Chapter 22
Viewers 4k

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်


Chapter 22 (သုတေသနအဖွဲ့ ၀၅)


အစည်းအဝေးခန်းမှ ထွက်လာပြီးနောက် အားလုံးက ဓာတ်လှေကား ဝင်ပေါက်တွင် နှုတ်ဆက်ကြသည်။ ယွဲ့ရှင်းဝမ်သည် အနုတ်ပထမထပ်ရှိ စာကြည့်တိုက်ဒေတာဘေ့စ်သို့ သွား၍ စာကြည့်တိုက်စနစ်၏ ကျူတာကို သွားတွေ့သည်။

"ကျူတာရှိလား… ငါ အဘိဓာန်စာအုပ်ကို အဆင့်မြင့်ချင်လို့"


ရင်းနှီးပြီးသား အမျိုးသမီး စက်အသံတစ်ခု ထွက်ပေါ်လာသည်။

"တရုတ်ဘာသာစကားဌာနရဲ့ စွမ်းရည်စာအုပ် “ခေတ်သစ် idiom အဘိဓာန်”ကို အဆင့် 1 ကနေ အဆင့် 2 အထိ အဆင့်မြင့်ဖို့ အမှတ် 300 လိုအပ်ပါတယ်… အတည်ပြုပါသလား…"


ယွဲ့ရှင်းဝမ်: "အတည်ပြုတယ်"


သူ့လက်ကို မြှောက်လိုက်သည်နှင့် ရင်းနှီးပြီးသား ခေတ်သစ် idiom အဘိဓာန်စာအုပ်က သူ့လက်ဖဝါးတွင် ပေါ်လာသည်။ ဆင့်ခေါ်ခံရသလိုမျိုး အဘိဓာန်က ခန်းမအလယ်မှာ လွင့်ပျံနေသည်။ ထို့နောက် အဘိဓာန်တစ်ဝိုက်တွင် ပြိုးပြိုးပြက်ပြက်ရှိသော ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာသည်။


ခဏအကြာ နားထဲတွင် “ဒင်း”ဆိုပြီး အသံထွက်လာသည်။

"အဘိဓာန်ကို အောင်မြင်စွာ အဆင့်မြင့်ပြီးပါပြီ"


အဘိဓာန်က ယွဲ့ရှင်းဝမ်၏လက်ထဲသို့ ပြန်လည်လွင့်မျောသွားပြီး သူက အမြန်ဖွင့်ကာ ကြည့်လိုက်သည်——


[ခေတ်သစ် idiom အဘိဓာန်]


ထုတ်လုပ်သူ: စာကြည့်တိုက်


စွမ်းရည်စာအုပ်ကန့်သတ်ချက်: တရုတ်ဘာသာစကားကျောင်းသားများ


စွမ်းရည်စာအုပ်အဆင့်: အဆင့် 2 (အမှတ်ဖြင့် အဆင့်မြင့်နိုင်သည်)


သော့ဖွင့်ထားသော idiom များမှာ အောက်ပါအတိုင်းဖြစ်သည်——


[လေးစားမှုဖြင့် ဝပ်တွားခြင်း] [ခုနစ်အပေါ် ရှစ်အောက်] သည် idiom နှစ်ခု၏ ဖော်ပြချက်မှာ မပြောင်းလဲပါ။ 


[ရွှေပုစဉ်းရင်ကွဲခွံ]


ထိန်းချုပ်ခံရခြင်း သို့မဟုတ် အဝိုင်းခံရသောအခါ ထိန်းချုပ်ခံရသည့်နေရာမှ ချက်ချင်းလွတ်ရန် သတ်မှတ်ထားသော 10 မီတာအကွာသို့ နေရာပြောင်းရွှေ့နိုင်သည်။


စောင့်ဆိုင်းချိန် 24 နာရီ။


စွမ်းရည်ကို အဆင့်မြင့်ထားပါပြီ: သုတေသနအဖွဲ့၏ အဖွဲ့ဝင်အားလုံးအတွက် အကျုံးဝင်ပါသည်။ ၎င်းသည် သုတေသနအဖွဲ့၏ အဖွဲ့ဝင်အားလုံးကို ချက်ချင်း ထိန်းချုပ်မှုမှ လွတ်မြောက်စေနိုင်ပြီး သတ်မှတ်ထားသော မီတာ 20 အကွာအဝေးသို့ နေရာရွှေ့ပြောင်းနိုင်သည်။ စောင့်ဆိုင်းချိန် 24 နာရီ။


ယွဲ့ရှင်းဝမ်၏ မျက်လုံးများ တောက်ပလာသည်။


ရွှေပုစဉ်းရင်ကွဲခွံသည် လူတစ်ဦးအား လွတ်မြောက်ရန် တယ်လီပို့ခြင်းမှ သုတေသနအဖွဲ့၏ တစ်ဖွဲ့လုံးကို လွတ်မြောက်ရန် ပိုကြီးမားသော အကွာအဝေးသို့ တယ်လီပို့ခြင်းအဖြစ် ပြောင်းလဲသွားကာ အကျိုးသက်ရောက်မှုမှာ အလွန်တိုးတက်လာခဲ့သည်။


သူက စိတ်လှုပ်ရှားစွာ စာရွက်ကို လှန်လိုက်ပြီး idiom အသစ်နှစ်ခု ပေါ်လာသည်——


[အလင်းကဲ့သို့လျင်မြန်ခြင်း]


အလွန်လျင်မြန်သော လှုပ်ရှားမှုအဖြစ် ဖော်ပြသည်။


ဒီစွမ်းရည်ကို အသုံးပြုပြီးနောက် သုတေသနအဖွဲ့၏ အဖွဲ့ဝင်အားလုံး၏ လှုပ်ရှားမှုအမြန်နှုန်းက 5 မိနစ်ကြာ 5 ဆ တိုးလာလိမ့်မည်။


စောင့်ဆိုင်းချိန် 1 နာရီ။


*****


[မိုးသည်းခြင်း]


