အပိုင်း ၁၃
Viewers 2k

အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း

 

အပိုင်း ၁၃

 

 

 

မော့ချူးသည် ရေဓာတ်စွမ်းရည်ရှိသော်လည်း ကျင့်ကြံခြင်းတွင် မကျွမ်းကျင်သေးပေ။

 

 

ထိုကဏ္ဍတွင် မော့ယန်သည် မွေးရာပါကျွမ်းကျင်သူဖြစ်သည်။ သူတို့မောင်နှမနှစ်ယောက်တွင် မတူညီသော ဒြပ်စင်စွမ်းရည်များ ရှိသော်လည်း သူတို့၏ ကျင့်ကြံနည်းများမှာ အတူတူပင် ဖြစ်သည်။

 

 

သို့သော်လည်း ဆိုရိုးအတိုင်းပင် ဆရာက တပည့်အား တံခါးပေါက်ဆီသို့ ပို့ဆောင်ပေးသော်လည်း တပည့်သည် ကျန်လမ်းကို လျှောက်ရန် လိုအပ်သည်။ မော့ယန်က မော့ချူးကို သူ့ရဲ့ ကျင့်ကြံခြင်းနည်းကို ပြောပြသော်လည်း လက်တွေ့မှာ လွယ်ကူသောကိစ္စမဟုတ်ပေ။

 

 

"အိုက်ယား ဘာလို့ အလုပ်မဖြစ်သေးတာလဲ” မော့ချူးက သူမသည် ခေါင်းကို ကူကယ်ရာမဲ့စွာဖြင့် ကုတ်လိုက်သည်။ သူမ၏ မျက်ခုံးများလည်း တွန့်လို့နေသည်။

 

 

ဒီကာလအတွင်း သူမသည် မော့ယန်၏ စကားအတိုင်း လိုက်နာကျင့်သုံးခဲ့သော်လည်း ထိရောက်မှု လုံးဝမရှိခဲ့ပေ။ မော့ချူးသည် အလွန်စိတ်ဓာတ်ကျနေသဖြင့် ပြင်သစ်အကြော်များကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။

 

 

ဒါက မကြာသေးခင်ကမှ ပေါ်ပေါက်လာတဲ့ နည်းတစ်ခုပါ။

 

 

လွန်ခဲ့သည့် ရက်အနည်းငယ်က သူမသည် ပဲများကို ရှာတွေ့သည်အထိ ကံကောင်းခဲ့သည်။ ပဲရှိလျှင် မြေပဲဆီကို ရရှိနိုင်သည်။ ထို့နောက် အာလူးများကို အတုံးသေးသေးလေးများ လှီးဖြတ်ပြီး အိုးထဲတွင် ထည့်ကြော်လိုက်သည်။ ၎င်းသည် ပြင်သစ်အကြော်၏ ရိုးရိုးရှင်းရှင်းပုံစံဖြစ်ပြီး အောင်မြင်ခဲ့သည်။ ကြွပ်ရွပြီး မွှေးကြိုင်သော အသွင်အပြင်သည် သူမ အတော်ကြာနေအောင် မစားရသေးသော အရာဖြစ်သည်။

 

 

သူမသည် မြိန်ရေရှက်ရေ ဝါးနေခဲ့သည်။ ရုတ်တရက် မော့ချူးသည် ဒြပ်စင်များက လှုပ်ရှားနေသည့်အချက်ကို သတိထားမိလိုက်သည်။ ဒြပ်စင်များသည် အရင်ကတွင် အနည်းငယ်လေးတောင် မလှုပ်ရှားပေ။

 

 

မော့ချူးသည် ပျော်လွန်းသွားကာ စားနေတာကိုရပ်လိုက်ပြီး သူမပတ်ဝန်းကျင်ရှိ ဒြပ်စွမ်းအင်များကို အာရုံစိုက်လိုက်သည်။ သို့သော်လည်း သူမ၏မျက်လုံးများပိတ်လိုက်ချိန်တွင် ဒြပ်စင်များက သူမနှင့် တူတူပုန်းတမ်း ကစားနေသကဲ့သို့ပင်။ သူတို့က ရုတ်တရက် ငြိမ်ကျသွားပြီး လေထဲတွင် အစအနမရှိ ပျောက်ကွယ်သွားသည်။

 

 

မော့ချူး၏ ပါးစပ်တစ်ခုလုံး သွေးများနှင့်ပြည့်သွားသည်။ မင်းတို့ လူတွေနဲ့ ဒီလိုဆော့လို့မရဘူးလေ။ ယုံတောင်မယုံနိုင်ဘူး။

 

 

