Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်
Chapter 24 (သုတေသနအဖွဲ့ ၀၇)
ခယ်ရှောင်ပင်းသည် စီနီယာအစ်ကိုသုံးယောက်ကို အိပ်ဆောင်ပြောင်းလဲခြင်း လုပ်ငန်းစဉ်လုပ်ဆောင်ရန် ကူညီပေးနေသည်။ ‘အချိန်ဇယားကို ကြေညာထားပြီ’ဆိုသည့် မက်ဆေ့ခ်ျကို သူ့နားထဲတွင် ကြားပြီးနောက် သူ့မျက်မှန်ကို ပင့်တင်ပြီး သံသယစိတ်ဖြင့် မေးသည်။
"မနက်ဖြန် တနင်္ဂနွေနေ့ မဟုတ်ဘူးလား… ကျွန်တော်တို့မှာ အတန်းတွေရှိသေးတာလား?"
လျှိုကျောက်ချင်းက ညည်းညူသည်။
"ဒီစာကြည့်တိုက်က ငါတို့ကို ပိတ်ရက်လေးနှစ်ရက်တောင် မပေးဘူး"
ကျိုဖုန်းက ပြောသည်။
"အိပ်ဆောင်ကို အရင်ပြောင်းရအောင်… အဲဒါပြီးရင် တစ်နေကုန် အနားယူဖို့ အချိန်ရှိပါသေးတယ်…"
ခယ်ရှောင်ပင်းသည် အိပ်ဆောင်ဘောင်ကွက်ကိုဖွင့်ပြီး သူတို့သုံးယောက်က လက်ဗွေများကို အသိပြုရန် ရှေ့တိုးလာခဲ့သည်။ ‘အိပ်ဆောင်ပြောင်းလဲမှု အောင်မြင်သည်’ဟူသော အချက်က ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်။ ကျိုဖုန်းနှင့် ရွှီယိရှန်းတို့သည် ဧရိယာ A ကနေ လက်ဆွဲအိတ်ကို အတူတူသယ်လာကြပြီး ခယ်ရှောင်ပင်းက လျှိုကျောက်ချင်းနောက်မှလိုက်ကာ ဧရိယာ D မှာ ကူညီထုပ်ပိုးပေးခဲ့သည်။
သူတို့သည် လွန်ခဲ့သောနှစ်ရက်ကမှ အိပ်ဆောင်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အိပ်ယာခင်းများနှင့် စောင်များအပါအဝင် အဝတ်အစားနှစ်စုံနှင့် ရေချိုးခန်းသုံးပစ္စည်းများသာ ရှိပြီး အသွားအပြန် နှစ်ကြိမ်သာ သယ်ခဲ့ရသည်။ ခယ်ရှောင်ပင်း၏ အိပ်ဆောင်ဖြစ်သော F-930 သို့ ရောက်ပြီးနောက် လေးယောက်သား သူတို့၏ကုတင်များနှင့် ရေချိုးခန်းသုံးပစ္စည်းများကို အမြန်ပြင်ဆင်လိုက်သည်။
ထို့နောက် ခယ်ရှောင်ပင်းက သူ၏တက်ဘလက်ကွန်ပျူတာကိုဖွင့်ကာ တနင်္ဂနွေ၏အတန်းချိန်ဇယားကို တစ်ချက်ကြည့်လိုက်ရာ သူ၏မျက်လုံးများက အနည်းငယ်ပြူးကျယ်သွားသည်။
"အများသူငါစိတ်ကြိုက်သင်တန်းတွေ ရှိသေးတာလား"
အခြားသုံးယောက်ကလည်း ကြည့်ဖို့ရောက်လာပြီး လျှိုကျောက်ချင်းက သူ့နဖူးကို ကူကယ်ရာမဲ့စွာ ပွတ်နေသည်။
"ဒီစာကြည့်တိုက်က မှော်တက္ကသိုလ်အဖြစ် သရုပ်ဆောင်ဖို့ ကြိုးစားနေတာလား… အများသူငါစိတ်ကြိုက်သင်တန်းတွေတောင် ရောက်လာပြီ"
သူပြောပြီးသည်နှင့် တစ်ပြိုင်နက် နားထဲတွင် စက်အသံတစ်ခု ထွက်ပေါ်လာသည်။
"သုတေသနအဖွဲ့တွင် မက်ဆေ့ခ်ျအသစ်ရှိနေပါတယ်… ကျေးဇူးပြုပြီး စစ်ဆေးပါ…"
လေးထောင့်ဘောင်၏ ဘယ်ဘက်အပေါ်ထောင့်တွင် “မဖတ်ရသေးသော မက်ဆေ့ခ်ျ”ဟု ပေါ်လာသည်။ နှစ်ယောက်သား တစ်ချိန်တည်း နှိပ်ကြည့်လိုက်သည်။
ယွဲ့ရှင်းဝမ်: "စီနီယာတို့တွေ အိပ်ဆောင်ရွှေ့လို့ပြီးပြီလား… ရွှေ့လို့ပြီးရင် တစ်ရေးတစ်မော အနားယူလိုက်ဦး… နေ့လယ်ကျမှ အများသူငါစိတ်ကြိုက်သင်တန်းရဲ့ ဘယ်တစ်ခုကို ရွေးမလဲဆိုတာ ဆွေးနွေးကြမယ်…"
ခယ်ရှောင်ပင်း: "ကောင်းပြီ ရှင်းဝမ်… စီနီယာသုံးယောက်စလုံး ရွှေ့လို့ပြီးပြီ…"
ရွှီယိရှန်းက အတန်းချိန်ဇယားကို လျစ်လျူရှုကာ ကုတင်ပေါ်တွင် လှဲလျောင်းလိုက်သည်။
