Chapter 31
Viewers 4k

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်


Chapter 31 (တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ ၀၇)


ကျန်းဖျင်စစ်နှင့် ခယ်ရှောင်ပင်းတို့၏ ရွှေ့လျားနေသော လမ်းကြောင်းသည် တောင်ခြေမှ အဆုံးအထိ အတိုဆုံးနှင့် အချိန်သက်သာဆုံး လမ်းကြောင်းဖြစ်သည်။ သို့သော် တောင်ပေါ်မှဆင်းပြီးနောက် အနီးအနားတွင် အဖွဲ့များစွာ ဆင်းသက်လာသည်ကို တွေ့ရှိခဲ့ရပြီး အမှတ်ကတ်များကို ရှင်းလင်းခဲ့ကြသည်။ ဒီလမ်းအတိုင်း ဆက်လျှောက်နေမယ်ဆိုရင် ပန်းတိုင်ရောက်သောအခါ အမှတ် 60 တောင် ရမှာမဟုတ်ချေ။


အမှတ်များ မလုံလောက်ပါက သတ်မှတ်ထားသော အချိန်အတွင်း အဆုံးမှတ်သို့ ရောက်လျှင်ပင် အောင်မြင်သည်ဟု သတ်မှတ်မည်မဟုတ်ပေ။


ဤဧရိယာ၏အရှေ့တောင်ဘက်တွင် လျှိုရှောင်းရှောင်းနှင့် ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်၏အဖွဲ့ရှိသည်။ မြောက်ဘက်တွင် အားကစားတက္ကသိုလ်၏ ယောင်္ကျားလေးအဖွဲ့ရှိသည်။ အနောက်ဘက်မှာတော့ ချင်လု၏အဖွဲ့ ရှိနေပြန်သည်။


လူတွေက နေရာတိုင်းမှာရှိသည်။ ယွဲ့ရှင်းဝမ်က အခြားသူများနှင့် အမှတ်ခွဲဝေရန် အချိန်မဖြုန်းချင်ပေ။ သူနဲ့အတူ ယူလာသောမြေပုံကိုဖွင့်ပြီး ကျန်းဖျင်စစ်ကို ကြည့်ကာ ပြောသည်။

"ငါတို့ ဒီထက်ပိုကြာတဲ့လမ်းကိုရွေးပြီး အပြင်ကနေ ပတ်သွားကြမလား?"


မြေပုံပေါ်တွင် အမှတ်အသားပြုထားသည့် အဆုံးမှတ်ကိုညွှန်ပြကာ ပြောသည်။

"စာမေးပွဲက မနက်ည 12 မတိုင်ခင် အဆုံးမှတ်ကို ရောက်ဖို့လိုတယ်… ကျောင်းသားအဖွဲ့အများစုက ဒီနေ့မှာပဲ အဆုံးမှတ်ဆီ ဦးတည်သွားလောက်ပြီ… ငါတို့က နေ့လယ်ခင်းအထိ တောင်ပေါ်မှာရှိနေခဲ့တာဆိုတော့ ငါတို့ရဲ့လှုပ်ရှားမှုက သူတို့ထက် နှေးတယ်… တကယ်လို့ ငါတို့က အဲဒီအဖွဲ့အုပ်စုကြီးတွေရဲ့ နောက်ကနေ အဆုံးမှတ်ကို လိုက်သွားမယ်ဆိုရင် အမှတ်ကတ်တွေ ရမှာမဟုတ်တော့ဘူး…"


ဒီနေ့က စာမေးပွဲအတွက် အရေးကြီးဆုံးနေ့ဖြစ်သည်။ ကျောင်းသားအဖွဲ့များအားလုံးက စတင်လှုပ်ရှားနေပြီဖြစ်ပြီး နေရာတိုင်းတွင် အမှတ်များရှာဖွေရန် အလျင်အမြန်လုပ်ဆောင်နေကြသည်။ သူတို့၏ဧရိယာက အဖွဲ့အများဆုံးဆင်းသက်သည့်နေရာဖြစ်ပြီး လူဦးရေများပြားကာ လမ်းတစ်လျှောက် အမှတ်ကတ်အများစုကို သိမ်းသွားခဲ့သည်။ အခြားအဖွဲ့များ သွားသည့်လမ်းအတိုင်း အဆုံးမှတ်ကို သွားပါက သူတို့အတွက် အမှတ် 60 ရဖို့ အလွန်ခက်ခဲသည်။ 


—— သူတို့၏ဗျူဟာကို ပြောင်းရမည်။


ယွဲ့ရှင်းဝမ်၏ လေးနက်သော မျက်လုံးများကို ကြည့်ရင်း ကျန်းဖျင်စစ်က မြေပုံကို ငုံ့ကြည့်ကာ မဆိုင်းမတွ သဘောတူခဲ့သည်။

"ကောင်းပြီ… ငါတို့ရဲ့ မူလလမ်းကြောင်းကို မသွားဘဲ လမ်းကြောင်းကို ငါပြန်တွက်လိုက်မယ်…"


ယွဲ့ရှင်းဝမ်က ကန္တာရကျွန်း၏ အစွန်အဖျားကို ညွှန်ပြခဲ့သည်။

"ဆန့်ကျင်ဘက်ကို သွားပြီးတော့ အပြင်ကနေ ပတ်ကြည့်ရအောင်…"


လျှိုကျောက်ချင်းက မြေပုံကို ငုံ့ကြည့်ပြီး ပြောသည်။

"ဒါက PUBG ဂိမ်းနဲ့ တူတယ်ဆိုရင် လုံခြုံတဲ့စက်ဝိုင်းက ကန္တာရကျွန်းရဲ့ အလယ်မှာ ကျုံ့သွားပေမယ့် ငါတို့က အပြင်ဘက်အစွန်းကို ပြေးကြမှာလား? ဒီအတိုင်းဆိုရင် ငါတို့တွေ အဆုံးမှတ်နဲ့ ပိုပိုပြီးဝေးသွားမှာပေါ့၊ ငါတို့တွေ ပြန်သွားဖို့ အချိန်ရှိပါ့မလား?"


