Chapter 11
Viewers 4k

Volume 1 : ဆေးပညာဌာန


Chapter 11 (နှလုံးသွေးကြောဆိုင်ရာလူနာဆောင် ၀၆)


10 စက္ကန့်ကြာ အချိန်ရေတွက်ပြီးနောက် မြင်ကွင်း တစ်ဖန် ပြောင်းသွားကာ လူတိုင်း လူနာဆောင်အတွင်းရှိ အိပ်ရာဆီသို့ ပြန်သွားကြသည်။


ကုတင်နံပါတ် 15 မှ အဘိုးအိုသည် မူလနေရာတွင်ရှိနေဆဲဖြစ်ပြီး ယွဲ့ရှင်းဝမ်က ကြည့်ရန်ရှိသေးသည့်အချိန်မှာ အပေါ်နှင့်အောက်မျက်ခွံများက မှိတ်စပြုလာသည်။ မမြင်နိုင်သည့် တွန်းအားတစ်ခုက သူ့အား တတ်နိုင်သမျှ အမြန်ဆုံးအိပ်ပျော်စေရန် ပြုလုပ်နေသည်။ မျက်လုံးမှိတ်ပြီး မသိစိတ်က အိပ်ပျော်သွားတော့သည်။


နောက်တစ်နေ့ မနက် 7 နာရီမှာ သူနာပြုတစ်ယောက်က အခန်းတံခါးကို တွန်းပြီး သတိပေးလာသည်။

"ကုတင်နံပါတ် 16 နဲ့ 17၊ ရှင်တို့ဗိုက်ထဲမှာ အစာမရှိတုန်း သွေးထုတ်ရအောင်… သွေးထုတ်ပြီးရင် မျက်နှာသစ်ပြီး နှလုံးဓာတ်မှန်ရိုက်ဖို့အတွက် imaginary room ကို ကျွန်မနဲ့ လိုက်ခဲ့ပါ…"


နှစ်ယောက်သားက မနက်အစောကြီး အပ်နဲ့ ထိုးခံရတာကြောင့် ချက်ချင်း လန့်နိုးသွားသည်။ ယွဲ့ရှင်းဝမ်သည် အိပ်ယာမှထကာ ရေချိုးခန်းတံခါးသို့ ရောက်သောအခါ မျက်နှာသစ်ရန်အထဲသို့ ဝင်သွားသော်လည်း ကုတင်နံပါတ် 15 ရှိ အဘိုးအိုက အိပ်ရာထဲတွင်မရှိကြောင်း တွေ့ရှိခဲ့သည်။ သူ ခဏလောက် ထိတ်လန့်သွားပြီး နောက်ပြန်လှည့်ကာ သူနာပြုကို မေးသည်။

"ကုတင်နံပါတ် 15 က လူနာက ဘယ်ရောက်သွားတာလဲ"


လျှိုကျောက်ချင်းက ယွဲ့ရှင်းဝမ်၏အကြည့်အတိုင်း ကုတင်နံပါတ် 15 ကို ကြည့်ရင်း သူ့ခေါင်းထဲ သံသယဝင်လာသည်။

"ဟုတ်သား… ကုတင်နံပါတ် 15 က လူနာက ဘယ်ရောက်သွားတာလဲ… မနက်အစောကြီး သူဘာလို့ မရှိနေတာလဲ"


သူနာပြုက တည်ငြိမ်စွာ ပြန်ဖြေသည်။

"မနေ့ညက ကုတင်နံပါတ် 15 အဘိုးအိုက နှလုံး‌ဖောက်ပြီး ဆုံးသွားတယ်…"


ဆုံးသွားတယ်… နှစ်ယောက်သားက တုန်လှုပ်ချောက်ချားမှုဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။


သူနာပြုထွက်သွားပြီးနောက် ယွဲ့ရှင်းဝမ်က အသံတိုးတိုးနဲ့ဆိုသည်။

"ထူးဆန်းတာတစ်ခုရှိတယ်… အဘိုးအိုက ဘာလို့ ရုတ်တရက် ဆုံးသွားရတာလဲ"

 

လျှိုကျောက်ချင်းက ပြောသည်။

"အရင်ဆုံး ငါတို့တွေ မျက်နှာသစ်ပြီး စစ်ဆေးမှုခံဖို့ လိုအပ်တယ်… ပြီးမှ အခြားကျောင်းသားတွေနဲ့ ငါတို့တွေ့ကြတာပေါ့…"


နှစ်ယောက်သားက တစ်ယောက်ပြီးတစ်ယောက် မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့ ဝင်သွားခဲ့ပြီး အသက် 40 အရွယ် သူနာပြုနောက်ကနေ imaginary room ထဲသို့ လိုက်သွားကြသည်။ ဒီအရာသည် မနေ့က Dr. ရှောင်း သူတို့ကို ညွှန်ကြားခဲ့တာဖြစ်သည်။ သူတို့သည် ယနေ့မနက်တွင် ‌နှလုံးဓာတ်မှန်ရိုက်ရန် ချိန်းဆိုထားသောကြောင့် နောက်ကျ၍မဖြစ်ပေ။


ခဏအကြာတွင် အခြားကျောင်းသားများသည် သူနာပြုများနောက်ကနေ နှစ်ယောက်တွဲဖြင့် လိုက်လာကြသည်။ လူတိုင်းက သူတို့အလှည့်ရောက်ရန် စင်္ကြံမှာထိုင်နေကြပြီး ကျောင်းသူတစ်ဦးက လျှိုကျောက်ချင်းကို တိုးတိုးလေးမေးသည်။

