Chapter 25
Viewers 4k

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်


Chapter 25 (တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ ၀၁)


နောက်နေ့မနက်မှာ ကျောင်းသားအိပ်ဆောင်တွင် အချိန်မီ နှိုးစက်သံ ထွက်ပေါ်လာသည်။ မနက်စာစားဖို့ လူတိုင်းက ကန်တင်းကို သွားခဲ့ကြသည်။ ယွဲ့ရှင်းဝမ်နှင့် အဖွဲ့ဝင်သုံးဦးက အနားယူရန် အိပ်ဆောင်သို့ ပြန်သွားကြသည်။ ကျိုဖုန်း၊ လင်းမန့်လော်နှင့် ရွှီယိရှန်းတို့က ပဉ္စမထပ်ရှိ အများသူငါစိတ်ကြိုက်သင်တန်းသို့ သွားကြသည်။


သူတို့အဖွဲ့နှစ်ဖွဲ့က အတော်လေး ကံကောင်းပြီး အများသူငါစိတ်ကြိုက်သင်တန်းအတွက် စာရင်းသွင်းရာတွင် အောင်မြင်ခဲ့သည်။


ကျောင်းသားအများစုသည် ကျောက်မျက်ရတနာသုံးသပ်ခြင်းကို နားမလည်ကြသော်လည်း အများသူငါစိတ်ကြိုက်သင်တန်းအတွက် “ကျရှုံးရင်တောင် ပြန်လည်ဖြေစရာမလို”ဟူသော စည်းမျဥ်းက လူတိုင်းအား စိတ်ပေါ့ပါးစေကာ ဤသင်တန်းကို စမ်းကြည့်လိုကြသည်။ အောင်သွားရင်လည်း အရှုံးမရှိသလို ကျသွားရင်လည်း အကျိုးသက်ရောက်မှုက သိပ်မရှိပေ။ အတန်း 50 စလုံးပြည့်သွားပြီး မနက် 10:00 နာရီတွင် တရားဝင်အတန်းစတင်ခဲ့သည်။


သင်တန်း၏အကြောင်းအရာက မည်သို့ပင်ရှိပါစေ “စာကြည့်တိုက်အချိန်”အရ ဤသင်တန်းသည် 2 နာရီသာကြာမြင့်ပြီး စာမေးပွဲက နေ့လယ် 12 နာရီတွင် အဆုံးသတ်လိမ့်မည်။ နေ့လယ် 12 နာရီတွင် ယွဲ့ရှင်းဝမ်တို့လေးယောက်က ကျောင်းကန်တင်းဝင်ပေါက်သို့လာကာ သူတို့ကို စောင့်ဆိုင်းနေကြသည်။ သိပ်မကြာခင်မှာပဲ ကျိုဖုန်းနဲ့ အခြားနှစ်ယောက်က ရောက်လာကြပြီး သူတို့၏မျက်နှာက သိပ်မကောင်းပေ။ ယွဲ့ရှင်းဝမ်က အလျင်အမြန် သူတို့ဆီသို့သွားကာ မေးသည်။

"စီနီယာအစ်ကို စာမေးပွဲအခြေအနေက ဘယ်လိုလဲ"


လျှိုကျောက်ချင်းကလည်း စိုးရိမ်စွာ မေးသည်။

"မင်းတို့ အောင်ခဲ့လား"


ကျိုဖုန်းနှင့် သူ့အဖွဲ့ဝင်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သက်ပြင်းချရင်း ပြောသည်။

"ငါတို့ အောင်ခဲ့တယ်… ဒါပေမဲ့ အောင်ရုံတင်အမှတ်လေးနဲ့ပဲ အောင်သွားတာ… ငါတို့က အမှတ် 60 နဲ့ အောင်ခဲ့ပြီး နောက်ဆုံးရမှတ်က 120 ပဲ ရခဲ့တယ်…"


"တစ်ယောက်ကို အမှတ် 120 လား" ယွဲ့ရှင်းဝမ်က မေးသည်။


ကျိုဖုန်းက အားကိုးရာမဲ့စွာ ခေါင်းခါသည်။

"ဒါက စုစုပေါင်း 120 ပဲ… အများသူငါစိတ်ကြိုက်သင်တန်းအတွက် အမှတ်တွေကို အဖွဲ့လိုက်တွက်ချက်တာဖြစ်ပြီး တစ်ဦးချင်းမတွက်ချက်ဘူး… အမှတ်တွေကို အဖွဲ့ခေါင်းဆောင်ဆီ တိုက်ရိုက်ပေးတာ…" တစ်နည်းဆိုရလျှင် အမှတ် 120 က နေ့လယ်စာထမင်းဘူး 12 ဘူး ဝယ်လို့ရတယ်မလား။


"စီနီယာတို့ အောင်ရင်ကို ကောင်းနေပါပြီ… အမှတ် 120 ကလည်း 2 ရက်စာ စားသောက်စရိတ်အတွက် လုံလောက်ပြီးတော့ နောက်ထပ် credit 2 မှတ်လည်း ရခဲ့တယ်လေ… အရှုံးမရှိပါဘူး…"

ယွဲ့ရှင်းဝမ်က နှစ်သိမ့်စကားပြောသည်။


"အင်း… အနည်းဆုံး နှစ်ရက်စာအတွက် ထမင်းဖိုးတော့ လောက်တယ်…" ကျိုဖုန်း၏ မျက်နှာက တဖြည်းဖြည်း ပိုကောင်းလာပြီး စာမေးပွဲ၏အတွေ့အကြုံနဲ့ ပတ်သက်ပြီး လူတိုင်းကို ပြောပြခဲ့သည်။ "စာမေးပွဲအစမှာ ငါတို့အားလုံးကို လေလံပစ်တဲ့နေရာဆီ ခေါ်သွားပြီး လေလံပစ်နေရင်းတစ်ဝက်မှာ ရုတ်တရက် ကျောက်မျက်ရတနာတွေ ပျောက်သွားတယ်… ခိုးသွားတဲ့ ကျောက်မျက်ရတနာနဲ့ သူခိုးကဘယ်သူလဲဆိုတာ ရှာဖို့ ငါတို့ကိုပြောတယ်…"


