Chapter 38
Viewers 4k

Volume 3 : သင်္ချာဌာန


Chapter 38 (သုဒ္ဓကိန်းများဝင်္ကပါ ၀၁)


တနင်္လာနေ့ညတွင် သဘောတူညီချက်ကို ထုတ်ပြန်ပြီးနောက် ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် သူတို့၏အတန်းဖော်များထံမှ private message များစွာ ရရှိခဲ့ပြီး အထူးသဖြင့် ပို့စ်ကိုတင်ခဲ့သော ယွဲ့ရှင်းဝမ်က အများအပြားရရှိခဲ့သည်။ သူ၏မဖတ်ရသေးသော private message များ ထောင်ကျော်ရှိခဲ့လေသည်။ မှတ်ချက်များတွင်လည်း ထောက်ခံကြောင်း၊ ကျေးဇူးတင်ကြောင်းများ ရေးသားခဲ့ကြသည်။

"အရှေ့ကနေဦးဆောင်ဖို့ လိုလိုလားလား ဆန္ဒရှိတဲ့အတွက် ကျေးဇူးတင်ပါတယ်…"


"ဒီသဘောတူညီချက်ကို ကျင်းပပေးတာ တကယ်ကို ဝမ်းသာပါတယ်…"


"အနာဂတ်မှာ စာကြည့်တိုက်က ကျောင်းလိုပဲ ကြင်နာမှုတွေပိုရှိမယ်လို့ မျှော်လင့်ပါတယ်…" စသဖြင့်ပေါ့။


ယွဲ့ရှင်းဝမ်သည် အကြောင်းပြန်ရန် အချိန်မရှိပေ။


သူသည် message များကို ဖတ်ကြည့်သောအခါတွင် ဆိုးဆိုးရွားရွား နာကျင်စေခဲ့သော ပုဂ္ဂိုလ်များကို အစီရင်ခံထားသည့် private message များစွာရှိကြောင်း တွေ့ရှိခဲ့ပြီး သူတို့အားလုံးသည် ယခုသီတင်းပတ်၏ အများသူငါစိတ်ကြိုက်သင်တန်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သူတို့သည် ဆာလဖျူရစ်အက်စစ်ဖြင့် ပက်ပြီး အလင်းလုံးများဖြင့် လူများကို ထိခိုက်ဒဏ်ရာရစေသော အတန်းဖော်နှစ်ဦးကို ရည်ရွယ်ထားခြင်းဖြစ်သည်။


ကျန်းဖျင်စစ်သည် သဘောတူညီချက်၏ စည်းကမ်းချက်များကို မေးခွန်းထုတ်သည့် private message များစွာကိုလည်း လက်ခံရရှိခဲ့သည်။ တချို့သောကျောင်းသားများသည် ထိခိုက်နာကျင်စေသော ကျောင်းသားများကို တစ်ကျောင်းလုံးမှ နာမည်ပျက်စာရင်းသွင်းပြီး သုတေသနအဖွဲ့မှ ထုတ်ပယ်လိုက်သည်နှင့် အစွန်းရောက်သွားပြီး “မကောင်းမှုအဖွဲ့”အဖြစ် ပြန်ဖွဲ့သွားမှာကို စိုးရိမ်နေကြသည်။ 


ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး

"ဒါက ဖြစ်နိုင်ခြေရှိတယ်… ဒါပေမယ့် နောက်ပိုင်းသင်တန်းတွေက ပိုပိုပြီးခက်လာတယ်လို့ စီနီယာအစ်ကိုကျိုဖုန်းပြောဖူးတယ်… ပြီးတော့ ဘာသာရပ်အမျိုးမျိုးကို အောင်မြင်ဖို့အတွက် ဒီအဆောက်အဦးမှာရှိတဲ့ ဘာသာရပ်ကျောင်းသားတွေအားလုံးက အဖွဲ့ဖွဲ့ထားမှရမှာ… 3 ထပ်မြောက်က ဗိသုကာဌာနရဲ့ ကျရှုံးမှုနှုန်းက အံ့အားလောက်အောင် မြင့်မားတယ်… ဒါ့အပြင် နိုင်ငံခြားဘာသာစကား၊ သင်္ချာ၊ ရူပ၊ ဓာတု၊ နိုင်ငံရေးသိပ္ပံ၊ သမိုင်းနဲ့ ပထဝီတို့ပါဝင်ဖို့ ကျွမ်းကျင်တဲ့ဘာသာရပ်က လူတွေကို မကောင်းမှုအဖွဲ့မှာ စုစည်းဖို့ ခက်ခဲတယ်မဟုတ်ဘူးလား?"


ကျန်းဖျင်စစ်က ထောက်ခံသည်။

"အင်း… ဒါဆို သူတို့တွေ အများကြီးမလုပ်နိုင်လောက်ဘူး…"


ဆာလဖျူရစ်အက်စစ်ဖြင့် ပက်ခဲ့သော ဓာတုဗေဒဌာနက ကျောင်းသားနဲ့ အလင်းလုံးဖြင့် မျက်စိကန်းအောင် လုပ်ခဲ့သော ရူပဗေဒဌာနက ကျောင်းသားက အဖွဲ့ဖွဲ့ခဲ့သည် ဆိုပါစို့။ သို့သော် သူတို့၏အဖွဲ့ထဲတွင် တရုတ်ဘာသာစကား၊ သမိုင်းနဲ့ အခြားဝိဇ္ဇာဘာသာရပ်တွေ မပါလျှင် နောက်ထပ်သင်တန်းတွေကို တက်နိုင်မှာမဟုတ်ဘူး။ ဘာသာရပ်အားလုံးစုပေါင်းထားသော မကောင်းမှုအဖွဲ့ကို ဖွဲ့စည်းဖို့ကလည်း ခက်ခဲလွန်းလှသည်။


သဘောတူညီချက်၏ ကန့်သတ်ချက်များအောက်တွင် ကျောင်းသားများ၏ 99% က အမည်ပျက်စာရင်းသွင်းခံရမှာ ကြောက်လန့်ပြီး စည်းကမ်းများကို လိုက်နာမည်ဖြစ်ကာ ကျန်သောသူများက လူတိုင်းအော်ဟစ်ရိုက်နှက်သည့် လမ်းဘေးကြွက်များဖြစ်လာမှာဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ စည်းကမ်းဖောက်ဖျက်၍ တစ်ကျောင်းလုံးမှာ အထီးကျန်နိုင်သော ကျောင်းသားအရေအတွက် ပိုပိုနည်းလာမည်ဖြစ်သည်။ လူတစ်ဦးချင်းစီ၏ ကြမ်းတမ်းသောစရိုက်လက္ခဏာက မကျယ်ပြန့်သေးသ၍ အတန်းဖော်အများစုကို ထိခိုက်မှာမဟုတ်ဘူး။


ထိုအချိန်တွင် ချင်းလန်က ရုတ်တရက် သူ့ထံ message ပို့ခဲ့သည်။

"ရှင်းဝမ်၊ အလင်းလုံးကို အသုံးပြုပြီး ကျောင်းသားတွေကို မျက်စိကန်းအောင်လုပ်ခဲ့တဲ့ ရူပဗေဒဌာနက ကျောင်းသားက သူမှားကြောင်းဝန်ခံတဲ့ private message တစ်စောင် ငါ့ကိုပို့ခဲ့တယ်… ပြီးတော့ ကျောင်းသားတွေကို ဆာလဖျူရစ်ဆက်စစ်နဲ့ ပက်ခဲ့တဲ့ ဓာတုဗေဒဌာနက ကျောင်းသားကိုလည်း သူစွန့်လွှတ်လိုက်ပြီး သုတေသနအဖွဲ့ကနေလည်း ထွက်လိုက်ပြီတဲ့… သူ့နာမည်ကို မထုတ်ဖော်ဖို့နဲ့ ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးပေးမယ်လို့ မျှော်လင့်ပြီးတော့ ဒဏ်ရာရခဲ့တဲ့ ကျောင်းသားတွေကို တောင်းပန်ပြီး အမှတ်တွေအားလုံးကို လျော်ကြေးပေးဖို့ ဆန္ဒရှိပါတယ်တဲ့…"


