Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်
Chapter 20 (သုတေသနအဖွဲ့ ၀၃)
နောက်နေ့မနက် 7:30 တွင် ယွဲ့ရှင်းဝမ်သည် နှိုးစက်သံကြောင့် နိုးလာသည်။
သူထထိုင်ကာ မျက်လုံးများကို မှင်တက်စွာ ပွတ်သပ်လိုက်သောအခါ ဘေးကုတင်ပေါ်ရှိ ကျန်းဖျင်စစ်က နိုးနေပြီး ထိုင်ခုံမှာ ထိုင်နေကာ အချက်အလက်ကို စစ်ဆေးရန် သူ့တက်ဘလက်ကို ဖွင့်ထားတာ တွေ့လိုက်ရသည်။ အခန်းတွင်းရှိ အလင်းရောင်သည် မှိန်ဖျော့နေပြီး တက်ဘလက်မှ အလင်းတန်းတစ်ခုသာ ကောင်လေး၏ ချောမောသော မျက်နှာပေါ်သို့ အလင်းတန်းတစ်ခု ကျရောက်နေသည်။ ယွဲ့ရှင်းဝမ် နိုးလာမည်ကို စိုး၍ မီးမဖွင့်ဘဲနေလိုက်သည်။
ယွဲ့ရှင်းဝမ်က သမ်းဝေကာ မီးကိုဖွင့်လိုက်ပြီး ဖိနပ်စီးကာ သူ့ဆီသို့ လျှောက်သွားရင်း ပြောသည်။
"မင်းက အစောကြီးထတာလား"
"အင်း… ငါက 7 နာရီဆို အိပ်ရာထလေ့ရှိတယ်…"
ကျန်းဖျင်စစ်သည် အိပ်ချင်မူးတူးဖြစ်နေသော ယွဲ့ရှင်းဝမ်ကို ပြန်ကြည့်ကာ စိတ်ပူစွာ မေးသည်။
"ဒီအိပ်ဆောင်အသစ်မှာ မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား"
"တော်တော်လေးကောင်းတယ်… ငါ မိုးလင်းတဲ့အထိ အိပ်ပျော်သွားတာ… အိမ်မက်ဆိုးတောင် မမက်ဘူး…"
နိုးလာတော့ အိပ်ချင်နေသည့်စိတ်က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ယွဲ့ရှင်းဝမ်လည်း ပြန်လည်လန်းဆန်းလာခဲ့သည်။ ကျန်းဖျင်စစ်က အဝတ်အစားလဲထားပြီးပြီကို မြင်တော့ သူကလှည့်၍ ရေချိုးခန်းဆီသို့ လျှောက်သွားကာ ပြောသည်။
"ငါ မျက်နှာ အရင်သစ်လိုက်မယ်…"
ယွဲ့ရှင်းဝမ်သည် ရေချိုးခန်းထဲမှမထွက်ခင် သူ့မျက်နှာကို အမြန်ဆေးကြောပြီး အဝတ်အစားလဲလိုက်သည်။
ကျန်းဖျင်စစ်က မနေ့က သူဝယ်ခဲ့သော အားကစားဝတ်စုံကို ဝတ်ဆင်ထားပြီး ယွဲ့ရှင်ဝမ်လည်း အားကစားဝတ်စုံကို ပြောင်းလဲခဲ့သည်။ တူညီသောအဝတ်အစားပုံစံ၊ နက်ပြာရောင်နှင့် ပြာနုရောင်၊ အရောင်များက အတော်လေး လိုက်ဖက်သည်။ ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို အနီးကပ်ကြည့်ကာ မနေနိုင်ဘဲ ရယ်မောလေသည်။
"တကယ်တော့ မင်းက အားကစားဝတ်စုံနဲ့ အတော်လေးချောတာပဲ… မင်း ရှပ်အင်္ကျီနဲ့ သားရေဖိနပ် ဝတ်တာကို ငါဆန့်ကျင်တာမဟုတ်ပေမဲ့ ဒီလိုပေါ့ပေါ့ပါးပါး အဝတ်အစားမျိုးက ပြေးရတာ ပိုအဆင်ပြေတယ်…"
"အင်း… ဒါအမှန်ပဲ…" ကျန်းဖျင်စစ်က ထောက်ခံသည်။
ယွဲ့ရှင်းဝမ်က အညောင်းဆန့်ကာ မေးသည်။
"ငါနည်းနည်းဗိုက်ဆာနေပြီ… မနက်စာ သွားစားကြတော့မလား"
ကျန်းဖျင်စစ်က ထကာ ပြောသည်။
"သွားရအောင်… စနေနေ့မှာ ဘာသင်တန်းမှမရှိဘူး… ဒီတော့ ငါတို့တွေ ထမင်းစားပြီးရင် လှည့်ပတ်ကြည့်ကြပြီး သုတေသနအဖွဲ့ကို ဖွဲ့ရအောင်…"
နှစ်ယောက်သား တံခါးမှထွက်ကာ အနုတ်စတုတ္ထထပ်ရှိ ကျောင်းကန်တင်းသို့ အတူတူ ရောက်လာကြသည်။
စာကြည့်တိုက်တွင် ကန်တင်း 1၊ ကန်တင်း 2 ဟူ၍ တိုက်ရိုအမည်ပေးထားသော ကန်တင်းများစွာရှိသည်။ တံခါးဝရှိ ဖန်သားပြင်ပေါ်တွင် ကန်တင်း၏ခုံအလွတ်များ အရေအတွက်ကို တွေ့မြင်နိုင်သည်။ နှစ်ယောက်သား ခုံအလွတ်များစွာရှိသည့် ကန်တင်းကိုတွေ့ပြီး ဝင်သွားကြသည်။
