Chapter 32
Viewers 5k

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်


Chapter 32 (တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ ၀၈)


မိုးသည်းစွာရွာသွန်းမှုအောက်တွင် ပင့်ကူများသည် သွေးအိုင်ထဲသို့ အရည်ပျော်သွားသည်။


လှိုဏ်ဂူထဲကနေ တွားသွားလာသော ပင့်ကူအရေအတွက်ဟာ တဖြည်းဖြည်းနဲ့ နည်းပါးလာပြီး နောက်ဆုံးမှာ ထွက်လာသော ပင့်ကူတချို့ဟာ အက်ဆစ်မိုးကြောင့် ချက်ချင်း သေဆုံးခဲ့ရသည်။ ရှောင်ထူး၏ ကလေးသီချင်း “ကျားနှစ်ကောင်”က နှစ်ကြိမ်သာ ဆိုခဲ့ပြီး သီချင်းအဆုံးမှာတော့ လှိုဏ်ဂူထဲက ပင့်ကူတွေလည်း သန့်စင်သွားသည်။


ပတ်ဝန်းကျင်က တိတ်ဆိတ်သွားပြီး ကျောင်းသားတွေက ယွဲ့ရှင်းဝမ်ကို ရှုပ်ထွေးသော အမူအရာတွေနဲ့ ကြည့်နေကြသည်။


ယွဲ့ရှင်းဝမ်က သက်ပြင်းတစ်ချက်ချကာ ပြုံးလိုက်သည်။

"ဒါက မှားယွင်းတဲ့ အချက်ပေးမှုတစ်ခုပဲ… ငါ့ရဲ့မိုးသည်းခြင်းက ဘာသာရပ်မျိုးမျိုးရဲ့ စွမ်းရည်တွေနဲ့ အဆင့်မြင့်နိုင်တယ်… ဓာတုဗေဒဌာနရဲ့ အက်စစ်က ငါ့ရဲ့မိုးသည်းခြင်းနဲ့ ပေါင်းစပ်ပြီးနောက် အက်ဆစ်မိုးဗားရှင်းအဖြစ် မြင့်တင်ပေးပြီး စက္ကန့်အပိုင်းအတွင်း ဘယ်တိရစ္ဆာန်ကိုမဆို သေစေနိုင်တယ်…"


ဓာတုဗေဒဌာနက ရှင်းယန်မရှိရင်တောင် ရူပဗေဒဌာနမှ လျှပ်စစ်စွမ်းရည်ဖြင့် ပေါင်းစပ်ကာ ပင့်ကူအားလုံးကို သတ်ပစ်နိုင်ပြီး စီနီယာအစ်ကိုလျှို၏ ခွဲစိတ်ဓားဖြင့်လည်း ဓားမိုးအဖြစ် အသုံးပြုနိုင်သည်။


မိုးသည်းခြင်းစွမ်းရည်၏ ပထမတိုက်ပွဲ အကျိုးသက်ရောက်မှုက ယွဲ့ရှင်းဝမ်၏မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့သည်။


‘လှိုဏ်ဂူထဲကနေ ပင့်ကူတွေကို ခေါ်ထုတ်ပြီး မိုးသည်းခြင်းဖြင့် သတ်ပစ်မယ်’ဟူသော လှည့်ကွက်ကို ယွဲ့ရှင်းဝမ်က အရေးကြီးသော အခိုက်အတန့်တွင် တည်ငြိမ်စွာ တွေးတောနိုင်ခဲ့တာကြောင့် ခယ်ရှောင်ပင်းက လက်မထောင်ပြသည်။

"ရှင်းဝမ်က အရမ်းအစွမ်းထက်တာပဲ… ငါ အခုလေးတင် စိတ်ရှုပ်နေတာဆိုတော့ ဘာလို့ရှောင်ထူကို ဆွဲဆောင်ခိုင်းလဲဆိုတာ မတွေးနိုင်ခဲ့ဘူး…"


ယွဲ့ရှင်းဝမ်က ပြောလာသည်။

"မင်းက ပင့်ကူတွေကို ကြောက်နေတာကို မင်းကို ဘယ်အပြစ်ပြောလို့ရမလဲ…"


ကြောက်စရာကောင်းသော သတ္တဝါတွေနဲ့ ရင်ဆိုင်ရသောအခါ လူတွေက ကျိုးကြောင်းဆင်ခြင်မှုကို ဆက်ထိန်းထားရန် မဖြစ်နိုင်သလို ခယ်ရှောင်ပင်းကလည်း အလုပ်ကောင်းကောင်းလုပ်ခဲ့ပါသည်။ ယွဲ့ရှင်းဝမ်က သူ့ပခုံးကို ပုတ်ကာ ပြောသည်။

"ပိုက်ကွန်ထဲကနေ ငါးတွေလွတ်သွားသလားဆိုတာ သိဖို့အတွက် ရှောင်ထူကို ထောက်လှမ်းခိုင်းဖို့ ငါဒုက္ခပေးရဦးမယ်…"