လင်းမန့်လော်က ထပ်ပေါင်းပြောသည်။

"ကျောင်းသားတွေအားလုံးက လေလံပစ်တဲ့နေရာကို ဇောက်ထိုးလှန်ပစ်လုနီးပါး ဖြစ်သွား‌တယ်… ဒါပေမဲ့ နောက်ဆုံးမှာ အဲဒါတွေကို ငါတို့ရှာမတွေ့ခဲ့ဘူး… ဒီလိုစိန်သေးသေးလေးတွေကို ဘယ်မှာဝှက်ထားလဲဆိုတာ ပြောထားတာမျိုး မရှိဘူးလေ… ကံကောင်းလို့ ငါတို့ သုံးခုရှာတွေ့ခဲ့တယ်… တချို့အဖွဲ့တွေက ဘာမှရှာမတွေ့ဘဲ တစ်နေ့ကုန် ကြိုးစားခဲ့ပေမဲ့ အချည်းနှီးပဲ…"


ရွှီယိရှန်းက ပြုံးကာပြောသည်။

"ဒီသင်တန်းရဲ့ ကျရှုံးမှုနှုန်ူက အရမ်းမြင့်မားပြီး မြင်ကွင်းကလည်း အရမ်းရှုပ်ထွေးတယ်… ကံကောင်းစွာပဲ မကောင်းဆိုးရွားတွေကို တိုက်ခိုက်စရာ မလိုသလို အသက်အန္တရာယ်လည်း မရှိဘူး… ရှင်းဝမ်ပြောတာ မှန်တယ်… ငါတို့ ‌အောင်ခဲ့ပြီး credit 2 မှတ် နဲ့ အမှတ် 120 ရခဲ့တာက အရှုံးမရှိပါဘူး…"


အားလုံးက အတူတူထမင်းစားရန် ကန်တင်းထဲကို ဝင်သွားကြသည်။ လင်းမန့်လော်က ယွဲ့ရှင်းဝမ်ကို နူးညံ့စွာ သတိပေးသည်။

"ရှင်းဝမ် မနက်ပိုင်း အများသူငါစိတ်ကြိုက်သင်တန်းရဲ့ ကျရှုံးမှုနှုန်းကို တွက်ချက်ကြည့်ရင် နေ့လယ်ပိုင်း “တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ”ကလည်း သိပ်တော့ရိုးရှင်းမှာမဟုတ်ဘူး… နင်တို့တွေ စိတ်ကိုပြင်ဆင်ထားသင့်တယ်…"


"အင်း… သင်တန်းစည်းမျဉ်းတွေမှာ ဝတ်စုံတွေနဲ့ ပစ္စည်းတွေကို ဖြန့်ဝေပေးမယ်လို့ ပြောထားတယ်… အဲဒါက ကြမ်းတမ်းတဲ့ ရှင်သန်ခြင်းပုံစံ ဖြစ်လာမယ်လို့ ထင်မိတယ်…"

ယွဲ့ရှင်းဝမ်က သူ့ဘေးနာရှိ ကျန်းဖျင်စစ်ကို ကြည့်ပြီး ပြောသည်။ "ကံကောင်းတာက ငါတို့လေးယောက်မှာ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တဲ့ စွမ်းရည်တွေရှိတယ်… ဖျင်စစ်ရဲ့ သန်မာတဲ့ အကွာအဝေးထိန်းချုပ်မှုလည်း ရှိတာဆိုတော့ အဲဒါက ရှင်သန်ခြင်းအတန်းဆိုရင်တောင် ကြောက်စရာမရှိပါဘူး…"


ကျန်းဖျင်စစ်က တည်ငြိမ်စွာ ပြောသည်။

"စိတ်မပူပါနဲ့… ငါတို့ ဒီသင်တန်းကို သေချာပေါက် အောင်မြင်မှာပါ…"

သူ၏ယုံကြည်မှုရှိပြီး တည်ငြိမ်သောအသွင်အပြင်ကိုမြင်တော့ ယွဲ့ရှင်းဝမ်က သူ့ပခုံးကိုပုတ်ကာ ပြုံးပြသည်။

"မင်းရဲ့နိမိတ်ကောင်းတဲ့စကားကြောင်း ဒီသင်တန်းရဲ့စာမေးပွဲကို အောင်မြင်မယ်လို့ ငါမျှော်လင့်တယ်"


နေ့လယ်စာစားပြီးနောက် ယွဲ့ရှင်းဝမ်နှင့် အခြားသုံးယောက်က တစ်ချိန်တည်းတွင် စနစ်သတိပေးချက်ကို လက်ခံရရှိခဲ့သည်။

"သင်တို့ရဲ့ C-183 သုတေသနအဖွဲ့က ဒီနေ့ နေ့လယ်ပိုင်းမှာ အတန်း 1 တွင် သတ်မှတ်ထားတဲ့ “တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ”သင်တန်းအတွက် စာရင်းသွင်းထားပါတယ်… ကျေးဇူးပြုပြီး နေ့လယ် 1:55 မတိုင်မီ 5 ထပ်မြောက်က အများသူငါစိတ်ကြိုက်ဘာသာရပ်စင်တာမှာ လက်မှတ်ရေးထိုးရပါမယ်…"


