Chapter 23
Viewers 5k

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်


Chapter 23 (သုတေသနအဖွဲ့ ၀၆)


လူတိုင်းသည် သူတို့၏ စွမ်းရည်များကို တစ်လှည့်စီ ပြသပြီးနောက် ယွဲ့ရှင်းဝမ်သည် သူတို့အဖွဲ့၏ စွမ်းရည်များက အတော်လေး ပြည့်စုံကြောင်း တွေ့ရှိခဲ့သည်။ စီနီယာအစ်ကိုကျိုဖုန်း၏ ဗို့အားမြင့်လျှပ်စစ်နှင့် စီနီယာအစ်မလင်းမန့်လော်၏ နွယ်ပင်တို့က အွန်လိုင်းများထဲက casting စွမ်းရည်များကဲ့သို့ပင် အလွန်အစွမ်းထက်ပြီး စောင့်ဆိုင်းချိန်က အတော်အတန်ကြာသော်လည်း ထုတ်လွတ်လိုက်သည်နှင့် ပစ်မှတ်တစ်ခုတည်းကို ချက်ချင်း သေဆုံးနိုင်ခြေက အံ့အားသင့်ဖွယ် မြင့်မားသည်။ 


လျှိုကျောက်ချင်း၏ ခွဲစိတ်ဓားနှင့် ယွဲ့ရှင်းဝမ်၏ အဘိဓာန်တို့က တူညီပြီး ၎င်းတို့သည် ဂိမ်းထဲတွင် သာမန်တိုက်ခိုက်မှုနှင့် ဆင်တူသည်။ တိုက်ခိုက်မှုတစ်ခု၏ သေဆုံးနိုင်ခြေသည် လုံလောက်စွာ မပြင်းထန်သော်လည်း ၎င်းတွင် သတ်မှတ်ချိန်မရှိသလို မကြာခဏနှင့် အကြိမ်ပေါင်းများစွာ အသုံးပြုပြီး ထိခိုက်မှုပေးနိုင်သည်။ လျှိုကျောက်ချင်းသည် သူ၏အဖွဲ့ဝင်များအား ကုသရန် ‘ဆေးပတ်တီး’ကိုထုတ်ယူပြီး ကူညီပေးနိုင်သည်။


ရွှီယိရှန်း၏ mitosis သည် မမျှော်လင့်ထားသော အခြေအနေကို ဖြစ်ပေါ်စေနိုင်သည့် လွတ်လပ်စွာ လှုပ်ရှားနေသော လုပ်ကြံသတ်ဖြတ်သူနှင့် ပိုတူသည်။ ခယ်ရှောင်ပင်း၏ သေးငယ်သောစက်ရုပ်၊ ရှောင်ထူက မကောင်းဆိုးရွားများကို ဆွဲဆောင်ရန်အတွက် အသုံးပြုနိုင်သော်လည်း ရှောင်ထူ၏အဆင့်က ယခုအခါမှာ အလွန်နိမ့်နေသေးတာကြောင့် နောက်ပိုင်း သူကြီးထွားလာသောအခါ ပိုမိုအားကောင်းလာမည်ဖြစ်သည်။


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တိုက်ပွဲကွင်းပြင်ကို အထုတ်အသွင်းလုပ်ပြီး ထိန်းချုပ်နိုင်သော mage များ ဖြစ်သည်။


ဤခုနစ်ယောက်ပါအဖွဲ့သည် “နှလုံးသွေးကြောဆိုင်ရာလူနာဆောင်”၏ ညပိုင်းတိုက်ပွဲကိုသွားခဲ့ပါက ယခင် သူ ကျပန်းဖွဲ့ခဲ့သည့် ယာယီအတန်းဖော် 10 ထက် ပို၍အားကောင်းလိမ့်မည်ဟု ယွဲ့ရှင်းဝမ်ယုံကြည်သည်။ ကျန်းဖျင်စစ်၏ တိုက်ပွဲကွင်းပြင် ထိန်းချုပ်မှုနှင့် စီနီယာအစ်ကိုကျိုဖုန်း၏ လျှပ်စစ်နှင့်အတူ မကောင်းဆိုးရွားများကို ရှင်းပစ်နိုင်ပြီး ယွဲ့ရှင်းဝမ် လှုပ်ရှားရန်ပင် မလိုအပ်ပေ။


လူတိုင်း၏ အရည်အချင်းကို မြင်ပြီးနောက် အခြားကျောင်းသားများ၏ အကြည့်များက အစပိုင်းကထက် ပို၍ပေါ့ပါးလာခဲ့သည်။ သူတို့၏ဘေးတွင် အင်အားကြီးသော အဖွဲ့ဝင်များစွာဖြင့် အနာဂတ်မှာ ခက်ခဲသောသင်တန်းများနှင့် ရင်ဆိုင်ရမည်ကို ကြောက်ရွံ့နေရန် မလိုအပ်တော့ပေ။ 


လျှိုကျောက်ချင်းက သက်ပြင်းချကာ ပြောသည်။

"လူတိုင်းက အရမ်းအစွမ်းထက်တာပဲ… ငါ ငယ်ငယ်က ‘ဟယ်ရီပေါ်တာ’ကြည့်ပြီး အနာဂတ်မှာ ငါ မှော်ကျောင်းတတ်နိုင်ရင် အရမ်းကောင်းမယ်လို့ တွေးခဲ့မိပေမဲ့ အခုတော့… ငါတို့တွေ တကယ်မှော်ကျောင်းကို ရောက်လာတာပဲ!"


