Chapter 21
Viewers 4k

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်


Chapter 21 (သုတေသနအဖွဲ့ ၀၄)


သုတေသနအဖွဲ့ဖွဲ့ရန် သုတေသနအဖွဲ့ခန်းမတွင် ကိုယ်တိုင်ဝန်ဆောင်မှုပေးသည့် တက်ဘလက်ကွန်ပျူတာပေါ်၌ လုပ်ဆောင်ရမည်ဖြစ်သည်။


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် အစည်းအဝေးခန်းမှ အတူတူ ထွက်လာခဲ့ပြီး ထိုင်ရန် ထိုင်ခုံအလွတ်တစ်ခုကို တွေ့ခဲ့သည်။ ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်၏နားထဲသို့ ကပ်ကာ ချိုသာစွာ မေးသည်။

"ငါ သူစိမ်းတစ်ယောက်ကို အဖွဲ့ထဲကို ခေါ်လိုက်ရင် မင်းစိတ်ဆိုးမှာလား"


ကျန်းဖျင်စစ်က သူ့ကိုကြည့်ကာ နူးညံ့သောလေသံဖြင့် ပြန်ဖြေသည်။

"မဆိုးပါဘူး… မင်းရဲ့ဆုံးဖြတ်ချက်ကို ငါယုံကြည်တယ်…"


ကျန်းဖျင်စစ်သည် သူစိမ်းများနှင့် ဆက်ဆံခြင်းကို မကြိုက်သောကြောင့် လျှိုကျောက်ချင်းကို သူစိမ်းအဖြစ် ငြင်းပယ်မည်ကို ယွဲ့ရှင်းဝမ် စိုးရိမ်ခဲ့သည်။ ဒါကိုကြားတော့ ယွဲ့ရှင်းဝမ်က နောက်ဆုံးမှာ သက်ပြင်းတစ်ချက်ချပြီး ချိုသာစွာပြောသည်။


"စီနီယာအစ်ကိုလျှိုကျောက်ချင်းကို ငါအချိန်ခဏပဲ သိခဲ့တာဆိုပေမဲ့ သူ့မှာ ရိုးသားပြီး ဖြောင့်မတ်တဲ့ စရိုက်လက္ခဏာရှိတယ်ဆိုတာ ငါမြင်ရတယ်… အဲဒီအချိန်တုန်းက ညပိုင်းတိုက်ပွဲမှာ ဓာတုဗေဒအတန်းဖော်တစ်ယောက်ကို မကောင်းဆိုးရွားတစ်ယောက် တိုက်ခိုက်နေတဲ့အချိန် စီနီယာအစ်ကိုလျှိုက စွန့်စားပြီး သူ့ကိုကယ်တင်ခဲ့တယ်—— သူက သူစိမ်းတွေကို ကယ်တင်ဖို့တောင် ဆန္ဒရှိခဲ့တာဆိုတော့ အရေးကြီးတဲ့အခိုက်အတန့်မှာ အဖွဲ့သားတွေကို ချန်မထားဘူးဆိုတာ သေချာတယ်…"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်ပြသည်။

"အင်း… သေရေးရှင်ရေးအချိန်မှာ လူတစ်ယောက်ရဲ့ စိတ်နေသဘောထားအမှန်ကို တကယ်မြင်နိုင်တယ်… သူပါဝင်ဖို့ ဆန္ဒရှိသ၍ မင်းသူ့ကို ဖိတ်ခေါ်နိုင်ပါတယ်… ငါကတော့ ပြဿနာမရှိဘူး…" ယွဲ့ရှင်းဝမ် အသိအမှတ်ပြုသည့် လူတွေကို သူအမြဲတမ်း မျက်နှာသာအနည်းငယ်တော့ ပေးလိမ့်မည်။


ယွဲ့ရှင်းဝမ်သည် တက်ဘလက်ကွန်ပျူတာကိုဖွင့်လိုက်ပြီး "သုတေသနအဖွဲ့တည်ထောင်ရန်" ၏ရွေးချယ်ခွင့်ကို နှိပ်လိုက်သည်။ ဖန်သားပြင်ပေါ်တွင် အချက်ပြဘောက်စ်ပေါ်လာသည်—— ကျေးဇူးပြု၍ သုတေသနအဖွဲ့ကျူတာကိုရွေးချယ်ပါ၊ သုတေသနအဖွဲ့ကို မဖျက်သိမ်းသ၍ ကျူတာအား ပြောင်းလဲခွင့်မပြုပါ၊ သေချာဆုံးဖြတ်ချက်ချပါ။


ယွဲ့ရှင်းဝမ်သည် ကျူတာသုံးယောက်၏ လက္ခဏာများကို သေသေချာချာကြည့်ပြီး မေးသည်။

"အဖွဲ့A က အရှိန်နဲ့ သတ်မှတ်ချိန်လျှော့ချပေးတယ်… အဖွဲ့B က ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှုကို မြင့်တင်ပေးပြီး အဖွဲ့ဝင်အားလုံးကို အသက်ကယ်ဒိုင်းတစ်ခုပေးတယ်… အဖွဲ့C က အမှတ်ပိုတွေပေးတယ်… ဘယ်ကျူတာက ပိုကောင်းမယ်ထင်လဲ"


ကျန်းဖျင်စစ်က ခဏလောက်တွေးပြီး ဆိုသည်။

"အမှတ်ပိုရတာ… အကြိမ်တိုင်း ရှင်းလင်းရေးအမှတ်တွေကို 1.5 ဆနဲ့ မြှောက်မယ်ဆိုရင် ငါတို့နှစ်ယောက်ပေါင်း 3 ဆ နဲ့ ညီမျှတယ်… သုတေသနအဖွဲ့ရဲ့ အဖွဲ့ဝင်များလေလေ၊ ရလဒ်တွေက ကောင်းလေလေဖြစ်ပြီး အဆတွေတိုးလာတာက တွက်ခြေအကိုက်ဆုံးပဲ…"


