Chapter 37
Viewers 4k

Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်


Chapter 37 (ကျောင်းသားသဘောတူညီချက် ၀၂)


ချင်းလန်သည် စာကြည့်တိုက်သို့ ပထမဆုံးအသုတ် ဝင်ရောက်ခဲ့သည့် လူတွေထဲတွင် ပါဝင်ပြီး စာကြည့်တိုက်တွင် တစ်ပတ်ခန့်နေပြီးနောက် ဖိုရမ်တွင် လူများစွာနှင့် တွေ့ဆုံခဲ့သည်။ ယွဲ့ရှင်းဝမ်၏ message ကိုရရှိပြီးနောက်တွင် သူသည် တက္ကသိုလ်ကျောင်းသားများစွာကို private message ပေးပို့ပြီး လူများကိုရှာဖွေရန် အကူအညီတောင်းဆိုခဲ့သည်။


တက္ကသိုလ်အားလုံးမှ ကျောင်းသားများနှင့် အဆက်အသွယ်ရရန် မလွယ်ကူပေ။ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် အိပ်ဆောင်သို့ပြန်ကာ ဦးစွာရေချိုးပြီး နာရီအနည်းငယ်ကြာ အနားယူခဲ့ကြသည်။ ည 8 နာရီမတိုင်ခင် သူက ချင်းလန်ဆီမှ စာရခဲ့သည်။

"ရှင်းဝမ်၊ ငါ လူတွေရှာဖို့ နည်းလမ်းပေါင်းစုံသုံးခဲ့ပြီး နောက်ဆုံးတော့ သူတို့အားလုံးကို ရှာတွေ့ခဲ့ပြီး… ကံကောင်းစွာပဲ ဒီနေ့ တနင်္ဂနွေနေ့ဖြစ်နေတော့ အားလုံးက ဖိုရမ်မှာ ရှိနေကြတယ်!"


စာကြည့်တိုက်ပတ်ဝန်းကျင်က အလုံပိတ်ထားသဖြင့် ပိတ်ရက်များတွင် အပြင်ထွက်လို့မရသလို ထို့အပြင် ယနေ့က တစ်ကျောင်းလုံး၏ ပထမဆုံး အများသူငါစိတ်ကြိုက်သင်တန်းများ ဖွင့်လှစ်သည့် နေ့ဖြစ်ပြီး ချင်းလန်အတွက် အဓိကတက္ကသိုလ်များ၏ ကျောင်းသားကိုယ်စားလှယ်များကို အမြန်ရှာဖွေရန် အဆင်ပြေသည်။ သူက ရှာနေတာက တက္ကသိုလ်တိုင်း၏ ကျောင်းသားကောင်စီမှ လူတွေကိုဖြစ်သည်။


ယွဲ့ရှင်းဝမ်က လျင်မြန်စွာ မေးသည်။

"လူတိုင်းရဲ့ သဘောထားက ဘယ်လိုလဲ?"


ချင်းလန်က ဆိုသည်။

"သူတို့ကို သုတေသနအဖွဲ့စင်တာမှာ ည 9 နာရီတွေ့ဖို့ ချိန်းထားတယ်… ဒီကိစ္စက အတော်လေးရှုပ်ထွေးတော့ private message ကနေ ရှင်းပြလို့မရဘူး… ဒါကြောင့် မျက်နှာချင်းဆိုင်ပြောပဲ ကျန်တော့တယ်… တက္ကသိုလ်တိုင်းက ကျောင်းသားကောင်စီ ကိုယ်စားလှယ် တော်တော်များများကို ဒီကိုလွတ်လိုက်တယ်… ဒီအကြံအစည်ကို မင်းက အဆိုပြုတာဆိုတော့ အချိန်ကျလာရင် အားလုံးကို စည်းရုံးဖို့ မင်းပြောရမယ်… ဒါပေမယ့် ငါက အစည်းအဝေးမှာ host အဖြစ်ပဲ ကူညီပေးနိုင်မှာ၊ ဘယ်လိုလဲ?"


ယွဲ့ရှင်းဝမ်က သဘောတူသည်။

"ကောင်းပြီ… ကြိုးစားပေးလို့ စီနီယာကို ကျေးဇူးတင်ပါတယ်!"


ချင်းလန်: "ငါက ကူညီသင့်တာ ကူညီပေးရုံပါ… မင်းက ပိုကြိုးစားရမှာ…"


ယွဲ့ရှင်းဝမ်က dialog box ကို ပိတ်လိုက်ပြီး ယနေ့ညတွင် အခြားတက္ကသိုလ်များမှ ကျောင်းသားများကို မည်သို့ဆွဲဆောင်ရမည်ကို စတင်စဉ်းစားနေပါသည်။


အထက်တန်းကျောင်းတွင် သူသည် စကားပြောပြိုင်ပွဲများစွာတွင် ပါဝင်ခဲ့ပြီး ဆုများရရှိခဲ့သောကြောင့် သူ ပထမနှစ်မှာတင် ဟွာအန်းတက္ကသိုလ်စကားရည်လုအဖွဲ့မှ ရွေးချယ်ခြင်းခံရသည်။ သူစကားပြောစွမ်းရည်က အဆင်ပြေပေမယ့် ညဘက်တွေ့ဆုံမှုက ကလေးကစားစရာမဟုတ်တာကြောင့် သူဘာပြောရမလဲဆိုတာ သေချာစဉ်းစားရမည်။ ထို့အပြင် သူသည် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များ၏ ထိပ်တန်းကျောင်းသားများနှင့် ရင်ဆိုင်ရမည်။


ယွဲ့ရှင်းဝန်သည် ဘောပင်ကိုယူကာ အဘိဓာန်မှ စာရွက်တစ်ရွက်ကို ဆုတ်ဖြဲကာ အစည်းအဝေးမိန့်ခွန်း၏ အကျဉ်းချုပ်ကို ရေးခဲ့သည်။


ည 8 နာရီ 40 တွင် ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် အနုတ်ဒုတိယထပ်ရှိ သုတေသနအဖွဲ့စင်တာသို့ ရောက်လာကြသည်။


တနင်္ဂနွေနေ့တွင် သုတေသနအဖွဲ့စင်တာ၌ လူများဖြင့် ပြည့်ကျပ်နေသည်။ အဖွဲ့တစ်ဖွဲ့ကို ရှာမတွေ့သော ကျောင်းသားအများအပြားသည် ဤနေရာတွင် လူသစ်စုဆောင်းရေးအချက်အလက်များကို ရှာဖွေနေကြသည်။ ခန်းမပတ်လည်ရှိ ဓာတ်လှေခါးများသည် အတက်အဆင်း ဆက်တိုက်ဖြစ်နေသည်။ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့ ဓာတ်လှေကားမှ ဆင်းလာသောအခါတွင် ကျိုဖုန်းနှင့် လင်းမန့်လော်တို့အား ရှေ့မလှမ်းမကမ်းတွင် တွေ့လိုက်ရသည်—— သူတို့လေးယောက်သည် ဟွာအန်းတက္ကသိုလ်၏ ကိုယ်စားလှယ်အဖြစ် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ 


ကျိုဖုန်းက ရှေ့ကိုလှမ်းလာပြီး ပြောသည်။

"အစည်းအဝေးခန်း 1၊ ည 9 မှ 11 အထိ… ဒီအစည်းအဝေးက အရမ်းတရားဝင်တယ်…"


ယွဲ့ရှင်းဝမ်၏အမူအရာက လေးနက်သွားသည်။

"တက္ကသိုလ်ပေါင်း 30 က ကျောင်းသားကောင်စီ‌ရဲ့ ကိုယ်စားလှယ်တွေကို ရှာတွေ့ထားပြီလို့ စီနီယာအစ်ကိုချင်းလန်ဆီက ကြားခဲ့ရတယ်…"


ကျိုဖုန်းက ယွဲ့ရှင်းဝမ်၏ ပခုံးကို ပုတ်ကာ နူးညံ့စွာ ဆိုသည်။

"ရှင်းဝမ်၊ ငါက ဟွာအန်းတက္ကသိုလ်ရဲ့ လက်ရှိ ကျောင်းသားကောင်စီဥက္ကဋ္ဌဖြစ်ပေမယ့် ဘွဲ့ရတော့မယ်ဆိုတာ မင်းသိပါတယ်… ကျောင်းသားကောင်စီကို ဒီ semester မှာ စီမံခန့်ခွဲဖို့ အချိန်မရှိသလောက်ပဲ… မင်းနဲ့ ဖျင်စစ်ပဲ အဲဒါကို တာဝန်ယူနေရတာ… ရာထူပြောင်းလဲဖို့အတွက် ငါလျှောက်လွှာတင်ထားတာ ကြာလှပြီ… နောက်တက်မယ့် ဥက္ကဋ္ဌက မင်းနဲ့ အတွင်းရေးမှူးချုပ်က ဖျင်စစ်ပဲ… ဒါပေမယ့် အဲဒါကို မကြေညာရသေးဘူး…"


စီနီယာအစ်ကိုကျိုဖုန်းသည် ရာထူးပြောင်းလဲမှုအတွက် အစောကြီး အသိပေးခဲ့ပြီး ယွဲ့ရှင်းဝမ်ကို စည်းရုံးရေးမိန့်ခွန်းအား ပြောကြားစေခဲ့သည်။ စာကြည့်တိုက်ထဲကို သူသာ ဆွဲသွင်းမခံရပါက နောက်ဆုံးစာမေးပွဲအပြီးတွင် ရာထူးပြောင်းလဲမှုကို တရားဝင်ကြေညာမည်ဖြစ်သည်။ 


ယွဲ့ရှင်းဝမ်က သူဘာကိုဆိုသည်ကို နားလည်လေသည်။

"စီနီယာအစ်ကိုက ကျွန်တော့်ကို ဟွာအန်းတက္ကသိုလ်အတွက် ကိုယ်စားပြုစေချင်တာလား?"