ယွဲ့ရှင်းဝမ်နှင့် သူ၏အဖွဲ့ဝင်များက 5 ထပ်မြောက်ရှိ အများသူငါစိတ်ကြိုက်ဘာသာရပ်စင်တာသို့ 10 မိနစ်စော၍ ရောက်ရှိခဲ့ကြသည်။


တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲတွင် အတန်းပေါင်း 50 ရှိပြီး စုစုပေါင်း ကျောင်းသား 5,000 ရှိသည်။ သို့သော် အများသူငါစိတ်ကြိုက်သင်တန်းမှာ လူစည်းကားခြင်းမရှိပေ။ ဉာဏ်ရည်မြင့်စနစ်က မတူညီသောအတန်းများမှ ကျောင်းသားများကို အလိုအလျောက် ပိုင်းခြားထားသည်။ ယွဲ့ရှင်းဝမ်တို့ လေးယောက်သည် ထိုအထပ်ကို ရောက်သောအခါ ခန်းမတစ်ခုလုံးတွင် ကျောင်သား 100 ထက်မနည်း ရှိနေခဲ့သည်။ အလယ်ရှိ ဖန်သားပြင်မှာ “တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ အတန်း 1 လက်မှတ်ထိုးဝင်ပါ”ဟု ရေးထားသည်။


လက်မှတ်ထိုးဝင်သည့်နေရာတွင် စမတ်တက်ဘလက်အများအပြားကို ထားရှိထားသည်။ ယွဲ့ရှင်းဝမ်သည် သူ၏အဖွဲ့ဝင်များနှင့်အတူ လမ်းလျှောက်သွားကာ သက်သေခံဧရိယာရှိ လက်ဗွေရာများကို နှိပ်လိုက်သည်။ ဖန်သားပြင်ပေါ်တွင် သတိပေးချက်တစ်ခု ပေါ်လာသည်။

"C-183 သုတေသနအဖွဲ့မှ အဖွဲ့ဝင်များအားလုံး အောင်မြင်စွာ လက်မှတ်ထိုးဝင်ရောက်ပြီးပါပြီ။ စာမေးပွဲခန်းဖွင့်ပါတော့မယ်။ ကျေးဇူးပြု၍ စောင့်ပါ။"


သင်တန်းမစခင် 8 မိနစ်ပဲ ကျန်တော့သည်။


ဤသည်မှာ အတန်း 1 အတွက် check-in ဝင်ခြင်းနေရာဖြစ်ပြီး အနီးနားရှိ ကျောင်းသားများသည် နောက်ပိုင်းတွင် တူညီသောစာမေးပွဲခန်းထဲသို့ ဝင်မည်ဖြစ်ကြောင်း ညွှန်ပြနေပါသည်။


လူတိုင်းက တစ်ယောက်နှင့်တစ်ယောက် မရင်းနှီးတာကြောင့် အဖွဲ့သားအချင်းချင်းသာ အသံတိုးတိုးဖြင့် ဆွေးနွေးနေကြသည်။


ရုတ်တရက် ကောင်လေးတစ်ယောက်က ကျယ်လောင်သောအသံနဲ့ပြောသည်။

"အတန်းဖော်တို့ ဒီသင်တန်းက ရှင်သန်ခြင်းပုံစံဖြစ်မယ်ဆိုရင် အားလုံးပူးပေါင်းကြဖို့ မျှော်လင့်ပါတယ်… မင်းတို့ မပူးပေါင်းနိုင်ရင်တောင် အခြားသူတွေကို ဒုက္ခမပေးကြပါနဲ့… ဒါ့အပြင် ငါတို့တွေ သင်တန်းကို ကျသွားရင်တောင် အများသူငါစိတ်ကြိုက်သင်တန်းကို ပြန်တက်ဖို့ မလိုအပ်တာကြောင့် ကိုယ့်အတန်းဖော်တွေနဲ့ တိုက်ခိုက်ဖို့ မလိုအပ်ပါဘူး… ကိုယ့်ရဲ့စွမ်းရည်တွေကို ကောင်းကောင်းမွန်မွန်သုံးပြီး အခြားကျောင်းသားတွေ မထိခိုက်စေပါနဲ့"


ထိုစကားကိုကြားတော့ လူတော်တော်များများ ခေါင်းငြိမ့်သဘောတူခဲ့ကြပေမယ့် ကျောင်းသားတချို့က သူ့ကို တစ်ချက်ကြည့်ပြီး လျစ်လျူရှုခဲ့ကြသည်။


သို့သော် ဒါကိုပြောပြီးနောက် ထို‌ကောင်လေးက ပြုံးကာ တစ်ဖက်သို့လှည့်ပြီး သူ့ဘေးနားက သူ့အဖွဲ့ဝင်များကို အသံတိုးတိုးဖြင့် စကားပြောနေသည်။ ယွဲ့ရှင်းဝမ်သည် မမျှော်လင့်ဘဲ ရင်းနှီးသော မျက်နှာကို တွေ့လိုက်ရသည်။ အရပ် 155 စင်တီမီတာရှိပြီး ပိန်ပိန်ပါးပါး မိန်းကလေးသည် ဆံပင်ကိုစုစည်းထားပြီး ဖြူဖျော့သောအသားအရည်ဖြင့် ထိုကောင်လေးဘေးမှာ ရပ်နေတာကြောင့် သူမကို လုံးဝမမြင်ရပေ။ ထိုအချိန်တွင် သူမ ဘေးကိုရွှေ့လိုက်ရာမှ ယွဲ့ရှင်းဝမ်က သူမကို မြင်လိုက်ရသည်။


သူမကလည်း ယွဲ့ရှင်းဝမ်၏အကြည့်ကို သတိပြုမိပြီး ဤနေရာကို လှမ်းကြည့်ကာ ချက်ချင်းပင် သူမ၏မျက်လုံးများ တောက်ပလာသည်။