အမှတ်များကို စာကြည့်တိုက်တွင် နေရာထိုင်ခင်း၊ အစားအသောက်နှင့် ဈေးဝယ်ရန် အသုံးပြုသည်။ စွမ်းရည်စာအုပ်များနှင့် ပစ္စည်းများ အဆင့်မြင့်တင်ခြင်းအတွက်လည်း အမှတ်များကို သုံးစွဲသည်။ လုံလောက်သောအမှတ်များသည် သူတို့နှစ်သက်ရာ စွမ်းရည်စာအုပ်များကို အဆင့်ပြည့်အထိ လျင်မြန်စွာ အဆင့်မြင့်နိုင်စေသည်။ ဒါမှမဟုတ် အဖွဲ့တစ်ခုလုံး၏ စွမ်းရည်များကို အပြည့်အဝအားကောင်းစေသည့် စွမ်းရည်စာအုပ်အသစ်များကို လဲလှယ်နိုင်ပါသည်။


အမြန်နှုန်းနဲ့ ရှင်သန်မှုမှာလည်း သူတို့ကိုယ်ပိုင်အားသာချက်တွေရှိပေမဲ့ အနာဂတ်မှာ သုတေသနအဖွဲ့၏ အဖွဲ့ဝင်အရေအတွက်က ဘယ်လောက်ရှိမယ်ဆိုတာ မသိရသေးပေ။ အမှတ်များတာကို ရွေးချယ်ခြင်းက အလုံခြုံဆုံးနည်းလမ်းဖြစ်သည်။


‌ယွဲ့ရှင်းဝမ်က သဘောတူသည်။

"ကောင်းပြီ… ဒါဆို ပါမောက္ခကျူးရဲ့ အဖွဲ့C ကို ရွေးလိုက်မယ်…"


သူက C ကို နှိပ်လိုက်သည်နှင့် ဖန်သားပြင်ပေါ်တွင် သတိပေးချက်တစ်ခုပေါ်လာသည်။

"ပါမောက္ခကျူးရဲ့ ရွေးချယ်မှုကို အတည်ပြုပြီးပါပြီ… ယွဲ့ရှင်းဝမ်၊ ကျောင်သား ID 18384016၊ ဂျူနီယာသုတေသနအဖွဲ့ဖွဲ့ရန် အမှတ် 1,000 လိုအပ်ပါတယ်… သင်ဘယ်လောက်ထည့်ချင်ပါသလဲ"


ယွဲ့ရှင်းဝမ်က 400 ထည့်လိုက်သည်။ ကျန်းဖျင်စစ်သည် သူ့လက်ချောင်းကို လက်ဗွေရာအသိအမှတ်ပြုခြင်းအပေါ် ချက်ချင်းတင်လိုက်ပြီး 600 ထည့်ခဲ့သည်။


‘အဖွဲ့ခေါင်းဆောင်ကို အတည်ပြုပါ’ဆိုသည့် ရွေးချယ်စရာက ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။


ကျန်းဖျင်စစ်က ပြောလာသည်။

"မင်းပဲ အဖွဲ့ခေါင်းဆောင်လုပ်လိုက်ပါ…"


သူသည် လူအများနှင့် ပြောဆိုဆက်ဆံရာတွင် ကောင်းမွန်ခြင်းမရှိသည့်အပြင် ရှင်းဝမ်၏စရိုက်လက္ခဏာက အဖွဲ့ခေါင်းဆောင်ဖြစ်ရန် ပို၍သင့်လျော်သည်။ ယွဲ့ရှင်းဝမ်က ထိုစကားကို ကြားသောအခါ မငြင်းတော့ဘဲ အတည်ပြုရန် သူ့လက်ချောင်းဖြင့် နှိပ်လိုက်သည်——


[C-183 သုတေသနအဖွဲ့ကို ခေါင်းဆောင်ယွဲ့ရှင်းဝမ်နှင့် လက်ထောက်ခေါင်းဆောင်ကျန်းဖျင်စစ်တို့က တည်ထောင်ခဲ့ပါသည်။]


[ဂျူနီယာသုတေသနအဖွဲ့၏ အများဆုံးအဖွဲ့ဝင်ဦးရေမှာ 4 ဦးဖြစ်ပြီး အဖွဲ့ဝင်များကို လွတ်လပ်စွာ ခေါ်ယူနိုင်သည်။ ဒါမှမဟုတ် အခြားကျောင်းသားများကို ပါဝင်ရန် ဖိတ်ခေါ်နိုင်ပါသည်။]


ယွဲ့ရှင်းဝမ်သည် [ကျောင်းသားများကို ဖိတ်ခေါ်သည်]ကို ရွေးချယ်ပြီး သတိပေးချက်အရ အချက်အလက်ထည့်သွင်းရန် အမြန်ဝင်ရောက်ခဲ့သည်။


[သုတေသနအဖွဲ့တွင် ပါဝင်ရန် ဟွာအန်းတက္ကသိုလ်၏ ကွန်ပျူတာသိပ္ပံဌာနရှိ AI ဘာသာရပ်မှ ခယ်ရှောင်ပင်းကို ဖိတ်ခေါ်ထားပါသည်။ တုံ့ပြန်မှုကို စောင့်ပေးပါ…]


[သုတေသနအဖွဲ့တွင် ပါဝင်ရန် ဟွာအန်းတက္ကသိုလ်၏ ဆေးပညာဌာနရှိ အရိုးအထူးကုဘာသာရပ်မှ လျှိုကျောက်ချင်းကို ဖိတ်ခေါ်ထားပါသည်။ တုံ့ပြန်မှုကို စောင့်ပေးပါ…]


