Chapter 34
Viewers 4k

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်


Chapter 34 (တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ ၁၀)


ယွဲ့ရှင်းဝမ်က ဝံပုလွေများသည် ညဉ့်နက်သန်းခေါင်းတွင် အစာငတ်၍ အစာရှာရန် ထွက်လာသည်ဟု ထင်ခဲ့သည်။ မထင်မှတ်ဘဲ ဝံပုလွေများသည် အစာရှာရန် လာရုံမျှမက လက်ဆောင်ဘူး အမှတ်ကတ်ကိုလည်း ယူဆောင်လာခဲ့ကြသည်။ ဤအရာသည် စာမေးပွဲခန်းမှ ဖန်းတီးထားသော မမျှော်လင့်ထားသည့် အဖြစ်အပျက်တစ်ခုဖြစ်သည်။


ကျောင်းသားများသည် ဝံပုလွေများကို အောင်မြင်စွာဖြေရှင်းန်ုင်ပါက boss ၏ အနက်ရောင်ကတ်တစ်ခုကို ရရှိနိုင်သည်။ အကယ်၍ သူတို့ကို အလျင်စလို ထွက်ပြေးပြီး ဝံပုလွေများ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံရပါက သူတို့သည် အမှတ် 60 ထိစုဆောင်းထားရင်တောင် ဖယ်ရှားခံရမည်ဖြစ်သည်။


ယွဲ့ရှင်းဝမ်က အနက်ရောင်ကတ်ဖြင့် ကျန်းဖျင်စစ်ဆီသို့ ရောက်လာပြီး သူ့မျက်လုံးတွေက အပြုံးများဖြင့် ပြည့်နှက်နေသည်။

"အမှတ် 50 က အပြာရောင်ကတ် 5 ကတ်၊ အနီကတ် 2 ကတ်ခွဲနဲ့ ညီမျှတယ်! ငါတို့ရဲ့ကြိုးစားမှုက အချည်းနှီးမဖြစ်ဘူး၊ ဒီတော့ ဒါကို ဘယ်လိုခွဲကြမလဲဆိုတာ ဆွေးနွေးရအောင်…"


ဒါကိုကြားသောအခါ လူတိုင်းက ယွဲ့ရှင်းဝမ်နားမှာ စုဝေးလာကြသည်။ ခယ်ရှောင်ပင်းက ယွဲ့ရှင်းဝမ်၏လက်ထဲက အနက်ရောင်ကတ်ကိုကြည့်ပြီး အံ့အားသင့်စွာပြောသည်။

"အမှတ် 50 ပါတဲ့ အနက်ရောင်ကတ်လား? ဒါက အရမ်းခက်ခဲတာ မဆန်းပါဘူး!"


ယွဲ့ရှင်းဝမ်က ရှင်းယန်ကို ကြည့်လိုက်သည်။

"အညီအမျှ ခွဲကြမလား? ငါမင်းကို အစိမ်းရောင် 5 ကတ် ပေးလိုက်မယ်…"


"မင်းတို့ ဒီကတ်ကို ယူသွားလို့ရတယ်…" ရှင်းယန်က ပေါ့ပါးစွာ ဆိုသည်။ "ငါတို့ မလိုချင်ဘူး…"


ယွဲ့ရှင်းဝမ်က အံ့အားသင့်သွားသည်။

"ဝံပုလွေတွေကို ငါတို့က အတူတူသတ်ခဲ့တာလေ… ငါတို့ပဲယူတာက အဓိပ္ပါယ်မရှိဘူး မဟုတ်လား?"


ရှင်းယန်က တိုက်ရိုက်ပြောလာသည်။

"ငါတို့အဖွဲ့က ဒီအများသူငါစိတ်ကြိုက်သင်တန်းအတွက် ယာယီဖွဲ့ထားတဲ့ အဖွဲ့ဖြစ်ပြီး ဒီသင်တန်းကနေ credit 2 မှတ် ရချင်ရုံပဲ… ဒါပြီးရင် ဖျက်သိမ်းတော့မှာ… မင်းရဲ့တည်ငြိမ်တဲ့ ညွှန်ကြားမှုကြောင့်သာ မဟုတ်ရင် ငါတို့တွေ ဝံပုလွေတွေကို တွေ့တာနဲ့ ထွက်ပြေးဖို့ နည်းလမ်းရှာမိလိမ့်မယ်… အဲဒီနောက် ငါတို့က credit ရဖို့အတွက် ငါတို့ကံကြမ္မာက ဒီမှာပဲ အဆုံးသတ်သွားမှာ…"


သူ၏အေးစက်သော မျက်လုံးတွေနဲ့ အဖွဲ့ဝင်သုံးယောက်ကိုကြည့်လိုက်သည်။

"ယွဲ့ရှင်းဝမ်က ဒီကတ်ကို ယူမှာနဲ့ပတ်သတ်ပြီး မင်းတို့မှာ ပြဿနာ တစ်စုံတစ်ရာရှိလား?"