ကျယ်ဝန်းသောနေရာသည် လူထောင်ပေါင်းများစွာကို တစ်ကြိမ်တည်းတွင် ထားရှိရန် လုံလောက်ပါသည်။
ပြတင်းပေါက်မှာ စားစရာယူရန် တန်းစီနေရသော ကျောင်းကန်တင်းနဲ့မတူဘဲ စာကြည့်တိုက်၏ကန်တင်းက လေးထောင့်ပုံသဏ္ဌာန်ဖြစ်ပြီး အလိုအလျောက် လည်ပတ်နေသော ရွေ့လျားစက်များဖြင့် ဝန်းရံထားကာ သပ်သပ်ရပ်ရပ် အစားအသောက်ဘူးများကို ထားရှိထားသည်။ ကျောင်းသားအများအပြားသည် အစားအသောက်ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး သူတို့၏လက်ဗွေရာကို သက်သေခံဧရိယာထဲသို့ ထည့်ကာ သူတို့အမှတ်များကို ပေးချေပြီးနောက် ရွေ့လျားစက်ဆီမှ အစားအသောက်ဘူး ယူသွားတာကို ယွဲ့ရှင်းဝမ် တွေ့လိုက်ရသည်။
ယနေ့ မီနူးကို ကန်တင်းရှိ ဖန်သားပြင်ကြီးပေါ်တွင် ရေးထားသည်။ မနက်စာအတွက် ပဲနို့ကြော်၊ ပေါင်မုန့်နဲ့ နွားနို့အပြင် အရသာအမျိုးမျိုးရှိသည့် ဆန်ခေါက်ဆွဲနဲ့ အမဲသားခေါက်ဆွဲတို့ကို ဈေးနှုန်း 3 မှတ်ဖြင့် ရွေးချယ်နိုင်သည်။ နေ့လယ်စာနှင့် ညစာအတွက် အသားတစ်မျိုးနှင့် အသီးအရွက်နှစ်မျိုးအတွက် 10 မှတ်ဖြစ်ပြီး အသားနှစ်မျိုးနှင့် အသီးအရွက်နှစ်မျိုးအတွက် 15 မှတ်ဖြစ်သည်။
ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်ကို အစားအသောက်ပြတင်းပေါက်တစ်ခုဆီသို့ ခေါ်ဆောင်သွားပြီး သူ့အမှတ်များကို ကျွမ်းကျင်စွာ ပေးချေကာ ပေါင်မုန့်နဲ့ နွားနို့ နှစ်ပွဲကို ယူလိုက်သည်။
နှစ်ယောက်သား ထိုင်ရန် ထိုင်ခုံအလွတ်ကို ရွေးလိုက်ကြပြီး ယွဲ့ရှင်းဝမ်က ထမင်းစားနေစဉ် အနီးနားရှိ အတန်းဖော်များကို ကြည့်လိုက်သည်။
ဟွာအန်းတက္ကသိုလ်၏ ကန်တင်းသည် ထမင်းစားချိန်ရောက်တိုင်း လူပြည့်နေသည်။ ကျောင်းသားများ စားစရာယူရန် တန်းစီကြရပြီး သူတို့နဲ့ ရင်းနှီးသည့်သူများကို တွေ့သောအခါ တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ကြပြီး သူတို့တွေ စားသောက်နေရင်း အုပ်စုလိုက် စကားစမြည်ပြောကြသည်။ ရံဖန်ရံခါ တစ်နေရာမှ ရယ်မောသံများ သို့မဟုတ် စာမေးပွဲမေးခွန်းများက ခက်ခဲလွန်းသည်ဟု ကျောင်းသားတချို့က ဆဲဆိုကြသည်။
သို့သော် စာကြည့်တိုက်၏ ကန်တင်းက ထူးထူးခြားခြား တိတ်ဆိတ်နေသည်။
လူတိုင်းသည် အသံတိုးတိုးဖြင့် စကားစမြည်ပြောနေကြသော်လည်း ခေါင်းငုံ့ကာ တိတ်တဆိတ် စားသောက်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ကန်တင်း၏ အဝင်ဝရှိ ဖန်သားပြင်တွင် “စားသောက်ချိန်အတွင်း ကိုယ့်အမူအကျင့်ကို သတိထားပါ၊ ကျယ်လောင်သော အသံများ မထွက်ကြပါနှင့်။”ဟု ရေးထားသောကြောင့်ဖြစ်သည်။
ဤကျောင်းသားများသည် နိုင်ငံတစ်ခုလုံးရှိ တက္ကသိုလ်များမှ လာကြတာဖြစ်ပြီး ယွဲ့ရှင်းဝမ်သည် သူတို့ကို ကြည့်လိုက်ပေမဲ့ ဘယ်သူ့ကိုမှ မသိပေ။ ထို့အပြင် ကျောင်းသားအားလုံး၏ မျက်နှာများမှာ လေးနက်နေကြပြီး အနည်းငယ်သာ ပြုံးနေတာကို မြင်ရသည်။ ထောင်ပေါင်းများစွာသော ကျောင်းသားများရှိနေသည့် ကန်တင်းသည် စိတ်ပျက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ အစားအသောက်များ ဆက်လက်ပို့ဆောင်ပေးသည့် ရွေ့လျားစက်များသည် လူများကို အဆောက်အဦးတစ်ခုတွင် ပိတ်လှောင်ခံထားရသည့် အကျဉ်းသားများကဲ့သို့ ခံစားရစေသည်။