ကျိုဖုန်းက ခေါင်းငြိမ့်လိုက်သည်။

"ဟုတ်တယ်… ငါကတာဝန်မကျေဘူး… ဒါမျိုးလုပ်ဖို့ မင်းက ပိုသင့်တယ်လို့ ငါထင်တယ်… ဒီအစည်းအဝေးမှာ မင်းကို ဟွာအန်းတက္ကသိုလ်ရဲ့ ကျောင်းသားကောင်စီဥက္ကဋ္ဌအသစ်အဖြစ် ငါမိတ်ဆက်ပေးမယ်… ဒါဆို မင်းရဲ့မိန့်ခွန်းက ဩဇာပိုရှိလိမ့်မယ်…"


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် စီနီယာအစ်ကိုကျိုဖုန်း၏ စောင့်ရှောက်မှုအောက်တွင် လွန်ခဲ့သည့် နှစ်နှစ်ခန့်ကတည်းက ရှိနေခဲ့သည်။ သူတို့ပထမနှစ်တုန်းက ကျောင်းသားကောင်စီကို တရားဝင် ဝင်လာတုန်းက သူတို့ကို စီနီယာအစ်ကို ပြောခဲ့တာ မှတ်မိသေးသည်။

"ကျောင်းသားကောင်စီဟာ ထိပ်တန်းခေါင်းဆောင်တွေမဟုတ်ဘဲ ကျောင်းသားတွေဝန်ဆောင်မှုနဲ့ အကာအကွယ်တွေရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားအတွက် အဖွဲ့အစည်းတစ်ခုပါပဲ… ကျောင်းသားကောင်စီကို ဝင်ရောက်လာတဲ့အခါ ငါတို့က အခြားကျောင်းသားတွေအတွက် စံပြဖြစ်ရမှာဖြစ်ပြီး မောက်မာခြင်းမရှိဘဲ သတ္တိရှိရှိနဲ့ ဦးဆောင်ရမယ်… အထူးသဖြင့် တက္ကသိုလ်ပြင်ပမှာ ဆက်သွယ်ပြောဆိုတဲ့အခါ ငါတို့က ဟွာအန်းတက္ကသိုလ်ရဲ့ မျက်နှာစာဖြစ်တယ်ဆိုတာ သတိရပါ…"


နောက်ပိုင်းတွင် ကျောင်းကန်တင်းများ၌ သက်တမ်းလွန် အစားအစာများ အသုံးပြုခြင်း၊ အကြောင်းပြချက်မရှိဘဲ အားကစားရုံဖွင့်ခြင်း စသည်တို့ကို ကျောင်းသားကောင်စီက ပြုပြင်ပြောင်းလဲရန် တက္ကသိုလ်နှင့် အတင်းအကြပ် ညှိနှိုင်းပြီး ခိုင်းစေခဲ့သည်။ ဟွာအန်းတက္ကသိုလ်၏ ကျောင်းသားကောင်စီသည် အလွန်အင်အားကြီးပြီး ကျောင်းသားများက ကောင်းစွာအသိအမှတ်ပြုကြကာ စီနီယာအစ်ကိုကျိုဖုန်းကလည်း များစွာပါဝင်ကူညီခဲ့သည်။ ယခုအခါ ကျိုဖုန်းက ဤတာဝန်ကို ယွဲ့ရှင်းဝမ်ဆီသို့ လွှဲပြောင်းပေးတော့မည်ဖြစ်ပြီး သူ့တွင် နောက်ဆုတ်ရန် အကြောင်းမရှိတော့ပေ။


ယွဲ့ရှင်းဝမ်က ကျိုဖုန်းကို တည်ကြည်သောအကြည့်ဖြင့် စိုက်ကြည့်ရင်း ပြောသည်။

"ကျွန်တော် စီနီယာအစ်ကိုကို နားလည်ပါတယ်… ဒီတစ်ခေါက် တက္ကသိုလ်မဟာမိတ်အဖွဲ့က ကျောင်းသားတွေကို ဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်… ကျွန်တော်တို့က စိတ်လိုလက်ရ လုပ်ဆောင်တာဖြစ်ပြီး တာဝန်ကြီးကြီးမားမား ရှိနေပါတယ်… အခြားသူတွေရဲ့ ကဲ့ရဲ့ခြင်းကိုလည်း ခံရနိုင်ပါတယ်… ကျွန်တော် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားပါ…"


ကျိုဖုန်းက ပြုံးကာပြောသည်။

"မင်းလုပ်နိုင်မယ်လို့ ငါယုံကြည်တယ်…"

သူက ကျန်းဖျင်စစ်ကိုကြည့်ပြီး အသံတိုးတိုးဖြင့် တောင်းဆိုသည်။

"ဖျင်စစ်၊ မင်းလည်း ရှင်းဝမ်နဲ့အတူ ရှိနေပေးပါ… ရှင်းဝမ်က သိုးရေခြုံထားတဲ့ ဝံပုလွေဖြစ်ပြီး မင်းက အကြမ်းခံတယ်… မင်းတို့နှစ်ယောက်သာ အလုပ်အတူတူလုပ်ရင် ငါစိတ်ချပြီ…"


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။ နှစ်ယောက်သား အစည်းအဝေးခန်းဧရိယာဆီသို့ ဘေးချင်းကပ်လျက် လျှောက်သွားကာ တက်ဘလက်ပေါ်ရှိ အခန်း 1 ကို စကားဝှက် 3030 ဖြင့် ဝင်သွားကာ သူတို့ရှေ့ရှိ တံခါးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။


ကျယ်ဝန်းသော အစည်းအဝေးခန်းသည် လူ 100 နီးပါးခန့် ထားရှိနိုင်လောက်အောင် ကျယ်သည်။ စားပွဲဝိုင်းကြီးကို ထိုင်ခုံပတ်လည်ဖြင့် စီထားသည်။ ထိုင်ခုံတစ်ခုစီ၏ရှေ့တွင် တက်ဘလက်ကွန်ပျူတာနှင့် အသံချဲ့စက် မိုက်ခရိုဖုန်းတစ်ခု ရှိသည်။ အစည်းအဝေးခန်းရှေ့တွင် ငါးမီတာကျော်ကျယ်သော LCD မျက်နှာပြင်တစ်ခုရှိသည်။


ချင်းလန်နှင့် လျှိုရှောင်းရှောင်းတို့သည် တံခါးနားတွင် ထိုင်ကာ စကားပြောနေကြပြီး ယွဲ့ရှင်းဝမ်ကိုတွေ့သောအခါ သူတို့နှစ်ယောက်က မတ်တတ်ရပ်ကာ အားလုံးက အချင်းချင်း လက်ဆွဲနှုတ်ဆက်ကြသည်။ ချင်းလန်က အသံတိုးတိုးဖြင့် ပြောသည်။

"ထိုင်စရာရှာလိုက်… လူတော်တော်များများတော့ ရောက်နေပြီ… ဒါပေမယ့် အတန်းဖော်အများစုက မရင်းနှီးကြတော့ လေထုက နည်းနည်းအဆင်မပြေဘူး…"


ယွဲ့ရှင်းဝမ်က အစည်းအဝေးခန်းကို ကြည့်လိုက်သည်။ စားပွဲဝိုင်းမှာ လူတွေအများကြီး ထိုင်နေခဲ့တာ အမှန်ပင်။ အတူတူထိုင်နေကြသူများမှာ တက္ကသိုလ်တစ်ခုတည်းမှဖြစ်ကြောင်း ထင်ရှားသော်လည်း တက္ကသိုလ်များကြားတွင် မမြင်နိုင်သောအတားအဆီးတစ်ခုရှိပုံရပြီး အချင်းချင်း စကားမပြောကြပေ။


အချိန်က တဖြည်းဖြည်းနဲ့ 9 နာရီကို ညွှန်ပြလာသောအခါ လူတွေက အစည်းအဝေးခန်းကိုဖွင့်ရန် စကားဝှက်ဖြင့် အဆက်မပြတ် ဝင်လာကြသည်။ ယောင်္ကျားလေးရော၊ မိန်းကလေးရော စရိုက်ချင်း မတူကြပေမယ့် တက္ကသိုလ်ကြီးများ၏ စီမံခန့်ခွဲမှုက ကျောင်းသားကောင်စီတွေ ဒီကိုလာနိုင်ကြသည်။ သူတို့သည် မရေမတွက်နိုင်သော အစည်းအဝေးများနှင့် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့တာကြောင့် ဒီလိုလူအများကြီးနဲ့ ကြုံတွေ့ရသောအခါ လူတိုင်း၏အမူအရာက အလွန်တည်ငြိမ်ပြီး လမ်းလျှောက်သောအခါ ကိုယ်ဟန်အနေအထားက မှန်ကန်ကာ ဘယ်သူကမှ ရှက်ရွံ့ခြင်းမရှိပေ။


9 နာရီမှာ ကျောင်းသားတွေ အားလုံးရောက်လာပြီး အစည်းအဝေးခန်းက လူပြည့်လုနီးနီးဖြစ်နေသည်။


ထိုမှသာ ချင်းလန်က သူ့ရှေ့မှ မိုက်ခရိုခဖုန်းကို ဖွင့်လိုက်ပြီး ပြောလာသည်။

"အားလုံးပဲ မင်္ဂလာပါ… ကျွန်တော်က ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်မှ ချင်းလန်ပါ… တက္ကသိုလ်မဟာမိတ်အဖွဲ့အကြောင်း ဆွေးနွေးလိုတာကြောင့် ဒီတစ်ခေါက် အစည်းအဝေးတက်ဖို့ အားလုံးကို အမြန်ဆက်သွယ်လိုက်တာပါ… အတိအကျ အသေးစိတ်အချက်အလက်တွေကိုတော့ အတန်းဖော်ယွဲ့ရှင်းဝမ်က နောက်ပိုင်းမှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်… အရင်ဆုံး အချင်းချင်းသိအောင် ကိုယ့်ကိုယ်ကိုမိတ်ဆက်ကြတာပေါ့…"


သူက ခဏရပ်ကာ သူ့အကြည့်ကို ‌အခန်းတစ်ဝိုက်သို့ ဝှေ့ကြည့်လိုက်သည်။

"စာကြည့်တိုက်က ည 11 နာရီဆို ပိတ်မှာဆိုတော့ ကျွန်တော်တို့ရဲ့ အစည်းအဝေးကို ည 10:50 မတိုင်မီ ပြီးဆုံးရမှာဖြစ်တာကြောင့် အတိုချုပ်ပဲ မိတ်ဆကိလိုက်တာပေါ့… နာရီလက်တံအတိုင်းစရအောင်…"


သူ့ဘေးမှာထိုင်နေသော လျှိုရှောင်းရှောင်းက ပြောလာသည်။

"ကျွန်မက ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်ရဲ့ အတွင်းရေးမှူးဌာနက လျှိုရှောင်းရှောင်းပါ…"


မိုက်ခရိုဖုန်းများက တစ်ခုပြီးတစ်ခု ဖြတ်သွားသည်——


"ကျိုတိုတက္ကသိုလ်ရဲ့ ကျောင်းသားကောင်စီဥက္ကဋ္ဌယွိမင်ယွီပါ၊ ပထဝီဝင်စီမံကိန်းဘာသာရပ်ကို အဓိကသင်ယူနေပါတယ်…"


"နန်ယန်ကျောင်းထုံးတက္ကသိုလ်ရဲ့ ကျောင်းသားကောင်စီအတွင်းရေးမှူးချုပ် ကျိုးယန်ပါ…"


"နန်ယန်နိုင်ငံခြားဘာသာစကားတက္ကသိုလ်က လင်ကျားနန်ပါ…"


"ပေကျင်းတက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံနှင့်ဥပဒေဌာနက ချန်မုယွင်ပါ…"


"ချင်းချန်အနုပညာတက္ကသိုလ်က ရွှီဖေးရွှယ်…"


"ရှင်းဟယ်ဂီတတက္ကသိုလ်က…"


ရင်းနှီးသော တက္ကသိုလ်အမည်များကိုကြားတော့ ယွဲ့ရှင်းဝမ် အလွန်တုန်လှုပ်သွားခဲ့သည်။


ဒီတက္ကသိုလ်များသည် အထက်တန်းကျောင်းတက်တုန်းက လူတိုင်း၏ အိမ်မက်တွေဖြစ်သည်။ နိုင်ငံအတွင်းရှိ ထိပ်တန်းတက္ကသိုလ် 10 ခုအပြင် ကျွမ်ကျင်သောနယ်ပယ်အသီးသီးတွင် ထိပ်တန်းခေါင်းဆောင်များလည်းရှိသည်။ ဥပမာ; ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်သည် သင်ကြားရေးဌာနတွင် အသန်မာဆုံးဖြစ်ပြီး၊ နန်ယန်နိုင်ငံခြားဘာသာစကားတက္ကသိုလ်သည် နိုင်ငံခြားဘာသာစကားဌာနတွင် အသန်မာဆုံးဖြစ်သည်။ ပေကျင်းတက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံနှင့်ဥပဒေဌာနသည် အမြင့်ဆုံးနိုင်ငံရေးသိပ္ပံနှင့်ဥပဒေဌာနဖြစ်ပြီး ဂီတ၊ ရုပ်ရှင်၊ အနုပညာနှင့် အားကစာတို့တွင်လည်း ကိုယ်စားပြုသော တက္ကသိုလ်များရှိသည်။