ဆံပင်စည်းထားသော မိန်းကလေးက ခေါင်းကို အလျင်အမြန်ခါယမ်းပြီး ဖြူဖျော့သောမျက်နှာဖြင့် ပြောသည်။

"ငါကတော့ ပြဿနာမရှိပါဘူး… ရှင်းဝမ်ကြောင့်သာ မဟုတ်ရင် ငါတို့ကို ဝံပုလွေတွေ စားသွားလောက်ပြီ!"


သူမဘေးနားရှိ ဆံပင်တိုတိုနဲ့ မိန်းကလေးက သဘောတူသည်။

"ဟုတ်တယ်… ငါတို့တွေ ဒီအများသူငါစိတ်ကြိုက်သင်တန်းကို အောင်တာနဲ့တင် အရမ်းကျေနပ်နေပြီ…"


"မင်းတို့တွေ ဒီလိုတော့ ပြောလို့မရဘူးလေ… မင်းတို့လည်း အများကြီး ကူညီခဲ့တာပဲ…" ယွဲ့ရှင်းဝမ်က ကျိုးနွံစွာပြောခဲ့သည်။ "အထူးသဖြင့် ကာကွယ်ဆေးပဲ၊ ငါတို့ရဲ့ခန္ဓာကိုယ်ကို ကာကွယ်ထားတဲ့ ကာကွယ်ဆေးကြောင့်သာ မဟုတ်ရင် ဝံပုလွေတွေဆီ ငါတိုက်ရိုက် သွားရဲမှာမဟုတ်ဘူး… ဒီ 30 စက္ကန့် မင်းရဲ့ ခုခံကာကွယ်ခြင်းစွမ်းရည်က အရမ်းအစွမ်းထက်တယ်…"


ဆံပင်စည်းထားသော မိန်းကလေးက အတင်းပြုံးလိုက်သည်။

"ငါ ကာကွယ်ဆေးကို ဒီလိုမျိုး သုံးနိုင်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး…"


တောရိုင်းဝံပုလွေများနှင့် ရင်ဆိုင်ရသောအခါ လူတိုင်းက အလိုလိုကြောက်လန့်နေကြပေမယ့် ယွဲ့ရှင်းဝမ်ကတော့ ဝံပုလွေကို ဖျက်ဆီးရန် သူတို့၏ခန္ဓာကိုယ်ဖြင့် ဆွဲဆောင်ပြီး တိုက်ခိုက်ဖို့ တည်ငြိမ်စွာ စဉ်းစားနေခဲ့သည်။ ကျောင်းသားတွေက သူ့ကို အလွန်အထင်ကြီးတာကြောင့် ဒီအမှတ်ကို ယူရန် ရှက်ရွံ့နေခဲ့ကြသည်။ 


သို့သော် ယွဲ့ရှင်းဝမ်သည် ဒီကတ်ကို လောဘကြီးစွာ လက်ဝါးကြီးအုပ်လိုစိတ် မရှိပေ။ သူက ခဏလောက်စဉ်းစားပြီး ပြောလာသည်။

"ဒီလိုဆိုရင်ရော၊ အမှတ် 50 ကနေ ငါတို့ 30 ယူပြီး မင်းတို့ကို 20 ပေးလိုက်မယ်လေ…"


ရှင်းယန်က ငြင်းချင်နေသေးတာကို တွေ့တော့ ယွဲ့ရှင်းဝမ်က သူ့ကို ပြုံးပြပြီး ကြားဖြတ်လိုက်သည်။

"ငါလည်း အခြားသူတွေကို အကြွေးတင်နေတာမျိုး မကြိုက်ဘူး… ငါတို့က အတူတူ အလုပ်လုပ်ခဲ့ကြသလို အားလုံးကလည်း ပံ့ပိုးပေးခဲ့တယ်… မင်းတို့သာမရှိရင် အခု ပူးပေါင်းဆောင်ရွက်မှုက ပြီးမြောက်မှာမဟုတ်ဘူး… မင်းတို့က ငါအများကြီး လုပ်ခဲ့တယ်လို့ တွေးတယ်ဆိုရင် ငါလည်း အားမနာတော့ဘဲ နည်းနည်းလောက် ပိုယူလိုက်မယ်… အမှတ်ကို 3:2 ခွဲလိုက်မယ်ဆိုရင် ဘယ်သူမှ အရှုံးမရှိတော့ဘူးလေ…"


ထို့နောက် သူက သူ့အိတ်ကတ်ထဲကနေ အပြာရောင်ကတ် 2 ကတ်ကို ထုတ်ပြီး ရှင်းယန်ကို ပေးလိုက်သည်။


ရှင်းယန်က ဒါကိုယူရန် လက်မလှမ်းခဲ့ပေ။


ခယ်ရှောင်ပင်းက ရောက်လာပြီး သူ့ကို ဖျောင်းဖျသည်။

"ရှင်းယန် ယူလိုက်ပါ… ရှင်းဝမ်က တွက်ချက်သူမဟုတ်ပါဘူး… တစ်ယောက်နဲ့တစ်ယောက် သိတာကြောင့် တွေးတောပေးရုံပါ… ငါတို့ချည်းပဲ အမှတ် 50 စလုံးယူသွားရင် ရှက်စရာကောင်းလိမ့်မယ်… ဒီတော့ မင်းကို အမှတ် 20 ပေးလိုက်ပြီး မင်းတို့လေးယောက်လည်း ခွဲရတာ အဆင်ပြေသွားတာပေါ့…"