ယွဲ့ရှင်းဝမ်က သူ့စိတ်ထဲရှိ အဆင်မပြေမှုကို လျစ်လျူရှုလိုက်ပြီး မနက်စာကို အမြန်စားလိုက်သည်။
နှစ်ယောက်သား ဘေးချင်းကပ်လျက် ကန်တင်းထဲကနေ ထွက်လာကြပြီး ဓာတ်လှေကားပေါ်တက်ခါနီးမှာ မိန်းကလေးတစ်ယောက်၏အသံက သူတို့နောက်ကနေ ရုတ်တရက်ထွက်လာသည်။
"ကျန်းဖျင်စစ်လား"
ထိုအသံကိုကြားပြီးနောက် ကျန်းဖျင်စစ်နှင့် ယွဲ့ရှင်းဝမ်တို့က တစ်ချိန်တည်းတွင် လှည့်ကြည့်လာခဲ့သည်။
လူသုံးယောက်က သူတို့ရှေ့ကို လျှောက်လာသည်။ အလယ်က ယောင်္ကျားလေးသည် အရပ်ရှည်ပြီး ဖြောင့်စင်းသော မျက်နှာသွင်ပြင်နှင့် မျက်ခုံးမွေးထူထူရှိသည်။ သူမျက်မှောင်ကြုတ်လိုက်သောအခါ အလွန်ဂုဏ်သရေရှိမှုကို ပေးစွမ်းနေသည်။
အခြားယောင်္ကျားလေး၏ မျက်လုံးများက အရောင်ဖျော့ပြီး သူ့အသားအရေက အလွန်ဖြူသည်။ သူ့အသွင်အပြင်က အာရှသားဖြစ်ကြောင်း သိသာထင်ရှားသော်လည်း သူ့ဆံပင်က ဥရောပသားများ၏ နီညိုရောင်လိုမျိုး ဆံပင်ကောက်ကောက်လေးရှိနေကာ အနည်းငယ်လူမျိုးစပ်ထားသလိုမျိုးဖြစ်နေပြီး သူ၏စိတ်နေသဘောထားက အတော်လေးထူးခြားသည်။
သူတို့ကို ခေါ်လိုက်သည့် မိန်းကလေးက ဆံပင်ရှည်ကို သပ်သပ်ရပ်ရပ် စည်းထားသည်။ သူမက အရပ်ရှည်ပြီး ချောမောလှပကာ စကားပြောသောအခါ သူမ၏အသံက ကြည်လင်ပြတ်သားပြီး အစ်မကြီးအရောင်အဝါမျိုး အပြည့်ရှိသည်။
ကျန်းဖျင်စစ်သည် သူတို့သုံးယောက်ကို မြင်ပြီးနောက် သူက ယဉ်ယဉ်ကျေးကျေး ခေါင်းငြိမ့်ကာ နှုတ်ဆက်လိုက်သည်။
"စီနီယာအစ်ကိုနဲ့စီနီယာအစ်မ…"
ယွဲ့ရှင်းဝမ်က စိတ်လှုပ်ရှားစွာ ရှေ့သို့ ခြေလှမ်းလှမ်းပြီး ပြောသည်။
"စီနီယာအစ်ကိုကျို၊ စီနီယာအစ်မလင်း တိုက်ဆိုင်လိုက်တာ"
ကျိုဖုန်းသည် ဟွာအန်းတက္ကသိုလ်၏ ကျောင်းသားကောင်စီ ဥက္ကဋ္ဌဖြစ်ပြီး သိပ္ပံနှင့်နည်းပညာဌာနမှ လက်တွေ့အသုံးချရူပဗေဒဘာသာရပ်ကို ယူထားသူဖြစ်သည်။
ပြီးနောက် မိန်းကလေးက ကျောင်းသားကောင်စီ၏ ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေးဌာန၏ ခေါင်းဆောင်ဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအင်ဂျင်နီယာဘာသာရပ်ကို ယူထားသူ လင်းမန့်လော်ဖြစ်သည်။
ဤလူနှစ်ဦး၏နာမည်များကို အစပိုင်းတွင် ယွဲ့ရှင်းဝမ်သည် “စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်း”၏ အမှတ်စာရင်း၌ မြင်တွေ့ခဲ့ရသည်။ သူတို့နှစ်ယောက်က ကျောင်း၏ နာမည်ကြီးနတ်ဖက်သောစုံတွဲဖြစ်ပြီး အလွန်လိုက်ဖက်ကာ တည်ငြိမ်သောဆက်ဆံရေးရှိသည်။ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် ပထမနှစ်တွင် ကျောင်းသားကောင်စီကို ဝင်ရောက်ခဲ့စဉ်က ကျိုဖုန်းနှင့် လင်းမန့်လော်တို့က တွေ့ဆုံမေးမြန်းခဲ့သူများဖြစ်သည်။ ယခုဆိုလျှင် သူတို့သည် နောက်ဆုံးနှစ်ကို ရောက်ရှိနေကြပြီး ဘွဲ့ရပြီးလျှင် လက်ထပ်ဖို့ စီစဉ်ထားကြသည်။