တက္ကသိုလ်ပေါင်း 30 မှ ကျောင်းသားများ စုဝေးခဲ့ကြသည်။ ယွဲ့ရှင်းဝမ်သည် ဤကဲ့သို့ ကြီးမားသော မြင်ကွင်းကို ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။


ပတ်ပတ်လည် မိတ်ဆက်ပြီးနောက် ယွဲ့ရှင်းဝမ်၏အလှည့်ရောက်လာသည်။ သူက မိုက်ခရိုဖုန်းကို နှိပ်ပြီး ပြုံးလိုက်သည်။

"ကျွန်တော်က ဟွာအန်းတက္ကသိုလ်ရဲ့ တရုတ်ဘာသာစကားဌာနက ယွဲ့ရှင်းဝမ်ပါ…"


ကျန်းဖျင်စစ်က အနောက်ကလိုက်လာသည်။

"သင်္ချာဌာနက ကျန်းဖျင်စစ်ပါ…"


လင်းမန့်လော်လည်း အတိုချုံးမိတ်ဆက်ခဲ့သည်။

"သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက လင်းမန့်လော်ပါ…"


ကျိုဖုန်းက မိုက်ခရိုဖုန်းကိုယူကာ ပြောလေသည်။

"ကျွန်တော်က ဟွာအန်းတက္ကသိုလ်ရဲ့ ရူပဗေဒဌာနက ကျိုဖုန်းပါ… ယွဲ့ရှင်းဝမ်က ကျွန်တော်တို့ ကျောင်းသားကောင်စီရဲ့ ဥက္ကဋ္ဌအသစ်ပါ… သူက တက္ကသိုလ်မဟာမိတ်အဖွဲ့ ဖွဲ့စည်းချင်တာကြောင့် အားလုံးကို အစည်းအဝေးတက်ဖို့ ခေါ်လိုက်တာပါ… ဒီသီတင်းပတ်ရဲ့ အများသူငါစိတ်ကြိုက်သင်တန်းမှာ ကျောင်းသားတွေ အချင်းချင်း ဆာလဖျူရစ်အက်စစ်နဲ့ ပတ်ပြီး သဘာဝလွန်စွမ်းအားတွေနဲ့ လူတွေကို နာကျင်စေခဲ့တဲ့ ဖြစ်ရပ်မျိုး ဖြစ်ခဲ့ပါတယ်… ပြီးရင်တော့ ကျွန်တော် မိုက်ကို ရှင်းဝမ်ဆီ လွှဲပြောင်းပေးပြီး သူ့ရဲ့အတွေးအမြင်တွေကို လူတိုင်းကို အသေးစိတ်ပြောပြပါလိမ့်မယ်…"


ကျိုဖုန်းက ယွဲ့ရှင်းဝမ်ကိုကြည့်ကာ သူ၏ဂျူနီယာညီလေးကို အားပေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြပြီး သူ့ရှေ့က မိုက်ခရိုဖုန်းကို ဖိကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ဤမျှလောက် မရင်းနှီးသော မျက်နှာများ၊ နိုင်ငံတစ်ခုလုံးရှိ အထင်ကရ ‌တက္ကသိုလ်များနှင့် တက္ကသိုလ်များမှ ကျောင်းသားကိုယ်စားလှယ်များသည် ယွဲ့ရှင်းဝမ်ကို တုန်လှုပ်စေသည် 


စားပွဲအောက်ကနေ ကျန်းဖျင်စစ်က သူ့နောက်ကျောကို ညင်သာစွာ ပုတ်ပေးပြီး အားပေးမှုတစ်ချို့ကို ပေးလိုက်သည်။ ယွဲ့ရှင်းဝမ်သည် သူတစ်ယောက်တည်းမဟုတ်ဘဲ ဖျင်စစ်၊ စီနီယာအစ်ကိုကျိုဖုန်း၊ စီနီယာအစ်မလင်းမန့်လော်၊ စီနီယာအစ်ကိုချင်းလန်၊ လျှိုရှောင်းရှောင်းနှင့် အခြားသူများအားလုံးက သူ့ကိုထောက်ခံပေးကြောင်းသိသည်။


ပထမဦးဆုံး အရှေ့တက်သူက အများအားဖြင့် ဝေဖန်မှုများစွာ ခံရတတ်သည်။ သို့သော် မည်သူမျှ ရှေ့မတိုးဝံ့ပါက သူတို့၏ ကျောင်းသားအားလုံးသည် ပို၍ ရက်စက်ကြမ်းကြုတ်သော နေထိုင်မှုပတ်ဝန်းကျင်ကို ရင်ဆိုင်ရပေလိမ့်မည်—— ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသော မိန်းကလေး လေးယောက်အတွက်ပင် သူမတ်တပ်ရပ်ရပေမည်။


ယွဲ့ရှင်းဝမ်က အသက်ပြင်းပြင်းရှူပြီး ကြည်လင်အေးဆေးသောအသံဖြင့် ပြောသည်။

"အားလုံးပဲ မင်္ဂလာညနေခင်းပါ… ကျွန်တော်က ယွဲ့ရှင်းဝမ်ပါ… ဒီနေ့အများသူငါစိတ်ကြိုက်သင်တန်းမှာ ဖြစ်ပျက်ခဲ့တာတွေကို လူတိုင်းကြားဖူးကြမယ်လို့ ယုံကြည်ပါတယ်… အမှတ်အတွက် ပြိုင်ဆိုင်ရင်း ဓာတုဗေဒဌာနမှ ကျောင်းသားက မိန်းကလေးတွေကို ‌ဆာလဖျူရစ်အက်စစ်နဲ့ ပတ်ခဲ့တာကြောင့် မိန်းကလေး လေးဦးက ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပါတယ်… ရူပဗေဒဌာနမှ ကျောင်းသားတွေကလည်း အတန်းဖော်တွေကို အလင်းလုံးနဲ့ မျက်စိကန်းအောင် အကြမ်းဖက်ခဲ့ပါတယ်… မရေမတွက်နိုင်တဲ့ ကျောင်းသားတွေက မြေပြင်မှာထိုင်ပြီး အခြားကျောင်းသားတွေဆီကနေ ငွေညှစ်တာတွေ၊ အချင်းချင်း အကောက်ကြံတာတွေ၊ သူတို့တွေ ဖယ်ထုတ်ခံရမှာကြောင့် အခြားသူတွေကို ဆွဲချတာတွေလည်း ရှိခဲ့ပါတယ်…"


သူ၏အဖွင့်အမှာစကားများသည် ရိုးရှင်းပြီး ပြတ်သားသော်လည်း သူသည် အေးဆေးတည်ငြိမ်ပြီး ရှင်းလင်းပြတ်သားစွာ ပြောဆိုသောကြောင့် လူအများ၏အကြည့်များက သူ့ဆီသို့ ရောက်လာသည်။


ယွဲ့ရှင်းဝမ်က ခဏရပ်ကာ ပတ်ပတ်လည်ကိုကြည့်ပြီး ဆက်ပြောသည်။

"ပထမဆုံးအများသူငါစိတ်ကြိုက်သင်တန်းက တုန်လှုပ်ချောက်ချားစရာကောင်းပြီး ‌ဖြစ်ပေါ်လာနိုင်တဲ့ အကျပ်အတည်းများစွာကို ဖော်ထုတ်နိုင်ခဲ့တယ်… တကယ်တော့ လက်တွေ့ဘဝမှာဆိုရင် ဥပဒေနဲ့ ကျောင်းစည်းမျဉ်းစည်းကမ်းတွေကြောင့် လူတိုင်းဟာ အတန်းဖော်တစ်ယောက်ကို မကျေမနပ်ဖြစ်ရင်တောင် တိုက်ရိုက်ထိခိုက်စေမှာ မဟုတ်ပါဘူး… ရန်ဖြစ်ရင် ကျောင်းက အပြစ်ပေးတာတွေ ဒါမှမဟုတ် နှင်ထုတ်တာအထိတောင် ဖြစ်သွားနိုင်ပြီး အန္တရာယ်ရှိအောင် ဒဏ်ရာတွေဖြစ်ပေါ်စေမယ်ဆိုရင် ဥပဒေအရ တာဝန်ယူရမှာဖြစ်ပါတယ်…"


"ဒါပေမယ့် စာကြည့်တိုက်မှာ စည်းမျဉ်းစည်းကမ်းမရှိပါဘူး!"


သူ့အသံက ရုတ်တရက် တင်းမာလာသည်——


"စည်းမျဉ်းစည်းကမ်းမရှိရင် လူ့သဘောသဘာဝအရ မကောင်းမှုတွေ ချဲ့ထွင်လာပါလိမ့်မယ်!"


"အဲဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် အနာဂတ်မှာ ကိုယ့်မျက်စိထဲ အမြင်မကြည်တာနဲ့ ဆာလဖျူရစ်အက်စစ်နဲ့ ပတ်တာ၊ ဗို့အားမြင့်လျှပ်စစ်နဲ့ ဓာတ်လိုက်တာ၊ ခွဲစိတ်ဓားနဲ့ ပစ်ပေါက်တာတွေ မြင်လာရပါလိမ့်မယ်… ကျောင်းသားတွေက အစွမ်းထက်တဲ့ စွမ်းရည်တွေ ရှိကြပေမယ့် စည်းမျဉ်းစည်းကမ်းမရှိတာကြောင့် အချိန်ကြာလာတာနဲ့ စာကြည့်တိုက်က လူတိုင်းအတွက် ငရဲခန်းဖြစ်လာပါလိမ့်မယ်! လူသားတွေရဲ့ လူသားဆန်မှုက တဖြည်းဖြည်း ပုံပျက်ပန်းပျက်ဖြစ်ကာ နောက်ဆုံးအကျိုးဆက်တွေက တွေးဆလို့တောင်မရနိုင်ပါဘူး!"


"ဒါကြောင့် အခုလို အရေးကြီးတဲ့ အခိုက်အတန့်မှာ ကျွန်တော်က တက္ကသိုလ်မဟာမိတ်အဖွဲ့ဖွဲ့ဖို့ တက္ကသိုလ်အသီးသီးက ကိုယ်စားလှယ်တွေကို ခေါ်လိုက်ပြီး စာကြည့်တိုက်မှာ စည်းမျဉ်းစည်းကမ်းတွေချမှတ်ပြီးတော့ ဒီလိုဆိုးဆိုးရွားရွား ရန်ပွဲတွေ ထပ်မဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်… စာကြည့်တိုက်က ရှင်သန်ဖို့က အရမ်းခက်ခဲနေပြီဖြစ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက် မကူညီနိုင်ရင်တောင် မုန်းတီးနာကျင်အောင် မလုပ်သင့်ပါဘူး…"


ယွဲ့ရှင်းဝမ်က ထိုနေရာတွင် တည်ငြိမ်စွာထိုင်ပြီး ထက်မြက်သောပုံရှိသည်။


ကျောင်းသားများစွာနှင့် ရင်ဆိုင်ရသောအခါ သူသည် အနည်းငယ်မျှ ကြောက်လန့်ခြင်းမရှိပေ။


ပထမကတော့ လူတချို့က သူဘာလို့ အစည်းအဝေးခေါ်တာလဲလို့ အံ့ဩကြပြီး တချို့လူတွေက သူ့ကို ကြီးကျယ်လွန်းတယ်လို့တောင် မေးခွန်းထုတ်ကြပေမယ့် သူ၏ရှင်းပြချက်ကိုကြားသောအခါ အားလုံး၏မျက်နှာက ပြောင်းလဲသွားသည်—— သူပြောတာက အမှန်ပဲ!


