံး၏ နားထဲတွင် အေးစက်စက် စက်သံက တစ်ပြိုင်တည်း ထွက်ပေါ်လာသည်——
[ည 12 နာရီ]
[ညပိုင်းစာမေးပွဲစတင်ပါပြီ]
[အချိန်ရေတွက်ပါပြီ 3… 2… 1…]
‘1’ဟူသော စကားလုံး ပေါ်လာသည်နှင့် နေရာတစ်ခုလုံးသည် ပြင်းထန်သော စွမ်းအားများဖြင့် ချက်ချင်း ပုံပျက်သွားပြီး စင်္ကြံတွင် ထူးဆန်းသော ခြေလှမ်းအသံများ ပေါ်ထွက်လာသည်။ ခြေလှမ်းက လေးလံပြီး နီးကပ်လာကာ လူနာဆောင်၏ တံခါးတွင် ရုတ်တရက် ရပ်သွားသည်။
လူနာဆောင်၏တံခါး ပွင့်သွားသည်နှင့် လူအရိုးသာရှိသော အဖြူရောင်လက်တစ်စုံက အခန်းထဲသို့ ဖြည်းညှင်းစွာ ရောက်ရှိလာသည်။
ယွဲ့ရှင်းဝမ်သည် ကြောင်တောင်တောင်ဖြင့် ကုတင်ပေါ်မှာ ထထိုင်လိုက်ပြီး သူ၏ဦရေပြား ပေါက်ကွဲလုမတတ် ခံစားရသည်——
ညပိုင်းစာမေးပွဲအခန်းတောင် ရှိသလား။ သူတို့လို နှလုံးရောဂါသည်တွေကို ညအချိန် သည်းထိတ်ရင်ဖိုစရာ သတ်ပုတ်ပွဲမှာ ပါဝင်ခိုင်းတာလား။
လျှိုကျောက်ချင်း၏အိပ်ရာက တံခါးနှင့် ပိုနီးသည်။ ထိုမြင်ကွင်းကို မြင်လိုက်ရတော့ သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက တံခါးကို တင်းတင်းပိတ်ပြီး ပခုံးဖြင့် တံခါးကို ဖိကာ ကုတင်နံပါတ် 17 ကို ပြန်ကြည့်သည်။
"ရှင်းဝမ်"
ယွဲ့ရှင်းဝမ်က လေးနက်သောအကြည့်ဖြင့် လျင်မြန်စွာ ပြေးလာသည်။
"အဲဒါက တစ္ဆေမဟုတ်ဘူးမလား"
ရိုးရာပုံပြင်အရ "တစ္ဆေ" သည် လူသားအဖြစ်ကနေ သေပြီးနောက် ပြောင်းလဲသွားခြင်းဖြစ်ပြီး အခြားကမ္ဘာတစ်ခုနှင့် သက်ဆိုင်သွားကာ ထိတွေ့ခြင်း သို့မဟုတ် ခံစား၍မရပေ။ အခုလေးတင် စီနီယာအစ်ကိုက တစ်ဖက်လူ၏ လက်ရိုးကို ကန်လိုက်ကာ လက်ရိုးကျိုးသွားသည့်အသံကို ယွဲ့ရှင်းဝမ် ကြားလိုက်တာကြောင့် ဒါက သရဲမဟုတ်မှန်း သိသာပါသည်။
လျှိုကျောက်ချင်းက မှုန်ကုပ်ကုပ်မျက်နှာနဲ့ ဆဲသည်။
"Fuck… ဒီစာကြည့်တိုက်က တိုက်ခိုက်ရမှာနဲ့ပတ်သက်ပြီး ဘာမှလည်းမပြောဘူး… ညသန်းခေါင်မှာ နှလုံးရောဂါသည်တစ်စုကို မကောင်းဆိုးရွားတွေနဲ့ တိုက်ခိုင်းတယ်… ဒီမကောင်းဆိုးရွားတွေက ဘာကောင်တွေလဲဆိုတာ ငါမသိပေမဲ့ လက်ရိုးတွေက လူသားနဲ့ တူတယ်…
စာကြည့်တိုက်က သူတို့အား နှလုံးရောဂါခံစားရစေရန် နည်းအမျိုးမျိုးဖြင့် လှုံ့ဆော်ပေးမည်ဖြစ်ကြောင်း ယွဲ့ရှင်းဝမ် မျှော်လင့်ထားပြီးသားဖြစ်သည်။ ဤအတန်းအတွက် အဓိကသော့ချက်မှာ ‘စိတ်ပိုင်းဆိုင်ရာ အရည်အသွေး အကဲဖြတ်ခြင်း’ ဖြစ်သည်။ ကြောက်ရွံ့ထိတ်လန့်နေသော ကျောင်းသားများသည် ညပိုင်းစားမေးပွဲအခန်းရှိ နေရာမှာတင် သေလုမြောပါး ဖြစ်သွားနိုင်ဖွယ်ရှိသည်။
ဒါကိုတွေးပြီး စင်္ကြံကနေ ‘အား’ဟု အော်သံထွက်လာသည်။ မိန်းကလေးတစ်ယောက်ဆီကဖြစ်သည်။ သူမ၏အသံက အလွန်ကျယ်သောကြောင့် အော်သံက လူနာဆောင်ရှိ စာမေးပွဲဖြေဆိုသူများ၏ စိတ်ထဲကို တိုက်ရိုက်ရောက်သွားကာ အားလုံးသတိရှိသွားကြသည်။
စိတ်တိုလွယ်သော ရူပဗေဒဌာနမှ စီနီယာအစ်ကိုဖြစ်သူ ကျုံ့ယွီဟန်၏ အော်သံက နောက်ကနေ လိုက်ပါလာသည်။
"Fuck… ဒါက ဘယ်လိုမကောင်းဆိုးရွားကြီးလဲ"