"ငါ တစ်ရေးတစ်မော အိပ်ဦးမယ်… မနေ့ညက အဲဒီညီအစ်ကိုက ငါ့ကို မနက် 3 အထိ အိပ်လို့မရအောင် ဟောက်နေတာ… ငါအရမ်းအိပ်ချင်နေပြီ…"
သူက သမ်းဝေပြီး အိပ်ပျော်သွားကာ အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် အိပ်သွားကြသည်။
ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့လည်း တစ်ရေးတစ်မော အိပ်ကြပြီး နေ့လယ် 2 နာရီတွင် ထသည်။
2:30 တွင် လျှိုကျောက်ချင်းက သုတေသနအဖွဲ့ထံသို့ မက်ဆေ့ခ်ျပို့ခဲ့သည်။
"နိုးပြီလား… ကျိုဖုန်းက မင်းတို့နှစ်ယောက်ကို F-930 အိပ်ဆောင်ဆီ ဆွေးနွေးဖို့ လာခိုင်းပြီး အိပ်ဆောင်ထဲမှာ သင်တန်းရွေးချယ်ဖို့အကြောင်းကို တိုက်ရိုက်ပြောမယ်တဲ့…"
အိပ်ဆောင်နံပါတ် သိထားရင် အချင်းချင်းသွားလည်လို့ အဆင်ပြေသည်။
ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့ ရောက်သွားသောအခါ အားလုံးရောက်နေကြပြီဖြစ်ပြီး လင်းမန့်လော်လည်း ရောက်လာသည်။
စာကြည့်တိုက်၏ အိပ်ဆောင်ဧရိယာသည် တက္ကသိုလ်ကဲ့သို့ ဆန့်ကျင်ဘက်လိင်များအချင်းချင်း အိပ်ဆောင်အတွင်း ဝင်ရောက်ခွင့်မရှိဟူသော ကန့်သတ်ထားခြင်းမရှိသဖြင့် မိန်းကလေးများသည် ယောင်္ကျားလေးများ၏ အိပ်ဆောင်အတွင်းသို့ ဝင်ရောက်သည့်အခါ စာရင်းပေးရန် မလိုအပ်ပေ။ ဧရိယာ A မှ H အဆောင်များတွင် ယောင်္ကျားလေး၊ မိန်းကလေးများ အားလုံး ရောနှောနေပြီး အိပ်ဆောင်များကို လက်ဗွေဖြင့် သော့ဖွင့်ရတာကြောင့် လုံခြုံရေးအတွက် စိတ်ပူစရာမလိုပေ။
ခယ်ရှောင်ပင်းက ဧည့်သည်သုံးဦးအတွက် ထိုင်ခုံများ ယူဆောင်ပေးရန် အစပြုခဲ့ပြီး အခြားသူများက ကုတင်ပေါ်တွင် ထိုင်နေခဲ့သည်။
လင်းမန့်လော်က ပြောသည်။
"သုတေသနအဖွဲ့ရဲ့ အစည်းအဝေးခန်းက တစ်ကြိမ်ဖွင့်ဖို့ 10 မှတ် ကုန်ကျတာကြောင့် နေ့လယ်စာထမင်းတစ်ဘူးတောင် ဝယ်လို့ရတယ်… ရှင်တို့လေးယောက် အတူတူနေတာ အတော်လေးအဆင်ပြေတယ်… ဒါဆို နောင်ကျရင် ဆွေးနွေးစရာတွေရှိလာခဲ့ရင် အခန်းနံပါတ် F-930 ကို လာလိုက်ရုံပဲ…"
သုတေသနအဖွဲ့ထဲမှ လူများသည် အချင်းချင်း မက်ဆေ့ခ်ျပို့တာက အမှတ်များ ကုန်တာမျိုးမရှိတာကြောင့် ဤနည်းဖြင့် အချင်းချင်း အသိပေးခြင်းက အမှတ်ကို အများကြီး သက်သာစေသည်။
ကျိုဖုန်းက ပွင့်ပွင့်လင်းလင်းပဲ လိုရင်းကိုမေးသည်။
"အများသူငါစိတ်ကြိုက်သင်တန်းအတွက် အားလုံးမှာ ဘာအစီအစဉ်ရှိကြလဲ"
ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြောသည်။
"ကျွန်တော်နဲ့ ဖျင်စစ်ကတော့ နေ့လယ်ခင်းအတန်းချိန် “တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ”ကို ရွေးချင်တယ်… ကျွန်တော်တို့ ကျောင်းသားကောင်စီရဲ့ အဖွဲ့မတည်ထောင်ခင် တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲကို ထွက်ဖူးတယ်မလား… ဒီလို ကွင်းဆင်းလှုပ်ရှားမျိုးက ရှင်သန်ခြင်းသင်တန်းဖြစ်နိုင်ပြီး အဲဒါက လူတိုင်းအတွက် ဓားသွေးကျောက်ဖြစ်နိုင်တယ်…" သူက ခဏရပ်ကာ ထပ်ပေါင်းပြောသည်။ "ပြီးတော့ ကျွန်တော်က “ကျောက်မျက်ရတနာသုံးသပ်ခြင်း”ကို လုံးဝနားမလည်ဘူး…"
ခယ်ရှောင်းပင်က ပြောသည်။