ယွဲ့ရှင်းဝမ်က ယုံကြည်မှုရှိစွာ ပြောသည်။

"အချိန်ရှိပါသေးတယ်… လိုအပ်လာရင် ကျွန်တော်က အဖွဲ့လိုက်အရှိန်မြင့်ဖို့ ‘အလင်းကဲ့သို့လျင်မြန်ခြင်း’ကို သုံးနိုင်ပြီး တစ်ချိန်တည်းမှာပဲ ဖျင်စစ်ရဲ့ coordinate system နဲ့လည်း ကျွန်တော်တို့ကို မီတာရာနဲ့ချီ ပစ်လွှတ်နိုင်တယ်…"


သူက ကျန်းဖျင်စစ်ကို ကြည့်ပြီး အကြံပြုသည်။

"ဒီနေ့ တစ်နေ့လုံး အမှတ်တွေစုဆောင်းဖို့ အစွန်းဘက်ကို သွားကြမယ်… အမှတ် 60 ရပြီးရင် ငါတို့တွေ မနက်ဖြန် အဆုံးမှတ်ကို အပြေးအလွှားသွားမယ်…"


မူလအစီအစဉ်မှာ ပန်းတိုင်သို့လျှောက်ရင်း လမ်းတစ်လျှောက် အမှတ်များစုဆောင်းရန်ဖြစ်သည်။ ယနေ့တွင် လမ်းတစ်လျှောက်၌ အဖွဲ့များစွာရှိ၍ ဤအစီအစဥ်သည် အလုပ်မဖြစ်သောကြောင့် ယွဲ့ရှင်းဝမ်က ဗျူဟာကို ပြောင်းလဲလိုက်သည်။


‘လမ်းကြောင်းပြောင်းပြန်’ချဉ်းကပ်တာက အကြံကောင်းတစ်ခုဖြစ်သည်။


ကျန်းဖျင်စစ်က အချက်အလက်ကို အမြန်တွက်ချက်ပြီး ပြောသည်။

"ဒါကိုလုပ်တာက နည်းနည်းတော့ အန္တရာယ်များတယ်… တတိယနေ့မှာ ငါတို့တွေ အမြန်ဆုံးအဆုံးမှတ်ကို အပြေးအလွှားသွားရလိမ့်မယ်… ဒါပေမယ့် ရှင်းဝမ်ပြောတာမှန်တယ်… ငါတို့မှာ အရှိန်မြင့်စွမ်းရည်တွေရှိသလို အချိန်လည်းရှိသေးတယ်…"


သူက အကွာအဝေးကို တွက်ချက်ပြီး အချိန်က ကျန်နေသေးတာကြောင့် သူ၏အဖွဲ့ဝင်များက ကန့်ကွက်စရာအကြောင်းမရှိပေ။


လျှိုကျောက်ချင်းနှင့် ခယ်ရှောင်ပင်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ ငါတို့ ရှင်းဝမ်ပြောတာ နားထောင်မယ်!"


ကျန်းဖျင်စစ်သည် လမ်းကြောင်းကို လျင်မြန်စွာ တွက်ချက်ပြီး၊ ခယ်ရှောင်ပင်းက ကွန်ပျူတာပေါ်ရှိ အချက်အလက်ကို ပြုပြင်ပြီး အားလုံးက တောင်ဘက်ကမ်းရိုးတန်းဆီသို့ လျှောက်သွားကြသည်။ သူတို့သည် မြေပုံပေါ်ရှိ အဆုံးမှတ်နှင့် ဆန့်ကျင်ဘက်ကို ပြေးနေတာကြောင့် လမ်းတစ်လျှောက်တွင် အခြားကျောင်းသားအဖွဲ့များ မရှိပေ။


ရှောင်ထူက စုံစမ်းရန် ရှေ့သို့ လျှောက်သွားကာ နာရီဝက်အတွင်း ၎င်း၏နဖူးပေါ်၌ မီးအလင်းရောင်တစ်ခု တောက်ပသွားသည်—— ကတ်တစ်ကတ်က သူတို့၏အရှေ့က ကျောက်တုံးတစ်ခုအောက်တွင် ဖိထားပြီး ဖျော့တော့သော အစိမ်းရောင်အလင်းတန်းကို ထုတ်ပေးသည်။ ယွဲ့ရှင်းဝမ်က လမ်းလျှောက်သွားကာ ကျောက်တုံးကို လှန်ပြီး မြေကြီးထဲက ကတ်ကို တူးလိုက်သည်။


လက်ထဲ 5 ကတ်ဖြင့် သူတို့တွေ အမှတ် 30 ဖြစ်လာသည်။ အစိမ်းကတ်ရရန် တကယ်လွယ်ကူသည်။


ပြန်လည်စီစဉ်ထားသောလမ်းသည် တောအုပ်ကြီးတစ်ခုနှင့် စိမ့်မြေကို ဖြတ်သန်းရမည်ဖြစ်ပြီး၊ ထို့နောက် ပင်လယ်ကမ်းစပ်သို့မရောက်မီ သဲသောင်ပြင်ကျယ်ကြီးကို ဖြတ်သန်းရမည်ဖြစ်သည်။ ယွဲ့ရှင်းဝမ်၏အမြင်အရ တောင်များ၊ သစ်တောများနှင့် စိမ့်မြေများသည် အမှတ်ကတ်များကို ဝှက်ထားရန် နေရာများဖြစ်သည်။ သို့သော် တောထဲတွင် လမ်းမရှိတာကြောင့် လမ်းပျောက်မသွားစေရန် ယွဲ့ရှင်းဝမ်သည် ဦးတည်ချက်စစ်ဆေးရန် သံလိုက်အိမ်မြှောင်ကိုကိုင်ဆောင်ကာ သူ၏အဖွဲ့ဝင်များကို တောင်ဘက်တစ်လျှောက်လုံး ခေါ်ဆောင်သွားခဲ့သည်။


မနေ့က မိုးရွာပြီး မြေတွင်းတွေထဲမှာ မိုးရေများဖြင့် ပြည့်နေတာကြောင့် ခြင်တွေလည်း များသည်။ ယွဲ့ရှင်းဝမ်၏ မျက်နှာနှင့် လက်များကို ခြင်များက အကြိမ်ပေါင်းများစွာ ကိုက်ခဲ့ရသော်လည်း သူနှင့် ဘေးချင်ကပ်လျက် သွားနေသော ကျန်းဖျင်စစ်သည် ခြင်များကို လုံးဝမဆွဲဆောင်ခဲ့ပေ။ ယွဲ့ရှင်းဝမ်က သူ့ဘေးနားရှိ ယောင်္ကျားလေးကိုကြည့်ပြီး မနေနိုင်ဘဲ မေးသည်။

"ခြင်တွေက ဘာလို့ ငါ့ကိုပဲကိုက်ပြီး မင်းကိုမကိုက်ရတာလဲ?"