ကောင်းကင်ကနေ သည်းသည်းမည်းမည်း မိုးရွာခြင်းဖြစ်သည်။ 


မိုးသည်းခြင်းက 10x10 စတုရန်းဧရိယာအတွင်း ချက်ချင်း ရွာသွန်းနိုင်သည်။ 


မိုးသည်းခြင်းက လူတွေကို တိုက်ရိုက်မထိခိုက်စေနိုင်ပေမဲ့ ကြားခံအဖြစ် အသုံးပြုနိုင်သည်——


ဥပမာ 1: ရူပဗေဒဌာန၏ လျှပ်စစ်စွမ်းရည်နှင့် ပေါင်းစပ်လိုက်သောအခါ မိုးရေသည် လျှပ်စစ်ဓာတ်ကို ထုတ်ပေးနိုင်ပြီး ကြီးမားသောအကွားအဝေးအတွင်း မိုးကြိုးများကို ဖြစ်စေသည်။


ဥပမာ 2: ဓာတုဗေဒဌာန၏ အက်စစ်စွမ်းရည်နှင့် ပေါင်းစပ်လိုက်သောအခါ အလွန်အမင်းပျက်စီးစေသော အက်စစ်မိုးရွာသွန်းခြင်းကို ဖြစ်ပေါ်စေပြီး မိုးရေအကွာအဝေးအတွင်းရှိ သက်ရှိအားလုံးကို ချက်ချင်း အရည်ပျော်စေသည်။


အခြားအသုံးပြုမှုများကို သင်ကိုယ်တိုင်လေ့လာပါ။


ယွဲ့ရှင်းဝမ်: "..."


သူ၏ idiom အဘိဓာန်ကို အဆင့်မြင့်တင်ပြီးနောက် ၎င်းသည် နောက်ဆုံးတွင် "မှော်အဘိဓာန်" အသွင်အပြင်နှင့် လူများကို ရိုက်ရန်အတွက် အုတ်ခဲတစ်လုံးမျှသာ မဟုတ်တော့ပေ။ ‘ရွှေပုစဉ်းရင်ကွဲခွံ’၏ အဆင့်မြင့်ထားသော ဗားရှင်းပဲဖြစ်ဖြစ်၊ အသစ်ထပ်ထည့်ထားသော အုပ်စုလိုက်အမြန်နှုန်း ‘အလင်းကဲ့သို့လျင်မြန်ခြင်း’ နှင့် အကွာအဝေးကြီးမားသော ‘မိုးသည်းခြင်း’တို့ပဲဖြစ်ဖြစ် စွမ်းအားက အလွန်အားကောင်းသည်။ ထိုအရာများသည် အဆင့် 1 တုန်းက ‘လေးစာမှုဖြင့်ဝပ်တွားခြင်း’ နှင့် ‘ခုနစ်အပေါ် ရှစ်အောက်’ထက် အများကြီး ပိုအစွမ်းထက်သည်။


အထူးသဖြင့် ‘မိုးသည်းခြင်း’ စွမ်းရည်သည် အလုံးစုံအသုံးပြုနိုင်သော အဖွဲ့လိုက်စွမ်းရည်ဖြစ်သည်။ ၎င်းသည် ရူပဗေဒနှင့် ဓာတုဗေဒဌာနရှိ အခြားစွမ်းရည်များနှင့် အင်အားကြီးစေနိုင်ပြီး စီနီယာအစ်ကိုလျှို၏ ခွဲစိတ်ဓားဖြင့် ပေါင်းစပ်လိုက်လျှင် ဓားမြောင်မိုးတောင် ရွာချနိုင်သည်။ 


ထို့နောက် ယွဲ့ရှင်းဝမ်က နောက်တစ်ရွက်ကို လှန်ကြည့်လိုက်သောအခါ ရင်းနှီးသောစကားလုံးများနှင့်အတူ နေရာအလွတ်တစ်ခု ပေါ်လာသည်။ “စွမ်းရည်စာအုပ်ကို အဆင့်မြင့်တင်ပြီးမှ နောက်ထပ် idiom တွေကို သော့ဖွင့်နိုင်ပါသည်။”


အမှတ် 300 ဖြင့် ‘ရွှေပုစဉ်းရင်ကွဲခွံ’နှင့် နောက်ထပ်စွမ်းရည်နှစ်ခုကို ရရှိခဲ့တာကြောင့် အကျိုးအမြတ်က သိပ်တော့မဆိုးချေ။


ယွဲ့ရှင်းဝမ်က အဘိဓာန်ကိုပိတ်ပြီး စာကြည့်တိုက်ဒေတာဘေ့စ်မှ ထွက်လာခဲ့သည်။


အဘိဓာန်၏ ဤအဆင့်မြင့်တင်မှုက သူ့ကို အံ့အားသင့်စေခဲ့သည်။ သူ၏ "မှော်အဘိဓာန်" သည် ကောင်းမွန်သော အရည်အသွေးရှိပြီး အနာဂတ်တွင် ဆက်လက်အဆင့်မြင့်တင်ရန် ထိုက်တန်သည်ဟု ထင်ရသည်။ သူ၏မူလအစီအစဉ်မှာ အဘိဓာန်၏စွမ်းရည်ကို အဆင့် 2 သို့ အဆင့်မြင့်တင်ပြီးနောက် သူနှင့်မကိုက်ညီပါက အခြားစာအုပ်သို့ ပြောင်းလဲရန် စီစဉ်ခဲ့သည်။ ယခုအခါမှာတော့ အခြားစွမ်းရည်စာအုပ်များကို အမှတ် 1,000 လဲလှယ်ခြင်းထက် အဘိဓာန်ကို အမှတ် 300 ဖြင့် တိုက်ရိုက်အဆင့်မြင့်ခြင်းက စရိတ်စကသက်သာသည်ဟု ထင်ရသည်။


ဒေတာဘေ့စ်မှထွက်လာပြီးနောက် ယွဲ့ရှင်းဝမ်က သုတေသနအဖွဲ့ထံ မက်ဆေ့ခ်ျပေးပို့ခဲ့သည်။

"အားလုံးပဲ အနုတ်ဒုတိယထပ်မှာ ငါမင်းတို့ကို စောင့်နေမယ်"

 

ကျန်းဖျင်စစ်: "ငါရောက်နေပြီ"