ဤပင့်ကူမျိုးက အလွန်အဆိပ်ပြင်းသည်။ အကောင် အနည်းငယ် လွတ်သွားပါက သူတို့တွေ ဝင်သွားပြီး အကိုက်ခံရရင် ယခင်ကြိုးစားမှုအားလုံးက အလဟဿဖြစ်သွားလိမ့်မည်။ ခယ်ရှောင်ပင်းက ရှောင်ထူကို ဂူထဲပြန်ဝင်ခိုင်းပြီး ဂူအတွင်းက ဗီဒီယိုတစ်ခုကို ရိုက်ကူးခဲ့သည်။

 

မှောင်မိုက်ပြီး စိုစွတ်နေသော လှိုဏ်ဂူထဲတွင် ရေဒါစောင့်ကြည့်လေ့လာခြင်းက သက်ရှိပုံစံများတည်ရှိမှုကို မတွေ့ခဲ့ရဘဲ ပင့်ကူများအားလုံးကို ဆွဲထုတ်လိုက်ကြောင်း ညွှန်ပြနေကာ ရှောင်ထူ၏ မကောင်းဆိုးရွားများကို ဆွဲဆောင်နိုင်စွမ်းမှာ အမှန်တကယ် အစွမ်းထက်ပါသည်။


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ကြည့်ပြီး ပြောလိုက်သည်။

"ဒီလှိုဏ်ဂူရဲ့အတွင်းက အရမ်းကျဉ်းတယ်… တစ်ယောက်ပဲ ဖြတ်လို့ရမှာ… ငါ ဝင်သွားပြီး ကတ်ယူလိုက်မယ်… မင်းတို့ အပြင်မှာ စောင့်နေ…"


ကျန်းဖျင်စစ်က သူ့ကို တားရန် လှမ်းလိုက်သည်။

"စိတ်ရှုပ်မခံနဲ့… ငါလုပ်လိုက်မယ်…"


သူက ခယ်ရှောင်ပင်း၏ လက်ပ်တော့မှ ဖမ်းယူထားသောပုံအား တစ်ချက်ကြည့်လိုက်ပြီး မေးသည်။

"ရှောင်ထူ တွေ့ရှိခဲ့တဲ့ လှိုဏ်ဂူရဲ့ အတွင်းပိုင်း အချင်းရဲ့ အရှည်က ဘယ်လောက်လဲ?"


ခယ်ရှောင်ပင်း: "15 မီတာ…"


ကျန်းဖျင်စစ်က စိတ်ထဲတွင် အကွာအဝေးကို တွက်ချက်ပြီး ညာဖက်လက်ကို အနည်းငယ် မြှောက်ကာ coordinate system ကို ဆွဲလိုက်သည်။


ရှောင်ထူ ရိုက်ထားသော လှိုဏ်ဂူပုံရိပ်မှ အနီကတ်ကို ဂူအတွင်းနက်သော ကျောက်တုံးပေါ်တွင် တင်ထားသည်။ ကျန်းဖျင်စစ်က formula ကို အမြန်ရေးသားခဲ့သည်။ အနီကတ်သည် လေတိုက်သလို ရုတ်ချည်း လွင့်ပျံလာ၏။ ထို့နောက် လှိုင်းလုံးကဲ့သို့ အတက်အဆင်း လွင့်ပျံလာပြီး ကျန်းဖျင်စစ်၏လက်ထဲသို့ အခိုင်အမာ ကျရောက်သွားသည်။


ယွဲ့ရှင်းဝမ်က ဤမြင်ကွင်းကို ကျင့်သားရနေသော်လည်း တစ်ဖက်မှ ကျောင်းသားလေးယောက်က စိုက်ကြည့်နေကြသည်။ ဆံပင်စည်းထားသော မိန်းကလေးက သိချင်စွာ မေးလေသည်။

"အတန်းဖော်၊ နင့်မှာ ဘယ်လိုစွမ်းရည်ရှိတာလဲ? နင်က ပစ္စည်းတွေကို လေထဲကနေ ယူနိုင်တာလား?"


ကျန်းဖျင်စစ်က ပြောသည်။

"သင်္ချာဌာနရဲ့ formula…"


မိန်းကလေးက ကြောင်တောင်တောင်ကြည့်နေတာကြောင့် ယွဲ့ရှင်းဝမ်က ပြုံးကာ ရှင်းပြသည်။

"သင်္ချာဌာနက အရမ်းရှုပ်ထွေးတယ်… သာမန်လူတွေက ဒီစွမ်းရည်ကို ရရင်တောင် မသုံးနိုင်ဘူး… ကတ်က ဂူအတွင်းကနေ အလိုလိုရွေ့လျားပြီး လွင့်လာတာက ပစ္စည်းတွေကို လေထဲကနေ ယူနိုင်တာ မဟုတ်ဘူး… အဲဒါကို တိကျသေချာတဲ့ coordinate လှုပ်ရှားမှုလမ်းကြောင်းနဲ့ ထိန်းချုပ်လိုက်တာ…"


မိန်းကလေးက ထိတ်လန့်သွားပြီး ရေရွတ်လေသည်။

"ငါက သင်္ချာဘာသာရပ်ကို အစကတည်းက မလေ့လာခဲ့တာ ကောင်းတယ်… မဟုတ်ရင် စွမ်းရည်ရထားပြီး မသုံးတတ်တာက အရမ်းဆိုးရွားမှာပဲ…"

သူမဘေးနားရှိ အဖွဲ့ဝင်များကလည်း ခေါင်းငြိမ့်သဘောတူကြသည်။ သင်္ချာဌာနက ခက်ခဲလွန်းသည်။ စွမ်းရည်ကို အသုံးပြုဖို့ သူတို့က formula တွေကို တွက်ချက်ရသည်။


ရှင်းယန်က မေးလေသည်။

"အနီကတ်က ဘယ်လောက်လဲ?"