ကျိုဖုန်းက ပြောသည်။

"ငါ ကြွားတာတော့ မဟုတ်ဘူး… ဒါပေမဲ့ ငါတို့အဖွဲ့ရဲ့ ပြီးပြည့်စုံတဲ့အင်အားက ကျိုတိုတက္ကသိုလ်ရဲ့ သိပ္ပံအဖွဲ့ဖြစ်တဲ့ အလျင်မြန်ဆုံးအဖွဲ့ထက် အများကြီးအားကောင်းပြီး လက်ရှိလူသိများနေတဲ့ စာကြည့်တိုက်က သုတေသနအဖွဲ့တွေထဲမှာ ထိပ်ဆုံးငါးဖွဲ့စာရင်းထဲ ပါဝင်နိုင်တယ်… ဒါပေမဲ့ ငါတို့မှာ ဝိဇ္ဇာဘာသာရပ် ကျောင်းသားတွေ နည်းနေသေးတယ်… အတိအကျပြောရရင် ဝိဇ္ဇာဘာသာရပ်မှာ ရှင်းဝမ်တစ်ယောက်တည်းပဲရှိတယ်…"


လင်းမန့်လော်က ယွဲ့ရှင်းဝမ်ကိုကြည့်ကာ ပြုံးပြီးပြောသည်။

"ငါတို့ရဲ့ရှင်းဝမ်က ဟွာအန်းတက္ကသိုလ်ရဲ့ စကားရည်လုအဖွဲ့က ခေါင်းဆောင်ဖြစ်ပြီးတော့ သူက ကျောင်းအဖွဲ့ကို နိုင်ငံတကာတက္ကသိုလ်စကားရည်လုပြိုင်ပွဲမှာ အနိုင်ရအောင် ဦးဆောင်ခဲ့တာပဲ… ရှင်းဝမ်ရဲ့ အသိပညာဗဟုသုတက ဝိဇ္ဇာဘာသာရပ်ရဲ့ ကျောင်းသား 3 ယောက်နဲ့ ညီမျှပါတယ်…"


ယွဲ့ရှင်းဝမ်က ဆိုသည်။

"စီနီယာအစ်မက ကျွန်တော့်ကို မြှောက်နေပြန်ပြီ…"


ကျိုဖုန်းက ပြောလာသည်။

"ငါ ရှင်းဝမ်ရဲ့ အင်အားကို သိပါတယ်… ဒါပေမဲ့ နောင်ကျရင် ဥပဒေဌာနနဲ့ စီးပွားရေးဌာနလိုမျိုး သင်တန်းတွေ ရှိလာတဲ့အခါကျရင် ငါတို့ခုနစ်ယောက်စလုံး တိုင်ပတ်သွားနိုင်တယ်… ရှင်းဝမ်က ဘယ်လောက်ပဲအစွမ်းထက်ပါစေ သူက စီးပွားရေးနဲ့ ဥပဒေတော့ မသိဘူးမလား"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြီး ပြောသည်။

"ဥပဒေနဲ့ စီးပွားရေးအကြောင်း ကျွန်တော်တကယ်မသိဘူး… အဲဒီဝိဇ္ဇာဘာသာရပ်နှစ်ခုက ဘယ်အထပ်မှာရှိနေမလဲ မသိဘူး… အဲဒီဌာနတွေက သင်တန်းတွေနဲ့ကြုံရင် ကျွန်တော်တို့အဖွဲ့ကို တိုးချဲ့ရမှာ သေချာတယ်… သက်ဆိုင်ရာဘာသာရပ်တွေရဲ့ အဖွဲ့ဝင်တွေကို ပေါင်းထည့်ကြမလား"


ကျိုဖုန်းက ဆိုသည်။

"အချိန်ယူလိုက်ပါ… ဒီအဖွဲ့နဲ့သာဆိုရင် တတိယထပ်က သင်တန်းတွေကို ပြီးအောင်လုပ်ဖို့ ပြဿနာမရှိနိုင်ပါဘူး…"


လေ့ကျင့်ရေးခန်း၏ နံရံပေါ်က အီလက်ထရွန်နစ်နာရီက နေ့လယ် 12 နာရီတွင် ရှိလေပြီ။


လူတိုင်းက စကားစမြည်ပြောဆိုရင်း သူတို့၏ စွမ်းရည်များကို လေ့ကျင့်ခဲ့ကြပြီး အချိန်က မသိလိုက်ဘဲ ကုန်ဆုံးသွားခဲ့သည်။ ယွဲ့ရှင်းဝမ်က သူ့ဗိုက်ကို ပွတ်ပြီး အကြံပြုသည်။

"12 နာရီ ထိုးပြီပဲ… နေ့လယ်စာ အရင်သွားစားကြရအောင်လေ…"


အားလုံးက သဘောတူကြသည်။

"သွားရအောင်… ငါလည်း ဗိုက်ဆာနေပြီ…"


"စားသောက်ဖို့ ကန်တင်းဆီသွားမယ်"


လေ့ကျင့်ရေးအခန်းတံခါးဝကို ရောက်တော့ ယွဲ့ရှင်းဝမ်က ရုတ်တရက် တစ်ခုခုကို တွေးပြီး ရပ်လိုက်ကာ မေးသည်။

"စကားမစပ် စီနီယာအစ်ကိုသုံးယောက်က ဘယ်အိပ်ဆောင်မှာ နေကြတာလဲ"


ကျိုဖုန်းက ပြန်ဖြေသည်။

"ရွှီယိရှန်းနဲ့ ငါက ဧရိယာ A က နံပါတ် 96 မှာ နေတယ်… ကျန်တဲ့အခန်းဖော်နှစ်ယောက်က ကျိုတိုတက္ကသိုလ်က…"