အချိန်က မနက် 8: 30 ရှိပြီ။


ခယ်ရှောင်ပင်းသည် မက်ဆေ့ခ်ျကို ရရှိပြီးနောက် လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး ယွဲ့ရှင်းဝမ်၏ဘက်တွင် [ကျောင်းသားခယ်ရှောင်ပင်းက ဖိတ်ခေါ်မှုကို သဘောတူခဲ့ပါသည်။]ဟု သတိပေးချက် ထွက်ပေါ်လာသည်။ သို့သော် စီနီယာအစ်ကိုလျှိုက ဘာလုပ်နေမှန်း သူမသိခဲ့ပေ။ မိနစ်အနည်းငယ်ကြာအောင် စောင့်သော်လည်း တုံ့ပြန်မှုမရှိသေးပေ။


သူက ဖိတ်ခေါ်ချက်ကို မတွေ့တာလား… ဒါမှမဟုတ် သူက အခြားသုတေသနအဖွဲ့ထဲ ဝင်သွားတာလား…


ကျန်းဖျင်စစ်က ဆိုသည်။

"သူ့မှာ လုပ်စရာရှိလို့ဖြစ်မယ်… အရင်စောင့်လိုက်ကြတာပေါ့…"


နှစ်ယောက်သား တက်ဘလက်၏ ပင်မစာမျက်နှာကိုဖွင့်ကာ ဖန်သားပြင်ပေါ်ရှိ လူသစ်ခေါ်ယူမှု အချက်အလက်ကို ကြည့်ကြသည်။


ဖန်သားပြင်ကို နှစ်ပိုင်းခွဲထားပြီး ဘယ်ဘက်ရှိ အနီရောင်က “သုတေသနအဖွဲ့၏ လူသစ်စုဆောင်းခြင်းဧရိယာ”ဖြစ်ပြီး ညာဘက်ရှိ အပြာရောင်က “Free Chat ဧရိယာ”ဖြစ်သည်။ လူသစ်စုဆောင်းခြင်းဧရိယာတွင် အဖွဲ့ခေါင်းဆောင်ကသာ ပို့စ်တင်နိုင်ပြီး သတင်းစာရင်းများနှင့်ဆင်တူကာ တစ်ခုပြီးတစ်ခုကို ဆွဲကြည့်နိုင်ပြီး ပျောက်သွားခြင်းမရှိပေ။ တစ်ဖက်ရှိ Free Chat ဧရိယာတွင် ကျောင်းသားများက ကြုံရာပို့စ်များကို တင်ကြပြီး အလွန်လျင်မြန်စွာ စာများတက်လာကာ သေချာအာရုံစိုက်မကြည့်ပါက စာက အောက်ကို ရောက်သွားလိမ့်မည်။


ယွဲ့ရှင်းဝမ်က လူသစ်စုဆောင်းခြင်းဧရိယာကို ဂရုမစိုက်ဟန် ဆွဲကြည့်လိုက်သည်——


"A-89 ဂျူနီယာသုတေသနအဖွဲ့က ဗိသုကာဌာနမှ ကျောင်းသားတစ်ဦးကို ခေါ်ယူနေပါတယ်… အသေးစိတ်အချက်အလက်တွေကို ကျေးဇူးပြုပြီး ဝင်ကြည့်ပါ…"


"B-96 ဂျူနီယာသုတေသနအဖွဲ့က ကိန်းဂဏန်းစွမ်းရည်တွေ ကောင်းမွန်တဲ့ သိပ္ပံကျောင်းသားတွေကို လူသစ်ခေါ်ယူနေပါတယ်… တိုးတက်မှုက သင်္ချာဌာနမှာပါ…"


"A-172 အလယ်အလတ်သုတေသနအဖွဲ့က ဆေးဝါးလက်တွေ့ဘာသာရပ်၊ မေ့ဆေးဘာသာရပ်၊ ဓာတ်မှန်ဘာသာရပ်၊ ကာကွယ်ရေးဆေးပညာ၊ ဆေးဘက်ဆိုင်ရာစိတ်ပညာ၊ သွားဘက်ဆိုင်ရာဘာသာရပ်၊ စမ်းသပ်ခန်းဆေးပညာနဲ့ အခြားဆေးဘက်ဆိုင်ရာဘာသာရပ်များကို ခေါ်ယူစုဆောင်းနေပါတယ်… တက္ကသိုလ်အားလုံးက ဆေးပညာဌာနရဲ့ ကျောင်းသားတွေကို ဖိတ်ခေါ်ပါတယ်…"


တတိယမြောက် လူသစ်စုဆောင်းမှုသတင်းကြောင့် ယွဲ့ရှင်းဝမ် အံ့ဩသွားခဲ့သည်။ သူ နှိပ်ပြီး ဝင်ကြည့်လိုက်တော့ လူသစ်စုဆောင်းရေးအဖွဲ့တွင် ရေးထားသော အသေးစိတ်မိတ်ဆက်ကို တွေ့လိုက်ရသည်။

"ရှင်းကျိုးတက္ကသိုလ်ရဲ့ ဆေးပညာဌာနမှ ခွဲစိတ်မှုဘာသာရပ်နဲ့ ဘွဲ့လွန်ကျောင်းသားတစ်ဦး ဦးဆောင်တဲ့ သုတေသနအဖွဲ့ဖြစ်ပါတယ်… လူ 3 ယောက် လိုပါသေးတယ်… ဆေးပညာဌာနရဲ့ စိတ်ကြိုက်သင်တန်းတွေအားလုံးကို အောင်မြင်သွားပြီးရင် အဖွဲ့ကိုဖျက်သိမ်းပါမယ်… ဆေးပညာဌာနမှ ကျောင်းသားတွေ လျှောက်ထားနိုင်ပါတယ်…"