ယွဲ့ရှင်းဝမ်သည် တံခါးနားရှိ နံရံက မီးခလုတ်ကို နှိပ်ရန် ချက်ချင်း သွားလိုက်ရာ အခန်းထဲရှိ မီးသည် ခဏတာ လင်းလာပြီး မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ မီးပျက်သွားတော့သည်။
ပတ်ဝန်းကျင်ရှိ အလင်းရောင်က မှိန်ဖျော့ဖျော့ဖြင့် ဘာမှမမြင်ရပေ။ လျှိုကျောက်ချင်းသည် သူ့ခန္ဓာကိုယ်နှင့် တံခါးကို ပိတ်ဆို့လိုက်ပြီး အပြင်မှ အရာများသည် တံခါးကို ကျယ်လောင်စွာ ထုရိုက်နေကြပြီး လျှိုကျောက်ချင်း၏ခန္ဓာကိုယ်အား အနည်းငယ် တုန်ခါစေသည်။
ယွဲ့ရှင်းဝမ်က လျှိုကျောက်ချင်းနှင့်အတူ တံခါးကို ကိုင်ထားပြီး လျင်မြန်စွာ ပြောသည်။
"မီးတွေ လျှပ်တပြက်လင်းလာတုန်းက ကုတင်နံပါတ် 15 က အဘိုးအိုကို ကျွန်တော်ကြည့်လိုက်ပေမဲ့ သူက ကုတင်ပေါ်မှာ မရှိဘူး… ဒီတော့ ညပိုင်းစာမေးပွဲအခန်းထဲမှာ ကျွန်တော်တို့ စာမေးပွဲဖြေသူ 10 ယောက်ပဲ ရှိမယ်ထင်တယ်…"
လျှိုကျောက်ချင်းလည်း ဒါကို တွေးမိသည်။ အကယ်၍ မကောင်းဆိုးရွားများသည် နှလုံးသွေးကြောဆိုင်ရာလူနာဆောင်ကို ကျူးကျော်ဝင်ရောက်လာပါက နှလုံးမကောင်းသော သက်ကြီးရွယ်အိုများအားလုံး အကြောက်လွန်ပြီး သေသွားပေလိမ့်မည်။ အပိုမေးခွန်း၏အဖြေမှာ ‘မကောင်းဆိုးရွားကြောင့် အကြောက်လွန်ပြီး သေသွားတယ်’ဆိုတာက ယုတ္တိမရှိချေ။
ဆိုလိုသည်မှာ ဤစာမေးပွဲတွင် နေ့ပိုင်း၌ သူတို့သည် ‘လူနာဆောင်ရှိ လူနာများ သေဆုံးရခြင်း၏ အကြောင်းရင်းအမှန်’ကို သိရှိရန် အပိုမေးခွန်းနဲ့ပတ်သက်ပြီး ဆင်ခြင်သုံးသပ်ရမည်။ ညပိုင်းစာမေးပွဲခန်းထဲမှာ သူတို့ကျောင်းသား 10 ယောက်ကို ‘ညလူနာဆောင်’ထဲ ဆွဲသွင်းပြီး သေရေးရှင်ရေးတိုက်ပွဲဝင်ရမည်။
ဒါကိုတွေးရင်း လျှိုကျောက်ချင်း၏ ရင်ဘတ်က တုန်ခါလာပြီး ဘယ်ဘက်ရင်ဘတ်မှာ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့နှလုံး၏ နေရာကို ချက်ချင်း ပွတ်သပ်ပြီး ယွဲ့ရှင်းဝမ်ကို သတိပေးသည်။
"ငါတို့ရဲ့နှလုံးရောဂါက အချိန်မရွေး ဖောက်လာနိုင်တာကြောင့် သတိထားပါ…"
ယွဲ့ရှင်းဝမ်က အကူအညီမဲ့နေခဲ့သည်။
"ဒီအချိန်က ထိတ်လန့်စရာကောင်းတဲ့ ဇာတ်ကားတစ်ကားထဲမှာ တကယ့်ကို ရောက်နေတယ်လို့ ခံစားရတယ်…"
သူ့နှလုံးခုန်နှုန်းကလည်း နည်းနည်း ပုံမှန်မဟုတ်သည့်အတွက် အသက်ပြင်းပြင်းရှူပြီး စိတ်ခံစားချက်များကို ချိန်ညှိဖို့ ကြိုးစားခဲ့သည်။
သို့သော် ထိုစကားများကို ပြောပြီးသည်နှင့် တံခါးကိုထုနေသောအရာက ရုတ်တရက် ရပ်တန့်သွားပြီး ပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်သွားသည်။ နှစ်ယောက်လုံး အံ့ဩသွားကြသည်။ နောက်အခိုက်အတန့်တွင် ချွန်ထက်သော လက်အရိုးတစ်ခုက ရုတ်တရက် တံခါးကို ထိုးဖောက်လာသည်။
သူတို့နှစ်ယောက်သည် တုံ့ပြန်မှုမြန်၍ တစ်ချိန်တည်းမှာ ခေါင်းကို ခွာလိုက်တာကြောင့် မဟုတ်လျှင် ထိုလက်အရိုးကြောင့် မျက်စိကန်းလုနီးပါး ဖြစ်သွားလိမ့်မည်။
လျှိုကျောက်ချင်း၏ နှလုံးခုန်နှုန်းက ချက်ချင်း မြန်လာသည်။ သူက နှလုံးခုန်နှုန်းကို တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူကာ တိုးတိုးပြောသည်။
"ဘုရားရေ… ဒီတံခါးက စက္ကူနဲ့လုပ်ထားတာလား… လက်ဗလာနဲ့တောင် ထိုးလို့ရတာလား"