အများသူငါစိတ်ကြိုက်သင်တန်းမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကာ ဖိုရမ်ပေါ်တွင် ကျယ်ကျယ်လောင်လောင် ဆူပူကြိမ်းမောင်းတာတွေကို တွေ့ခဲ့ရသည်။ စည်းမျဉ်းစည်းကမ်းမရှိဘဲ အခြေအနေတွေ ပိုဆိုးလာမယ်ဆိုရင် စာကြည့်တိုက်က တကယ့်ကို ငရဲခန်းဖြစ်သွားလိမ့်မည်။


ယနေ့မှာ တစ်စုံတစ်ယောက်က မိန်းကလေးကို အက်စစ်နဲ့ ပတ်လိုက်ရင် နောက်နေ့ကျရင် ထိုမိန်းကလေးက ယောင်္ကျားလေး၏မျက်နှာကို ဓားနဲ့ခုတ်ဖို့ ပြန်လာလိမ့်မလား?


ဤသည်မှာ ပုံမှန်အတိုင်း ရှေ့သို့ စီးဆင်းနေသော မြစ်နှင့်တူသည်။ မြစ်ကမ်းနံဘေးမှာ အပေါက်တစ်ခုဖြစ်လိုက်တာနဲ့ မသိလိုက်ဘဲ ရေတွေကပိုပိုပြီးစီးဆင်းလာကာ မြစ်ကမ်းတစ်ခုလုံးကိုတောင် မျောပါသွားလိမ့်မည်။


အခြေအနေမဆိုးရွားသေးတာကို အခွင့်ကောင်းယူပြီး ၎င်းကိုချက်ချင်းရပ်တန့်ကာ ကွာဟချက်က ပို၍မကြီးလာခင် ပိတ်လိုက်တာက အသင့်တော်ဆုံးနည်းလမ်းဖြစ်သည်။


"စာကြည့်တိုက်ထဲကို ဆွဲသွင်းခံရတဲ့ တက္ကသိုလ်အားလုံးက ကျောင်းသားကောင်စီရဲ့ ကိုယ်စားလှယ်တွေနဲ့ ‘စာကြည့်တိုက်ကျောင်းသားသဘောတူညီမှုစာချုပ်’ကို ချုပ်ဆိုပြီး အားလုံးက သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာနိုင်စေဖို့ အကြုံပြုချင်ပါတယ်… စည်းကမ်းချိုးဖောက်တဲ့သူတွေကို စာကြည့်တိုက်ကနေ အမည်ပျက်စာရင်းသွင်းပြီး ဒဏ်ခတ်အရေးယူမှုတွေကို ချမှတ်ဆောင်ရွက်သွားပါမယ်… တစ်ချိန်တည်းမှာပဲ စာမေးပွဲကာလအတွင်း နာကျင်အောင် အနိုင်ကျင့်ခံရတဲ့ ကျောင်းသားတွေကို အစီရင်ခံစာချယ်နယ် ဖွဲ့စည်းပေးပြီး တရားမျှတမှုကို ရှာဖွေဖို့ နေရာတစ်ခု ရှိလာပါမယ်… စည်းမျဉ်းစည်းကမ်းတွေနဲ့သာ ရှိလာမယ်ဆိုရင် ကျောင်းသားအများစု လိုက်နာဖို့ ဆန္ဒရှိသရွေ့ စာကြည့်တိုက်ရဲ့ ပတ်ဝန်းကျင်က ပိုဆိုးရွားလာမှာမဟုတ်ပါဘူး…"


ထိုင်နေသော ကျောင်းသားတော်တော်များများက ခေါင်းငြိမ့် သဘောတူကြသည်။ ယွဲ့ရှင်းဝမ်က သူ၏မိန့်ခွန်းကို အဆုံးသတ်ပြီး ယဉ်ကျေးစွာပြောခဲ့သည်။

"အထက်ပါအချက်တွေက ကျွန်တော်ရဲ့ကိုယ်ပိုင်ထင်မြင်ယူဆချက်သာ ဖြစ်ပါတယ်… စီနီယာတို့မှာ ထင်မြင်ယူဆချက်တွေ ဒါမှမဟုတ် အကြံပြုချက်တွေရှိရင် အဲဒါကိုတင်ပြပြီး လူကိုယ်တိုင် ဆွေးနွေးနိုင်ပါတယ်…"


သူက မိုက်ခရိုဖုန်းကို ချလိုက်သည်။


အစည်းအဝေးခန်းသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။


ကျိုတိုတက္ကသိုလ်မှ ယွိမင်ယွီက ပထမဆုံး သူ့လက်ကို မြှောက်ပြီး ပြောလာသည်။

"အတန်းဖော်ယွဲ့ရှင်းဝမ်ရဲ့ အကြံပြုချက်ကို ကျွန်တော်သဘောတူပါတယ်… ကျွန်တော်က ဒီအများသူငါစိတ်ကြိုက်သင်တန်းရဲ့ အတန်း 1 မှာ ကျခဲ့တာဖြစ်ပြီး အတန်းဖော်ရှင်းဝမ်နဲ့ အတန်းအတူတူပဲဖြစ်ပါတယ်… အဲဒီအတန်းက အရမ်းသဟဇာတရှိလွန်းပါတယ်… နောက်ဆုံးမှာ လူ 68 ယောက်က အဆုံးမှတ်ကို အတူတူဖြတ်ကျော်ခဲ့ပြီး အတန်းအားလုံးကြားမှာ ပထမအဆင့်နဲ့ လူအများဆုံးအောင်မြင်ခဲ့တဲ့အတန်းပါ… ကျွန်တော်မှတ်မိပါသေးတယ်… မိန်းကလေးတစ်ဦးက ဝံပုလွေအကိုက်ခံရတာကြောင့် အသားပဲ့နေတဲ့အခါ ဆေးပညာဌာနမှ စီနီယာအစ်ကိုတစ်ဦးက သူမကို ပတ်တီးနဲ့ သူမရဲ့ဒဏ်ရာကိုကုသပေးဖို့ တွန့်ဆုတ်မနေခဲ့ပါဘူး… အမှန်အတိုင်းပြောရရင် အဲဒီအခိုက်အတန့်က ကျွန်တော့်ရင်ကို တကယ်ထိမိသွားတယ်… အတန်းဖော်တွေကြားမှာ အကူအညီတွေ ပိုရရင် လူတိုင်းက ပိုအဆင်ပြေသွားမှာပါ… အတန်းဖော်တွေကို တားမြစ်ရုံသာမကဘဲ ကိုယ့်ကိုယ်ကိုလည်း ကာကွယ်ဖို့ စည်းကမ်းတွေ ချမှတ်သင့်ပါတယ်… ကျောင်းသူမိန်းကလေး လေးယောက်က ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပြီး ကျွန်တော်တို့က ဂရုမစိုက်ဘူး၊ တချို့ကျောင်းသားတွေက မျက်စိကန်းသွားပြီး ကျွန်တော်တို့က ဘေးကနေဘဲ ကြည့်နေကြတယ်… တကယ်လို့ တစ်နေ့နေ့မှာ ကျွန်တော်တို့သာ သေရေးရှင်ရေး အကျပ်အတည်းကို ရင်ဆိုင်ရတဲ့အခါ ကျွန်တော်တို့ ‌သေသေ၊ရှင်ရှင် ဘယ်သူမှ ဂရုစိုက်မှာမဟုတ်တော့ဘူး…"

 

စီနီယာအစ်ကိုယွိ၏ နားရွက်များပေါ်တွင် တောက်ပပြီး လင်းလက်နေသော စိန်နားကပ်၊နားဆွဲတွေ ပန်ထားကာ တောက်ပသော ခရမ်းရောင် တီရှပ်အင်္ကျီကို ဝတ်ဆင်ထားပေမယ့် သူ့စကားတွေက ယွဲ့ရှင်းဝမ်၏စိတ်ထဲကနဲ့ အလွန်လိုက်ဖက်ပါသည်။ စီနီယာအစ်ကိုကျိုဖုန်း၏ သူငယ်ချင်းက တကယ်ပွင့်လင်းပြီး လေးစားစရာကောင်းသည်။


ချင်းလန်က ယွဲ့ရှင်းဝမ်ကို အကူအညီပေးရန် ချက်ချင်း မတ်တတ်ရပ်လိုက်သည်။

"ရှင်းဝမ်ရဲ့ ရဲစွမ်းသတ္တိကို ကျွန်တော်လေးစားတယ်… ဒါကို တစ်ယောက်ယောက်က လုပ်ရမယ်၊ ပထမဆုံးမတ်တတ်ရပ်တဲ့သူက ပြစ်တင်ဝေဖန်ခံရမှာ သေချာတယ်… အတန်းဖော်တချို့က သူ့ကို ရေပန်းစားချင်တယ်လို့ ထင်ချင်ထင်ကြမှာပဲ… ဒါပေမယ့် ရှင်းဝမ်ရဲ့ ချဉ်းကပ်မှုကို ဒီကလူတိုင်း နားလည်နိုင်မယ်လို့ ယုံကြည်ပါတယ်… တကယ်လို့ လူတိုင်းက ကိုယ့်ကိစ္စကိုယ်သာကြည့်ပြီး သူများကိစ္စက ငါနဲ့ဘာမှမဆိုင်ဘူးလို့ ထင်နေကြရင် စာကြည့်တိုက်ပတ်ဝန်းကျင်က ပိုဆိုးလာပါလိမ့်မယ်… အခု ဖိုရမ်ပေါ်မှာ ကျောင်းသားတွေရဲ့ ခံစားချက်တွေက ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီး ဒီကိစ္စကို ကိုင်တွယ်ဖို့ ကျွန်တော်အတွက် အကောင်းဆုံးအချိန်ဖြစ်ပါတယ်… ဒီနေရာမှာ ထိုင်နေသူတိုင်းက အဓိကတက္ကသိုလ်တွေရဲ့ စီမံခန့်ခွဲရေးအဖွဲ့ဝင်များဖြစ်ပြီး ကျောင်းသားဥက္ကဋ္ဌတွေလည်း အများအပြားရှိကြပါတယ်… ကျောင်းတက်စဉ်က ကျွန်တော်တို့ဟာ ကျွန်တော်တို့ကျောင်းသားတွေ ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်ဖြစ်ခဲ့ပါတယ်… ကျွန်တော်တို့ကျောင်းသားတွေ အခက်အခဲတွေနဲ့ ကြုံတွေရတဲ့အခါ သူတို့ကို လျစ်လျူမရှုသင့်ပါဘူး…"


တိုးတိုးတိတ်တိတ် ဆွေးနွေးသံများက အစည်းအဝေးခန်းထဲမှာ တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ကျောင်းသားအများအပြားက ခေါင်းငြိမ့်သဘောတူကြပြီး တချို့က တွေးတောရင်း မျက်မှောင်ကြုတ်နေကြသည်။


ရုတ်တရက် ဆံပင်ရှည်ရှည်နဲ့ နူးညံ့သိမ်မွေ့သော အပြုံးလေးဖြင့် မိန်းကလေးတစ်ယောက်က လက်ကိုမြှောက်ပြီး မိုက်ခရိုဖုန်းကို ဖိလိုက်သည်။

"ကျွန်မက ပေကျင်းတက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံနှင့်ဥပဒေဌာနက ချန်မုယွင်ပါ… ‘စည်းမျဉ်းစည်းကမ်းမရှိရင် ကျွန်မတို့မှာ လူနေမှုအဆင့်အတန်း မရှိဘူး’ဆိုတာကို ကျွန်မသဘောတူပါတယ်… ဒါပေမယ့် ‘ကျောင်းသားသဘောတူညီချက်’က တရားဝင်ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတစ်ခုမဟုတ်သလို ပြဋ္ဌာန်းနိုင်တဲ့ အခြေအနေမှာလည်း မရှိပါဘူး… လက်တွေ့မှာတော့ ရဲတပ်ဖွဲ့က အန္တရာယ်ရှိတဲ့ ထိခိုက်ဒဏ်ရာတွေကို ပြုလုပ်ရင် အတင်းအကြပ်ဖမ်းဆီးနိုင်ပါတယ်… စာကြည့်တိုက်မှာ အကြမ်းဖက်တဲ့သူတွေကို ကျွန်မတို့ ဘယ်လိုအပြစ်ပေးမှာလဲ? စည်းမျဉ်းစည်းကမ်းတွေက ချမှတ်ရတာ လွယ်ကူပေမယ့် ဘယ်သူကပြဋ္ဌာန်းမှာလဲ? ဒါ့အပြင် ကြီးကြပ်ရေးအဖွဲ့အစည်းတစ်ခုနှင့် တရားရုံးတွေအထက်က အစိုးရရှေ့နေရုံးတို့နှင့်အတူ ဥပဒေပြဋ္ဌာန်းရတာပါ… ကျွန်မတို့က ဥပဒေစိုးမိုးရေးမှာ ပြဿနာမဖြစ်အောင် ဘယ်သူအာမခံနိုင်မှာလဲ? မျက်နှာပေးမှုတွေရော မရှိနိုင်ဘူးလား?"