"စီနီယာအစ်ကိုလျှို… ဒီနှလုံးဓာတ်မှန်ရိုက်တာက အန္တရာယ်ရှိလား"


လျှိုကျောက်ချင်းက ရှင်းပြသည်။

"နှလုံးဓာတ်မှန်ရိုက်တာက နှလုံးသွေးကြောဆိုင်ရာ အထူးကုဆရာဝန်ကြီးတွေမှာ အရမ်းအသုံးများတဲ့ စစ်ဆေးမှုတစ်ခုပါ… Contract agent ကို သွေးကြောမှတစ်ဆင့် ခန္ဓာကိုယ်ထဲကို ထိုးသွင်းပြီးနောက် CT scan ရိုက်ပြီး ပုံထဲမှာ နှလုံးသွေးကြောတွေကို ရှင်းရှင်းလင်းလင်းပြသနိုင်တယ်… တကယ်လို့ မင်းက contract agent နဲ့ ဓာတ်မတည့်ဘူးဆိုရင် ဒီစစ်ဆေးမှုကို ပြုလုပ်လို့မရတာကြောင့် စစ်ဆေးမှုမပြုလုပ်မီ ဓာတ်တည့်မတည့်ကို စစ်ဆေးမှုပြုလုပ်ရမယ်…"


ဆေးကျောင်းသား၏ ကျွမ်းကျင်သောရှင်းပြချက်ကြောင့် လူတိုင်းကို ပိုမိုစိတ်သက်သာရာဖြစ်စေခဲ့သည်။


နောက်အခိုက်အတန့်တွင် သူနာပြုက စတင်ခေါ်သည်။

"နှလုံးသွေးကြောဆိုင်ရာလူနာဆောင်က ချွီဝေးဝေး ဓာတ်တည့်မတည့်ကို စစ်ဆေးဖို့ ကျွန်မနဲ့အတူ လိုက်ခဲ့ပါ…"


ယွဲ့ရှင်းဝမ်က လူတိုင်းကို အသံတိုးတိုးဖြင့် သတိပေးသည်။

"အားလုံး စစ်ဆေးမှုပြုလုပ်ပြီးရင် တတ်နိုင်သမျှ အမြန်ဆုံး လူနာဆောင်ထဲကို ပြန်ကြပြီး နေ့လယ်စာစားပြီးရင် နေရာဟောင်းမှာ ဆုံကြမယ်…"


အားလုံးက နားလည်မှုဖြင့် ခေါင်းငြိမ့်ကြသည်။


ကျောင်းသားများကို တစ်ယောက်ပြီးတစ်ယောက် ခေါ်သွားကာ ယွဲ့ရှင်းဝမ်သည် သူ၏အတွေးကို ခဏဖယ်ထားကာ နှလုံးသွေးကြောဆိုင်ရာ CT scan စစ်ဆေးရန် နာခံစွာ သွားခဲ့သည်။


စစ်ဆေးမှုပြီးသည့်အခါ အချိန်က မွန်းတည့်ချိန်‌နီးနေပြီဖြစ်သည်။ လူနာဆောင်ထဲသို့ ပြန်ရောက်ပြီးနောက် ဆေးရုံကန်တင်းက နေ့လည်စာကို အတူတူ ယူလာပေးသည်။ ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့သည် လွတ်နေသော ကုတင်နံပါတ် 15 ကို ကြည့်ကာ အဆင်မပြေသလို ခံစားရသည်။


ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ကာ ပြောသည်။

" စီနီယာအစ်ကို မနေ့မနက်မှာ လူနာဆောင်ထဲကို ဆရာဝန်တွေ လှည့်ပတ်ကြည့်ရှုတုန်းက Dr. ရှောင်က ကုတင်နံပါတ် 15 ရဲ့ အသက် 77 အဘိုးအိုမှာ နှလုံး stent သွင်းထားတယ်လို့ ပြောခဲ့တာကို မှတ်မိသေးတယ်… သူ့လက္ခဏာတွေက တည်ငြိမ်နေသေးလား"


လျှိုကျောက်ချင်းက ခေါင်းငြိမ့်သည်။

"ငါလည်း မှတ်မိတယ်… stent ထည့်သွင်းပြီးနောက် လူနာက ရုတ်တရက် ဆုံးသွားတယ်… အယူအဆအရတော့ ဖြစ်နိုင်ခြေအများကြီးရှိတယ်… ပထမတစ်ခုက ငြင်းဆန်တဲ့ တုံ့ပြန်မှုကြောင့်ပဲ… ဒုတိယတစ်ခုက ခွဲစိတ်ပြီးနောက် ရောဂါပိုးဝင်ပြီး septic shock ဖြစ်စေတာ… တတိယတစ်ခုက ရုတ်တရက် ‌နှလုံးဖောက်တာ… စတုတ္ထတစ်ခုကတော့ မင်းပြောသလိုပဲ…" ဟု သူက အသံကို တိုးလိုက်သည်။ "လူသတ်တာများလား"


ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး ဆိုသည်။

"အခြားကျောင်းသားတွေနဲ့ အရင်တွေ့ပြီး သူတို့ရဲ့အခြေအနေတွေကို မေးကြည့်ရအောင်…"


နှစ်ယောက်သား နေ့လည်စာကို မြန်မြန်စားပြီးသည်နှင့် ဘယ်ဘက်အပေါ်ထောင့်ရှိ နားနေခန်းဧရိယာသို့ ရောက်လာကြသည်။