တံခါးအပြင်ဘက်ရှိ မကောင်းဆိုးရွားများသည် ပြင်းထန်သော တိုက်ခိုက်နိုင်စွမ်းရှိသည်။ လက်အရိုးများက အထဲသို့ဝင်ပြီးနောက် တံခါးကို ဆက်လက်ထုရိုက်နေကာ တံခါးတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် သဘောထားရှိနေသည်။ ယွဲ့ရှင်းဝမ်၏ မျက်နှာမှာ ဖြူဖျော့နေသည်။
"ကြည့်ရတာတော့ ကျွန်တော်တို့ အခန်းထဲမှာ ပုန်းနေလို့မဖြစ်တော့ဘူး… မဟုတ်ရင် ကျွန်တော်တို့ အဝိုင်းခံရလိမ့်မယ်…"
လူနာဆောင်ရှိနေရာသည် ကျဉ်းမြောင်းပြီး ပြတင်းပေါက်များကို ပိတ်ဆို့ထားသည်။ မကောင်းဆိုးရွားအများအပြား ပြေးဝင်လာပါက သူတို့နှစ်ဦးသည် အဝိုင်းခံရဖွယ် အလားအလာရှိသည်။ နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် အမှောင်ထဲမှာ ကြည့်နေကြပြီး တစ်ယောက်ကိုတစ်ယောက် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေမဲ့ နှစ်ယောက်စလုံးက တစ်ဖက်လူ၏ ဆိုလိုရင်းကို နားလည်ကြသည်။
လျှိုကျောက်ချင်းက အသက်ပြင်းပြင်းရှူသည်။
"နံပါတ်စဉ် 3 ကနေ စရေပြီး တံခါးကို ဖွင့်ပြီးတော့ အတူတူ ပြေးကြမယ်"
သူတို့နှစ်ယောက်က စိတ်ထဲကနေ 3၊ 2၊ 1 ကို တိတ်တဆိတ် ရေတွက်ခဲ့ကြသည်။
‘1’ဟု ရေတွက်လိုက်သည့်အခိုက်တွင် လျှိုကျောက်ချင်းက တံခါးကို ဆတ်ခနဲဖွင့်လိုက်သည်။ မကောင်းဆိုးရွားက သူ့လက်နဲ့ တံခါးပေါက်ကို ဖောက်ပြီး သူ့လက်ရိုးက တံခါးမှာ ညှပ်နေသေးသည်။ လျှိုကျောက်ချင်းက တံခါးကို ရုတ်ခြည်းဖွင့်လိုက်ရာ မကောင်းဆိုးရွားသည် အရှိန်မထိန်းနိုင်ဘဲ အခန်းထဲသို့ ဆွဲသွင်းခံလိုက်ရသည်။ မကောင်းဆိုးရွားက ဘာကြီးပဲဖြစ်ပါစေ ယွဲ့ရှင်းဝမ်သည် မဆိုင်းမတွဘဲ အဘိဓာန်ကို ထုတ်ကာ မကောင်းဆိုးရွားကို အုတ်ခဲနှင့် မိတ်ဆက်ပေးလိုက်သည်။
ယွဲ့ရှင်းဝမ်၏ လေးလံသောအဘိဓာန်ကြောင့် အရိုက်ခံလိုက်ရသော မကောင်းဆိုးရွားသည် ကြမ်းပြင်ပေါ်သို့ ကျယ်လောင်သောအသံဖြင့် လဲကျသွားသည်။
နှစ်ယောက်သားက မကောင်းဆိုးရွား၏အလောင်းကို အမြန်နင်းပြီး ပြေးထွက်လာကြသည်။
ယွဲ့ရှင်းဝမ်က မကောင်းဆိုးရွားကို အနီးကပ်ကြည့်လိုက်သည်—— သူတို့ခေါင်းပေါ်ရှိ မီးရောင်များက ပျက်နေပြီး စင်္ကြံတစ်ခုလုံးရှိ [Fire Exit]၏ အစိမ်းရောင်သင်္ကေတသာ မီးရောင်မှိန်ဖျော့ဖျော့ တောက်ပနေသည်။ သူနာပြုဌာနနှင့် ဆရာဝန်ဂျူတီခန်းတွင် လှုပ်ရှားမှုမရှိသလို အခြားလူနာများလည်း ထိုနေရာတွင် မရှိတာကြောင့် တက္ကသိုလ်ကျောင်းသား 10 ဦးသာ ကျန်တော့သည်။
နှစ်ယောက်သား ထွက်သွားသောအခါ အခြားကျောင်းသားများလည်း ပြေးထွက်လာကြပြီး စင်္ကြံတွင် ခြေသံများ ရှုပ်ထွေးနေကာ တစ်ခါတစ်ရံ ရူပဗေဒဌာန၏ စီနီယာအစ်ကို ဆဲဆိုသောစကားသံများနှင့် မိန်းကလေးများ၏ အော်ဟစ်သံများက ရောနှောနေကြသည်။ ထို့နောက် တချို့က တစ်စုံတစ်ခုကို ယူပြီး မကောင်းဆိုးရွားများကို ပြင်းပြင်းထန်ထန် ပြန်ရိုက်ကာ လေးလံသောအရာများက နံရံအား ထိမှန်သည့်အသံမှာ ကြောက်မက်ဖွယ်ကောင်းသည်။
အမှောင်ထဲမှာ ‘Fire Exit’စကားလုံး၏ အလင်းရောင်ပဲ ရှိတာကြောင့် ဘယ်သူက အတန်းဖော်လည်း ဘယ်သူက မကောင်းဆိုးရွားလည်းဆိုတာ မမြင်ရပေ။