လျှိုကျောက်ချင်းက ပြောသည်။

"ငါက ဧရိယာ D က နံပါတ် 72 လေးယောက်ခန်းမှာ… ကျန်တဲ့အခန်းဖော်သုံးယောက်ကိုတော့ ငါမသိဘူး… မနက်အိပ်ရာနိုးတာနဲ့ အနုတ်ဒုတိယထပ်က သုတေသနအဖွဲ့ဆီ တိုက်ရိုက်လာခဲ့တာ… သူတို့နဲ့ စကားစမြည်ပြောဖို့တောင် အချိန်မရှိဘူး…"


ယွဲ့ရှင်းဝမ်က ခယ်ရှောင်ပင်းကို ကြည့်ပြီး ပြောသည်။

"မင်းရဲ့အိပ်ဆောင်က နေရာလွတ်နေတယ် မဟုတ်ဘူးလား… စီနီယာတွေနဲ့ အတူတူနေလိုက်ပါလား"


ခယ်ရှောင်ပင်း၏ မျက်လုံးများ တောက်ပလာပြီး ချက်ချင်း ပြောလာသည်။

"စီနီယာအစ်ကိုသုံးယောက် စိတ်မရှိရင် ဧရိယာ F က နံပါတ် 930 ကို ရွှေ့ပြီး ကျွန်တော်နဲ့ အတူလာနေပါလား… ကျွန်တော်က လေးယောက်ခန်းရွေးခဲ့ပြီး ကျွန်တော်တစ်ယောက်တည်းဆိုတော့ ကုတင်သုံးလုံးလွတ်နေတယ်…"


ကျန်သုံးယောက်ကလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကျိုဖုန်းက ရိုးရှင်းစွာ ခေါင်းငြိမ့်ပြသည်။

"ဒါက ကောင်းတာပဲ… ငါတို့တွေ အတူတူနေမယ်ဆိုရင် နောင်ကျရင် ဆက်သွယ်ရတာ ပိုလွယ်သွားလိမ့်မယ်… ငါ့ဘေးကုတင်က တစ်ယောက်က မနေ့ညတစ်ညလုံး ဟောက်နေတာ ခေါင်းတောင်ကိုက်တယ်…"


ရွှီယိရှန်းလည်း မနေ့ညက ‌ဆိုးရွားသောအတွေ့အကြုံကို သတိရပြီး သူ့နားထင်ကို ပွတ်ရင်း ပြောသည်။

"ငါလည်း အိပ်လို့မပျော်ဘူး… ဟောက်သံက မြေကြီးတောင် အက်ကွဲတော့မယ်… ငါတို့က သူ့ကို တိုက်ရိုက် ပြောလို့လည်းမရဘူးဆိုတော့ သိတဲ့သူနဲ့ နေရတာက ပိုအဆင်ပြေပါတယ်…"


လျှိုကျောက်ချင်းက ပျော်ရွှင်စွာ ပြောသည်။

"ဒါဆို ငါလည်း အဲဒီကို ရွှေ့လိုက်မယ်… အခန်းဖော်သုံးယောက်ကို ငါ ကောင်းကောင်းမသိဘူးဆိုတော့ မင်းတို့နဲ့နေတာက ပိုကောင်းပါတယ်…"


ယွဲ့ရှင်းဝမ်က လင်းမန့်လော်ကို စိုးရိမ်တကြီးကြည့်ရင်း မေးသည်။

"စီနီယာအစ်မက ဘယ်မှာနေတာလဲ"


လင်းမန့်လော်က ဆိုသည်။

"ငါကတော့ အဆင်ပြေပါတယ်… ငါတို့အိပ်ဆောင်မှာ ကုတင်အလွတ်နှစ်လုံးရှိပြီး နောက်ထပ်ကျောင်းသူတစ်ယောက်က နိုင်ငံခြားဘာသာစကား ဘာသာရပ်ကို ယူထားတဲ့ နန်ယန်ကျောင်းထုံးတက္ကသိုလ်ကပဲ… သူမက သိမ်မွေ့တဲ့စရိုက်လက္ခဏာရှိတာကြောင့် ပေါင်းသင်းရလွယ်ကူပါတယ်…"


လက်ရှိမှာတော့ သူမက အဖွဲ့ထဲမှာ တစ်ယောက်တည်းသော မိန်းကလေးဖြစ်သည်။ ယွဲ့ရှင်းဝမ်သည် အခြားနည်းလမ်းကို မစဉ်းစားနိုင်သောကြောင့် စီနီယာအစ်မကို သူစိမ်းနှင့်သာ အရင်နေထိုင်ခွင့်ပေးကာ နောက်ပိုင်းတွင် သူတို့ဆီ၌ မိန်းကလေး‌အဖွဲ့ဝင်ရှိလာမှ ဒီအကြောင်းကို ပြောရမည်။


ကျိုဖုန်းက ချက်ချင်း မေးလိုက်သည်။

"မင်းတို့နှစ်ယောက်ကကော ဘယ်မှာနေကြတာလဲ"


ကျန်းဖျင်စစ်က ပေါ့ပါးစွာ ဖြေသည်။

"ကျွန်တော်က ရှင်းဝမ်နဲ့ အတူနေတာ…"


ယွဲ့ရှင်းဝမ်က ‌ပြုံးကာ ထပ်ပေါင်းပြောသည်။

"အခန်းဖော်တွေက ပေါင်းသင်းရတာ မလွယ်ကူမှာကို စိုးရိမ်တာကြောင့် ကျွန်တော်တို့ မနေ့ကပဲ နှစ်ယောက်ခန်းကို ယူခဲ့တာ…"