ယွဲ့ရှင်းဝမ်က တွေးဆသည်။

"ဒါနဲ့ စိတ်ကြိုက်သင်တန်းတွေကိုပဲ တက်ကြတဲ့ ယာယီအဖွဲ့တွေလည်း ရှိသေးတာလား"


ကျန်းဖျင်စစ်က လူသစ်စုဆောင်းရေးအချက်အလက်ကို ကြည့်ရန် ရောက်လာပြီး ပြောသည်။

"တိုးတက်မှုက ပထမထပ်မှာပဲဆိုရင် အလယ်အလတ်သုတေသနအဖွဲ့ကို တည်ထောင်ဖို့ မဖြစ်နိုင်ဘူး… ခေါင်းဆောင်လုပ်သူက တတိယထပ်ကို ရောက်သွားပြီး ဗိသုကာဌာနရဲ့ သင်တန်းတွေက မလွယ်တာကိုသိတော့ ပထမထပ်ကိုပြန်သွားပြီး စိတ်ကြိုက်သင်တန်းတွေကို တက်ပြီးတော့ စွမ်းရည်တွေကို တိုးတက်အောင် အမှတ်တွေစုဆောင်းချင်တာပဲဖြစ်မယ်…"


ယွဲ့ရှင်းဝမ်က ဤသုတေသနအဖွဲ့ကို အလွန်စိတ်ဝင်စားသွားသည်။

"ဆေးပညာဌာနက စိတ်ကြိုက်သင်တန်းတွေကိုပဲ တက်ကြမဲ့ ဆေးပညာဘာသာရပ်တွေ ယာယီအုပ်စုက ကောင်းမွန်စွာ ဖြေဆိုနိုင်သင့်တယ်မလား… သူတို့အားလုံး ဆေးပညာကျောင်းသားတွေဖြစ်ပြီး သူတို့က ‌ပဟေဠိဖြေရှင်းခြင်းသင်တန်းတွေနဲ့ တွေ့တဲ့အခါ ရောဂါတွေကို ခွဲခြမ်းစိတ်ဖြာနိုင်တယ်… လွတ်မြောက်ခြင်းသင်တန်းတွေနဲ့ တွေ့တဲ့ခါ ဆေးပညာဘာသာရပ်တွေရဲ့ စွမ်းရည်အမျိုးမျိုးက အရမ်းအစွမ်းထက်တယ်…"


ဒါက တကယ်ကောင်းသည့် အကြံပဲဖြစ်သည်။


သို့သော် ဆေးပညာဘာသာရပ်တွေ အားလုံးစုနေသည့် ကျောင်းသားများအတွက် ပထမထပ်ကသာ ကောင်းမွန်မည်ဖြစ်ပြီး ဒုတိယထပ်နဲ့ တတိယထပ်ရောက်ရင် စိတ်ဆင်းရဲစွာ သေဆုံးသွားလိမ့်မည်။ ထို့ကြောင့် အဖွဲ့ခေါင်းဆောင်က “ယာယီသုတေသနအဖွဲ့”ကို တည်ထောင်ပြီး ဆေးပညာဌာန၏ စိတ်ကြိုက်သင်တန်းများ ပြီးဆုံးပြီးနောက် တိုက်ရိုက်ဖျက်သိမ်းလိမ့်မည်။


ယွဲ့ရှင်းဝမ် တွေးနေစဉ်မှာပဲ ရုတ်တရက် စနစ်မှ သတိပေးချက်မြည်လာသည်။

[C-183 သုတေသနအဖွဲ့၏ ချတ်ချန်နယ်ကို တည်ထောင်ထားပြီဖြစ်ပြီး အဖွဲ့ဝင်များသည် ချတ်ချန်နယ်တွင် မက်ဆေ့ခ်ျများ ပေးပို့ရန်အတွက် အမှတ်များ အသုံးပြုစရာမလိုပါ။]


ခယ်ရှောင်းပင်က အဖွဲ့ဝင်စာရင်းကိုမြင်တော့ မက်ဆေ့ခ်ျပို့လာသည်။

"ရှင်းဝမ်၊ မင်း ဖျင်စစ်နဲ့ ပူးပေါင်းလိုက်ပြီလား"


ယွဲ့ရှင်းဝမ်: "ဟုတ်တယ်… ငါတို့က အနုတ်ဒုတိယထပ်မှာရှိတဲ့ သုတေသနအဖွဲ့ရဲ့ 17 တန်းမြောက် စားပွဲခုံ 1 မှာ… ငါ စီနီယာအစ်ကိုလျှိုကို အဖွဲ့ထဲ ဖိတ်ခေါ်ထားပေမဲ့ သူ့ဘက်မှာ ပြဿနာတချို့ရှိနေလို့ထင်တယ် အကြောင်းမပြန်သေးဘူး…"


ခယ်ရှောင်ပင်းသည် အနုတ်ဒုတိယထပ်သို့ လျင်မြန်စွာရောက်လာပြီး သူတို့နှစ်ယောက်ကို တွေ့ရှိခဲ့သည်။


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က ဘေးချင်းကပ်လျက်ထိုင်နေတာကို အဝေးကနေ သူမြင်လိုက်သည်။ ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်၏နားထဲသို့ စကားပြောနေသည်။ တစ်ယောက်က အပြာနုရောင် အားကစားဝတ်စုံကို ဝတ်ထားပြီး နောက်တစ်ယောက်က အပြာရင့်ရောင်ကို ဝတ်ထားကာ ဖိနပ်များမှာလည်း အဖြူနှင့် အနက်ဖြစ်သည်။ သူတို့သည် ဈေးဝယ်ထွက်ပြီး အဝတ်အစားအသစ်များကို အတူတူဝယ်ခဲ့ကြပုံရသည်။


