Chapter 12
Viewers 5k

Volume 1 : ဆေးပညာဌာန


Chapter 12 (နှလုံးသွေးကြောဆိုင်ရာလူနာဆောင် ၀၇)


ညနေ 6 နာရီတွင် ကျောင်းသားများက ညစာစားကြပြီး ထို့နောက် ယွဲ့ရှင်းဝမ် တည်ရှိရာ လူနာဆောင်သို့ ရောက်ရှိလာပြီး လူတိုင်းအား တာဝန်ပေးထားသည့် "အိမ်စာ"ကို ယွဲ့ရှင်းဝမ်၏လက်ထဲသို့ ပြန်လည်ပေးအပ်ခဲ့သည်။


ယွဲ့ရှင်းဝမ်သည် လူတိုင်းပေးခဲ့သော အိမ်စာများကို ဂရုတစိုက် အကျဉ်းချုပ်ပြီး သေဆုံးသွားသူ 5 ဦး၏ အတွေ့အကြုံများကို ခွဲခြမ်းစိတ်ဖြာခဲ့သည်။


ကုတင်နံပါတ် 5၊ အသက် 55 နှစ်အရွယ် အဘွားအိုဖြစ်ပြီး ပျော်ရွှင်တတ်သော စရိုက်လက္ခဏာရှိသည်။ သူမသားနဲ့ ချွေးမတို့ နှစ်ယောက်စလုံးက ဆရာ/မများ ဖြစ်ကြပြီး မနေ့ညနေက ဆေးရုံကိုလာပြီး သူမဆီ သွားရောက်တွေ့ဆုံခဲ့သည်။ မူလက သူမသည် နေကောင်းလာပြီဖြစ်၍ ဒီနေ့မှာ ဆေးရုံဆင်းရမည့် လုပ်ငန်းစဉ်ကို သဘောတူထားသည်။ သူမမိသားစုဝင်များက ဒီမနက် ဆေးရုံကို ရောက်လာပြီး မမျှော်လင့်ဘဲ ရုတ်တရက် သေဆုံးသွားတာကို ကြားလိုက်ရပြီး အဖြစ်မှန်ကို လက်မခံနိုင်ကြဘဲ လူနာဆောင်မှာ ငိုယိုရင်း ဆရာဝန်များနဲ့ အချိန်အတော်ကြာ ငြင်းခုံကြသည်။


ယွဲ့ရှင်းဝမ်က အချက်အလက်ကို လျှိုကျောက်ချင်းဆီပေးကာ မျက်မှောင်ကြုတ်ပြီး ပြောသည်။

"ဒီအဘွား သေတာက မူမမှန်ဘူး… ဒီနေ့ ဆေးရုံဆင်းလို့ ရပြီကို မနေ့ညမှာ နှလုံးဖောက်သွားတယ်… ဒါကို မိသားစုဝင်တွေ လက်မခံနိုင်တာ အံ့ဩစရာမရှိပါဘူး…"


ယွဲ့ရှင်းဝမ်က ဆက်လက်ပြောပြသည်။

"အသက် 80 အရွယ် အဘိုးအိုရဲ့ မိသားစုဝင်တွေကတော့ အရမ်းတည်ငြိမ်တယ်… သူက အရမ်းစိုးရိမ်ရတဲ့ အခြေအနေနဲ့ ဆေးရုံတင်ထားရတာ ခြောက်ကြိမ်ရှိပြီ… သူ့မိသားစုဝင်တွေကလည်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားလောက်ပြီး အဘိုးအိုသေဆုံးသွားတယ်ဆိုတဲ့ အချက်ကို မြန်မြန်ဆန်ဆန် လက်ခံခဲ့ပြီးတော့ အလောင်းကို ယူသွားပြီ…"


"အသက် 60 အရွယ် အဘွားအိုက ခွဲစိတ်ဖို့ စီစဉ်ထားပြီး 3 ရက်အကြာမှာ ခွဲစိတ်မှုပြုလုပ်မှာ… ကံမကောင်းစွာနဲ့ပဲ ခွဲစိတ်မှုမလုပ်ခင် သေဆုံးသွားခဲ့တယ်…" လျှိုကျောက်ချင်းက မေးသည်။ "သူမမိသားစုဝင်က ဘာပြောလဲ"


ယွဲ့ရှင်းဝမ်က ပြောသည်။

"သူမရဲ့မိသားစုဝင်တွေက ဒီမှာမရှိတာကြောင့် အလောင်းကို လာမယူသေးဘူး… ကျန်တဲ့ အဘိုးအိုနှစ်ယောက်ဖြစ်တဲ့ အသက် 70 နဲ့ 77 နှစ်တွေကတော့ ခွဲစိတ်မှုခံယူထားပြီးသားဖြစ်တယ်… သူတို့မိသားစုဝင်တွေက အရမ်းခက်ခဲတဲ့အချိန်တွေ ရှိနိုင်ပြီး ခွဲစိတ်မှု အောင်မြင်သွားပေမဲ့ ခွဲစိတ်မှုပြီးမှ ရုတ်တရက် သေဆုံးသွားတယ်လို့ ထင်နေကြတယ်…"


လျှိုကျောက်ချင်းက သက်ပြင်းချသည်။

"ဟင်း… ဆေးရုံမှာ ညသန်းခေါင်ယံကြီး ရုတ်တရက် ဖျားနာတာ၊ သေတာတွေက အရမ်းအဖြစ်များတယ်… အလုပ်သင်ဆင်းတဲ့အချိန်တုန်းက အကြိမ်ပေါင်းများစွာ ကြုံဖူးတယ်… ဒါပေမဲ့ မင်းပြောသလို တစ်စုံတစ်ယောက်က တိတ်တဆိတ် လုပ်ကြံနေတာဆိုရင်တော့ ဖြစ်စဉ်က လုံးဝကွဲပြားသွားလိမ့်မယ်…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။

