Chapter 36
Viewers 5k

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်


Chapter 36 (ကျောင်းသားသဘောတူညီချက် ၀၁)


အတန်းချိန်ဇယားတွင် ရေးထားသော တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲအတွက် စာမေးပွဲအချိန်က တနင်္ပနွေနေ့ နေ့လယ် 2 နာရီ မှ 4 နာရီထိဖြစ်သည်။ ယွဲ့ရှင်းဝမ်နှင့် အခြားသူများ စာမေးပွဲ ပြီးသောအခါ စာကြည့်တိုင်တွင် 4 နာရီတိတိ ရှိနေပြီဖြစ်သည်။ သူတို့လေးယောက်သည် တောထဲမှာ သုံးရက်ကြာ ငါးကင်စားခဲ့ရပြီး ကန်တင်းက မဖွင့်သေးပေ။ သူတို့သည် ဗိုက်ဆာလွန်း၍ ခေါက်ဆွဲခြောက်ဝယ်ရန် အနုတ် 5 ထပ်မြောက်က စူပါမားကတ်ကို သွားပြီးတော့ စားရန် အိပ်ဆောင်ကို ပြန်သွားကြသည်။ 


အိပ်ဆောင်တွင် တရားမဝင်လျှပ်စစ်ပစ္စည်းများကို အသုံးမပြုသော်လည်း ရေနွေးနှင့်အတူ ရေသန့်စက်တစ်ခုလည်းရှိသည်။ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် F-930 လေးယောက်ခန်းသို့ ခေါက်ဆွဲပြုတ်ရန်လာစဉ် စီနီယာအစ်ကိုကျိုဖုန်းနှင့်လည်း တွေ့ဆုံခဲ့ကြသည်။


ကျိုဖုန်းက သူတို့ကို အိပ်ဆောင်ထဲမှာ စောင့်နေပြီး သူတို့လေးယောက်ကို တွေ့တော့ အလျင်စလို မေးသည်။

"မင်းတို့ စာမေးပွဲ ဖြေနိုင်ခဲ့လား?"


ယွဲ့ရှင်းဝမ်က ပြန်ဖြေသည်။

"အင်း… ကျွန်တော်တို့ အမှတ် 420 ရတယ်… ရလဒ်ကတော့ အိုကေပဲ…"


သူတို့လေးယောက်က လသာဆောင်မှာ ရေနွေးဖြင့် ခေါက်ဆွဲပြုတ်ရင်း ထိုင်စရာနေရာရှာပြီး ဒီအများသူငါစိတ်ကြိုက်သင်တန်း၏ အတွေ့အကြုံတွေအကြောင်းကို စကားစမြည်ပြောကြသည်။ ယွဲ့ရှင်းဝမ်က လေထီးခုန်ခြင်း၊ သားရဲတိရစ္ဆာန်များ၏ တိုက်ခိုက်မှု စသည်တို့ကို အတိုချုံးရှင်းပြခဲ့သည်။ ကျိုဖုန်းက ဒါကိုနားထောင်ပြီးနောက် ပို၍ထိတ်လန့်သွားသည်။

"ဒါဆို တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲက ငါတို့ရဲ့ ကျောက်မျက်ရတနာသုံးသပ်ခြင်းသင်တန်းထက် အများကြီး ပိုခက်ခဲတာပေါ့…"


ရွှီယိရှန်းက သူ၏ဆံပင်ကောက်ကောက်များကို ဖွကာ အပြုံးဖြင့် ပြောသည်။

"ဖြစ်စဉ်ကတော့ နည်းနည်းငြီးငွေ့စရာကောင်းတာနဲ့ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတာပဲ ကွာတာပါ… ကျရှုံးမှုနှုန်းကတော့ အတူတူပါပဲ… ကျောက်မျက်ရတနာသုံးသပ်ခြင်းရဲ့ ကျရှုံးမှုနှုန်းကလည်း 30% လောက်ရှိတယ်…"


ကျန်းဖျင်စစ်က ရုတ်တရက် ပြောလာသည်။

"ကျွန်တော်တို့ရဲ့ ပထမဆုံးသင်တန်းဖြစ်တဲ့ ‘စမ်းသပ်ခန်းမှလွတ်မြောက်ခြင်း’ရဲ့ ကျရှုံးမှုနှုန်းက 30% ဖြစ်ပြီး အဲဒီသင်တန်းကလည်း credit 2 မှတ်ပဲ…"


သူ၏သတိပေးချက်အပြီးတွင် ယွဲ့ရှင်းဝမ်က ထိုအကြောင်းကို တွေးခဲ့သည်။

"ဒါက တိုက်ဆိုင်မှုတစ်ခု မဖြစ်နိုင်ဘူးမလား? Credit 2 မှတ် သင်တန်းတွေရဲ့ ကျရှုံးမှုနှုန်းက 30% လောက်ရှိတယ်… မသင်မနေရသင်တန်းဖြစ်ဖြစ်၊ အများသူငါစိတ်ကြိုက်သင်တန်းဖြစ်ဖြစ်၊ credit မှတ်တွေ တူညီနေသရွေ့ ကျရှုံးမှုနှုန်းကလည်း အတူတူပဲဖြစ်နေမှာလား?"


ကျန်းဖျင်စစ်က ခေါင်းညိတ်သည်။

"အင်း… စာကြည့်တိုက်က ကျရှုံးမှုနှုန်းကို ထိန်းချုပ်ထားတာ…"


ခယ်ရှောင်ပင်းက မျက်မှောင်ကြုတ်ပြီး စိတ်ပူနေပုံပေါ်သည်။

"‘နှလုံးသွေးကြောဆိုင်ရာလူနာဆောင်’က credit 4 မှတ်မလား? အဲဒီသင်တန်းရဲ့ ကျရှုံးမှုနှုန်းက ဘယ်လောက်လဲ?"


