အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း
အပိုင်း ၁၄
ကျင့်ကြံနည်းကို နားလည်ပြီးနောက် မော့ချူး၏ တိုးတက်မှုသည်
ဒုံးပျံကဲ့သို့ပင်ဖြစ်နေသည်။ သို့သော် အဓိက သော့ချက်မှာ သူမ၏ တိုးတက်မှုမှာ မြန်ဆန်လွန်းနေခြင်းဖြစ်သည်။
တစ်ဖက်တွင် မော့ယန်သည် သူ့ညီမငယ်၏ အရည်အချင်းကို ဂုဏ်ယူနေပြီး တစ်ဖက်တွင်မူ သူမ၏ အခြေခံအုတ်မြစ်
အားနည်းနေမည်ကို စိုးရိမ်နေမိသည်။ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် သူမရဲ့ ဖွံ့ဖြိုးမှုကို
ထိခိုက်စေနိုင်သည်။
ထို့ကြောင့် မော့ယန်ဟာ သူ့ညီမကို တာဝန်များလက်ခံခိုင်းဖို့
ဆုံးဖြတ်လိုက်သည်။ နောက်ပြီး တကယ်တိုက်ပွဲများတွင် ပါဝင်ခြင်းသည် တိုးတက်ဖို့အကောင်းဆုံးနည်းလမ်းဖြစ်သည်။
ထုံးစံအတိုင်း မော့ယန်ကတော့ လုပ်ချင်နေပြီ။ လှောင်အိပ်ထဲမှာ
လှောင်ထားခံရတဲ့ကျားဟာ တောရိုင်းထဲက ကြောင်အိုကြီးကို မယှဥ်နိုင်ပေ။ နောက်ပြီး သူမက
အိမ်မှာရှိတာတွေပဲ စားနေရတာကို ငြီးငွေ့နေပါပြီ။ သူမက အပြင်ထွက်ပြီး လတ်ဆတ်တဲ့သီးနှံတွေကိုလည်း
ရှာဖွေရဦးမယ်လေ။
သူတို့နှစ်ယောက် ခေါင်းချင်းဆိုင်စည်းဝေးပြီး
သဘောတူညီကြပြီးနောက် တာဝန်ပေးအပ်ခြင်းဌာနကို ဦးတည်သွားကြတော့သည်။
လမ်းတစ်လျှောက် မော့ယန်သည် တာဝန်ပေးအပ်ခြင်းဌာနအကြောင်းကို
လိုရင်းတိုရှင်း ရှင်းပြသည်။ မော့ချူးကလည်း ဂရုတစိုက် နားထောင်သည်။
တာဝန်ပေးအပ်ခြင်းဌာနက ပေးသည့် မစ်ရှင်များကို SSSအဆင့်၊ SSအဆင့်၊ Sအဆင့်၊ Bအဆင့်၊ Aအဆင့် ဆိုပြီး
Fအဆင့်အထိ ခက်ခဲမှုအတိုင်းအတာပေါ်မူတည်၍ ခွဲခြားထားသည်။ မစ်ရှင်တစ်ခုပြီးသွားသည်နှင့်
သတ်မှတ်ထားတဲ့ ပစ္စည်းတွေကို တာဝန်ပေးအပ်ခြင်းဌာနကို ယူလာရသည်။ သူတို့ယူလာသည့် ပစ္စည်းများတန်ဖိုးနှင့်
ညီသည့်ဆုလာဒ်ကို ပြန်ရရှိသည်။ တာဝန်များ ခက်ခဲလေလေ ရသည့်ဆုလာဒ်များက ပို၍တန်ဖိုးကြီးလေလေဖြစ်သည်။
တစ်ယောက်တည်း မထမ်းဆောင်နိုင်သည့် မစ်ရှင်များလည်းရှိသည်။
ထို့ကြောင့် ခရိုင်၁၂တွင် အဖွဲ့များဖွဲ့ထား၍ သူတို့၏အဆင့်ကို ထမ်းဆောင်ခဲ့သည်တာဝန်များကို