ကျန်းဖျင်စစ်က ကတ်ကိုဖွင့်ပြီး အနီကတ်၏နောက်ကျောတွင် “20”ရေးထားတာကို တွေ့လိုက်ရသည်။


ယွဲ့ရှင်းဝမ်က အလွန်ဝမ်းသာသွားသည်။

"ကောင်းလိုက်တာ… 20 မှတ်တန် ကတ်ပဲ! ခုနက ငါတို့သဘောတူခဲ့တဲ့အတိုင်း အဲဒါကို အညီအမျှ ခွဲလိုက်ကြရအောင်…"


ဆန့်ကျင်ဘက်ရှိ ဆံပင်စည်းထားသော မိန်းကလေးက အနည်းငယ် ရှက်သွားသည်။

"ဒါကမကောင်းဘူးထင်တယ်… ငါတို့က အများကြီးမကူညီခဲ့ရဘူး… နင်က ပင့်ကူတွေကို ဖျက်ဆီးဖို့ အဖွဲ့ကို ညွှန်ကြားခဲ့ပြီး နင်တို့ရဲ့စက်ရုပ်နဲ့ မိုးသည်းခြင်းကြောင့်သာ မဟုတ်ရင် ငါတို့တွေ ပင့်ကူလှိုဏ်ဂူထဲကို ဘယ်တော့မှ ဝင်လို့ရမှာမဟုတ်ဘူး…"


ယွဲ့ရှင်းဝမ်က ပြောလာသည်။

"ရှင်းယန်ရဲ့အက်စစ်က အများကြီး အကူအညီဖြစ်ပါတယ်… သူ့အက်စစ်သာမရှိရင် ပင့်ကူတွေက မြန်မြန်နဲ့ အရည်ပျော်မှာ မဟုတ်ဘူး…"


သူက သူ့အိတ်ကတ်ထဲကနေ အစိမ်းရောင် 5 မှတ်ကတ် နှစ်ကတ်ကို ထုတ်ပြီး ရှင်းယန်ကို ပေးခဲ့သည်။ "ငါ ဒီ 20 မှတ် ကတ်ကို ယူပြီး မင်းတို့ကို 5 မှတ်ကတ် နှစ်ကတ် ပေးလိုက်မယ်… ဒါဆို ငါတို့တွေ 10 မှတ်စီ ခွဲပြီးသွားပြီ…"


ခယ်ရှောင်ပင်းကလည်း ပြောလာသည်။

"ရှင်းဝမ်က မင်းကို ပေးလိုက်တဲ့အတွက် မင်းယူလို့ရတယ်… ငါတို့ရဲ့ အရင်အမှတ်တွေမှာ 50 ရထားပြီ… ဒီ 10 မှတ်ကို ပေါင်းလိုက်ရင် စာမေးပွဲအောင်ပြီး အဆုံးမှတ်ကို သွားလို့ရပြီ…"


ရှင်းယန်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

"အမှတ် 50 လား? မင်းတို့က C-183 သုတေသနအဖွဲ့လား?"


လက်ရှိ သုတေသနအဖွဲ့များ၏ အဆင့်သတ်မှတ်ချက်တွင် အမှတ် 50 ရရှိထားသော သုတေသနအဖွဲ့နှစ်ခုမှာ C-183 နှင့် B-16 ဖြစ်သည်။ ယွဲ့ရှင်းဝမ်တို့လေးယောက်၏ အဖွဲ့ကို B-16 သုတေသနအဖွဲ့ဟု သံသယမရှိခဲ့ဘဲ C-183 သုတေသနအဖွဲ့ဟု တိုက်ရိုက် ပြောခဲ့သည်…


ဖြစ်နိုင်ခြေတစ်ခုပဲရှိသည်။ ယွဲ့ရှင်းဝမ်က မဖြေဘဲ မေးခွန်းပြန်ထုတ်လိုက်သည်။

"မင်းတို့က B-16 သုတေသနအဖွဲ့ကလား?"


ရှင်းယန်က ခေါင်းငြိမ့်ပြသည်။

"တိုက်ဆိုင်လိုက်တာ… မင်းတို့လည်း အမှတ် 50 ရှိပြီ၊ မင်းတို့နဲ့ အတူတူပဲ…"


သူ့ဘေးနားရှိ ဆံပင်စည်းထားသော မိန်းကလေးက စိတ်လှုပ်ရှားစွာ သူမ၏မျက်လုံးများ တောက်ပနေသည်။

"ဒါဆို ငါတို့အဖွဲ့နှစ်ဖွဲ့က တစ်ချိန်တည်း အောင်သွားတာပေါ့?!"