ရှင်းယန်က သူ့ကိုကြည့်ကာ မငြင်းတော့ပေ။ သူက လက်လှမ်းကာ အပြာရောင်နှစ်ကတ်ကိုယူပြီး ပြောလိုက်သည်။

"ကျေးဇူးပါ…"


ရှင်းယန်၏လက်တွေက ဖြူစွတ်နေပေမယ့် သူ၏လက်ချောင်းတွေက ကျစ်လျစ်ပြီး သန်မာတယ်ဆိုတာ ယွဲ့ရှင်းဝမ် တွေ့ရှိခဲ့သည်။ သူကလည်း အတော်လေး ကြည့်ကောင်းပြီး ဒီလက်တွေနဲ့ ဓာတ်ခွဲခန်းထဲမှာ တစ်နှစ်ပတ်လုံး အချိန်ကုန်နေတာတောင် သွယ်လျပြီး သန့်ရှင်းနေတာက အနည်းငယ်တော့ အသန့်ကြိုက်ရောဂါရှိလိမ့်မည်ဟု မှန်းဆနိုင်သည်။


သူတို့၏အဖွဲ့က အများသူငါစိတ်ကြိုက်သင်တန်းအတွက် ယာယီဖွဲ့စည်းထားကြောင်း ကြားသိပြီးနောက် ယွဲ့ရှင်းဝမ်က ခယ်ရှောင်ပင်းကို အချက်ပြုကာ ခယ်ရှောင်ပင်းက ချက်ချင်း နားလည်သွားပြီး သိချင်စွာဖြင့် ဟန်ဆောင်မေးသည်။

"မင်းတို့တွေက ဒီအများသူငါစိတ်ကြိုက်သင်တန်းအတွက် ယာယီဖွဲ့စည်းထားတာလို့ မင်းအခုလေးတင် ပြောလိုက်တာလား?"


ရှင်းယန်က ပြောသည်။

"အင်း… ငါ အဖွဲ့ဝင်တွေကို ခေါ်ယူဖို့အတွက် ဖိုရမ်မှာ ပို့စ်တင်ခဲ့တာ…"


သူတို့၏ယာယီအဖွဲ့က အစပိုင်းမှာ အမှတ် 50 ရခဲ့တာဟာ ကံတရားကြောင့်ပဲ ဖြစ်ခဲ့သည်။ သူတို့တွေ လေထီးခုန်ချပြီးသောအခါ ကန္တာရကျွန်း၏အစွန်းဘက်သို့ ဆင်းသက်ခဲ့ကြသည်။ သူတို့နဲ့ ယှဉ်ပြိုင်သော ကျောင်းသားအဖွဲ့တွေ အများကြီး မတွေ့ခဲ့ရပေ။ သူတို့သည် ကမ်းခြေတစ်လျှောက်ရှိ ကတ်အားလုံးကို ကောက်ယူခဲ့ကြသည်။ နောက်ပိုင်းတွင် ယွဲ့ရှင်းဝမ်နဲ့ သူ့အဖွဲ့ကို ပင့်ကူလှိုဏ်ဂူနားမှာ တွေ့ခဲ့ပြီး အနီကတ်ရရန် ပူပေါင်းခဲ့ပြီး တိုက်ရိုက် စာမေးပွဲအောင်သွားကြသည်။ 


ယွဲ့ရှင်းဝမ်က မေးလေသည်။

"ဒါဆို မင်းတို့ ထွက်သွားပြီးရင် ဘာလုပ်ဖို့ စိတ်ကူးထားလဲ?"


ရှင်းယန်က ဂရုမစိုက်စွာ ပြောလာသည်။

"ဖျက်သိမ်းမယ်…"


မိန်းကလေးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဘာမှမပြောကြပေ။ ရှင်းယန်လို သန်မာသောအဖွဲ့ဝင်ကို ဆွဲထားချင်သော်လည်း ရှင်းယန်က လမ်းတစ်လျှောက်တွင် စကားများများစားစား ပြောလေ့မရှိသလို သူ၏စရိုက်က အေးစက်ပြီး တစ်ယောက်တည်းသာနေတတ်သည်။ သူတို့သည် အချင်းချင်းလည်း မရင်းနှီးတာကြောင့် ယာယီအဖွဲ့ကို ပုံသေအဖွဲ့အဖြစ် သတ်မှတ်ရန် အကြောင်းမရှိပေ။


ရှင်းယန်က မေးလိုက်သည်။

"ရှင်းယန်၊ မင်း ဘယ်နှစ်ထပ်ကို ရောက်နေပြီလဲ?"