ကြည့်၍ သတ်မှတ်ပေးထားသည်။ မော့ယန်ပါဝင်ခဲ့တဲ့ ဝံပုလွေရိုင်းများအဖွဲ့ဟာ တော်တော်လေးနာမည်ကြီးပြီး
ခရိုင်၁၂တွင် အဆင့်(၃) အဖြစ်သတ်မှတ်ထားသည်။
သို့သော်ငြားလည်း မော့ယန် ကာကွယ်ပေးနေသည့်တိုင်
မော့ချူးသည် တာဝန်ပေးအပ်ခြင်းဌာနထဲသို့ ခြေလှမ်းလိုက်သောအခါ လူအုပ်ကိုကြည့်၍ တုန်လှုပ်သွားသည်။
သူမရဲ့ ကမ္ဘာမှာတုန်းက နွေဦးပွဲတော်က လူများနှင့် သူလိုငါလိုအဆင့်တွင်ရှိသည်။
မော့ယန်က ချူးလေးကို လေ့ကျင့်ရေးအတွက် ခေါ်လာခဲ့ခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် သူက အလွန်ခက်ခဲတဲ့ မစ်ရှင်များကို ရွေးချယ်မည်မဟုတ်ပါ။ ထို့ကြောင့်
သူသည် Cအဆင့်တာဝန်များနှင့် Dအဆင့်တာဝန်များကိုသာ အာရုံစိုက်ခဲ့သည်။
သို့သော်ငြားလည်း သူတာဝန်တစ်ခုရှာမတွေ့ခင်မှပဲ
လူအများအပြားက စကားလာစပြောနေကြသည်။
“မော့ယန် မင်းဝံပုလွေရိုင်းအဖွဲ့ထဲက ထွက်လိုက်ပြီဆို။
မင်း ငါတို့အဖွဲ့ထဲကို လာဖို့ဆိုရင်ရော ဘယ်လိုလဲ။ မင်း ဝံပုလွေရိုင်းအဖွဲ့ထဲမှာရခဲ့တဲ့
အခွင့်အရေးထက်သာတာ ငါတို့ပေးမယ်လို့ အာမခံတယ်”
အခုတော့ မော့ချူးက သူမ အစ်ကိုဘယ်လောက် လူသိများလဲဆိုတာကို
သိသွားပြီ။
အဖွဲ့ထဲဝင်ဖို့ တရားဝင်ဖိတ်ခေါ်စာများသာမက မိန်းမလှလေးတစ်ယောက်ကိုပါ
သူတို့က သွေးဆောင်ဖျားယောင်းခိုင်းသေးသည်။ သူမက ဘယ်အသင်းရဲ့ အလှလေးလဲတော့ မသိပေ။ သူမရဲ့မျက်လုံးများမှာ
မျက်ရည်များပြည့်လို့နေပြီး မော့ယန်သာ အဖွဲ့ထဲကို မဝင်လျှင် ငို့တော့မည့်ပုံစံဖြစ်နေသည်။
ကံမကောင်းစွာဖြင့် မော့ယန်သည် ငြင်းလိုက်ဖို့
အားနာနေမည့်သူမျိုးမဟုတ်ပါ။ သူက အကုန်လုံးရဲ့ ဖိတ်ကြားချက်တွေကို စကားတစ်ခွန်းတည်းနှင့်သာ
ငြင်းလိုက်ပါသည်။ “တောင်းပန်ပါတယ်ဗျာ။ ဒီအတောအတွင်းတော့ ကျွန်တော် ဘယ်အဖွဲ့ထဲကိုမှ
ဝင်ဦးမှာမဟုတ်ဘူးဗျ။ ကျွန်တော့် ညီမလေးနဲ့ပဲ အတူရှိဦးမယ်ဗျ”
အဲ့ဒီလိုပြောပြီးတဲ့အခါမှာတော့ အကုန်လုံးက သူ့ရဲ့ဘေးနားက
မော့ချူးကို ငေးကြည့်နေကြတော့သည်။
သို့သော်ငြားလည်း တစ်ချက်ကြည့်လိုက်ရုံမျှနဲ့