လျှိုကျောက်ချင်း: "အခုလေးတင်မှ ငါ ဆေးဘက်ဆိုင်ရာပစ္စည်းအသစ်ကို ပြောင်းပြီးသွားတာ၊ ငါချက်ချင်းလာခဲ့မယ်"


သူတို့သည် သုတေသနအဖွဲ့စင်တာတွင် တွေ့ဆုံခဲ့ကြပြီး စီနီယာအစ်မလင်းမန့်လော်က အခုလေးတင် အစည်းအဝေးခန်းထဲမှာ သူတို့ကို စောင့်နေခဲ့သည်။ လူတိုင်း ရောက်လာကြတော့ သူမက “သုတေသနအဖွဲ့၏ လေ့ကျင့်ရေးခန်း”ကိုဖွင့်ရန် 10 မှတ်ကို အသုံးပြုခဲ့သည်။


အားလုံးက လေ့ကျင့်ရေးခန်းထဲကို ဝင်သွားကြသည်။


မိုးလုံလေလုံ အားကစားကွင်းနဲ့တူပြီး ဧရိယာက အလွန်ကျယ်သည်။ ဘေးဘက်မှာ ဘတ်စကက်ဘော၊ ကြက်တောင်နဲ့ စားပွဲတင်တင်းနစ်တွေ အများကြီးရှိပြီး အရွယ်အစားအမျိုးမျိုးရှိသော ဘောလုံးများက ကျောင်းသားများအတွက် အမျိုးမျိုးသော စွမ်းရည်များကို လေ့ကျင့်ရန် အဆင်ပြေသည်။


လင်းမန့်လော်က ပြုံးကာ ပြောသည်။

"စလိုက်ကြရအောင်… ကျိုဖုန်း၊ နင်အရင် လက်တွေ့ပြချင်လား"


ကျိုဖုန်းက ခေါင်းငြိမ့်ပြပြီး ညာလက်ကို အနည်းငယ်မြှောက်ကာ သူညွှန်ပြလိုက်သည့် ကြက်တောင်များ တစ်ဝိုက်တွင် ရွှေရောင်လျှပ်စီးကြောင်း ပေါ်လာတာကို တွေ့လိုက်ရသည်။ 3 စက္ကန့်အတွင်းမှာပင် အဆိုပါ ကြက်တောင်များသည် လျှပ်စီးကြောင်းဖြင့် အနက်ရောင်အဖြစ်သို့ လောင်ကျွမ်းသွားခဲ့သည်။


ကျိုဖုန်းက သူ့လက်ကို ပြန်ရုတ်သိမ်းပြီး ပြောသည်။

"ငါက ဗို့အားပြင်းလျှပ်စစ်ကို ရရှိခဲ့တာဖြစ်ပြီး အခုတော့ အဆင့် 2 အထိ မြင့်တင်ထားတယ်… အဆင့် 3 က series နဲ့ parallel မှာ ပတ်လမ်းတွေ ချိတ်ဆက်ပုံကို သင်ယူနိုင်ပြီး ကျယ်ပြန့်တဲ့အကွာအဝေးအထိ လျှပ်စစ်စီးနိုင်တာ ဒါမှမဟုတ် parallel ထိခိုက်မှုတွေ လွင့်စင်တာမျိုး ထုတ်လုပ်ပေးတယ်…"


ယွဲ့ရှင်းဝမ်က အံ့ဩသွားသည်။

"ဒါက အံ့ဩစရာပဲ"


ယခင်က နှလုံးသွေးကြောဆိုင်ရာလူနာဆောင်တွင် ရူပဗေဒဌာန၏ အလင်းလုံးနှင့် သံလိုက်စွမ်းရည်နှစ်ခုကို သူတွေ့မြင်ခဲ့ရသော်လည်း ရူပဗေဒဌာန၏ အစွမ်းထက်ဆုံး တိုက်ခိုက်နည်းမှာ အမှန်တကယ်တော့ လျှပ်စစ်ဖြစ်သည်။ စီနီယာအစ်ကိုကျိုဖုန်း ရရှိခဲ့သည့် ဗို့အားမြင့်လျှပ်စစ်က တကယ်ကို အားကောင်းသည်။ “စမ်းသပ်ခန်းမှ လွတ်မြောက်ခြင်း”သင်တန်း၏ ထိပ်ဆုံးငါးဦးထဲပါတာက အံ့ဩစရာမဟုတ်ပေ။ မျောက်များက သူ့ကြောင့် လောင်ကျွမ်းသွားတယ်ဆိုတာ ခန့်မှန်းနိုင်သည်။


"ငါ့ရဲ့စွမ်းရည်ကိုကြည့်လိုက်"

လင်းမန့်လော်သည် ချက်ချင်းပင် သူမ၏ညာလက်ကို မြှောက်လိုက်ရာ နွယ်ပင်စိမ်းက မြွေတစ်ကောင်လို ထွက်လာတာကို တွေ့လိုက်ရသည်။ ထိုနွယ်ပင်များက လျင်မြန်စွာကြီးထွားလာပြီး ဘတ်စကက်ဘောလုံးကို တင်းတင်းကြပ်ကြပ်ရစ်ပတ်ထားကာ ချက်ချင်း တစ်စစီဖြစ်အောင် ညှစ်လိုက်သည်။


"ဘမ်း"ဆိုသော ပေါက်ကွဲသံနှင့်အတူ ဘတ်စကက်ဘောအပိုင်းအစများက နေရာအနှံ့ ပြန့်ကျဲသွားကာ လူတိုင်းကို ထိတ်လန့်သွားစေသည်။


လင်းမန့်လော်က သူမ၏လက်ကို တည်ငြိမ်စွာ ပြန်ရုတ်လိုက်သည်။

"ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့ ပထမအဆင့်စွမ်းရည်က ထူးဆန်းတဲ့ အပင်စိမ်းတွေနဲ့ သက်ဆိုင်ပြီး နွယ်ပင်တွေကို အချိန်ခဏလောက်ပဲ ငါထိန်းချုပ်နိုင်တယ်"