ရှင်းယန်: "3 ထပ်မှာ…"


ယွဲ့ရှင်းဝမ်က အနည်းငယ် အံ့အားသင့်သွားသည်။

"2 ထပ်မြောက်က သင်တန်းကို မင်းတစ်ယောက်တည်း ဘယ်လိုကျော်ဖြတ်ခဲ့တာလဲ?"


ရှင်းယန်က ရှင်းပြသည်။

"ငါ အရင်က သုတေသနအဖွဲ့တစ်ခုဆီ ဝင်ဖူးတယ်… သူတို့ထဲမှာ သင်္ချာဌာနက ကျွမ်းကျင်သူတွေ ပါဝင်တယ်… သင်္ချာဌာနကို အောင်သွားပြီးနောက် သဘောထားမတူတာနဲ့ သုတေသနအဖွဲ့ကို ဖျက်သိမ်းခဲ့ကြတယ်… ဒီတော့ ဒီအပတ်ရဲ့ အများသူငါစိတ်ကြိုက်သင်တန်းကို အရင်ပြီးမြောက်ဖို့အတွက် ယာယီအဖွဲ့ကို ရှာဖွေပြီး ငါတစ်ယောက်တည်း ထွက်လာတာ…"


ယွဲ့ရှင်းဝမ်က ခယ်ရှောင်ပင်းကို ကြည့်ကာ ခယ်ရှောင်ပင်းက ချက်ချင်း အသံတိုးတိုးဖြင့် မေးသည်။

"ဒါဆို မင်း ငါတို့အဖွဲ့ထဲဝင်ဖို့ ဆန္ဒရှိလား?"


ရှင်းယန်က အနည်းငယ် မျက်ခုံးပင့်သွားသည်။

"မင်းတို့က လေးယောက်ပြည့်နေပြီ မဟုတ်ဘူးလား?"


ခယ်ရှောင်ပင်းက သူ့အသံကိုလျှော့ပြီး နားထဲသို့ တိုးတိုးလေး ကပ်ပြောသည်။

"4 ထပ်မြောက်မှာ စာမေးပွဲကျလို့ 1 ထပ်မြောက်ကနေ စာမေးပွဲပြန်ဖြေနေရတဲ့ ငါတို့မှာ နောက်ထပ်အဖွဲ့ရှိသေးတယ်… သူတို့ရဲ့အဖွဲ့က ရူပဗေဒ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဇီဝဗေဒနဲ့ လူသုံးယောက်ပဲရှိသေးပြီး တစ်ယောက်လိုသေးတယ်… မင်း ဝင်ချင်တယ်ဆိုရင် ရှင်းဝမ်က စီနီယာအစ်ကိုကျိုဖုန်းကို နောက်ကျရင် ပြောပြလိမ့်မယ်… ငါတို့အဖွဲ့မှာ ဓာတုဗေဒဌာန မရှိတာတာကြောင့် သူတို့က မင်းကို ပါဝင်ဖို့ သေချာပေါက် ကြိုဆိုလိမ့်မယ်…"


ရှင်းယန်က အေးစက်သောအမူအရာဖြင့် သူ့စကားကို နားထောင်ပြီး ပြန်ပြောသည်။

"ငါတို့ အပြင်ရောက်မှ ဒီအကြောင်းကိုပြောကြတာပေါ့…"


ခယ်ရှောင်ပင်းသည် တစ်ဖက်လူအား နေရာမှာတင် အဖြေပေးရန် အတင်းအကြပ်တိုက်တွန်းဖို့ ရှက်လွန်းသဖြင့် မျက်မှန်ကို ပင့်တင်ကာ ယွဲ့ရှင်းဝမ်၏နားဆီသို့ အကြောင်းပြန်သည်။

"သူက သဘောတူတာလည်း မဟုတ်သလို၊ ငြင်းတာလည်း မဟုတ်ဘူး… ငါတို့အပြင်ရောက်မှ ဒီအကြောင်းကိုပြောကြမယ်တဲ့…"


ယွဲ့ရှင်းဝမ်က ပြုံးကာပြောသည်။

"လောစရာမလိုပါဘူး… ဒီသင်တန်းပြီးရင် စာကြည့်တိုက်မှာတွေ့ဖို့ သူ့ကိုတောင်းဆိုကြည့်လိုက်… သူ့အတွက် စိုးရိမ်စရာရှိနေတာက ပုံမှန်ပါပဲ… ဒါ့အပြင် ငါတို့အဖွဲ့ထဲမှာ သူသိတာဆိုလို့ မင်းတစ်ယောက်ပဲရှိတာ… သူက စီနီယာအစ်ကိုကျိုဖုန်းနဲ့ အခြားသူတွေကိုတောင် မဆုံဖူးသေးဘူး… သူ ချက်ချင်းသဘောတူဖို့က အရမ်းကတိုက်ကရိုက် ဖြစ်လွန်းလိမ့်မယ်…"