"ရှင်းဝမ်လား"


ယွဲ့ရှင်းဝမ်က သူမကို ပြုံးပြပြီး ပြောသည်။

"တိုက်ဆိုင်လိုက်တာ လျှိုရှောင်းရှောင်း…"


လျှိုရှောင်းရှောင်းက လျင်မြန်စွာ ပြေးလာပြီး ယွဲ့ရှင်းဝမ်ရှေ့မှာရပ်ကာ သူ့ကိုကြည့်ရန် ခေါင်းကိုမော့လိုက်ပြီး စိတ်လှုပ်ရှားနေသောအသံဖြင့် ပြောသည်။

"တိုင်ဆိုင်လိုက်တာ… စီနီယာအစ်ကိုလျှိုနဲ့ ရှောင်ခယ်တို့လည်း ရှိကြတာပဲ၊ ရှင်တို့က အဖွဲ့ဖွဲ့လိုက်တာလား" 


ယွဲ့ရှင်းဝမ်အနားရှိ ချောမောပြီး ဂရုမစိုက်ဟန်ပုံစံဖြင့် ယောင်္ကျားလေးကို သူမ မသိတာကြောင့် အလျင်စလို နှုတ်မဆက်ရဲပေ။


ယွဲ့ရှင်းဝမ်က ပြန်ဖြေသည်။

"ဟုတ်တယ်… ငါတို့က တစ်ကျောင်းတည်းသားဆိုတော့ သုတေသနအဖွဲ့ကို အတူတူဖွဲ့လိုက်ကြတာ…"


ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ကာ သူမကို တစ်ချက်ကြည့်လိုက်သည်—— ဒီမိန်းကလေးက ချစ်စရာကောင်းတဲ့မျက်နှာနဲ့ ပိန်ပြီး သေးကွေးတယ်… ရှင်းဝမ်ရဲ့သူငယ်ချင်းတွေထဲမှာ ဒီလိုလူကို သူမမှတ်မိဘူး… စာကြည့်တိုက်မှာ သူက သူမကို တွေ့ခဲ့တာလား။


ကျန်းဖျင်စစ်က တစ်ဖက်လူအား ကြည့်နေတာကို သတိပြုမိတော့ ယွဲ့ရှင်းဝမ်က ချိုသာစွာ မိတ်ဆက်ပေးသည်။

"ဒါက ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်က လျှိုရှောင်းရှောင်းတဲ့… “နှလုံးသွေးကြောဆိုင်ရာလူနာဆောင်”စာမေးပွဲခန်းထဲမှာ ငါတို့တွေ အတန်းတစ်ခုထဲ ကျခဲ့တာ…"


ကျန်းဖျင်စစ်က ‘အင်း’ ဟု စိတ်မပါစွာပြောပြီး သူမကို နှုတ်ဆက်သည့်အနေဖြင့် ခေါင်းငြိမ့်ပြသည်။


ယွဲ့ရှင်းဝမ်က မိတ်ဆက်ပေးခဲ့သည်။

"ဒါက သင်္ချာဌာနက ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်း ကျန်းဖျင်စစ်တဲ့…"


လျှိုရှောင်းရှောင်းက ရုတ်တရက် သဘောပေါက်သွားသည်။

"ဒါက နင်ပြောဖူးတဲ့ သင်္ချာဌာနက နင့်အချစ်ဆုံးသူငယ်ချင်းဆိုတာလား"


ယွဲ့ရှင်းဝမ်က ပြုံးကာပြောသည်။

"ဟုတ်တယ်…"


ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကို နားမလည်သောအကြည့်ဖြင့် ကြည့်လိုက်တော့ ယွဲ့ရှင်းဝမ်က သူ့အနားသို့ကပ်ကာ ရှင်းပြသည်။

"ငါက အရင်က လူသတ်သမားအကြောင်း တွက်ဆတဲ့အခါ မင်းသင်ပေးခဲ့တဲ့ လမ်းကြောင်း ခွဲခြမ်းစိတ်ဖြာနည်းကို ငါသုံးခဲ့တာ… ငါက တရုတ်ဘာသာစကားဌာနကဖြစ်ပြီး အချက်အလက်တွေကို ဘာလို့ဒီလောက်ထိအာရုံခံနိုင်တာလဲဆိုပြီး သူတို့ကမေးကြတယ်… ငါ့မှာ သင်္ချာဌာနက သူငယ်ချင်းတစ်ယောက်ရှိပြီး မင်းရဲ့လွှမ်းမို့မှုခံရတာလို့ ငါပြောလိုက်တာ…"


ကျန်းဖျင်စစ်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေပြီး အသံတိုးတိုးနဲ့ မေးသည်။

"မင်းက အခြားသူတွေရှေ့မှာ ငါ့အကြောင်း မကြာခဏ ပြောတာလား"


ယွဲ့ရှင်းဝမ်က ‌အေးဆေးတည်ငြိမ်စွာကြည့်ပြီး ပြန်ဖြေသည်။

"ငါ ဒီအတိုင်း ပြောလိုက်ရုံပါ…"


ကျန်းဖျင်စစ်သည် နောက်ထပ်မေးခွန်းများ မမေးတော့သော်လည်း သူ့မျက်နှာမှာ ယခင်ကဲ့သို့ အေးစက်ခြင်းမရှိတော့ပေ။


လျှိုကျောက်ချင်းက ရယ်ကာ အရွှန်းဖောက်သည်။

"မျောက်တွေကို စာသင်ပေးခဲ့တဲ့ အတန်းဖော်လျှိုရှောင်းရှောင်း၊ မင်းက သုတေသနအဖွဲ့ကို ရှာတွေ့ပြီလား"