"ကျွန်တော်လည်း ကျောက်မျက်ရတနာအကြောင်း ဘာမှမသိဘူး…"
လျှိုကျောက်ချင်းက ရယ်ကာ သူ့ခေါင်းအနောက်ကို ပွတ်လိုက်သည်။
"ကျောက်မျက်ရတနာလား… ပတ္တမြားနဲ့ နီလာပဲ ငါသိတယ်… အခြားမဟူရာကျောက်၊ ကြောင်မျက်လုံးကျောက်၊ မြစိမ်းရောင်ကျောက်၊ ကျောက်စိမ်းတွေလိုမျိုးတွေကို နားလည်သဘောပေါက်နိုင်တဲ့ အရည်အချင်း ငါ့မှာမရှိဘူး"
"ရှင်းဝမ်ရဲ့ သုတေသနအဖွဲ့က ‘တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ’ကို သွားဖို့ ရွေးချယ်လိုက်ပြီ… ငါတို့ကကော"
ကျိုဖုန်းက လင်းမန့်လော်နှင့် ရွှီယိရှန်းကို မေးသည်။ နှစ်ဖက်လုံးရှိ သုတေသနအဖွဲ့များသည် သီးခြားလွတ်လပ်ဆဲဖြစ်ပြီး တရားဝင်ပေါင်းစည်းခြင်းမပြုသေးသောကြောင့် တူညီသောသင်တန်းတက်ရန် စာရင်းသွင်းထားရင်တောင် သူတို့သည် သင်တန်းတစ်ခုတည်းနှင့် ကိုက်ညီရန်မလိုအပ်ဘဲ သီးခြားသင်တန်းများကို ရွေးချယ်နိုင်ပါသည်။
လင်းမန့်လော်က ခဏလောက်စဉ်းစားပြီး ပြောသည်။
"မနှစ်က ကျောင်းမှာ “ကျောက်မျက်ရတနာ သုံးသပ်ခြင်း”သင်တန်းကို ငါတို့ တက်ခဲ့တယ်မလား… ပါမောက္ခချန်ဖွင့်တာလေ နင်မှတ်မိသေးလား"
ကျိုဖုန်းက ခေါင်းငြိမ့်သည်။
"အင်း ငါမှတ်မိတယ်… သင်ခန်းစာအနည်းငယ်ကိုတောင် ငါဂရုတစိုက် နားထောင်ခဲ့ပြီး အတော်လေးစိတ်ဝင်စားဖို့ကောင်းတယ်…"
အများသူငါစိတ်ကြိုက်သင်တန်းများသည် နှစ်များနှင့် ဘာသာရပ်များ အကန့်အသတ်မရှိသောကြောင့် မတူညီသောဘာသာရပ်များမှ ကျောင်းသားများသည် သင်တန်းတစ်ခုကို ရွေးချယ်ပြီး အတန်းအတူတူတက်နိုင်သည်။ ကျိုဖုန်းနှင့် လင်းမန့်လော်တို့၏ ဆက်ဆံရေးက အမြဲတမ်း အလွန်ကောင်းမွန်ပြီး အများသူငါစိတ်ကြိုက်သင်တန်းကို အတူတူတက်တာက ပုံမှန်ပင်ဖြစ်သည်။
ရွှီယိရှန်းက ပြုံးကာပြောသည်။
"တိုက်ဆိုင်လိုက်တာ… ငါ ဒုတိယနှစ်တုန်းကလည်း အဲဒီသင်တန်းကို တက်ခဲ့ပြီးတော့ တချို့အခြေခံသီအိုရီကိုတော့ ငါမှတ်မိနေသေးတယ်… ဒါပေမဲ့ စာကြည့်တိုက်က “ကျောက်မျက်ရတနာသုံးသပ်ခြင်း”က ငါတို့ကို ကျောက်မျက်ရတနာ အတု၊ အစစ်ကို ခွဲခြားခိုင်းတာမဟုတ်ဘဲ ကျိုးကြောင်းဆင်ခြင်ရမဲ့ အတန်းဖြစ်မယ်လို့ ငါပိုပြီးခံစားရတယ်…"
လင်းမန့်လော်က မျက်မှောင်ကြုတ်ကာ ပြောလာသည်။
"ကျိုးကြောင်းဆင်ခြင်ခြင်းအတန်းအတွက် ငါတို့ သိထားတဲ့ သဲလွန်စတွေကနေ ကျောက်မျက်ရတနာတွေရဲ့ အတု၊အစစ်ကို ခွဲခြားခိုင်းမှာလား… ဒါမှမဟုတ် ကျောက်မျက်ရတနာခိုးမှုကိစ္စနဲ့ ရောက်လာပြီး ခိုးသွားတဲ့ ကျောက်မျက်ရတနာတွေကို ငါတို့ကို ရှာခိုင်းမှာလား… ဘယ်နည်းလမ်းပဲဖြစ်ဖြစ် လွယ်ကူမှာမဟုတ်ဘူး…"
ကျိုဖုန်းက ပြောသည်။
"ဒီအများသူငါစိတ်ကြိုက်သင်တန်းကို ကျသွားမယ်ဆိုရင်တောင် ပြဿနာမရှိဘူး… ပြီးတော့ ငါက အဲဒီ“ကျောက်မျက်ရတနာသုံသပ်ခြင်း”ကို အတော်လေးစိတ်ဝင်စားတယ်… အများသူငါစိတ်ကြိုက်သင်တန်းတွေအတွက် လူဦးရေ ကန့်သတ်ချက်ရှိတာလည်း မမေ့နဲ့ဦး… စာကြည့်တိုက်မှာ ကျောင်းသား 20,000 ကျော်ရှိပြီး ဒီတစ်ပတ်အတွက် အများသူငါစိတ်ကြိုက်သင်တန်းက ကျောင်းသား 10,000 ပဲ လက်ခံမှာ… ဆိုလိုတာက သင်တန်းရွေးချယ်ရာမှာ ကျရှုံးမှုနှုန်း 50% အထက်ဖြစ်လိမ့်မယ်… နှိုင်းယှဉ်ပြောရရင် “ကျောက်မျက်ရတနာသုံးသပ်ခြင်း”ကို ရွေးချယ်တဲ့ ကျောင်းသားအနည်းငယ်ပဲရှိလောက်ပြီး “တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ”မှာ ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာလိမ့်မယ်…"