လျှိုကျောက်ချင်း: "အဲဒါက 60% ဆိုတာ ငါမှတ်မိတယ်…"


အားလုံးက ခဏလောက် ငြိမ်သက်သွားပြီးနောက် ကျိုဖုန်းက ခယ်ရှောင်ပင်းကို နှစ်သိမ့်သည်။

"စိတ်မပူပါနဲ့… နောက်ကျရင် 2 ထပ်မြောက်မှာရှိတဲ့ သင်္ချာဌာနကို သွားရတော့မှာ… မင်းတို့အနောက်မှာ ဖျင်စစ်ရှိရင် အဲဒီသင်တန်း ကိတ်မုန့်တစ်ဖဲ့စာလေး ဖြစ်သွားလိမ့်မယ်…"


ကျိုဖုန်းက ရူပဗေဒဌာနမှဖြစ်ပြီး သိပ္ပံနှင့် အင်ဂျင်နီယာကျောင်းသားအားလုံးက အဆင့်မြင့်သင်္ချာကို သင်ယူရသည်။ သူ၏သင်္ချာက မဆိုးပေမယ့် ကျန်းဖျင်စစ်ထက်တော့ အများကြီး နိမ့်ကျနေပါသေးသည်။ ဒါကိုကြားတော့ အားလုံး နောက်ဆုံးတွင် စိတ်တွေပြေလျော့သွားပြီး ခယ်ရှောင်ပင်း၏မျက်လုံးများ တောက်ပလာသည်။

"ဟုတ်တယ်… ဒီသင်္ချာဌာနကမှာ ငါတို့က ကြောက်စရာဘာရှိလို့လဲ? ကျရှုံးမှုနှုန်းက ဘယ်လောက်ပဲ မြင့်မားပါစေ ငါတို့က အောင်မြင်နိုင်တယ်!"


ယွဲ့ရှင်းဝမ်က ပြုံးကာ နေရာရွှေ့ပြီး ကျန်းဖျင်စစ်၏နားထဲသို့ ဟာသပြောသည်။

"ငါတို့တွေ မင်းရဲ့ပေါင်ကို ဖက်ထားရမယ်ထင်တယ်…"


ကျန်းဖျင်စစ်က ပြန်ဖြေသည်။

"ငါအကောင်းဆုံး ကြိုးစားမှာပါ…"


ယွဲ့ရှင်းဝမ်က မျက်ခုံးပင့်ပြီး သူ့ကိုကြည့်သည်။

"‘ငါအကောင်းဆုံး ကြိုးစားမှာပါ’ဆိုတာက ဘာကိုဆိုလိုတာလဲ? ‘စိတ်မပူပါနဲ့… ငါသာရှိရင် မင်းတို့ ဘာမှလုပ်စရာမလိုဘဲ အမှတ်ပြည့်ရစေရမယ်’လို့ မင်းပြောရမှာလေ…"


ကျန်းဖျင်စစ်: "…"


"ရှင်းဝမ်၊ မင်းဒီလိုပြောရင် သူဖိအားတွေ အများကြီးဖြစ်လိမ့်မယ်…" လျှိုကျောက်ချင်းက သူ့ကို သတိပေးသည်။


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်၏ပခုံးကို ပုတ်ကာ သူ့ကို အပြုံးဖြင့်ကြည့်နေသည်။

"နောက်တာပါ… ပုံမှန်အတိုင်း လုပ်လို့ရပါတယ်…"


ကျန်းဖျင်စစ်က ‘အင်း’ဟု သဘောတူခဲ့သည်။


ခေါက်ဆွဲပြုတ်၏ အနံ့သည် သူတို့နှာခေါင်းသို့ ပျံ့သွားကာ လေးယောက်သား ခေါက်ဆွဲပြုတ်ကို ကိုင်ကာ စားလိုက်ကြသည်။ ကျိုဖုန်းနှင့် ရွှီယိရှန်းတို့က ဗိုက်မဆာတာကြောင့် တက်ဘလက်ကို ကောက်ကိုင်ကာ ပို့စ်များဖတ်ရန် ဖိုရမ်သို့ သွားကြသည်။

 

ယွဲ့ရှင်းဝမ်က ရုတ်တရက် တစ်ခုခုကိုစဉ်းစားမိကာ ပြောလာသည်။

"ဒါနဲ့ စီနီယာအစ်ကို၊ ကျွန်တော်တို့ အများသူငါစိတ်ကြိုက်သင်တန်းမှာ A-76 သုတေသနအဖွဲ့နဲ့ ဆုံဖြစ်ခဲ့တယ်… အဲဒီပထဝီဝင်ဌာနရဲ့ စီနီယာအစ်ကို အရမ်းသဘောကောင်းတယ်… အဆုံးမှတ်မှာ သူက အခြားကျောင်းသားတွေကို အတူတူပေးဖို့ စောင့်နေခဲ့တာ…"


ကျိုဖုန်းက မေးသည်။

"သူက တောက်ပတဲ့ ပုလဲနားကပ်၊ နားဆွဲတွေ ဝတ်ထားတာမလား?"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။

"အင်း… သူပဲ…"