ကျန်းဖျင်စစ်သည် ‘ရေခဲဘုရင်’ဆိုပြီး လူသိများပြီး ကျန်းဖျင်စစ်က အခန်းဖော်တစ်ယောက်နဲ့ အတူနေရင် ဘယ်လိုဖြစ်နေမလဲဆိုတာ ကျိုဖုန်းတွေးကြည့်၍ပင် ခက်ခဲသည်။ ဒီလိုတည်ကြည်သော ကျန်းဖျင်စစ်အနားမှာ ယွဲ့ရှင်းဝမ်သာ စနောက်နိုင်ပြီး သူတို့နှစ်ယောက် အတူနေကြတာက ပေါင်းသင်းရလွယ်ကူပါသည်။


ကျိုဖုန်းက စိတ်သက်သာရာရသွားပြီး ပြောသည်။

"‌ဒါကကောင်းပါတယ်… မင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်လို့ရတာပေါ့…"


သူတို့သည် ဓာတ်လှေကားဖြင့် ကန်တင်းဆီသို့ ဆင်းလာခဲ့ပြီး ထမင်းစားရန် နေရာလွတ်များစွာရှိသည့် ကန်တင်းကို ရွေးချယ်ခဲ့သည်။


စနေနေ့ နေ့လယ်စာစားချိန်၌ ကျောင်းကန်တင်းတွင် လူများပြည့်နေသော်လည်း လေထုက စိတ်ပျက်ဖွယ် တိတ်ဆိတ်နေဆဲဖြစ်သည်။ ဘယ်သူကမှ ကျယ်ကျယ်လောင်လောင် စကားမပြောဘဲ ရယ်ရယ်မောမော စနောက်နေတာမျိုး မရှိပေ။ ကျောင်းသားများအားလုံးက လေးနက်သောအကြည့်များဖြင့် သူတို့၏‌ နေ့လယ်စာဘူးကို ယူရန် သူတို့၏အမှတ်များကို ရွေ့လျားစက်ဆီသို့ လျင်မြန်စွာ ပေးချေခဲ့သည်။ 

 

လျှိုကျောက်ချင်းက ယွဲ့ရှင်းဝမ်ကို အသံတိုးတိုးဖြင့် မေးသည်။

"ငါတို့က ကိုယ့်ဟာကိုယ် နေ့လယ်စာအတွက် ပေးရမှာလား… ဒါမှမဟုတ် အဖွဲ့ဝင်တွေက အလှည့်ကျ ပေးရမှာလား"


ယွဲ့ရှင်းဝမ်က ဒါကိုစဉ်းစားပြီး ပြောသည်။

"ဒီနေ့တော့ ကိုယ့်ဟာကိုယ်ပဲ ပေးချေတာပေါ့… နောင်ကျရင် သုတေသနအဖွဲ့ရဲ့ ရန်ပုံငွေ ထူထောင်ဖို့ အမှတ်တွေကို လွှဲပေးပြီး အဖွဲ့ရဲ့နေ့စဉ် အသုံးစရိတ်တွေကို စီမံခန့်ခွဲဖို့ လူတစ်ယောက်ကို ရှာလိုက်မယ်… အဲဒါဆိုရင် ကျွန်တော်တို့တွေ တစ်ယောက်ချင်း ရှင်းနေစရာမလိုတော့ဘူး… အားလုံးကော ဘယ်လိုထင်ကြလဲ"


အားလုံးက သဘောတူခေါင်းငြိမ့်ကြသည်။


ယွဲ့ရှင်းဝမ်သည် အဘိဓာန်ကို အဆင့်မြင့်တင်ခဲ့ပြီး ယခုအခါတွင် သူ့မှာ ပိုက်ဆံမရှိပေ။ ကျန်းဖျင်စစ်က သတိရှိစွာ သူ့အတွက် နေ့လယ်စာဘူးဝယ်ပေးရန် ကူညီခဲ့သည်။ အားလုံးထိုင်ပြီး နေ့လယ်စာအတူတူစားရန် စားပွဲကြီးတစ်လုံးကို တွေ့လိုက်သည်။


သူတို့၏ နေ့လယ်စာဘူးထဲတွင် အသားတစ်မျိုး၊ အသီးအရွက်နှစ်မျိုးနှင့် အစားအစာအားလုံးက အတူတူပင်ဖြစ်သည်။ 


လျှိုကျောက်ချင်းက သက်ပြင်းချသည်။

"ဟွာအန်းတက္ကသိုလ်ရဲ့ ကန်တင်းကို တကယ်လွမ်းတယ်… ဟင်းမျိုးစုံနဲ့ ရွေးစရာတွေ အများကြီးရှိတယ်…"


ကျိုဖုန်းက ပြောသည်။

"ကျွန်တော်ကတော့ ပထမကန်တင်းကို သွားရတာကြိုက်ပြီး ထောင့်နားက အစားအစာ‌ပြတင်းပေါက်ရဲ့ ငါးစွတ်ပြုတ်ပူပူလေးက အရမ်းအရသာရှိတယ်…"


လင်းမန့်လော်ကလည်း ပြောသည်။

"ကျွန်မကတော့ ကန်တင်းက ထမင်းခေါက်ဆွဲကို ကြိုက်တယ်… ပြီးတော့ အားလုံးက အရသာရှိတယ်…"


ရွှီယိရှန်းက ခါးသက်သက်မျက်နှာဖြင့် သူတို့ကို ကြားဖြတ်နှောင့်ယှက်သည်။

"အား… မပြောနဲ့တော့… ဒီကအစားအသောက်က အရမ်းရိုးရှင်းပေမဲ့ ငါတို့ ဗိုက်ပြည့်အောင် စားနေရတာကပဲ ကံကောင်းတယ်… အစားအစာတွေက အကန့်အသတ်မရှိတော့ ငါတို့တွေ ‌အဆာခံရတာထက် ပိုကောင်းပါတယ်…"