အမှတ် 20 အနီကတ်ကို ယွဲ့ရှင်းဝမ်က ယူသွားပြီး အစိမ်းရောင် 50 မှတ်ကတ် နှစ်ခုကို သူတို့ထံ ပြန်လည်ပေးအပ်ခဲ့သည်။ နောက်ဆုံးရလဒ်ကတော့ နှစ်ဖွဲ့စလုံးသည် အမှတ် 60 နဲ့ တစ်ချိန်တည်းမှာ အောင်ခဲ့ပြီး လူတိုင်း ပျော်ခဲ့ကြသည်။


ရှင်းယန်လည်း မယဉ်ကျေးတော့ဘဲ ယွဲ့ရှင်းဝမ်ထံမှ 5 မှတ် ကတ်နှစ်ခုကို ယူလိုက်သည်။

"ကျေးဇူးပါ…"


ယွဲ့ရှင်းဝမ်က ပြောသည်။

"မင်းက ရှောင်ခယ်ရဲ့ အထက်တန်းကျောင်းက အတန်းဖော်ဖြစ်ပြီး ငါတို့ရဲ့ တစ်ကျောင်းတည်းသားတွေပဲ… ယဉ်ကျေးနေစရာမလိုပါဘူး…"


ရှင်းယန်က ခယ်ရှောင်ပင်းကို ကြည့်လိုက်သည်။

"ရှောင်ခယ်? မင်းမှာ ဒီလိုမျိုး နာမည်ပြောင်ကို ဘယ်တုန်းက ရခဲ့တာလဲ?"


ခယ်ရှောင်ပင်း၏ နားရွက်တွေက နီရဲလာသည်။

"သူတို့ ငါ့ကို ရှောင်ပင်းလို့ ခေါ်ရင် အဲဒီရှောင်ပင်းရဲ့အဓိပ္ပါယ်က ဘီစကွတ်နဲ့တူနေတယ်… ပြီးတော့ အတိုကောက်လည်း SB(sha bi/ငတုံးကောင်) ဆိုတော့… အဟန့်… အဟန့်… ဒါကြောင့် ငါ သူတို့ကို ရှောင်ခယ်လို့ ခေါ်ခိုင်းလိုက်တာ…"


ရှင်းယန်က မျက်ခုံးပင့်ကာ ခယ်ရှောင်ပင်း၏လက်ထဲက အဖြူရောင်စက်ရုပ်ကို ကြည့်ပြီး မေးသည်။

"အဲဒီရှောင်ထူက မင်းနာမည်ပေးထားတာလား?"


ခယ်ရှောင်ပင်းက ခေါင်းငြိမ့်သည်။

"အင်း… မကောင်းလို့လား?"


ရှင်းယန်က နဖူးပေါ်တွင် မီးလင်းနေသော စက်ရုပ်ကိုကြည့်ပြီး ပြောလာသည်။

"…မဆိုးပါဘူး…"


ယွဲ့ရှင်းဝမ်က ရောက်လာပြီး မေးသည်။

"ရှင်းယန်၊ မင်းက အမှတ် 50 ကို မြန်မြန်ရခဲ့တာ… ကန္တာရကျွန်းရဲ့ အစွန်ဆုံးမှာ ရှာခဲ့တာလား?"


ရှင်းယန်က ပြန်ဖြေသည်။

"မှန်တယ်… မနေ့က ဆင်းသက်ချိန်မှာ အမှားလုပ်မိပြီး လေထီးက ပင်လယ်ထဲ လွင့်သွားလုနီးပါး ဖြစ်ခဲ့တယ်… မနေ့က နေ့လယ်နဲ့ ဒီနေ့မှာတော့ ကမ်းခြေတစ်လျှောက် ရှာဖွေခဲ့တာ အမှတ် 50 အတွက် အစိမ်းရောင်ကတ် 6 ကတ်နဲ့ အပြာရောင်ကတ် 2 ကတ်ကို တွေ့ရှိခဲ့တယ်… 


ဒီအတိုင်းဆိုရင် သူတို့တွေ အစွန်းဘက်ကို ဆက်သွားနေရန် မလိုအပ်တော့ပေ။


ယွဲ့ရှင်းဝမ်က မြေပုံကို ထုတ်ကာ စိမ့်မြေတစ်ခုကို ညွှန်ပြသည်။

"ဒီစိမ့်မြေဧရိယာကို မင်းတို့ မရှာရသေးဘူးလား?"


ရှင်းယန်က ပြန်ပြောသည်။

"အင်း… မင်းတို့ရော မရှာရဘူးလား?"