စာမေးပွဲကာလအတွင်း ထိခိုက်ခဲ့သော ဒဏ်ရာများက စာကြည့်တိုက်သို့ ပြန်ရောက်သောအခါ ‌ပါလာမည်မဟုတ်တော့ပေ။ စာကြည့်တိုက်သည် ဂိမ်းထဲက ပြန်လည်ကောင်းမွန်နိုင်သောအချက်နဲ့ ဆင်တူသည်။ ဖယ်ထုတ်ခံရသော ကျောင်းသားများသည် စာကြည့်တိုက်တွင် ပြန်လည်ရှင်သန်လာပြီးနောက် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားသော မိန်းကလေး‌ လေးဦးသည်လည်း သူတို့၏ မူလအခြေအနေတွင် ပြန်ရှိနေကြသည်။


 အကယ်၍ ‌ဤကျောင်းသားက အလင်းလုံးကို စိတ်အားထက်သန်စွာ အသုံးပြုပြီး အမှားလုပ်မိပါက တောင်းပန်ကာ လျော်ကြေးပေးရန် လိုလားပြီး ဒဏ်ရာရသော ကျောင်းသားကလည်း ခွင့်လွတ်ရန် ဆန္ဒရှိပါက ယွဲ့ရှင်းဝမ်သည်လည်း ဤကျောင်းသားကို စာကြည့်တိုက်တွင် လုံးဝသေဆုံးစေလိုခြင်းမရှိပါ—— လမ်းမှန်ကို ပြန်ရောက်နိုင်သော လူများက ကယ်တင်လို့ ရသေးသည်။ 


ယွဲ့ရှင်းဝမ်က အကြောင်းပြန်သည်။

"ဒဏ်ရာရတဲ့ ကျောင်းသားတွေရဲ့ ထင်မြင်ချက်တွေကို မေးလိုက်ပါလား… သူတို့က ခံရသူတွေဆိုတော့လေ…"


ချင်းလန်: "သူတို့ကို ဆက်သွယ်ပြီး တောင်းပန်ခိုင်းပြီး သူတို့ရဲ့အမှားတွေကို လူကိုယ်တိုင်ဝန်ခံခိုင်းပြီးတော့ အာမခံစာရေးခိုင်ပြီး နောက်ပိုင်းမှာ သီးသန့်တွေ့ဆုံခွင့်ပေးလိုက်မယ်…"


ယွဲ့ရှင်းဝမ်က မေးလိုက်သည်။

"ဓာတုဗေဒဌာနက တစ်ယောက်ကရော?"


ချင်းလန်က အကူအညီမဲ့စွာဆိုသည်။

"နန်ယန်ကျောင်းထုံးတက္ကသိုလ်က သူ့နာမည်က ချွီရုန့်ဖြစ်ပြီး တောင်းပန်ဖို့ ရည်ရွယ်ချက်မရှိဘူး…"


ထိုနေ့ညတွင် ကြီးကြပ်ရေးအဖွဲ့၏ မျက်မြင်‌သက်သေအောက်တွင် အလင်းလုံးဖြင့် ဒဏ်ရာရစေခဲ့သော ရူပဗေဒဌာနမှ ကျောင်းသားနှင့် မျက်စိကန်းခဲ့သော ကျောင်းသားတချို့က အနုတ် 2 ထပ်မြောက်ရှိ သုတေသနအဖွဲ့၏ အစည်းအဝေးခန်းတွင် သီးသန့်တွေ့ဆုံ၍ တောင်းပန်ကာ ပြန်လည်သင့်မြတ်ရေး၊ နောက်တစ်ကြိမ် ထပ်မလုပ်တော့ဘူးလို့ အာမခံစာတစ်စောင် ရေးခဲ့သည်။


ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့သော မိန်းကလေး လေးဦးသည် စိတ်ပညာဘာသာရပ်ကို သင်ကြားနေသော စီနီယာအစ်မရှောက်ကို တွေ့ဆုံခဲ့သည်။ စီနီယာအစ်မက သူတို့ကို စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးခဲ့ပြီး နောက်ဆုံးတွင် သူတို့လေးဦးသည် ခွန်အားပြန်လည်ရရှိပြီး နောက်ထပ်သင်တန်းများကို ဆက်လက်လုပ်ဆောင်ရန် အဖွဲ့တစ်ဖွဲ့ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ကြသည်။


ယွဲ့ရှင်းဝမ်နှင့် လူအများအပြားက ဓာတုဗေဒဌာနရှိ ဆာလဖျူရစ်အက်စစ်နဲ့ ပက်ခဲ့သော ချွီရုန့်၏ အိပ်ဆောင်ကို တွေ့ရှိခဲ့ကြသော်လည်း အခန်းဖော်ကမူ အိပ်ဆောင်ပြောင်းသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။


——ယခုအချိန်တွင် အိပ်ဆောင်များပြောင်းပြီး ထွက်ပြေးနေကာ ဆက်သွယ်ရန် ‌ငြင်းဆိုနေသည်မှာ သိသာပါသည်။


ချင်းလန်သည် သူ၏အမှတ်များကို အသုံးပြုကာ ကြီးကြပ်ရေးအဖွဲ့ရှိ ကျောင်းသားများနှင့် စကားပြောစေရန်၊ သူ၏အမှားကိုဝန်ခံပြီး မိန်းကလေး လေးဦးအတွက် လျော်ကြေးအနည်းငယ်ပေးနိုင်ရန် မျှော်လင့်လျက် ရှည်လျားသော private message တစ်စောင်ကို ပေးပို့ခဲ့သည်။ ရလဒ်အနေဖြင့် လက်ခံရရှိသော private message ကို လျစ်လျူရှူခဲ့သည်။ ချင်းလန်က တည်ငြိမ်စွာ‌ ပြောလေသည်။

"သူက အဆုံးထိ ‌ထွက်ပြေးဖို့ ကြိုးစားနေတာထင်တယ်… ဒီစာကြည့်တိုက်မှာ အိပ်ဆောင် 9,000 ကျော်ရှိတယ်… တစ်ခန်းချင်းစီလိုက်ရှာဖို့က ငါတို့အတွက်ခက်ခဲတယ်…"


ကျန်းဖျင်စစ်က အေးစက်စက်ပြောခဲ့သည်။

"ဒါဆို သူ့ကို ဥပမာအနေနဲ့ထားပြီး သူ့အချက်အလက်တွေကို ထုတ်ဝေလိုက်ရအောင်…"


ယွဲ့ရှင်းဝမ်က သဘောတူသည်။

"သာမန်ကျောင်းသားတွေက လူတွေကို အက်စစ်နဲ့ ပက်သလိုမျိုး မလုပ်နိုင်ဘူး… သဘောတူညီချက် ထုတ်ပြန်ပြီးတဲ့ နောက်မှာ ပြစ်ဒဏ်ပေးတာတွေကို ရှင်းရှင်းလင်းလင်း ရှင်းပြထားပြီးသား၊ ဒါပေမယ့် ဒီလူက နောင်တရပြီး တောင်းပန်ဖို့ လာမပြောဘူး… ဒီလူက သိသာထင်ရှားစွာ စိတ်မနှံ့သူဖြစ်နိုင်ပြီး သူမှန်တယ်လို့တောင် ထင်နေနိုင်တယ်… သူ့ကို ကယ်တင်ဖို့ မလိုအပ်တော့ဘူး…"