ခယ်ရှောင်ပင်း၏မျက်လုံးများပြူးသွားကာ သူက သိချင်စွာ မေးသည်။

"စီနီယာအစ်မရဲ့နွယ်ပင်က ကန့်သတ်ချက်မရှိဘူးလား… လူကို သေတဲ့အထိ ချည်ထားလို့ရလား"


လင်းမန့်လော်က ပြုံးကာ သူ့ကိုစနောက်သည်။

"ဟုတ်တယ်… ရှောင်ခယ် စမ်းကြည့်ချင်လား"


ခယ်ရှောင်ပင်းက နီရဲသောမျက်နှာဖြင့် လက်ကိုဝှေ့ယမ်းလိုက်သည်။ 

"တော်ပြီ… တော်ပြီ…"

သူ့ကိုယ်သူ နွယ်ပင်များဖြင့် ချည်ခံရပြီး တစ်ခဏချင်း တစ်စစီအညှစ်ခံနေရတယ်လို့ စိတ်ကူးလိုက်သောအခါ သူ့နောက်ကျောက ကြက်သီးမွေးညင်းထသွားသည်။ အိပ်ဆောင်ဧရိယာတွင် မည်သည့်စွမ်းရည်ကိုမှ အသုံးပြုခွင့်မပြုသည်မှာ အံ့ဩစရာမဟုတ်ပေ။ ကျောင်းသားများ ရန်ဖြစ်လျှင် မိနစ်ပိုင်းအတွင်း သတ်ပစ်နိုင်သည်မဟုတ်ပါလား။


ယွဲ့ရှင်းဝမ်က ရွှီယိရှန်းကိုကြည့်ပြီး မေးလိုက်သည်။

"စီနီယာအစ်ကိုရွှီကကော၊ ဇီဝသိပ္ပံဌာနကနေ ဘယ်လိုစွမ်းရည်မျိုးကို ရထားတာလဲ"


ရွှီယိရှန်းက ပေါ့ပေါ့ပါးပါး ပြုံးကာ သူ့နှာခေါင်းကို ပွတ်လိုက်သည်။

"ငါ့စွမ်းရည်က တော်တော်ထူးဆန်းတယ်"


ထိုအသံထွက်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်းရှေ့တွင် နောက်ဆက်တွဲပုံရိပ်တစ်ခု ပေါ်လာပြီး လေ့ကျင့်ရေးခန်း၏ အရှေ့၊ အနောက်၊ တောင်နှင့် မြောက်ဘက်တို့တွင် တူညီသောရွှီယိရှန်း လေးယောက်က ပေါ်လာခဲ့သည်။


သူတို့လေးယောက်စလုံးသည် သူတို့မျက်နှာမှာ အပြုံးများရှိနေကြပြီး ဆံပင်တစ်မျှင်တောင်မှ ကွဲပြားခြင်းမရှိပေ။ လူတိုင်း၏မျက်လုံးများက ထိတ်လန့်တုန်လှုပ်စွာ ပြူးကျယ်သွားပြီး ရွှီယိရှန်း လေးယောက်စလုံးက တစ်ချိန်တည်းမှာ ပြောသည်။

"ဒါက ဇီဝသိပ္ပံဌာနရဲ့ mitosis ပဲ… ငါ့ခန္ဓာကိုယ်အစစ်က ဘယ်တစ်ယောက်လဲသိလား"


လူတိုင်း: "…"


သူက တစ်ခဏအတွင်း လေးကိုယ်ခွဲသွားတာကို ဒါကို ဘယ်သူက မှတ်မိမှာလဲ။


ခဏအကြာတွင် ရွှီယိရှန်းသုံးယောက်က ပျောက်ကွယ်သွားပြီး ယွဲ့ရှင်းဝမ်၏နောက်တွင် ရပ်နေသော ရွှီယိရှန်းက ပြုံးကာ ပြောသည်။

"ဒီစွမ်းရည်မှာ တိုက်ခိုက်ခြင်းစွမ်းအားမရှိဘူး… ဒါပေမဲ့ ထွက်ပြေးဖို့ ဒါမှမဟုတ် အဖွဲ့ဝင်တွေနဲ့ပူးပေါင်းဖို့ အရမ်းအဆင်ပြေတယ်… ငါ့ခန္ဓာကိုယ်အစစ်က ကိုယ်ပွားတွေနဲ့ အချိန်မရွေး ‌ပြောင်းလဲလို့ရပြီး အခုက အဆင့် 2 ဆိုတော့ လေးကိုယ်ခွဲလို့ရတယ်… အဆင့် 3 ‌ဆိုရင် ခုနစ်ကိုယ်အထိ ခွဲလို့ရတယ်… ငါ အဆင့် 3 ထိ မြင့်တင်ပြီးရင် ရပ်လိုက်တော့မယ်… ကိုယ်ပွားတွေ အရမ်းများလွန်းရင် ငါမထိန်းနိုင်ဘူး"


"မိုက်တယ်"

ယွဲ့ရှင်းဝမ်က လက်မထောင်ပြသည်။


အကယ်၍ ရွှီယိရှန်းသည် သူ့လက်ထဲတွင် ဓားတစ်ချောင်းကိုင်ထားပြီး ရုတ်တရက် ကိုယ်ပွားကာ ယွဲ့ရှင်းဝမ်၏နောက်တွင် ပေါ်လာပါက တားဆီးရန် အလွန်ခက်ခဲမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပဲ ရွှီယိရှန်းက ထွက်ပြေး‌ချင်တယ်ဆိုရင် ဘယ်သူမှ သူ့ကို ဖမ်း၍မရပေ။ ထို့အပြင် သူ့မှာ ကိုယ်ပွားတွေ အများကြီးရှိပြီး သူ၏ခန္ဓာကိုယ်အစစ်ကို မခန့်မှန်းနိုင်ပေ။


ဤ mitosis စွမ်းရည်က တိုက်ခိုက်ရေး မဟုတ်ပေမဲ့ အသုံးပြုရန် အလွန်လိုက်လျောညီထွေဖြစ်လိမ့်မည်။ 


လင်းမန့်လော်က သူတို့လေးယောက်ကို ကြည့်ပြီး ပြောသည်။

"နင်တို့ အလှည့်ရောက်ပြီ… စီနီယာအစ်ကိုလျှို အရင်လာမလား"