ကျိုဖုန်းက ပြုံးကာ ပြောသည်။

"သူ့နာမည်က ယွိမင်းယွီတဲ့… တက္ကသိုလ်နှီးနှောဖလှယ်ပွဲတစ်ခုမှာ တွေ့ခဲ့ကြတာ… ငါတို့တွေ အတော်လေး စကားပြောကောင်းခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းဖြစ်ခဲ့တယ်… သူက ကျိုတိုတက္ကသိုလ်ရဲ့ ကျောင်းသားကောင်စီက အရင်ဥက္ကဋ္ဌဖြစ်ပြီး အခုတော့ သူဘွဲ့ရသွားပြီ… သူက တောက်ပတဲ့ ပစ္စည်းတွေ ဝတ်ရတာ နှစ်သက်ပေမယ့် လူကောင်းတစ်ယောက်ပါ… သူ့ရဲ့ A-76 သုတေသနအဖွဲ့ကလည်း အရမ်းသန်မာပြီး သူတို့လေးယောက်စလုံးက ထိပ်ဆုံးကျောင်းသားတွေချည်းပဲ…"


A-76 သုတေသနအဖွဲ့က ‘တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ’သင်တန်းတွင် ပထမနေရာကို အမြဲထိန်းထားနိုင်ခဲ့တာ အံ့ဩစရာမဟုတ်ပေ။ ထို့နောက် ယွဲ့ရှင်းဝမ်က သိချင်စွာ မေးသည်။

"သူတို့ရဲ့တိုးတက်မှုက 4 ထပ်ကို ရောက်နေပြီမလား? တကယ်လို့ သူတို့က 4 ထပ်မြောက်ရဲ့ သင်တန်းတွေကို ချက်ချင်း အောင်နိုင်တယ်ဆိုရင် ကျွန်တော်တွေးမိတာက…"


သူပြောနေရင်း ရွှီယိရှန်းက ရုတ်တရက် ပြောလာသည်။

"ဟေ့ကောင်တွေ၊ ဖိုရမ်ကိုကြည့်လိုက်ကြ… လူတချို့ ငြင်းခုံနေကြတယ်…"


ယွဲ့ရှင်းဝမ်သည် အသင့်စားခေါက်ဆွဲခြောက်ကို အမြန်ဝါးမြိုလိုက်ပြီး ရွှီယိရှန်းအနားသို့ လျှောက်သွားကာ သူ့လက်ထဲက တက်ဘလက်ကို ငုံ့ကြည့်လိုက်သည်။


ဖိုရမ်တွင် အနီရောင်စကားလုံး ‘HOT’ဖြင့် မှတ်သားထားသော နာမည်ကြီး ပို့စ်တစ်ခုပေါ်လာသည်။


[တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲရဲ့ အတန်း 37 က ကျောင်းသားတချို့က အရှက်မရှိကြဘူးလား!!!!]


ခေါင်းစဉ်တွင် အာမေဋိတ်အမှတ်အသားများရှိသည်။ ကလစ်နှိပ်ပြီးနောက် ပို့စ်က ကျောင်းသားတစ်ဦးထံမှ တိုင်ကြားချက်တစ်ခုဖြစ်သည်——


[ယခုအပတ် အများသူငါစိတ်ကြိုက်သင်တန်းမှာ အနီကတ်အတွက် ကျောင်းသားအဖွဲ့နှစ်ဖွဲ့က အငြင်းအခုံဖြစ်ခဲ့ကြပြီး နောက်ဆုံးမှာ အုပ်စုလိုက်ရန်ပွဲဖြစ်လာခဲ့တယ်။


အမှတ် 20 တန်ကတ်ကို လူတိုင်း လိုချင်ကြတယ်ဆိုတာ နားလည်ပေးနိုင်ပေမယ့် လူတွေကို အက်စစ်နဲ့ ပတ်တယ်ဆိုတာက သောက်ရမ်းလွန်တယ်မဟုတ်ဘူးလား?! စာကြိုက်တိုက်မှာ အက်စစ်ရတာနဲ့ပဲ မင်းကိုယ်မင်း သောက်ရမ်းတော်နေပြီလို့ ထင်နေတာလား?!


မိန်းကလေးအများကြီးရဲ့ မျက်နှာတစ်ခုလုံး ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပြီး ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ အရိပ်တစ်ခု ကျန်ရစ်ခဲ့တယ်။ ပြန်ရှင်လာပြီးတော့ သူတို့က နောက်ဆွဲသင်တန်းတွေကိုတောင် မတက်ရဲတော့ဘဲ အိမ်ဆောင်ထဲမှာပဲ ပုန်းအောင်းနေတော့တယ်။ ငါ ဒီကနေပဲ ပြောလိုက်မယ်—— မိန်းကလေးတွေကို အက်စစ်နဲ့ ပတ်လိုက်တဲ့ ကျောင်းသား၊ မင်း ငြိမ်းငြိမ်းချမ်းချမ်း မသေရဘူး!]


ဒါကိုမြင်တော့ ယွဲ့ရှင်းဝမ်က မနေနိုင်ဘဲ မျက်မှောင်ကြုတ်သွားသည်။ 

"ဒီမိန်းကလေးတွေက အရမ်းသနားကောင်းလွန်းတယ်… စာကြည့်တိုက်မှာ အက်စစ်တွေက အရမ်းအားကောင်းလာပြီး မျက်နှာပေါ် အက်စစ်နဲ့ပတ်လိုက်မယ်ဆိုရင် အသွေးအသားတွေက ချက်ချင်း အရည်ပျော်သွားနိုင်ပြီး လက်တွေ့ဘဝက အက်စစ်ထက်တောင် ကြောက်စရာကောင်းသေးတယ်… သူက ဘယ်လိုစိတ်နဲ့များ မိန်းကလေးတွေကို အက်စစ်နဲ့ပတ်ရတာလဲ?"