သူတို့နဲ့ ဆုံမည်ဟု ယွဲ့ရှင်းဝမ် မမျှော်လင့်ထားပေ။
ကျိုဖုန်းက ‘fuck’ဟု အသံတိုးတိုးဖြင့် ဆဲကာ တည်ငြိမ်သောမျက်နှာဖြင့် ပြောသည်။
"ရှင်းဝမ်၊ မင်းလည်း စာကြည့်တိုက်ထဲကို ဆွဲသွင်းခံခဲ့ရတာလား"
ယွဲ့ရှင်းဝမ်က အကူအညီမဲ့သွားသည်။
"ဟုတ်တယ်… စီနီယာတို့က ကျွန်တော့်ထက် ပိုစောတယ်မလား… ဒါပေမဲ့ စီနီယာတို့ ပျောက်ဆုံးသွားတဲ့သတင်းကို ကျောင်းမှာ ဘာမှမကြားမိဘူး…"
လင်းမန့်လော်က အေးဆေးတည်ငြိမ်စွာပြောသည်။
"စာကြည့်တိုက်နဲ့ တက္ကသိုလ်က ကမ္ဘာမတူဘူး… အချိန်ကို ဘယ်လိုတွက်ရမှန်းတောင် ငါတို့မသိသေးဘူး… ဒါပေမဲ့ ငါ့ရဲ့ခန့်မှန်းခြေအရတော့ စာကြည့်တိုက်ကို ရောက်လာတဲ့အခါ ငါတို့မသေသ၍ လက်တွေ့ကမ္ဘာမှာလည်း ငါတို့ ပျောက်ကွယ်သွားမှာမဟုတ်ဘူး… မဟုတ်ရင် တက္ကသိုလ်ကျောင်းသား 20,000 ကျော်က သတင်းအစအနမရှိဘဲ နားမလည်နိုင်အောင် ပျောက်ကွယ်သွားရင် လူ့အဖွဲ့အစည်းက လုံးဝထိတ်လန့်သွားလိမ့်မယ်…"
သူမက ကျန်းဖျင်စစ်ကို ကြည့်ကာ မေးလိုက်သည်။
"နင်စောင့်နေတဲ့လူက ရှင်းဝမ်လား"
ကျန်းဖျင်စစ်က ထောက်ခံသည့်အနေဖြင့် "အင်း"ဟု ပြန်ပြောသည်။
ယွဲ့ရှင်းဝမ်က နားမလည်စွာ မေးသည်။
"စီနီယာအစ်မက ဘာကိုဆိုလိုတာလဲ"
"မနေ့က ငါတို့တွေ ပထမထပ်မှာ သင်တန်းတွေ ပြီးသွားတော့ ကျန်းဖျင်စစ်ရဲ့နာမည်ကို အမှတ်စာရင်းမှာ တွေ့လိုက်တယ်လေ… ငါတို့သုတေသနအဖွဲ့မှာ လူတစ်ယောက်လိုနေလို့ ဒီတော့ ငါသူ့ကို အတူတူ အဖွဲ့ဖွဲ့ချင်သလားလို့ private message ကနေ မေးလိုက်တာ… ဒါပေမဲ့ ဖျင်စစ်က လောလောဆယ်မှာ လူတစ်ယောက်ကို စောင့်နေတာကြောင့် ငါတို့နဲ့ အဖွဲ့မဖွဲ့နိုင်သေးဘူးလို့ ပြောခဲ့တယ်…" လင်းမန့်လော်က ယွဲ့ရှင်းဝမ်ကို ကြည့်ပြီး နားလည်သဘောပေါက်စွာ ပြုံးလိုက်သည်။ "ဒီတော့ ရှင်းဝမ်ရောက်နေတာကြောင့် ဖျင်စစ်က နင့်ကို တကူးတကစောင့်နေတာ မဆန်းပါဘူး…"
သူတို့နှစ်ဦးသည် အထက်တန်းကျောင်းမှာ အတန်းဖော်များဖြစ်ကြပြီး ဝိဇ္ဇာဘာသာရပ်နှင့် သိပ္ပံဘာသာရပ်တွင် ထိပ်ဆုံးကျောင်းသားများ ဖြစ်ကြသလို ဟွာအန်းတက္ကသိုလ်ကိုလည်း အတူတူ တက်ရောက်ခဲ့ကြသည်။ သူတို့၏ပထမနှစ်ကတည်းက နှစ်ယောက်သား အတူတူ self-study လုပ်လေ့ရှိပြီး ကျောင်းသားကောင်စီကိုလည်း အတူတူ အင်တာဗျူးသွားဖြေခဲ့ကြသည်။ သူတို့နှစ်ယောက်မှာ အကောင်းဆုံးဆက်ဆံရေးရှိတယ်ဆိုတာ အတန်းဖော်များအားလုံးက သိကြသည်။
ကျန်းဖျင်စစ်သည် သူ၏စီနီယာအစ်ကိုနဲ့ စီနီယာအစ်မ၏ သုတေသနအဖွဲ့ထဲသို့ဝင်ရန် ဖိတ်ကြားချက်ကို ငြင်းခဲ့သည်မှာ သူ့ကို တကူးတကစောင့်ဖို့လား။ ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ပြုံးပြပြီး သူ့မျက်လုံးများက ‘မင်းရဲ့သစ္စာရှိမှုအတွက် ကျေးဇူးတင်ပါတယ်’ဟု ပြောနေသည်။ ကျန်းဖျင်စစ်ကလည်း ခပ်ရေးရေးပြုံးကာ မျက်လုံးများဖြင့် ‘ရပါတယ်’ဟု ပြန်ပြောသည်။
ယွဲ့ရှင်းဝမ်က သူ့ဘေးနားရှိ ဆံပင်ကောက်ကောက် ယောင်္ကျားလေးကို လှမ်းကြည့်ကာ မေးသည်။
"ဒါဖြင့် သူက ဘယ်သူလဲ"