ခယ်ရှောင်ပင်းလည်း တွေးမိသည်။ အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းတာက အပျော်အပျက်မဟုတ်ပေ။ သဘောတူပြီးမှ နုတ်ထွက်သွားရင် သူတို့တွေကြား ကသိကအောက်ဖြစ်သလို ခံစားရမည်ဖြစ်ပြီး ရှင်းယန်က ဆုံးဖြတ်ချက်မချခင် အခြားအဖွဲ့ဝင်တွေနဲ့ တွေ့ချင်နေတာဖြစ်နိုင်သည်။ 


ဤအခိုက်အတန့်တွင် ကျန်းဖျင်စစ်က ရုတ်တရက် ပြောလာသည်။

"ဦးဆောင်သူအဖွဲ့တွေကို ကြည့်လိုက်…"


ယွဲ့ရှင်းဝမ်က အပေါ်ညာဘက်ထောင့်ရှိ အကြည်ရောင် လေးထောင့်ဘောင်ကို ကြည့်လိုက်သည်——


A-76 သုတေသနအဖွဲ့၊ အမှတ် 150


C-183 သုတေသနအဖွဲ့၊ အမှတ် 100


B-16 သုတေသနအဖွဲ့၊ အမှတ် 90



ပထမနေရာမှာ ကျိုတိုတက္ကသိုလ်မှ အမြန်ဆုံးအဖွဲ့ ဖြစ်နေဆဲဖြစ်သည်။ သူတို့၏ အမှတ်တွေက 150 သို့ ရုတ်တရက် တက်လာခဲ့သည်။ သူတို့သည် ယွဲ့ရှင်းဝမ်တို့လို အခြားတိရစ္ဆာန်များ၏ စီးနင်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး အမှတ် 50 အနက်ရောင်ကတ်ကို ရရှိခဲ့တာ သိသာပါသည်။ ဤအဖွဲ့၏ဖွဲ့စည်းပုံမှာ ပထဝီ၊ ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒတို့မှ ယောင်္ကျားလေး လေးယောက်ဖြစ်သည်။ ဝံပုလွေများနှင့် ကြုံတွေ့ရသောအခါ ရူပဗေဒဌာန၏ လျှပ်စီးပတ်လမ်း၊ ဓာတုဗေဒဌာန၏ ဆာလဖျူရစ်အက်စစ်၊ ပထဝီဝင်ဌာန၏ ကျောက်ထုလွှာလှုပ်ရှားမှု၊ ဇီဝဗေဒဌာန၏ mitosis တို့ဖြင့် သူတို့တွင် အသုံးပြုရန် နည်းလမ်းများစွာရှိပြီး သူတို့တွေ အနက်ရောင်ကတ် ရရှိမယ်ဆိုတာ ယွဲ့ရှင်းဝမ် ခန့်မှန်းခဲ့သည်။


ယွဲ့ရှင်းဝမ်၏အဖွဲ့က လက်ရှိတွင် ဒုတိယနေရာတွင်ရှိပြီး ရှင်းယန်၏ ယာယီအဖွဲ့က တတိယနေရာဖြစ်သည်။


‌အောက်ဘက်တွင် အမှတ် 70–85 ရှိသော အဖွဲ့များစွာ ရှိပြီး သူတို့သည် အမှတ်နည်းနေကာ သားရဲများကို ဖျက်ဆီးပြီးနောက် အနက်ကတ်တွေ ရခဲ့တာဖြစ်မည်။ မိုးရွာသည့်ညက စီးနင်းမှုဟာ စာမေးပွဲစာရွက်ပေါ်၌ အမှတ်မြင့်မားသည့် မေးခွန်းကြီးတစ်ခုလိုပဲဖြစ်သည်။ အဖြေမှန်တယ်ဆိုရင်တော့ အောင်သွားနိုင်သည်။


ဒုတိယနေ့ ညဘက်၌ မိုးရွာပြီးနောက် ကန္တာရကျွန်းတွင် စာမေးပွဲဖြေဆိုသူ 88 ဦးမှ 68 သို့ သိသိသာသာ ကျဆင်းသွားခဲ့သည်။ ယနေ့ညတွင် ‌ကျောင်သား 20 ကို ဖယ်ထုတ်လိုက်ကြောင်း ပြသနေသည်။ စာမေးပွဲမပြီးသေးသည့်အတွက် ကျောင်းသားတွေကို ဖယ်ထုတ်ရသည့် အကြောင်းရင်းက တစ်ခုပဲရှိသည်—— သေတာပဲ။


ကျန်းဖျင်စစ်က သူ့အသံကိုလျှော့လိုက်သည်။

"ပျောက်ကွယ်သွားတဲ့ သုတေသနအဖွဲ့ငါးဖွဲ့က မမျှော်လင့်ထားတဲ့ အခြေအနေကြောင့် ဖယ်ရှားခံရတာဖြစ်နိုင်တယ်… ငါတို့က ဝံပုလွေတွေနဲ့ ကြုံတွေ့ခဲ့တာဆိုတော့ သူတို့က ခြင်္သေ့တွေ၊ ကျားတွေ၊ အခြားသားရဲတွေနဲ့လည်း ကြုံတွေ့ခဲ့တာဖြစ်နိုင်တယ်…"


ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်သွားသည်။

"ဒီအများသူငါစိတ်ကြိုက်သင်တန်းတွေရဲ့ ကျရှုံးမှုနှုန်းက အရမ်းမများဘူးလား?"