ယွဲ့ရှင်းဝမ်က ထောက်ခံသည်။
"စီနီယာပြောတာမှန်တယ်… ဒီစာကြည့်တိုက်မှာရှိတဲ့ ကျောင်းသားအများစုက ကျောက်မျက်ရတနာတွေကို နားမလည်ကြသလို မနက်ပိုင်း “ကျောက်မျက်ရတနာသုံးသခြင်း”သင်တန်းကို တက်မှာမဟုတ်ဘူးလို့ ကျွန်တော် ခန့်မှန်းမိတယ်… ဒီတော့ ကျွန်တော်တို့အားလုံးက နေ့လယ်ဘက် အများသူငါစိတ်ကြိုက်သင်တန်းကို တက်ကြမယ်ဆိုရင် ရွေးချယ်ရာမှာ ကျရှုံးမှုနှုန်းက အရမ်းမြင့်မားလာလိမ့်မယ်… ကျွန်တော်တို့ သုတေသနအဖွဲ့နှစ်ဖွဲ့က သေချာအောင်လို့ အတန်းတွေကို ခွဲတက်လိုက်မယ်… တကယ်လို့ တစ်ဖွဲ့က အတန်းတက်လို့မရရင်တောင် အခြားတစ်ဖွဲ့က တက်လို့ရမှာပဲလေ ဟုတ်တယ်မလား"
"အင်း…" ခယ်ရှောင်ပင်းက ခေါင်းငြိမ့်သဘောတူသည်။
"စီနီယာတို့သုံးယောက်က ကျောက်မျက်ရတနာနဲ့ပတ်သက်ပြီး သင်တန်းတွေ တက်ထားတာဆိုတော့ အခြားကျောင်းသားတွေထက် အားသာချက်ရှိတယ်…"
သုံးယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကျိုဖုန်းက လက်ခုပ်တီးပြီး ရိုးရှင်းစွာ ဆုံးဖြတ်ချက်ချလိုက်သည်။
"ဟုတ်ပြီ… ငါတို့သုတေသနအဖွဲ့က မနက်ပိုင်း “ကျောက်မျက်ရတနာသုံးသပ်ခြင်း”ကို ရွေးချယ်ပြီး ရှင်းဝမ်တို့ သုတေသနအဖွဲ့က နေ့လယ်ခင်း “တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ”ကို ရွေးချယ်မယ်… တစ်ဖွဲ့ပဲ သင်တန်းတက်လို့ရတယ် ဆိုရင်တောင် ဆုံးရှုံးမှုမရှိပါဘူး… credit 2 မှတ်နဲ့ အများသူငါစိတ်ကြိုက်သင်တန်းက အရမ်းမခက်ခဲလောက်ဘူး… အဖွဲ့ရဲ့နေ့စဉ်စရိတ်တွေအတွက် အမှတ်တွေပိုရတော့လည်း ကောင်းတာပေါ့…"
ရွှီယိရှန်းက ပြုံးကာ ပြောသည်။
"အများသူငါစိတ်ကြိုက်သင်တန်းတွေရဲ့ အကြီးမားဆုံးအားသာချက်က သင်တန်းကျရင်တောင် ပြန်တက်ဖို့ မလိုသလို ပြစ်ဒဏ်လည်း မရှိဘူး… ဒီတော့ အဲဒါက ထူးခြားတဲ့ အတွေ့အကြုံတစ်ခုဖြစ်မှာပေါ့…"
လင်းမန့်လော်က ခယ်ရှောင်းပင်ကို ကြည့်ပြီး မေးသည်။
"ရှောင်ခယ် တစ်ကျောင်းလုံးက သင်တန်းရွေးချယ်ရေးကို ည 8 နာရီမှာ ဖွင့်မှာဆိုတော့ အားလုံးက သင်တန်းတွေကို အတူတူရွေးရင် ပြိုင်ဆိုင်မှုက အရမ်းပြင်းထန်လိမ့်မယ်… ဒါကြောင့် လက်အမြန်နှုန်းနဲ့ပဲ ယှဉ်ပြိုင်လို့ရတာလား… နင့်ရဲ့ကွန်ပျူတာဌာနမှာ အလိုအလျောက် ကလစ်နှိပ်ပေးတာမျိုးတွေ မရှိဘူးလား"
ယွဲ့ရှင်းဝမ်ကလည်း တွေးဆသည်။
"အလိုအလျောက် ကလစ်နှိပ်ပေးတဲ့ဆော့ဖ်ဝဲလ်က ကျွန်တော်တို့ရဲ့ လက်အမြန်နှုန်းထက် ပိုမြန်နိုင်တယ်…"
ခယ်ရှောင်ပင်းက သူ့မျက်မှန်ကို ပင့်တင်ကာ အလေးအနက် ပြောသည်။
"စာကြည့်တိုက်စနစ်က ကွန်ပျူတာဌာနရဲ့ ပြင်ပဆော့ဖ်ဝဲလ်နဲ့ ပရိုဂရမ်အားလုံးကို အလိုအလျောက် ပိတ်ဆို့လိမ့်မယ်… ကျွန်တော် အခုပဲ စမ်းကြည့်ထားတာ… ဒီဉာဏ်ရည်မြင့်စနစ်ရဲ့ firewall က လုံးဝကို စကားဝှက်ဖော်လို့မရလောက်အောင် အစွမ်းထက်တယ်…"