လင်းမန့်လော်က အလျင်အမြန် မိတ်ဆက်ပေးသည်။
"ငါမိတ်ဆက်ပေးဖို့ မေ့သွားတယ်… သူက ဇီဝသိပ္ပံဌာနက နောက်ဆုံးနှစ်ဖြစ်ပြီး ရွှီယိရှန်းတဲ့… ကျိုဖုန်းက သူနဲ့ အရမ်းရင်းနှီးပြီး ဆေးပညာဌာနရဲ့ စာမေးပွဲခန်းမှာ ငါတို့ဆုံခဲ့တာ… သင်တန်းပြီးတော့ ငါတို့ သုတေသနအဖွဲ့ ဖွဲ့လိုက်တာ…"
ရွှီယိရှန်းက လေးနက်သော အပြုံးဖြင့် နှုတ်ဆက်သည်။
"မင်္ဂလာပါ ဂျူနီယာညီလေးတို့… ငါမင်းတို့အကြောင်းတွေ အများကြီးကြားဖူးတယ်…"
နှစ်ယောက်သားက ယဉ်ကျေးစွာ နှုတ်ဆက်ကြသည်။ “စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်း” နှင့် “နှလုံးသွေးကြောဆိုင်ရာလူနာဆောင်”၏ အမှတ်စာရင်းများတွင် နာမည်ပါခဲ့သော ဇီဝသိပ္ပံဌာနမှ စီနီယာသည် အတော်လေးသန်မာလိမ့်မည်။
ရွှီယိရှန်းက ပေါ့ပါးစွာ သက်ပြင်းချသည်။
"ဂျူနီယာညီလေးကျန်းက ဂျူနီယာညီလေးယွဲ့နဲ့ အဖွဲ့ဖွဲ့ချင်တာဆိုတော့ ငါတို့သုံးယောက်အဖွဲ့က တစ်ယောက်လိုနေတယ်… မင်းရဲ့အစီအစဉ်က ဘယ်လိုလဲ ကျိုဖုန်း"
ကျိုဖုန်းက ရိုးရှင်းစွာ ပြောသည်။
"ကန်တင်းအဝင်ဝမှာမဟုတ်ဘဲ သုတေသနအဖွဲ့စင်တာကိုသွားပြီး စကားပြောဖို့ အစည်းအဝေးခန်းရှာရအောင်…"
လူငါးဦးပါ အုပ်စုတစ်စုသည် အနုတ်ဒုတိယထပ်ရှိ သုတေသနအဖွဲ့စင်တာသို့ ဓာတ်လှေကားဖြင့် တက်လာခဲ့သည်။
ဒီနေ့က စနေနေ့ဖြစ်ပြီး သင်တန်းတစ်ခုလုံး ပိတ်တာကြောင့် ဌာန၏သင်တန်းများကို ဖြတ်ကျော်ကြမည့် ကျောင်းသားများက မနက်စာစားပြီးနောက် သုတေသနအဖွဲ့စင်တာကို ရောက်လာကြသည်။ ဒီနေရာမှာ လူစုလူဝေးက မနေ့ကထက်တောင် ပိုများလာသည်။ ကျိုဖုန်းသည် လူလေးဦးကို ထိုင်ခုံတန်းကြီးတစ်ဝိုက်ဆီ ခေါ်ဆောင်ကာ သုတေသနအဖွဲ့အစည်းအဝေးခန်းဖွင့်ရန် အမှတ် 10 မှတ်ကို သုံးစွဲပြီး [အစည်းအဝေးခန်းဧရိယာ]တွင် စာရင်းသွင်းခဲ့သည်။
အစည်းအဝေးခန်းတွင် ထိုင်ခုံတစ်ဒါဇင်ဖြင့် ဝိုင်းရံထားသော ဘဲဥပုံစားပွဲတစ်ခုဖြင့် ကျယ်ဝန်းသောနေရာတစ်ခုရှိသည်။
ကျိုဖုန်းက လူတိုင်းကို ပေါ့ပေါ့ပါးပါး ထိုင်ခိုင်းပြီး ပြောသည်။
"လူမြင်ကွင်းမှာ သင်တန်းအကြောင်း ပြောရတာ အဆင်မပြေဘူး… တကယ်တော့ ငါတို့သုံးယောက်က မနေ့ကနေ့လယ်မှ သင်တန်းကျထားတာ…"
ယွဲ့ရှင်းဝမ်က အံ့အားသင့်သွားသည်။
"ကျတာလား"
စီနီယာအစ်ကိုကျိုဖုန်းသည် ဟွာအန်းတက္ကသိုလ်၏ ကျောင်းသားကောင်စီဥက္ကဋ္ဌဖြစ်သည်။ သူသည် အလွန်အရည်အချင်းရှိပြီး စွမ်းဆောင်နိုင်သည်။ စီနီယာအစ်မလင်းမန့်လော် စွယ်စုံရပြီး လူအများ၏ရင်ထဲတွင် နတ်ဘုရားမတစ်ပါးဖြစ်သည်။ သူတို့စုံတွဲသည် နားလည်မှုအပြည့်ရှိပြီး ဇီဝသိပ္ပံဌာနမှ အစွမ်းထက်သော စီနီယာအစ်ကိုလည်း ပါဝင်သည်။ ဤပေါင်းစပ်မှုဖြင့် ကျရှုံးသွားတာကြောင့် ယွဲ့ရှင်းဝမ်သည် နောက်ပိုင်းသင်တန်းများ၏ အခက်အခဲကို စိတ်ကူး၍ပင်မရပေ။
ကျန်းဖျင်စစ်က ပေါ့ပေါ့ပါးပါး မေးသည်။
"ဘယ်သင်တန်းလဲ"
ကျိုဖုန်းက မျက်မှောင်ကြုတ်ကာ ပြောသည်။
"ဗိသုကာဌာနရဲ့ မသင်မနေရသင်တန်း၊ မြို့ပြိုကျခြင်း…"
ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က တစ်ယောက်ကိုတစ်ယောက် ကြည်လိုက်ကြသည်။