လျှိုကျောက်ချင်းက ခွဲစိတ်ဓားကို ထုတ်ယူပြီး သူ၏“ဓားမြောင်ပျံစွမ်းရည်”ကို လူတိုင်းအား ပထမဆုံးပြသခဲ့ပြီး ဘတ်စကက်ဘောအများအပြားကို ဆက်တိုက်ထိုးစိုက်ကာ သူ၏ဓားမြောင်ပျံ ထိမှန်မှုနှုန်းက ယခင်ကထက် ပို၍မြင့်မားခဲ့သည်။ သူက ဓားမြောင်ကို ပစ်လိုက်၊ ပြန်ထုတ်လိုက်ကို မြင်တော့ တောက်ပသောခွဲစိတ်ဓားသည် လူတိုင်းကို မှင်တက်သွားစေပြီး ကျိုဖုန်းက မနေနိုင်ဘဲ ပြောလာသည်။

"ရှောင်လျှိုရဲ့ ဓားမြောင်ပျံက ဘယ်တော့မှ ပစ်မှတ်မလွဲဘူးပေါ့ ဟုတ်လား"


လျှိုကျောက်ချင်းက ပြုံးကာ ပြောသည်။

"နောက်တစ်ခုရှိသေးတယ်"


သူက ခွဲစိတ်ဓားကို ပြန်ထုတ်ပြီး သူ့လက်မောင်းကို သွေးထွက်အောင် လှီးဖြတ်လိုက်ကာ သူ့အပြုအမူက လူတိုင်းကို ထိတ်လန့်သွားစေသည်။ သို့သော် နောက်အခိုက်အတန့်တွင် သူသည် ရုတ်တရက် ပတ်တီးတစ်ခုကိုထုတ်ကာ ဒဏ်ရာကို ရစ်ပတ်လိုက်သည်။ 3 စက္ကန့်အတွင်းမှာပဲ ဒဏ်ရာက သာမန်မျက်စိနဲ့ မမြင်နိုင်သောအရှိန်ဖြင့် ပျောက်ကင်းသွားသည်။


လူတိုင်း: "…"


လျှိုကျောက်ချင်းက ရှင်းပြသည်။

"ဒီဆေးပတ်တီးကို လဲလှယ်ဖို့အတွက် အနုတ်ပထမထပ်ကို ငါသွားခဲ့တာ… ဒါမှ လူတိုင်းရဲ့ ဒဏ်ရာတွေကို ငါကုသပေးနိုင်မှာလေ… မင်းတို့တွေ မသေသေးသ၍ ဒဏ်ရာတွေကို ဒီပတ်တီးနဲ့ ပတ်ထားလိုက်ရင် ‌သက်သာသွားနိုင်တယ်"


"တိုက်ခိုက်ရေးကော၊ ကုသရေးကော တစ်ချိန်တည်းပြုလုပ်နိုင်တဲ့ ပြင်းထန်တဲ့ဆရာဝန်ပါလား"

အမှတ်မထင် ယွဲ့ရှင်းဝမ် ခေါ်ယူခဲ့သော ဆေးပညာဌာနမှ အဖွဲ့ဝင်သည် အလွန်သန်မာ၏။ ကျိုဖုန်းနှင့် လင်းမန့်လော်တို့သည် အနည်းငယ် စိတ်လှုပ်ရှားသွားကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။


လျှိုကျောက်ချင်းက ရယ်ကာ ပြောသည်။

"ငါက ကြွားရုံပါ၊ မင်းတို့တွေ ဒဏ်ရာမရဖို့ဘဲ ငါမျှော်လင့်တယ်… ငါ့ပတ်တီးကို မသုံးရတာက ပိုကောင်းပါတယ်"


လင်းမန့်လော်က ခယ်ရှောင်ပင်းကို ကြည့်ပြီး မေးသည်။

"ရှောင်ခယ်၊ နင်ကကော… ကွန်ပျူတာဌာနက ကုဒ်တိုက်ခိုက်ရေးတော့ မဟုတ်ဘူးမလား"


ခယ်ရှောင်ပင်း၏နားရွက်များ နီရဲလာသည်။

"ကျွန်တော့်မှာ စက်ရုပ်တစ်ရုပ်ရှိတယ်… ရှောင်ထူ၊ ရှောင်ထူ၊ သီချင်းဆိုစမ်း"


ထို့နောက်တွင် ချစ်စဖွယ် ဉာဏ်ရည်မြင့် စက်ရုပ်တစ်ရုပ်က ၎င်း၏နဖူးပေါ်ရှိ အပြာရောင်အလင်းတန်းဖြင့် ကြမ်းပြင်ပေါ်တွင် ပေါ်လာသည်။ သူတို့တွေ ပထမဆုံး စတွေ့တုန်းကထက် စက်ရုပ်က ကြီးထွားလာခဲ့ပြီး သီချင်းအသစ်တစ်ပုဒ်ကိုလည်း သင်ယူခဲ့သည်။

"ရှာမယ်၊ ရှာမယ်၊ သူငယ်ချင်းတစ်ယောက်ရှာမယ်… အဲဒီနောက် ငါက သူငယ်ချင်းကောင်းတစ်ယောက်ကို ရှာမယ်… ဂါရဝပြုပြီး လက်ဆွဲနှုတ်ဆက်မယ်… အခု မင်းက ငါ့ရဲ့သူငယ်ချင်းကောင်းပဲ"


လူတိုင်း: "..."