လျှိုကျောက်ချင်းက မနေနိုင်ဘဲ ဆဲလေသည်။

"Fuck! ငါတို့ အတန်း 1 က တကယ့်ကို အေးချမ်းတာထင်တယ်… ကိုယ့်အတန်းဖော်တွေကို အက်စစ်နဲ့ ပတ်တဲ့လူတွေ ရှိနေတုန်းပဲ… အဲဒီလူတွေက ရူးနေတာလား?!"


ခယ်ရှောင်ပင်းသည် ပြင်းထန်သောအက်စစ်ကြောင့် အရည်ပျော်သွားသော ပင့်ကူများနှင့် ဝံပုလွေများကို တွေးတောရင်း ဦးရေပြား ထုံကျင်သွားသည်။ မိန်းကလေးတချို့သည် စာကြည့်တိုက်တွင် ပြန်လည်ရှင်သန်လာနိုင်သော်လည်း ဆာလဖျူရစ်အက်စစ် အပတ်ခံရခြင်း၏ နာကျင်ခံစားရမှုကို ဒီဘဝတွင် ဘယ်တော့မှ မေ့ပျောက်နိုင်မည်မဟုတ်တော့ပေ။


ကျန်းဖျင်စစ်က အေးစက်စွာ ပြောလာသည်။

"ဘယ်သူလဲဆိုတာ သိသွားပြီလား?"


ဒါကိုကြားတော့ ကျိုဖုန်းက ဖိုရမ်က်ု အမြန်ဖွင့်ကာ ပို့စ်ကို တစ်ချက်ကြည့်ပြီး စစ်ဆေးလိုက်သည်။

"ဒီကိစ္စကို မဖြေရှင်းနိုင်သေးဘူး… အတန်း 37 မှာရှိတဲ့ ကျောင်းသားအယောက် 100 ထဲက 48 ယောက်ရဲ့ သုတေသနအဖွဲ့ 12 အဖွဲ့က ပြင်းထန်တဲ့ ရန်ပွဲတွေရှိခဲ့ပြီး သူတို့ထဲကတစ်ဝက်ကျော်က ဖယ်ထုတ်ခံလိုက်ရတယ်… မူရင်းပို့စ်တင်သူရဲ့ ကြေညာချက်ကို အတည်ပြုဖို့ အတန်းဖော် တော်တော်များများ ထွက်လာပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတဲ့ မိန်းကလေးတွေ အများအပြားရှိနေပြီး တချို့ကတော့ ရူပဗေဒဌာနရဲ့ အလင်းလုံးကြောင့် မျက်စိကန်းသွားကြတယ်…"


ယွဲ့ရှင်းဝမ်: "…"


ကျောင်းသားတွေ ရန်ဖြစ်မှာကို သူ အစိုးရိမ်ဆုံးပဲဖြစ်ပြီး ဒီလောက်မြန်မြန် ပေါ်လာဖို့ သူမမျှော်လင့်ထားပေ။


အတန်း 1 မှ အတန်းဖော်များ အားလုံးကောင်းကြသည်။ A-76 သုတေသနအဖွဲ့၏ ကျိုတိုတက္ကသိုလ်မှ အဖွဲ့က သူတို့၏အတန်းဖော်များအား အဆုံးမှတ်သို့ ခေါ်ဆောင်သွားရန် နောက်ဆုံးမိနစ်အထိ စောင့်ဆိုင်းခဲ့သည်။ ရှီးကျိုးအားကစားတက္ကသိုလ်မှ အားကစားကျောင်းသားများသည် အမှတ်ကတ်ကြောင့် မိန်းကလေးများနှင့် အငြင်းပွားခဲ့သော်လည်း မိကျောင်းများနှင့် ရင်ဆိုင်ရပြီး သူတို့အသက်အတွက် ထွက်ပြေးကြသောအခါ ထိုမိန်းကလေးများကိုလည်း သူတို့နဲ့အတူ ခေါ်သွားခဲ့သည်။


ထိုယောင်္ကျားလေး၏ စကားကို ယွဲ့ရှင်းဝမ် ရှင်းရှင်းလင်းလင်း မှတ်မိသေးသည်။

“မင်းကို မိကျောင်းတွေ စားသွားမှာ ငါမကြည့်ရက်လို့ပါ…”


အမှတ်ကတ်များနှင့် အတန်းဖော်များ၏ သေရေးရှင်ရေးက ဘယ်အရာပိုအရေးကြီးသလဲ ဟူသော အချက်ကို လူတိုင်း ခွဲခြားနိုင်သည်။ 


သို့သော် အတန်း 37 မှ အတန်းဖော်များသည် အဲဒါကို ကောင်းကောင်းအဓိပ္ပါယ်မဖော်နိုင်ဘဲ အမှတ်ရဖို့ ပြိုင်ဆိုင်မှုတွေက ပြင်းထန်လာခဲ့ပြီး ဘယ်သူမှ နောက်ဆုတ်ခြင်းမရှိဘဲ သေစေလောက်သော စွမ်းရည်များကိုတောင် ရူးသွပ်စွာအသုံးပြုကာ လူတွေ၏မျက်လုံးများကို အလင်းလုံးဖြင့် ကန်းစေခဲ့ပြီး လူတွေကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ဆာလဖျူရစ်အက်စစ်ဖြင့် ပတ်ခဲ့သည်။ 


ဝံပုလွေများ စီးနင်းတိုက်ခိုက်မှုနှင့် နှိုင်းယှဉ်ပါက အတန်းဖော်များထံမှ အကြမ်းဖက်တိုက်ခိုက်မှုက ပို၍ကြောက်စရာကောင်းသည်။