ယွဲ့ရှင်းဝမ်က သူမကို မော့ကြည့်လိုက်တော့ ချန်မုယွင်ဆိုတာ သူသိသွားသည်။ မနှစ်က နိုင်ငံတကာတက္ကသိုလ်စကားရည်လုပြိုင်ပွဲမှာ သူတို့တွေ အချင်းချင်း ပြိုင်ခဲ့ကြသည်။ သူမ၏နူးညံ့သိမ့်မွေ့သော အသွင်အပြင်နှင့် ချိုမြသော အပြုံးတို့ကို မကြည့်နှင့်၊ သူမတွင် အားကောင်းသော စကားပြောစွမ်းရည်ရှိသည်။ သူမသည် ပေကျင်းတက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံနှင့် ဥပဒေဌာန၏ ကျောင်းသားကောင်စီဥက္ကဋ္ဌဖြစ်ပြီး အမျိုးသမီးဥက္ကဋ္ဌအနည်းငယ်ထဲမှ တစ်ဦးဖြစ်ကာ ပြစ်မှုဆိုင်ရာဥပဒေကိုလည်း လေ့လာနေသူဖြစ်သည်။ 


ကျွမ်းကျင်သူတစ်ယောက်ဆိုသည့်အတိုင်း ယွဲ့ရှင်းဝမ် ရုန်းကန်နေရသည့် ပြဿနာများကို ထောက်ပြခဲ့သည်။ စည်းမျဉ်းစည်းကမ်းများက ချမှတ်ရ လွယ်ကူသော်လည်း အခက်ခဲဆုံးမှာ ပြဋ္ဌာန်းရန်ဖြစ်သည်။ ထိုကျောင်းသားတွေကို ဘယ်လိုအပြစ်ပေးမည်နည်း။


ကျန်းဖျင်စစ်က ရုတ်တရက် မိုက်ခရိုဖုန်းကို နှိပ်လိုက်သည်။

"ကျွန်တော်တို့ ကြီးကြပ်ရေးအဖွဲ့ကို တည်ထောင်နိုင်ပါတယ်… စည်းကမ်းချိုးဖောက်တဲ့ ကျောင်းသားတွေကို အမည်ပျက်စာရင်းသွင်းပြီး သုတေသနအဖွဲ့ကနေ ထုတ်ပစ်ဖို့ တောင်းဆိုပါမယ်… ဘယ်သုတေသနအဖွဲ့မှ အဲဒီလူကို မခေါ်တော့ဘူးဆိုရင် နောက်သင်တန်းတွေကို အောင်ဖို့မဖြစ်နိုင်တော့ပါဘူး… စည်းမျဉ်းတွေ ချမှတ်ပြီးပြီဆိုရင် အဲဒါတွေကို အကောင်အထည်ဖော်ဖို့ နည်းလမ်းတွေကလည်း ခိုင်ခိုင်မာမာရှိရပါမယ်… ဒါမှ နောက်နောင် ပြဿနာတွေကို ပပျောက်ဖို့ အခြားသူတွေကို စံနမူနာပြနိုင်ရမယ်… ကြီးကြပ်ရေးအဖွဲ့အတွင်း မျက်နှာသာပေးမှု မရှိခြင်းနှင့် တရားမျှတမှုရှိစေရန်အတွက် ကြီးကြပ်ဖို့ ကျောင်းသားတချို့ကို ခေါ်ယူနိုင်ပါတယ်…"

 

ယွဲ့ရှင်းဝမ်၏ တောက်ပပြီး ကြည်လင်သောအသံနှင့် နှိုင်းယှဉ်လျှင် ကျန်းဖျင်စစ်၏အမူအရာက အေးစက်ပြီး သူ့အသံက တိုးကာ အေးစက်ပေမယ့် စကားလုံးတိုင်းက အသံအောင်ပြီး အားကောင်သည်—— သူက ထင်မြင်ချက်ပေးပုံမပေါ်ဘဲ သုံးသပ်ချက်ကို ထုတ်ပြန်လိုက်ပုံပေါ်သည်။


ချန်မုယွင်က သူ့ကိုကြည့်လိုက်သည်။

"ဒီကြီးကြပ်ရေးအဖွဲ့၊ ဒီလောက်ကြီးလေးတဲ့ တာဝန်ကို ဘယ်သူက ကျေကျေနပ်နပ်ကြီး ယူမှာလဲ?"


ယွဲ့ရှင်းဝမ်က ချက်ချင်း ပြောလာသည်။

"ကျွန်တော် တာဝန်ယူမှာပါ…"


သူက ပြုံးကာ သူ့ပတ်ဝန်းကျင်က ကျောင်းသားတွေကို ကြည့်သည်။

"ကျောင်းသားအားလုံးကို ကြီးကြပ်ရေးအဖွဲ့မှာ ပါဝင်ဖို့ ကြိုဆိုပါတယ်… ကျွန်တော်တို့က စာကြည့်တိုက်လောကရဲ့ ရဲတွေမဟုတ်ပါဘူး… ကျောင်းသားတွေအတွက် စည်းစနစ်ကျပြီး သဟဇာတဖြစ်မယ့် ပတ်ဝန်းကျင်ကို ဖန်တီးဖို့ ‌အကောင်းဆုံးကြိုးစားချင်တာပါ…"


ကျိုဖုန်းသည် ယွဲ့ရှင်းဝမ်၏စကားကို နားထောင်ရင်း သူ့ဘေးတွင် ထိုင်ကာ သူ့မျက်လုံးများထဲတွင် ကြည်နူးမှုအပြည့်ဖြင့် ပြည့်နှက်နေသည်။ ထိုင်ခုံများတွင်ထိုင်နေသော တက္ကသိုလ်အသီးသီးမှ ထိပ်တန်း ကျောင်းသားများစွာရှိပြီး ရှင်းဝမ်သည် သူ၏အမြင်များကို အေးဆေးတည်ငြိမ်စွာ ရှင်းရှင်းလင်းလင်းဖော်ပြနိုင်ပြီး လူအများကို သဘောတူအောင်ပြုလုပ်နိုင်သည်။ ဒါက သာမန်လူတွေ လုပ်နိုင်သောအရာ မဟုတ်ပေ။


ထိုင်ခုံမှာထိုင်နေသော ချင်းလန်က မိုက်ခရိုဖုန်းကို နှိပ်လိုက်သည်။

"အချိန်ကုန်သက်သာအောင် လူတိုင်းက လက်မြှောက်ပြီး မဲပေးလိုက်ကြရအောင်… သဘောတူရင် လက်ကိုမြှောက်ပြီး သဘောမတူရင် ကိုယ့်ရဲ့ထင်မြင်ချက်ကို ပြောလို့ရပါတယ်…"


ကျောင်းသား 95% ကျော်က သဘောတူကြပြီး ကျန်လူအနည်းစုက ဤအရာများကို ဂရုမစိုက်ဘဲ အပျော်သဘောကြည့်နေကြသည်။ သူတို့ ပတ်ပတ်လည်က လူများ ‌လက်မြှောက်တာကို မြင်သောအခါ ချီတုံချတုံဖြင့် လက်မြှောက်လာကြသည်။


ချင်းလန်က ရယ်လိုက်သည်။

"ကောင်းပြီ… တညီတညွတ်တည်း သဘောတူကြတာပေါ့… နောက်ထပ်ကတော့ မြန်မြန်ဆန်ဆန် စည်းမျဉ်းစည်းကမ်းတွေကို အရင်ချမှတ်ကြရအောင်…"


ယွဲ့ရှင်းဝမ်က ချန်မုယွင်ကို ကြည့်ကာ ရိုးသားစွာ ပြောသည်။

"အစ်မမုယွင်က ဒီကိစ္စမှာ ပိုကျွမ်းကျင်တာဆိုတော့…"


ချန်မုယွင်က ကူကယ်ရာမဲ့စွာ ပြောလာသည်။

"လူတွေကို ခေါ်တာက နင့်အတွက် မကောင်းဘူးဆိုတာ ငါသိတယ်… ကောင်းပြီ… ငါ ဒီဝန်ထုပ်ဝန်ပိုးကို ထမ်းပြီး ငါတို့ရဲ့ တကယ့်ကျောင်းစည်းမျဉ်းစည်းကမ်းနဲ့ ပိုနီးစပ်အောင် ကြိုးစားကြည့်ပေးမယ်… တကယ်တော့ ငါတို့က ဥပဒေပြဋ္ဌာန်းဖို့ အရည်အချင်းမပြည့်မီလို့ ကျောင်းသားသဘောတူညီချက်က လူတိုင်းညှိနှိုင်းဆွေးနွေးထားတဲ့ ‘စာကြည့်တိုက်ကျောင်းစည်းမျဉ်းစည်းကမ်းများ’ပုံစံဖြင့်ပဲ ထုတ်ပြန်နိုင်တယ်…"


လင်းမန့်လော်က မတ်တတ်ရပ်ကာ ပြောသည်။

"မုယွင်၊ ရှင်းဝမ်နဲ့ အခြားသူတွေနဲ့ ကောင်းကောင်းဆွေးနွေးရအောင် ဒီမှာလာထိုင်လေ…"


ချန်မုယွင်က သူ့ဘေးရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ သူမက ယွဲ့ရှင်းဝမ်၊ ချင်းလန်၊ ယွိမင်ယွီနှင့် အခြားသူတွေနဲ့ အကြောင်းအရာတွေကို အသံတိုးတိုးနဲ့ ဆွေးနွေးနေကြသည်။ ထို့နောက် ကျိုဖုန်းက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"အားလုံး ဒီကိုလာပြီး အကြံပြုပေးလို့ရပါတယ်… ကျွန်တော်တို့တွေ စဉ်စားပြီး ပထမမူကြမ်းကို အရင်ရေးဆွဲပါမယ်!"