ထိုသို့သော အခြေအနေမျိုးတွင် ကျောင်းသားများ၏ တိုက်ခိုက်ရေးစွမ်းရည်များသည် မတော်တဆ ထိခိုက်ဒဏ်ရာများ ရရှိစေနိုင်သည်။ ယွဲ့ရှင်းဝမ်က ချက်ချင်း ကျယ်လောင်စွာပြောခဲ့သည်။
"ဆယ်သွယ်ရေးအင်ဂျင်နီယာက အတန်းဖော်ချွီဝေးဝေး 5G အချက်ပြတာဝါတိုင်ကို ဘယ်ဘက်အပေါ်ထောင့်က နားနေခန်းဧရိယာမှာ အမြန်ထားလိုက်ပြီး အားလုံးက ညာဘက်အောက်ထောင့်မှာရှိတဲ့ သူနာပြုဌာနဆီ ပြေးသွားကြပါ"
အမှောင်ထဲတွင် ထွက်ပေါ်လာသော ရှင်းလင်းပြတ်သားသော အသံက လူတိုင်းကို ထိတ်လန့်စေသည်——
မူလက ထိတ်လန့်ပြီး အားကိုးရာမဲ့နေသည့် ကျောင်းသားများက လျင်မြန်စွာ ငြိမ်သက်သွားခဲ့သည်။ ထိုအချိန်တွင် သူတို့သည် ညပိုင်းစာမေးပွဲခန်း၌ တစ်ယောက်တည်းမဟုတ်ကြောင်း၊ အတန်းဖော်များစွာရှိနေတာကို လူတိုင်းသိသွားကြသည်။ အားလုံးက ပူးပေါင်းဆောင်ရွက်နိုင်သည်။
ဆက်သွယ်ရေးအင်ဂျင်နီယာ ချွီဝေးဝေးက ချက်ချင်းပြန်ဖြေသည်။
"နားလည်ပြီ"
5G အချက်ပြမှုများ၏ လွှမ်းခြုံမှုက အလွန်ကျယ်ပြန့်သည်။ သူမသည် “စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်း” အဆင့်ကိုကျော်သွားသောအခါတွင် သူမသည် မျောက်များကို ဆွဲဆောင်ရန်အတွက် ဤအချက်ပြတာဝါတိုင်ကို အသုံးပြုခဲ့သည်။ ယွဲ့ရှင်းဝမ်သည် သူမ၏ စွမ်းရည်ကို မှတ်မိသည်။ သူမသည် မျောက်များကို လှည့်စားနိုင်သောကြောင့် ညဘက်တွင် အမည်မသိမကောင်းဆိုးရွားများကိုလည်း လှည့်စားနိုင်သင့်သည်။
ချွီဝေးဝေးက 5G အချက်ပြတာဝါတိုင်ကို ဘယ်ဘက်အပေါ်ထောင့်သို့ အမြန်ပစ်ချလိုက်သည်။ သေချာပေါက် မကောင်းဆိုးရွားများအားလုံးသည် အချက်ပြတာဝါတိုင်၏ ဆွဲဆောင်တာခံရပြီး ဘယ်ဘက်အပေါ်ထောင့်ကို ပြေးသွားခဲ့သည်။ စင်္ကြံရှိ ဖိအားများ ရုတ်တရက် သက်သာရာရသွားသည်။
ယွဲ့ရှင်းဝမ်က ဆက်အော်သည်။
"ရူပဗေဒဌာနမှ စီနီယာအစ်ကိုက လျှပ်စစ်ပတ်လမ်း ပြုပြင်နည်းကို သိလား… မီးသီးက အခုလေးတင် လင်းသွားတာကြောင့် လူနာဆောင်မှာ လျှပ်စစ်ဓာတ်အားရှိကြောင်း ညွှန်ပြနေတယ်…"
ကျုံ့ယွီဟန်၏ စိတ်ရှုပ်နေသော အသံက အမှောင်ထဲမှ ထွက်လာသည်။
"ငါလုပ်တတ်တယ်… ငါ မီတာဘောက်ကို သွားကြည့်လိုက်မယ်… အားလုံး ငါ့ကို ကာထားပေးဖို့ လိုအပ်တယ်"
ယွဲ့ရှင်းဝမ်၏ စကားကို နားထောင်ပြီးနောက် စင်္ကြံရှိ ကျောင်းသားများအားလုံးက ညာဘက်အောက်ထောင့်ရှိ သူနာပြုဌာနဆီသို့ ပြေးသွားကြသည်။ အချက်ပြတာဝါတိုင်ကို ချထားပြီးနောက် မိန်းကလေးနှစ်ယောက်လည်း ပြေးလာကြသည်။ မကြာခင်မှာပဲ တက္ကသိုလ်ကျောင်းသား 10 ဦးက သူနာပြုဌာနဧရိယာမှာ စုရုံးရောက်ရှိလာသည်။
အမှောင်ထဲမှာ တစ်စုံတစ်ယောက်က အတန်းဖော်၏ ခြေထောက်ကို နင်းမိ၍ ကမန်းကတန်း တောင်းပန်ခဲ့ပေမဲ့ ယခုအချိန်မှာ ဒါတွေကို စိတ်ပူဖို့ အချိန်မရှိပေ။ လူတိုင်းက နှလုံးရောဂါ ခံစားနေရသည်။ ပြင်းထန်သောလေ့ကျင့်ခန်းနှင့် ကြောက်လန့်မှုတို့က လူတိုင်း၏နှလုံးခုန်နှုန်းကို မြန်စေပြီး မောဟိုက်လာခဲ့သည်။