မော့ချူးသည် သူမ၏မျက်လုံးများကို ထပ်ပိတ်လိုက်ပြီး သူမ၏စွမ်းအားများကို ပြန်အာရုံစိုက်လိုက်ပြန်သည်။ သူမသည် သူမ အနီးဝန်းကျင်ရှိ ဒြပ်စွမ်းအင်များကို ခံစားမိရန်နှင့် သူမကိုယ်တွင်းမှာ ရေများကိုစုပ်ယူရန် အတက်နိုင်ဆုံးကြိုးစားနေသည်။

 

 

နာရီဝက်လောက် အာရုံစိုက်ပြီးသည့်နောက်တွင် မလိမ္မာသောဒြပ်စင်များသည် အိပ်ပျော်သွားသည့်ပုံပင်။ စုပ်ယူဖို့နေနေသာသာ ဘာလှုပ်ရှားမှုမျှမရှိပေ။

 

 

“ဟူး....” မော့ချူးသည် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူသည် ပြင်သစ်အကြော် လက်တစ်ဆုပ်လောက်ကို ယူလိုက်ကာ ပါးစပ်ထဲသို့ထည့်လိုက်သည်။ ထိုအချိန်တွင် သူမ၏ ညစ်နေသောစိတ်သည် စားစရာနှင့်သာ သက်သာတော့သည်။

 

 

မမျှော်လင့်စွာနဲ့ပဲ သူမအကြော်များကို မျိုချနေသည့်ချိန် ပတ်ဝန်းကျင်ရှိ ဒြပ်စင်များသည် ရုတ်တရက် စ၍ လှုပ်ရှားလာကြသည်။ သူမ ခလုတ်တစ်ခုနှိပ်လိုက်သည့်အတိုင်းပင်။ သူတို့၏ ခန္ဓာကိုယ်သေးသေးလေးများကို မြူးတူးစွာလှုပ်ရှားသွားကြသည်။

 

 

မော့ချူး အံ့အားသင့်သွားသည်။ ကံကောင်းစွာနဲ့ပဲ သူမသည် စိတ်နှင့်ကိုယ်နဲ့ ကပ်နေသေးသည်။ သူမသည် မျက်လုံးများကို လျှင်မြန်စွာပိတ်လိုက်ပြီး ပြင်ပမှရေဒြပ်စင်များကို ကိုယ်တွင်းသို့ စုပ်ယူရန် အကောင်းဆုံးကြိုးစားနေသည်။

 

 

စုပ်ယူခြင်းဖြစ်စဥ်သည် အံ့သြစရာကောင်းလွန်းလှသည်။

 

 

ဒြပ်စင်များအားလုံးသည် ယောကျ်ားလေးများ မိန်းမလှလေးတစ်ယောက်ကို မြင်လိုက်သကဲ့သို့ပင် သူမ၏ ခန္ဓာကိုယ်သို့ အပြေးအလဲသွားကြသည်။ သူတို့သည် နောက်တွင် ကျန်ခဲ့မည်ကို ကြောက်နေသကဲ့သကဲ့သို့ တစ်ခုနှင့်တစ်ခု တိုးဝှေ့ပြီးသွားကြသည်။

 

 

မော့ချူး၏ ခန္ဓာကိုယ်သည် အပြည့်အဝ စုပ်ယူလုအပြီးတွင် အခြားဒြပ်စင်များသည် ပြေးလာနေခြင်းကို ရပ်လိုက်ကြသည်။ သို့သော်လည်း သူတို့မရပ်လိုက်ခင် သူမအနားတွင် တဝဲလည်လည် လုပ်နေကြသေးသည်။

 

 

မော့ချူး မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် သူမသည် အလွန်အံ့သြသွားခဲ့သည်။

 

 

ရသွားပြီ။ ရသွားပြီကွ။

 

 

လူတိုင်းရဲ့ ဒြပ်စင်စွမ်းရည်များကွာခြားရခြင်း၏ အကြောင်းအရင်းမှာ သူတို့စုပ်ယူနိုင်တဲ့စွမ်းအင်ဟာ တစ်ခုတည်းဖြစ်သောကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် မော့ယန်တွင် မိုးကြိုးစွမ်းအင်ရှိသည်။ ထို့ကြောင့် သူသည် ပတ်ဝန်းကျင်မှ မိုးကြိုးဒြပ်စင်များကိုသာ စုပ်ယူနိုင်သည်။

 

 

ရေစွမ်းအင်အသုံးပြုသူများသည် ရေဒြပ်စင်တွေကို စုပ်ယူနိုင်တာမလား။ ဒါဆို ဘာကြောင့် သူမရဲ့ခန္ဓာကိုယ်ထဲကို ဒြပ်စင်တွေအားလုံး ဝင်ရောက်နေတာလဲ။ အဲ့လို အကုန်လုံးကို စုပ်ယူလိုက်ခြင်းက သူမအတွက် မကောင်းတော့ မဖြစ်ဘူးမလား။