လူတိုင်း အချိန်အတော်ကြာ ဆွေးနွေးပြီးနောက် ချွီရုန့်က စာကြည့်တိုက်တွင် နာမည်ပျက်စာရင်းသွင်းခံရသည့် ပထမဆုံးလူဖြစ်လာခဲ့သည်။


ပြဿနာများက ပြီးဆုံးသွားခဲ့သည်။ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် အဆိုပါကိစ္စများကို ကိုငိတွယ်ပြီးနောက် အိပ်ဆောင်သို့ ပြန်ရောက်သောအခါ ည 11 နာရီ ရှိနေပြီဖြစ်သည်။ အိပ်ဆောင်တစ်ခုလုံး မီးများပိတ်ပြီး ပါဝါပြတ်သွားသည်။ သူတို့နှစ်ယောက်လည်း ရေချိုးရန် အချိန်မရှိတော့ဘဲ ကမန်းကတန်း အိပ်ပျော်သွားတော့သည်။


စီနီယာအစ်မရှောက်၏ စကားကို နားထောင်ရင်း မိန်းကလေး ဘေးယောက်၏ စိတ်အခြေအနေက နောက်ဆုံးတွင် ပြန်လည်အဆင်ပြေသွားကာ ယွဲ့ရှင်းဝမ်၏ရင်ထဲက ကျောက်တုံးဟာ နောက်ဆုံးမှာ မြေပြင်ပေါ်ကို ပြုတ်ကျသွားသည်။ သူသည် ဒီည၌ အေးချမ်းစွာ အိပ်မောကျပြီး အိမ်မက်ဆိုးများ မမက်ခဲ့ပေ။


ရုတ်တရက် ရင်းနှီးသော အသံတိုးတိုးကို သူ့နားထဲတွင် ကြားလိုက်ရသည်။

"ရှင်းဝမ် ထဖို့ အချိန်ရောက်ပြီ…"


သွယ်လျသောလက်တစ်ဖက်က သူ့ဆံပင်တွေကို ညင်သာစွာ ပွတ်သပ်ပေးနေသည်။ ယွဲ့ရှင်းဝမ်က မျက်လုံးများကို အတင်းဖွင့်လိုက်သည်။ အိပ်ရာမှ နိုးကာစဖြစ်သောကြောင့် မျက်လုံးများက ခဏတာ အာရုံမစိုက်နိုင်ဘဲ သူ့အသံမှာ အနည်းငယ် ရှုပ်ထွေးနေသည်။

"ဘယ်အချိန်ရှိပြီလဲ?"


ကျန်းဖျင်စစ်၏နှုတ်ခမ်းက တွန့်ကွေးသွားပြီး သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။

"7 နာရီ မထိုးသေးဘူး… အိပ်ရာထပြီး ရေချိုးလိုက်၊ မဟုတ်ရင် ဒီနေ့ အတန်းကို မီမှာမဟုတ်ဘူး…"


ယွဲ့ရှင်းဝမ်က သမ်းဝေကာ ထလိုက်ပြီး ကျန်းဖျင်စစ်က ရေချိုးပြီးကာစ သူ့ဆံပင်များ စိုစွတ်နေသေးတာကို တွေ့လိုက်သည်။


မနေ့ညက သူတို့နှစ်ယောက်ပြန်ရောက်တာ အလွန်နောက်ကျသွားသည်။ အိပ်ဆောင်ထဲ ဝင်လိုက်တာနဲ့ အိပ်ဆောင်တစ်ခုလုံး ပါဝင်ပြတ်သွားပြီး ရေချိုးရန် အချိန်မရှိတော့ဘူး။ ယွဲ့ရှင်းဝမ်သည် သူ၏ခန္ဓာကိုယ်တွင် ချွေးများ ကပ်လျက်ရှိနေတာကြောင့် တကယ်ပို စိတ်မသက်မသာဖြစ်နေသည်။ သူသည် ရေချိုးခန်းထဲသို့သွားပြီး ရေချိုးပြီးနောက် လန်းဆန်းစွာ ထွက်လာကာ ဆံပင်ခြောက်အောင်သုတ်ရင်း အဝတ်သန့်သန့်ကို လဲလိုက်သည်။