လျှိုရှောင်းရှောင်းက ရှက်ရွံ့စွာ ပြောသည်။

"ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်က စီနီယာအစ်ကို၊ အစ်မတွေနဲ့ ကျွန်မ အဖွဲ့ဖွဲ့ထားတယ်… ကျွန်မ စီနီယာအစ်ကိုရဲ့နာမည်က ချင်းလန်၊ သူက အရမ်းသဘောကောင်းတယ်… စာမေးပွဲက ဘာဖြစ်မလဲဆိုတာ ကျွန်မ မသိသေးဘူး… ဖြစ်နိုင်ရင် ထပ်ပြီး အတူတူ အလုပ်လုပ်ကြတာပေါ့"


အကျိုးစီးပွားတွင် ပဋိပက္ခမရှိဟု ယူဆကာ ယွဲ့ရှင်းဝမ်သည် သင်တန်းကိုအောင်မြင်ရန် အခြားကျောင်းသားများနှင့် ပူးပေါင်းလုပ်ဆောင်ဖို့ ဆန္ဒရှိပါသည်။ သူမ၏စီနီယာအစ်ကိုနာမည်မှာ ချင်းလန်ဖြစ်ပြီး မနေ့ညက ဖိုရမ်တွင် “တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲလမ်းညွှန်”ကို တင်ခဲ့သည့် ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်မှ ရူပဗေဒဌာနက ချင်းလန်ဖြစ်သည်။ သူသည် အလွန်စိတ်အားထက်သန်သူဖြစ်ပြီး လျှိုရှောင်းရှောင်းကို အစကတည်းက သိနေပုံရသောကြောင့် ဒီကျောင်းသူလေးကို သူ၏သုတေသနအဖွဲ့သို့ ခေါ်ခဲ့တာဖြစ်မည်။


ယဲ့ရှင်းဝမ်က ခေါင်းငြိမ့်ကာ ပြောသည်။

"ကိစ္စမရှိပါဘူး… ငါတို့ ပူးပေါင်းဆောင်ရွက်ခွင့်ရရင် ဒီအကြောင်း ဆက်ပြောကြတာပေါ့…"


လျှိုရှောင်းရှောင်းက လှည့်ကာ သူမ၏အဖွဲ့ဝင်များထံ ပြန်သွားပြီး ယွဲ့ရှင်းဝမ်ကို သူမ၏စီနီယာအစ်ကို၊အစ်မများနှင့် မိတ်ဆက်ပေးခဲ့သည်။ တစ်ဖက်လူများကလည်း ယွဲ့ရှင်းဝမ်ကို ဖော်ရွေစွာ ကြည့်ခဲ့ပြီး ယွဲ့ရှင်းဝမ်ကလည်း သူတို့ကို ခေါင်းငြိမ့် နှုတ်ဆက်ခဲ့သည်။ 


စက်ရုံအသံတစ်ခုက သူတို့နားထဲတွင် ထွက်ပေါ်လာသည်။

"လက်မှတ်ထိုးဝင်ရောက်ရန် အချိန်စေ့သွားပါပြီ… စာမေးပွဲခန်းဖွင့်ပါတော့မယ်… ကျေးဇူးပြု၍ ပြင်ဆင်ထားကြပါ…"


10 စက္ကန့်ကြာ ရေတွက်ပြီးနောက် လူတိုင်းရှေ့မှာ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်——


အားလုံးစုပေါင်းပြီး ရဟတ်ယာဉ်ကြီးတစီးပေါ်တွင် ရောက်နေတာကို တွေ့လိုက်ရသည်။ လူတိုင်း နှစ်ယောက်တစ်တွဲစီ မျက်နှာချင်းဆိုင် ထိုင်နေကြပြီး စစ်ဝတ်စုံ အစိမ်းရင့်ရင်ရောင် ရုပ်ဖျက်ယူနီဖောင်းများကို ဝတ်ဆင်ထားကြကာ သူတို့၏နောက်တွင် ကျောပိုးအိတ်တစ်လုံးရှိနေသည်။


ပန်ကာ၏ ဆူညံသော‌လည်သံကို ကြားနေရသည်။


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ပြန်ကြည့်ကာ အကြည့်ချင်းဆုံသွားသည်။


အကျွမ်းတဝင်ရှိသော ရုပ်ဖျက်ယူနီဖောင်းသည် သူ၏ပထမနှစ် ကျောင်းတက်တုန်းက စစ်လေ့ကျင့်ရေးကို အမှတ်ရစေသည်။ ယွဲ့ရှင်းဝမ်သည် စာမေးပွဲခန်းထဲတွင် ရုတ်တရက် အဝတ်အစားလဲခံရတာကို ဆေးပညာဌာနတွင် အတွေ့အကြုံရှိခဲ့သည်။ သို့သော် မေးစရာရှိတာက ရဟတ်ယာဉ်ပေါ်မှာ သူတို့ ဘာလုပ်မှာလဲ။


နောက်အခိုက်အတန့်မှာတော့ အခန်းထဲ၌ အေးစက်စက် စက်ရုပ်အသံကို ကြားလိုက်ရသည်။

"ကျောင်းသားတွေအားလုံးကို အများသူငါစိတ်ကြိုက်ဘာသာရပ်ရဲ့ “တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ”သင်တန်းကနေ ကြိုဆိုပါတယ်… ရဟတ်ယာဉ်က သင်တို့ စာမေးပွဲဖြေမယ့်ကျွန်းကို ခေါ်သွားမှာဖြစ်တာကြောင့် အဆင်သင့်ပြင်ထားကြပါ…"