ကျန်းဖျင်စစ်၏ စရိုက်လက္ခဏာက နာမည်ဆိုးဖြင့် ကျော်ကြားသည်။ သူက အတန်းဖော်များနဲ့ တွေ့သောအခါ ခေါင်းငြိမ့်ပြီးသာ နှုတ်ဆက်လေ့ရှိသည်။ ကွန်ပျူတာသိပ္ပံဌာနမှ လူတစ်ယောက်က ဟာသပြောဖူးသည်။

"ဘေးအခန်းရဲ့ သင်္ချာဌာနမှ အဲဒီကျန်းဖျင်စစ်က ခံစားချက်မရှိတဲ့ ဉာဏ်ရည်မြင့် AI စက်ရုပ်နဲ့တူတယ်…"


သို့သော်လည်း ယခုအချိန်တွင် ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်၏စကားကို စိတ်ရှည်စွာ နားထောင်နေပြီး ထိုယောင်္ကျားလေး၏ မျက်ခုံးများက ပြေလျော့ကာ သူ့အမူအရာက နူးညံ့နေသည်။ ယွဲ့ရှင်းဝမ်က ဘာရယ်စရာစကားတွေ ပြောနေမှန်းမသိပေမဲ့ ကျန်းဖျင်စစ်၏နှုတ်ခမ်းထောင့်က အနည်းငယ်ကော့တက်သွားကာ အပြုံးခပ်ရေးရေးကို ထုတ်ဖော်လိုက်သည်။


ယွဲ့ရှင်းဝမ်သည် စကားပြောကောင်းပြီး တက်ကြွသောအမူအရာရှိကာ ကျန်းဖျင်စစ်က သူ့စကားကို ပြုံးပြုံးကြီး နားထောင်နေသည်။


ခယ်ရှောင်ပင်းသည် သူတို့နှစ်ယောက် စကားပြောတာကို ကြည့်ပြီး သူ့အား အနည်းငယ် မလိုအပ်တော့သလို အမြဲခံစားရသည်။


ယွဲ့ရှင်းဝမ်သည် သူ့ဘက်သို့ မျက်လုံးလှည့်လာပြီး ခယ်ရှောင်ပင်းကို မြင်သောအခါ သူက စိတ်အားထက်သန်စွာ လက်ဝှေ့ယမ်းပြသည်။

"ရှောင်ခယ် ငါတို့ဒီမှာ"


ကျန်းဖျင်စစ်ကလည်း ကြည့်လာပြီး သာမန်အမူအရာဖြင့် ခယ်ရှောင်ပင်းကို ခေါင်းငြိမ့်ပြသည်။


ခယ်ရှောင်ပင်းက လျှောက်လာပြီး ယွဲ့ရှင်းဝမ်ဘေးမှာထိုင်ကာ သူ့မျက်မှန်ကို ပင့်တင်ပြီး ရှက်ရွံ့စွာ ပြုံးပြသည်။

"ရှင်းဝမ်… ဖျင်စစ်…"


ယွဲ့ရှင်းဝမ်က ပြုံးကာ ပြောသည်။

"မင်းလာတာ မြန်လိုက်တာ… မင်းလည်း အနုတ်ဒုတိယထပ်ကို လာနေခဲ့တာလား"


"ဟုတ်တယ်…" ခယ်ရှောင်ပင်းက ရှင်းပြသည်။ "မနေ့က စာမေးပွဲပြီးတော့ ပင်ပန်းလွန်းတာနဲ့ အိပ်ဖို့ အိပ်ဆောင်ရွေးလိုက်တာ… မနက်က မနက်စာစားဖို့ နိုးလာပြီးနောက် သုတေသနအဖွဲ့ဖွဲ့ဖို့ အဖွဲ့လိုက်ရှာမယ်ဆိုပြီး သုတေသနအဖွဲ့စင်တာကို သွားရင်း အောက်ထပ်ကိုဆင်းပြီးတာနဲ့ မင်းရဲ့ဖိတ်ခေါ်မှုကို ငါရခဲ့တာ…"


သူသည် ယွဲ့ရှင်းဝမ်ကို အလွန်ယုံကြည်တာကြောင့် ယွဲ့ရှင်းဝမ်ပေးပို့သော ဖိတ်ခေါ်ချက်ကို မြင်ပြီးနောက် မဆိုင်းမတွ လက်ခံခဲ့သည်။


ယွဲ့ရှင်းဝမ်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။

"မင်းရဲ့ အိပ်ဆောင်က ဘယ်မှာလဲ"


"F-930 လေးယောက်ခန်းမှာ… ငါက အိပ်ဆောင်အလွတ်တစ်ခုကို ရွေးခဲ့တာ… ကျန်တဲ့ ကုတင်သုံးလုံးမှာတော့ အခန်းဖော်မရှိဘူး… မင်းတို့ကကော"


ယွဲ့ရှင်းဝမ်က ရိုးရိုးတန်းတန်း ပြောခဲ့သည်။

"ငါက ဖျင်စစ်နဲ့ နှစ်ယောက်ခန်း C-77 မှာ နေနေတာ…"


ခယ်ရှောင်ပင်းက ‘အိုး’ဟုသာ တုံ့ပြန်လိုက်ပြီး ထိုရလဒ်ကို မအံ့ဩပေ။


သူတို့ စကားစမြည်ပြောနေစဉ် [ကျောင်းသားလျှိုကျောက်ချင်းက ဖိတ်ခေါ်မှုကို သဘောတူခဲ့ပါသည်။] ဆိုသည့် အသိပေးချက်က ဖန်သားပြင်ပေါ်တွင် ပေါ်လာပြီး ယွဲ့ရှင်းဝမ်က အဖွဲ့ chat channel ထဲသို့ ချက်ချင်း မက်ဆေ့ခ်ျပေးပို့ခဲ့သည်။