ကျန်းဖျင်စစ်က မှန်းဆသည်။

"မင်းရဲ့သွေးက ပိုအရသာရှိလို့နေမှာပေါ့…"


ယွဲ့ရှင်းဝမ်က စိတ်ဓာတ်ကျသွားသည်။

"ငါ့သွေးအမျိုးအစားက O သွေး… O သွေးအမျိုးအစားတွေက ခြင်းတွေကို ဆွဲဆောင်နိုင်တာလား?"


လျှိုကျောက်ချင်းက ပြုံးကာ ပတ်တီးအပိုင်းအစတစ်ခုကိုထုတ်ပြီး သူ့ကို ပေးခဲ့သည်။

"ဒီဆရာဝန်နဲ့သာဆိုရင် ခြင်တွေ မင်းကို ကိုက်ချင်သလောက် ကိုက်လို့ရတယ်… ဒါယူပြီး သုတ်လိုက်…"


ယွဲ့ရှင်းဝမ်က ပတ်တီးကိုယူပြီး ခြင်ကိုက်ခံရသော အနီအကွက်များနေရာကို ညင်သာစွာ သုတ်လိုက်သည်။ မျက်နှာပေါ် ပတ်တီးကို တင်လိုက်သည်နှင့် အအေးဓာတ်က စိတ်ကို လန်းဆန်းသွားစေသည်။ သူက သက်ပြင်းချလိုက်သည်။

"စီနီယာအစ်ကိုနဲ့ပတ်တီးက အရမ်းအသုံးဝင်တာပဲ…"


လျှိုကျောက်ချင်းက ဆိုသည်။

"ပတ်တီးရဲ့လုပ်ဆောင်ချက်က ဒဏ်ရာကို ကုသပေးတာဆိုပေမယ့် တကယ်တော့ အဲဒါက ဝက်ခြံ၊ အမာရွတ်တွေကိုလည်း ဖယ်ရှားပေးပြီး အသားအရေကို ချောမွေ့စေတယ်…"


ခယ်ရှောင်ပင်းက အလေးအနက် ပြောသည်။

"ဒီပတ်တီးက အလှပြင်ပစ္စည်းတစ်ခုပဲ… တကယ်လို့ အဲဒါကို အပြင်လက်တွေ့ဘဝဆီ ယူသွားလို့ရရင် စီနီယာအစ်ကိုက ရောင်းစားပြီးတော့ ပိုက်ဆံအများကြီးရလိမ့်မယ်…"


လျှိုကျောက်ချင်းက ရယ်ရမလား၊ ငိုရမလား၊ မသိတော့ပေ။

"စာကြည့်တိုက်ရဲ့ စွမ်းရည်တွေကို လက်တွေ့ဘဝဆီ ပြန်ယူသွားမယ်ဆိုရင် လူ့အဖွဲ့အစည်းတစ်ခုလုံး ရှုပ်ထွေးသွားလိမ့်မယ်… အားကစားဌာနမှာရှိတဲ့ ပင်ပေါင်ဘောလုံးတွေနဲ့တင် လူတွေကို မသန်မစွမ်းဖြစ်သွားစေနိုင်တယ်…"


ခယ်ရှောင်ပင်းက ဆက်ပြောသည်။

"စကားမစပ် အားကစားတက္ကသိုလ်က အဲဒီယောင်္ကျားလေးတွေ ညဘက်ကြီး စာကြည့်တိုက်မှာ ဘာသွားလုပ်ကြတာလဲ?"


ယွဲ့ရှင်းဝမ်က ပြောလာသည်။

"ငါမသိဘူး… သူတို့ ဒီထဲကိုဆွဲသွင်းခံရတာက အတော်လေးကံမကောင်းတာပဲ… ဒါပေမယ့် အားကစားတက္ကသိုလ်ရဲ့ စွမ်းရည်တွေက နည်းနည်းတော့ စိတ်ဝင်စားဖို့ကောင်းတယ်… သူတို့ ထွက်ပြေးတဲ့အမြန်နှုန်းက ပထမတန်းစားဖြစ်ပြီး တစ်ယောက်ချင်းစီက သိုင်းပညာသင်ယူထားတဲ့အတိုင်းပဲ…"


သုံးယောက်သားက လမ်းလျှောက်ရင်း စကားစမြည်ပြောကြပြီး ကျန်းဖျင်စစ်က ဝင်ပြောခြင်း မရှိသလောက်ပင်ဖြစ်သည်။


နေရောင်က တောက်ပနေပြီး ချွေးတွေနဲ့ လမ်းလျှောက်နေကြသည်။ နေ့လယ် 1 နာရီလောက်မှာ ယွဲ့ရှင်းဝမ်က အကြံပြုလာသည်။

"ခဏရပ်ပြီး အနားယူရအောင်… ပြီးမှ ဂရုတစိုက် စစ်ဆေးကြမယ်… ဒီလောက်ကြီးမားတဲ့တောအုပ်ထဲမှာ 5 မှတ်ကတ် တစ်ကတ်ပဲ ရှိမယ်လို့တော့ မထင်ဘူး…"


ကျန်းဖျင်စစ်က ရပ်လိုက်ပြီး သူ့ကျောပိုးအိတ်ထဲက ဝါးခွက်တစ်ခုကို ထုတ်ပြီး သူ့ဆီ ပေးလာသည်။