အခန်းထဲတွင် ဆွေးနွေးများစွာ ရှိနေခဲ့သည်——


"ကျွန်းကိုသွားမယ်… အဲဒါက ကြမ်းတမ်းတဲ့ ရှင်သန်ခြင်းမဟုတ်ဘူးလား"


"အဲဒီကို ရဟတ်ယာဉ်နဲ့ ပို့ပေးမှာနဲ့ပတ်သက်ပြီး ငါ့စိတ်ထဲ ဘာလို့ တုန်လှုပ်သွားရတာလဲ"


"အဲဒါက ငှက်တွေမရှိတဲ့ ကန္တာရကျွန်းများလား… အဲဒီမှာ ငါတို့ ဘယ်နှစ်ရက်နေရမှာလဲ"


စက်ရုပ်အသံက ကျောင်းသားများ၏ ဆွေးနွေးမှုကို ဂရုမစိုက်ဘဲ အေးစက်စွာ ဆက်ပြောသည်။

"ကျောင်းသားတွေအားလုံးရဲ့နောက်မှာ လေထီးတွေရှိပါတယ်… ရဟတ်ယာဉ်က တည်နေရာကို ရောက်တဲ့အခါ ကျေးဇူးပြုပြီူ ကိုယ့်ဟာကိုယ် လေထီးနဲ့ ခုန်ချပါ… လေထီးခုန်ဖို့အတွက် အနိမ့်ဆုံး အန္တရာယ်ကင်းတဲ့ အမြင့်က မီတာ 500 ဖြစ်ပါတယ်… ဒါကြောင့် မီတာ 500 အမြင့်အထက်ကနေ လေထီးကိုဖွင့်ပါ… သင်တို့ ပြုတ်ကျပြီး သေသွားရင် နောက်ဆက်တွဲအကျိုးဆက်တွေအတွက် တာဝန်ယူရပါမယ်…"


အားလုံး: "???"


ဘာပြောတယ်… လေထီးခုန်ရမယ်…


စက်ရုပ်အသံက ဆက်လက်ပြောသည်။

"နောက်ထပ်ကတော့ လေထီးပြုလုပ်ပုံ ညွှန်ကြားချက်တွေကို ဂရုတစိုက် ကြည့်ပါ…"


ယွဲ့ရှင်းဝမ်သည် ရဟတ်ယာဉ်ဖြင့် ပထမဆုံးအကြိမ် ပျံသန်းခြင်းဖြစ်သည်။ အရင်တုန်းကတော့ လေယာဉ်က ဆင်းသောအခါ “အကာအကွယ်ညွှန်ကြားချက်များ”ကို ထိုင်ခုံရှေ့မှာ ဖွင့်ထားပေမယ့် အခုတစ်ကြိမ်မှာတော့ “လေထီးပြုလုပ်ပုံ ညွှန်ကြားချက်များ”ကို ဖွင့်ထားသည်။


ကျောင်းသားအုပ်စုတစ်စုကို အစမှာတင် လေထီးခုန်ချရန် တိုက်ရိုက်ဆွဲသွင်းတာက အလွန်စိတ်လှုပ်ရှားစရာကောင်းသည် မဟုတ်ပါလား။


ယွဲ့ရှင်းဝမ်က ချက်ချင်းပင် အခန်းတွင်းရှိ ဗီဒီယိုကို အာရုံစိုက်လိုက်သည်။


ဤဗီဒီယိုက လေထီး၏ပြုလုပ်ပုံလမ်းညွှန်ချက်၊ ၎င်းကိုဖွင့်နည်းနှင့် ဦးတည်ချက်ထိန်းချုပ်နည်းတို့ကို အတိုချုပ်ဖော်ပြထားသည်။ အထူးခက်ခဲပုံမပေါ်ချေ။ သို့သော် မြင့်မားသည့်အနေအထားကနေ အောက်ကို ခုန်ဆင်းတာအား တွေးကြည့်လိုက်တိုင်း လူတိုင်း၏ နှလုံးက ရပ်လုနီးပါးဖြစ်သွားနိုင်သည်။  


လူသားတိုင်းတွင် မြင့်မားသောအမြင့်ကို ကြောက်ရွံ့ခြင်းရှိလိမ့်မည်။ အထူးသဖြင့် “ပြုတ်ကျပြီး သေသွားရင် နောက်ဆက်တွဲအကျိုးဆက်တွေအတွက် တာဝန်ယူရပါမယ်”ဟူသော စကားက လူတို့တွေကို စိတ်ဖိစီးစေသည်—— “ပြုတ်ကျပြီးသေသွားတာမျိုး” အတွေ့အကြုံကို မည်သူမျှ မခံစားချင်ကြပေ။ 


ဗီဒီယိုကို တစ်ကြိမ်သာ ဖွင့်ပြခဲ့ပြီး စက်ရုပ်အသံက ထပ်မံ ထွက်ပေါ်လာသည်။

"စာမေးပွဲနေရာကို ရောက်ရှိလာပါတော့မယ်…ရဟတ်ယာဉ်က ကျွန်းတစ်ဝိုက်မှာ 10 မိနစ်ကြာ လှည့်ပတ်သွားမှာဖြစ်ပါတယ်… ကျောင်းသားတွေက လေထီးခုန်ရန် စိတ်ကြိုက်နေရာကို ရွေးချယ်နိုင်ပါတယ်… တူညီတဲ့ သုတေသနအဖွဲ့ရဲ့ အဖွဲ့ဝင်တွေက ခုန်ချတဲ့အခါ လူကွဲသွားတာမျိုးမဖြစ်အောင် အဖွဲ့ဝင်တွေရဲ့ တည်နေရာကို အာရုံစိုက်ကြပါ…"