အမှောင်ထုထဲတွင် ကျောင်းသားတစ်ယောက်၏ တုန်ယင်နေသောအသံက ထွက်ပေါ်လာသည်။
"အားလုံးအဆင်ပြေကြရဲ့လား… ငါက ကုတင်နံပါတ် 49 က လျှိုယွီဖန်းပါ…"
ခယ်ရှောင်ပင်းကဲ့သို့ပင် သူသည် မနက်ခင်းက ဆွေးနွေးခန်းကို မသွားခဲ့ဘဲ ဒီအတန်းဖော်က ဘယ်နေရာမှာ ဘာလုပ်နေလဲဆိုတာ သူတို့မသိပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူကမေးမြန်းရန် စကားပြောလာသည်။
ချွီဝေးဝေးက သူတို့ကို သတိပေးခဲ့သည်။
"အားလုံးပဲ နားထောင်ကြ… ကျွန်မရဲ့ 5G အချက်ပြတာဝါတိုင်က 15 စက္ကန့်ပဲ ဆင့်ခေါ်လို့ရတယ်…"
ကျုံ့ယွီဟန်က ပြောသည်။
"လူနာဆောင်ရဲ့ မီတာဘောက်နေရာကို ငါမှတ်မိပေမဲ့ အလင်းရောင်မရှိရင် သေချာမမြင်ရဘူး… ဒီတော့ လျှပ်စစ်ပတ်လမ်းကို ငါဘယ်လိုပြင်ရမှာလဲ"
"အတန်းဖော် ငါမင်းကို ကူညီပေးမယ်… အားလုံးပဲ 3 စက္ကန့်လောက် မျက်စိမှိတ်ထားကြ…"
လျှိုယွီဖန်းက ထိုသို့ပြောပြီးသောအခါ ညာဘက်လက်ကို ရုတ်တရက် မြှောက်လိုက်ပြီး သူ့လက်ထဲမှာ အလွန်တောက်ပသော အလင်းလုံးတစ်ခု ပေါ်လာပြီး သူက ပြောပြသည်။
"ငါက ရူပဗေဒဌာနကပါ… ငါကိုင်ထားတဲ့ပစ္စည်းကို အလင်းလုံးလို့ခေါ်တယ်… ငါ့ရဲ့အလင်းလုံးကို တိုက်ရိုက်မကြည့်ကြနဲ့ မဟုတ်ရင် လူတွေကို မျက်စိကန်းသွားစေလိမ့်မယ်…"
အလင်းလုံးက အမှန်တကယ်ပင် အလွန်တောက်ပပေသည်။ သို့သော် ကံမကောင်းစွာဖြင့် ပထမအဆင့် အလင်းလုံး၏ မြင်နိုင်သောအကွာအဝေးက လူနာဆောင်တစ်ခုလုံးကို တောက်ပစေရန် သေးငယ်လွန်းသော်လည်း မီတာဘောက်နေရာကို လင်းထိန်စေရန် လုံလောက်ပါသည်။
အလင်းစွမ်းအင် အားနည်းသွားပြီးနောက် လူတိုင်းက မျက်လုံးဖွင့်လိုက်ကြသည်။ ကျုံ့ယွီဟန်သည် အင်္ကျီလက်ကို ခေါက်တင်ပြီး လက်ဗလာဖြင့် မီတာဘောက်ကို ချက်ချင်းဖွင့်ပြီး အနီရောင်နှင့် အပြာရောင်ဝိုင်ယာကြိုးများကို စတင်လေ့လာခဲ့သည်။ ရူပဗေဒဌာနမှ လျှိုယွီဖန်းကလည်း သူ့ဘေးကနေ အလင်းလုံးကိုကိုင်ပြီး ကူညီပေးခဲ့သည်။
အနီးနားရှိ ကျောင်းသားများ၏ နှလုံးများက တစ်ဟုန်ထိုး ခုန်နေသည်။ ချွီဝေးဝေးက အလွန်စိတ်လှုပ်ရှားသွားပြီး လက်ဖဝါးတွင် ချွေးများထွက်နေသည်။ သူမ၏ 5G အချက်ပြတာဝါတိုင်တည်ရှိချိန်၏ အချိန်ကို သူမမြင်ရသည်။ 6 စက္ကန့်သာကျန်တော့၏။ ရူပဗေဒဌာနမှ အစ်ကိုနှစ်ယောက်အတွက် မီတာဘောက်ကိုဖြေရှင်းရန် အချိန်မလုံလောက်ပေ။ သူတို့ ဘယ်လိုလုပ်ရမလဲ။
ယွဲ့ရှင်းဝမ်လည်း ဒါကိုစဉ်းစားနေပြီး သူက ရုတ်တရက် မေးခဲ့သည်။
"လျှိုရှောင်းရှောင်း၊ မင်း ဒီမကောင်းဆိုးရွားတွေကို စာသင်ပေးရဲလား"
လျှိုရှောင်းရှောင်းက သူမ၏နာမည်အား ခေါ်တာကြားသောအခါ အံ့အားသင့်သွားခဲ့သည်။ အလင်းရောင်မရှိလျှင် ဤမကောင်းဆိုးရွားအုပ်စုကို လုံးဝမကိုင်တွယ်နိုက်ဘဲ သိမ်းကျုံးထွက်ပြေးပါက အချင်းချင်း နင်းမိပြီး ကြိတ်ခံရဖွယ်ရှိသည်။ သူတို့သည် ရူပဗေဒဌာနမှ အစ်ကိုတွေ မီတာဘောက်ပြင်တာပြီးသွားစေရန် အချိန်ဆွဲရမည်။ လျှိုရှောင်းရှောင်းက အံကြိတ်ကာ ပြောသည်။
"ကျွန်မ မကောင်းဆိုးရွားတွေကို 15 စက္ကန့်လောက်တော့ စာသင်ပေးနိုင်တယ်…"