သူမရဲ့ အစွမ်းထက်မှု အတိုင်းအတာကို လူတိုင်းပြောနိုင်ကြသည်။ အဆင့်(၁) သာရှိသည့် ကလေးမလေးပင်။ အာရုံစိုက်နေဖို့တောင်
မတန်ပေ။
အကုန်လုံးထွက်သွားကြပြီးနောက်တော့ မော့ယန်သည်
မစ်ရှင်များကို ထပ်ရှာတော့သည်။ သူက မစ်ရှင်နှစ်ခုကို မျက်စိကျနေသည်။ သူတို့နှစ်ခုလုံးသည်
အရမ်းကြီးလည်း မခက်လွန်းသည့်အပြင် ချူးလေး၏ တဖြည်းဖြည်းနဲ့ တိုက်ခိုက်ရေးမှာတိုးတက်ဖို့အတွက်လည်း
ကွက်တိဖြစ်နေသည်။
မစ်ရှင်နှစ်ခုလုံးကို တာဝန်ယူရန် လုပ်လိုက်သောအခါ
သူတို့ရဲ့နောက်မှ ရယ်သံတစ်ခုကြားလိုက်သည်။ “ဟ အဆင့်(၅)ရှိတဲ့ ကျွမ်းကျင်သူကြီးက စားစရာလေးအတွက်နဲ့
အဆင့် (၁)၊ (၂) ပဲရှိတဲ့ ငါတို့နဲ့ ယှဥ်တော့မှာလား။ တကယ့် ဟာသပဲ”
မော့ယန် လှည့်ကြည့်လိုက်သည်။
ပုံမှန်အားဖြင့် အဆင့်(၅)ကျွမ်းကျင်သူများသည်
သူတို့တစ်ယောက်တည်းထမ်းဆောင်ရန် A အဆင့်တာဝန်များကို ရွေးကြပြီး S အဆင့်အတွက် အသင်းတစ်သင်းထဲသို့
ဝင်လိုက်ကြသည်။ Cအဆင့်နှင့် Dအဆင့်ကို ရွေးကြသူများက မရှိသလောက်ပင်။ နောက်ပြီး ဒီတာဝန်များရဲ့
ခက်ခဲမှုက နည်းပြီး ဆုလာဒ်များကလည်း မပေါများပေ။
သူက နာမည်ကိုတော့ မပြောခဲ့ပါဘူး။ သူက မော့ယန်အကြောင်းပြောနေတယ်ဆိုတာ
သိသာလွန်းသည်။
“ဘာကိုပြောနေတာလဲ” မော့ချူးက သူမရဲ့ခေါင်းကိုလှည့်လိုက်ပြီး
အခုလေးတင်ပဲစကားပြောလိုက်တဲ့ အသက်အလယ်အလတ်လူကြီးကို စိုက်ကြည့်လိုက်သည်။ သူရဲ့ တည်ဆောက်ပုံကတော့
ပုံမှန်သာဖြစ်သည်။ သို့သော် ခန္ဓာကိုယ်မှာ ထူထည်းပြီး မည်းမှောင်နေတဲ့ကိုယ်ငွေ့နဲ့
ပြည့်နေသည်။
“ဘာမေးတာလဲ” သူက ပါးစပ်ကိုတွန့်လိုက်ပြီး မျက်လုံးများကို
အပေါ်ပင့်လိုက်သည်။ “ငါ ဘာပြောနေလဲ မင်းသိပါတယ်။ မော့ယန် မင်းက အဆင့်(၅)လေ။ နောက်ပြီး
ဒီနေရာကို Cအဆင့်တာဝန်ကို လက်ခံဖို့လာတယ်ဆိုတော့ စောက်ရှက်မရှိတာပဲ”
ရှောက်ယွမ်ဟာ နှစ် ၄၀နီးပါး ကျင့်ကြံလာသူတစ်ယောက်ပါ။
ကြိုးစားတဲ့နေရာမှလည်း ဘယ်သူ့နောက်ကောက်မှမကျချေ။ နောက်ပြီး သူ၏ဆန္ဒအတွက် သူ့အသက်ကို
စွန့်စားရန်လည်း ဝန်မလေးပေ။
သို့သော်လည်း