လျှိုကျောက်ချင်းက သက်ပြင်းချပြန်သည်။

"ဒီလိုမျိုးမှာ ဒီလိုဖြစ်နေတာကလည်း ဟုတ်ပါတယ်… ငါတို့တွေ အများကြီးတောင်းဆိုလို့မရဘူး…"


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်—— သူတို့နှစ်ယောက်စလုံးက ပန်းကန်လုံးအသေးများဖြင့် ထည့်ထားသော စားစရာများကြောင့် ကန်တင်း 3 ကို သွားရတာ နှစ်သက်သည်။ ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကို ‘အတူတူသွားစားကြမယ်’ဟု မက်ဆေ့ခ်ျပို့တိုင်း ယွဲ့ရှင်းဝမ်က သူ့ကို ကန်တင်း 3 ဝင်ပေါက်မှာ စောင့်လေ့ရှိသည်။ ယခုအခါ သူတို့သည် ကန်တင်း 3 တွင် ရှိနေကြသော်လည်း ကံမကောင်းစွာဖြင့် ရွေ့လျားစက်မှ ပို့ဆောင်ပေးသော စားစရာများမှာ သူတို့ စိတ်ကြိုက်များဖြစ်မလာတာကြောင့် သူပို၍တွေးတောလေ အဆင်မပြေလေဖြစ်သည်။ 


ကန်တင်းမှထွက်လာပြီးနောက် ဓာတ်လှေကားအဝင်ဝတွင် လူတိုင်းက နှုတ်ဆက်လိုက်ကြသည်။


ယွဲ့ရှင်းဝမ်က စိတ်အားထက်သန်စွာ မေးသည်။

"စီနီယာအစ်ကိုကျို အိပ်ဆောင်ကို ပြောင်းရွှေ့ဖို့ အကူအညီလိုသေးလား"


ကျိုဖုန်းက လက်ကို ဝှေ့ယမ်းပြသည်။

"မလိုပါဘူး… မင်းနဲ့ ဖျင်စစ်တို့ အရင်ပြန်သွားလိုက်ပါ… ငါတို့မှာ လက်ဆွဲအိတ် သေးသေးလေးရှိပြီး အဝတ်အစားအနည်းငယ်နဲ့ ရေချိုးခန်းသုံးပစ္စည်းတွေပဲဆိုတော့ တစ်ခါတည်း ရွှေ့လို့တောင်ရတယ်…"


ယွဲ့ရှင်းဝမ်: "ကောင်းပြီ… ဒါဆို စီနီယာတို့ အိပ်ဆောင်လုပ်ငန်းစဉ်အတိုင်း လုပ်ဖို့ ရှောင်ခယ်နဲ့အတူ သွားလိုက်ကြပေါ့… ကျွန်တော်တို့ ညစာစားတဲ့အခါမှ ပြန်တွေ့ကြမယ်…"


ကျိုဖုန်းနှင့် အခြားသူများက အိပ်ဆောင်စီမံခန့်ခွဲရေးစင်တာသို့ သွားရန် ခယ်ရှောင်ပင်းနောက်သို့ လိုက်သွားပြီး ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က သူတို့၏အိပ်ဆောင်ဆီသို့ ပြန်ခဲ့ကြသည်။


အခန်းထဲဝင်လာပြီးနောက် ယွဲ့ရှင်းဝမ်က သူ့ဖိနပ်ကို ချွတ်လိုက်ပြီး ကုတင်ပေါ်တွင်လဲကာ တစ်ခုခုကို တွေးနေသလိုမျိုး သူ့လက်မောင်းများကို ခေါင်းနောက်မှ ထားထားသည်။ သူသည် များသောအားဖြင့် စကားများများပြောလေ့ရှိပြီး တိတ်ဆိတ်နေလေ့မရှိပေ။


မျက်နှာကျက်ကို စိုက်ကြည့်ရင်း သူ့စိတ်တွေက ဘယ်ရောက်နေလဲဆိုတာ မသိဘဲ ကျန်းဖျင်စစ်၏နှုတ်ခမ်းက အနည်းငယ် ကော့တက်သွားပြီး ထကာ မနေ့က ဈေးဝယ်အိတ်ထဲရှိ အာလူးကြော်တစ်ထုပ်ကို ထုတ်ပြီး ယွဲ့ရှင်းဝမ်ကို ပေးလိုက်သည်။

"နေ့လယ်က ‌စားလို့မကောင်းဘူးမလား… ငါမင်းကို မုန့်ကျွေးမယ်…"


ယွဲ့ရှင်းဝမ်က ကုတင်ပေါ်ကနေ လိမ့်ကာ ထထိုင်ပြီး အာလူးကြော်ထုပ်ကို အလျင်အမြန်ယူကာ ဖောက်လိုက်ပြီး သူ၏ပါးစပ်ထဲသို့ အနည်းငယ် ထည့်လိုက်သည်။ ရင်းနှီးသောအရသာက သူ့မျက်နှာကို ပြုံးသွားစေသည်။

"မင်းကငါ့ကို နားလည်သားပဲ… ကျေးဇူး"


သူက အာလူးကြော်အနည်းငယ်ကို ယူကာ သူ့အား နူးညံ့စွာကြည့်နေသော ကျန်းဖျင်စစ်အား ပေးလိုက်တော့ တစ်ဖက်လူက ခေါင်းယမ်းလာသည်။

"ငါ မုန့်တွေ မစားဘူး… အဲဒါက မင်းအတွက် ဝယ်လာတာ…"