နေ့ခင်းဘက်တွင် နှလုံးသွေးကြောဆိုင်ရာလူနာဆောင်ရှိ အရာအားလုံးက ပုံမှန်ဖြစ်သည်။ ဆရာဝန်တွေ၊ သူနာပြုတွေက အလုပ်ရှုပ်နေကြသည်။ အခြားလူနာဆောင်ရှိ အဘိုးအိုနဲ့ အဘွားအိုများက စိတ်ဓာတ်တက်ကြွနေကြပြီး သက်ကြီးရွယ်အိုတချို့သည် ချိုင်းထောက်ဖြင့် စင်္ကြံတွင် လမ်းလျှောက်နေကြသည်။


မနေ့ညက ထိတ်လန့်စရာကောင်းသော တိုက်ပွဲဟာ အိပ်မက်ဆိုးတစ်ခုလို ကျောင်းသား 10 ယောက်နဲ့သာ သက်ဆိုင်သည့် အမှတ်တရတစ်ခုပဲဖြစ်သည်။ သို့သော် မနေ့ညက တစ်စုံတစ်ယောက်သေဆုံးသွားလျှင် ယနေ့တွင် အတန်းဖော်တစ်ဦးသည် အဖြူရောင်အဝတ်စအောက်၌ နှလုံးဖောက်၍ သေဆုံးသွားတာကို လူတိုင်း‌မြင်တွေ့ကောင်းမြင်တွေ့နိုင်လိမ့်မည်။


မကြာမီ နားနေခန်းဧရိယာသို့ လူ 10 ဦး ရောက်ရှိလာသည်။


ယွဲ့ရှင်းဝမ်က စကားစကာ မေးသည်။

"မင်းတို့နဲ့ တစ်ခန်းတည်းမှာနေတဲ့ လူနာတွေ ဘယ်လိုအခြေအနေရှိလဲ"


ကျုံ့ယွီဟန်က သုန်မှုန်သောမျက်နှာဖြင့် ပြောသည်။

"ငါတို့လူနာဆောင်က ကုတင်နံပါတ် 24 က အသက် 80 အရွယ် အဘိုးအိုတစ်ယောက်ပဲ… သူ့အခြေအနေက အရမ်းပြင်းထန်တယ်… မနေ့က လူနာဆောင်ကို ဆရာဝန်တွေ လှည့်ပတ်ကြည့်ရှုတော့ သူ့ကို ခြောက်ကြိမ်မြောက် ဆေးရုံတင်ထားရတယ်လို့ ဆရာဝန်က ပြောတယ်… အသေးစိတ်ကိုတော့ ငါလည်း နားမလည်တဲ့အတွက် အဓိကအချက်တချို့ကို ချရေးထားတယ်… သူ့ရဲ့နှလုံးသွေးလွှတ်ကြောအရှေ့ပိုင်းက ဆင်းလာတဲ့အဆို့ရှင်က ပြင်းထန်စွာတင်းမာနေပြီး သူ့မှာ ပြင်းထန်တဲ့ သွေးကြောကျဉ်းရောဂါရှိနေတာကြောင့် သူ့ကို တစ်ခုခုလုပ်ဖို့ အာရုံစိုက်သင့်တယ်လို့ ပြောတယ်…"


သူက ဒီလိုပြောပြီး လျှိုကျောက်ချင်းကို မော့ကြည့်လိုက်သည်။

"ဆေးပညာဌာနက စီနီယာအစ်ကိုလျှို ဒါကဘာကိုဆိုလိုတာလဲ သိလား"


လျှိုကျောက်ချင်းက ပြန်ဖြေသည်။

"အသက် 80 အရွယ် အဘိုးအိုတစ်ယောက်က ပြင်းထန်တဲ့နှလုံးသွေးကြောကျဉ်းရောဂါရှိတာကြောင့် ကျန်းမာရေးမကောင်းရင် ကြားဖြတ်ခွဲစိတ်မှုအန္တရာယ်ကို ခံနိုင်ရည်ရှိဖို့ ခက်ခဲတယ်… atherosclerosis က သွေးလွှတ်ကြောတွေကို ပိတ်ဆို့ပြီး စူးရှတဲ့ နှလုံးဖောက်တာကို ဖြစ်ပေါ်စေတာဖြစ်မယ်…"


လူတိုင်း၏ ရှုပ်ထွေးနေသော မျက်နှာများကို မြင်လိုက်ရတော့ လျှိုကျောက်ချင်းက သူ့ဘယ်လက်သီးကို ဆုပ်ပြီး ညာလက်ဖြင့် လက်ဟန်အမူအရာနဲ့ ဥပမာပေးသည်။

"နှလုံးက ညစ်ထုတ်ပေးတဲ့စုပ်စက်တစ်ခုလိုပဲ နှလုံးခုန်လိုက်တိုင်း သူ့ပတ်ဝန်းကျင်ကို သွေးတွေ ပို့ပေးတယ်… သွေးကြောတွေက သွေးပို့ဆောင်ပေးတဲ့ မြစ်နဲ့တူတယ်… သွေးကြောတွေက နှလုံးရဲ့မျက်နှာပြင်ပေါ်မှာ တည်ရှိနေပြီး သွေးပို့ဆောင်ဖို့ အရေးကြီးတဲ့မြစ်တွေဖြစ်တယ်… နှလုံးသွေးကြောကျဉ်းရောဂါဆိုတာက သွေးကြောတွေကို ကျဉ်းမြောင်းစေတဲ့ ရောဂါဖြစ်ပြီး သွေးကြောတွေ ကျဉ်းမြောင်းခြင်းက မြစ်တွေကိုလည်း ကျဉ်းမြောင်းစေတာကြောင့် သွေးပို့ဆောင်မှုကို ထိခိုက်စေနိုင်တယ်…"