"စီနီယာအစ်ကိုလျှို သုတေသနအဖွဲ့စင်တာက 17 တန်းမှာရှိတဲ့ စားပွဲခုံ 1 လာခဲ့… ကျွန်တော်တို့သုံးယောက် ဒီမှာ စီနီယာကို စောင့်နေတာ…"


တစ်မိနစ်အတွင်း လျှိုကျောက်ချင်းက သူတို့သုံးယောက်ဆီ ရောက်လာသည်။


သူက ဂျင်းဘောင်းဘီတစ်ထည်နှင့် အစင်းကြား တီရှပ်တစ်ထည်ကို ဝတ်ဆင်ထားပြီး နဖူးမှ ချွေးများ ရွှဲနစ်နေကာ ယွဲ့ရှင်းဝမ်၏အရှေ့တွင် ရပ်လိုက်သည်။ ယွဲ့ရှင်းဝမ်၏ဘေးက ချောမောသော ယောင်္ကျားလေးကို မြင်ပြီးနောက် လျှိုကျောက်ချင်းက အပြုံးဖြင့် သူ့ကိုနှုတ်ဆက်သည်။

"ဒါက ရှင်းဝမ်ရဲ့ အချစ်ဆုံးသူငယ်ချင်း သင်္ချာဌာနက ကျန်းဖျစ်စစ်လား"


ကျန်းဖျင်စစ်က သူ့ကို ခေါင်းငြိမ့်ပြသည်။

"မင်္ဂလာပါ စီနီယာအစ်ကို…"


လျှိုကျောက်ချင်းက ခယ်ရှောင်ပင်း၏ဘေးတွင်ထိုင်ကာ အသက်ပြင်းပြင်းရှူရင်း မေးသည်။

"ငါတို့လေးယောက်က သုတေသနအဖွဲ့ ဖွဲ့မှာလား"


"ဟုတ်တယ်… ဂျူနီယာသုတေသနအဖွဲ့က လူ 4 ယောက်ပဲ ထည့်လို့ရတာလေ…" ယွဲ့ရှင်းဝမ်က သူ့ကိုပြန်ကြည့်ရင်း "စကားမစပ် စီနီယာအစ်ကိုက ဘာလို့အခုမှ တုံ့ပြန်ရတာလဲ"


"မနေ့ကပဲ သုတေသနအဖွဲ့တစ်ဖွဲ့ကို ငါဝင်ခဲ့တာ… မင်းရဲ့ဖိတ်ခေါ်ချက်ကိုရပြီးနောက် အသစ်ပြန်မဝင်ခင် အဲဒီသုတေသနအဖွဲ့ကနေ ထွက်မှရမှာ… ပထမဆုံးအကြိမ် သုတေသနအဖွဲ့ကနေ ထွက်ရင် ပြန်ဝင်ဖို့ 15 မိနစ်စောင့်ရတယ်…" လျှိုကျောက်ချင်း၏ အသက်ရှူသံက ငြိမ်သက်သွားသည်။ သူက မလှမ်းမကမ်းကို လက်ညှိုးထိုးပြရင်း အသံတိုးတိုးဖြင့် ပြောလေသည်။ "အခုလေးတင် သူတို့တွေ အဲဒီမှာ အစည်းအဝေးလုပ်နေတုန်းပဲ… ငါ သူတို့အဖွဲ့ထဲက ထွက်ပြီးနောက် မင်းတို့ဆီ လာခဲ့တာ…"


ယွဲ့ရှင်းဝမ်က သိချင်စွာမေးသည်။

"ဆေးပညာကျောင်းသားအားလုံးရဲ့ အဖွဲ့လား"


လျှိုကျောက်ချင်းက အနည်းငယ် အံ့ဩသွားသည်။

"မင်းဘယ်လိုသိတာလဲ"


ယွဲ့ရှင်းဝမ်က ရှင်းပြလေသည်။

"လူသစ်စုဆောင်းရေးဧရိယာက မက်ဆေ့ခ်ျထဲမှာ ကျွန်တော်တွေ့လိုက်တာ… အဖွဲ့ထဲကထွက်သွားလို့ စီနီယာကို သူတို့ ဘာမှမပြောကြဘူးလား"


လျှိုကျောက်ချင်းက သူ့လက်ကို ဝှေ့ယမ်းပြသည်။

"သူတို့ ဘာမှမပြောပါဘူး… ငါ့သူငယ်ချင်းတွေက အဖွဲ့ထဲဝင်ဖို့ ငါ့ကိုဖိတ်ခေါ်နေတာလို့ ရှင်းပြလိုက်တော့ သူတို့အားလုံးက နားလည်ကြောင်းပြောကြတယ်… သူတို့က ဆေးပညာဌာနရဲ့ စိတ်ကြိုက်သင်တန်းတွေအားလုံးကို ရှင်းလင်းဖို့ ဆေးပညာကျောင်းသားတွေချည်းပဲပါတဲ့ အဖွဲ့ကိုဖွဲ့ချင်ပြီး လူတွေအများကြီး ဝင်ဖို့လျှောက်နေသေးတယ်… ငါ ထွက်သွားပြီးပြီးချင်းမှာပဲ မေ့ဆေးဘာသာရပ်ကျောင်းသားတစ်ယောက်ကို အဖွဲ့ထဲထည့်လိုက်တယ်… အဖွဲ့ခေါင်းဆောင်မှာ အကြံဉာဏ်တွေ အများကြီးရှိပေမဲ့ ငါက သူတို့နဲ့မှ မရင်းနှီးတာ… ငါသိတဲ့သူနဲ့ အဖွဲ့ဖွဲ့တာက ပိုကောင်းတာပေါ့…"