"ဒါဆို ကျွန်တော်တို့ သဲလွန်စတွေကို အမြန်ဆုံး ရှာရမယ်…"


ည 7:30 တွင် ဆရာဝန်အများစုက အလုပ်မှထွက်သွားကြပြီးယွဲ့ရှင်းဝမ် ညွှန်ကြားသည့်အတိုင်း ကျောင်းသားများက မကျန်းမမာဟန်ဆောင်ကြသည်။


ပထမဦးစွာ ကုတင်နံပါတ် 4 တွင်ရှိသော လျှိုရှောင်းရှောင်းက အကူအညီတောင်းရန် သူနာပြုကို ဖုန်းခေါ်ခဲ့ပြီး သူနာပြု ရောက်လာသောအခါတွင် သူမသည် ကုတင်ပေါ်တွင် ကွေးနေကာ လူးလိမ့်နေရင်း အော်ဟစ်သည်။

"ကျွန်မဗိုက်အရမ်းနာတယ်… ကျွန်မအစားမှားသွားလို့ထင်တယ်… အရမ်းနာလိုက်တာ…"


ပိန်ပိန်ပါးပါးနဲ့ မိန်းကလေးက နဖူးမှာ အေးစက်စက် ချွေးများစီးကျနေပြီး သူမ၏ဗိုက်ဖိထားကာ မျက်နှာက ဖြူဖျော့နေသည်။ သူနာပြုက ထိတ်လန့်သွားပြီး တာဝန်ကျဆရာဝန်ဆီ အမြန်ထွက်သွားသည်။


ဆရာဝန်က လျှိုရှောင်းရှောင်း၏ လူနာဆောင်ကို ဝင်သွားသည်နှင့် ဓာတုဗေဒဌာနမှ ကျောင်းသားကလည်း ဖျားချင်ယောင်ဆောင်သည်။ ကျောင်းသား၏ပုံစံက ဖျားနာနေသည့်ပုံပေါက်နေပြီး ကုတင်ပေါ်တွင် ကျုံ့နေကာ နှလုံးကို ဖိထားရင်း တုန်ယင်နေသည်။ လူနာဆောင်တစ်ခန်းတည်းရှိ ကျုံ့ယွီဟန်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ဆရာဝန်ရုံခန်းသို့ ပြေးသွားသည်။

"ဒေါက်တာ… ဒေါက်တာ… ကျွန်တော့်လူနာဆောင်က လူနာတစ်ယောက်က နှလုံးဖောက်လို့ မြန်မြန်သွားကြည့်ပါဦး"


အခုလေးတင် ညစာစားပြီးသော ဆရာဝန်ကို သူခေါ်သွားသည်။


ထို့နောက် ချင်လုကလည်း သရုပ်ဆောင်ပြီး ခေါင်းကိုက်ချင်ဟန်ဆောင်ကာ တာဝန်ကျဆရာဝန် နောက်ဆုံးတစ်ယောက်ကို ခေါ်လိုက်သည်။


လူနာဆောင်အတွင်းရှိ လူနာများ၏ အခြေအနေမှာ မကြာခဏဆိုးရွားနေပြီး ဆရာဝန်သုံးယောက်ကို သူတို့၏ရုံးခန်းထဲမှ ခေါ်သွားကြသည်။ ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့က ဆရာဝန်ရုံးခန်းအနီးသို့ လမ်းလျှောက်လာခဲ့ကြသည်။ ဆရာဝန်တွေအားလုံး ထွက်သွားတာကိုတွေ့တော့ ယွဲ့ရှင်းဝမ်က အဝေးရှိ ခယ်ရှောင်ပင်းကို ချက်ချင်း လက်ပြလိုက်သည်။


ခယ်ရှောင်ပင်းက နားလည်သွားပြီး ယွဲ့ရှင်းဝမ်၏ အကာအကွယ်အောက်တွင် ဆရာဝန်ရုံးခန်းထဲသို့ ခိုးဝင်ကာ ဆရာဝန်၏ကွန်ပျူတာကိုဖွင့်ပြီး password ကို စတင်ပုံဖော်လိုက်သည်။ လျှိုကျောက်ချင်းနှင့် ယွဲ့ရှင်းဝမ်တို့သည် ဆရာဝန်များ သို့မဟုတ် သူနာပြုများ မလာစေရန် တားဆီးဖို့ စင်္ကြံ၏ ဘယ်ညာထောင့်များကို စောင့်ကြပ်ခဲ့သည်။


ခယ်ရှောင်ပင်းသည် ကွန်ပျူတာရှေ့တွင် ထိုင်နေပြီး သူ၏သွယ်လျသောလက်များက ကီးဘုတ်ပေါ်တွင် အလျင်အမြန်ပြေးလွှားနေကာ သူ့အမူအရာမှာ အလွန်လေးနက်သည်။


ကွန်ပြူတာ ဖန်သားပြင်ပေါ်တွင် ရှုပ်ထွေးသောကုဒ်အတန်းများ ပေါ်လာသည်။ ခဏအကြာတွင် ခယ်ရှောင်ပင်းသည် စနစ်ထဲကို အောင်မြင်စွာ ဟက်ခ်နိုင်ခဲ့သည်။ သူသည် သူ၏ညာလက်ကို လျင်မြန်စွာ မြှောက်လိုက်ပြီး သူ့လက်ပ်‌တော့ကို desktop ဘေးတွင် ချထားကာ ကြိုးမဲ့ဒေတာ ပြောင်းရွှေ့ခြင်းကို စတင်ခဲ့သည်။