သူက ခေတ္တရပ်ကာ ဆက်ပြောသည်။

"Atherosclerosis ဆိုတာက နှစ်ပေါင်းများစွာ မြစ်ထဲမှာ နုန်းတွေဖြစ်ပေါ်ပုံနဲ့ ဆင်တူတယ်… နှလုံးရောဂါသည်က ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒါမှမဟုတ် စိတ်လှုပ်ရှားလာပြီး နှလုံးခုန်နှုန်းမြန်လာတဲ့အခါ မူလကကျဉ်းမြောင်းနေတဲ့ မြစ်ကို ချက်ချင်း ပိတ်ဆို့သွားစေတယ်… ဒါမှမဟုတ် နုန်းတွေက ရုတ်တရက် ပြုတ်ကျပြီး မြစ်ကို ပိတ်ဆို့ဖို့ ကျဉ်းမြောင်းတဲ့နေရာဆီ စီးဆင်းသွားမယ်ဆိုရင် မြစ်က ပိတ်ဆို့ခံရပြီး သွေးမစီးဆင်းနိုင်တော့ဘဲ မြစ်ရဲ့ထိန်းချုပ်မှုအောက်က သွေးတွေ မလည်ပတ်နိုင်တာကြောင့် သေဆုံးခြင်းဖြစ်စေလိမ့်မယ်—— အဲဒါကို နှလုံးဖောက်တယ်လို့ ခေါ်တယ်…"


စီနီယာအစ်ကိုလျှိုက နားလည်ရလွယ်ကူသောနည်းဖြင့် ရှင်းပြခဲ့ပြီး “နှလုံးသွေးကြောကျဉ်းရောဂါ”နှင့် “atherosclerosis”၏ အဓိပ္ပါယ်ကို လူတိုင်းနားလည်နိုင်ပေမည်။ ဤရှုထောင့်မှကြည့်လျှင် အသက် 80 အရွယ်တွင် နှလုံးဖောက်ကာ ရုတ်တရက် သေဆုံးတာက ဆေးပညာလောကတွင် အလွန်အဖြစ်များပါသည်။


ကျုံ့ယွီဟန်က ပြောသည်။

"ငါတို့လူနာတောင်ထဲက အသက် 80 အရွယ် အဘိုးအိုက အကြောင်းတစ်ခုခုကြောင့် သွေးကြောပိတ်ဆို့ပြီး နှလုံးဖောက်လို့ ရုတ်တရက် သေဆုံးသွားခဲ့တာလား… ဒါက မတော်တဆ သေဆုံးမှုလား"


ယွဲ့ရှင်းဝမ်၏ အမူအရာမှာ တည်ငြိမ်နေပြီး လူအုပ်ကြားထဲကို သူ့မျက်လုံးများဖြင့် ဝေ့ကြည့်လိုက်သည်။

"အခြားလူနာဆောင်တွေမှာ ဘယ်လိုအခြေအနေရှိလဲဆိုတာအပေါ် မူတည်တယ်… အသေးစိတ်ပြောရအောင်…"


လျှိုရှောင်းရှောင်းက နီရဲနေသောမျက်လုံးများဖြင့် ပြောသည်။

"ကျွန်မတို့ လူနာဆောင်ရဲ့ ကုတင်နံပါတ် 5 က အဘွားလည်း မနေ့ညက ဆုံးသွားတယ်… အဘွားက အရမ်းသဘောကောင်းတာ… သူမမိသားစုက မနေ့က နေ့လည်ခင်းမှာ သူမကိုလာတွေ့ပြီး သစ်သီးခြင်းတောင်း ယူလာပေးတယ်… ကျွန်မတို့စားဖို့တောင် လိမ္မော်သီးကို အခွံနွှာပေးတယ်… သူမအခြေအနေက မစိုးရိမ်ရတာကြောင့် ဒီနေ့မှာ ဆေးရုံဆင်းဖို့ ဆရာဝန်နဲ့ မနေ့နေ့လယ်က ဆွေးနွေးနေကြတာကို ကျွန်မမှတ်မိသေးတယ်… ဒါပေမဲ့ မနက်အိပ်ရာနိုးတော့ သူမက ဆုံးသွားလို့ အဝတ်ဖြူနဲ့ အုပ်ထားခံရပြီး သူနာပြုကို မေးတော့ မနေ့ညက ရုတ်တရက် နှလုံးဖောက်တာကြောင့် အချိန်မီမကယ်နိုင်လိုက်ဘူးလို့ ပြောတယ်…"


ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ဆက်မေးသည်။

"ချင်လု၊ မင်းဘက်ကကော ဘယ်လိုလဲ"


ချင်လုက ပြန်ဖြေသည်။

"ကျွန်မတို့လူနာဆောင်မှာရှိတဲ့ ကုတင်နံပါတ် 33 က အသက် 60 အရွယ် အဘွားအိုပါ… ဆေးရုံတက်ရတဲ့ အကြောင်းရင်းက နှလုံးသွေးကြောကျဉ်းလို့ဖြစ်ပြီး သူမက ကြားဖြတ်ခွဲစိတ်မှု ခံယူရတော့မှာ… မနေ့က ဆရာဝန်တွေလှည့်ပတ်တော့ သူမရဲ့ တာဝန်ခံဆရာဝန်က ပြောတယ်… လက်ထောက်ညွှန်ကြားရေးမှူးက သူမကို ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးပေးပြီး 3 ရက်အတွင်း ခွဲစိတ်ကုသပေးမှာတဲ့… ဒါပေမဲ့ မနေ့ညက နှလုံးဖောက်လို့ သူမဆုံးသွားပြီ…"