ယွဲ့ရှင်းဝမ်က မတ်တတ်ရပ်ပြီး ပြုံးကာပြောသည်။

"စီနီယာအစ်ကိုကျိုနဲ့ စီနီယာအစ်မလင်းတို့လည်း ဒီမှာရှိတယ်… ဒီနေရာက စကားပြောဖို့ကောင်းတဲ့နေရာမဟုတ်တော့ အရင်ဆုံး တစ်ယောက်နဲ့တစ်ယောက်သိအောင် အစည်းအဝေးခန်းထဲ သွားကြမယ်…"


သူက အားလုံးကို အစည်းအဝေးခန်းသို့ ခေါ်သွားကာ တံခါးဖွင့်ရန် စကားဝှက်ကို ရိုက်ထည့်လိုက်သည်။


အခန်းထဲတွင် ယောင်္ကျားလေးနှစ်‌ဦးနှင့် မိန်းကလေးတစ်ဦး ထိုင်နေသည်။


ယွဲ့ရှင်းဝမ်က လျှိုကျောက်ချင်းကို မိတ်ဆက်ပေးခဲ့သည်။

"ဒါက ရူပဗေဒဌာနမှ စီနီယာအစ်ကိုကျိုဖုန်း၊ ဒါက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ စီနီယာအစ်မလင်းမန့်လော်၊ ပြီးတော့ ဒါက ဇီဝသိပ္ပံဌာနမှ စီနီယာအစ်ကိုရွှီယိရှန်း… ဒါက ကျွန်တော် အရင်က စီနီယာတို့ကို ပြောပြဖူးတဲ့ အရိုးအထူးကုဌာနက စီနီယာအစ်ကိုလျှိုကျောက်ချင်း…"


လျှိုကျောက်ချင်းသည် တက်ကြွသော စရိုက်လက္ခဏာရှိတာကြောင့် ယောင်္ကျားလေးနှစ်ယောက်နှင့် တစ်လှည့်စီ လက်ဆွဲနှုတ်ဆက်ပြီး မိန်းကလေးကို အပြုံးဖြင့် ‘မင်္ဂလာပါ’ဟု နှုတ်ဆက်ကာ ခယ်ရှောင်ပင်းကလည်း လူတိုင်းကို နှုတ်ဆက်ခဲ့သည်။


ကျိုဖုန်းက ပြောသည်။

"အားလုံးရောက်ပြီမလား… ထိုင်ကြရအောင်…"


လျှိုကျောက်ချင်းက ထိုင်ချလိုက်ပြီး ပတ်ပတ်လည်ကို ကြည့်ကာ သိချင်စွာမေးသည်။ 

"မင်းတို့အားလုံးက ကျောင်းသားကောင်စီအဖွဲ့ဝင်တွေလား"


ရွှီယိရှန်းက အပြုံးဖြင့် လက်ကိုဝှေ့ယမ်းပြသည်။

"ကျွန်တော်မပါဘူး… ဒါပေမဲ့ သူတို့ငါးယောက်ကတော့—— ကျောင်းသားကောင်စီဥက္ကဋ္ဌ၊ ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေးဌာန၊ သတင်းပြန်ကြားရေးဌာန၊ အတွင်းရေးမှူး၊ နက်ဝေါ့ဌာန၊ သူတို့တွေက ‌ကျောင်းသားကောင်စီအဖွဲ့ဝင်အားလုံးနီးပါး စုဝေးနေတာပဲ ဟုတ်တယ်မလား"


ကျိုဖုန်းက အကူအညီမဲ့စွာ သက်ပြင်းချသည်။

"ဒီမှာ ကျောင်းသားကောင်စီအဖွဲ့ဝင်တွေကို ငါမစုခိုင်းစေချင်ဘူး… နောက်တစ်ခါ ထပ်မလာနဲ့…"


လျှိုကျောက်ချင်းက စကားပြောနေသော ရွှီယိရှန်းကို ကြည့်လိုက်သည်။

"ဂျူနီယာညီလေးက ကပြားလား… မင်းရဲ့ဆံပင်က အတော်လေးထူးခြားတယ်"


ရွှီယိရှန်းက သူ၏နီညိုရောင်ဆံပင်ကောက်ကောက်ကို ပေါ့ပါးစွာ ‌ကိုင်ပြီး ပြောသည်။

"ကျွန်တော်က အရှေ့တိုင်းနဲ့ အနောက်တိုင်း မျိုးရိုးဗီဇပေါင်းစပ်မှုရဲ့ ထုတ်ကုန်ဖြစ်ပြီးတော့ တရုတ်နဲ့ ဥရောပသွေးတွေ ရောနေတာ… ကျွန်တော်က ဇီဝသိပ္ပံဌာနမှာ မျိုးရိုးဗီဇပြုပြင်ဖန်တီးမှုကို လေ့လာနေတာ… စီနီယာအစ်ကိုက အရိုးအထူးကုဖြစ်ပြီး ဘွဲ့လွန်ကျောင်းသားလို့ ကျွန်တော်ကြားထားတယ်…"


လျှိုကျောက်ချင်းက ပြောလာသည်။

"အင်း… ငါက ဘွဲ့လွန်ဒုတိယနှစ်ရှိပြီ… ငါ့ရဲ့ဘွဲ့ကြိုဒီဂရီကလည်း ဟွာအန်းတက္ကသိုလ်ကပဲ…"


တစ်ယောက်နဲ့တစ်ယောက် ပထမဆုံးတွေ့ဆုံတာဖြစ်ပေမဲ့ “တစ်ကျောင်းတည်းသားတွေ”ဖြစ်တာကြောင့် လူတိုင်းက အကြိမ်အနည်းငယ် စကားပြောကြရုံဖြင့် တစ်ယောက်နဲ့တစ်ယောက် မြန်မြန်ဆန်ဆန် ရင်းနှီးလာကြသည်။