ခယ်ရှောင်ပင်းသည် အခုလေးတင် ဝံပုလွေတွေကို လိုက်ဖမ်းနေသည့် မြင်ကွင်းကို သတိရပြီး သူ့မျက်နှာက ဖြူဖျော့လာကာ တုန်တုန်ယင်ယင်အသံနဲ့ ပြောသည်။

"ပထမကတော့ အများသူငါစိတ်ကြိုက်သင်တန်းတွေကို တိုက်ရိုက်လက်ဆောင်ပေးထားတာဖြစ်ပြီး credit 2 မှတ်ကို လွယ်လွယ်နဲ့ရမယ်… ဒါဆို ငါတို့က စာကြည့်တိုက်မှာ ကောင်းကောင်းနေလို့ရတယ်လို့ ငါထင်ခဲ့တာ!"


လျှိုကျောက်ချင်းက မနေနိုင်ဘဲ အပြစ်တင်သည်။

"စာကြည့်တိုက်က အများသူငါစိတ်ကြိုက်သင်တန်းရဲ့ အကျဉ်းချုပ်အကြောင်းတောင် မရှင်းပြဘူး! ငါတို့က အမြဲလိုလို အများသူငါစိတ်ကြိုက်သင်တန်းတွေကို လွယ်လွယ်နဲ့ အောင်ခဲ့ပေမယ့် ဒီမှာတော့ အများသူငါစိတ်ကြိုက်သင်တန်းက ငါတို့အသက်တွေကို သေစေနိုင်တယ်!"


အများသူငါစိတ်ကြိုက်သင်တန်းဖြစ်သော တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲသည် နောက်ဆုံးတွင် အတန်းပေါင်း 50 ဖွင့်လှစ်ခဲ့ပြီး စုစုပေါင်း ကျောင်းသား 5,000 တက်ရောက်ခဲ့ပါသည်။ ကျရှုံးမှုနှုန်း 30% အရ လူ 3,500 သာ credit များရနိုင်ပြီး တက္ကသိုလ်များရှိ အများသူငါစိတ်ကြိုက်သင်တန်းများ၏ အောင်မြင်မှုနှုန်းနဲ့ နှိုင်းယှဉ်၍မရပေ။


တရုတ်နိုင်ငံရှိ အထင်ကရတက္ကသိုလ်များ၏ အများသူငါစိတ်ကြိုက်သင်တန်းများသည် စာမေးပွဲကာလအတွင်း ပျက်ကွက်ခြင်း သို့မဟုတ် စာသင်နှစ်တစ်ခုလုံး အတန်းမတက်တာကလွဲ၍ ကျရှုံးရန်အလွန်ခဲယဉ်းပါသည်။ စာကြည့်တိုက်၏ အများသူငါစိတ်ကြိုက်သင်တန်းများ၏ ကျရှုံးမှုနှုန်းက အမှန်တကယ် 30% ကျော်လွန်နေပါသည်။


ကံကောင်းထောက်မစွာ အများသူငါစိတ်ကြိုက်သင်တန်းတွင် ကျရှုံးသွားပါက သူတို့မှာ ဘာဆုံးရှုံးမှုမှမရှိပေ။ သူတို့သည် စာမေးပွဲပြန်ဖြေရန် ပထမထပ်သို့ သွားစရာမလိုသလို သူတို့သည် စာကြည့်တိုက်တွင် ပြန်ရှင်လာနိုင်ပြီး နောက်ထပ်သင်တန်းများကို ဆက်တက်နိုင်သည်။ သို့သော်လည်း သားရဲကိုက်ခံရသည့် စိတ်ပိုင်းဆိုင်ရာ အရိပ်သည် ကျောင်းသားများနောက်ကို တစ်သက်လုံး လိုက်သွားလိမ့်မည်ဟု ခန့်မှန်းရသည်။


ယွဲ့ရှင်းဝမ်၏မျက်နှာက အနည်းငယ် ရုပ်ဆိုးနေသည်။

"ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် ကျောင်းသား တော်တော်များများက စိတ်ပိုင်းဆိုင်ရာ ပျက်စီးသွားလိမ့်မယ်…"


အခုလေးတင် သားရဲတွေနဲ့ တိုက်ခိုက်ရသည့် မြင်ကွင်းကို ပြန်သတိရတော့ လူတိုင်းက သူတို့၏ကျောရိုးတစ်လျှောက် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။ အစွမ်းမရှိသော ကျောင်းသားများသည် ဝံပုလွေတွေနဲ့ ရင်ဆိုင်ရသောအခါ ဝံပုလွေတွေ အလိုက်ခံရပြီး အကိုက်ခံရကာ ထိုအချိန်မှာ သူတို့တွေ နာကျင်မှုဖြင့် ကြောက်လန့်နေမည့်ပုံရိပ်ကို စိတ်ကူးကြည့်ရန် ခက်ခဲလှသည်။


သူတို့သည် စာကြည့်တိုက်တွင် ပြန်လည်ရှင်သန်နိုင်သော်လည်း သူတို့၏စိတ်ပိုင်းဆိုင်ရာကို မြန်မြန်ဆန်ဆန် ပြုပြင်ပြောင်းလဲရန် ခက်ခဲသည်။


ဒီစာကြည့်တိုက်က တက္ကသိုလ်ကျောင်းသားများကို တကယ်ရူးသွပ်စေသည်!