စက်ရုပ်အသံ: "ဒီတောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ စာမေးပွဲက 3 ရက်ကြာမှာဖြစ်ပြီး အစားအသောက်နဲ့ နေရာထိုင်ခင်းကို ကိုယ့်ဟာကိုယ် ဖြေရှင်းရမှာဖြစ်ပါတယ်… အဖွဲ့ခေါင်းဆောင်ရဲ့ ကျောပိုးအိတ်ထဲမှာ မြေပုံ၊ သံလိုက်အိမ်မြှောင်နဲ့ အခြားကိရိယာတွေ ပါရှိပါတယ်… ကျွန်းပေါ်မှာ ပြန့်ကျဲနေတဲ့ အမှတ်ကတ်တွေ အများကြီးရှိပါတယ်… သက်ဆိုင်တဲ့အမှတ်တွေကိုရယူဖို့ အမှတ်ကတ်တွေကို စုဆောင်းရမယ်… အမှတ် 60 စုဆောင်းပြီးပါက အောင်မြင်ပြီးလို့ သတ်မှတ်နိုင်ပါတယ်… သုံးရက်မြောက်သောနေ့ ည 12 နာရီမတိုင်ခင် ပန်းတိုင်ကို ရောက်ရှိရပါမယ်… မဟုတ်ရင် စာမေးပွဲမအောင်ဘူးလို့ သတ်မှတ်မှာပါ…"


ရဟတ်ယာဉ်သည် လေထဲတွင် ပျံဝဲလာကာ အခန်းအတွင်း၌ စူးရှရှအသံတစ်ခုထွက်ပေါ်လာပြီး တံခါးက ကျယ်ကျယ်ပွင့်သွားသည်။ အေးစက်သောလေက အရှိန်ပြင်းပြင်းဝင်လာကာ ကျောင်းသားများသည် မျက်လုံးဖွင့်ရန်ပင် မတတ်နိုင်ဘဲ ဆံပင်များက ချက်ချင်းပင် ရှုပ်ပွသွားခဲ့သည်။ 


‘တီ တီ’ အချက်ပြသံက လူတိုင်းကို လေထီးခုန်ဆင်းရန် တိုက်တွန်းနေသည်။


ကျောင်းသားအယောက် 100 က တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။


ယောင်္ကျားလေးတစ်ယောက်က တံခါးဝဆီသို့ ရဲဝံ့စွာလျှောက်သွားပြီး အောက်ကိုငုံ့ကြည့်ကာ သူ့ခြေထောက်များ အားနည်းလုနီးပါးဖြစ်သွားသည်။

"Fuck… ဒါက ဘယ်လောက်တောင်မြင့်တာလဲ"


သူ့ဘေးနားရှိ အဖွဲ့ဝင်က တုန်တုန်ယင်ယင်ဖြင့် ပြောသည်။

"လေထီးမှာ အမြင့်ပေကို ညွှန်ပြထားပြီး လက်ရှိအမြင့်ပေက မီတာ 3,000 ရှိတယ်…"


မိန်းကလေးတချို့က ငိုမဲ့မဲ့ဖြစ်နေကြသည်။

"ငါဘယ်လိုလုပ်ရမလဲ… ငါအမြင့်ကြောက်တယ်… ပြုတ်ကျပြီး သေတော့မှာလား… ဒါမှမဟုတ် ဒီသင်တန်းကို မဖြေဘဲနေကြရအောင်… ငါတို့ ဒီအတန်းကို ကျော်လို့ရတယ်မလား… အများသူငါစိတ်ကြိုက်သင်တန်းကို ကျော်ဖို့ မဖြစ်နိုင်ဘူးလား"


"ဟုတ်တယ်… ငါက ခုန်ချမှာမဟုတ်ဘူး… ငါ အတန်းကို ကျော်လိုက်လို့မရဘူးလား"


ပတ်ဝန်းကျင်မှာ ဆူညံသံတွေ အများကြီးကြားရပြီး ဘယ်သူကမှ အရင်ခုန်ဆင်းဖို့ မဝံ့ရဲကြပေ။


စက်ရုပ်အသံ: "လေထီးခုန်ချဖို့အတွက် အဆင်သင့်ပြင်ထားပါ… အချိန်စေ့ရင် ကျောင်းသားတွေကို ဖိအားပေး ခုန်ချခိုင်းပါမယ်…" 


လျှို့ကျောက်ချင်းက တိုးတိုးပြောသည်။

"ဒါက PUBG ရဲ့ live-action ဗားရှင်းမဟုတ်ဘူးလား… လူတစ်စုကို ကန္တာရကျွန်းဆီ ကောင်းကင်ကနေ ခုန်ချဖို့ ခေါ်ဆောင်သွားတယ်… ငါက PUBG ဂိမ်းကို ကွန်ပျူတာမှာ ကစားလေ့ရှိပြီး၊ အခုတော့ တကယ်ခုန်ချရတော့မယ်… ဒါက အရမ်းစိတ်လှုပ်ရှားစရာ ကောင်းတယ်"


ခယ်ရှောင်ပင်းသည် ပြတင်းပေါက်မှ ငုံ့ကြည့်ကာ စိတ်လှုပ်ရှားနေသည်။ အမြင့် 3,000 မီတာတွင် လေပြင်းပြင်းနှင့် စိမ်းပြာရောင်ပင်လယ်ထဲတွင် ဘဲဥပုံကျွန်းတစ်ကျွန်းသာ ရှိသည်။ အကယ်၍ လေထီးခုန်ချခြင်း အတွေ့အကြုံမရှိသော ကျောင်းသားများသည် တိုက်ရိုက်ခုန်ချလိုက်ရင် ဦးတည်ရာကို ကောင်းကောင်းမထိန်းနိုင်ဘဲ ပင်လယ်ထဲ ပြုတ်ကျပြီး ရေနစ်တာ ဒါမှမဟုတ် သန္တာကျောက်တန်းကို မတော်တဆ တိုက်မိတာ ပြုတ်ကျပြီး သေတာကို တွေးကြည့်လိုက်ရင် အတော်လေး စိတ်မသက်မသာခံစားရသည်။