ယွဲ့ရှင်းဝမ်က ခယ်ရှောင်ပင်းကို ကြည့်လိုက်ပြီး သူက ချက်ချင်း ဆိုသည်။ 

"ငါတို့လူနာဆောင်ရဲ့ ကုတင်နံပါတ် 50 က အရင်က ခွဲစိတ်မှု ခံယူဖူးတဲ့ အသက် 70 အရွယ် အဘိုးအိုတစ်ယောက်ပဲ… ဒီတစ်ကြိမ်မှာတော့ အမည်မသိ angina ကြောင့် ဆေးရုံတက်ခဲ့ရပြီး မနေ့ညက ရုတ်တရက် နှလုံးဖောက်သွားခဲ့တယ်…"


ဒါကိုကြားတော့ အားလုံးက တစ်ခုခုမှားနေပြီဆိုတာ သိလိုက်ရသည်။


လျှိုရှောင်းရှောင်း၏အသံက တုန်ယင်နေသည်။

"အားလုံးရဲ့ လူနာအခန်းဖော်တွေ ဆုံးသွားကြပြီလား"


ကျုံ့ယွီဟန်က မျက်မှောင်ကြုတ်ကာ ယွဲ့ရှင်းဝမ်ကို ကြည့်သည်။

"မင်းရဲ့လူနာဆောင်က ကုတင်နံပါတ် 15 လည်း ဆုံးသွားပြီလား"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ကာ တည်ငြိမ်စွာ ပြောသည်။

"ဒါက အပိုမေးခွန်းရဲ့ ခေါင်းစဉ်ပဲ…"


အတန်းဖော်များရှိသည့် လူနာဆောင်က လူနာတွေ ညတွင်းချင်းပဲ သေဆုံးသွားကြသည်။ စာမေးပွဲက အပိုမေးခွန်း၏ အပိုင်းကို ရောက်နေပြီဟု ထင်ရသည်။


ယွဲ့ရှင်းဝမ်က သူ့အိတ်ကပ်ထဲမှ စာရွက်ကို အမြန်ထုတ်လိုက်သည်။ ဤသည်မှာ ခယ်ရှောင်ပင်း၏ လက်ပ်တော့မှ မနေ့က ရေးခဲ့သော အရေးကြီးသည့် အချက်အလက်များဖြစ်ပြီး လူနာဆောင်ရှိ လူနာအားလုံး၏ အခြေခံ အချက်အလက်များ ပါဝင်သည်။ သူတို့ငါးယောက်ကို X ဟု ခပ်မြန်မြန်ခြစ်လိုက်ပြီး သူက အကျဉ်းချုပ်ပြောပြသည်။

"မနေ့ညက သေဆုံးခဲ့တဲ့ လူ 5 ယောက်က ကုတင်နံပါတ် 5၊ 15၊ 24၊ 33၊ 50 က လူနာတွေဖြစ်တယ်… တချို့က ခွဲစိတ်ပြီးတဲ့ကာလဖြစ်ပြီး တချို့က ခွဲစိတ်ဖို့ ကြိုတင်ပြင်ဆင်တဲ့သူဖြစ်တယ်… တချို့က ပြင်းထန်တဲ့အခြေအနေကြောင့် ဆေးရုံတင်ထားရပြီး တချို့က ဆေးရုံဆင်းတော့မယ်… သူတို့ရဲ့ အခြေအနေတွေက လုံးဝမတူညီပေမဲ့ တူညီတဲ့ တစ်ခုတည်းသောအရာကတော့ မနေ့ညက ရုတ်တရက်သေဆုံးတာပဲ…"


လူတိုင်းက သူမှတ်စုတွေ ရေးနေတာကို တွေ့လိုက်သည့်အခါ သူတို့စိတ်ထဲကနေ မချီးကျူးဘဲမနေနိုင်ပေ။ ဒါက ထိပ်တန်းကျောင်းသားတစ်ယောက်၏ စာမေးပွဲအပေါ်ထားသည့် အမြင်လား။


ယွဲ့ရှင်းဝမ်က မှတ်စုများကိုကြည့်ကာ အေးဆေးပြောသည်။

"သေဆုံးသူ 5 ဦးစလုံးက ငါတို့နဲ့ လူနာဆောင်တစ်ခုတည်းက လူနာတွေပဲ… ဒါပေမဲ့ မနေ့ညက လူတိုင်းကို ညပိုင်းစာမေးပွဲခန်းထဲ အတင်းဆွဲခေါ်သွားတဲ့အတွက် ဘယ်အချိန်သေတာလဲ၊ ဘာကြောင့်သေတာလဲ၊ ဆရာဝန်တွေက သူတို့ကို ကယ်တင်ခဲ့လား ဒါမှမဟုတ် ကယ်ဆယ်စဉ်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ငါတို့မသိဘူး…"