ခယ်ရှောင်ပင်း၏နားရွက်များ နီရဲနေပြီး သူက အသံတိုးတိုးဖြင့် ရှင်းပြသည်။

"ကျွန်တော့်ရဲ့ရှောင်ထူက အဆင့် 2 ဖြစ်သွားပြီ… ဒီသီချင်းက သုတေသနအဖွဲ့က အဖွဲ့ဝင်တွေရဲ့ တည်နေရာတွေကို လျင်မြန်စွာ ရှာဖွေနိုင်တယ်… သူက အန္တရာယ်ရှိ၊မရှိကို သိရှိနိုင်တဲ့ ‌စောင့်ကြည့်ရေး လုပ်ဆောင်ချက်ကိုလည်း လေ့လာခဲ့ပြီး 10 မီတာ အကွာအဝေးအတွင်း အန္တရာယ်ရှိလာရင် အချက်ပြနိုင်တယ်…"


ကျိုဖုန်းက သူ့နားထင်ကို ကူကယ်ရာမဲ့စွာ ပွတ်လိုက်သည်။

"မင်းရဲ့ကွန်ပျူတာဌာနက တော်တော်တီထွင်ဖန်တီးနိုင်တာပဲ"


ခယ်ရှောင်ပင်းက ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။ သူ ဘာတတ်နိုင်မည်နည်း။ သူသည် အခြားသူများကဲ့သို့ ခပ်မိုက်မိုက် စွမ်းရည်များကို သင်ယူချင်ပေမဲ့ ကွန်ပျူတာဌာနက ကလေးသီချင်းများကို ဆိုတတ်သည့် စက်ရုပ်တစ်ရုပ်အား ပေးခဲ့သည်။


ယွဲ့ရှင်းဝမ်က ရှောင်ထူ၏ခေါင်းကို ပုတ်ကာ ပြောသည်။

"‌ဒါက အတော်လေး ကောင်းပါတယ်… အခုကစပြီး ရှောင်ထူက ငါတို့အဖွဲ့ရဲ့ အချစ်တော်လေး ဖြစ်လာတော့မှာ… ရှောင်ထူမှာ ဆိုတတ်တဲ့ သီချင်းနှစ်ပုဒ်ရှိပြီး တစ်ပုဒ်က ရန်သူတွေကို အဝေးဆီ ဆွဲဆောင်နိုင်တဲ့ “ကျားနှစ်ယောက်”နဲ့ နောက်တစ်ပုဒ်က အဖွဲ့ဝင်တွေကို လိုက်ရှာနိုင်တဲ့ “သူငယ်ချင်းတစ်ယောက်ရှာမယ်” ဆိုတာပဲ… အဲဒါက အတော်လေးပြည့်စုံနေပါပြီ"


ခယ်ရှောင်ပင်းက ပေါ့ပေါ့ပါးပါး ချောင်းဟန့်ကာ ရှောင်ထူကို ဖယ်လိုက်သည်။


အားလုံးက ယွဲ့ရှင်းဝမ်ကို ကြည့်ကာ မေးသည်။

"ရှင်းဝမ်၊ မင်းကကော"


ယွဲ့ရှင်းဝမ်က ထူထဲသော အဘိဓာန်စာအုပ်ကို ဆင့်ခေါ်ခဲ့သည်။ သူသည် ရွှေပုစဉ်းရင်ကွဲခွံအား စမ်းသပ်ခဲ့ပြီး လူအုပ်ကြီးက မီတာ 20 အကွာသို့ တယ်လီပို့ဖြင့် ရောက်သွားကြသည်။


လင်းမန့်လော်၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားသည်။

"အဖွဲ့လိုက်တယ်လီပို့တာလား"


ယွဲ့ရှင်းဝမ်က ပြောသည်။

"ဒါက ထိန်းချုပ်မှုကနေလည်း လွတ်မြောက်စေတယ်… ဥပမာအားဖြင့် စီနီယာအစ်မက ကျွန်တော့်ကို နွယ်ပင်တွေနဲ့ ချည်ထားတဲ့အခါ ကျွန်တော်က ဒီရွှေပုစဉ်းရင်ကွဲခွံနဲ့ ချက်ချင်း လွတ်မြောက်နိုင်တယ်"


လင်းမန့်လော်က လက်မထောင်ပြသည်။

"ကောင်းတယ်၊ ရွှေပုစဉ်းရင်ကွဲခွံနဲ့ဆိုရင် ထိန်းချုပ်ရေးစွမ်းရည်ကို ကြောက်နေစရာမလိုတော့ဘူး"


ယွဲ့ရှင်းဝမ်သည် “အလင်းကဲ့သို့လျင်မြန်ခြင်း”၏ အရှိန်ကို ချက်ချင်း အသုံးပြုခဲ့ပြီး လူတိုင်း၏ခြေထောက်များက wind-and-fire ဘီးများပေါ် နင်းလိုက်သကဲ့သို့ သူတို့၏ လှုပ်ရှားမှုနှုန်းမှာ ပုံမှန်ထက် 5 ဆ ပိုမြန်နေပြီး ခယ်ရှောင်ပင်းက အထိန်းအကွပ်မဲ့ကာ လဲကျလုနီးပါးဖြစ်သွားသည်။ 


“မိုးသည်းခြင်း”ကို ဖွင့်လိုက်ပြီးနောက် 10 စတုရန်းမီတာအတွင်း ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ ဤစွမ်းရည်၏ ဖော်ပြချက်မှာ အထူးစိတ်ဝင်စားစရာကောင်းတာကြောင့် လျှိုကျောက်ချင်းက သူ၏ခွဲစိတ်ဓားကို မိုးရေထဲသို့ ပစ်ချလိုက်သည်——


ပြီးနောက် တကယ်ကို ဓားမြောင်မိုးများ ရွာသွန်းလာခဲ့သည်။


ကျိုဖုန်းက လျှပ်စစ်ကို မိုးထဲသို့ ပစ်လိုက်ပြီး မိုးရွာနေသောဧရိယာတွင် လျှပ်စီးပမာဏ အများအပြား ပေါ်လာသည်။ မိုးကြိုးပစ်ပြီးနောက် ကောင်းကင်ကို ထိုးဖောက်သွားကာ ရှန်းရှဇာတ်ကားထဲကလိုမျိုး မိုးကြိုးမုန်တိုင်းနဲ့တူသည်။ ကျိုဖုန်းက သက်ပြင်းချသည်။

"တကယ်လို့ ဒီအထဲကိုသာ ဝင်သွားရင် မိုးကြိုးပစ်ခံရလိမ့်မယ်… မင်းရဲ့မိုးက နေရာချဲ့နိုင်ပြီး ဘာသာရပ်အမျိုးမျိုးရဲ့ စွမ်းရည်တွေနဲ့ အဆင့်မြင့်နိုင်တာလား… ‌ဒါဆို ဓာတုဗေဒဌာနရဲ့ အက်စစ်မိုးက ပို‌ကြောက်စရာကောင်းသေးတယ်… အရည်ပျော်ကျသွားတာက ပြိုင်ဘက်ကင်းပဲ"