တဖြည်းဖြည်းနဲ့ ကျောင်းသားတချို့က ရောက်လာပြီး အသံတိုးတိုးနဲ့ ဆွေးနွေးကြသည်။


ယွဲ့ရှင်းဝမ်သည် အရာရာစွမ်းဆောင်နိုင်သောသူမဟုတ်ဘဲ သူမထင်မှတ်ထားသောအရာများစွာကို အခြားကျောင်းသားများက ထည့်သွင်းပေးမည်ဖြစ်ပြီး အစည်းအဝေးကြီး၏ စည်းကမ်းချက်များက ပိုမိုတိကျပြီး ပိုကျိုးကြောင်းဆီလျော်မည်ဖြစ်သည်။ 


ကျန်းကျိုးဆေးဘက်ဆိုင်ရာတက္ကသိုလ်၏ စိတ်ပညာဌာနမှ မိန်းကလေးတစ်ဦးက ပြောလာသည်။

"ကျွန်မက စိတ်ပညာမဟာဘွဲ့ရပြီးပါပြီ… စာမေးပွဲတွေပြီးတဲ့အခါ စိတ်ပိုင်းဆိုင်ရာ အရိပ်ဆိုးတွေ ကျန်ခဲ့တဲ့ ကျောင်းသားတွေကို စိတ်ပိုင်းဆိုင်ရာလမ်းညွှန်မှုပေးဖို့ စိတ်ပညာလေ့လာနေတဲ့ ကျောင်းသားအနည်းငယ်ကိုစုစည်းပြီး တိုင်ပင်ဆွေးနွေးရေးအဖွဲ့ကို တည်ထောင်လိုက်မယ်…" 


ယွဲ့ရှင်းဝမ်၏မျက်လုံးများက တောက်ပလာသည်။

"ကောင်းလိုက်တာ! အဲဒီရုပ်ပျက်ဆင်းပျက်ဖြစ်သွားကြတဲ့ မိန်းကလေးတွေက စီနီယာအစ်မရဲ့ အကူအညီကို လိုအပ်နေရမယ်!"


အခြားကျောင်းသားတစ်ဦးက ပြောလာသည်။

"ကြီးကြပ်ရေးအဖွဲ့မှာ ကျွန်တော်လည်း စေတနာအလျောက် ပါဝင်ချင်တယ်… ကျွန်တော်က ကွန်ပျူတာအက်ပလီကေးရှင်း ဘာသာရပ်ကဖြစ်တာကြောင့် အချက်အလက်ကို စစ်ဆေးရတာ ပိုအဆင်ပြေပါတယ်… ကျွန်တော်က အစီရင်ခံရတဲ့ ကျောင်းသားတွေအတွက် သူတို့ရဲ့ အသေးစိတ်သင်တန်းတွေ၊ စာရင်းတွေနဲ့ အိပ်ဆောင်တွေကိုလည်း ရှာနိုင်တာကြောင့် အပြစ်ပေးဖို့အတွက် သူတို့ဆီ တတ်နိုင်သမျှမြန်မြန် ခေါ်သွားလို့ရတယ်…" 


ရှီးကျိုးအားကစားတက္ကသိုလ်မှ အသားမည်းမည်းနဲ့ ယောင်္ကျားလေးက ရောက်လာပြီး ပြုံးကာ ပြောသည်။

"ငါလည်း ကြီးကြပ်ရေးအဖွဲ့မှာ ပါမယ်… ငါက အခြားသူတွေလို ဉာဏ်မကောင်းပေမယ့် ကြောက်စရာကောင်းလို့ မင်းတို့အတွက် သက်တော်စောင့်ဖြစ်နိုင်ပါတယ်… မိန်းကလေးတွေကို အက်စစ်နဲ့ပတ်တဲ့ အဲဒီအရူးကောင်ကိုမြင်ရင် သူ့ကို ငါ့လက်သီးစာ အရင်ကျွေးလိုက်မယ်…"


အခန်းပတ်ပတ်လည်က ရယ်သံများ ထွက်ပေါ်လာသည်။

"မင်းကြည့်ရတာ ကြောက်စရာကောင်းတဲ့ပုံလည်း မပေါက်ဘူး…"


"မင်းက အရပ်ရှည်ပြီး သန်မာရုံပဲ…"


ချင်းချန်အနုပညာ‌တက္ကသိုလ်မှ ကျောင်းသူ၊ ရွှီဖေးရွှယ်က ရောက်လာပြီး အကြံပြုသည်။

"ကျောင်းသားကောင်စီရဲ့ ကိုယ်စားလှယ်တွေက ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ကြောင့် ကျောင်းတံဆိပ်ကို ကြေညာချက်မှာ ထည့်ထားဖို့ လိုသေးလား? ကျောင်းတံဆိပ်ကို သီးသန့်သုံးတာ မကောင်းပေမယ့် စာကြည့်တိုက်ပတ်ဝန်းကျင်က ထူးခြားတာကြောင့် ကျောင်းက ကျွန်မတို့ကို အပြစ်မတင်လောက်ပါဘူး…"


ယွဲ့ရှင်းဝမ်က ဝမ်းသာသွားသည်။

"‌ကျောင်းတံဆိပ်ကို ဆွဲနိုင်တာလား?"


မိန်းကလေးက ဆိုသည်။

"အရင်က ဘွဲ့နှင်းသဘင် ဒီဇိုင်းလုပ်ဖို့အတွက် ပစ္စည်းတွေကို လိုက်ရှာဖူးတယ်… တရုတ်နိုင်ငံက တက္ကသိုလ်ကြီးတွေရဲ့ ကျောင်းတံဆိပ်တွေကို စုဆောင်းပြီး ကျွန်မလေ့လာဖူးတယ်… ကျွန်မသူငယ်‌ချင်းတွေနဲ့အတူ အဲဒါတွေကို ‌ဆွဲပေးလို့ရတယ်… ဒါပေမယ့် တံဆိပ်အခု 30 စလုံးကိုဆွဲဖို့ တစ်ရက်စောင့်လောက်တော့ အချိန်ယူရမယ်…"


ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။

"အလျင်မလိုပါဘူး… ကျွန်တော်တို့ရဲ့ ကြေညာချက်ကို အချောသတ်ပြီး အပြီးသတ်ဖို့ တစ်ရက်နှစ်ရက်လောက် အချိန်ယူရလိမ့်မယ်…" 


မိန်းကလေးက လေးလေးနက်နက် ခေါင်းငြိမ့်ပြသည်။

"ဒါဆို ကျွန်မ သွားပြီးဆွဲလိုက်မယ်…"


ဤနေရာတွင် လူများ ပိုများလာကာ ဆွေးနွေးမှုမှာ အလွန်တက်ကြွနေပါသည်။


တစ်စုံတစ်ယောက်က ပြောလာသည်။

"ကျောင်းတံဆိပ်ထည့်မယ်ဆိုတော့ ကျောင်းဆောင်ပုဒ်ကို ဘာလို့မထည့်တာလဲ? ငါတို့ကျောင်းဆောင်ပုဒ်ကို ဝင်ပေါက်က ကျောက်တုံးပေါ်မှာ ရေးထွင်းထားတာ… အဲဒီစာလုံးရှစ်လုံးကို မြင်လိုက်တာနဲ့ ငါ့ဦးရေပြားတွေတောင် တုန်တယ်…"


အခြားလူတစ်ယောက်က အရွှန်းဖောက်သည်။

"မင်းပြောသလိုဆိုရင် ကျောင်းသီချင်းရော ထည့်ပြီး တစ်ယောက်တစ်ပိုဒ်စီ ဆိုရမှာလား?"


"ကျောင်းသီချင်းလား? ငါ့အတန်းဖော်တွေသာ မတော်တဆ နှစ်ကြောင်းလောက်ကိုဆိုလိုက်ရင် ကောင်းမွန်တဲ့အခြေအနေအားလုံး ပျောက်ကွယ်သွားမှာ ငါကြောက်မိတယ်…"


"ဟားဟားဟား… ငါတို့ကျောင်းသီချင်းလည်း မကောင်းဘူး… ထားလိုက်ပါတော့…"


လူတိုင်း၏ ‌တက်ကြွသော ဆွေးနွေးမှုမြင်ကွင်းကို ကြည့်ရင်း ယွိမင်ယွီက ကျိုဖုန်း၏ပခုံးကို ပေါ့ပါးစွာပုတ်ကာ တိုးတိုးလေးပြောသည်။

"မင်းရဲ့ဂျူနီယာညီလေးက အတော်လေး အထင်ကြီးစရာကောင်းတယ်… သူက လူတွေအများကြီးကို စုစည်းနိုင်ပြီး အဓိကအချက်က လူတိုင်းက သူပြောတာကို လိုလိုလားလား နားထောင်ချင်တာပဲ…"


ကျိုဖုန်းက ဂုဏ်ယူစွာကြည့်သည်။

"ဟုတ်တာပေါ့… ငါတို့ဟွာအန်းတက္ကသိုလ်မှာ အရည်အချင်းရှိသူတွေ အများကြီးရှိတယ်… ငါအရင်က မင်းကိုပြောဖူးသားပဲ၊ ‘လူသစ်တွေက လူဟောင်းတွေနေရာမှာ အစားထိုးသွားပြီး၊ လူသစ်တွေတိုင်းကလည်း အရင်လူတွေထက် ပိုကောင်းအောင် လုပ်ဆောင်နိုင်ကြတယ်’… သင့်တော်တဲ့ ဆက်ဆံသူကို ရှာပြီး မြန်မြန် အနားယူပါတော့…"


ယွိမင်ယွီက ခါးသက်သက်မျက်နှာဖြင့် ပြောသည်။

"ငါလည်း အနားယူချင်တာပဲ… ငါက ညသန်းခေါင် စာကြည့်တိုက်မှာ ငါ့ရဲ့နုတ်ထွက်စာတင်ဖို့ ရေးနေရင်း ပြီးသွားတော့ ငါထွက်လို့မရတော့ဘူး…" 


ကျိုဖုန်း: "…ဒါဆို မင်းတကယ်ကံမကောင်းတာပဲ!"