စာကြည့်တိုက်တွင် ကျောင်းသား ထောင်သောင်းချီရှိပြီး ယွဲ့ရှင်းဝမ်ကဲ့သို့ အတန်းဖော်များအပေါ်ကောင်းပေးရန် လူတိုင်းကို တောင်းဆိုလို့မရဘဲ ထူးဆန်းသောလူများက မလွဲမသွေ ပေါ်လာမည်ဖြစ်သည်။ နောက်ပိုင်းသင်တန်းများတွင် ပိုခက်ခဲလာနိုင်ပြီး ရန်လိုသောကျောင်းသားများ ပို၍ရှိလာနိုင်သည်။


—— ငါသေရင် မင်းတို့အားလုံးကို ငါနဲ့အတူခေါ်သွားမယ်။


—— ငါ မဖြတ်ကျော်နိုင်ရင် မင်းလည်း ငါနဲ့အတူ မြေမြှုပ်ခံရမယ်။


ဒီလိုစိတ်ဓာတ်တွေ ပေါ်လာလေလေ၊ နောက်ပိုင်း သင်တန်းတွေကို ကျော်ဖြတ်ရန် ပိုခက်ခဲလာလေဖြစ်သည်။ စာကြည့်တိုက်သည် တကယ့်တိုက်ပွဲအဖြစ်သို့ ပြောင်းလဲသွားပြီး ကိုယ်အသက်ရှင်ဖို့အတွက် အတန်းဖော်များကို ဆန္ဒအလျောက် သတ်ပစ်ခြင်းအဖြစ် အဆုံးသတ်သွားမှာကို ယွဲ့ရှင်းဝမ်အကြောက်ဆုံးဖြစ်သည်။


ဤနည်းဖြင့် သင်တန်းများကို သူတို့ကျော်ဖြတ်ပြီး လက်တွေ့ဘဝကို ပြန်သွားလျှင်ပင် သာမန်ကျောင်းသားအဖြစ် ဆက်လက်ရပ်တည်နိုင်ပါ့မလား?


ယွဲ့ရှင်းဝမ်သည် မျက်မှောင်ကြုတ်ကာ အတွေးနယ်ထဲရောက်နေသည်။


ဖိုရမ်၏ ပို့စ်ကို reply ပြန်သူ အရေအတွက်မှာ တဖြည်းဖြည်း 1,000 ကျော်သွားကာ မိုးမျှော်တိုက်ကြီးအဖြစ် တိုက်ရိုက်တည်ဆောက်ခဲ့သည်——


သူတို့ထဲမှ တစ်ယောက်က အမည်မဖော်ဘဲ ပြောလာသည်။

"ငါက အတန်း 1 ကပါ… မင်းရဲ့အတွေ့အကြုံကို ဖတ်ရတဲ့အတွက် ငါအရမ်းစိတ်မသက်မသာဖြစ်မိပါတယ်… ငါတို့အတန်းထဲက အတန်းဖော်တွေက အရမ်းသဘောကောင်းကြတယ်… ငါတို့ကို စောင့်ပေးပြီး အဆုံးမှတ်ထိ ခေါ်သွားပေးတဲ့သူအားလုံးကို ကျေးဇူးတင်တယ်… မင်းတို့အားလုံးက အိန်ဂျယ်လေးတွေပါပဲ…"


တစ်စုံတစ်ယောက်က ပြောသည်။

"ငါတို့လည်း အတူတူပဲ… အနီကတ်ကို အတူတူတွေ့တဲ့အခါ ငါတို့ရဲ့ ဖြေရှင်းချက်က အဖွဲ့နှစ်ဖွဲ့စလုံးပူးပေါင်းပြီး အမှတ်တွေကို ညီတူမျှတူ ခွဲဝေးလိုက်တာပဲ… အတန်း 1 မှာရှိတဲ့ တရုတ်ဘာသာစကားဌာနက ကောင်ချောလေးက တကယ်ကို ကြင်နာတတ်တယ်! ညဘက်မှာ ငါတို့ ဝံပုလွေတွေနဲ့ တွေ့တုန်းက သူက ငါတို့လို သူစိမ်းတွေကို မချန်ထားခဲ့ဘဲ စွမ်းရည်တွေကို အတူတူပူးပေါင်းပြီး ဝံပုလွေတွေအားလုံးကို အတူတူသတ်ပစ်ဖို့ ဦးဆောင်ခဲ့တယ်… သူ့လိုမျိုး ကျောင်းသားတွေ စာကြည့်တိုက်မှာ ထပ်ရှိလာဖို့ ငါမျှော်လင့်တယ်…"


ဖြောင့်မတ်သော တစ်စုံတစ်ယောက်က အပြစ်တင်ခဲ့သည်။

"လူတိုင်းရဲ့ နေထိုင်မှု ပတ်ဝန်းကျင်က ဆိုးရွားနေပြီးပြီ… တကယ်လို့ ကိုယ့်အတန်းဖော်တွေကို မကူညီချင်ရင်တောင် မသတ်ပါနဲ့… ဆာလဖျူရစ်အက်စစ်နဲ့ ပတ်ရအောင် မင်းဘာတွေများ တွေးနေတာလဲ! အဲဒီဓာတုဗေဒဌာနက ကျောင်းသား၊ မင်းက ဓာတုဗေဒကို စော်ကားလိုက်တာပဲ!"