ယွဲ့ရှင်းဝမ်က အသက်ပြင်းပြင်းရှူရင်း အတင်းပြုံးလိုက်သည်။

"အနားယူကြရအောင်… မနက်မိုးလင်းတာနဲ့ ငါတို့တွေ အဆုံးမှတ်ကို ချက်ချင်း သွားကြတာပေါ့… ငါတို့‌မှာ လုံလောက်တဲ့ အမှတ်တွေ ရထားပြီဆိုတော့ နောက်ဆုံးမိနစ်မှာ နောက်ကျသွားလို့မဖြစ်ဘူး…"


ဒါကိုကြားတော့ ကျောင်းသားတွေက ထိုင်ဖို့ နေရာရှာကြသည် 


မိုးရွာတာကြောင့် မြေကြီးက အလွန်စိုနေပေမယ့် သူတို့ ဂရုမစိုက်တော့ပေ။ စာမေးပွဲခန်းထဲက ကျောင်းသား အယောက် ၂၀ ၏သေဆုံးမှုက လူတိုင်း၏ရင်ထဲမှာ တိမ်မည်းတစ်ခုလိုပဲဖြစ်နေသည်။ အားလုံးက သစ်ပင်ကြီးတစ်ဝိုက်မှာ ထိုင်နေကြပေမယ့် အိပ်ချင်တာမျိုးမရှိပေ။


ခဏတာ တိတ်ဆိတ်သွားပြီးနောက် လျှိုကျောက်ချင်းက မျက်လုံးဖွင့်ကာ မနေနိုင်ဘဲ ဆဲလေသည်။

"Fuck! ငါမျက်လုံးမှိတ်လိုက်တိုင်း ဝံပုလွေတွေပဲ တွေ့နေရတယ်… ငါအိပ်လို့မရတော့ဘူး…"


"ကျွန်–ကျွန်တော်ရောပဲ…"

ခယ်ရှောင်ပင်းက သံယောင်လိုက်သည်။

 

ဆံပင်စည်းထားသော မိန်းကလေးက ဝမ်းနည်းသောမျက်နှာဖြင့် ပြောသည်။

"အများသူငါစိတ်ကြိုက်သင်တန်းက ဒီလောက်ခက်ခဲနေရင် အနာဂတ်မှာ ငါဘယ်လိုနေထိုင်ရမလဲ?"


ယွဲ့ရှင်းဝမ်က ပြုံးပြုပြီး လူတိုင်းကို နှစ်သိမ့်ပေးသည်။

"အရမ်းအဆိုးမမြင်ပါနဲ့… စာကြည့်တိုက်မှာ ဌာနတွေ၊ ဘာသာရပ်တွေ၊ မသင်မနေရသင်တန်းတွေ၊ စိတ်ကြိုက်သင်တန်းတွေနဲ့ အများသူငါစိတ်ကြိုက်သင်တန်းတွေ အစုံအလင်ကို တည်ထောင်ထားပြီး ဘွဲ့ရဖို့အတွက် စည်းမျဉ်းတွေ ချမှတ်ထားတာကြောင့် ကျောင်းသားတစ်ယောက်တောင် ဘွဲ့မရနိုင်တာမျိုးတော့ မဟုတ်ဘူးလေ… ဘွဲ့ရဖို့က ခက်ခဲတယ်ဆိုပေမယ့် မျှော်လင့်ချက်မရှိတာတော့ မဟုတ်ဘူး… လက်မလျှော့ပါနဲ့…"


သူ့စကားကြားတော့ အားလုံး၏စိတ်တွေက ရုတ်တရတ် ကောင်းမွန်လာခဲ့သည်။


ယွဲ့ရှင်းဝမ်က ဆက်ပြောသည်။

"ဒါ့အပြင် ဘာသာရပ်တိုင်းမှာ ကိုယ်ပိုင်စွမ်းရည်တွေ ရှိတယ်… လက်တွေ့ဘဝမှာဆိုရင် ဝံပုလွေတွေကို ခွဲစိတ်ဓားနဲ့သတ်မယ်၊ ပင့်ကူတွေကို အက်စစ်အပြင်းစားနဲ့ အရည်ပျော်မယ်၊ ကာကွယ်ဆေးနဲ့ ခုခံကာကွယ်မယ်၊ လူတွေကို မျက်စိကန်းအောင် မြူခိုးထုတ်မယ်၊ အဲလိုလုပ်ဆောင်ချက်တွေကို တွေးနိုင်လို့လား?"