ချန်မုယွင်၏ စွမ်းဆောင်ရည်က အလွန်မြင့်မားသည်။ သူမသည် နိုင်ငံရေးသိပ္ပံနှင့် ဥပဒေတက္ကသိုလ်တွင် နှစ်ပေါင်းများစွာ ပညာသင်ခဲ့တာကြောင့် သူမသည် တိကျသေချာစွာ ရေးတတ်ပြီး သတ်ပုံတိုင်းကို မမှားနိုင်ပေ။


ယွဲ့ရှင်းဝမ်သည် ဘာသာစကားတွင် အချောသတ်ခဲ့ပြီး အခြားကျောင်းသားများ၏ အကြံပြုချက်များကို ထည့်သွင်းကာ ပထမမူကြမ်းကို နေရာမှာတင် အပြီးသတ်ခဲ့သည်။ 


တက္ကသိုလ်မဟာမိတ်အဖွဲ့၏ တာဝန်ခံအတွက် ကျောင်းတစ်ခုစီမှ ကိုယ်စားလှယ်တစ်ဦး သို့မဟုတ် နှစ်ဉီးစေလွှတ်ခဲ့ပြီး မဟာမိတ်အဖွဲ့၏ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။ ကြီးကြပ်ရေးအဖွဲ့၏ စာရင်းကိုလည်း နေရာမှာတင် ဆုံးဖြတ်ခဲ့သည်။ သူတို့အဖွဲ့များ၏ ဆန့်ကျင်ကြီးကြပ်ရေးအတွက် စိတ်အားထက်သန်သော အတန်းဖော်များကို ကျောင်းသားအဖွဲ့တွင် ထပ်မံခေါ်ယူရန် လိုအပ်သည်။


တင်းတင်းကျပ်ကျပ် ထိန်းချုပ်မှုများကြောင့် အစည်းအဝေးကို ည 10 နာရီ 40 မိနစ်တွင် ပြီးဆုံးခဲ့သည်။


ချင်းလန်က သူတို့ကို သတိပေးသည်။

"အထပ်တစ်ခုစီအတွက် သင်တန်းအချိန်ဇယားကို ကြေညာပြီးပါပြီ… မနက်ဖြန်က တနင်္လာနေ့ပါ… အားလုံးက အတန်းကို တစ်ရက်ဆိုင်းငံ့ထားလို့ရပါတယ်… ဒီကိစ္စကို ဖြေရှင်းပြီးမှ အင်္ဂါနေ့မှာ အတန်းပြန်စတာက အရမ်းမနောက်ကျပါဘူး… အားလုံး အလုပ်ကြိုစားတဲ့အတွက် ကျေးဇူးတင်ပါတယ်…"


အားလုံးက တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ပြီး ရေချိုးရန် အိပ်ဆောင်ကို အမြန်ပြန်ကြသည်။


ကန္တာရကျွန်းတွင် သုံးရက်ဆက်တိုက် ကောင်းကောင်းမအိပ်ခဲ့ရဘဲ ယနေ့ညတွင် အစည်းအဝေးအတွက် သူ၏ဦးနှောက်ကို အရှိန်အဟုန်မြင့်ထားရတာကြောင့် ယွဲ့ရှင်းဝမ်သည် မောပန်းနွမ်းနယ်နေပြီဖြစ်ပြီး ရေချိုးပြီးသောအခါ ကုတင်ပေါ်တွင် လဲလျောင်းနေ၏။ သူအလွန်အိပ်ချင်နေပေမယ့် သူ့စိတ်က အလွန်စိတ်လှုပ်ရှားနေသည်။ ဒီနေ့ည အစည်းအဝေးက အလွန်ချောမွေ့ပြီး ချင်းလန်၊ ယွိမင်ယွီ၊ ကျိုဖုန်းနှင့် အခြားသောဂုဏ်သိက္ခာရှိသော စီနီယာများ၏ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်မိသည်။ သေချာတာကတော့ ကျောင်းသားအများစုဟာ တစ်ယောက်နဲ့တစ်ယောက် ကူညီပေးရန် ဆန္ဒရှိကြသည်။


ကျန်းဖျင်စစ်သည် ရေချိုးခန်းမှ ထွက်လာပြီး ယွဲ့ရှင်းဝမ်သည် ကုတင်ပေါ်တွင် လက်နှစ်ဖက်ကို ခေါင်းအုံးလုပ်လျက် ပက်လက်လဲလျောင်းနေကာ မျက်နှာကြက်ကို မျက်လုံးများပြူးကျယ်စွာ စိုက်ကြည့်နေတာကို တွေ့လိုက်ရသဖြင့် သူ့ဆီသို့ လျှောက်သွားပြီး အသံတိုးတိုးဖြင့် မေးသည်။

"မင်းဘာတွေတွေးနေတာလဲ?"


ယွဲ့ရှင်းဝမ်က သက်ပြင်းချရင်း သူ့အသံက ပင်ပန်းနွမ်းနယ်မှုကို အရိပ်အမြွတ်ပြနေသည်။

"ငါက စပ်စုတယ်လို့ မင်းထင်လား? တကယ်တော့ ငါက သိပ်ယုံကြည်မှုမရှိဘူး… ဒါပေမယ့် ကံကောင်းတာက မင်းငါ့ဘေးမှာ ရှိနေတယ်လေ… နောက်နောင် ငါအရမ်းအလုပ်များရင် ငါနဲ့အတူ မျှဝေပေးဖို့ ကူညီပေးစေချင်တယ်…" 


ကျန်းဖျင်စစ်က သူ့ဆံပင်များကို သုတ်ရင်း ပေါ့ပါးစွာပြောသည်။

"ငါ မင်းရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဘယ်တုန်းက မမျှဝေခဲ့တာရှိလို့လဲ?" 


ယွဲ့ရှင်းဝမ်က ဒါကို သေသေချာချာစဉ်းစားကြည့်သည်။ နှစ်များတစ်လျှောက် သူ့ကိုကူညီပေးရန် ကျန်းဖျင်စစ်အား မကြာခဏတောင်းဆိုဖူးပြီး ကျန်းဖျင်စစ်က သူ၏တောင်းဆိုမှုကို ဘယ်သောအခါမှ မငြင်းဆိုခဲ့ပေ။ ယွဲ့ရှင်းဝမ်သည် သူ့စိတ်ထဲတွင် အနည်းငယ်နွေးထွေးသွားသလို ခံစားလိုက်ရပြီး ထထိုင်ကာ ကျန်းဖျင်စစ်ကို ကြည့်လိုက်သည်။ သူက လေးနက်စွာ ပြောသည်။

"မင်းက လူစည်ကားတဲ့နေရာတွေ မကြိုက်သလို၊ စပ်စု‌တာကိုလည်း မကြိုက်မှန်း ငါသိပါတယ်… ငါက အမြဲတမ်း ဟိုဟာ၊ဒီဟာတွေလုပ်ဖို့ မင်းကိုခေါ်ဆွဲနေတာဆိုတော့ ငါ မင်းကို တကယ်ပဲ စိတ်အနှောင့်အယှက်ဖြစ်စေမိလား?"


ကျန်းဖျင်စစ်က အေးဆေးတည်ငြိမ်စွာပြောခဲ့သည်။

"အစတုန်းကတော့ မင်းက နည်းနည်းစပ်စုတယ်လို့ ငါထင်ခဲ့တယ်…"


ယွဲ့ရှင်းဝမ်က တိုးတိုးလေးပြောသည်။

"ဘာကိုစပ်စုတာလဲ? ငါက ဒီအတိုင်း စကားနည်းနည်း ပိုပြောရုံပါ…"


ကျန်းဖျင်စစ်၏နှုတ်ခမ်းထောင့်များက ပေါ့ပါးစွာ ကော့တက်သွားပြီး သူက ဆက်ပြောသည်။

"နောက်တော့ အတူတူ အချိန်ကုန်ဆုံးပြီးနောက် ငါခံစားမိတယ်… မင်းနဲ့သာဆိုရင် ဘဝက ပိုဆန်းကြယ်တယ်၊ ပိုတောက်ပတယ်၊ ပိုစိတ်ဝင်စားဖို့ကောင်းလာတယ်… ဘာပဲပြောပြော မင်းက အမြဲတမ်း ဒီလိုပဲလေ… ငါအသားနေပါပြီ…"


သူက ယွဲ့ရှင်းဝမ်၏ကုတင် အစွန်းပေါ်တွင်ထိုင်ကာ သူ့အကြည့်တွေက အလွန်နူးညံ့နေသည်။

"မင်းနဲ့သာဆိုရင် ငါဘယ်တော့မှ မငြီးငွေ့ဘူး…"


ယွဲ့ရှင်းဝမ်က သူ့ခေါင်းကို ကုတ်လိုက်သည်။

"ဘာလို့ လေသံကြီးက နည်းနည်း ‌အူကြောင်ကြောင် ဖြစ်နေရတာလဲ?"


ကျန်းဖျင်စစ်က သူ့ပုခုံးကိုပုတ်ကာ ပြောသည်။

"အိပ်တော့… မီးပိတ်တော့မယ်…"


"အမိန့်အတိုင်းပါ…"

ယွဲ့ရှင်းဝမ်က ကုတင်ပေါ်တက်ပြီး အမြန်လဲလိုက်သည်။ ကျန်းဖျင်စစ်လည်း သူ့ဘေးက ကုတင်ပေါ်မှာ အိပ်ကာ မီးပိတ်လိုက်သည်။


အမှောင်ထဲတွင် ဘေးကုတင်မှ ကျန်းဖျင်စစ်၏ တိုးညှင်းပြီး ကြည်နူးဖွယ်အသံကို ယွဲ့ရှင်းဝမ် ကြားလိုက်ရသည်။

"ရှင်းဝမ်၊ မင်းမှန်တယ်ထင်ရင် လုပ်ဖို့ကြိုးစားလိုက်ပါ—— မင်းမှာ ငါရှိပါတယ်…"


"မင်းဘာပဲဆုံးဖြတ်ပါစေ ငါမင်းကိုထောက်ခံမယ်…"


ယွဲ့ရှင်းဝမ်က ချိုသာစွာ ပြောသည်။

"ငါသိပါတယ်… ကျေးဇူးပါ…"


ငါ့ကို နားလည်ပေးပြီး ငါ့ဘေးမှာ အမြဲရှိနေပေးသလို ငါ့ကို တတ်နိုင်သမျှ သည်းခံပေးပြီး အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ 


နောက်တစ်နေ့ညတွင် စာကြည့်တိုက်တစ်ခုလုံးကို ထိတ်လန့်စေသည့် “စာကြည့်တိုက်ကျောင်းသားသဘောတူစာချုပ်” ပထမမူကြမ်းကို တရားဝင်ထုတ်ပြန်ခဲ့သည်။


တက္ကသိုလ်ကျောင်းပေါင်း 30 ၏ ပူးတွဲကြေညာချက်တွင် ရိုးရှင်းပြီး ရှင်းလင်းပြတ်သားသော စည်းမျဉ်းစည်းကမ်း တစ်ခုပြီးတစ်ခု ပါရှိပြီး ၎င်းတို့အားလုံးနီးပါးသည် ကျောင်းသားများ၏ စိတ်နှလုံးကို စကားပြောဆို‌ကြသည်။


စာကြည့်တိုက်မှရရှိသော အစွမ်းထက်သောစွမ်းရည်များကို ကျောင်းသားများအပေါ် အသုံးမပြုရန်ဖြစ်သည်။ ဒါက လူတိုင်းလိုက်နာရမည့် စည်းကမ်းချက်ဖြစ်သင့်သည်။ သို့သော် အများသူငါစိတ်ကြိုက်သင်တန်းတွင် အက်စစ်နဲ့ပတ်ပြီး ကျောင်းသူတွေကို ထိခိုက်စေသည့်ဖြစ်ရပ်ကြောင့် စာကြည့်တိုက်တစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ 


ကျောင်းသားများသည် ဒေါသထွက်ခြင်း၊ ‌စိတ်ရှုပ်ထွေးခြင်း၊ ကျောချမ်းခြင်း အခိုက်အတန်းမှာ အဓိကတက္ကသိုလ်များ၏ ကျောင်းသားကောင်စီဥက္ကဋ္ဌများက အချိန်မီ မိုးရွာသလို ဒီစာကြည့်တိုက်၏ ‘ကျောင်းသားသဘောတူညီချက်’ကို ရေးဆွဲရန် ဆွေးနွေးခဲ့ကြသည်။


အသေးစိတ်စည်းကမ်းများကို ပို့စ်တွင်ဖော်ပြထားပြီး ပြစ်ဒဏ်များတွင် စည်းမျဉ်းစည်းကမ်းများကို လျစ်လျူရှုသူများအား သုတေသနအဖွဲ့မှ နှင်ထုတ်ခြင်း၊ စာကြည့်တိုက်၏ တစ်ကျောင်းလုံး အမည်ပျက်စာရင်းတွင် ထည့်သွင်းခြင်း၊ ကျောင်းသားများအား နောက်ဆက်တွဲသင်တန်းများတွင် ပါဝင်ရန် ငြင်းပယ်ခြင်း စသည်တို့ ပါဝင်သည်။