ယွဲ့ရှင်းဝမ်က အာလူးကြော်ကို စားပြီးနောက် သူ၏မျက်နှာပေါ်မှာ ကျေနပ်နေသောအကြည့်ဖြင့် မျက်စိများကို မှိတ်ထားသည်။


ကျန်းဖျင်စစ်က အာလူးကြော်ထုပ်တစ်ဝက်ကို အလျင်အမြန် စားလိုက်သည့် သူ့အား ကြည့်နေရင်း ပြောသည်။

"အခုကစပြီး နေ့တိုင်း ငါမင်းအတွက် မုန့်ဝယ်ကျွေးမယ်…"


ယွဲ့ရှင်းဝမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"မလိုပါဘူး… အဲဒါက အမှတ်တွေကို ဖြုန်းတီးနေတာပဲ…"


သူ့မှာ အိတ်တစ်ဝက်စာပဲကျန်တော့ပြီး အိတ်ကို အလုံပိတ်ကာ စား‌ပွဲပေါ်တင်ပြီး ကျန်းဖျင်စစ်ကို အလေးအနက်ကြည့်ကာ ပြောသည်။

"စာကြည့်တိုက်ရဲ့ အထပ်တိုင်းက ဌာနတစ်ခုဖြစ်ပြီးတော့ ဘာသာရပ်တစ်ခုစီအတွက် သက်ဆိုင်ရာမသင်မနေရသင်တန်းတွေနဲ့ စိတ်ကြိုက်သင်တန်းတွေရှိတယ်လို့ ငါတွေးမိတယ်… အဲဒီမှာ သင်တန်းတစ်ခု‌ပျောက်နေတယ်…"


ကျန်းဖျင်စစ်က သူ့အတွေးနောက်ကို မြန်မြန်ဆန်ဆန် လိုက်လာခဲ့သည်။

"မင်းဆိုလိုတာက အများသူငါစိတ်ကြိုက်သင်တန်းတွေလား"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။

"ဟုတ်တယ်… တက္ကသိုလ်တိုင်းမှာ အများသူငါစိတ်ကြိုက်ဘာသာရပ်တွေ ရှိတယ်မဟုတ်ဘူးလား… အများသူငါစိတ်ကြိုက်သင်တန်းတွေကို credit တွေအဖြစ် သတ်မှတ်လို့ရတယ်… စာကြည့်တိုက်က ပြည်တွင်းတက္ကသိုလ်တွေရဲ့ ပုံစံမျိုးယူထားတာကြောင့် ငါတို့အတွက် မသင်မနေရသင်တန်းတွေနဲ့ စိတ်ကြိုက်သင်တန်းတွေရှိတယ်… အများသူငါစိတ်ကြိုက်သင်တန်းက ဘာလို့မရှိရတာလဲ"


အများသူငါစိတ်ကြိုက်သင်တန်းများသည် တက္ကသိုလ်ကျောင်းသားများအတွက် credit များ ရရှိရန် အစွမ်းထက်သောလက်နက်တစ်ခုဖြစ်သည်။


အများသူငါစိတ်ကြိုက်သင်တန်းများသည် ဘာသာရပ်များနှင့် နှစ်များကို ကန့်သတ်ခြင်းမရှိဘဲ ကျောင်းရှိကျောင်းသားအားလုံးက “horror movie သုံးသပ်ခြင်း”၊ “ခေတ်သစ်ဂန္တဝင်များ”၊ “စိတ်ပညာအခြေခံ” စသဖြင့် လွတ်လပ်စွာ စာရင်းပေးသွင်းနိုင်သည်။ အများစုမှာ ကျောင်းသားများ၏ အသိပညာကို တိုးပွားစေနိုင်သည့် နာမည်ကြီးသိပ္ပံသင်တန်းများဖြစ်သည်။


ထို့အပြင် အများသူငါစိတ်ကြိုက်သင်တန်းများသည် အများအားဖြင့် အထူးခက်ခဲသည်မဟုတ်ဘဲ ပါမောက္ခများက ပို၍လက်တွေ့ကျကြသည်။ စာမေးပွဲနည်းလမ်းအားလုံးက စာစီစာကုံးရေးခြင်းများ၊ သူတို့၏အတွေ့အကြုံများကို ရေးခြင်း၊ နားလည်ရလွယ်သောစာမေးပွဲများ၊ အဖြေများကို ကူးယူရန်အတွက် စာမေးပွဲခန်းထဲသို့ စာအုပ်များကိုလည်း တိုက်ရိုက်ယူဆောင်လာနိုင်သည်။


တက္ကသိုလ်တွင် ‘မင်းရွေးချယ်ထားသော မသင်မနေရသင်တန်းများကို အတန်းပျက်ပါက စိတ်ကြိုက်သင်တန်းကိုလည်း အတန်းပျက်မှရမည်’ဟူသော ဟာသတစ်ခုလည်းရှိသည်။ စိတ်ကြိုက်သင်တန်းအများစု၏ လိုအပ်ချက်များမှာ အလွန်တင်းကျပ်သည်မဟုတ်ကြောင်း ရှုမြင်နိုင်သည်။ ကျောင်းသားတွေက အတန်းပျက်ရင်တောင် နောက်ဆုံးမှာ credit မှတ်တွေ ရနိုင်သည်။


အကယ်၍ စာကြည့်တိုက်တွင် အများသူငါစိတ်ကြိုက်သင်တန်းများ ပါရှိပါက credit နှင့် အမှတ်များရရှိရန် အလွန်အဆင်ပြေမည် မဟုတ်ပါလား။