ရှင်းယန် ID နဲ့ လူတစ်ယောက်က အေးစက်စွာ စာသားတစ်ကြောင်း ချန်ခဲ့သည်။

"ဓာတုဗေဒဌာနက ကျောင်းသားတွေက ဒီကျောင်းသားကို ရှက်တယ်…" 


ကျုံ့ယွီဟန်လို့ အမည်ရသည့် လူတစ်ယောက်က reply ပြန်ထားသည်။

"ကိုယ့်အတန်းဖော်တွေကို မျက်စိကန်းအောင် အလင်းလုံးကို အသုံးပြုခဲ့တဲ့ ရူပဗေဒဌာနက ညီအစ်ကို၊ မင်းနာမည် ငါ့ကိုပေးလိုက်စမ်းပါ… ငါ့ရဲ့အဆင့် 2 သံလိုက်ကို စမ်းကြည့်ချင်လား? အဲဒီပျက်စီးနေတဲ့ အလင်းလုံးကိုထုတ်ပြီး မင်းဘာလုပ်နိုင်လဲ ကြည့်လိုက်၊ သောက်ကောင်ရဲ့!"


ရင်းနှီးသော နာမည်တချို့အပါအဝင် reply များ ပိုများလာသည်။ အတန်းဖော်များစွားသည် သူတို့၏အတန်းဖော်များအား နာကျင်စေသောသူများကို ရှုံ့ချကြပြီယ တချို့မှာ အတန်းထဲတွင် ပြင်းထန်သောရန်ပွဲမရှိသည့်အတွက် ကျေးဇူးတင်ကြသည်။


ယွဲ့ရှင်းဝမ်သည် ပို့စ်ကို လျင်မြန်စွာ ကြည့်ရှုပြီး တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ၏ အတန်း 50 တွင် အတန်း 37 အပြင် အတန်း 5 နှင့် 16 မှာလည်း အလားတူ အဖြစ်အပျက်များ ကြုံတွေ့ရတာကို တွေ့ရှိခဲ့သည်။ အက်စစ်နဲ့ပတ်သလို ကြီးကြီးမားမား မဟုတ်ခဲ့ပေမယ့် ကျောင်းသားတော်တော်များများက ဒဏ်ရာရခဲ့ကြသည်။ 


အတန်း 7 လည်းပါသေးသည်။ နောက်ဆုံးမိနစ်တွင် နေရာရွှေ့ပြောင်းခြင်းစွမ်းရည်ရှိသော ကျောင်းသားများသည် မြေပြင်တွင်ထိုင်ကာ လူတိုင်း၏အမှတ်များကို ငွေညှစ်ပြီး ရွှေ့ပြောင်းခြင်းစွမ်းရည်မရှိသော အဖွဲ့များကို ‘လှေလက်မှတ်များ’ဝယ်ရန်အတွက် သူတို့ခက်ခက်ခဲခဲ စုဆောင်းထားသောအမှတ်များကို လွှဲပြောင်းပေးရန် ဖိအားပေးခဲ့သည်။


ပို့စ်တွင် စကားများရန်ဖြစ်မှုက ပို၍ပို၍ ပြင်းထန်လာပြီး အချင်းချင်း အပြန်အလှန် ဆဲရေး၊ စော်ကားသည့်အဆင့်တောင် ရောက်သွားကြသည်။


နှိုင်းယှဉ်ပြောရရင် အတန်း 1 သည် ဤတောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲတွင် သဟဇာတအရှိဆုံးအတန်းဖြစ်သည်။ အဖွဲ့များအကြား အငြင်းပွားမှုဖြစ်လျှင်ပင် ငြိမ်းချမ်းစွာဖြေရှင်းပြီး နောက်ဆုံးတွင် အချင်းချင်းကူညီပြီး လူတွေကို အခမဲ့ အဆုံးမှတ်သို့ ခေါ်ဆောင်သွားကြသည်။


အခကြေးငွေယူတယ်? ယွဲ့ရှင်းဝမ်သည် ထိုအကြောင်းကိုပင် မတွေးခဲ့သလို လူတိုင်း၏ အမှတ်များက ခက်ခက်ခဲခဲရခဲ့မှန်း သူသိတာကြောင့်ဖြစ်သည်။


အပျက်သဘောဆောင်သော message များစွာသည် ဖိုရမ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့ပြီး ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။

"စီနီယာအစ်ကိုကျိုဖုန်း ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် အတန်းဖော်တွေက တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုရှိမှာမဟုတ်တော့ဘူး… နောက်လာမယ့် အများသူငါစိတ်ကြိုက်သင်တန်းက ဒီအပတ်ထက် ပိုဆိုးသွားလိမ့်မယ်… နောင်ကျရင် ကျပန်းလူတွဲပေးတဲ့ လူပေါင်းစုံသင်တန်းတွေကို ကြုံတွေ့ရတဲ့အခါ အောင်ဖို့အတွက် အခြားအဖွဲ့တွေကို တိုက်ခိုက်တဲ့ ကျောင်းသားတွေလည်း ရှိလာလိမ့်မယ်…"


ဒီသာဓကကို သတ်မှတ်ပြီးတာနဲ့ လူတိုင်းက အနာဂတ်မှာ ‘သွားတစ်ချောင်းအတွက် သွားတစ်ချောင်း၊ မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး’ဆိုပြီး လက်စားချေလာလိမ့်မည်။ စာကြည့်တိုက်၏ အမျိုးမျိုးသောစွမ်းရည်များက အလွန်အစွမ်းထက်ပြီး တစ်စုံတစ်ယောက်က တစ်ဖက်လူကို အလွယ်တကူလွတ်ပေးမည်ဟု ဘယ်သူအာမခံနိုင်မည်နည်း။ အဲဒါက ဓားဖျားတွင် ကခုန်နေတာနဲ့တူပြီး တစ်နေ့နေ့ကျရင် ကိုယ်တိုင်လည်း အဖြတ်ခံရနိုင်သည်။