ယွဲ့ရှင်းဝမ်က ဆိုသည်။

"ငါတို့ အခြားတစ်ဖက်က တောင်ပေါ်ကနေ လာခဲ့တာ… ငါတို့အဖွဲ့တွေက အောင်သွားပြီးဖြစ်သလို အချိန်လည်း ရှိသေးတာကြောင့် အဖွဲ့ခွဲပြီး စိမ့်မြေကို ရှာကြမလား? တကယ်လို့ ခက်ခဲတဲ့အနီကတ်ကို တွေ့ခဲ့ရင် အတူတူ ပူးပေါင်းကြတာပေါ့…"


တစ်ဖက်အဖွဲ့၏ အဖွဲ့ဝင်များကလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သဘောတူလိုက်သည်။


လူအုပ်ကြီးက လမ်းဆုံးလမ်းခွဲတွင် ခွဲသွားကာ ကြီးမားသော စိမ့်မြေတစ်ဝိုက်တွင် ရှာဖွေမှုကို စတင်ခဲ့သည်။


လမ်းမှာ ယွဲ့ရှင်းဝမ်က ရှင်းယန်အကြောင်း မေးသည်။

"ရှောင်ခယ်၊ မင်းနဲ့ ရှင်းယန်ရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ? သူ့အကြောင်း မင်းဘယ်လောက်သိလဲ?"


ခယ်ရှောင်ပင်းက ပြန်ဖြေသည်။

"ငါတို့နှစ်ယောက်ကြားက ဆက်ဆံရေးက တကယ်ကို သာမန်ပဲဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် သိတယ်ဆိုတာမျိုးပါပဲ… အထက်တန်းကျောင်းတုန်းက အတန်းဖော်ဆိုတော့ တက္ကသိုလ်မှာ ငါ သူ့ကို ဆက်သွယ်ဖို့ ပေးထားခဲ့ပေမယ့် ငါတို့က အဆက်အသွယ်လုပ်တာ အရမ်းနည်းပါးတယ်… မင်းနဲ့ ဖျင်စစ်ရဲ့ဆက်ဆံရေးလောက်တော့ မကောင်းဘူးဆိုတာ သေချာတယ်…"


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို လှည့်ကြည့်ကာ နှစ်ယောက်သား အကြည့်ချင်းဆုံသွားပြီး တစ်ယောက်ကိုတစ်ယောက် ပြုံးပြနေကြသည်—— သူတို့လို ဆက်ဆံရေးကောင်း ရှိဖို့ဆိုတာ အလွန်ရှားသည်။ အထက်တန်းကျောင်းမှာ ပြိုင်ဖက်တွေ ဖြစ်ခဲ့ရာကနေ တက္ကသိုလ်မှာ အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်လာကြသည်။


ယွဲ့ရှင်းဝမ်က ဆက်မေးသည်။

"ဒါဆို ရှင်းယန်ရဲ့ စိတ်နေစိတ်ထားကို မင်းဘယ်လိုထင်လဲ?"


ခယ်ရှောင်ပင်းက သူ့မျက်မှန်ကို ပင့်တင်ကာ လေးလေးနက်နက် ပြောသည်။

"အထက်တန်းကျောင်းမှာတုန်းက လူတွေနဲ့ သူ စကားသိပ်ပြောလေ့မရှိဘူး… သူက ပိန်ပြီး အသားကလည်းဖြူစွတ်သလို အရပ်ကလည်း သိပ်မထွက်သေးတာကြောင့် ငါတို့အတန်းထဲက ယောင်္ကျားလေးတချို့က သူ့ကိုအနိုင်ကျင့်ကြတယ်…"


ယွဲ့ရှင်းဝမ်သည် အထက်တန်းကျောင်းတုန်း ရှင်းယန်၏ပုံစံကို စိတ်ကူးကြည့်နိုင်သည်။ အထက်တန်းကျောင်းတွင် ကျောင်းသားများသည် အုပ်စုဖွဲ့၍ မကြိုက်သော အတန်းဖော်တချို့ကို အနိုင်ကျင့်လေ့ရှိကြသည်။ တကယ်တော့ ဒါက ကျောင်းတွင်း အနိုင်ကျင့်မှုဖြစ်ပြီး အတန်းဖော်တွေကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေပါသည်။ 


ရှင်းယန်၏ အသားအရေက ဖြူစွတ်နေပြီး ယောင်္ကျားလေးများကြားတွင် အတော်ပင်ရှားသည်။ သူသည် အေးစက်သော စိတ်နေစိတ်ထားရှိပြီး စကားပြောလည်း မကောင်းသလို သူ့အရပ်ကလည်း မထွက်သေးတာကြောင့် အတော်လေးကို အနိုင်ကျင့်လို့ကောင်းမည့်ပုံစံပေါက်နေသည်။


လျှိုကျောက်ချင်းသည် ဤကဲ့သို့သော အုပ်စုဖွဲ့ အနိုင်ကျင့်မှုကို စက်ဆုပ်ရွံရှာဆုံးဖြစ်သည်။ ဒါကိုကြားတော့ သူက မျက်မှောင်ကြုတ်ပြီး ပြောလေသည်။

"သူက လူတွေ အနိုင်ကျင့်တာခံရလား? ဘယ်လို ပြန်တိုက်ခိုက်ရမလဲဆိုတာ သူမသိဘူးလား?"