ဒီလိုသင်တန်းမျိုးလည်း ရှိတာလား…
ဆိုးရွားသည့် အတွေ့အကြုံကို တွေးမိပြီး လင်းမန့်လော်က ဖြူဖျော့သောမျက်နှာဖြင့် ပြောသည်။
"ပြိုကျတဲ့ အဆောက်အဦးဖိမိပြီး သေဆုံးတာကို ငါပထမဆုံးကြုံဖူးတာပဲ… တကယ်ကို ကြောက်စရာကောင်းတယ်… ဒီသင်တန်းမှာ ဗိသုကာဌာနရဲ့ အဖွဲ့သားလိုအပ်ပြီး နေရာပြောင်းစွမ်းရည်တွေ အများကြီးရှိမှ အောင်နိုင်မှာ… ငါတို့ရဲ့ ထွက်ပြေးတဲ့အရှိန်က အဆောက်အဦးပြိုကျတဲ့ အရှိန်လောက် မမြန်ဘူး… သင်တန်းကျပြီးနောက် ငါတို့တွေ သင်တန်းကို ပြန်တက်ဖို့ ဆေးပညာဌာနကို ပြန်ပို့ခံလိုက်ရတယ်…"
ရွှီယိရှန်းက သူ့နားထင်ကို ညင်သာစွာ ပွတ်သပ်ရင်း ပြောသည်။
"တကယ်လို့ မင်းတို့ သင်တန်းကို ပြန်တက်ရရင် “နှလုံးသွေးကြောဆိုင်ရာလူနာဆောင်”သင်တန်းအစကနေ ပြန်စရပြီး စာမေးပွဲအောင်ရင်တောင် အမှတ်မရဘူး… ဟူး… ငါ နှလုံးရောဂါအတွေ့အကြုံကို ထပ်ပြီးခံစားရမှာ အရမ်းဆိုးတာပဲ…"
ကျိုဖုန်း၏မျက်ခုံးများက ကျုံ့သွားသည်။
"သင်တန်းပြန်တက်ဖို့ ပထမထပ်က ဆေးပညာဌာနကနေ ငါတို့ပြန်စရတာကြောင့် တိုးတက်မှုက မင်းတို့နှစ်ယောက်ထက် နှေးသွားလိမ့်မယ်… ဒါမှမဟုတ် မင်းတို့ တတိယထပ်ကို ရောက်တဲ့အခါ ဗိသုကာဌာနရဲ့သင်တန်းကို မဖြေသေးနဲ့ဦး… ငါတို့လည်း တတိယထပ်ကို ရောက်တဲ့အခါမှ သုတေသနအဖွဲ့ကို တိုးချဲ့ပြီး အတူတူဖြေကြမလား"
လင်းမန့်လော်က သူတို့နှစ်ယောက်ကို ကြည့်ပြီး မေးသည်။
"ဂျူနီယာသုတေသနအဖွဲ့မှာ အဖွဲ့ဝင် 4 ယောက်အထိ ထားလို့ရတယ်… မင်းတို့က နှစ်ယောက်တည်း စာမေးပွဲဖြေဖို့ အစီအစဉ်ရှိတာလား ဒါမှမဟုတ် နောက်ထပ် အဖွဲ့သားနှစ်ယောက်ကို ခေါ်ယူဖို့ အစီအစဉ်ရှိတာလား"
ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး ကျန်းဖျင်စစ်၏နားထဲကို တိုးတိုးလေး မေးလိုက်သည်။
"ဖျင်စစ်၊ ငါ့အဖွဲ့သားတွေအဖြစ် ခေါ်ချင်တဲ့လူ နှစ်ယောက်ရှိတယ်… ငါ သူတို့ကို ခေါ်လိုက်ရင် မင်းအဆင်ပြေလား… မင်းမကြိုက်ရင်လည်း ငါတို့နှစ်ယောက်တည်း အရင်စာမေးပွဲဖြေလိုက်မယ်…"
ကျန်းဖျင်စစ်က ပြောလာသည်။
"ကိစ္စမရှိဘူး… မင်းပဲဆုံးဖြတ်လိုက်…"
ယွဲ့ရှင်းဝန်က ခေါင်းငြိမ့်ပြပြီး လင်းမန့်လော်ကိုကြည့်ကာ ပြောသည်။
"စီနီယာအစ်မ၊ ခယ်ရှောင်ပင်းလည်း စာကြည့်တိုက်မှာ ရှိနေတယ်…"
ကျိုဖုန်းသည် ထိုစကားကိုကြားသောအခါ မနေနိုင်ဘဲ ဆဲလိုက်တော့သည်။
"Fuck… ဘာလို့ လူတွေပိုများလာတာလဲ"
လင်းမန့်လော်လည်း ခဏလောက် အံ့အားသင့်သွားပြီး ပြောသည်။
"ရှောင်ခယ်လား… သူက ကွန်ပျူတာသိပ္ပံဌာနမှာ ထိပ်တန်းကျောင်းသားတစ်ယောက်ပဲ… ရှောင်ခယ်နဲ့ ဖျင်စစ်တို့ နှစ်ယောက်နဲ့သာဆိုရင် သိပ္ပံဌာနကို ကောင်းကောင်းဖြေဆိုနိုင်တယ်… ဝိဇ္ဇာဘာသာရပ်အတွက် ငါတို့မှာ ရှင်းဝမ်ဆိုတော့ ဝိဇ္ဇာကော၊ သိပ္ပံကော ကြောက်စရာ မလိုတော့ဘူး…"
ကျိုဖုန်းက ခေါင်းငြိမ့်ကာ ဆိုသည်။