လင်းမန့်လော်က မနေနိုင်ဘဲ ပြောလာသည်။

"ရှင်းဝမ်ရဲ့အဘိဓာန်စွမ်းရည်က အရမ်းအားကောင်းတယ်… ဒါ့အပြင် idiom တွေ အများကြီးရှိတာကြောင့် အဆင့်မြင့်ခြင်းအားဖြင့် သင်ယူနိုင်တဲ့ စွမ်းရည်တွေ ပိုများလာလိမ့်မယ်… ဒါက စာကြည့်တိုက်မှာ အသန်မာဆုံး မှော်စာအုပ်ဖြစ်သင့်တယ်… အဲဒါက ကြားခံအဖြစ်လည်း အသုံးပြုလို့ရသလို အကူအညီလည်းပေးနိုင်တယ်၊ အရမ်းကျယ်ပြန့်တယ်…" 


လျှိုကျောက်ချင်းက ဟန်လုပ်ပြုံးကာ ပြောသည်။

"ရှင်းဝမ်ရဲ့အဘိဓာန်က မှော်စာအုပ်တစ်အုပ်ပဲ မဟုတ်ဘူး"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြသည်။

"ဟုတ်တယ်၊ အဲဒါမှာ နောက်တစ်ခု ရှိသေးတယ်"


ထိုသို့ပြောပြီးသည်နှင့် သူက ရုတ်တရက် အဘိဓာန်ကို ပစ်လိုက်သည်။ လေးလံသောအဘိဓာန်သည် အုတ်ခဲကဲ့သို့ ဘတ်စကက်ဘောထားရှိရာ သံဘောင်ပေါ်ကို ဘမ်းခနဲ ထိမိသွားပြီး သံဘောင်သည် ချိုင့်ကြီးတစ်ခုကဲ့သို့ တိုက်ရိုက်မှန်သွားခဲ့သည်။ 


လူတိုင်း: "…"


လင်းမန့်လော်က သူမနားထင်ကို ညင်သာစွာ ပွတ်ကာ ပြောသည်။

"ရှင်းဝမ်၊ နင်က မှော်စာအုပ်ကို အုတ်ခဲအဖြစ် သုံးနေတာလား"


ယွဲ့ရှင်းဝမ်က ပြုံးကာ ပြောသည်။

"ဒီနည်းလမ်းမှာ စောင့်ဆိုင်းချိန်မရှိဘူးလေ… ကျွန်တော် အချိန်မရွေး စာအုပ်ကိုထုတ်ပြီး ပြိုင်ဘက်ကို ပစ်ပေါက်လို့ရတယ်"


ရွှီယိရှန်းက ညည်းညူသည်။

"ဒီလောက်လေးလံတဲ့အဘိဓာန်က တကယ့်ကို ‘အသိပညာစွမ်းအား’ပါပဲ… အဲဒါနဲ့သာ အရိုက်ခံရရင် အရမ်းနာကျင်မှာပဲ"


ကျိုဖုန်းက ပြောသည်။

"ဒါက နာကျင်ရုံပဲ မဟုတ်တော့ဘူး… အဲဒါနဲ့သာ အရိုက်ခံရရင် ဉီးနှောက်သွေးကြောပေါက်ပြီး ‌သတိမေ့သွားနိုင်တယ်လို့ ငါခန့်မှန်းမိတယ်"


ယွဲ့ရှင်းဝမ်က ပေါ့ပါးစွာ ချောင်းဟန့်ပြီး ကျန်းဖျင်စစ်ကို ကြည့်သည်။

"မင်းအလှည့်ပဲ"


ကျန်းဖျင်စစ်သည် သင်္ချာဌာနမှ သူ၏စွမ်းရည်ကို မပြရသေးသော တစ်ယောက်တည်းသောသူဖြစ်ပြီး လူတိုင်းက သိချင်စွာ သူ့ကို စူးစိုက်ကြည့်နေကြသည်။ 


ကျန်းဖျင်စစ်၏ သွယ်လျသော ညာဘက်လက်က ရုတ်တရက် ဆန့်ထွက်သွားပြီး သူ၏လက်မ၊ လက်ညှိုးနှင့် လက်ခလယ်တို့က ဦးတည်ချက်တစ်ခုဆီသို့ ညွှန်ပြနေကာ ဖော်မြူလာတစ်ခုကို ရေးသကဲ့သို့ ကိန်းဂဏန်းတချို့ကို လျင်မြန်စွာ ချရေးလိုက်ပြီးနောက် မယုံနိုင်စရာ မြင်ကွင်းတစ်ခု ပေါ်လာသည်——


သံဘောင်ထဲက ဘတ်စကက်ဘောတွေအားလုံးသည် အမည်မသိစွမ်းအားတစ်ခုက ထိန်းချုပ်ထားသလို ရုတ်တရက် လေထဲကို လွင့်ပျံသွားသည်။


သူတို့သည် ပုံမှန်မျဉ်းကွေးအတိုင်း လှိုင်းလုံးများကဲ့သို့ အပေါ်အောက် လျင်မြန်စွာ‌ ရွေ့လျားလာပြီး ကျန်းဖျင်စစ်ကို ဝိုင်းထားကာ ပြီးပြည့်စုံသော စက်ဝိုင်းတစ်ခု ဖြစ်လာသည်။


ဘတ်စကက်ဘော တစ်ဒါဇင်က သူ့ပတ်ဝန်းကျင်မှာ လွင့်ပျံနေသည်။ အလယ်ဗဟိုတွင်ရှိနေသည့် ကျန်းဖျင်စစ်က တည်ငြိမ်သောမျက်လုံးများနှင့် အရာရာကို ထိန်းချုပ်နိုင်သည့် အစွမ်းထက်သော မှော်ဆရာတစ်ယောက်ကဲ့သို့ ဘာမှမထူးခြားသောအမူအရာပဲ ရှိနေသည်။