ကျုံ့ယွီဟန်က မနေနိုင်ဘဲ ပြောသည်။

"ဆိုလိုတာက အပိုမေးခွန်းမှာ ‘သေဆုံးသူ 5 ယောက်’ခေါင်းစဉ်နဲ့ ‘လူနာသေဆုံးရခြင်းအကြောင်းရင်းအမှန်ကိုရှာပါ’ဆိုတဲ့ မေးခွန်းပဲ ပေးထားပြီးတော့ ငါတို့ကိုယ်တိုင် ရှာရမှာလား"


ဓာတုဗေဒဌာနမှ ကျောင်းသားက သူ့ရင်ဘတ်ကို ဖိကာ ဖြူဖျော့သောမျက်နှာဖြင့် ပြောသည်။

"ဒီသင်တန်းက နေ့ခင်းဘက်မှာ တွေးတောစရာ ဆင်ခြင်ခိုင်းပြီး ညဘက်မှာ သည်းထိတ်ရင်ဖိုတိုက်ပွဲ ဝင်ခိုင်းတာလား"


ကျုံ့ယွီဟန်က ထပ်ပေါင်းပြောသည်။

"ပြီးတော့ ငါတို့ကိုလည်း နှလုံးရောဂါတွေ ပေးထားသေးတယ်…"


လူတိုင်း : "..."


ဒါက အရမ်းခက်လွန်းတယ် မဟုတ်လား…


လျှိုရှောင်းရှောင်းက အကြံပြုသည်။

"အဲဒါက အဆင်မပြေဘူးဆိုရင် ကျွန်မတို့တွေ အပိုမေးခွန်းကို လက်လျော့လိုက်ပြီး ရှင်းလင်းရေးကိုတော့ မထိခိုက်စေပါဘူး… ကျွန်မက များသောအားဖြင့် သိပ္ပံရုပ်ရှင်တွေ ကြည့်ရတာကြိုက်ပြီး ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းက တကယ်မကောင်းဘူး…"


တချို့လူများကလည်း အသံတိုးတိုးဖြင့် ဟာသပြောကြသည်။

"ငါ မူလတန်းကတည်းက စာမေးပွဲတွေမှာ အပိုမေးခွန်းကို မဖြေဘူး… ဖြေပြီးဆိုရင်လည်း ဘယ်တော့မှ မမှန်ဘူး…"


ယွဲ့ရှင်းဝမ်က ပြောသည်။

"ဒါက စာကြည့်တိုက်ရဲ့ ပထမထပ်ပဲရှိသေးတာကို မင်းတို့တွေက မကြိုးစားတော့ဘဲ လက်လျော့မလို့လား"


ပထမထပ်ရှိ ဆေးပညာဌာနက အလွန်ကိုသာမန်မဟုတ်တော့ဘဲ ဒုတိယထပ်နှင့် တတိယထပ်တွင် ဘယ်လိုဌာန ရှိမည်နည်း။ ဘယ်လိုသင်တန်းမျိုးတွေ သူတို့ကို ပေးမည်နည်း။ ဒါကိုတွေးကြည့်ရုံနဲ့ သူတို့ကျောရိုးကို အေးစိမ့်သွားစေသည်။


ယွဲ့ရှင်းဝမ်က သူ့မှတ်စုများကို သိမ်းကာ ပြောသည်။

"မနေ့ညက အားလုံး ပူးပေါင်းဆောင်ရွက်တာ အရမ်းကောင်းပြီး အနာဂတ်မှာလည်း သတင်းအချက်အလက်တွေကို မျှဝေဖို့အတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့ မျှော်လင့်တယ်… ဒါ့အပြင် ဘယ်သူမှ လူနာဆောင် 5 ခုကို တစ်ချိန်တည်း စောင့်လို့မရနိုင်ဘူး… ပြီးပြည့်စုံတဲ့ အဖြေတစ်ခုပေးဖို့ ခက်ခဲတယ်… မင်းတို့တွေ အပိုမေးခွန်းကို ကြိုးစားဖြေဆိုချင်တယ်ဆိုရင် ပါဝင်နိုင်ပြီး အတူတူ ဆွေးနွေး အကြံဉာဏ်ပေးလို့ရတယ်…"


အားလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းငြိမ့်ကြသည်။


ကျုံ့ယွီဟန်က ပထမဆုံး လက်ကို မြှောက်လိုက်သည်။

"အတန်ဖော်ရှင်းဝမ်ရဲ့ တွေးခေါ်ပုံက တည်ငြိမ်ပြီး ယုတ္တိရှိတယ်လို့ ငါထင်တယ်… မနေ့ညက သူ့ကျေးဇူးကြောင့် ငါတို့တွေ ဒီနေ့အထိ တစ်ယောက်မှမသေဘဲ အသက်ရှင်နိုင်ခဲ့တာ… ဒီသင်တန်းပြီးရင် လူတိုင်းက ပြန်ဆုံနိုင်မလားဆိုတာ မသေချာတာကြောင့် အချင်းချင်း သတိထားနေစရာ မလိုပါဘူး… သဲလွန်စတွေကို မျှဝေတာက ကျိုးကြောင်းဆင်ခြင်ဖို့ ပိုလွယ်ကူစေတယ်… ရှင်းဝမ်ရဲ့ အစီအစဉ်ကို လူတိုင်း နားထောင်ပြီး အတူတကွ ကြိုးစားကြဖို့ အကြံပြုချင်တယ်… အပိုမေးခွန်းက 30 မှတ်တန်ဖြစ်ပြီး ငါတို့သာ မှန်သွားမယ်ဆိုရင် ကူညီပေးတဲ့ကျောင်းသားတွေက အမှတ်များများ ပိုရနိုင်ပြီး အခြားသူတွေက အခြေခံအမှတ်တချို့ကို ရရှိနိုင်ပြီးတော့ အဲဒါကို credit 4 မှတ်နဲ့ မြှောက်လိုက်ရင် အမှတ်အများကြီးရလိမ့်မယ်"