ဒါကိုကြားတော့ လူတိုင်းက ရယ်မောကြသည်။

"ငါက တကယ်ကိုမတွေးရဲဘူး… အိမ်မက်တစ်ခုလိုပဲ!"


ယွဲ့ရှင်းဝမ်က ပြောသည်။

"ငါတို့က ဝံပုလွေ အကောင် 20 နဲ့ အဆိပ်ပြင်းပင့်ကူထောင်ပေါင်းများစွာကို သတ်ပစ်နိုင်ခဲ့တာ တကယ်ကောင်းတယ်… ဒီသဘာဝလွန်တက္ကသိုလ်မှာ ဘယ်အရာမဆို ဖြစ်နိုင်တယ်… စာကြည့်တိုက်ကို မကြောက်ပါနဲ့… မင်းတို့ ကျရှုံးသွားရင် သင်တန်းကို ပြန်ဖြေလို့ရသေးတာကြောင့် တကယ်တော့ အခွင့်အရေးတွေ အများကြီးရှိပါတယ်…"


အားလုံးက သဘောတူကြသည်။

"ဟုတ်တယ်… ငါတို့လက်ထဲမှာ သဘာဝလွန်စွမ်းအားတွေရှိတယ်… ငါတို့တွေက မှော်ကျောင်းသားတွေဖြစ်သွားပြီ…"


"ဒါ့အပြင် စွမ်းရည်တွေကို အဆင့်မြင့်တင်နိုင်ပြီး လူတိုင်းက အနာဂတ်မှာ ပိုပိုပြီးသန်မာလာလိမ့်မယ်!"


တစ်ဖက်ရှိ အရပ်ရှည်ရှည်နဲ့ ယောင်္ကျားလေးက ပြောလာသည်။

"လက်တွေ့မှာ ငါသာ ဝံပုလွေတစ်ကောင်နဲ့တွေ့ရင် ဒူးထောက်ပြီး မကိုက်ဖို့ အဖေလို့ ခေါ်ရမယ်ထင်တယ်…"


လျှိုကျောက်ချင်းက ပြောလိုက်သည်။

"လက်တွေ့မှာ ဝံပုလွေတွေ မင်းကိုလိုက်ဖမ်းရင်း အဘိုးလို့ခေါ်ရင်တောင် အသုံးမဝင်ဘူး!"


"ဟားဟားဟားဟား… အမှန်ပဲ!"


ဟာသတချို့က ပတ်ဝန်းကျင်ကို ချက်ချင်းသက်တောင့်သက်သာဖြစ်စေသည်။


ယွဲ့ရှင်းဝမ်မှာ ဒီလိုစရိုက်မျိုးရှိသည်။ လူတွေက အဆိုးမြင်နေသောအခါ လူတွေ၏ စိတ်အခြေအနေကို ပိုကောင်းလာစေဖို့အတွက် ရိုးရှင်းသော စကားအနည်းငယ်ကို သူအမြဲပြောလေ့ရှိသည်။ ဒါကြောင့် သူငယ်ငယ်ကတည်းက သူ့ပတ်ပတ်လည်မှာ သူငယ်ချင်းတွေ ဝိုင်းနေခဲ့သည်။ 


လူသားတွေက နွေးထွေးသော အလင်းရောင်အရင်းအမြစ်အနီးတွင် အမြဲရှိနေရန် နှစ်သက်ကြသည်။


သူ့မျက်နှာမှာ အပြုံးတစ်ခုဖြင့် လူတိုင်းဝန်းရံနေသော ယွဲ့ရှင်းဝမ်ကိုကြည့်ကာ ကျန်းဖျင်စစ်၏နှုတ်ခမ်းထောင့်များက အနည်းငယ် မြှောက်သွားသည်။


စာကြည့်တိုက်ကို သွားရသည့် ခရီးဟာ ခက်ခဲမှုတွေနဲ့ ပြည့်နှက်နေပေမယ့် ဒီကောင်လေးနဲ့သာဆိုရင် ဝမ်းနည်းပြီး ကြောက်စရာမကောင်းမှာ သေချာပါသည်။ 


ရှင်းဝမ်က အကောင်းမြင်စိတ်ဖြင့် အခက်အခဲနဲ့ စိန်ခေါ်မှုတိုင်းကို တောက်ပစွာ ရင်ဆိုင်ပြီး ‌ဦးဆောင်ခေါ်သွားလိမ့်မယ်။


ဒီကနေ ငါတို့ ဘွဲ့ရတဲ့အထိပေါ့။


[TK: 

Question: ရေခဲဘုရင်/ဘုရင်မတွေဖြစ်တဲ့ ကျန်းဖျင်စစ်၊ ရှင်းယန်၊ ချင်မြောင်တို့ကို တစ်ခန်းတည်း အတူထည့်ထားပါက ဘယ်သူ အရင်စကားစပြောမည်နည်း။

Answer: ……]


#TK