အမှတ်များကို ဤနေရာတွင် အစားအသောက်၊ အဝတ်အစား၊ နေရာထိုင်ခင်းနှင့် အထွေထွေအတွက် သုံးစွဲရသည်။ ယွဲ့ရှင်းဝမ်သည် အဘိဓာန်ကို အဆင့်မြင့်ထား၍ ယခုအခါတွင် သူ့မှာ 1 မှတ်တောင် မရှိပေ။ ထို့ကြောင့် သူက အမှတ်တချို့ရရန် စိတ်အားထက်သန်နေသည်။ 


ကျန်းဖျင်စစ်က အနည်းငယ် မျက်မှောင်ကြုတ်ကာ ပြောသည်။

"ဒီနိုင်ငံက တက္ကသိုလ်တွေအားလုံးမှာ အများသူငါစိတ်ကြိုက်သင်တန်းတွေ ရှိပေမဲ့ စာကြည့်တိုက်မှာ အဲဒါတွေရှိဖို့ မလိုအပ်ဘူးလေ ဟုတ်တယ်မလား"


ယွဲ့ရှင်းဝမ်က ပြောလာသည်။

"ငါ ဒီအတိုင်း တွေးကြည့်ရုံပါ… အများသူငါစိတ်ကြိုက်သင်တန်းတွေက ယေဘုယျအားဖြင့် မခက်ခဲဘူးလေ… ဒီတော့ အဲဒါတွေမရှိဘူးဆိုတော့လည်း ထားလိုက်ပါတော့… တကယ်လို့ အဲဒါရှိရင် ငါတို့တွေ အမှတ်တွေပိုရနိုင်တယ်… ဒါမှမဟုတ် တစ်ခုခု…"


သူစကားပြောနေစဉ်မှာပင် သူ့နားထဲ၌ စက်အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"ကျောင်းသားတို့ မနက်ဖြန် အတန်းချိန်ဇယားကို ကြေညာထားပါပြီ… အိပ်ဆောင်ဧရိယာရှိ တက်ဘလက်ကွန်ပြူတာမှာ အတန်းအချိန်ဇယားကို တင်ထားပါပြီ… ကျေးဇူးပြု၍ အတန်းချိန်ဇယားကို ရှင်းရှင်းလင်းလင်းဖတ်ပြီး အတန်းတွေအတွက် အချိန်မီစာရင်းပေးသွင်းပါ…"


စနေနေ့တွင် အတန်းပိတ်ပြီး မနက်ဖြန် တနင်္ဂနွေနေ့မှာ သူတို့တွေ အတန်းတက်ရမှာလား…


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ စားပွဲပေါ်ရှိ တက်ဘလက်ကွန်ပြူတာအား အမြန်ဖွင့်လိုက်သည်——


[စာကြည့်တိုက်အတန်းအချိန်ဇယား]


တနင်္ဂနွေနေ့


မနက် 10:00 မှ 12:00 ထိ


အများသူငါစိတ်ကြိုက်သင်တန်း: ကျောက်မျက်ရတနာသုံးသပ်ခြင်း


Credit: 2 မှတ်


အတန်းကန့်သတ်ချက်: ကျောင်းသား 100/ စုစုပေါင်း အတန်း 50 ရှိသည်။


စာရင်းသွင်းချိန်: စနေနေ့ည 8:00 မှ 8:30 ထိ


*****


နေ့လည် 2:00 မှ 4:00 ထိ


အများသူငါစိတ်ကြိုက်သင်တန်း: တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ


Credit: 2 မှတ်


အတန်းကန့်သတ်ချက်: ကျောင်းသား 100/ စုစုပေါင်း အတန်း 50 ရှိသည်။


စာရင်းသွင်းချိန်: စနေနေ့ည 8:00 မှ 8:30 ထိ


မှတ်ချက်:


1. အများသူငါစိတ်ကြိုက်သင်တန်းများ၏ credit များသည် ဘွဲ့ရရန်အတွက် စုစုပေါင်း credit ထဲတွင် ပါဝင်သည်။ သင်တန်းကို ကျရှုံးသွားပါက ပြန်ဖြေရန်လည်း မလိုအပ်သလို ပြစ်ဒဏ်ပေးတာမျိုးလည်း မရှိပါ။ သို့သော်လည်း ကျရှုံးသွားသော ကျောင်းသားများကို တူညီသောသင်တန်းတွင် ထပ်မံ‌တက်ရောက်ခြင်းမပြုရန် တားမြစ်ထားပြီး တစ်ပတ်လျှင် အများသူငါစိတ်ကြိုက်ဘာသာရပ် သင်တန်းတစ်ခုအတွက်သာ စာရင်းပေးသွင်းနိုင်ပါသည်။ 


2. တစ်ဦးချင်း စာရင်းပေးသွင်းသော ကျောင်းသားများအား ကျပန်း လူများကို တွဲပေးမည်ဖြစ်သည်။ သုတေသနအဖွဲ့အတွက် စာရင်းပေးသော ကျောင်းသားများသည် အဖွဲ့အနေဖြင့် တူညီသောအတန်းကို ဝင်ရောက်နိုင်သည်။


3. သင်တန်းများကို အောင်မြင်စွာရွေးချယ်ပြီးသော ကျောင်းသားများသည် သတ်မှတ်ထားသော အတန်းချိန်အမီသို့လာရောက်ပြီး စာကြည့်တိုက်၏ 5 ထပ်မြောက်ရှိ အများသူငါစိတ်ကြိုက်ဘာသာရပ်စင်တာသို့ အတန်းစတင်ရန် စောင့်ရမည်။ နောက်ကျသူများကို သင်တန်းကျရှုံးသူဟု မှတ်ယူပါမည်။


ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးများက ‘မင်းက ရှေ့ဖြစ်ဟောလား’ဟု ပြောနေလေသည်။