သူ့ဘေးရှိ ရူပဗေဒဌာနမှ လျှိုယွီဖန်းကလည်း ခေါင်းငြိမ့်သည်။

"ငါလည်း သဘောတူတယ်…"

 

ဓာတုဗေဒဌာနမှ ကျောင်းသားက သူ့လက်ကို မြှောက်ပြီး ပြောသည်။

"ငါလည်း ပါဝင်ဖို့ ဆန္ဒရှိတယ်…"


ယွဲ့ရှင်းဝမ်က အခြားသူတွေကို ကြည့်သည်။

"မင်းတို့ကော ဘယ်လိုလဲ"


ကျောင်းသူလေးယောက်က ခေါင်းငြိမ့်ပြကြသည်။

"ကျွန်မလည်း သဘောတူတယ်…"


"နင်အကူအညီလိုရင် စီစဉ်လိုက်…"


"ငါက ကျိုးကြောင်းဆင်ခြင်ရာမှာ မကောင်းပေမဲ့ ငါ အလုပ်တွေလုပ်ပြီး သဲလွန်စတွေ စုဆောင်းနိုင်အောင် ကူညီပေးပါ့မယ်"


ဘယ်သူကမှ မကန့်ကွက်တာကြောင့် ယွဲ့ရှင်းဝမ်က ပျော်ရွှင်စွာ ပြောသည်။

"ဒါဆို တာဝန်တွေ ခွဲလိုက်ကြရအောင်… အားလုံးက ကိုယ့်လူနာဆောင်ရဲ့ လူနာတွေ မနေ့က တစ်နေ့လုံး ပြောသမျှ စကားတိုင်းနဲ့ သူတို့ရဲ့အခြေအနေတွေကို ဆရာဝန်တွေရဲ့ ထင်မြင်ချက်ရယ်၊ မိသားစုဝင်တွေ လာလည်တုန်းက စကားဝိုင်းအပါအဝင် လူနာဆောင်အသွားအလာတွေ အားလုံးကို မှတ်မိသမျှ စုစည်းထားပါ…"


သူသည် အဘိဓာန်စာအုပ်မှ စာရွက် 10 ရွက်ကို အမြန်ဖြဲလိုက်ပြီး အတန်းဖော်တစ်ယောက်ချင်းစီကို ပေးကာ ပြောသည်။

"ညစာစားပြီးရင် အကျဉ်းချုပ်ရေးထားတာကို ငါ့ဆီ ‌ပို့ပေးပါ…"


ယွဲ့ရှင်းဝမ်၏ တည်ငြိမ်အေးဆေးသော အသွင်အပြင်ကို မြင်တော့ လူတိုင်းက သူ့ကို သဘောကျကြသည်။


ဤကိစ္စတွင် သူသည် တည်ငြိမ်စွာ ထိန်းထားနိုင်ပြီး သဲလွန်စများကို အမြန်ရှာဖွေရန်၊ ခွဲခြမ်းစိတ်ဖြာရန်နှင့် ဆင်ခြင်သုံးသပ်ရန် လူတိုင်းကို စုစည်းနိုင်တာကြောင့် ယွဲ့ရှင်းဝမ်သည် ကျောင်းကောင်စီကဲ့သို့ အဖွဲ့အစည်းတွင် အရေးကြီးသောတာဝန်ကို ထမ်းဆောင်ထားရပြီး အဖွဲ့ကိုဦးဆောင်ရာတွင် အလွန်တော်သည်။


ကျုံ့ယွီဟန်က နောက်ပြောင်သည်။

"ငါတို့က ယာယီအတန်းလည်း ဖြစ်တယ်… အတန်းခေါင်းဆောင်က အိမ်စာပေးတာဆိုတော့ လူတိုင်း သေချာပြီးအောင်လုပ်ရမယ်…"


ယွဲ့ရှင်းဝမ်က ကျုံ့ယွီဟန်ကို ခေါင်းငြိမ့်ပြပြီး လျှိုကျောက်ချင်းကို မေးသည်။

"စီနီယာအစ်ကို လူနာတွေ သေသွားရင် ဆရာဝန်တွေက သေဆုံးရခြင်းခွဲခြမ်းစိတ်ဖြာချက်ကို ရေးပေးရမှာမလား"


လျှိုကျောက်ချင်းက ပြန်ဖြေသည်။

"ယေဘုယျအားဖြင့်တော့ သေဆုံးခြင်းအကြောင်းအစီရင်ခံစာကို 24 နာရီအတွင်းရေးရပြီး ဆွေးနွေးဖို့ အစည်းအဝေးလုပ်ရတယ်… သူတို့အစည်းအဝေးက conference room မှာ ရှိနိုင်ပြီး ငါတို့မဝင်နိုင်ဘူး… ဒါပေမဲ့ သူတို့က အစည်းအဝေးပြီးသွားတဲ့အထိ ငါတို့စောင့်ပြီးတော့ ဂျူနီယာညီလေးခယ်ကို သူတို့ရဲ့အစည်းအဝေးမှတ်တမ်းတွေ စစ်ဆေးခိုင်းလို့ရတယ်…"