စာကြည့်တိုက် အဆောက်အဦးတစ်ခုလုံးကို ဉာဏ်ရည်မြင့်စနစ်၏ စီမံခန့်ခွဲမှုအောက်တွင် စနစ်တကျ လည်ပတ်နေသည်မှာ မှန်ပါသည်။ ကွန်ပျူတာသိပ္ပံကျောင်းသားများသည် ဤစနစ်စကားဝှက်အား ဖော်နိုင်လျှင် စာကြည့်တိုက်ကို မိနစ်ပိုင်းအတွင်း ဟက်ခ်ပြီး တက္ကသိုလ်ကျောင်းသားအားလုံးကို ကယ်တင်နိုင်မည် မဟုတ်ပါလား။
ယွဲ့ရှင်းဝမ်က လှည့်ကွက်များဖန်တီးပြီး ပြင်ပဆော့ဖ်ဝဲကို အသုံးပြုရန် စိတ်ကူးအား စွန့်လွှတ်လိုက်သည်။
"ဒါဆို ငါတို့ရဲ့လက်အမြန်နှုန်းနဲ့ပဲ အစွမ်းကုန်ကြိုးစားရမှာပေါ့… ည 8 နာရီမှာ အမြန်ဆုံး စာရင်းသွင်းရမယ်… ငါတို့သုတေသနအဖွဲ့က C-183… ရှောင်ခယ်၊ မင်း စာရင်းသွင်းလိုက် ငါ့လက်အမြန်နှုန်းက ပုံမှန်ပဲရှိတာ…"
ခယ်ရှောင်ပင်းသည် ကွန်ပျူတာမှာ နေ့တိုင်း ကုဒ်ရေးနေရတာကြောင့် တကယ်‘ပျံသန်းနေသကဲ့သို့ ရွှေ့လျားနေသောလက်ချောင်းများ’ဖြစ်သည်။ ယွဲ့ရှင်းဝမ်က ယုံကြည်စွာ သူ့အား ကြီးလေးသောတာဝန်ကို လွှဲပြောင်းပေးခဲ့ပြီး ခယ်ရှောင်ပင်းက သဘောတူကြောင်း ခေါင်းငြိမ့်ပြခဲ့သည်။
"အင်း… ငါ အချိန်မီ စာရင်းသွင်းလိုက်မယ်…"
နေ့လယ်ခင်းတွင် လူတိုင်းသည် အနားယူရန် အခန်းသို့ ပြန်သွားကြသည်။
ယွဲ့ရှင်းဝမ်သည် တက်ဘလက်ကွန်ပြူတာအားဖွင့်ပြီး “တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ”အကြောင်းအရာတချို့ကို စစ်ဆေးချင်သော်လည်း စာကြည့်တိုက်၏ကွန်ရက်သည် ပြင်ပကွန်ရက်ကို လုံးဝချိတ်ဆက်လို့မရဘဲ Baidu နှင့် Sogou ကဲ့သို့သော ရှာဖွေရေးဆိုဒ်များကို ဖွင့်၍မရသောကြောင့် ပြင်ပကမ္ဘာက သတင်းအချက်အလက်များ ရယူရန် မဖြစ်နိုင်ပေ။
လူတိုင်းက စာကြည့်တိုက်၏ ကွန်ရက်ကိုသာ ဖွင့်နိုင်သည်။ စာကြည့်တိုက်ကွန်ရက်တွင် ‘ဖိုရမ်’ဝင်ပေါက် အမှန်တကယ်ရှိကြောင်း သူတွေ့ရှိခဲ့ပြီး ၎င်းကိုနှိပ်လိုက်သောအခါ ပို့စ်များစွာရှိနေခဲ့သည်။ ကျောင်းသားအများအပြားသည် သုတေသနအဖွဲ့အတွက် အဖွဲ့ဝင်များကို ရှာဖွေရန် ပို့စ်တင်နေကြပြီး မနက်ဖြန်၏ အများသူငါစိတ်ကြိုက်သင်တန်းများအကြောင်း ဆွေးနွေးနေကြသည့် ကြိုကြားကြိုကြား ပိုစ့်တချို့လည်း ရှိခဲ့သည်။
ထိုအထဲမှာ Hot စတစ်ကာဖြင့် နာမည်ကြီးနေသည့် ပို့စ်တစ်ခုရှိသည်——
"“တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ”က အထွေထွေအသိပညာနဲ့ ပတ်သက်ပြီး ဒီသင်တန်းကို ရွေးချယ်ချင်တဲ့ ကျောင်းသားတွေ ဝင်ကြည့်ကြပါ…"
ယွဲ့ရှင်းဝမ်က ကလစ်နှိပ်လိုက်သည်။ ပို့စ်တင်သူမှာ ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်၏ ရူပဗေဒဌာနမှ ချင်းလန်အမည်ရှိ ကျောင်းသားတစ်ဦးဖြစ်သည်။ ပို့စ်မှာ အသေးစိတ်ရေးထားပါသည်။
"“တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ”က မြေပုံနဲ့ သံလိုက်အိမ်မြှောင်လိုမျိုး ကိရိယာတွေကို အသုံးပြုတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အမျိုးမျိုးသော အတားအဆီးတွေ၊ ပစ်မှတ်တစ်ခုစီကို လျင်မြန်စွာရောက်ရှိဖို့၊ နေရာတစ်ခုစီရဲ့ လုပ်ငန်းတာဝန်တွေကို ပြီးမြောက်အောင်လုပ်ပြီး နောက်ဆုံးပန်းတိုင်ကို ရောက်ရှိစေပါတယ်။