ခယ်ရှောင်ပင်းက ပတ်ဝန်းကျင်ကို ကြည့်ကာ အပြင်လူမရှိဘူးဆိုတာကို အတည်ပြုပြီးမှ တိုးတိုးလေးပြောသည်။

"အဲဒါတော့ မမှန်ဘူး… ရှင်းယန်က အတော်လေး အငြိုးကြီးတဲ့လူမျိုး… အားလပ်ရက်မှာ တစ်ခါတုန်းက ကျွန်တော်တို့အတန်းထဲက ယောင်္ကျားလေးတချို့ကို သန့်စင်ခန်းထဲမှာပိတ်ပြီး အပြာရောင်သန်းအောင် ရိုက်နှက်ထားတာ သူတို့မျက်နှာတွေဆို ဖူးရောင်နေတာပဲ… သူတို့ထဲက တစ်ယောက်ဆို ခုံတန်းလျားနဲ့ အရိုက်ခံရလို့ ခေါင်းကို ခုနစ်ချက်ချုပ်လိုက်ရတယ်… အဲဒါပြီးနောက် သူ့ကို ဘယ်သူမှ မျက်နှာဖြူလေးဆိုပြီး မခေါ်ရဲတော့ဘူး… သူ့ကိုတွေ့တာနဲ့ ပုန်းနေကြတာ…"


[TK: ‘မျက်နှာဖြူလေး’လို့ ခေါ်ရတဲ့အဓိပ္ပါယ်က ယောင်္ကျားလေးတစ်ယောက်ဟာ မိန်းကလေးလို့ အသားအရမ်းဖြူ၊ နူးညံ့တဲ့မျက်နှာပုံစံရှိတဲ့ မိန်းကလေးလိုမျက်နှာဆိုပြီး မျက်နှာဖြူလေးလို့ စနောက်ကြပါတယ်။ ဒါကလည်း face shaming လုပ်တာပါပဲ။ ရှင်းယန်က ခန္ဓာကိုယ် မဖွံ့ဖြိုးသေးတော့ ပိုဆိုးတာပေါ့။]


လျှိုကျောက်ချင်း၏ ဦးရေပြား ထုံကျင်သွားသည်။

"ငါ ဒါကို မကြည့်ရဲဘူး! ဒီကောင်လေးက အရမ်းရက်စက်တာပဲ!"

ရှင်းယန်က အခု အရပ်ပိုရှည်လာပြီး အတော်လေး နူးညံ့သိမ်မွေ့သော ပုံစံပေါက်နေရင်တောင် လူတွေ၏ခေါင်းကိုရိုက်ပြီး အတော်လေး ရက်စက်ကြမ်းကြုတ်မည်ဟု သူမထင်ထားခဲ့ပေ။


ခယ်ရှောင်ပင်းက ပြုံးနေသည်။

"လူတစ်ယောက်ရဲ့ ရုပ်ရည်ကိုကြည့်ပြီး ဆုံးဖြတ်လို့မရဘူး… သူက ရည်မွန်ပြီး အားနည်းတဲ့ပုံစံ ပေါက်ပေမယ့် တိုက်ခိုက်ရင် သူက အရမ်းကြောက်စရာကောင်းပြီး သွေးထွက်အောင် လုပ်မယ့်လူမျိုးပဲ…"


ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်၏နားနားသို့ ကပ်ကာ တိုးတိုးမေးသည်။

"သူ့အခြေအနေကို မေးနေတယ်ဆိုတော့ အဖွဲ့ဝင်အဖြစ် သူ့ကို ခေါ်ချင်လို့လား?"


ယွဲ့ရှင်းဝမ်က ပြောသည်။

"ငါတို့အဖွဲ့က အခြားဌာနရဲ့ သင်တန်းတွေကို အောင်မြင်နိုင်လောက်တဲ့အထိ မသန်မာသေးဘူး… အဖွဲ့ထဲမှာ ဓာတုဗေဒဌာနက လူတစ်ယောက်သာရှိထားရင် ငါ့ရဲ့မိုးသည်းခြင်းနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ မင်းလည်းမြင်သားပဲ… စိတ်နေစိတ်ထားက ဘယ်လိုပဲဖြစ်နေပါစေ အဖွဲ့ဝင်တွေကို သစ္စာမဖောက်သရွေ့တော့ ငါလက်ခံနိုင်ပါတယ်…"


ခယ်ရှောင်ပင်းက စိတ်ရှုပ်စွာ ခေါင်းကုတ်ပြီး ပြောသည်။

"ဒါပေမယ့် သူ့မှာအဖွဲ့ရှိတယ်မလား?"


ယွဲ့ရှင်းဝမ်က ခွဲခြမ်းစိတ်ဖြာသည်။

"သူတို့ရဲ့အဖွဲ့က အများသူငါစိတ်ကြိုက်သင်တန်းအတွက် ယာယီဖွဲ့စည်းထားတာဖြစ်နိုင်တယ်… တစ်ယောက်နဲ့တစ်ယောက်က စကားလည်းသိပ်မပြောကြသလို၊ ရင်းနှီးပုံလည်းမပေါ်ဘူး… အများသူငါစိတ်ကြိုက်သင်တန်း ပြီးတာနဲ့ သူတို့အဖွဲ့ကို ဖျက်သိမ်းနိုင်လောက်တယ်…"