လောကကြီးက မတရားပေ။ ဒီလောက်နှစ်တွေအများကြီးလေ့ကျင့်နေတာတောင် သူသည် အဆင့်(၂) သာရှိသေးသည်။
ဘယ်လောက်ပဲကြိုးစားကြိုးစား အဆင့် (၃) ကို ပင် တက်မလာချေ။
နောက်ပြီး သူက မော့ယန်ကိုကြည့်လိုက်သည်။ သူကျင့်ကြံနေချိန်တွင်
ဒီကောင်လေးမှာ မွေးတောင်မမွေးသေးချေ။ အခုတော့ မော့ယန်သည် အဆင့်(၅) ကျွမ်းကျင်သူ တစ်ယောက်ပင်
ဖြစ်နေသည်။ မော့ယန်ရဲ့တောက်ပနေတဲ့ အနာဂတ်မှာ တွေးကြည့်လို့တောင်မရပါဘူး။ သူဘက်ကတွေးကြည့်လျှင်
ဒီကိစ္စနှင့် ပတ်သက်၍ ရှောက်ယွမ် ကျေနပ်လိမ့်မည်ဟုထင်ပါသလား။
အဲ့ဒါကြောင့် သူဟာ သူ့အသံကိုလူများကြားအောင် တမင်သက်သက်
ကျယ်လောင်စွာ ပြောလိုက်ခြင်းဖြစ်သည်။
ပျော်ရွှင်စရာများတွင် ဝင်ပါချင်ကြသည်မှာ လူ့သဘာဝပင်။
အထူးသဖြင့် သူတို့ကြားက အဆင့်(၅) ဆိုလျှင်ပင်။ ထိုခဏတာတွင် လူတိုင်း၏မျက်လုံးများသည်
သူ့ဆီကို ရောက်သွားခဲ့သည်။
“ဘာလဲ။ ငါပြောတာဘာမှားလို့လဲ” လူတိုင်းသူ့ကိုကြည့်နေသည်ကိုမြင်၍
ရှောက်ယွမ်၏ အသံမှာ ပို၍ကျယ်လာပြီး ယုံကြည်မှုရှိလာသည်။ “လူတိုင်းသာ မော့ယန်လုပ်သလို
လိုက်လုပ်နေရင် အဆင့်(၁) နဲ့ (၂) တွေက ဘာသွားလုပ်စားရတော့မှာလဲ”
သူ့ရဲ့စကားလုံးများဟာ အဆင့် နိမ့်သူများရဲ့ ထောက်ထားမှုကို
မြင့်တင်လိုက်သည့်အတိုင်းပင်။
အဆင့်မြင့်သူများမှ ကောင်းစွာ ဆက်ဆံခံရခြင်းမှာ
သူတို့မျှော်လင့်သည့် တစ်ခုတည်းသော အရာဖြစ်သော်လည်း အဆင့်မြင့်သူများလည်း သူတို့ကို
လျစ်လျူရှုထားလေ့ရှိသည်။ သူတို့မှာ ဘာအခွင့်အရေးရှိလဲ။ သူတို့အားလုံးသည် အခြေခံ အထူးစွမ်းရည်
အသုံးပြုသူများပင် ဖြစ်ကြသည်။ ”ဒါအမှန်ပဲ မင်းက အဆင့်(၅)ဖြစ်ပြီး ဘာလို့ ဒီလို မစ်ရှင်လေးကိုယူနေရတာလဲ”
တာဝန်ပေးအပ်ခြင်းဌာနက ခက်ခဲတဲ့တာဝန်များက အဆင့်
မြင့်သူများသာ တာဝန်ယူရမည်ဟု မသတ်မှတ်ထားသော်လည်း နှစ်တွေကြာလာတဲ့အခါ ဒါကမပြောကြတဲ့
စည်းမျဥ်းတစ်ခုဖြစ်လာသည်။
“ဟုတ်တယ် မင်းထွက်သွားသင့်တယ်”
“ဟေး ဒီကောင် ဒီလောက် အရှက်မရှိလိမ့်မယ်လို့မထင်ထားဘူး”
ဒီလိုကိစ္စသေးသေးလေးကနေ ပြဿနာအကြီးကြီး ဖြစ်သွားလိမ့်မယ်လို့