စာကြည့်တိုက်၏နောက်ပိုင်း သင်တန်းအများအပြားကို သုတေသနအဖွဲ့လိုက် မှတ်ပုံတင်လိမ့်မည်။ ဒါကြောင့် သူတို့တွေကို သုတေသနအဖွဲ့အားလုံးက ငြင်းပယ်ခဲ့မည်ဆိုရင် ထိုကျောင်းသားသည် စာကြည့်တိုက်မှာ အသက်ရှင်ရန် နည်းလမ်းမရှိတော့ပေ။ ကျန်းဖျင်စစ် ချမှတ်ခဲ့သော ပြစ်ဒဏ်က အမှန်တကယ်ပင် ပြင်းထန်လွန်းလှသည်။


ကိုယ်စာမေးပွဲအောင်ဖို့အတွက် အတန်းဖော်တွေကို ဆာလဖျူရစ်အက်စစ်နဲ့ ပတ်ခဲ့တာမဟုတ်ဘူးလား? ‌ဒါဖြင့် ကောင်းပြီ၊ နောင်သင်တန်းတွေမှာ စာမေးပွဲဖြေဖို့တောင် အရည်အချင်းမပြည့်မီတော့ဘူး။


အမည်ပျက်စာရင်း၏ အဟန့်အတားသက်ရောက်မှုသည် အလွန်ကြောက်စရာကောင်းပြီး အသက်ရှင်လျက် အပြင်မထွက်ချင်သရွေ့ စည်းမျဉ်းများကို စိန်ခေါ်ဝံ့သူ နည်းပါးလာမည်ဖြစ်သည်။


ကျောင်းသားသဘောတူညီချက်တွင် တက္ကသိုလ်ပေါင်း 30 ၏ ကျောင်းသားကောင်စီမှ ပူးတွဲလက်မှတ်များ ပါရှိသည်——


ဟွာအန်းတက္ကသိုလ်၊ ကျိုတိုတက္ကသိုလ်၊ ချင်းချန်တက္ကသိုလ်၊ ရှင်းကျိုးတက္ကသိုလ်… ပင်းကျန်း‌ဆရာဖြစ်သင်တန်းတက္ကသိုလ်၊ ပေကျင်းတက္ကသိုလ်၏ နိုင်ငံရေးသိပ္ပံနှင့်ဥပဒေဌာန၊ နန်ယန်နိုင်ငံခြားဘာသာစကားတက္ကသိုလ်၊ ကျန်းကျိုးဆေးဘက်ဆိုင်ရာတက္ကသိုလ်… ရှီးကျိုးအားကစားတက္ကသိုလ်၊ ရှင်းဟယ်ဂီတတက္ကသိုလ်၊ ချင်းချန်အနုပညာတက္ကသိုလ်…


နာမည်ကြီးတက္ကသိုလ်များကို သပ်သပ်ရပ်ရပ် တန်းစီထားသည်။


တက္ကသိုလ်ပေါင်း 30 မှ ကျောင်းသားကောင်စီ၏ ကိုယ်စားလှယ်များ ပူးပေါင်းလက်မှတ် ရေးထိုးခဲ့တာက အလွန်ကို တုန်လှုပ်ဖွယ်ကောင်းသည်။


တက္ကသိုလ်အားလုံး၏ ကျောင်းတံဆိပ်များနှင့် ကျောင်းဆောင်ပုဒ်များကိုလည်း ထုတ်ပြန်ခဲ့သည်။ အကျွမ်းတဝင်ရှိသော ကျောင်းတံဆိပ်သည် ကျောင်းသားများစွာ၏ မျက်လုံးများဆီသို့ မျက်ရည်များ ယူဆောင်လာပေးခဲ့သည်။ ကျောင်းဆောင်ပုဒ်ရှိ စကားလုံးတိုတိုလေးတိုင်းသည် နှိုးဆော်သံကဲ့သို့ ကျောင်းသားများ၏ နှလုံးသားကို ထိမိစေခဲ့သည်။ 


‌စာကြည့်တိုက်တွင် ‌တစ်ကျောင်းတည်း ကျောင်းသားတွေ အများအပြားရှိပြီး ကျောင်းသားကောင်စီမှ စီနီယာများစွာပင် စာကြည့်တိုက်ထဲသို့ ဆွဲသွင်းခံရကြောင်း ပေါ်ပေါက်ခဲ့သည်။ လူတိုင်းသည် တစ်ယောက်တည်းမဟုတ်ဘဲ သူတို့၏နောက်တွင် ‘ကျောင်းသားကောင်စီ’၏ခိုင်မာသော ကျောက်ထောက်နောက်ခံရှိသည်။


တက္ကသိုလ်ပေါင်း 30 မှ ထုတ်ပြန်သော ‘စာကြည့်တိုက်ကျောင်းသားသဘောတူညီချက်’သည် ဤ‘စာကြည့်တိုက်တက္ကသိုလ်’၏ ‘ကျောင်းစည်းကမ်း’ဖြစ်သည်။ စည်းမျဉ်းစည်းကမ်းများဖြင့် လူတိုင်းသည် စိတ်အေးချမ်းသာစွာဖြင့် အတန်းတက်နိုင်ပြီး စည်းကမ်းဖောက်သူများရှိခဲ့ရင် တရားမျှတမှုကို ရှာဖွေရန် နေရာတစ်ခုရှိသည်။ 


ပို့စ်ကို ယွဲ့ရှင်းဝမ်မှ တည်းဖြတ်ခဲ့သည်။ ပထမအဆင့်တွင် ကျောင်းသားသဘောတူညီချက်၏ စည်းမျဉ်းစည်းကမ်းများနှင့် ‌ကျောင်းသားကိုယ်စားလှယ် အယောက် 30 ၏ လက်မှတ်များပါရှိသည်။ ဒုတိယအဆင့်တွင် ကျောင်းတံဆိက်နှင့် ကျောင်းဆောင်ပုဒ်များ၊ တတိယအဆင့်တွင် တက္ကသိုလ်မဟာမိတ်အဖွဲ့၏ ကြီးကြပ်ရေးအဖွဲ့၏ ဆက်သွယ်ရန်အချက်အလက်များနှင့် ဆန့်ကျင်ကြီးကြပ်ရေးအဖွဲ့ကျောင်းသားကိုယ်စားလှယ်အဖွဲ့၏ မှတ်ပုံတင်နည်းလမ်းဖြစ်သည်။ 


"စာမေးပွဲကာလအတွင်း သူတို့ရဲ့ သဘာဝလွန်စွမ်းရည်တွေနဲ့ လူတွေကို ထိခိုက်နာ‌ကျင်လုပ်တဲ့ အတန်းဖော်တွေကို တွေ့ခဲ့ရင် ယောင်္ကျားလေးတွေက @ယွဲ့ရှင်းဝမ် @ချင်းလန် @ယွိမင်ယွီ တို့ကို private message ပို့လို့ရပြီး မိန်းကလေးတွေက @လင်းမန့်လော် @ချန်မုယွင် @ရွှီဖေးရွှယ် တို့ကို private message ပို့လို့ရပါတယ်… စိတ်ပိုင်းဆိုင်ရာ တိုင်‌ပင်ဆွေးနွေးဖို့အတွက် ကျန်းကျိုးဆေးဘက်ဆိုင်ရာတက္ကသိုလ်ရဲ့ ‌စိတ်ပညာမဟာဘွဲ့ရ @ရှောင်ရူ ကို ဆက်သွယ်နိုင်ပါတယ်… ကြီးကြပ်ရေးအဖွဲ့က အစီရင်ခံစာရဲ့ အသေးစိတ်အချက်အလက်တွေကို စုံစမ်းစစ်ဆေးပြီး တစ်စုံတစ်ဦးကို တမင်အငြိုးဖြင့် နာကျင်စေကြောင်း အတည်ပြုပြီးပါက ပြစ်မှုကျူးလွန်သူကို အမည်ပျက်စာရင်းသွင်းသွားမှာ ဖြစ်ပြီး ကျောင်းသားရဲ့ အိပ်ဆောင်ကို လူကိုယ်တိုင် သွားရောက်ကြည့်ရှုမှာဖြစ်ပါတယ်…"


"ကြီးကြပ်ရေးအဖွဲ့က စည်းမျဉ်းစည်းကမ်းတွေကို တရားမျှတပြီး သမာတမတ်ကျစွာ အကောင်အထည်ဖော်ဖို့ အာမခံပါတယ်… ကြီးကြပ်ရေးအဖွဲ့နဲ့ ပတ်သက်ပြီး သံသယများကင်းဝေးစေရန်အတွက် စိတ်အားထက်သန်တဲ့ကျောင်းသားတွေက တက္ကသိုလ်မဟာမိတ်အဖွဲ့ရဲ့ ကျောင်းသားကိုယ်စားလှယ်အဖွဲ့နှင့် ဆန့်ကျင်ကြီးကြပ်ရေးအဖွဲ့တွင် ပါဝင်ဖို့ စာရင်းသွင်းရန် @ကျိုဖုန်း ကို သွားရှာနိုင်ပါတယ်…"


"သဘောတူညီချက်နှင့် အကောင်အထည်ဖော်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာရှိပါက အထွေထွေအတွင်းရေးမှူးချုပ် @ကျန်းဖျင်စစ် အား အကြံပြုချက်ပေးဖို့ တောင်းဆိုပါတယ်… သဘောတူညီချက် ပထမမူကြမ်းဖြစ်ပြီး သုံးရက်အကြာတွင် တရားဝင် အပြီးသတ်မည်ဖြစ်ပါတယ်…"


ယွဲ့ရှင်းဝမ်သည် စတုတ္ထအဆင့်တွင် စာကြောင်းအနည်းငယ်ချန်ခဲ့သည်——


"ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က စာကြည့်တိုက်မှထွက်ပြီး ပုံမှန်ဘဝကို ပြန်လည်ရောက်ရှိဖို့ဖြစ်ပါတယ်…"


"ကျွန်တော်တို့က ခံစားချက်တွေ၊ ဆင်ခြင်တုံတရား၊ အမှားနှင့်အမှန်ရဲ့ အခြေခံသဘောတရားတွေနဲ့ အကောင်း၊ အဆိုးတွေကို ခွဲခြားတတ်တဲ့ တက္ကသိုလ်ကျောင်းသားတွေ ဖြစ်ပါတယ်… ကျွန်တော်တို့က အသက် 20 အရွယ်သာရှိသေးပြီး အရမ်းငယ်ပါသေးတယ်… ကျွန်တော်တို့ အသက်ရှင်နေရမယ့် ဆယ်စုနှစ်များစွာကို ကျွန်တော်တို့ရဲ့သွေးစွန်း‌သောလက်တွေနဲ့ အိမ်မက်ဆိုးတွေ ပြည့်နေအောင် မလုပ်သင့်ပါဘူး…"


"စာကြည့်တိုက်မှာရှိတဲ့ ပတ်ဝန်းကျင်က အရမ်းခက်ခဲပါတယ်… အခြားသူတွေကို ကြင်နာရင် အခြားသူတွေကလည်း မင်းတို့ကို ကြင်နာမှုပြန်ပေးပါလိမ့်မယ်…" 


"လူတစ်ယောက်ကို နှင်းဆီတစ်ပွင့်သာပေးလိုက်၊ သင့်လက်ထဲ ရေမွှေး ရောက်လာပါလိမ့်မယ်…"


"အားလုံးက ကိုယ့်ရဲ့မူလရည်ရွယ်ချက်ကို မမေ့ပျောက်ဘဲ စာကြည့်တိုက်ကနေ ချောချောမွေ့မွေ့ ဘွဲ့ရကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်…"


[Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ် ပြီးပါပြီ။]


#TK