 

 

မော့ယန်က အလုပ်လုပ်ဖို့ အပြင်ကိုသွားလိုက်သည်။ အဲ့ဒါကြောင့် သူမမှာမေးဖို့ ဘယ်သူမှ မရှိပေ။

 

 

ဟုတ်ပြီ။ မော့ချူးက ပြန်သတိရလာပြီး သူမရဲ့ကိုယ်ပိုင် ခလုတ်ခုံကို ဖွင့်လိုက်သည်။ သူမသည် ဒြပ်စွမ်းအင်စာမျက်နှာကို ဖွင့်လိုက်ပြီး အမည်မဖော်ပြစွာဖြင့် ပို့စ်တင်လိုက်သည်။ (တစ်ကယ်လို့ လူတစ်ယောက်က ဒြပ်စင်အကုန်လုံးကို စုပ်ယူလို့ရနေရင် ဘယ်လိုဖြစ်မလဲ)

 

 

မော့ချူးရဲ့ မေးခွန်းက မဖြစ်နိုင်လွန်းနေတာကြောင့်လည်းဖြစ်မည်။ အစတွင် ဖြေသူတစ်ယောက်မျှမရှိပေ။ သို့သော်လည်း သိပ်မကြာမီ တစ်ယောက်ယောက်က ပြန်ဖြေလိုက်ပြီး ဆွေးနွေးမှုကို မြိုင်ဆိုင်စေလိုက်သည်။

 

 

(ဟား ဟား မေးတဲ့သူက စိတ်ကူးယဥ်ဆန်လိုက်တာ။ ဒါမျိုးအရာကို ဘုရားသခင်က လက်ခံမှာမဟုတ်ဘူး။ အဖြေကတော့ မဖြစ်နိုင်ဘူး)

 

 

(တကယ်တော့ ဒြပ်စင်ဖြစ်နိုင်မှု သီအိုရီအရဆိုရင် ပို့စ်တင်တဲ့သူရဲ့ အတွေးက ဖြစ်နိုင်သေးတယ်။ ဒါပေမဲ့ လက်တွေ့ဘဝမှာ ဒြပ်စင်အားလုံးနဲ့ ကိုက်ညီတဲ့ ခန္ဓာကိုယ်တစ်ခုရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့် ဒါကမဖြစ်နိုင်တဲ့ တွေးခေါ်ပုံပဲ)

 

 

(ပို့စ်တင်တဲ့သူက ဒီလိုအတွေးမျိုးတွေးဖို့ ဝတ္ထုတွေအများကြီး ဖတ်ထားတဲ့ပုံပဲ)

 

 

(ဒါအမှန်ပဲ။ သူက တစ်နေကုန် စွမ်းအင်ကျင့်ကြံဖို့မစဥ်းစားပဲနဲ့ ဒီလို အဓိပ္ပာယ်မရှိတာတွေထိုင်တွေးနေတာပဲ။ အခုခေတ် ကလေးတွေကတော့ မျော်လင့်ချက်မရှိတော့ဘူး)

 

 

(သဘောတူတယ် +၁)

 

 

(သဘောတူတယ် +၂)

 

 

(ဒါက ကျုပ်တို့လူငယ်လူရွယ်တွေရဲ့ စိတ်ကူးစိတ်သန်းနဲ့ တီထွင်နိုင်မှုကို ပိတ်ပင်တားဆီးနေတာပဲ။ ခင်ဗျားတို့ ဘာများသိလို့လဲ လူအိုကြီးတွေ)

 

 

(သဘောတူတယ်+၁)

 

 

(+၂)

 

...

 

ပို့စ်တင်ပြီးတဲ့နောက်မှာတော့ ဆွေးနွေးမှုက သွေဖယ်သွားသည်။

 

 

မော့ချူးကတော့ ဆက်ဖတ်ချင်စိတ်မရှိတော့ပေ။ ဒါပေမဲ့ သူမလိုချင်တဲ့ အဖြေကရပြီးနေပြီပင်။

 

 

တကယ်ပဲ သူမအတွက် စွမ်းအင်အားလုံးကို စုပ်ယူဖို့ဆိုတာ ပုံမှန်တော့ မဟုတ်ချေ။ ဒြပ်စင်တွေအားလုံး သူမခန္ဓာကိုယ်အတွင်း အလိုအလျောက် ဝင်လာခြင်းက ထူဆန်းတဲ့အရာပါ။ သူမက ဒီသတင်းသာပေါက်ကြားသွားရင် လူတွေက သူမကိုအရူးလို့ သတ်မှတ်ကြလိမ့်မယ်လို့ ထင်လိုက်သည်။

 

 