သူက ခဏရပ်ကာ ဆက်ပြောသည်။

"အခြေအနေပေါ်မူတည်ပြီး ရှောင်ခယ်၊ မင်း သူနဲ့ အဆက်အသွယ် မပြတ်စေနဲ့… တစ်နေ့ သူ့အဖွဲ့ကို ဖျက်သိမ်းလိုက်တာ ဒါမှမဟုတ် သူနုတ်ထွက်လိုက်တာဆိုရင် မင်း သူ့ကို ငါတို့ဆီ ခေါ်လာလို့ရတယ်…"


ခယ်ရှောင်ပင်းက ခေါင်းညိတ်ပြသည်။

"အင်း… ငါ နားလည်ပြီ…"


သူတို့လေးယောက် စကားစမြည်ပြောရင်း အမှတ်ကတ်ကို ရှာဖွေကြသည်။ သူတို့၏အမှတ်တွေက 60 အထိ ရောက်သွားပြီဆိုတော့ အလွန်စိတ်ရှုပ်ခံနေစရာ မလိုတော့ပေ။ အမှတ်ကတ်တွေကို ရှာတွေ့တာက ပိုကောင်းတယ်ဆိုပေမယ့် ရှာမတွေ့ရင်လည်း အရေးမကြီးပေ။


ဒီစိမ့်မြေအတွင်းရှိလမ်းက သွားလာရအလွန်ခက်ခဲသောကြောင့် သူတို့လေးဦးသည် စူးစမ်းရန် ရှေ့သို့ ဖြည်းညင်းစွာရွေ့လျားကြပြီး မှောင်မီတွင် အစိမ်းရောင်ကတ် 2 ကတ်ကို တွေ့ရှိခဲ့သည်။


သူတို့တွင် အမှတ် 70 ရှိနေပြီဖြစ်သည်။ ယွဲ့ရှင်းဝမ်က ကျေနပ်အားရစွာပြောခဲ့သည်။

"အရမ်းကြီး အပင်ပန်းခံနေစရာမလိုတော့ဘူး… မှောင်လာပြီ… ဒီစိမ့်မြေထဲကနေ အမြန်ဆုံး ထွက်သွားရအောင်… မှောင်လာရင် ငါတို့တွေ လမ်းကို မမြင်ရတော့ဘူး… ငါတို့တွေ ရွှံ့ထဲကျသွားရင် ဒုက္ခရောက်ဖြစ်လိမ့်မယ်…"


ရှောင်ထူ၏ ထောက်လှမ်းရေးအကူအညီဖြင့် သူတို့လေးယောက်သည် စိမ့်မြေထဲမှ ထွက်သွားကာ အနီးနားရှိ တောအုပ်ဆီသို့ သွားပြီး အနားယူရန် သစ်ပင်ကြီးတစ်ပင်ကို တွေ့ရှိခဲ့သည်။


ခဏအကြာတွင် ရှင်းယန်နှင့် သူ့အဖွဲ့သည် မီးအလင်းရောင်ကို မြင်ပြီး သူတို့နှင့် ပူးပေါင်းရန် ဤနေရာသို့ ရောက်လာခဲ့သည်။


ခယ်ရှောင်ပင်းက မေးလေသည်။

"ရှင်းယန်၊ မင်းတို့ ဘယ်လောက်ရခဲ့လဲ?"


ရှင်းယန်က ပြောသည်။

"အစိမ်းရောင်ကတ်နှစ်ခုပဲတွေ့တယ်…"


ယွဲ့ရှင်းဝမ်က ဆိုသည်။

"အနီရောင်ကတ်ရဲ့ အရေအတွက်က အရမ်းနည်းမယ်ထင်တယ်… ဒီစိမ့်မြေထဲမှာ အစိမ်းရောင်ကတ်တွေပဲ ကျန်တော့လောက်တယ်…"


ညာဘက်အပေါ်ထောင့်ရှိ ဦးဆောင်သူအဖွဲ့များ၏ အဆင့်ရပ်တည်မှုတွင် သူတို့နှစ်အဖွဲ့က အမှတ် 70 ဖြင့် ပူးတွဲရပ်တည်နေပြီး ပထမနေရာတွင် A-76 သုတေသနအဖွဲ့က အမှတ် 100 ဖြင့် ရှိနေဆဲဖြစ်သည်။ ထိုအဖွဲ့နဲ့ သူတို့တွေ အခုချိန်အထိ မဆုံသေးပေ။ သူတို့က ကန္တာရကျွန်း၏ အခြားဖက်ခြမ်းမှာ ရှိနေတာဖြစ်နိုင်သည်။ 


ယွဲ့ရှင်းဝမ်က သစ်ပင်ဘေးတွင်ထိုင်ကာ ကျောပိုးအိတ်ထဲမှ ငါးကင်ကို ထုတ်ယူလိုက်သည်။ ရှင်းယန်တို့၏ ကျောပိုးအိတ်များထဲတွင် ပင်လယ်ကမ်းစပ်မှ ဖမ်းမိထားသော အခွံမာများနှင့် ဂဏန်းအများအပြားပါရှိပြီး ထိုအရာများကိုစားရန် မီးထည့်ကာ ကင်နေလေသည်။ 


နှစ်ဖက်စလုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။ ခယ်ရှောင်ပင်းက တံတွေးမျိုချကာ တိုးတိုးပြောသည်။

"ငါ မင်းနဲ့ ဂဏန်းတစ်ကောင်လောက် လဲလို့ရမလား?"