"အင်း… စာကြည့်တိုက်က သင်တန်းတွေကို အောင်မြင်ဖို့ ဘာသာရပ်ပေါင်းစုံကို စုပေါင်းဖို့လိုအပ်တယ်… ဗိသုကာဌာနက ပြေးလွှားရတာဖြစ်ပြီးတော့ ကျရှုံးမှုနှုန်းက အံ့မခန်းမြင့်မားတယ်… တတိယထပ်ရဲ့ အပေါ်ကတော့ ဘယ်လိုဌာနမျိုးလဲ ငါမသိဘူး… တကယ်လို့ မင်းတို့ သန်မာတဲ့ကျောင်းသားနဲ့ တွေ့ခဲ့ရင် အဖွဲ့အင်အားကိုမြင့်တင်ဖို့ လူသစ်ခေါ်ယူနိုင်တယ်…"
ယွဲ့ရှင်းဝမ်က ထိုအကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောသည်။
"ကျွန်တော် ဆေးပညာဌာနမှာ အရိုးအထူးကု ဘွဲ့လွန်ကျောင်းသားတစ်ဦးဖြစ်တဲ့ စီနီယာအစ်ကိုလျှိုကျောက်ချင်းဆိုတဲ့ လူနဲ့တွေ့ခဲ့ဖူးတယ်… သူက ခွဲစိတ်ဓားနဲ့ မကောင်းဆိုးရွားတွေကို တိုက်ခိုက်ရာမှာ အရမ်းတော်တယ်… ကျွန်တော်နဲ့ ဖျင်စစ်ရဲ့ သုတေသနအဖွဲ့မှာ ရှောင်ခယ်နဲ့ စီနီယာအစ်ကိုလျှိုကို အရင်ခေါ်လိုက်မယ်… ကျွန်တော်တို့ တတိယထပ်ရောက်မှ သုတေသနအဖွဲ့ တိုးချဲ့ပြီး အဖွဲ့နှစ်ဖွဲ့ကို ပေါင်းလိုက်မယ်…"
သူတို့သုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကျိုဖုန်းက ရိုးရှင်းစွာ ခေါင်းငြိမ့်လိုက်သည်။
"ဒီနည်းက ဖြစ်နိုင်ခြေရှိတယ်… ဘာပဲပြောပြော ငါတို့သုံးယောက်က သင်တန်းကျသွားတာဆိုတော့ ပထမထပ်ကနေ ငါတို့တွေ ပြန်ဖြေရပြီး ငါတို့ရဲ့တိုးတက်မှုနှုန်းက မင်းတို့ထက် နှေးလိမ့်မယ်… မင်းတို့ ဒုတိယထပ်က သင်္ချာဌာနကို အောင်သွားပြီဆိုတာနဲ့ တတိယက ဗိသုကာဌာနမှာ ငါတို့ကို စောင့်နေလိုက်…"
ကျန်းဖျင်စစ်က မေးသည်။
"သင်္ချာဌာနရဲ့ သင်တန်းတွေက ခက်လား"
ကျိုဖုန်းက ပြန်ဖြေသည်။
"အတော်လေးခက်တယ်… အချက်အလက်တွေအများကြီး တွက်ချက်ရတာကြောင့် ငါတို့တွေ အများကြီးအချိန်ယူခဲ့ရတယ်… စာကြည့်တိုက်မှာ ကြီးမားတဲ့ စာမေးပွဲမေးခွန်းဘဏ်တစ်ခုရှိပြီး စာမေးပွဲတစ်ခုချင်းစီရဲ့ အကြောင်းအရာက မတူဘူး… မင်းရဲ့ အရည်အချင်းနဲ့ သင်္ချာဌာနကို လွယ်လွယ်ကူကူ အောင်နိုင်တာကြောင့် ငါမင်းကို လှည့်စားမှာ မဟုတ်ဘူး…"
ယွဲ့ရှင်းဝမ်က ထိုစကားကိုကြားသောအခါ မနေနိုင်ဘဲ တွေးတောမိသည်။
"မေးခွန်ဘဏ်လား… “နှလုံးသွေးကြောဆိုင်ရာလူနာဆောင်”စာမေးပွဲမှာ လူသတ်သမားက VIP-1 က ကျူယွမ်ပေါ် မဟုတ်ဘူးလား"
ကျိုဖုန်းက ခေါင်းခါသည်။
"မဟုတ်ဘူး… ငါတို့ နောက်ဆုံးစာမေးပွဲဖြေခဲ့တုန်းက လူသတ်သမားက သူနာပြုခေါင်းဆောင်ပဲ…"
ကျန်းဖျင်စစ်က ဆိုသည်။
"ငါတို့သင်တန်းမှာ လူသတ်သမားက ကုတင်နံပါတ် 10 က အဘွားကြီးတစ်ယောက်ပါ…"
ယွဲ့ရှင်းဝမ်: "…"
ကျပန်းပြောင်းလဲနေသော မေးခွန်းဘဏ်များလည်း ရှိပါသည်။
ဤနည်းအားဖြင့် ထိပ်တန်းကျောင်းသားများသည် သင်တန်းများကို ရှင်းလင်းထားသော်လည်း အဆင့်နိမ့်ကျောင်းသားများအတွက် အဖြေများကို ပေးဆောင်နိုင်မည်မဟုတ်သည့်အပြင် အဖြေကို တိုက်ရိုက်ကူးယူပါက မှားယွင်းသော အဖြေကိုသာ သေချာပေါက် ရသွားလိမ့်မည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာလိုမျိုး စာရွက်ပေါ်ရှိ မေးခွန်းများက နှစ်တိုင်းလိုလိုပြောင်းလဲသွားလိမ့်မည်။ အများစုမှာ စာမေးပွဲ၏နည်းလမ်းကို လေ့လာကြပြီး စာမေးပွဲကို မည်သို့ဖြေဆိုရမည်ကို မိမိတို့၏ဦးနှောက်ကို အသုံးပြုရမည်ဖြစ်သည်။