ယွဲ့ရှင်းဝမ်က လျှိုရှောင်းရှောင်းအနားသို့ လျှောက်သွားကာ သိမ်မွေ့သောအသံဖြင့် ပြောသည်။
"မကြောက်ပါနဲ့… ငါမင်းကို ကာထားပေးမယ်…"
လျှိုရှောင်းရှောင်းသည် အလွန်ကြောက်လွန်း၍ သူမ၏မျက်နှာ ဖြူဖျော့နေသော်လည်း ထိုအသံကိုကြားပြီးနောက် အကြောင်းတစ်ခုခုကြောင့် သူမသည် ရုတ်တရက် အလွန်စိတ်လှုပ်ရှားခြင်းမရှိတော့ပေ။ သူမသည် အရူးမျောက်များကို စာသင်ပေးနိုင်သောကြောင့် အမှောင်ထဲမှာ မကောင်းဆိုးရွားတွေကို စာသင်ပေးတာက ဘာများကြောက်စရာရှိမည်နည်း။ သူမက ခေါင်းငြိမ့်ကာ ပြောသည်။
"ကောင်းပြီ… သွားရအောင်…"
ယွဲ့ရှင်းဝမ်က ပြောခဲ့သည်။
"စီနီယာအစ်ကိုလျှို ကျွန်တော် ဘယ်ဘက်ကိုစောင့်ပြီး ညာဘက်ကို စီနီယာဆီ အပ်ထားမယ်…"
လျှိုကျောက်ချင်း: "ကိစ္စမရှိဘူး"
ရူပဗေဒဌာနမှ ကျုံ့ယွီဟန်သည် လျှပ်စစ်ပတ်လမ်းပြုပြင်ရန် အလုပ်များနေသည်။ သူ့လက်တွေက တုန်နေ၏။ ယွဲ့ရှင်းဝမ်၏ အေးဆေးတည်ငြိမ်သော အသံကိုကြားတော့ သူသည် သူ့ကိုယ်သူ စိတ်တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူကာ တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းရန် အရှိန်မြင့်လိုက်သည်။ လျှပ်စစ်ပတ်လမ်းများသည် ရူပဗေဒ၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ကံကောင်းထောက်မစွာ သူသည် အခြေခံများကို ကောင်းစွာ သင်ယူခဲ့သည်။
အချိန်တွေကြာလာတာနဲ့အမျှ လူတိုင်းဟာ သူတို့၏ နှလုံးခုန်သံများကို ရှင်းရှင်းလင်းလင်း ကြားနိုင်သည်အထိ စိတ်လှုပ်ရှားလာကြသည်။ နှလုံးရောဂါ၏ သက်ရောက်မှုကြောင့် သူတို့သည် စိတ်အလွန်အကျွံ မလှုပ်ရှားရဲဘဲ သူတိုအားလုံးက အသက်ပြင်းပြင်းရှူကာ တည်ငြိမ်စေရန် တွန်းအားပေးခဲ့ကြသည်။
ချွီဝေးဝေးက တုန်ယင်နေသောအသံဖြင့် သူတို့ကို သတိပေးသည်။
"5G အချက်ပြတာဝါတိုင် ပျောက်ကွယ်သွားပြီ…"
ဘယ်ဘက်အပေါ်ထောင့်ရှိ အချက်ပြတာဝါတိုင် ပျောက်ကွယ်သွားသည်နှင့် ထူးဆန်းသောခြေသံများက စင်္ကြံတွင် ထပ်မံမြည်လာကာ သူတို့ကို လျင်မြန်စွာ ဝိုင်းရံထားသည်။
လျှိုရှောင်းရှောင်းနှင့် ယွဲ့ရှင်းဝမ်တို့သည် ဘယ်ဘက်အောက်ထောင့်တွင် ရပ်ကာ လျှိုရှောင်းရှောင်းသည် အသက်ပြင်းပြင်းရှူပြီး သင်ခန်းစာကို စတင်ဖတ်သည်။ ဆရာဖြစ်သင်တန်းတက္ကသိုလ်၏ သင်ခန်းစာများသည် ပတ်ဝန်းကျင်ရှိ မကောင်းဆိုးရွားများကို သင်ခန်းစာအား မတ်တတ်ရပ်နားထောင်စေရန် တွန်းအားပေးနိုင်သော်လည်း “မူလတန်းသင်ခန်းစာမှတ်စုများ”က 15 စက္ကန့်သာ သင်ကြားနိုင်ပြီး မကောင်းဆိုးရွားများနှင့်လည်း အတော်လေး နီးကပ်နေရကာ အလွန်အန္တရာယ်များသည်။
ကံကောင်းထောက်မစွာ ယွဲ့ရှင်းဝမ်၏ ကာကွယ်မှုကြောင့် လျှိုရှောင်းရှောင်းက ပို၍ သတ္တိရှိလာခဲ့သည်။ သူမသည် သင်ခန်းစာကို 10 စက္ကန့်ကျော်ကြာဖတ်ပြီး သူမဖတ်ပြီးသည်နှင့် လူနာဆောင်တစ်ခုလုံးရှိ မီးများ ရုတ်တရက် ပွင့်သွားသည်——
စီနီယာအစ်ကိုကျုံ့ယွီဟန်က နောက်ဆုံးတွင် လျှပ်စစ်ပတ်လမ်းကို ပြုပြင်နိုင်ခဲ့သည်။
လျှိုရှောင်းရှောင်းနှင့် ယွဲ့ရှင်းဝမ်တို့သည် နောက်ဆုံးတွင် လူနာဆောင်အတွင်းရှိ အခြေအနေကို မြင်လိုက်ရသည်——