အဓိကများ: 1. မြေပုံ၊ 2. သတ်မှတ်ထားသောတာဝန်များ၊ 3. သတ်မှတ်ထားသောအချိန်အတွင်း ပန်းတိုင်ကို ရောက်ရှိရန်။
တက္ကသိုလ်များစွာက ကျောင်းသားကောင်စီအဖွဲ့တည်ထောင်ခြင်းနဲ့ အတန်းအပြင်ထွက်ပြီး အလားတူအဖွဲ့လှုပ်ရှားမှုများရှိပါတယ်။ အတန်းဖော်တချို့က “တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ”ကို သွားဖူးတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အခုက စာကြည့်တိုက်မှာရောက်တာကိုတော့ မမေ့ပါနှင့်။ စာကြည့်တိုက်က ကျွန်တော်တို့ကို တောအုပ်ထဲ ခရီးထွက်ခိုင်းပြီး သက်သောင့်သက်သာအချိန်မျိုးပေးဖို့ မဖြစ်နိုင်ပါဘူး။
ကျွန်တော့်ရဲ့ကိုယ်ပိုင်အတွေးအမြင်အရတော့ ဒီ“တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ”က ပြိုင်ဆိုင်မှုရှိတဲ့ သင်တန်းတစ်ခုဖြစ်နိုင်ပါတယ်။ အဖွဲ့တွေကို သုတေသနအဖွဲ့အလိုက် အဖွဲ့တွေခွဲပေးပြီး အားလုံးကို သတ်မှတ်ထားတဲ့ ပစ္စည်းတွေကို ရှာဖွေခိုင်းတာ ဒါမှမဟုတ် အဖွဲ့လိုက်ယှဉ်ပြိုင်ခိုင်းတာဆိုရင် ပန်းတိုင်ကို ပထမဆုံးရောက်တဲ့အဖွဲ့က အမှတ်များများရပြီး ပန်းတိုင်ကိုမရောက်နိုင်တဲ့သူက သင်တန်းကျနိုင်ပါတယ်။
မင်းတို့ကို သုတေသနအဖွဲ့အနေနဲ့ စာရင်းသွင်းကြဖို့ အကြုံပြုပါတယ်။ ဒီသင်တန်းက တစ်ယောက်တည်းဆိုရင် ခက်ခဲလိမ့်မယ်။
ဒီပြိုင်ပွဲအပေါ် ယုံကြည်မှုမရှိရင် မနက်ပိုင်း “ကျောက်မျက်ရတနာသုံးသပ်ခြင်း”သင်တန်းကို သွားသင့်ပါတယ်။ အဲဒီသင်တန်းက အနည်းဆုံးတော့ အခြားအဖွဲ့တွေနဲ့ ယှဉ်ပြိုင်စရာမလိုပါဘူး။ ကျောက်မျက်ရတနာခိုးယူခြင်းလိုမျိုး ကျိုးကြောင်းဆင်ခြင်ခြင်းအတန်းနဲ့ ပိုတူပါတယ်။
အထက်ဖော်ပြပါ အကြောင်းအရာတွေက ကျွန်တော်ရဲ့ကိုယ်ပိုင်အမြင်သာဖြစ်ပြီး ကျွန်တော့်ရဲ့မှတ်ချက်တွေအတွက် တာဝန်ယူမည်မဟုတ်ပါ။ သင်တန်းရွေးချယ်ရာတွင် အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။"
အထွေထွေဗဟုသုတအတွက် ပို့စ်ကို တင်ပေးသည့် စီနီယာဟာ ကောင်းမွန်သောရည်ရွယ်ချက်ရှိပြီး ကျောင်းသားများအား “တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ”သင်တန်း၏ အခက်အခဲကို သိရှိစေလိုခြင်းဖြစ်သည်။
ယွဲ့ရှင်းဝမ်သည် အဖွဲ့တည်ဆောက်ခြင်းလှုပ်ရှားမှုများအတွက် ကျောင်းသားကောင်စီက အပြင်ထွက်စဉ် သူ တက္ကသိုလ်ဒုတိယနှစ်မှာ “တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ”ကို သွားခဲ့ဖူးသည်။ ထိုအချိန်တုန်းက သူတို့ကို တောနက်ကြီးထဲသို့ပို့ပြီး မြေပုံတစ်ခုပေးကာ အဆုံးထိ လျှောက်ခိုင်းခဲ့သည်။
စာကြည့်တိုက်၏ “တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ”က လွယ်မှာတော့မဟုတ်ပေ။
ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ပြီး ခဏလောက်စဉ်းစားသည်။