အပြာရောင် [Data Transfer in progress...] ဘားက ကွန်ပျူတာပေါ်တွင် ပေါ်လာသည်။


ပြောင်းရွှေ့ခြင်း 80% ပြည့်သွားတာကို တွေ့လိုက်ရသဖြင့် ညာဘက်စင်္ကြံတွင် ရုတ်တရက် ခြေသံကြားလိုက်ရသည်။ လျှိုကျောက်ချင်းသည် ဆေးကုသရေးတွန်းလှည်းကို တွန်းတွန်းနေသည့် သူနာပြုတစ်ဦးကို မြင်သောအခါ တစ်ဖက်ကို ရပ်တန့်ရန် အရှိန်ပြင်းစွာ ခြေလှမ်းပြင်လိုက်ပြီး သူကပြုံးပြသည်။

"မင်္ဂလာပါ အစ်မ… ကျွန်တော် တစ်ခုလောက် မေးချင်လို့… ကျွန်တော် ဒီည ဆေးထိုးဖို့ လိုသေးလား… ကျွန်တော်က ကုတင်နံပါတ် 16 က လူနာပါ…"


သူနာပြုက သူ့လက်ပတ်ပေါ်ရှိ နာမည်ကို တစ်ချက်ကြည့်လိုက်ပြီး ဆေးကုသရေးတွန်းလှည်းပေါ်မှ စာရင်းကို လှန်ကြည့်ကာ ပြောသည်။

"ရှင် ဒီည ဆေးထိုးစရာမလိုဘူး… ပြန်သွားပြီး ကောင်းကောင်းအနားယူပါ… သီးခြားကုသမှုအစီအစဉ်အတွက် ရှင်ရဲ့ တာဝန်ခံဆရာဝန်ကို မနက်ဖြန်မနက် လှည့်ပတ်ကြည့်ရှုတဲ့အချိန် မေးကြည့်လိုက်ပါ…"


စင်္ကြံမှာ စကားပြောသံကိုကြားတော့ ခယ်ရှောင်ပင်းက တုန်လှုပ်သွားပြီး သူ့လက်ဖဝါးများက ချွေးတွေထွက်နေသည်။


နောက်ဆုံးတွင် ဒေတာကူးပြောင်းခြင်းမှာ 100% ဖြစ်လာပြီး ခယ်ရှောင်ပင်းက ချက်ချင်းပင် စနစ်မှ ထွက်ကာ ညာလက်ကို မြှောက်ပြီး လက်ပ်တော့ကို လက်ဖဝါးထဲသို့ ပြန်သိမ်းကာ ရုံးခန်းထဲမှ အမြန်ထွက်ပြီး ယွဲ့ရှင်းဝမ်နှင့်အတူ လှည့်ထွက်ခဲ့သည်။ 


လျှိုကျောက်ချင်းက သူတို့ ချဉ်းကပ်လာတာကို မြင်သောအခါ သူက သူနာပြုအား ပြုံးပြကာ လမ်းလျှောက်ရန် ဘေးဘက်သို့လှည့်ကာ ပြောခဲ့သည်။

"ကျေးဇူးတင်ပါတယ် မိန်းမလှလေး…"


သုံးယောက်သား စင်္ကြံလမ်းအတိုင်း လူနာဆောင်ဆီသို့ လျှောက်သွားကြသည်။ သူနာပြုဌာနကို ဖြတ်သွားသောအခါ သူနာပြုဌာနဘေးရှိ စင်္ကြံ၏အဆုံးတွင် "ဆေးဘက်ဆိုင်ရာအမှိုက်" ဟု အမှတ်အသားပြုနိုင်သော အမှိုက်ပုံးကြီးကို တွေ့ရှိခဲ့သည်။ ယွဲ့ရှင်းဝမ်က လျှိုကျောက်ချင်းကိုကြည့်ပြီး အမှိုက်ပုံးကို ညွှန်ပြသည်။

"စီနီယာအစ်ကို အဲဒါကို သွားစစ်ဆေးချင်လား… ကျွန်တော့်ရဲ့အတွေးအခေါ်က မှန်မယ်ဆိုရင် လူသတ်သမားက ဖြေရှင်းဖို့ အချိန်မရှိတဲ့အတွက် အထောက်အထားက အမှိုက်ပုံးထဲမှာ ဖြစ်နိုင်တယ်…"


လျှိုကျောက်ချင်းက ခေါင်းငြိမ့်သည်။

"အင်း… သွားရအောင်…"


သုံးယောက်သား သူနာပြုဌာနကို ခိုးဝင်လာကြသည်။


အခြားကျောင်းသားများက ဆရာဝန်များနဲ့ သူနာပြုများကို အချိန်ဆွဲရန် အစွမ်းကုန် ကြိုးစားနေကြတာကြောင့် အနီးနားမှာ ဘယ်သူမှ မရှိတော့ပေ။ ခယ်ရှောင်ပင်းက အဝင်ဝမှာ စောင့်နေ၏။ ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့က သူနာပြုဌာနမှ ဆေးဘက်ဆိုင်ရာလက်အိတ်နှစ်စုံကို ခိုးယူ၍ ဝတ်ခဲ့ကြသည်။ သူတို့သည် အမှိုက်ပုံးကိုဖွင့်ပြီး သဲလွန်စကို ရှာပါတော့သည်။


ပိတ်စ၊ ဆေးထိုးအပ်များက စစ်ဆေးရန် ဘာအဓိပ္ပါယ်မှမရှိဘဲ အဓိကသော့ချက်က ဆေးပုလင်းများဖြစ်သည်။


ယွဲ့ရှင်းဝမ်သည် ဆေးပုလင်းများနှင့် ဆေးသွင်းအိတ်များအားလုံးကို ဆွဲထုတ်ပြီး လျှိုကျောက်ချင်းက သူ့ဘေးနားတွင် ဂရုတစိုက် စစ်ဆေးသည်။