မည်သူမျှမထင်ထားချေ။
လေထုအငွေ့အသက်ကလည်း ပိုပိုပြီး ပြင်းထန်လာသည်။
ရှောက်ယွမ်၏ လှုံဆော်သည့်စကားများအောက်တွင် အဆင့်နိမ့်သည့်သူများက
ရုတ်တရက် စည်းလုံးလာကြသည်။ သူတို့ကို မတူညီစွာ ဆက်ဆံခံခဲ့ရမှုများမှ မကျေနပ်မှုများသည်
ချက်ချင်းထကြွလာပြီး ဒီအချိန်တွင် ရုတ်တရက်ပေါက်ကွဲလာသည်။
တာဝန်ပေးအပ်ခြင်းဌာနရဲ့ ဝန်ထမ်းရောက်လာချိန်တွင်
အခြေအနေမှာ အထွတ်အထိသို့ရောက်ရှိနေသည်။
အဲ့ဒါက မော့ယန်နဲ့ ရှောက်ယွမ်ကြားက စကားများမှုမဟုတ်တော့ဘဲ
အဆင့်နိမ့်သူများနှင့်မြင့်သူများကြားက ထိတိုက်တွေ့မှုဖြစ်နေပါပြီ။
မော့ယန်ကတော့ ဒီလိုကြီးဖြစ်သွားလိမ့်မယ်လို့ မတွေးထားပါဘူး။
သူကမော့ချူးကို သတိရှိစွာနဲ့ သူ့ရဲ့နောက်ကို ပို့ကာ ကာကွယ်ထားလိုက်သည်။ ထိန်းချုပ်၍
မရဖြစ်လာလျှင် သူတားဆီးနိုင်ရန်ဖြစ်သည်။
သူရဲ့ ကြံခိုင်တဲ့လက်မောင်းများကို ကြည့်လိုက်ပြီး
မော့ချုးဟာ သူမ၏ နှလုံးသားတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။ အခြေခံအားဖြင့် သူမသည်
ဒီပြဿနာ၏ အစဖြစ်သည်။ သူမ အတွက်ကြောင့်နှင့် သူမရဲ့အစ်ကို ကို ခေါင်းမခံခိုင်းစေလို။
“တကယ်တော့ ဒီကိစ္စက....” မော့ချူးသည် မော့ယန်၏
နောက်မှထွက်လာသည်။ သူမ စကားမဆုံးခင် ရှောက်ယွမ်ရဲ့ တင်းမာတဲ့အသံက ဖြတ်ပြောလိုက်သည်။
“မင်းနဲ့ ဘာဆိုင်လဲ။ တိတ်စမ်း” သူမက အဆင့်(၁)သာရှိသေးသည့်
မိန်းမငယ်လေးဖြစ်သည်။ သူမကို ဒီလိုပြောသင့်ရဲ့လား။ ရှောက်ယွမ်သည် သူက အဆင့်(၂) ဆိုတာကိုပင်
မေ့သွားသည့်ပုံပင်။
မော့ယန် အရင်က စကားတစ်လုံးမှ ဝင်မပြောခဲ့ပေ။ သို့သော်
ဒါကိုကြားပြီးနောက် သူမနေနိုင်တော့ချေ။ မော့ချူးကို ဒီကောင်က ဒီလိုပြောစရာဘာအကြောင်းရှိလို့လဲ။
“ဒီကိစ္စက ကျွန်မကြောင့်ဖြစ်တာပါ။ အဲ့ဒါကြောင့်မလို့
ကျွန်မမှာ ပြောပိုင်ခွင့်ရှိတယ်” မော့ချူးသည် မော့ယန်၏ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ပြီးနောက်
ရှောက်ယွမ်ဆီ တည့်တည့်လျှောက်သွားလိုက်သည်။
ဒီလိုပြင်းထန်နေသည့် အချိန်တွင် သူမသည် သူမအတွက်ပြောလိုက်သည်။