ယွဲ့ရှင်းဝမ်က အမှန်တကယ်ပင် ရေဆာနေသည်။ ဝါးခွက်ကိုယူ၍ တစ်ဝက်လောက် သောက်ချလိုက်သည်။ သူတို့လေးယောက်က ငါးကင်ကိုထုတ်ပြီး နေ့လယ်စာစားကြသည်။ ထို့နောက်မှသာ သူတို့သည် တောအုပ်တစ်ခုလုံးကို ဂရုတစိုက် စူးစမ်းလေ့လာခဲ့ကြသည်။


ရှောင်ထူ၏အကူအညီဖြင့် စစ်ဆေးရန် ပို၍လွယ်ကူခဲ့သည်။


တစ်နာရီခွဲကြာ တောအုပ်ကို ရှာဖွေပြီးနောက် နောက်ဆုံးတွင် အစိမ်းရောင်ကတ်နှစ်ကတ်နှင့် အပြာရောင်ကတ်တစ်ကတ်ကို တွေ့ရှိခဲ့သည်။


အစိမ်းရောင်ကတ်ကို သစ်ပင်ပေါ်ရှိ ငှက်သိုက်ထဲတွင် ထည့်ထားပြီး အဘိဓာန်ဖြင့် ယွဲ့ရှင်းဝမ်က ပစ်ပေါက်လိုက်သည်။ ငှက်ဥအနည်းငယ်ကိုလည်း ယူပြီး ကျောပိုးအိတ်ထဲတွင် ထည့်ကာ ညကျရင် ကင်စားရန် ပြင်ဆင်ခဲ့သည်။


အပြာရောင်ကတ်သည် ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်နှင့် အတူတူပင်ဖြစ်ပြီး ၎င်းကို ပျားအုံအသိုက်ထဲတွင် ထည့်ထားသည်။


စီနီယာအစ်ကိုချင်းလန်၏ ပျားတုပ်ခံရသည့် ယခင်အတွေ့အကြုံကြောင့် ယွဲ့ရှင်းဝမ်က ပျားအုံကို တိုက်ရိုက်မထိုးဖောက်ခဲ့ပေ။ ကျန်းဖျင်စစ်သည် ပျားအုံ၏အသိုက်တစ်ခုလုံး ပျံသွားစေရန် coordinate system ကို အသုံးပြုကာ ကတ်ပြုတ်ကျလာပြီး သူတို့သည် အပြာရောင်ကတ် 10 မှတ်ကို ဒဏ်ရာကင်းစွာ ရရှိခဲ့သည်။ 


ခယ်ရှောင်ပင်းက မျက်မှန်ကိုပင့်တင်ကာ စိတ်အားထက်သန်စွာ ပြောသည်။

"အမှတ် 50 ရပြီ… အောင်ဖို့ ငါတို့ 10 မှတ်ပဲ လိုတော့တယ်!"


ယခုအချိန်တွင် ဦးဆောင်သူအဖွဲ့များစာရင်းတွင် အမှတ် 60 ဖြင့် ဦးဆောင်နေသော A-76 သုတေသနအဖွဲ့အပြင် ယွဲ့ရှင်းဝမ်၏ C-183 သုတေသနအဖွဲ့က အမှတ် 50 ဒုတိယနေရာတွင် ရပ်တည်နေပြီး B-16 သုတေသနအဖွဲ့ကလည်း အမှတ် 50 ဖြင့် သူတို့နှင့် ပူးတွဲရပ်တည်နေသည်။


သူတို့တွေ တောအုပ်ထဲက ထွက်လာချိန်တွင် ညနေ 4 နာရီရှိနေပြီဖြစ်သည်။


ယွဲ့ရှင်းဝမ်က မြေပုံကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"တောအုပ်အပြင်ဘက်မှာ စိမ့်မြေတစ်ခုရှိတယ်… အမှတ်ကတ်တွေ အများကြီးရှိနိုင်တယ်… အဲဒီကိုသွားရှာကြည့်ရအောင်၊ အားလုံး ကိုယ့်ခြေလှမ်းတွေကို ဂရုစိုက်ကြ…"


ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရှောင်ထူသည် ရုတ်တရက် အချက်ပေးလာသည်။


ရှောင်ထူ၏လမ်းညွှန်ချက်အရ လူတိုင်းက ထူးဆန်းသော လှိုဏ်ဂူသို့ ရောက်လာကြသည်။


ဂူရှေ့မှာ အမျိုးသား နှစ်ယောက်၊ အမျိုးသမီး နှစ်ယောက်တို့က မျက်နှာပေါ်မှာ စိတ်လှုပ်ရှားနေသောအမူအရာများဖြင့် ကျောင်းသားလေးယောက် မတ်တတ်ရပ်နေကြသည်။


ဂူပေါက်၏ အရွယ်အစားက လူတစ်ဦး ဖြတ်သန်းသွားလာရန်သာ လုံလောက်သည်။ လှိုဏ်ဂူထဲမှာ အနီရောင်အလင်းတန်းတစ်ခုရှိနေသည်။ ရှောင်ထူ၏နဖူးက အချက်ပေးသည့်အနေဖြင့် လင်းလက်နေပြီး ယခင်က ရရှိခဲ့သည့် အမှတ်ကတ်နဲ့ အတူတူပဲဖြစ်တာကြောင့် ဂူအတွင်းရှိ ကတ်ကို ထောက်လှမ်းနိုင်ခြင်းဖြစ်သည်။


အနီကတ်သည် အပြာကတ်ထက် အမှတ်ပိုများသင့်သော်လည်း ၎င်းက ပို၍အန္တရာယ်များသည်။


ဂူပေါက်ဝမှာ ရပ်နေသည့် ကျောင်းသားလေးယောက်က ယွဲ့ရှင်းဝမ်နဲ့ အခြားသူတွေကို တွေ့လိုက်တာကြောင့် သူတို့၏မျက်နှာက သတိအနေအထားဖြင့် ဖြစ်သွားသည်။


ယွဲ့ရှင်းဝမ်က လက်ကိုဝှေ့ယမ်းပြီး ပြုံးပြသည်။

"စိတ်မပူပါနဲ့… မင်းတို့ ဒါကို အရင်ရှာတွေ့တာကြောင့် ယူလို့ရပါတယ်… ငါတို့ မလုပါဘူး…"


ဘာပဲဖြစ်ဖြစ် သူတို့က 10 မှတ်သာ လိုတော့သည်။ အနီကတ်က အလွန်ခက်ခဲပြီး ဒီကတ်အတွက်နဲ့ ကျောင်းသားအချင်းချင်း မတိုက်ခိုက်ချင်ပေ။ 


ခယ်ရှောင်ပင်းက မေးသည်။

"ဒါက အနီကတ်လား? ဘယ်နှစ်မှတ်လဲ?"