"ဆားလင်း၊ ဂလူးကို့စ်၊ သွေးတိုးကျဆေး၊ သွေးသွင်းဆေးတွေ... လူနာတွေကို ကယ်တင်ရာမှာ အသုံးပြုတဲ့ adrenaline လည်းရှိတယ်…"

ဆေးပုလင်းများကို တစ်ခုချင်း စစ်ဆေးကြည့်ပြီးနောက် သူကခေါင်းခါလေသည်။

"ဒါက သာမန်ဆေးတွေပဲ… ဘာမှထူးခြားတာ မရှိဘူး…"


အချိန်ဖြုန်းခြင်းဖြစ်ပေမဲ့ ယွဲ့ရှင်းဝမ်က စိတ်မပျက်ဘဲ နူးညံ့စွာ ပြောသည်။

"ဒီမှာ သဲလွန်စ မရှိတော့ဘူးဆိုတော့ သူနာပြုဌာနမှာ လူသတ်သမားက ဆေးပြောင်းထားတာမျိုးမရှိဘူးလို့ ဆိုလိုတာပေါ့… ဒါဆို သူနာပြုတွေ လူသတ်ဖို့ဆိုတာက ဖြစ်နိုင်ခြေ အတော်လေးနည်းပါးသွားပြီး ကျွန်တော်တို့ စုံစမ်းစစ်ဆေးဖို့နယ်ပယ်က ပိုမိုကျဉ်းမြောင်းသွားစေနိုင်တယ်…"


သုံးယောက်သား လူနာဆောင်ထဲသို့ ပြန်လာကာ ဝင်ထိုင်ကြပြီး ခဏအကြာတွင် အတန်းဖော်တချို့က တံခါးခေါက်ပြီး ဝင်လာကြသည်။


ယွဲ့ရှင်းဝမ်၏အသံက သိမ်မွေ့နေသည်။

"လူတိုင်း အလုပ်ကြိုးစားကြတယ်… အထဲဝင်ပြီး ထိုင်‌စရာနေရာရှာကြပါ… အစည်းအဝေးလုပ်ပြီး အရင်ဆွေးနွေးကြရအောင်…"


ကျုံ့ယွီဟန်က အရွှန်းဖောက်သည်။

"အတန်းအစည်းအဝေးတစ်ခုလို့ ခံစားရတယ်… ရှင်းဝမ်က ငါတို့ရဲ့ ယာယီအတန်းခေါင်းဆောင်ပေါ့…"


ယွဲ့ရှင်းဝမ်က သူ့ကိုပြုံးပြပြီး ခယ်ရှောင်ပင်းကို ကြည့်ကာ ပြောသည်။

"အချက်အလက်တွေကို ဖွင့်ပြီး ဆရာဝန်တွေရဲ့ ကောက်ချက်ချတာကို ကြည့်ရအောင်…"


ခယ်ရှောင်ပင်းသည် သူ၏ညာလက်ကို မြှောက်လိုက်ပြီး သူ၏လက်ဖဝါးပေါ်ရှိ ကွန်ပြူတာသင်္ကေတသည် အလွန်ပါးလွှာသောလက်ပ်တော့အဖြစ်သို့ ပြောင်းလဲသွားသည်။ အခြားကျောင်းသားများက ကွန်ပျူတာဌာန၏ ဆုကို အလွန်အားကျခဲ့ကြသည်။ သူတို့မှာ လက်ပ်တော့တစ်လုံးနှင့် ဉာဏ်ရည်မြင့်စက်ရုပ်ရှိသည်။ ကွန်ပျူတာဌာနက တကယ်ချမ်းသာသည်။


ခယ်ရှောင်းပင်သည် လက်ပ်တော့ထဲရှိ လူနာအချက်အလက်ဖိုင်ကိုဖွင့်ပြီး ဖန်သားပြင်ကို ယွဲ့ရှင်းဝမ်ဆီသို့ လှည့်လိုက်သည်။ ယွဲ့ရှင်းဝမ်သည် မနေ့က သူဖတ်ဖူးသော ရောဂါမှတ်တမ်းများကို လျင်မြန်စွာ မောက်စ်ဖြင့် ပွတ်ဆွဲလိုက်ပြီး အသစ်ထည့်ထားသော “သေဆုံးခြင်းအကြောင်း ဆွေးနွေးခြင်း”ကဏ္ဍကို တိုက်ရိုက်ဖွင့်ကာ လျှိုကျောက်ချင်းကို ပြောသည်။

"စီနီယာအစ်ကို ဒီကိစ္စမှာ ပိုကျွမ်းကျင်တယ်ဆိုတော့ စီနီယာလည်း ကြည့်သင့်တယ်…"


လျှိုကျောက်ချင်းက သူ့ဘေးသို့ရွှေ့ကာ ဖန်သားပြင်ကို ကြည့်ပြီး ပြောသည်။

"ဒါတွေက နေ့လည်က ဆရာဝန်တွေ အစည်းအဝေးအပြီးမှာ မှတ်တမ်းတင်ထားတဲ့ သေဆုံးခြင်းအကြောင်းတွေရဲ့ ခွဲခြမ်းစိတ်ဖြာမှုပဲ… လူ 5 ဦး သေဆုံးရတဲ့ အကြောင်းရင်းက ပြင်းထန်တဲ့ နှလုံးဖောက်ခြင်းကြောင့်လို့ ရေးထားတယ်… သေဆုံးချိန်နဲ့ ကယ်ဆယ်ရေး မှတ်တမ်းတွေ အသေးစိတ်အချက်အလက်တွေနဲ့ ကယ်ဆယ်ရေး မှတ်တမ်းတွေကနေ ဆရာဝန်တွေက အစွမ်းကုန် လုပ်ဆောင်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူတို့ကို မကယ်တင်နိုင်ခဲ့ဘူး…"