စင်္ကြံမှာ မရေမတွက်နိုင်သော မကောင်းဆိုးရွားများ ရှိနေတာကို သူမြင်ရသည်။ သူတို့၏ ခြေထောက်နဲ့ လက်တွေက အဖြူရောင်အရိုးတွေချည်းပဲ ရှိပေမဲ့ သူတို့၏ခန္ဓာကိုယ်ကတော့ ကောင်းမွန်ပြီး သူတို့၏မျက်နှာများကို မြင်နေရဆဲဖြစ်သည်။ သူတို့၏မျက်နှာများမှာ သွေးစွန်းနေပြီး သူတို့၏ ပင်းပေါင်ဘောလုံးအရွယ် မျက်လုံးများက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။
အလင်းရောင်ပွင့်လာချိန်တွင် လျှိုရှောင်းရှောင်းနဲ့ တစ်မီတာအကွာ၌ ပြေးလာနေသော မကောင်းဆိုးရွားတစ်ကောင်ရှိပြီး ထိုပြူးနေသော မျက်လုံးများက လျှိုရှောင်းရှောင်း၏ မျက်လုံးများနှင့် ဆုံမိသွားသည်။
"အား—"
လျှိုရှောင်းရှောင်းသည် သူမ၏နှလုံးခုန်နှုန်း ရပ်တန့်လုနီးပါးပင် ကြောက်လန့်သွားသည်။
ယွဲ့ရှင်းဝမ်၏ဦးရေပြားသည် ထုံကျင်နေပြီး အဘိဓာန်ကို မသိစိတ်က ဆင့်ခေါ်ကာ လေထဲကနေ မကောင်းဆိုးရွားဆီသို့ ရိုက်ထည့်လိုက်သည်။
‘ဘမ်း’ဆိုသော အသံနဲ့အတူ အဘိဓာန်သည် လျှိုရှောင်းရှောင်း၏ ခေါင်းထိပ်မှ ပွတ်တိုက်ကာ ပျံတက်သွားပြီး မကောင်းဆိုးရွား၏ခေါင်းကို တိကျစွာ ထိမှန်ခဲ့သည်။ လေးလံသောအဘိဓာန်က မကောင်းဆိုးရွားကို မူးဝေသွားစေပြီး ခြေလက်များကားယားဖြင့် ကြမ်းပြင်ပေါ်သို့ မှောက်လျက် လဲကျသွားသည်။
နောက်ထပ် မကောင်းဆိုးရွားတစ်ကောင်က လိုက်လာပြီး ယွဲ့ရှင်းဝမ်က အလျင်အမြန် ပြောသည်။
"လျှိုရှောင်းရှောင်း ပြေးတော့"
သူသည် ကျောင်းသူကို အရင်ဆုံး ဆုတ်ခိုင်းလိုက်ပြီး အဘိဓာန်အုတ်ခဲဖြင့် အကြိမ်ပေါင်းများစွာ ဆက်တိုက်ပစ်ပေါက်ကာ ရှေ့တန်းကနေ လိုက်နေသည့် အရိုးစုမကောင်းဆိုးရွားများကို ထုရိုက်ခဲ့သည်။
ညာဘက်ရှိ စင်္ကြံတွင် လျှိုကျောက်ချင်းက ဆဲသည်။
"Fuck… ဒီကောင်တွေက စမ်းသပ်ခန်းထဲမှာ ပြောင်းလဲသွားတဲ့ မျောက်တွေထက်တောင် ရွံစရာပိုကောင်းသေးတယ်…"
သူက ကျိန်ဆဲပြီး သူ့လက်ထဲက ခွဲစိတ်ဓားကို ပစ်ပေါက်သည်။ထိမှန်နှုန်းက လုံလောက်အောင်မတိကျပေမဲ့ ခွဲစိတ်ဓားကို ပစ်ပေါက်သည့် အမြန်နှုန်းက အလွန်မြန်သည်။ ထိုအချိန်တွင် ညာဘက်စင်္ကြံကို လျှိုကျောက်ချင်း၏ ဓားပျံများဖြင့် ပိတ်ဆို့ထားခဲ့ပြီး မကောင်းဆိုးရွား တစ်ယောက်ချင်းစီကို ထိုးကာ မကောင်းဆိုးရွားများစွာ၏ မျက်လုံးများကို ထိုးဖောက်သွားခဲ့သည်။
လျှပ်စစ်ပတ်လမ်းကို ပြုပြင်ပြီးသွားသော ကျုံ့ယွီဟန်သည် နောက်သို့ လှည့်ကြည့်လိုက်ရာ ရုတ်တရက် သူ့မျက်လုံးအိမ်များ တုန်ယင်သွားသည်။
"သောက်ခွေးလိုပဲ…"
စာကြည့်တိုက်ကို ဆဲရန် သူစကားလုံးကို မစဉ်းစားနိုင်တော့ပေ။ အခြားကျောင်းသားများကလည်း ပါးစပ်ကိုဖုံးကာ အန်ချင်စိတ်ကို တွန်းလှန်နေကြသည်။
မီးဖွင့်ပြီး မြင်လိုက်ရသည့် မြင်ကွင်းက ရွံစရာကောင်းလှပြီး ရှင်းရှင်းလင်းလင်း မမြင်ရတာက ပိုကောင်းပါသည်။ ကံမကောင်းစွာပဲ မီးမဖွင့်လျှင် ဒီအရာတွေ ဘယ်မှာရှိသလဲဆိုတာ မမြင်ရဘူး။ အတန်းဖော်တွေကို မတော်တဆ ထိခိုက်မိဖို့ လွယ်ကူပြီး သူတို့၏စွမ်းရည်များကို လုံးဝအသုံးပြု၍မရပေ။