ကျန်းဖျင်စစ်က အကြောင်းအရာကို ပြောင်းလိုက်သည်။
"လက်ရှိမှာ အမြန်ဆုံးအဖွဲ့က ဘယ်နှစ်ထပ်မှာလဲဆိုတာ စီနီယာအစ်ကိုသိလား"
ကျိုဖုန်းက ပြောသည်။
"အမြန်ဆုံးတိုးတက်မှုက စတုတ္ထထပ်ပဲ… ကျိုတိုတက္ကသိုလ်ရဲ့ အရှိန်အမြင့်ဆုံးအဖွဲ့ဖြစ်ပြီး သူတို့ခေါင်းဆောင်ကို ငါသိတယ်… သူက ပထဝီဝင်စီမံကိန်းဘာသာရပ်ကပဲ… မနေ့က ဗိသုကာဌာနကို သူတို့အောင်သွားတာ… သူတို့က ပထဝီဝင်ဌာနရဲ့ ကျောက်ထုလွှာလှုပ်ရှားမှုကို အားကိုးခဲ့ပုံရတယ်… ဒါပေမဲ့ အခု သူတို့က စတုတ္ထအထပ်ကို တိုက်ရိုက်သွားဖို့ ချီတုံချတုံ ဖြစ်နေတယ်… သူတို့က စိတ်ကြိုက်သင်တန်းတွေကို အောင်ပြီး သုတေသနအဖွဲ့ကို တိုးချဲ့ဖို့ အမှတ်တွေစုဆောင်းနေတယ်…"
လင်းမန့်လော်က တည်ငြိမ်စွာ အကြံပြုခဲ့သည်။
"ငါတို့တွေ အရမ်းစိုးရိမ်စရာမလိုဘူးလို့ ထင်မိတယ်… အဲဒီကျိုတိုတက္ကသိုလ်အဖွဲ့က မြန်မြန်အောင်နိုင်အောင် သူတို့ရဲ့သုတေသနအဖွဲ့ကို ပါမောက္ခချင်းရဲ့ အပိုအမြန်နှုန်းနဲ့ စွမ်းရည်တွေ သတ်မှတ်ချိန်လျှော့ချပေးတာကို ရွေးချယ်ခဲ့တာ… သူတို့အဖွဲ့ရဲ့ ဖွဲ့စည်းပုံမှာ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒနဲ့ ပထဝီဝင်ပါဝင်ပြီး စာပေနဲ့ သမိုင်း အတန်းဖော်မရှိဘူး… နောက်ပိုင်းကျရင် ဝိဇ္ဇာဘာသာရပ်ရဲ့ သင်တန်းတွေမှာ သူတို့တွေအောင်နိုင်ဖို့အတွက် အတော်လေးခက်ခဲလိမ့်မယ်… ငါတို့က အဖွဲ့ဖွဲ့စည်းပုံကို ကောင်းမွန်စွာစီစဉ်ရမှာဖြစ်ပြီး သင်တန်းမကျအောင် ကြိုးစားရမယ်… မဟုတ်ရင် အရင်အောင်မြင်မှုတွေက ဆုံးရှုံးပြီး ပြန်ဖြေဖို့အတွက် ပထမထပ်ကို ပြန်သွားလိမ့်မယ်…"
ထို့အပြင် စတုတ္ထထပ်ကိုတက်ပြီးနောက် စာမေးပွဲ ပြန်လည်ဖြေဆိုရတာက အလွန်ခက်ခဲပြီး “နှလုံးသွေးကြောဆိုင်ရာလူနာဆောင်”လိုမျိုး သင်တန်းတစ်ခုကို ထပ်တက်ရမည်ဖြစ်ပြီး စာမေးပွဲအောင်သော်လည်း အမှတ်မရရှိပေ။ စာမေးပွဲ ပြန်လည်ဖြေဆိုသည့် ကျောင်းသားများသည် စာမေးပွဲများတွင် အတွေ့အကြုံပိုရှိသော်လည်း သင်တန်းကျပြီး စာမေးပွဲကို ပြန်လည်ဖြေဆိုတာက အချိန်ဖြုန်းတာဖြစ်သလို စာမေးပွဲပြန်လည်ဖြေဆိုရာတွင် မတော်တဆ ကျသွားပြန်ပါက တကယ်သေဆုံးလိမ့်မည်။
စာကြည့်တိုက်စနစ်က သူတို့ကို သတိပေးခဲ့တာ ကြာလှပြီ—— အကယ်၍ သင် စာမေးပွဲပြန်လည်ဖြေဆိုနေစဉ် သင်တန်းကျခဲ့ပါက အပြီးတိုင်ဖျက်ဆီးခံရလိမ့်မည်။
ထို့ကြောင့် စီနီယာအစ်မလင်း ပြောသည့်စကားက အဓိပ္ပာယ်ရှိသည်။
သူတို့တွေ စိုးရိမ်ခြင်းမရှိဘဲ သေချာစီစဉ်ပြီးမှ နောက်ဆက်တွဲသင်တန်းတွေကို တက်ရမည်။
ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကိုကြည့်ပြီး တိုးတိုးလေးပြောသည်။
"အရင်ဆုံး သုတေသနအဖွဲ့ကိုဖွဲ့ပြီး ရှောင်ခယ်နဲ့ စီနီယာအစ်ကိုလျှိုတို့ပေါင်းထည့်လိုက်ရအောင်… သူတို့တွေက အခြားသုတေသနအဖွဲ့ကို ရောက်သွားပြီး ငါတို့ အခြားလူတွေကို လိုက်ရှာနေရမှာ စိုးရိမ်မိတယ်…"
ကျန်းဖျင်စစ်က ခေါင်းငြိမ့်ကာ ပြောသည်။
"ကောင်းပြီ… တတ်နိုင်သမျှ အမြန်ဆုံး ပြင်ဆင်ကြတာပေါ့…"
#TK