"ဒီနေ့ သင်္ချာဌာနရဲ့သင်တန်းကို တက်မှာမလား?"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်ပြသည်။

"အင်း… မနေ့က ‘ကျောင်းသားသဘောတူညီချက်’ကြောင့် တစ်နေကုန် အလုပ်ရှုပ်နေပြီး အားလုံးက သူတို့ရဲ့သင်တန်းတွေကို ဆိုင်းငံ့ထားရတယ်… ငါတို့ ဒီနေ့ အတန်းကိုတော့ ကျော်သွားလို့မရဘူး… ဒီတော့ သင်္ချာဌာနကိုသွားဖို့ ပြင်ဆင်ရမယ်…"


တက္ကသိုလ်မဟာမိတ်အဖွဲ့က ချောမွေ့စွာ တိုးတက်နေသည်။ တက္ကသိုလ်ကျောင်းပေါင်း 30 ၏ မဟာမိတ်အဖွဲ့မှ ကိုယ်စားလှယ်များသည် မနေ့က အတန်းများကို တိတ်တဆိတ် ဆိုင်းငံ့ထားပြီး ယွဲ့ရှင်းဝမ်နှင့် အခြားသူများကို ဖိုရမ်ရှိ ထင်မြင်ချက်များကို စုဆောင်းရန် ကူညီပေးခဲ့သည်။ ယခုအခါ အရာအားလုံးက ပြေလည်သွားပြီဖြစ်တာကြောင့် သူတို့၏သင်တန်းများကို အောင်မြင်အောင်လုပ်ရန် သွားရမည်။ ထို့အပြင် သူတို့၏ အရေးကြီးဆုံး ပန်းတိုင်မှာ စာကြည့်တိုက်ကနေ အမြန်ဆုံး ဘွဲ့ရဖို့ဖြစ်ပြီး နေ့တိုင်း ဒီမှာ နှောင့်နှေးကြန့်ကြာနေမည်ဆိုလျှင် လက်တွေ့မှာ ဘာဖြစ်နေမလဲဆိုတာ မသိနိုင်ကြပေ။


ယွဲ့ရှင်းဝမ်က သုတေသနအဖွဲ့ chat channel ထဲ message ပို့လိုက်သည်။

"အားလုံး ကန်တင်းနံပါတ် 1 က ဝင်ပေါက်မှာ တွေ့ကြမယ်… စားသောက်ပြီးရင် အတန်းတက်ကြမယ်!"


ခယ်ရှောင်ပင်း၏ အိပ်ဆောင်မှ လူလေးယောက်လည်း အတူတူထလာကြသည်။ ရေချိုးပြီးနောက် ‌ကန်တင်းနံပါတ် 1 ဝင်ပေါက်ဆီသို့ သွားခဲ့သည်။


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို အများသူငါစိတ်ကြိုက်သင်တန်း၏ “တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ”မှ ရရှိသော အမှတ် 420 ကို ပေးခဲ့ပြီး 

"ဒါက ငါတို့ အများသူငါစိတ်ကြိုက်သင်တန်းကနေ ရလာတဲ့ သုတေသနအဖွဲ့ကို မျှဝေပေးတဲ့အမှတ်ပဲ… မင်းပဲသိမ်းထားလိုက်… နောက်နောင် အဖွဲ့အသုံးစရိတ်ကို ဒီရန်ပုံငွေကနေ သုံးစွဲလို့ရတယ်…"