ခန့်ညားသော ယောင်္ကျားလေးထဲမှ တစ်ယောက်က သူ့အသံကိုကြားပြီး ရုတ်တရက် လှည့်ကြည့်လာသည်။

"ခယ်ရှောင်ပင်းလား?"


ထိုယောင်္ကျားလေးက အရပ် 1.8 မီတာခန့်ရှိပြီး အလွန်ပိန်ပါးကျစ်လစ်သော ခန္ဓာကိုယ်ဖြင့် စစ်ဝတ်စုံယူနီဖောင်းကို ဝတ်ဆင်ထားတာကြောင့် သူ့မျက်နှာက အနည်းငယ်ဖြူဖျော့သွားခဲ့သည်။ သူ့ဦးထုပ်ကို ချွတ်လိုက်ပြီး အနက်ရောင် ဆံနွယ်တွေက သူ့မျက်နှာမှာ နူးညံ့စွာ တွဲနေကာ သူ့မျက်နှာက အတော်လေး သိမ်မွေ့ပေမယ့် သူ့အကြည့်ကတော့ အလွန်အေးစက်သည်။ သူက ခယ်ရှောင်ပင်းကို နှုတ်ဆက်ချိန်မှာတောင် သူ့လေသံက ထူးခြားသွားခြင်းမရှိပေ။


ခယ်ရှောင်ပင်းက ခဏတာ အံ့အားသင့်သွားပြီး သူ့မျက်လုံးထဲတွင် ဝမ်းသာသွားသော အရိပ်အယောင်ရှိနေသည်။

"ရှင်းယန်လား?"


ရှင်းယန်က ဆိုသည်။

"တိုက်ဆိုင်လိုက်တာ…"


ယွဲ့ရှင်းဝမ်က ခယ်ရှောင်ပင်းကို ကြောင်တောင်တောင် အမူအရာဖြင့် ကြည့်သည်။

"မင်းတို့က အချင်းချင်းသိကြတာလား?"


ခယ်ရှောင်ပင်းက သူ့ကို အလျင်အမြန် မိတ်ဆက်ပေးသည်။

"ဒါက ငါအထက်တန်းကျောင်းတုန်းက အတန်းဖော်၊ ရှင်းယန်တဲ့… သူက ဟွာအန်းတက္ကသိုလ်ရဲ့ ဓာတုဗေဒဌာနမှာ ဒြပ်ဝတ္ထုဓာတုဗေဒဘာသာရပ်ကို သင်ယူနေတာ…" 


သူက ချက်ချင်း သူ့အဖွဲ့ဝင်သုံးယောက်ကို ညွှန်ပြပြီး လျင်မြန်စွာ မိတ်ဆက်ပေးသည်။

"တရုတ်ဘာသာစကားဌာနက ယွဲ့ရှင်းဝမ်၊ သင်္ချာဌာနက ကျန်းဖျင်စစ်၊ ဆေးပညာဌာနက စီနီယာအစ်ကို လျှိုကျောက်ချင်း…"

 

ရှင်းယန်က ခေါင်းညိတ်ပြပြီး သူတို့ သုံးယောက်ကို နှုတ်ဆက်သည်။


သူ့ဘေးနားရှိ ဆံပင်စည်းထားသော မိန်းကလေးက ပြောလာသည်။

"ဒီဂူထဲမှာ အနီကတ်ရှိတယ်၊ အမှတ် 20 ဖြစ်မယ်ထင်တယ်… ငါတို့တွေ ကမူးရှူးထိုး မဝင်ရဲဘူး… ငါတို့တွေ အတူတူပူးပေါင်းပြီး အမှတ်ကို ခွဲယူကြမလား?"


ယွဲ့ရှင်းဝမ်က ကြားဝင်စွက်ဖက်ရန် မရည်ရွယ်သော်လည်း တစ်ဖက်အဖွဲ့တွင် ခယ်ရှောင်ပင်း၏သူငယ်ချင်းရှိတာကြောင့် ကူညီရမည်ဆိုပါကလည်း ကိစ္စမရှိပေ။ ဒါကို စဉ်းစားရင်း ယွဲ့ရှင်းဝမ်က တည်ငြိမ်စွာ ပြောသည်။

"ငါတို့ မဆွေးနွေးခင် ရှောင်ထူကို အရင်ဆုံး လမ်းစုံစမ်းခိုင်းပြီး ဂူရဲ့ ပတ်ဝန်းကျင်အခြေအနေကို ကြည့်ရအောင်…"


ခယ်ရှောင်ပင်းက ရှောင်ထူကို အထဲသို့ထည့်လိုက်သည်။ ရှောင်ထူ၏နဖူးပေါ်ရှိ အလင်းရောင်က လင်းလက်သွားပြီး ရေဒါစောင့်ကြည့်ရေးကို ဖွင့်ထားကာ ခယ်ရှောင်ပင်း၏ လက်ပ်တော့ထဲသို့ အချိန်နှင့်တစ်ပြေးညီ ရိုက်ကူးထားသော ပုံရိပ်များ ပေးပို့ခဲ့သည်။


ဂူအတွင်းပိုင်းက မှောင်မဲနေပြီး စိုစွတ်နေသည်။ ရှောင်ထူက မီတာအနည်းငယ် လှမ်းကြည့်လိုက်ရာ အနီးပတ်ဝန်းကျင် နံရံများကို ပင့်ကူမျှင်များဖြင့် ဖုံးအုပ်ထားတာ တွေ့ရှိခဲ့သည်။