ယွဲ့ရှင်းဝမ်က သူ၏အဖွဲ့ဝင်များကို နောက်ထပ်အစီအစဉ်အား အတိုချုံးရှင်းပြခဲ့သည်။

"ဂျူနီယာသုတေသနအဖွဲ့က လူ 4 ယောက်ပဲ ထည့်လို့ရတယ်… အခု ကျွန်တော်တို့က အဖွဲ့နှစ်ဖွဲ့ခွဲထားတယ်… သုတေသနအဖွဲ့ကို တတိယထပ်မှာ အလယ်အလတ်အဆင့်ဆီ တိုးမြင့်ပြီးတော့ နှစ်ဖွဲ့စလုံးကို ပေါင်းလိုက်မယ်…"


လျှိုကျောက်ချင်းက လျင်မြန်စွာ ပြောလာသည်။

"ကောင်းပြီ… ငါမင်းရဲ့အစီအစဉ်တွေကို နားထောင်မယ်…"


"ငါလည်း ငြင်းစရာမရှိဘူး…" ခယ်ရှောင်ပင်းက သူ့မျက်မှန်ကို ပင့်တင်ပြီး ယွဲ့ရှင်းဝမ်ကို အလေးအနက် မေးသည်။ "ဒါဆို ငါတို့က သင်္ချာဌာနရဲ့ မသင်မနေရသင်တန်းတွေကို အောင်မြင်အောင်လုပ်ပြီး တတိယထပ်မှာ စီနီယာအစ်ကိုတွေနဲ့ စီနီယာအစ်မကို စောင့်ကြမှာလား"


"မှန်တယ်… မသင်မနေရသင်တန်းတွေကို ကျော်သွားလို့မရတာကြောင့် ငါတို့တွေ အောင်ဖို့လိုတယ်… မသင်မနေရသင်တန်းတွေ အကုန်ပြီးသွားရင် ငါတို့မှာ credit မှတ်တွေ ဘယ်လောက်လိုနေသေးလဲဆိုတာ ကြည့်ပြီး စိတ်ကြိုက်သင်တန်းတွေကို ရွေးချယ်ပြီးတော့ အောင်မြင်စွာဘွဲ့ရဖို့အတွက် credit 100 ပြည့်အောင်လုပ်ရမယ်…"

ယွဲ့ရှင်းဝမ်က လေးနက်စွာ ပြောခဲ့သည်။


"ရှင်းဝမ်ပြောတာမှန်တယ်… အခု စိတ်ကြိုက်သင်တန်းတွေ အားလုံးကို အလျင်စလိုတက်လိုက်ရင် အပေါ်ထပ်တွေကို ရောက်တဲ့အခါ credit မှတ်တွေက များလာပြီး ငါတို့တွေ မသင်မနေရသင်တန်းတွေကို မပြီးသေးသ၍ ဘွဲ့ရတော့မှာမဟုတ်ဘူး…" လင်းမန့်လော်က တည်ငြိမ်စွာပြောလာသည်။


"ဒီလိုလုပ်ရအောင်" ကျိုဖုန်းက ရိုးရှင်းစွာ ဆုံးဖြတ်ခဲ့သည်။ "ရှင်းဝမ်၊ မင်းက အဖွဲ့ကို အရင်ဦးဆောင်ပြီး တတိယထပ်မှာရှိတဲ့ ဗိသုကာဌာနမှာ ငါတို့သုံးယောက်ကို စောင့်နေလိုက်… ငါတို့က ဆေးပညာဌာနမှ သင်တန်းအားလုံးကို ပြန်ဖြေရမှာဆိုတော့ တတိယထပ်ကိုရောက်ဖို့ ရက်အနည်းငယ် ကြာနိုင်တယ်…"


"ကောင်းပြီ… တတိယထပ်မှာတွေ့မယ်…" ယွဲ့ရှင်းဝမ်က ပြောခဲ့သည်။


လင်းမန့်လော်က ရုတ်တရက်ပြောလာသည်။

"စကားမစပ် နင်တို့အားလုံးမှာ ဘာစွမ်းရည်တွေရှိတာလဲ… အရင်ဆုံးအဆင့်မြင့်ပြီးတော့ နောက်မှ လေ့ကျင့်ရေးခန်းထဲမှာ အဖွဲ့ဝင်တွေရဲ့ စွမ်းရည်တွေကို လေ့လာပြီး အကြံဉာဏ်ကောင်းတွေ ရလာနိုင်တယ်…"


ယွဲ့ရှင်းဝမ်က သူ့အဘိဓာန်ကို အဆင့်မြင့်တော့မည်ဖြစ်တာကြောင့် ထိုစကားကိုကြားသောအခါ သူကမေးလိုက်သည်။

"စီနီယာအစ်မ လေ့ကျင့်ရေးခန်းက ဘယ်မှာလဲ"


လင်းမန့်လော်က ပြန်ဖြေသည်။

"သုတေသနအဖွဲ့စင်တာမှာ သုတေသနအဖွဲ့အစည်းအဝေးခန်း ဒါမှမဟုတ် လေ့ကျင့်ရေးခန်းကို ဖွင့်ဖို့အတွက် အမှတ်တွေကို အသုံးပြုလို့ရတယ်… လေ့ကျင့်ရေးခန်းမှာသာ စွမ်းရည်တွေကို အသုံးပြုနိုင်ပြီး အခြားပြင်ပနေရာတွေမှာ အသုံးပြုလို့မရဘူး…"


ယွဲ့ရှင်းဝမ်က ရုတ်တရက် သဘောပေါက်သွားသည်။

"ကျွန်တော်နားလည်ပြီ… ဒါဆို ကျွန်တော့်စွမ်းရည်တွေကို အရင်အဆင့်မြင့်လိုက်မယ်… နောက်မှ တွေ့ကြမယ်"


#TK