နောက်ပြီး ကျွမ်းကျင်စွမ်းအား အသုံးပြုသူတွေနဲ့ သာမန်လူတွေ ကွာခြားရခြင်းက သူတို့ရဲ့ စွမ်းအင် ကျင့်ကြံပုံတွေ ကွာခြားတာကြောင့်လည်း ဖြစ်သည်။ အဓိကအချက်ကတော့ သူတို့ရဲ့ စွမ်းရည်တွေနဲ့ ရင်းနှီးဆက်နွယ်မှုပဲဖြစ်သည်။ ဒြပ်စင်တွေနဲ့ ခိုင်မာတဲ့ ဆက်နွယ်မှုရှိတဲ့ သူတစ်ယောက်က ကြိုးစားမှုရဲ့ ရလဒ် ၂ဆကို ရရှိနိုင်သည်။

 

 

ပုံမှန်အားဖြင့် စကားပြောနေလျှင် ကျွမ်းကျင်အသုံးပြုသူတွေရဲ့ ဆက်နွယ်မှုက ၃၀% ကနေ ၅၀% အထိရှိသည်။ အလွန်ဆုံး ၆၀%အထိ သုံးနိုင်တဲ့သူတွေကို ထူချွန်ပြောင်မြောက်တဲ့ ပါရမီရှင်များဟု သတ်မှတ်ကြသည်။ မော့ချူးက သူမရဲ့ကျင့်ကြံမှုဆီက ပြန်လည်စိတ်ရောက်လာပါပြီ။ သူမရဲ့ ဆက်နွယ်မှုကတော့ အတိုင်းအတာ လွန်နေလောက်သည်။

 

 

အတွေးနယ်ချဲ့ပြီးတဲ့နောက်မှာတော့ မော့ချူးက သူမတစ်ခါမှ မခံစားဖူးတဲ့ သက်သက်သာသာ ခံစားချက်လေးတစ်ခု ပေါ်ပေါက်လာသည်ကို ခံစားလိုက်ရသည်။ သူမရဲ့ ခန္ဓာကိုယ်ထဲမှာ မသက်မသာရှိနေပေမဲ့လည်း ထိုအခိုက်တွင် သက်သာသွားလေသည်။

 

 

နီးကပ်စွာကြည့်လိုက်ပြီးတဲ့နောက် မော့ချူးဟာ သူမခန္ဓာကိုယ်က အလွန်နေလို့ ထိုင်လို့ကောင်းနေသည်ကို သိလိုက်ရသည်။ အရင်က သူမရဲ့ အားနည်းပြီး ပင်ပန်းနေတဲ့ ပုံစံနှင့်မတူပဲ အသားအ‌ရေက ဖြူဖွေးပြီးချောမွတ်နေသည်။ မျက်လုံးများကလည်း အရောင်တောက်ပနေကြသည်။ သူမရဲ့ ဆံသားကတောင် မထင်ထားလောက်အောင် နူးညံ့ပြီး တောက်ပနေသည်။ သူမရဲ့ စိတ်ဝိဉာဉ်ကလည်း ပြည့်လျှံသွားသကဲ့သို့ ခံစားလိုက်ရသည်။

 

 

ဒီခံစားချက်က ဒြပ်စွမ်းအင်တွေ ပြည့်ဝသွားတာလား။

 

 

ဒါက တော်တော်ကို အံ့သြစရာကောင်းနေသည်။

 

 

သူမ ဘယ်လိုနေရပါ့လိမ့်။ သူ့တစ်ကိုယ်လုံး နို့စိမ်ထားသလိုဖြစ်ပြီး စွမ်းအင်တွေက သူမခန္ဓာကိုယ်ရဲ့ ဝင်ပေါက်တိုင်းကနေ အထဲကို တဖြည်းဖြည်း စိမ့်ဝင်နေသည်။

 

 

မော့ယန်ပြန်‌ရောက်လာသောအခါ သူ့ညီမ၏တိုးတက်မှုကို ကြည့်ပြီး အံ့အားသင့်သွားသည်။

 

 

သူ့ရဲ့ အဆင့်က မော့ချူးထက်မြင့်သည်။ သူသည် ချူးလေး၏ စွမ်းအင်များက ဒီလိုအချိန်တိုလေးအတွင်း အတိုင်းထက်အလွန် မြင့်တက်လာတာကိုတွေ့လိုက်ရသည်။ ဒီ ကျင့်ကြံနည်းရဲ့နှုန်းကတော့ ကြောက်ကြောက်စရာပဲ။

 

 

သူ့ရဲ့နှလုံးသားတွင် ဂုဏ်ယူမှုများ ပြည့်လို့သွားသည်။

 

 

ငါ့ညီမက အရမ်းတော်လွန်းတာပဲ။