ရှင်းယန်က ဂဏန်းတစ်ကောင်ကို ပေးလိုက်ပြီး ခယ်ရှောင်ပင်းက ငါးကင်ကို အမြန်ပြန်ပေးကာ ပြုံးပြသည်။

"ကျေးဇူးပဲ!"


ခယ်ရှောင်ပင်း၏ အစားအသောက်ကောင်း နှစ်သက်မှုအား ယွဲ့ရှင်းဝမ် စိတ်ညစ်နေသည်။ သူ့အမြင်အရတော့ ဒီကန္တာရကျွန်းမှာ လုံလောက်အောင် စားနိုင်ရုံနဲ့တင် အဆင်ပြေနေပါပြီ။


အားလုံး ညစာစားပြီးသောအခါတွင်တော့ လုံးဝမှောင်နေလေသည်။


ထိုအချိန်မှာ ကောင်းကင်ကနေ ရုတ်တရက် မိုးသည်းထန်စွာရွာနေခဲ့သည်။ သည်းသည်းမည်းမည်း မိုးရွာချလိုက်တာကြောင့် လူတိုင်း၏အဝတ်အစားတွေက မိုးရေကြောင့် ချက်ချင်း ရွှဲစိုသွားပြီး အခုလေးတင် မွှေးထားသောမီးကလည်း မိုးသည်းထန်စွာရွာလို့ ငြိမ်းသွားသည်။


မိနစ်အနည်းငယ်အကြာတွင် မိုးသက်မုန်တိုင်း ရပ်တန့်သွားပြီး ဒီလိုမျိုးမိုးရေချိုးရခြင်းက စိတ်ရှုပ်စရာအကောင်းဆုံးဖြစ်သည်။ လူတိုင်း၏ မျက်နှာများက ရွှဲရွှဲစိုနေပြီး ကြည့်မကောင်းပေ။


လျှိုကျောက်ချင်းက ချက်ချင်း ဆဲလေသည်။

"ဒီသောက်မိုးက ငါတို့ကို ကောင်းကောင်းအိပ်မရအောင် တမင်ရွာလိုက်တာမလား? ငါတို့အဝတ်တွေအားလုံးလည်း စိုနေပြီ၊ ပတ်ဝန်းကျင်က သစ်ရွက်တွေနဲ့ သစ်ကိုင်းတွေလည်း စိုနေပြီ၊ ငါတို့ ဘယ်လိုမီးထည့်မှာလဲ?"


ယွဲ့ရှင်းဝမ်က ထိုစကားကိုကြားသောအခါ သူသည် သူ၏ခေတ်သစ် idiom အဘိဓာန်ကို ရုတ်တရက် ထုတ်ပစ်လိုက်သည်။


လျှိုကျောက်ချင်း၏ ပါးစပ်က တောင့်ခဲသွားသည်။

"မင်း အဘိဓာန်ကိုတော့ မီးရှို့မလို့ မဟုတ်ဘူးမလား?"


ယွဲ့ရှင်းဝမ်က မီးခြစ်ကို ချက်ချင်းထုတ်ပြီး ပြုံးကာ ပြောသည်။

"စာရွက်အနည်းငယ်ကို ဆုတ်ဖြဲပြီး မီးရှို့လိုက်မယ်… အားလုံးက သူတို့ရဲ့အဝတ်အစားတွေကို ခြောက်အောင် မီးကင်လို့ရတာပေါ့…"


ယွဲ့ရှင်းဝမ်သည် စာရွက်များကို ဆုတ်ဖြဲပြီး မီးရှို့ကာ အဘိဓာန်ကို ပြန်သိမ်ပြီး ပြန်ဆင့်ခေါ်ကာ ဆက်ပြီးစာရွက်များအား ဆုတ်ဖြဲနေတာကို သူတို့မြင်ခဲ့ရသည်။ အဘိဓာန်က အလွန်ထူပြီး သူ့ဘာသာသူ ကုသပေးနိုင်စွမ်းရှိသည့်အတွက် သူက ဆင့်ခေါ်လိုက်၊ စာရွက်တွေကို ဆုတ်ဖြဲလိုက်၊ ပြန်သိမ်းလိုက်၊ ဆင့်ခေါ်လိုက် လုပ်နေလေသည်…


ဒီနည်းဖြင့်သူ့မှာ စာရွက်တွေ အများကြီးရှိလာသည်။


ဒါက စိုစွတ်နေသော ထင်းတွေထက် အများကြီး ပိုကောင်းပါသည်။


အားလုံး: "..."


အကယ်၍ အဘိဓာန်သာ အသိဉာဏ်ရှိနေရင် အလွန်မကျေမနပ်ဖြစ်နေလိမ့်မည်—— ယွဲ့ရှင်းဝမ်! မှော်အဘိဓာန်စာအုပ်ကို မင်းဘယ်လိုဆက်ဆံနေတာလဲ?!


#TK