"စာကြည့်တိုက်က ငါတို့ကို ကန္တာရကျွန်းတစ်ကျွန်းပေါ်မှာ ပစ်ချပြီး ငါတို့အတွက် ဖြစ်တည်မှုဆိုင်ရာ အကျပ်အတည်းတစ်ခု ဖန်တီးပြီးတော့ တစ်ချိန်တည်းမှာ ငါတို့က ပန်းတိုင်ကို ရောက်အောင်သွားရမှာလား… ဥပမာ၊ သားရဲတွေတိုက်ခိုက်တာ၊ အစာရေစာပြတ်လပ်တာ၊ အဲဒါတွေ ဖြစ်လာနိုင်တယ်မလား"
ကျန်းဖျင်စစ်က ပြန်ဖြေသည်။
"ဟုတ်တယ်… ကျောင်းသားကောင်စီနဲ့ “တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ”ကို သွားတုန်းက မြေပုံက သိပ်မကြီးဘူး… တစ်နေ့တည်းနဲ့ပြီးသွားတာ… စာကြည့်တိုက်က မြေပုံအကြီးကို အသုံးပြုမယ်ဆိုရင် အရက်အတော်ကြာနိုင်ပြီး စားဝတ်နေရေး အခက်အခဲဖြစ်လိမ့်မယ်…"
"ဒါဆို ငါတို့တွေ ပစ္စည်းတွေကို ကြိုပြီး ပြင်ဆင်ထားရမလား" ယွဲ့ရှင်းဝမ်က သူ့ကိုကြည့်ကာ မေးသည်။ "ကျောပိုးအိတ်ဝယ်ပြီး ရေ၊ ဘီစကွတ်၊ နို့ စတာတွေ ယူသွားလိုက်မယ်လေ… အရက်အတော်ကြာမယ်ဆိုရင် ငါတို့တွေ ဗိုက်ဆာဆာနဲ့ လမ်းလျှောက်လို့ရမှာ မဟုတ်ဘူး…"
ကျန်းဖျင်စစ်က ခေါင်းငြိမ့်သည်။
"အင်း… ဒီညမှာ ခယ်ရှောင်ပင်း သင်တန်းရွေးချယ်ဖို့အတွက် စာရင်းသွင်းတာကို စောင့်လိုက်တာပေါ့… သင်တန်းအတွက် ငါတို့တွေ စာရင်းသွင်းလို့ အောင်မြင်တယ်ဆိုမှ ပစ္စည်းတွေ သွားဝယ်မယ်…"
စနေနေ့ နေ့လယ်ခင်းတွင် ကျောင်းသားများသည် ကောင်းမွန်စွာ အနားယူရန် စိတ်မဝင်စားကြပေ။ လူတိုင်းက ဖိုရမ်နှင့် မနက်ဖြန်၏ အများသူငါစိတ်ကြိုက်သင်တန်းများကို ငေးကြည့်နေကြသည်။ အတန်းဖော်ချင်းက “တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ”၏ ဗျူဟာများကို တင်ပြီးနောက် တချို့အတန်းဖော်များကလည်း ကျောက်မျက်ရတနာသုံးသပ်ခြင်း၏ အခြေခံအသိပညာဗဟုသုတကို တင်ပေးခဲ့သည်။
အများသူငါစိတ်ကြိုက်သင်တန်းများအကြောင်း ဆွေးနွေးနေသည့် ဖိုရမ်ပေါ်ရှိ ပို့စ်များကို ကြည့်ရင်း ယွဲ့ရှင်းဝမ်က ဟွာအန်းတက္ကသိုလ်၏ဖိုရိမ်ကို တွေးမိလိုက်သည်။ နောက်ဆုံးစာမေးပွဲရောက်ခါနီးတိုင်း ကြင်နာတတ်သော စီနီယာအစ်ကို၊အစ်မများက အားလုံးဆီ သုံးသပ်ချက်တချို့ကို ပေးပို့ကြသည်။
သူတို့ကျောင်း၏ ဖိုရမ်တွင် နှစ်စဉ်နှစ်တိုင်း နောက်ဆုံးစာမေးပွဲ၏ စာရွက်အကျဉ်းချုပ်များ ရှိသည်။ ထပ်တလဲလဲ ပါနှုန်းမြင့်မားသော တချို့အကြောင်းအရာများအတွက် ၎င်းတို့ကို ကျက်မှတ်ရန် အချိန်ပိုပေးနိုင်သည်။
တက္ကသိုလ်ဆိုတာ မှော်ဆန်သောနေရာတစ်ခုဖြစ်ပြီး စိတ်အားထက်သန်သော စီနီယာအစ်ကို၊အစ်မများက ကျောင်းသားသစ်များကို ကြီးကြီးမားမား ဂရုစိုက်ကြမည်ဖြစ်ပြီး ကျောင်းသားသစ်များက စီနီယာအစ်ကို၊အစ်မများ ဖြစ်လာသောအခါတွင် နောက်တစ်သုတ်မှ ကျောင်းသားသစ်များကို ဆက်လက်ဂရုစိုက်သွားမည်ဖြစ်ကာ ဆက်လက်၍ လက်ဆင့်ကမ်းသွားမည်ဖြစ်သည်။ စီနီယာအစ်ကို၊အစ်မ အများစုသည် သူတို့၏ ကိုယ်ပိုင်အတွေ့အကြုံနှင့် စာမေးပွဲအတွေ့အကြုံများကို နောက်တစ်သုတ်ကျောင်းသားများဆီ မျှဝေရာတွင် တွန့်တိုနေမည်မဟုတ်ပေ။
ယခု စာကြည့်တိုက်တွင် အကျပ်အတည်းဖြစ်နေသောအခါ မမျှော်လင့်ဘဲ အတွေ့အကြုံများကို ဖိုရမ်တွင် မျှဝေနေတာကို ယွဲ့ရှင်းဝမ် အမှန်တကယ်တွေ့မြင်ခဲ့ရသည်။