ကျိုဖုန်းလည်း အခြေအနေ၏ တင်းမာမှုကို သဘောပေါက်ပြီး တည်ငြိမ်သောမျက်နှာဖြင့် ပြောသည်။

"ဒါက တစ်ကျောင်းလုံးမှာ အများသူငါစိတ်ကြိုက်သင်တန်း ပထမဆုံးဖွင့်တာဖြစ်ပြီး သူတို့ရဲ့ စွမ်းရည်တွေကို အသုံးပြုပြီးတော့ အတန်းဖော်တွေကို ထိခိုက်စေတဲ့ အဖြစ်အပျက်တစ်ခု ကြုံခဲ့ရတယ်… အဲဒါက အစပျိုးနေတုန်း ဒီလိုပထမဆုံးလက္ခဏာမှာကတည်းက ငါတို့တွေ ငြိမ်းပစ်ရမယ်!"


ယွဲ့ရှင်းဝမ်က ဆိုသည်။

"ကျွန်တော့်မှာ အကြံတစ်ခုရှိတယ်… အဲဒါကို အကောင်အထည် ဖော်နိုင်မလား မသိဘူး…"


ကျိုဖုန်းက ချက်ချင်း သူ့ကိုကြည့်လိုက်သည်။

"ငါ့ကိုပြောကြည့်…"


ယွဲ့ရှင်းဝမ်က လေးနက်စွာ ပြောသည်။

"စာကြည့်တိုက်က တစ်နိုင်ငံလုံးမှာရှိတဲ့ အထင်ကရတက္ကသိုလ်တွေက ကျောင်းသားတွေကို ဆွဲသွင်းထားပြီး အနည်းငယ်က တက္ကသိုလ်တွေမှာ ပိုပြီးဩဇာရှိကြတဲ့ စီနီယာတချို့ရှိတယ်… စီနီယာက သူတို့ကို ဆက်သွယ်ဖို့ ကြိုးစားကြည့်ပြီး တချို့စည်းကမ်းတွေကို ကျောင်းသားတွေက လိုက်နာနိုင်ဖို့ စာကြည့်တိုက်ရဲ့ကျောင်းသားသဘောတူညီချက် လုပ်ကြတာပေါ့… အတန်းဖော်တွေကို အန္တရာယ်ပြုဖို့ သူတို့ရဲ့စွမ်းရည်တွေကို အသုံးပြုတဲ့သူတွေကို နာမည်ပျက်စာရင်းသွင်းပြီး တစ်ကျောင်းလုံးရဲ့ ဘုံရန်သူဖြစ်လာလိမ့်မယ်… ကျောင်းတိုင်းက အဲဒီလိုအတန်းဖော်တွေကို အပြစ်ပေးဖို့အတွက် ကြီးကြပ်ရေးအဖွဲ့တစ်ခု တည်ဆောက်မယ်… အဲဒီလိုကန့်သတ်ချက်တွေအောက်မှာ ဆင်ခြင်တုံတရားရှိတဲ့ အတန်းဖော်တွေ ပိုများလာလိမ့်မယ်…"


သူက ခဏရပ်ကာ ဆက်ပြောသည်။

"လူ့သဘာဝက ရှုပ်ထွေးလွန်းတယ်… လက်တွေ့မှာ လူတိုင်းကို ဥပဒေတွေရဲ့ ကန့်သတ်ချုပ်ချယ်မှုတွေကြောင့် တည်ငြိမ်တဲ့ဘဝနဲ့ နေထိုင်နိုင်တယ်… စာကြည့်တိုက်လောကမှာ ဥပဒေဆိုတာ မရှိဘူး… လူတိုင်းက ကိုယ့်ဘာသာကိုယ် စည်းကမ်းတွေ ချမှတ်နိုင်တယ်…"


စာကြည့်တိုက်သည် အတန်းဖော်များကို သတ်ခြင်းအတွက် ပြစ်ဒဏ်ပေးမည်ဟု မပြောထားသောကြောင့် တချို့သော ရူးသွပ်သူများက အတန်းဖော်များ၏မျက်နှာကို ပက်ရန် ဆာလဖျူရစ်အက်စစ်ကို အသုံးပြုကြသည်။ သို့သော် ကျောင်းသားများသည် လူတိုင်းလိုက်နာရမည့် စည်းကမ်းများကို ချမှတ်နိုင်သည်။ စည်းမျဥ်းစည်းကမ်းများဖြင့် အနာဂတ် လူပေါင်းစုံသင်တန်းများတွင် ကျောင်းသားအဖွဲ့၏ ရန်ပွဲကြောင့် အသေအပျောက်များကို တတ်နိုင်သမျှ ရှောင်ရှားနိုင်မည်ဖြစ်သည်။ 


ကျိုဖုန်းက ဒါကိုကြားတော့ ယွဲ့ရှင်းဝမ်၏ပခုံးကိုပုတ်ပြီး ချီးကျူးလိုက်သည်။

"ရှင်းဝမ်ရဲ့အတွေးက တကယ်ကို အရှေ့ရောက်တယ်! အဖွဲ့အများစုက 2 ထပ်၊ 3 ထပ်မှာ ရှိနေတုန်းပဲ… အများသူငါစိတ်ကြိုက်သင်တန်းမှာ ဖြစ်ပျက်နေတဲ့ အရှုပ်ထုပ်တွေနဲ့အတူ အဲဒီနောက်မှာ လူတိုင်းအတွက် ဘာတွေစောင့်ကြိုနေမလဲဆိုတာ ဘယ်သူမှမပြောနိုင်ဘူး… စည်းမျဥ်းစည်းကမ်းမရှိရင် ကျောင်းသားတွေရဲ့ စွမ်းရည်တွေ ပိုအားကောင်းလာတဲ့အခါ မျက်စိထဲကြည့်မရရုံလောက်နဲ့ အချင်းချင်း သတ်တဲ့သူတွေလည်း ပိုများလာလိမ့်မယ်…" 