ယွဲ့ရှင်းဝမ်က ပြုံးကာ သူ့နှာခေါင်းကို ထိလိုက်သည်။

"ဒီစာကြည့်တိုက်က နည်းနည်းတော့ ပုံမှန်မဟုတ်ပေမဲ့ အတော်လေး စည်းကမ်းတင်းကျပ်တယ်… တက္ကသိုလ်မှာတောင် ဒါရှိမှတော့ စာကြည့်တိုက်မှာလည်း ရှိမှာပေါ့… စာကြည့်တိုက်က ကျောင်းအားကစားပြိုင်ပွဲတောင် ဖွင့်မလားလို့ ငါသံသယဖြစ်မိတယ်…"


ကျန်းဖျင်စစ်က မနေနိုင်ဘဲ ပြောလာသည်။

"အဓိပ္ပါယ်မရှိတာတွေမပြောနဲ့… မင်းပြောသမျှက တကယ်ဖြစ်လာနိုင်တယ်…"


ယွဲ့ရှင်းဝမ်က သူ့ပါးစပ်အား ဇစ်ပိတ်သလို အမူအရာလုပ်လိုက်ပြီး သူ့အကြည့်က အပြစ်ကင်းစင်မှုဖြင့် ပြည့်နေသည်။ 


ကျန်းဖျင်စစ်က သူ၏နှုတ်ခမ်းထောင့်များကို ပေါ့ပါးစွာ မြှောက်လိုက်ပြီး ပြောသည်။

"ဟုတ်ပါပြီ… မင်းအကြိုက်ဆုံး အများသူငါစိတ်ကြိုက်သင်တန်းက ရောက်လာပြီ… ဘယ်တစ်ခုကို မင်းဖြေချင်လဲ"


ယွဲ့ရှင်းဝမ်က တက်ဘလက်၏ အချိန်ဇယားကို ချက်ချင်း လက်ညှိုးထိုးပြပြီး ပြောသည်။

"အဲဒီကျောက်မျက်ရတနာသုံးသပ်ခြင်းအကြောင်းကို ငါဘာမှမသိဘူး… ဒီတော့ တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲကို ရွေးချယ်ဖို့ ငါအကြံပြုချင်တယ်… မင်းကော ဘယ်လိုထင်လဲ"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်သည်။

"အင်း… အဲဒီကျောက်မျက်ရတနာသုံးသပ်ခြင်းက ကျိုးကြောင်းဆင်ခြင်ခြင်းအတန်းဖြစ်မယ်… တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲက ရှင်သန်ခြင်းအတန်းနဲ့ ပိုတူတယ်…"


အများသူငါစိတ်ကြိုက်သင်တန်းကို ကျရှုံးလျှင်တောင် ပြန်လည်တက်ရောက်ရန် မလိုအပ်ပေ။ အဖွဲ့လိုက်အနေဖြင့် ဒီနေရာမှာ လူတိုင်း၏စွမ်းရည်ကို လေ့ကျင့်ပြီး ရင်းနှီးမှုယူ၍ရသည် မဟုတ်ပါလား။


ကျန်းဖျင်စစ်က ဆက်ပြောသည်။

"ဒါပေမဲ့ အတန်းကို ရွေးချယ်ရာမှာ ကျရှုံးသွားနိုင်ခြေလည်း ရှိတယ်… အတန်းကန့်သတ်ချက်ကို မင်းမြင်လိုက်တယ်မလား"


ယွဲ့ရှင်းဝမ်က ပြောသည်။

"တစ်တန်းမှာ ကျောင်းသား 100 လက်ခံပြီး သင်တန်းတစ်ခုစီမှာ အတန်း 50 ရှိတယ်… ဆိုလိုတာက ကျောင်းသား 5,000 ပဲ သင်တန်းတစ်ခုစီကို ဝင်ရောက်နိုင်တာပေါ့… သင်တန်းနှစ်ခုပေါင်းလိုက်မှ လူ 10,000 အထိပဲ ဝင်ရောက်နိုင်မှာ… စာကြည့်တိုက်က ကျောင်းသားအားလုံးက အများသူငါစိတ်ကြိုက်သင်တန်းကို သေချာပေါက် ကျော်သွားမှာမဟုတ်ဘူး…"


ဤသည်မှာ တက္ကသိုလ်၏ အများသူငါစိတ်ကြိုက်သင်တန်းများနှင့် အတူတူပဲဖြစ်ပြီး တချို့သော နာမည်ကြီးသင်တန်းများကို အမြန်စာရင်းသွင်းရန် လိုအပ်သည်။


သူတို့၏ ဟွာအန်းတက္ကသိုလ်တွင် ‘အဝတ်အစားတွဲဖက်ခြင်း’ ဟုခေါ်သော အများသူငါစိတ်ကြိုက်သင်တန်းတစ်ခုရှိသည်။ ထိုအမျိုးသမီးပါ‌မောက္ခက ပြေပြစ်ပြီ ရယ်စရာကောင်းသော စိတ်နေစိတ်ထားရှိသည်။ စာမေးပွဲကလည်း နားလည်ရလွယ်သည်။ နှစ်စဉ်နှစ်တိုင်း ထိုအများသူငါစိတ်ကြိုက်သင်တန်းကို ထုတ်ပြန်ပြီးသည်နှင့် 3 စက္ကန့်အတွင်း လူပြည့်သွားသည့်အတွက် စာရင်းပေးသွင်းရန် အလွန်ခက်ခဲသည်။


လက်အမြန်နှုန်းနဲ့ တိုက်ခိုက်ရမဲ့ အိမ်မက်ဆိုးတွေက ရောက်လာပြန်ပြီ…


#TK