လျှိုကျောက်ချင်း၏ ခွဲစိတ်ဓားက အခြေအနေကို တဖြည်းဖြည်း မထိန်းချုပ်နိုင်တော့ဘဲ သူလျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။ ယွဲ့ရှင်းဝမ်လည်း လျှိုရှောင်းရှောင်းကို ကာကွယ်ရင်း ပြန်လာခဲ့သည်။ သူလှည့်ပတ်ကြည့်လိုက်ပြီး ထိတ်လန့်နေသော ဆံပင်တိုတိုမိန်းကလေးကို အေးအေးဆေးဆေးကြည့်ကာ ပြောသည်။
"ချင်လု ကျောက်ထုလွှာလှုပ်ရှားမှုကို ပြင်ဆင်ပါ…"
ပထဝီဝင်ဌာနမှ ချင်လုသည် အထိတ်တလန့်ဖြစ်ရာမှာ ပြန်လည်သတိဝင်လာပြီး လျင်မြန်စွာပြောခဲ့သည်။
"အားလုံး ကျွန်မနားမှာ မြန်မြန်စုနေကြ"
ထိုစကားကို အားလုံးကြားသောအခါ သူတို့အားလုံးက သူမနားမှာ စုလာကြသည်။
ချင်လုသည် သူမ၏ ညာလက်ကို အနည်းငယ် မြှောက်လိုက်ပြီး သူမ၏ လက်ဖဝါးထဲတွင် အပြာရောင် ကမ္ဘာလုံးလေး ပေါ်လာသည်။ သူမ၏လက်ချောင်းထိပ်များက ကမ္ဘာလုံးပေါ်သို့ ညင်သာစွာ လျှောကျလာပြီး မိန်းကလေး၏ ရှင်းလင်းပြတ်သားသောအသံကို အားလုံးကြားလိုက်ရသည်။
"ပစိဖိတ်ကျောက်ထုလွှာ၊ အာရှဥရောပကျောက်ထုလွှာ၊ နေရာပြောင်းစမ်း"
အားလုံး၏ မျက်လုံးများရှေ့တွင် ရုတ်တရက် လျှပ်တပြက်ဖြစ်သွားသည်။ မူလက လူတိုင်းသည် ညာဘက်အောက်ထောင့်ရှိ သူနာပြုဌာနတွင် စုဝေးနေကြသည်။ အဓိကကျောက်ထုလွှာနှစ်ခု၏ ‘ကျောက်ထုလွှာလှုပ်ရှားမှု’ကြောင့် ရလဒ်အနေဖြင့် သူတို့သည် ဘယ်ဘက်အပေါ်ထောင့်ရှိ နားနေခန်းဧရိယာကို အမှန်တကယ် ပြောင်းရွှေ့သွားကြသည်။
ထိုအချိန်မှာ လူတိုင်းက ပြောချင်နေကြတာကတော့: ပထဝီဝင်ဌာနက အရမ်းမိုက်တယ်…
အတန်းဖော်များက ချင်လုကို ထိတ်လန့်စွာ ကြည့်နေကြပြီးနောက် ယွဲ့ရှင်းဝမ်ကို သဘောကျစွာ ပြန်ကြည့်ကြသည်။
တကယ်တော့ သူက အတော်ဆုံးကျောင်းသားဖြစ်သည်—— သူသည် လူတိုင်း၏နာမည်နှင့် စွမ်းရည်များကို မှတ်မိပြီး လူတိုင်းက ကြောက်ရွံ့ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ထိတ်လန့်ခြင်းများ ဖြစ်နေသောအခါ နှလုံးသွေးကြောဆိုင်ရာလူနာဆောင်၏ မြေမျက်နှာသွင်ပြင်ကို အခြေခံ၍ ပထမဆုံး မားမားမတ်မတ်ရပ်ကာ တိကျသော အမိန့်ပေးမှုနှင့် ဖြန့်ကျက်မှုကို ပြုလုပ်ခဲ့သူဖြစ်သည်။
ရူပဗေဒဌာနမှ ကျောင်းသားကို လျှပ်စစ်ပတ်လမ်းပြင်စေရန်၊ ဆက်သွယ်ရေးအင်ဂျင်နီယာဌာနမှ ကျောင်းသူကို 5G အချက်ပြတာဝါတိုင် အသုံးပြု၍ မကောင်းဆိုးရွားများအား စုဝေးစေရန်၊ ဆရာဖြစ်သင်တန်းတက္ကသိုလ်မှ ကျောင်းသူကို မကောင်းဆိုးရွားများအား စာသင်ခိုင်းစေပြီး အချိန်ဆွဲခဲ့ကာ နောက်ဆုံးအနေနဲ့ ပထဝီဝင်ဌာနမှ ကျောင်းသူကို ကျောက်ထုလွှာလှုပ်ရှားမှုစွမ်းရည်ကို အသုံးပြုပြီး သူတို့အား တယ်လီပို့ပေးရန် သူတောင်းဆိုခဲ့သည်။
ဆက်တိုက်လုပ်ဆောင်မှုများ ပြီးဆုံးသွားပြီးနောက် လူနာဆောင်ရှိ လျှပ်စစ်ဓာတ်အားကို အောင်မြင်စွာ ဖွင့်နိုင်ခဲ့သည်။ မကော
င်းဆိုးရွားများကို သူတို့နှင့်ဝေးရာ ညာဘက်အောက်ထောင့်သို့ ပို့ဆောင်ခဲ့သည်။
တက္ကသိုလ်ကျောင်းသား 10 ဦးဟာ အသက်မသေဘဲ လွတ်မြောက်ခဲ့သည်။
ဤအရာသည် မတူညီသော ဘာသာရပ်များအကြား ပူးပေါင်းဆောင်ရွက်မှု၏ စွမ်းအားဖြစ်ပါသလား။
#TK