ယွဲ့ရှင်းဝမ်က အဘိဓာန်စာအုပ်ထဲက စာရွက်တစ်ရွက်ကိုဖြဲကာ ပိုင်းခြားပြီးနောက် ပြောသည်——

"မနက် 1:10 မှာ ကုတင်နံပါတ် 15 သေတယ်၊ မနက် 1:20 မှာ ကုတင်နံပါတ် 24 သေတယ်၊ မနက် 3:30 မှာ ကုတင်နံပါတ် 5 သေတယ်၊ မနက် 3:40 မှာ ကုတင်နံပါတ် 50 သေတယ်၊ မနက် 5 နာရီမှာ ကုတင်နံပါတ် 33 သေတယ်…"


သူက လူတိုင်းကို မော့ကြည်သည်။

"မင်းတို့တွေ ပုံစံကို သိကြလား"


အားလုံးက တစ်ယောက်ကိုတစ်ယောက် ခဏလောက်ကြည့်နေကြသည်။


ကျုံ့ယွီဟန်က သူ့လက်ကို အရင်မြှောက်လိုက်သည်။

"သေဆုံးတဲ့အချိန်မှာ ပြဿနာရှိတာလား"


ခယ်ရှောင်ပင်းက ခွဲခြမ်းစိတ်ဖြာသည်။

"ဒီဆေးရုံကုတင်နံပါတ်တွေက တော်တော်ရှုပ်ထွေးပေမဲ့ ရှင်းဝမ်က သေဆုံးချိန်ကို ခွဲထုတ်ပြီးနောက် လူနာတွေရဲ့ သေဆုံးမှုကို အဆင့်သုံးဆင့်ခွဲထားတယ်… နှစ်ယောက်က မနက် 1:10 နဲ့ 1:20 မှာ သေတယ်၊ နှစ်ယောက်က မနက် 3:30 နဲ့ မနက် 3:40 မှာ သေတယ်၊ တစ်ယောက်က မနက် 5 နာရီမှာ သေတယ်…"


အခြားအတန်းဖော်တွေက ရုတ်တရက် သဘောပေါက်သွားပေမဲ့ သူတို့က ကြောင်တောင်တောင် အမူအရာကို ပြသနေဆဲဖြစ်သည်။

"အဲဒါနဲ့ပတ်သက်ပြီး ထူးဆန်းတာရှိလို့လား"


ယွဲ့ရှင်းဝမ်က စာရွက်ပေါ်မှာ စက်ဝိုင်းပုံဆွဲရန် ဘောပင်ကို အသုံးပြုခဲ့ပြီး ရှင်းပြသည်။

"လူသတ်သမားရဲ့ ပြုလုပ်ပုံအချိန်နဲ့ လှုပ်ရှားမှုလမ်းကြောင်းပဲ…"


"လူသတ်သမား" ဟူသော စကားလုံးကို ကြားသောအခါ ကျောင်းသားတစ်စု တစ်ပြိုင်နက်တည်း တောင့်ခဲသွားပြီး ကျုံ့ယွီဟန်၏ မျက်နှာက ဖြူဖျော့သွားကာ သူ့နှုတ်ခမ်းများက တုန်ယင်နေသည်။

"လူ–လူသတ်သမားလား… မင်းဆိုလိုတာက ဒီလူနာ 5 ယောက်ကို တစ်ယောက်ယောက်က သတ်လိုက်တာလား"


"မှန်တယ်… အပိုမေးခွန်းက လူနာဆောင်ထဲရှိ လူနာတွေရဲ့ သေဆုံးရခြင်းအကြောင်းရင်းအမှန်ကို ရှာဖို့ဖြစ်တယ်… သူတို့ရဲ့ သေဆုံးမှုက လူတွေကြောင့် မဟုတ်ဘူးဆိုရင် ဒီမေးခွန်းရဲ့ အဖြေက ‘ပြင်းထန်တဲ့နှလုံးဖောက်ခြင်း’ကြောင့်လို့ ဖြစ်သွားလိမ့်မယ်…"

ယွဲ့ရှင်းဝမ်က ခေတ္တရပ်ကာ လူတိုင်းကို စိုက်ကြည့်လိုက်သည်။

"အပိုမေးခွန်းရဲ့ အမှတ် 30 ကို ငါတို့ကို ဒီအတိုင်း လွယ်လွယ်နဲ့ ပေးမယ်လို့ ထင်နေတာလား"


နှလုံးရောဂါရှိလူနာများတွင် ပြင်းထန်သောနှလုံးဖောက်ခြင်း သေဆုံးမှုနှင့် ပတ်သက်၍ လူတိုင်းစဉ်းစားရန် လွယ်ကူလှသည်။ ဆရာဝန်များ၏ သေဆုံးခြင်းခွဲခြမ်းစိတ်ဖြာမှုတွင်လည်း ဤနည်းဖြင့် ရေးသားထားတာကြောင့် ဒါက အဖြေမှန်မဟုတ်သည်မှာ သေချာပါသည်။


"လူနာ 5 ဦး သေဆုံးမှုဟာ တူညီတဲ့လူသတ်သမားကြောင့်လို့ ငါယုံကြည်တယ်…"

ယွဲ့ရှင်းဝမ်က ခေါင်းကိုလှည့်ကာ လျှိုကျောက်ချင်းကို ကြည့်သည်။

"စီနီယာအစ်ကို၊ နှလုံးရောဂါရှိတဲ့လူနာကို နှလုံးဖောက်စေနိုင်တဲ့ ဆေးရှိလား?"