စာကြည့်တိုက်ထဲသို့ ဆွဲသွင်းခံရသောကြောင့် လူတိုင်းနီးပါးတော့ စိတ်ရောဂါရပြီး ထိတ်လန့်ခြင်း မရှိကြပေ။ ဆေးပညာဌာနကိုတက်ပြီးနောက် အိပ်ဆောင်တွင်နေထိုင်ကြသော လူသစ်များသည် စာကြည့်တိုက်၏ အငွေ့အသက်နှင့် တဖြည်းဖြည်း လိုက်လျောညီထွေဖြစ်လာသည်။ သူတို့သည် သူတို့တက္ကသိုလ်များ၏ အလေ့အထကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး သူတို့၏အတွေ့အကြုံများကို အခြားကျောင်းသားများနှင့် မျှဝေလိုစိတ်ရှိသောကြောင့် လူတိုင်းက စာကြည့်တိုက်မှာ သူတို့တစ်ယောက်တည်းရှိနေတာမဟုတ်မှန်း သိစေနိုင်သည်။
…
ည 7:30
ခယ်ရှောင်ပင်းက သူ့လက်တော့ပ်ကိုဖွင့်ပြီး စာကြည့်တိုက်၏ကွန်ရက်ထဲသို့ ဝင်လိုက်သည်။
သူ ဘယ်တုန်းကမှ ဒီလောက်စိတ်မလှုပ်ရှားဖူးပေ။ တက္ကသိုလ်မှာ သင်တန်းကိုရွေးချယ်သောအခါ သင်တန်းကို ရွေးချယ်မလား၊ မရွေးချယ်ဘူးလားဆိုတာက သူ့အပေါ်သာမူတည်ပြီး ယခုအခါ သူက C-183 သုတေသနအဖွဲ့ကို ကိုယ်စားပြုထားသည်။
အချိန်တွေက တစ်မိနစ်ပြီးတစ်နစ် ကုန်လွန်သွားသည်။
ခယ်ရှောင်ပင်းက နာရီကို ထိတ်လန့်စွာ စိုက်ကြည့်နေသည်။ 8 နာရီထိုးသည်နှင့် သင်တန်းရွေးချယ်ရေးချန်နယ်ကို အချိန်မှန်ဖွင့်လှစ်ခဲ့သည်။ သူသည် လျှပ်တပြက်အမြန်နှုန်းဖြင့် “တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ”သင်တန်းကို ချက်ချင်းရွေးချယ်ခဲ့ပြီး သုတေသနအဖွဲ့၏ အသေးစိတ်အချက်အလက်ကို ထည့်သွင်းခဲ့သည်။ သူ၏လက်ချောင်းများသည် အလွန်လျင်မြန်လွန်းသဖြင့် အခြားလူများ မှင်တက်သွားကာ သင်တန်းရွေးချယ်ရေးကို 3 စက္ကန့်အတွင်း ပြီးမြောက်ခဲ့သည်။
10 စက္ကန့်ကြာပြီးနောက် “အများသူငါစိတ်ကြိုက်သင်တန်းအတွက် ကျောင်းသားဦးရေပြည့်နေပြီး သင်တန်းကို ရွေးချယ်၍မရပါ”ဟူသော သတိပေးချက်တစ်ခု ပေါ်လာပါသည်။
ထို့နောက် သုတေသနအဖွဲ့ချန်နယ်က စနစ်မက်ဆေ့ခ်ျကို လက်ခံရရှိခဲ့သည်—
[C-183 သုတေသနအဖွဲ့၊ အများသူငါစိတ်ကြိုက်သင်တန်း “တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ”အတွက် အောင်မြင်စွာ စာရင်းသွင်းပြီးပါပြီ။ တနင်္ဂနွေ နေ့လယ် 1: 55 မတိုင်ခင် အများသူငါစိတ်ကြိုက်သင်တန်းကို စာကြည့်တိုက် 5 ထပ်မြောက်ရှိ အများသူငါစိတ်ကြိုက်ဘာသာရပ်စင်တာတွင် ဖြေဆိုရပါမည်။ သုတေသနအဖွဲ့ရှိ အဖွဲ့ဝင်အားလုံးရောက်ထားရမည်ဖြစ်ပြီး နောက်ကျသူကို စာမေးပွဲအရည်အချင်းမပြည့်မီမှုအတွက် အကျသတ်မှတ်ပါမည်။ ဝတ်စုံများနှင့် ပစ္စည်းများကို ဤသင်တန်းတွင် တစ်ပြေးညီ ဖြန့်ဝေမည်ဖြစ်ပြီး စာမေးပွဲခန်းအတွင်းသို့ မည်သည့်ပစ္စည်းကိုမှ ယူဆောင်ခွင့်မပြုပါ။ ကျေးဇူးပြုပြီး အဖွဲ့ခေါင်းဆောင် အတည်ပြုပါ။]
ယွဲ့ရှင်းဝမ်က ခဏတာ အံ့အားသင့်သွားပြီး ကျန်းဖျင်စစ်ကိုကြည့်ကာ အကူအညီမဲ့သောအမူအရာဖြင့် ပြောသည်။
"ဝတ်စုံတွေနဲ့ ပစ္စည်းတွေကို ဝေငှပေးမှာလား… ငါက စားစရာတချို့ဝယ်သွားမလို့ကို ဒီလိုဆိုရင် ငါတို့ ဘာမှယူသွားလို့မရတော့ဘူး"
ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ကာ ပြောခဲ့သည်။
"ဒီသင်တန်းက ငါတို့ ထင်ထားတာထက် ပိုခက်နိုင်တယ်…"
ဒီအများသူငါစိတ်ကြိုက်သင်တန်းမှာ ဘာတွေဖြစ်လာမှာလဲ…
#TK