ရွှီယိရှန်းက မေးထောက်ကာ လေးလေးနက်နက် တွေးတောသည်။

"ဒါက အဓိပ္ပါယ်ရှိတယ်… ကိုယ်ပိုင်အသိတရားရှိတာအပေါ် လုံးဝအားကိုးလို့မရဘူး… ဒါကြောင့် စည်းမျဉ်းစည်းကမ်းကို ချမှတ်ရမှာဖြစ်ပြီး ရှင်းဝမ်ရဲ့အကြံပြုချက်ကို ငါလည်းသဘောတူတယ်… ဒါပေမယ့် အဓိကတက္ကသိုလ်တွေကို စုစည်းဖို့က မလွယ်ဘူး… ဟွာအန်းတက္ကသိုလ်အတွက်ကတော့ ကျိုဖုန်းနဲ့ ရှင်းဝမ်ရှိတာနဲ့ လုံလောက်ပြီ၊ အခြားတက္ကသိုလ်တွေကျတော့ရော?"


ယွဲ့ရှင်းဝမ်: "ဒီအများသူငါစိတ်ကြိုက်သင်တန်းမှာ ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်က စီနီယာအစ်ကိုချင်းလန်နဲ့ တွေ့ခဲ့တယ်… သူက ဖိုရမ်မှာ အကြာကြီးအချိန်ဖြုန်းလေ့ရှိပြီး လူတော်တော်များများကို သူသိတယ်… ကျွန်တော်တို့ သူ့ဆီသွားပြီး အဓိကတက္ကသိုလ်တွေရဲ့ စီနီယာတွေကိုရှာခိုင်းလို့ရတယ်… ဒါ့အပြင် ဥပဒေဌာနက ကျောင်းသားတွေကို ရှာပြီး စည်းမျဉ်းစည်းကမ်းတွေ ရေးသားခိုင်းတာက အကောင်းဆုံးပဲ… သူတို့က အဲဒီနေရာမှာ ပိုကောင်းတယ်…"


"ကိစ္စမရှိဘူး…" ကျိုဖုန်းက ရိုးရှင်းစွာ သဘောတူလိုက်သည်။ "ရှင်းဝမ်၊ မင်း ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်မှာပါ… ငါ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးမယ်…"


ယွဲ့ရှင်းဝမ်က ဖိုရမ်ကနေ ချင်းလန်ဆီသို့ private message ပေးပို့ခဲ့ပြီး ဖိုရမ်ကြည့်နေသော ချင်းလန်ကလည်း စက္ကန့်ပိုင်းအတွင်း message ကို စာပြန်လာသည်။

"ဒါက ကောင်းတဲ့အကြံပဲ… ငါ အားလုံးကို ချက်ချင်းဆက်သွယ်လိုက်မယ်… လက်ရှိမှာတော့ စာကြည့်တိုက်ထဲ ဆွဲသွင်းခံရတဲ့ တက္ကသိုလ်ကျောင်းပေါင်း 30 ကျော်ရှိတယ်… တကယ်လို့ အားလုံးက မင်းပြောတဲ့အတိုင်း စည်းကမ်းတွေကို လိုက်နာရင် နောင်သင်တန်းတွေမှာ အများကြီး ပိုကောင်းလာလိမ့်မယ်…"


ချင်းလန်က ဒါကို စာပြန်ပြီးနောက် သူက ဆက်ပြောသည်။

"ရှင်းဝမ်၊ ဒီမုန်တိုင်းထဲမှာ မင်းရဲ့လိုလိုလားလား ရပ်တည်ပေးမှုနဲ့ အဓိပ္ပါယ်ရှိတဲ့အရာ တစ်ခုခုကိုလုပ်ဖို့ ငါတို့ကို ဖိတ်ခေါ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်!"


ဒီဆိုးရွားသည့်သံသရာကို ရပ်တန့်ဖို့ မတ်တတ်ရပ်ရမယ့်လူတွေက အမြဲရှိနေမှာဖြစ်သည်။


စာကြည့်တိုက်ရှိ ကျောင်းသားအားလုံးတွင် အစွမ်းထက်သော စွမ်းရည်များရှိသည်။ လူစုလူဝေး ရန်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ ဤနေရာသည် ကမ္ဘာပေါ်ရှိ ငရဲဖြစ်လာလိမ့်မည်။ ယွဲ့ရှင်းဝမ်သည် လူတိုင်း၏နှလုံးသားထဲတွင် ကြင်နာမှုအနည်းငယ်ထားနိုင်မည်ဟု မျှော်လင့်ထားပြီး စာကြည့်တိုက်မှထွက်ပြီးနောက်တွင် သူတို့၏အတန်းဖော်များကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ပြီး လွတ်လပ်စွာ ပညာသင်ကြားကာ တက္ကသိုလ်ကနေ စိတ်အေးချမ်းသာစွာဖြင့် ဘွဲ့ရပြီး—— သာမန်လူတစ်ယောက်ဖြစ်လာနိုင်သည်။ 


#TK