"Vasoconstricting ဆေးတွေပဲ…"

လျှိုကျောက်ချင်းက နှလုံးကို ကိုယ်စားပြုရန်အတွက် သူ၏ဘယ်လက်ကို ဆုပ်ထားပြီး အမူအရာဖြင့် ရှင်းပြရန် သူ၏ညာလက်ကို အသုံးပြုခဲ့သည်။

"ဒီနည်းနဲ့ဆိုရင်တော့ မင်းတို့တွေ နားလည်နိုင်ပါတယ်… နှလုံးရောဂါရှိတဲ့ လူနာတွေရဲ့ နှလုံးမျက်နှာပြင်မှာ ကျဉ်းမြောင်းတဲ့သွေးလွှတ်ကြောတွေရှိပြီး မြစ်တွေကို ပိတ်ဆို့နေတယ်… ဆရာဝန်တွေက အများအားဖြင့် မြစ်တွေကို ဖြေရှင်းဖို့ သွေးလွှတ်ကြောတွေကို ပြေလျော့ပြီး ပျော့ပျောင်းသွားစေမဲ့ ဆေးတွေကို အသုံးပြုကြတယ်… ဒါပေမဲ့ ဆန့်ကျင်ဘက်လုပ်ပြီး သွေးလွှတ်ကြောတွေကို တင်းကျပ်စေတဲ့ ဆေးတွေ ပေးမယ်ဆိုရင်…"

သူ့လက်နှစ်ချောင်းက အတူတူပူးသွားပြီး ဆက်ပြောသည်။

"‌မူလက ကျဉ်းမြောင်းနေတဲ့ သွေးလွှတ်ကြောတွေက ဆေးကြောင့် တင်းကျပ်လိုက်တာနဲ့ ပိတ်ဆို့သွားပြီး အသက်ရှင်မနိုင်တော့ဘူး…"


စီနီယာအစ်ကိုလျှို၏ ရှင်းပြချက်က အမူအရာများနှင့်အတူ နားလည်ရလွယ်ကူသည်။ လူနာများတွင် သွေးလွှတ်ကြောများ တင်းကျပ်နေပြီး vasoconstricting ဆေးများကို ဆက်လက်အသုံးပြုခြင်းသည် သွေးကြောပိတ်ခြင်းကို အလွယ်တကူဖြစ်စေနိုင်သောကြောင့် လူနာများသည် ရုတ်တရက် နှလုံးဖောက်တာကို မသိလိုက်ဘဲ သေဆုံးသွားနိုင်သည်။


– သူတို့လုပ်ရမှာက အဲဒီလူကို ရှာဖို့ပဲ… ဒီလူက အပိုမေးခွန်းရဲ့ အဖြေပဲ…


ခယ်ရှောင်ပင်းက နောက်ထပ်ခန့်မှန်းခြေတစ်ခု ပေးသည်။

"တချို့အဆိပ်ပြင်းဓာတုပစ္စည်းတွေ ဒီလူတွေကို မြန်မြန်သေစေနိုင်တယ် မဟုတ်လား… တစ်ယောက်ယောက်က သူတို့ရဲ့ဆေးထဲကို အဆိပ်တွေ ထည့်ထားရင် တစ်ခါတည်း ဒီလူ 5 ယောက်ကို သေစေနိုင်တယ်မလား"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။

"အမှန်ပဲ… အဆိပ်သင့်နိုင်ခြေကိုလည်း ငါတို့ ‌ဖယ်ထားလို့မရဘူး…"


ချွီဝေးဝေး၏မျက်နှာက ဖြူဖျော့လာပြီး သူမ၏နှုတ်ခမ်းကိုကိုက်ကာ မေးသည်။

"ဒါပေမဲ့ ဘယ်သူက ဒါမျိုးကို လုပ်မှာလဲ… ဒီလိုလုပ်ရခြင်းရဲ့ အကြောင်းရင်းက ဘာလဲ… သူနဲ့ ဒီလူနာ 5 ယောက်မှာ ဘယ်လိုမုန်းတီးမှုတွေ ရှိနေတာလဲ"


ကျုံ့ယွီဟန်က မှန်းဆကာ ပြောသည်။

"ငါတို့ စုဆောင်းထားတဲ့ အချက်အလက်အရ လူနာ 5 ယောက်က တစ်ယောက်နဲ့တစ်ယောက် မသိကြတဲ့အတွက် တူညီတဲ့လူသတ်သမားက ကျူးလွန်ဖို့ ဖြစ်နိုင်ခြေက အရမ်းနည်းတယ်… ဟုတ်သား… အဲဒါက လူသားစမ်းသပ်မှုလုပ်နေတဲ့ ဆေးရုံက မကောင်းတဲ့ဆရာဝန်တွေ ဖြစ်မလား… အရင်သင်တန်းတုန်းက ‘စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်း’မှာ စမ်းသပ်ခန်းအတွင်းရှိ ဆေးပြဿနာကြောင့် မျောက်တွေကို ပြောင်းလဲသွားစေခဲ့တာပဲ…"


ယွဲ့ရှင်းဝမ်လည်း ဒီဖြစ်နိုင်ခြေကို တွေးခဲ့သည်။ သူက ခဏလောက်စဉ်းစားပြီးနောက် သံသယတစ်ခုကို ထောက်ပြခဲ့သည်။

"စမ်းသပ်ခန်းသင်တန်းမှာ သုတေသီတွေက တိရစ္ဆာန်တွေမှာ ဗိုင်းရပ်စ်ပိုးသတ်ဆေးတွေကို စမ်းသပ်ခဲ့တယ်… နှလုံးသွေးကြောဆိုင်ရာလူနာဆောင်မှာ ဆေးဝါးအသစ်တွေကို စမ်းသပ်နေတယ်ဆိုရင် စီနီယာအစ်ကိုလျှိုက ဒီကိစ္စတွေမှာ တစ်ခုခုမှားယွင်းနေတယ်ဆိုတာကို သိနိုင်တယ်မလား"