အရွယ်ရောက်ပြီးသူများ၏ လက်သီးအရွယ် ပင့်ကူများသည် နံရံများပေါ်တွင် တွားသွားနေကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်က အဓိကအားဖြင့် အနက်ရောင်ဖြစ်ပြီး ထူးဆန်းသော အဖြူရောင်အစက်အပြောက်များနှင့် ၎င်းတို့၏ခြေထောက်များတွင် အမွေးများပါရှိသည်။ ခြေထောက် ရှစ်ချောင်းကို ဆန့်လိုက်သောအခါ တစ်ကိုယ်လုံး၏ အရှည်သည် လူများ၏ မျက်နှာကို ဖုံးအုပ်ရန် လုံလောက်သော 20 စင်တီမီတာထက် ပိုရှည်သည်။


ပင့်ကူအရေအတွက်သည် မရေမတွက်နိုင်အောင်များပြားပြီး ဂူတစ်ခုလုံးတွင် ထူထပ်စွာတွားသွားနေသည်။


လျှိုကျောက်ချင်းက မနေနိုင်ဘဲ ဆဲလေသည်။

"Fuck! ပင့်ကူဂူကြီးပဲ!"


ခယ်ရှောင်ပင်း၏မျက်နှာက ဖြူဖျော့သွားပြီး သူ့မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားကာ သူ့မျက်လုံးများထဲတွင် ထိတ်လန့်နေသော အရိပ်အယောင်များရှိသည်။

"ငါ… ငါပင့်ကူတွေကို အမုန်းဆုံးပဲ!"


သူ့ဘေးနားရှိ ကျောင်းသားအနည်းငယ်က ခယ်ရှောင်ပင်း၏ လက်ပ်တော့ထဲက ပုံရိပ်တွေကို မြင်လိုက်ရပြီး သူတို့၏မျက်နှာများက ပို၍ရုပ်ဆိုးသွားသည်။ ဆံပင်စည်းထားသော မိန်းကလေးက ကြောက်လန့်တကြားဖြင့် ခြေလှမ်းတစ်လှမ်းဆုတ်ကာ တုန်ယင်သောအသံဖြင့် ပြောသည်။

"ငါ အဲဒါကို တိုက်ရိုက်မချိုးခဲ့တာ ကံကောင်းတယ်… ကံကောင်းတယ်!"


ယွဲ့ရှင်းဝမ်က လက်ပ်တော့ပေါ်ရှိ ပုံရိပ်ကိုကြည့်လိုက်ရာ သူ၏ဦးရေပြား ယားယံသွားသည်။

"တကယ်လို့ မင်းတို့သာ အသည်းအသန် ပြေးဝင်သွားရင် ပင့်ကူတွေ ဝိုင်းတာခံရလိမ့်မယ်…"


သူတို့တစ်ကိုယ်လုံးကို ပင့်ကူတွေဖြင့် ချက်ချင်းဖုံးလွှမ်းသွားပြီး နေရာတိုင်းမှာ အကိုက်ခံရမည့်ပုံရိပ်အား တွေးကြည့်လိုက်ရုံဖြင့် သူတို့၏ကျောရိုးတွေ အေးစိမ့်သွားသည်။


ကျန်းဖျင်စစ်က အေးစက်သောအသံဖြင့် ပြောလာသည်။

"ဒီလိုအစက်အပြောက် ပင့်ကူမျိုးက သာမန်မဟုတ်ဘူး… အဆိပ်ပြင်းတဲ့ ပင့်ကူမျိုး ဖြစ်နိုင်တယ်…"


သူ့စကားထွက်လာသည်နှင့် ပင့်ကူကြီးတစ်ချို့သည် ဂူထဲမှ ရုတ်တရက် တွားသွားကာ ခြေထောက်ရှစ်ချောင်းကို ကားထားပြီး သူတို့ကို စိုက်ကြည့်နေသည်။ ကျန်းဖျင်စစ်၏မျက်နှာက မည်းမှောင်သွားပြီး ယွဲ့ရှင်းဝမ်ကို ကာကွယ်ကာ မီတာအနည်းငယ် နောက်သို့ အမြန်ပြန်ဆုတ်သွားသည်။

"သတိထား!"


လျှိုကျောက်ချင်း၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေသည်။

"အဆိပ်ပြင်းတဲ့ပင့်ကူတွေက အများအားဖြင့် အာရုံကြောထိခိုက်စေတဲ့ အဆိပ်တွေကို ထုတ်လွတ်တာကြောင့် ကယ်တင်ဖို့ နည်းလမ်းမရှိဘူး… ဒီတော့ သူတို့ အကိုက်မခံနဲ့…"


ဂူထဲသို့ဝင်သွားသော ရှောင်ထူသည် ပင့်ကူများဖြင့် လျင်မြန်စွာ ဝိုင်းရံခံထားရသောကြောင့် ခယ်ရှောင်ပင်း၏ လက်ပ်တော့ထဲရှိ ရှောင်ထူက အဆက်မပြတ် တုန်ခါလာသည်။ ပင့်ကူတစ်ကောင်က ရှောင်ထူ၏မျက်လုံးများကို ပိတ်ဆို့ခဲ့ပြီး ရှောင်ထူက ဆက်၍မရိုက်နိုင်တော့ပေ။


လှိုဏ်ဂူထဲမှာ ပင့်ကူထောင်ပေါင်းများစွာရှိသည်။


ယွဲ့ရှင်းဝမ်သည် ဤမျှလောက် ပင့်ကူများကို တစ်ခါမှ မမြင်ဖူးသလို သူတို့က အဖြူအမည်းအစက်အပြောက်များဖြင့် အလွန်ထူးဆန်းသော ပင့်ကူများဖြစ်သည်။ ထိုသို့သောပုံရိပ်သည် trypophobia ရှိသော လူများအတွက် အလွန်ဆိုးရွားသည့်ပုံစံနိုင်သည်။ ခယ်ရှောင်ပင်းသည် ရွံရှာစွာ အော့အန်တော့မည်ဖြစ်၍ သူ့မျက်နှာမှာ ရုပ်ဆိုးနေသည်။ 