စောစောက သိခဲ့လျှင် “ကျောက်မျက်ရတနာသုံးသပ်ခြင်း”ကို ရွေးချယ်ပြီး စိန်ရှာရန် လေလံပွဲသို့ သွားတာက ပိုကောင်းပါသည်။ 


အချိန် 10 မိနစ် ရေတွက်နေပြီး အဆက်မပြတ်မြည်နေသည့် အချက်ပေးသံများက အခန်းတွင်းရှိ လေထုကို အလွန်တင်းမာစေသည်။


ကျန်းဖျင်စစ်က သူ့ကိုကြည့်နေသည့် ယွဲ့ရှင်းဝမ်အား ပြန်ကြည့်လိုက်သည်။ နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကာ အခန်းတံခါးဆီသို့ လျှောက်သွားကြသည်။ လျှိုကျောက်ချင်းနှင့် ခယ်ရှောင်ပင်းတို့က အံကြိတ်ကာ အနောက်ကနေ လိုက်လာကြသည်။


ကျန်းဖျင်စစ်က အသံတိုးတိုးဖြင့် ပြောသည်။

"မင်းတို့အရင်ခုန်ချလိုက်… ငါနောက်ဆုံးမှသွားမယ်… မင်းတို့ရဲ့ ဦးတည်ချက်က လမ်းလွဲသွားတယ်ဆိုရင် ဒါမှမဟုတ် အန္တရာယ်ကြုံလာရင် မင်းတို့ရဲ့လမ်းကြောင်းကို ပြောင်းလဲဖို့ ကိုဩဒီနိတ်စနစ်ကို ငါသုံးပေးလို့ရတယ်…"


ဆင်းသက်စဉ်အတွင်း ကိုဩဒီနိတ်များကို တွက်ချက်ရန်နှင့် ဖော်မြူလာများရေးရန်မှာလည်း ခက်ခဲလွန်းသည်။


သို့သော် ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်၏စွမ်းရည်ကို ယုံကြည်ခဲ့သည်။


သူက သင်္ချာဆိုင်ရာပုံစံငယ်နိုင်ငံတကာပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်စွမ်းရှိသူဖြစ်သည်။ သူသည် တတိယနှစ်တွင် သင်္ချာဌာန၏ သင်တန်းအားလုံးကို ပြီးမြောက်ထားသည့် ထိပ်တန်းကျောင်းသားဖြစ်ပြီး ဘွဲ့လွန်ကျောင်းသားအဖြစ် တက်ရောက်ရန် အတည်ပြုထားပြီးဖြစ်သည်။ အမြန်နှုန်း၊ အချိန်၊ အကွာအဝေး၊ ဦးတည်ချက် ထိုအရာများကို ကိုဩဒီနိတ်စနစ်ဖြင့် သူသေချာစွာ တွက်ချက်နိုင်သည်။


ယွဲ့ရှင်းဝမ်က တစ်ဖက်လူကိုကြည့်ကာ ပြုံးပြပြီး လက်ကိုဆန့်လိုက်သည်။

"ငါအရင်ဆုံး ခုန်လိုက်မယ်… ငါ ပြုတ်ကျပြီးသေသွားရင် ငါတို့ ပြန်ရောက်တဲ့အခါ မင်းနဲ့ စာရင်းရှင်းမှာနော်…"


ကျန်းဖျင်စစ်က သူ့လက်ကို ဆန့်လိုက်ပြီး နှစ်ယောက်‌သား တစ်ယောက်ကို တစ်ယောက် အားပေးသလိုမျိုး လက်ဝါးရိုက်လိုက်သည်။


ထို့နောက် ယွဲ့ရှင်းဝမ်က တံခါးကနေ ခုန်ဆင်းလိုက်တော့သည်။


လျှိုကျောက်ချင်းနှင့် ခယ်ရှောင်ပင်းတို့က သတိရှိရှိဖြင့် နောက်ကနေ လိုက်လာကြပြီး ကျန်းဖျင်စစ်က နောက်ဆုံးမှ ခုန်ချခဲ့သည်။ ဒီလမ်းကြောင်းအတိုင်း ‌သူ၏အောက်က အဖွဲ့ဝင်သုံးဦး၏ အနေအထားကို မြင်နိုင်ကာ အဖွဲ့ဝင်များကို ကာကွယ်ရန် သူ၏ ကိုသြဒီနိတ်စနစ်ကို အသုံးပြုနိုင်သည်။


အခန်းထဲတွင် အာမေဋိတ်သံတစ်ခု ပေါ်လာသည်။

"Fuck… သူတို့ ခုန်ချသွားပြီ"


အခြားကျောင်းသားများက ဒါကိုကြားတော့ ခေါင်းငုံ့ပြီး ပြတင်းပေါက်ကနေ ငုံ့ကြည့်ကြသည်။


ပထမဆုံးခုန်ချခဲ့သည့် ကျောင်းသားက သူ၏လေထီးကို ဖွင့်ပြီးသွားလေပြီ။


ချက်ချင်းပင် သူ၏အဖွဲ့ဝင်များက လေထီးများကို တစ်ခုပြီးတစ်ခုဖွင့်ကာ လေထီးလေးခုက လေထဲတွင် ပွင့်နေသာ ပန်းပွင့်လေးပွင့်သဖွယ်ဖြစ်နေပြီး ကန္တာရကျွန်းဆီသို့ လျင်မြန်သွာ လွင့်ပျံသွားသည်။


#TK