သူက လက်ပ်တော့ထဲရှိ လူနာများစွာ၏ ရောဂါရှာဖွေခြင်းနှင့် ကုသရေးမှတ်တမ်းများကို အလျင်အမြန်ဖွင့်နေသည့် လျှိုကျောက်ချင်းကိုကြည့်ကာ လက်ပ်တော့ထဲရှိ ဆေးများကို ညွှန်ပြရင်း ပြောသည်။

"ငါ မနေ့က ရောဂါရှာဖွေရေးနဲ့ ကုသရေးအစီအစဉ်မြင်ခဲ့ပြီး ဘာပြဿနာမှမရှိဘူး… ဆရာဝန်တွေက နှလုံးဖောက်တာကို ထိန်းချုပ်ဖို့အတွက် လူနာတွေကို ညွှန်ကြားပေးလေ့ရှိတဲ့ ပုံမှန်ဆေးတွေပဲ… ပြီးတော့ ငါတို့တွေ အခုလေးတင် အမှိုက်ပုံးတွေကို စစ်ဆေးခဲ့ပေမဲ့ သံသယဖြစ်စရာ ဆေးမတွေ့ဘူး… ဒီတော့ ဆရာဝန်တွေက စမ်းသပ်မှုတွေလုပ်နေတာတော့ မဖြစ်နိုင်ဘူး…"


ခယ်ရှောင်ပင်းက ပြောသည်။

"အများကြီးခွဲခြမ်းစိတ်ဖြာပြီးနောက် ရှင်းဝမ်ရဲ့ ‌ကောက်ချက်ချမှုက အသင့်လျော်ဆုံးပဲ—— လူနာဆောင်ထဲမှာ ငုပ်လျှိုးနေတဲ့ လူသတ်သမားတစ်ယောက်ရှိတယ်… သူက ဆေးကို တိတ်တဆိတ်ပြောင်းတာ ဒါမှမဟုတ် ဆေးထဲကို ပြင်းထန်တဲ့အဆိပ်ထည့်ပြီး လူနာ 5 ယောက်ကို ဆက်တိုက် သတ်လိုက်တာပဲ…"


အတန်းဖော်များ၏ အမူအရာများက အနည်းငယ် ရုပ်ဆိုးသွားသည်။


ဤစာမေးပွဲသည် နေ့ဘက်တွင် လူသတ်သမားကို ရှာဖွေရန်နှင့် ညဘက်တွင် သည်းထိတ်ရင်ဖိုစရာ တိုက်ပွဲကို ဆင်နွှဲရတာက တကယ်ပဲ ယုတ္တိရှိရဲ့လား။


အားလုံးက ယွဲ့ရှင်းဝမ်ကိုကြည့်ပြီး ကျုံ့ယွီဟန်က မေးသည်။

"ရှင်းဝမ်၊ မင်းမှာ လူသတ်သမားနဲ့ပတ်သက်ပြီး ဘာသဲလွန်စတွေရှိလဲ"


ယွဲ့ရှင်းဝမ်က သူ၏လည်ချောင်းကို ရှင်းထုတ်ပြီး ကောက်ချက်ချသည်။

"လူသတ်သမားတွေနဲ့ ကွင်းဆက်လူသတ်သမားတွေ အများစုမှာ ဆံပင်ရှည် အမျိုးသမီးတွေ၊ လူငယ်တွေ စသဖြင့် တူညီတဲ့ လက္ခဏာတွေရှိတယ်… ဒါမျိုးတွေမှာ များသောအားဖြင့် လူသတ်သမားတွေရဲ့ မုန်းတီးမှုနဲ့ သက်ဆိုင်ပါတယ်… ငါတို့ရဲ့ကိစ္စမှာ သေဆုံးသူ 5 ယောက်က အသက်အရွယ်၊ အမည်၊ လိင်တွေ ကွဲပြားနေပေမဲ့ တူညီတဲ့တစ်ချက်ကတော့ နှလုံးရောဂါရှိတာပဲ… လူသတ်သမားက နှလုံးရောဂါသည်တွေအပေါ် မကျေနပ်မှုတချို့ရှိလိမ့်မယ်… သူက နှလုံးရောဂါသည်တွေကို သတ်ရာမှာ အရမ်းကျွမ်းကျင်တာကြောင့် ကျွန်တော်တို့အားလုံး သတိထားဖို့ လိုအပ်တယ်…"


ကျုံ့ယွီဟန်က မနေနိုင်ဘဲ ပြောလေသည်။

"နှလုံးရောဂါသည်တွေကိုပဲ အဓိကသတ်တာလား… ဒါက ကောက်ချက်ချဖို့ သိပ်မခက်သွားဘူးလား"


ယွဲ့ရှင်းဝမ်က အေးဆေးတည်ငြိမ်စွာပြောခဲ့သည်။

"ဒါက သိပ်တော့မခက်ပါဘူး… ဒီကိစ္စမှာ လူသတ်သမားက ကျွန်တော်တို့အနားမှာပဲ ရှိနေပြီး သံသယဖြစ်စရာ အကွာအဝေးမှာရှိတာကြောင့် တစ်ယောက်ပြီးတစ်ယောက် စုံစမ်းစစ်ဆေးပြီး ဖယ်ထုတ်တဲ့နည်းလမ်းကို အသုံးပြုနိုင်တယ်…"


လျှိုကျောက်ချင်းက လျင်မြန်စွာ တုံ့ပြန်သည်။

"မှန်တယ်… လူနာတွေက မနေ့ညက ဆုံးသွားတာဖြစ်ပြီး သေဆုံးတဲ့အချိန်က မနက် 1 နာရီ၊ 3 နာရီ၊ 5 နာရီမှာဖြစ်တယ်… ညဘက်မှာ လူနာဆောင်တံခါးကို သော့ခတ်ထားတာကြောင့် အပြင်လူတွေ ဝင်လာလို့မရဘူး… လူသတ်သမားက မနေ့ညက တစ်ညလုံး လူနာဆောင်ထဲမှာ ရှိနေရမယ်"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။