[TK: trypophobia က ပုံမှန်မဟုတ်တဲ့ ပုံစံတွေ၊ အပေါက်ငယ်တွေ၊ အဖုအထစ်တွေ ပြွတ်သိပ်နေတာကို မကြည့်နိုင်တဲ့သူတွေအား ခေါ်ဆိုပါတယ်။ စိတ်ရောဂါတစ်ခုအဖြစ် တရားဝင်အသိအမှတ်မပြုပေမယ့် အလွန်အကျွံကြောက်လန့်တာ၊ စိတ်ပူပန်မှုတွေ ဖြစ်ပေါ်ရင် အကြောက်လွန်ခြင်းရောဂါလို့ သတ်မှတ်နိုင်ပါတယ်။]


သူတို့သည် ဒီပင့်ကူဂူထဲသို့ လုံးဝမဝင်နိုင်ပေ။


သူတို့တွေ အထဲဝင်ပြီး ပင့်ကူတွေ ဝိုင်းခံထားရပါက သူတို့ကိုယ်သူတို့ သေတွင်းတူးသလိုဖြစ်လိမ့်မည်။


ယွဲ့ရှင်းဝမ်က အသက်ပြင်းပြင်းရှူပြီး လျင်မြန်စွာ ဆုံးဖြတ်ချက်ချခဲ့သည်။

"ရှောင်ထူကို ပင့်ကူတွေအားလုံးကို ဆွဲဆောင်ခိုင်းလိုက်…"


ခယ်ရှောင်ပင်းက ခဏတာ အံ့အားသင့်သွားပြီး သူ့အသံက တုန်ယင်နေသည်။

"အဲ… အဲဒီမှာ ပင့်ကူတွေ အများကြီးလေ… သူတို့ကို အပြင်ခေါ်ထုတ်ချင်တာ သေချာလား?"


ယွဲ့ရှင်စဝမ်က အရေးကြီးသော အခိုက်အတန့်များတွင် အမြဲတမ်း ငြိမ်သက်နေသည်။ သူက သူ့ဘေးနားရှိ ရှင်းယန်ကိုကြည့်ပြီး အသံတိုးတိုးနဲ့မေးသည်။

"ရှင်းယန်၊ မင်း ဓာတုဗေဒဌာနရဲ့ ဆာလဖျူရစ်အက်စစ်စွမ်းရည်ကို သင်ယူပြီးပြီလား?"


ရှင်းယန်က ခေါင်းငြိမ့်ပြီး ပြောခဲ့သည်။

"ငါစုစည်းထားတဲ့ ဟိုက်ဒရိုကလိုရစ်အက်စစ်(HCI)နဲ့ နိုက်ထရစ်အက်စစ်(HNO₃)တို့ကို ရောစပ်ပြီး aqua regia(သံစားငရဲမီး)အဖြစ် အဆင့်မြင့်ခဲ့တယ်… aqua regia ကို လက်ရှိ အော်ဂဲနစ်ပစ္စည်းတွေထဲမှာ တိုက်စားမှုအကောင်းဆုံးနဲ့ အပြင်းထန်ဆုံးအက်စစ်အဖြစ် လူသိများတယ်… စာကြည့်တိုက်ကြောင့် ပိုအားကောင်းလာပြီးနောက် ငါ့လက်ထဲမှာရှိတဲ့ aqua regia ပမာဏက အရွယ်ရောက်သူ 3 ယောက်ကို အရည်ပျော်စေနိုင်တယ်…"


ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။

"ကောင်းပြီ… ငါမင်းနဲ့ နောက်မှ ပူးပေါင်းမယ်…"


ပတ်ဝန်းကျင်ရှိ ကျောင်းသားများက သူဘာကိုဆိုလိုသည်ကို နားမလည်သော်လည်း ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်၏ အတွေးအမြင်များကို နားလည်ကာ တိုးတိုးလေးမေးသည်။

"မင်း ဒီပင့်ကူတွေကို အပြင်ဆီခေါ်ထုတ်ပြီး သတ်ချင်နေတာလား?"


ယွဲ့ရှင်းဝမ်က ပြတ်ပြတ်သားသား ခေါင်းငြိမ့်ခဲ့သည်။

"ဒီနည်းနဲ့ပဲ ပင့်ကူဂူထဲကို ဝင်နိုင်မှာ…"


သူက ခယ်ရှောင်ပင်းကို ကြည့်လေသည်။

"ရှောင်ခယ် အဆင်သင့်ပြင်တော့… ရှောင်ထူကို လုံးဝအဝိုင်းခံနဲ့၊ မြန်မြန်လုပ်တော့!"


ဖြူဖပ်ဖြူရော်မျက်နှာဖြင့် ခယ်ရှောင်ပင်းက ရှောင်ထူကို အမိန့်ပေးခဲ့သည်။ 

"ရှောင်ထူ ဆန့်ကျင်ဘက်ကို ရွှေ့ပြီး ကျားနှစ်ကောင်သီချင်းကို ဆိုလိုက်…"


လှိုဏ်ဂူထဲမှ ကြည်လင်ပြတ်သားသော ကလေးအသံ ထွက်ပေါ်လာပြီး ကလေးသီချင်းတစ်ပုဒ်ကို ပျော်ရွှင်စွာ ဆိုနေသည်။

"ကျားနှစ်ကောင်၊ ကျားနှစ်ကောင်၊ မြန်မြန်ပြေး…"


ယွဲ့ရှင်းဝမ်က တင်းမာသောလေသံဖြင့် ပြောလိုက်သည်။

"အားလုံး ဆယ့်ငါးမီတာကို ဆုတ်ကြ!"