အတန်းဖော်များက သူ့ကို ထိတ်လန့်စွာ ကြည့်နေကြသည်။


ကျန်းဖျင်စစ်၏လက်ချောင်းက ဖြည်းညှင်းစွာ ရေးလိုက်သည်နှင့် လွင့်မျောနေသော ဘတ်စကက်ဘောများက မျဉ်းဖြောင့်အတိုင်း လျင်မြန်စွာ ရွေ့လျားလာသည်။ နောက်ထပ်စုတ်ချက်တစ်ခုနဲ့အတူ ဘတ်စကက်ဘောများသည် အဝေးသို့ ထပ်မံလွင့်ပျံသွားပြီး စက်ဝိုင်းတစ်ခုကဲ့သို့ လှည့်ပတ်ပြီးနောက် အခုလေးတင် ယွဲ့ရှင်းဝမ် ဘတ်စကက်ဘောသံဘောင်ကို ချိုင့်အောင်လုပ်လိုက်သည့်အထဲသို့ တဖြည်းဖြည်း ပြန်ကျသွားသည်။


သူက ဘတ်စကက်ဘောတစ်လုံးကိုမျှ မဖျက်ဆီးခဲ့ပေ။


သို့သော် အရာဝတ္ထုများ၏ ရွေ့လျားမှုကို ထိန်းချုပ်နိုင်သော သူ့စွမ်းရည်က ကျောင်းသားများကို တုန်လှုပ်စေခဲ့သည်။


အကယ်၍ သူသည် လူသားများကို ထိန်းချုပ်နိုင်ပါက စက်ဝိုင်းတစ်ခုကဲ့သို့ လေထဲတွင် လည်နေအောင်လုပ်ပြီး ရိုလာကိုစတာစီးခြင်းထက် ပိုမိုစိတ်လှုပ်ရှားဖွယ်ကောင်းမည်ဟု စိတ်ကူးနိုင်သည်။ အကယ်၍ သူသာ တစ်စုံတစ်ယောက်ကို သတ်ချင်ပါက ထိုလူကို လေထဲသို့ မြှောက်တက်စေပြီး သေအောင် အောက်သို့ပစ်ချ၍ရသည်။ 


ယွဲ့ရှင်းဝမ်က သူ့ဆီ လှမ်းလာပြီး မေးသည်။

"မင်းမှာ ဘယ်လိုစွမ်းရည်ရှိတာလဲ"


ကျန်းဖျင်စစ်က ပြန်ဖြေသည်။

"3D ကိုဩဒီနိတ်စနစ်… ငါက တိကျတဲ့သင်္ချာဆိုင်ရာ ရွေ့လျားမှုတစ်ခုပြုလုပ်ဖို့ ဖော်မြူလာကို အသုံးပြုတာ"


ခယ်ရှောင်ပင်းက သိပ္ပံကျောင်းသားတစ်ဦးဖြစ်တာကြောင့် သူက လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။ 

"ဒါဆို မင်းရဲ့ညာဘက်လက်နဲ့ ကာတီဆီယန် ကိုဩဒီနိတ်စနစ်ကို ရေးဆွဲပြီး ဘတ်စကက်ဘောကို မျဉ်းကွေးလုပ်လိုက်၊ မျဉ်းဖြောင့်လုပ်လိုက်နဲ့ နောက်ဆုံးက ပါရာဘိုလာလား"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်ပြသည်။

"မှန်တယ်"


ယွဲ့ရှင်းဝမ်က လက်မထောင်သည်။

"… မိုက်တယ်"


သင်္ချာဘာသာရပ်တွင် 3D space သည် "ကာတီဆီယန် ကိုဩဒီနိတ်စနစ်" ဟုလည်း လူသိများသော x-axis၊ y-axis နှင့် z-axis ဖြင့် ဖွဲ့စည်းထားပြီး မည်သည့်အမှတ်ကိုမဆို အချက်အလက်ကိုဩဒီနိတ်များဖြင့် ကိုယ်စားပြုနိုင်သည်။


၎င်းတို့အနက်မှ (0၊ 0၊ 0)သည် ကိုဩဒီနိတ်စနစ်ကို ဆွဲရန် သူ၏ညာဘက်လက်ကို ဆန့်ထားသည့် အနေအထားဖြစ်သော မူလနေရာကို ကိုယ်စားပြုသည်။ 


ပတ်ဝန်းကျင်တစ်ခုလုံးကို 3D ကိုဩဒီနိတ်ဝင်ရိုးဖြင့် လွှမ်းခြုံထားသည်။


အခြားကျောင်းသားများ၏ တိုက်ခိုက်မှုများကို အမြဲတမ်း ကန့်သတ်ထားသော်လည်း ကိုဩဒီနိတ်စနစ်က အကန့်အသတ်မရှိ တိုးချဲ့နိုင်သည်။ မြေပဲစေ့ကို မြေပြင်ပေါ်တွင် ချထားတာ ဒါမှမဟုတ် လက်သည်းခွံကို ထောင့်နားမှာ ပစ်ထားရင်တောင် ကျန်းဖျင်စစ်သည် ၎င်း၏အချက်အလက်ကို တိကျစွာရှာဖွေပြီး ထိန်းချုပ်ရန် ကိုဩဒီနိတ်စနစ်ကို အသုံးပြုနိုင်သည်။ 


ထိုစွမ်းရည်က ဘယ်လောက်တောင်အားကောင်းလိမ့်မည်နည်း။


သင်္ချာဌာနမှာ 3D space ကို မည်သည့်အမှတ်ဖြင့်မဆို ထားရှိနိုင်ပါသည်။


ဆိုလိုတာက...


ကျန်းဖျင်စစ် မြင်နိုင်သမျှ အရာဝတ္ထုအားလုံး၏ လမ်းကြောင်းကို ထိန်းချုပ်ရန် ဖော်မြူလာများကို အသုံးပြုနိုင်သည်။


—— သင်္ချာဌာနမှ ကျန်းဖျင်စစ်တွင် အသန်မာဆုံးထိန်းချုပ်ရေးနယ်ပယ်ရှိသည်။


#TK