"ငါတို့ 10 ယောက်နဲ့ သေဆုံးသူ 5 ယောက်ကလွဲရင် မနေ့ညက လူနာဆောင်ထဲမှာနေတဲ့ တာဝန်ကျ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ လူနာတွေအားလုံးက သံသယရှိသူတွေပဲ… ငါဆွဲထားတဲ့ပုံကို အရင်ကြည့်ရအောင်…"


အချိန်အတော်ကြာအောင် ရေးဆွဲထားသည့် စာရွက်ကို ကောက်ကိုင်ပြီး လူတိုင်းရှေ့မှာ ချပြလိုက်သည်။ 


စာရွက်ပေါ်တွင် ထူးဆန်းသော စက်ဝိုင်းပုံသဏ္ဌာန် လမ်းကြောင်းတစ်ခု ရေးဆွဲထားတာကို တွေ့ရှိလိုက်သဖြင့် ကျောင်းသားများက အံ့ဩသွားကြသည်။


ယွဲ့ရှင်းဝမ်က ဆိုသည်။

"လူနာ 5 ယောက်က မနက် 1:10၊ 1:20၊ 3:30၊ 3:40 နဲ့ 5 နာရီမှာ သေဆုံးခဲ့ပြီး အဆင့်သုံးဆင့်ခွဲထားတယ်… လူသတ်သမားရဲ့ လူသတ်တဲ့အစီအစဉ်ကတော့ ကုတင်နံပါတ် 15 ကနေ ကုတင်နံပါတ် 24၊ ပြီးတော့ ကုတင်နံပါတ် 5 ကနေ ကုတင်နံပါတ် 50 နဲ့ နောက်ဆုံးကုတင်နံပါတ် 33 မှာ အဆုံးသတ်သွားတယ်… ဒါက မနေ့ညက လူသတ်တဲ့ လမ်းကြောင်းပဲ…"


အချိန်ကာလသုံးပိုင်းအတွင်း လူသတ်သမား၏ လှုပ်ရှားမှုလမ်းကြောင်းကို ကိုယ်စားပြုသည့် စာရွက်ပေါ်တွင် မြားသုံးချောင်းဆွဲရန် သူကဘောပင်ကို အသုံးပြုကာ ထို့နောက်တွင်

"ဂရပ်ဖစ်လမ်းကြောင်းကို ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ ပြစ်မှုဆိုင်ရာ စိတ်ပညာရဲ့ ယူဆချက်အရ လူသတ်သမားက အနီးစပ်ဆုံးကို ဦးစွာရွေးချယ်လိမ့်မယ်… အနီးစပ်ဆုံးကို ရွေးချယ်တာက ပြစ်မှုကျူးလွန်တဲ့အခါ လူတွေကို လှုပ်ရှားဖို့ အဆင်ပြေစေပြီး ရာဇဝတ်မှုကျူးလွန်ပြီးမှသာ အဝေးက ဆေးရုံကုတင်ကို ရွေးချယ်လိမ့်မယ်… ဒီတော့ လူသတ်သမားက ဒီလိုလာလိမ့်မယ်——"


သူက ရွေ့လျားနေသော လမ်းကြောင်းသုံးခု၏ လမ်းဆုံတစ်ခုကိုဆွဲကာ လမ်းဆုံတွင် လူနာဆောင်နှစ်ခုတည်ရှိရာကို စက်ဝိုင်းဝိုင်းလိုက်သည်။ 

"ဒီမှာ…"


အတန်းဖော်များက ယွဲ့ရှင်းဝမ်ကို အံသြစွာ စိုက်ကြည့်နေကြသည်။


ခဏအကြာတွင် လျှိုကျောက်ချင်းက လက်မထောင်ပြလိုက်သည်။ 

"စုံထောက်ယွဲ့က အရမ်းတော်တာပဲ"


ကျုံ့ယွီဟန်က ယွဲ့ချင်းဝမ်ကို လေးစားသွားကာ ပြောသည်။

"ညီအစ်ကို၊ မင်းက တရုတ်ဘာသာစကားဌာနက မဟုတ်ဘူးလား… ရွေ့လျားမှုလမ်းကြောင်း ခွဲခြမ်းစိတ်ဖြာမှုကို မင်းဘယ်လိုလုပ် သိတာလဲ"


ယွဲ့ရှင်းဝမ်က အပြုံးဖြင့် ရှင်းပြသည်။

"ကျွန်တော့်မှာ သင်္ချာဌာနက သူငယ်ချင်းတစ်ယောက်ရှိတယ်… သူ့ဆီကနေ လမ်းကြောင်းခွဲခြမ်းစိတ်ဖြာတဲ့နည်းလမ်းကို သင်ယူခဲ့တာ… သူသာ ဒီစာမေးပွဲကို ဖြေခဲ့မယ်ဆိုရင် သေဆုံးချိန်နဲ့ ရွေ့လျားမှုလမ်းကြောင်းကြားက ဆက်စပ်မှုကို သေချာပေါက် ရှာတွေ့ပြီး လူသတ်သမားရဲ့တည်နေရာကို မြန်မြန်ရှာတွေ့လိမ့်မယ်…"


လူတိုင်း: "…"


ယွဲ့ရှင်းဝမ်ကဲ့သို့ အတန်းခေါင်းဆောင်နောက်ကို လိုက်တာက လဲလျောင်းပြီး အနိုင်ယူကာ အမှတ်တွေကို ရနိုင်ပါသလား။


#TK