ကျောင်းသားများက ထိုစကားကိုကြားသောအခါ လျင်မြန်စွာ နောက်ပြန်ဆုတ်သွားကြသည်။


ရှောင်ထူသည် သူ၏ခြေထောက်ရှိ ဘီးများဖြင့် လှိမ့်ကာ ဂူထဲမှ ဖြည်းဖြည်းချင်း ထွက်လာသည်။


ကျားနှစ်ကောင်၏ "ဆွဲဆောင်မှု"က ဂူတစ်ခုလုံးရှိ ပင့်ကူများကို လှုပ်ရှားစေခဲ့သည်——


အနောက်ကပုံရိပ်ကြောင်း လူတွေအားလုံး ပြိုလဲလုနီးပါးဖြစ်သွားသည်။


အနက်ရောင်ပင့်ကူအုပ်စုသည် ဒီရေလှိုင်းကဲ့သို့ ရှောင်ထူနောက်မှလိုက်ကာ ဂူထဲမှ ထွက်လာသည်။


တစ်ချိန်တည်းတွင် ယွဲ့ရှင်းဝမ်သည် အဘိဓာန်ကိုဖွင့်ပြီး ဧရိယာ 10 စတုရန်းမီတာရှိသော ‘မိုးသည်းခြင်း’ကို ဆင့်ခေါ်ခဲ့သည်။


တိမ်တွေဆီကနေ စီးကျလာသော ရေများကဲ့သို့ မိုးများသည် သည်းသည်းမည်းမည်း ရွာချလာပြီး ယွဲ့ရှင်းဝမ်က ရှင်းယန်ကို ကြည့်ကာ ပြောလိုက်သည်။

"မင်းရဲ့အက်စစ်တွေကို တိမ်တွေထဲ ပေါင်းထည့်လိုက်…"


ရှင်းယန်သည် ယွဲ့ရှင်းဝမ်၏ ရည်ရွယ်ချက်ကို နားမလည်သော်လည်း ယွဲ့ရှင်းဝမ်၏ ညွှန်ကြားချက်ကို နားထောင်ကာ သူ့ညာလက်ကို မြှောက်လိုက်သည်။ သူ၏လက်မှ စုစည်းထားသော လက်ဖက်ရည်လို အရည်များကို ထုတ်ကာ ယွဲ့ရှင်းဝမ် ဆင့်ခေါ်ထားသော တိမ်ထဲသို့ ထည့်လိုက်သည်။


ထို့နောက် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်လာသည်——


မူလက ကြည်လင်သော မိုးသက်မုန်တိုင်းသည် ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော အက်စစ်မိုးအဖြစ်သို့ ပြောင်းလဲသွားသည်။ ကျဆင်းလာသော အညိုရောင်မိုးရေများသည် ပင့်ကူများပေါ်သို့ သွန်းလောင်းကာ ထူးဆန်းသော အသံများ ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် အက်ဆစ်မိုးကြောင့် ပင့်ကူများ အရည်ပျော်သွားသည်။


တရုတ်ဘာသာစကားဌာန၏ မိုးသည်းခြင်းကို ဓာတုဗေဒဌာန၏ အက်စစ်စွမ်းရည်ဖြင့် မြင့်တင်ပေးခဲ့သည်။


ပိုကြောက်စရာကောင်းတာက မိုးသက်မုန်တိုင်းက အချိန်အကြာကြီး ရွာနိုင်သည်။ 


ရှောင်ထူ၏ သီချင်းကြောင့် ပင့်ကူများသည် လှိုဏ်ဂူထဲမှ ထွက်ရန် ဆွဲဆောင်ခဲ့ရပြီး သူတို့ကို စောင့်ကြိုနေသည့်အရာမှာ ဂူပေါက်ဝတွင် အက်ဆစ်မိုးရွာခြင်းနှင့် ချက်ချင်း အရည်ပျော်သွားခြင်းပင်ဖြစ်သည်။


—— လှိုဏ်ဂူထဲမှထွက်လာသော ပင့်ကူအားလုံး အရည်ပျော်သွားကြသည်။


အဆိပ်ပြင်းသော ပင့်ကူတွေအများကြီးရှိတာ ဘာအသုံးဝင်လို့လဲ? လူတိုင်းက 15 မီတာအကွာတွင် ရောက်နေကြပြီး ပင့်ကူများသည် သူတို့ကို ကိုက်ရန်အချိန်မရှိသလို သွေး‌အိုင်ထဲမှာ အရည်ပျော်သွားကြသည်။ 


ရှောင်ထူ၏ သီချင်းဆိုသံက ဆွဲဆောင်ရန် တွန်းအားဖြစ်ပြီး ပင့်ကူများ လုံးဝမခုခံနိုင်ခဲ့ပေ။


ပင့်ကူတွေ တစ်ကောင်ပြီးတစ်ကောင် ရူးသွပ်စွာ သေဆုံးနေကြသည်။


ပတ်ဝန်းကျင်ရှိ ကျောင်းသားများက ထိတ်လန့်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကာ ရှင်းယန်ပင် ယွဲ့ရှင်းဝမ်ကို မယုံကြည်နိုင်စွာ ကြည့်နေကြသည်။


သူ၏ aqua regia ပမာဏမှာ အကန့်အသတ်ရှိပြီး ၎င်းသည် ပင့်ကူများစွာကို အရည်ပျော်သွားအောင် မလုပ်နိုင်သော်လည်း ယွဲ့ရှင်းဝမ်၏ မိုးသည်းခြင်းနှင့် ပေါင်းစပ်ပြီးနောက်တွင် အကျိုးသက်ရောက်မှုက များပြားလာပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပင့်ကူထောင်ပေါင်းများစွာက အမှန်တကယ် ပျောက်ကွယ်သွားခဲ့သည်…


တုန်လှုပ်ချောက်ချားစရာ ပင့်ကူလှိုဏ်ဂူကြောင့် လူတိုင်းက လှိုဏ်ဂူထဲ ဘယ်လိုဝင်ပြီး ကတ်ကို ဘယ်လိုယူရမလဲဆိုတာ တွေးတောနေခဲ့သည်။


ယွဲ့ရှင်းဝမ်၏ ဗျူဟာက လက်ရှိပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။


အထဲဝင်လို့မရဘူးလား? ဒါဆို အဆိပ်ပြင်းပင့်ကူတွေကို အပြင်ခေါ်ထုတ်ပြီး အားလုံးကို သတ်ပစ်လိုက်မယ်!


#TK