ယွဲ့ရှင်းဝမ်က ခယ်ရှောင်ပင်းကိုကြည့်ကာ ပြောသည်။

"ရှောင်ခယ်က ဆရာဝန်ရဲ့ကွန်ပျူတာထဲကို ဟက်ခ်ပြီး ‌အဓိကအချက်အလက်တွေကို ရှာလို့ရတယ်… ညစာစားပြီးရင် အားလုံးက ရှောင်ခယ်ကို ဖုံးကွယ်ပေးဖို့ ကူညီပေးလို့ရတယ်… ဥပမာ ဖျားချင်ယောင်ဆောင်ပြီး သူနာပြုတွေ၊ ဆရာဝန်တွေကို ‌ခေါ်ပြီးတော့ ဆရာဝန်ရုံးခန်းကို ဘယ်သူမှမရှိအောင် လုပ်ရမယ်…"


အားလုံးက ခယ်ရှောင်ပင်းကို အံ့အားသင့်စွာကြည့်နေကြသည်။

"မင်းက သူတို့ရဲ့ကွန်ပျူတာကို ဟက်ခ်နိုင်သေးတာလား"


ခယ်ရှောင်ပင်းက ဂုဏ်ယူစွာ ခေါင်းငြိမ့်ပြသည်။

"ကျွန်တော်က ကွန်ပျူတာသိပ္ပံကျောင်းသားဆိုတော့ ကွန်ပျူတာကို ဟက်ခ်တာက အခြေခံလုပ်ဆောင်ချက်ပဲလေ…"


ခယ်ရှောင်ပင်းသည် အရင်အတိုင်းပင် ကွန်ပျူတာအကြောင်း ပြောနေသောအခါ သူ့မျက်လုံးများက တောက်ပလာသည်။ ယွဲ့ရှင်းဝမ်က ခယ်ရှောင်ပင်း၏ နီရဲနေသော နားရွက်ဖျားကို ကြည့်ကာ နူးညံ့စွာပြုံးပြပြီး ထပ်မံသတိပေးသည်။

"ဆရာဝန်တွေရဲ့ အစည်းအဝေးက နေ့လယ်မှာ ပြီးသွားရင် ညနေပိုင်းမှာ အစည်းအဝေးမှတ်တမ်းတွေကို ကွန်ပျူတာမှာ မှတ်တမ်းတင်ထားနိုင်တယ်… အဲဒီအချိန်မှာ လူတိုင်းက သူတို့ရဲ့ သရုပ်ဆောင်စွမ်းရည်ကို အသုံးချပြီး လူနာဆောင်မှာ ဆေးဝန်ထမ်းအားလုံးကို ဆွဲထားပြီးတော့ ရှောင်ခယ် အချက်အလက်တွေ ကူးယူဖို့ အချိန်ဆွဲထားပေးကြ…"


ယွဲ့ရှင်းဝမ်က လူတိုင်းကို တစ်ချက်ကြည့်လိုက်ပြီး ထလိုက်သည်။

"အချက်အလက်တွေကို အရင်စုဆောင်းဖို့ ပြန်သွားပြီး ည 7:30 မှာ တညီတညွတ်တည်း ဆောင်ရွက်ကြမယ်…"


ဤစာမေးပွဲကို ကျောင်းသားတစ်ဦးစီ၏ စွမ်းဆောင်ရည်အလိုက် အမှတ်ပေးမည်ဖြစ်သည်။ နောက်ဆုံးတွင် အပိုမေးခွန်းများဖြေဆိုရန် လူတိုင်းက အတူတကွ ပူးပေါင်းလုပ်ဆောင်ပါက ရမှတ်မှာ သေချာပေါက် ကွဲပြားမည်ဖြစ်သည်။ ယွဲ့ရှင်းဝမ်၏ အဓိကလုပ်ဖော်ကိုင်ဖက်များမှာ ခယ်ရှောင်ပင်းနှင့် လျှိုကျောက်ချင်းတို့ ကျောင်းနေဖက်နှစ်ဦးဖြစ်သည်။ ကွန်ပျူတာသိပ္ပံဌာနမှ တစ်ဦးသည် အချက်အလက်စုဆောင်းရန် တာဝန်ရှိသည်။ ကျန်တစ်ယောက်မှာ ဆေးပညာဌာနမှဖြစ်ပြီး ဖြစ်စဥ်များကို ခွဲခြမ်းစိတ်ဖြာရန် တာဝန်ရှိပြီး သူက အကျဉ်းချုပ်နှင့် ကျိုးကြောင်းဆင်ခြင်မှုတို့ကို လုပ်ဆောင်သည်။


ခယ်ရှောင်ပင်းနှင့် လျှိုကျောက်ချင်းတို့ကဲ့သို့ ကြီးမားသော ပံ့ပိုးကူညီမှုများသည် နောက်ဆုံးတွင် သဘာဝအလျောက် ရမှတ်ပိုများမည်ဖြစ်သည်။ လုပ်ဆောင်ချက်နှင့်သာ ပူးပေါင်းဆောင်ရွက်သော အခြားကျောင်းသားများက အခြေခံရမှတ်များသာ ရရှိနိုင်ပါသည်။

သို့သော် ကျောင်းသားများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြဿနာဖြေရှင်းခြင်းက ပိုမိုချောမွေ့လာမည်ဖြစ်သည်။


ညတွင်းချင်း လူ 5 ယောက်သေတာလား…


လူသတ်သမားရှိနေသ၍ ပြစ်မှုသဲလွန်စတွေ ရှိနေမည်ဟု ယွဲ့ရှင်းဝမ် ယုံကြည်သည်။


#TK