ယွဲ့ရှင်းဝမ်က ပိုက်ဆံအများကြီးအကုန်ခံပြီး အဆာပြေမုန့်တွေ အမြဲဝယ်လေ့ရှိသည်။ ကျန်းဖျင်စစ်၏ နေထိုင်မှုပုံစံက ပို၍တင်းကျပ်တာကြောင့် ကျန်းဖျင်စစ်က ရန်ပုံငွေများကို စီမံခန့်ခွဲရာတွင် ပို၍သက်တောင့်သက်သာဖြစ်စေသည်။ ကျန်းဖျင်စစ်ကလည်း မငြင်းဆိုဘဲ အမှတ်များကိုယူကာ ပြောသည်။

"နောင်အခါ ငါ အစားအသောက်အတွက် အမှတ်တွေကို တစ်စုတစ်စည်းတည်းယူလိုက်မယ်… ဒါဆို တစ်ယောက်စီ အမှတ်တွေ ပေးစရာမလိုတော့ဘူး… အမှတ်တွေ ကုန်သွားတဲ့အခါ အဖွဲ့ကြေးကို ကောက်ခံလိုက်မယ်…"


လျှိုကျောက်ချင်းက ပြုံးပြသည်။

"ဒါက အကောင်းဆုံးပဲ… မဟုတ်ရင် တစ်ယောက်ချင်းစီ အမှတ်တွေပေးချေဖို့ တန်းစီရတာ တော်တော် ဒုက္ခရောက်လိမ့်မယ်…"


ကျိုဖုန်းက ခပ်ဖျော့ဖျော့ ချောင်းဟန့်လိုက်သည်။

"ငါတို့က အများသူငါစိတ်ကြိုက်သင်တန်းမှာ အမှတ် 120 ပဲ ရခဲ့တယ်… ငါတို့လည်း ကျန်းဖျင်စစ်ကို ပေးဖို့လိုလား?"


ယွဲ့ရှင်းဝမ်: "အင်း… ပေါင်းလိုက်ရင် အမှတ် 540 ဖြစ်သွားမှာဆိုတော့ ကျွန်တော်တို့ရဲ့ သုံးရက်တာ ‌စားသောက်စရိတ်အတွက် လုံလောက်ပါတယ်… မြန်မြန် စာမေးပွဲတွေကို အောင်အောင်လုပ်ပြီး အမှတ်များများစုလိုက်ရင် စားသောက်ဖို့ ပူစရာမလိုတော့ပါဘူး…"


ထိုအချိန်မှာ အေးစက်စက်နဲ့ ဘာမှမထူးခြားသောအသံက သူ‌တို့အနောက်ကနေ ရုတ်တရက် ထွက်ပေါ်လာသည်။

"ခယ်ရှောင်ပင်း?"


ခယ်ရှောင်ပင်းက သံသယဖြစ်စွာ လှည့်ကြည့်လိုက်လာရာ ရှင်းယန်၏ နက်မှောင်သောမျက်လုံးများကို တွေ့လိုက်ရသည်။


ရှင်းယန်က ယနေ့တွင် အပြာရောင်ရှပ်အင်္ကျီနှင့် အနက်ရောင်ဘောင်းဘီရှည်ပါးပါးကို ဝတ်ဆင်ထားသည်။ သူက အရပ်ပြီး သွယ်လျကာ သူ့မျက်နှာက အလွန်ဖြူဖျော့သည်။ သူ့ကိုမြင်လိုက်ပြီးနောက် ခယ်ရှောင်ပင်းက အပြုံးဖြင့်သွားကာ တောင်းပန်သောမျက်နှာဘေးဖြင့်

"ငါတောင်းပန်ပါတယ်… ဒီလွန်ခဲ့တဲ့နှစ်ရက်လောက်က ငါအရမ်းအလုပ်များနေလို့ မင်းကိုလူတိုင်းနဲ့တွေ့ခိုင်းမယ်ဆိုတာ ပြောဖို့ ငါမေ့သွားတယ်… ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ပဲ အခု စီနီယာအစ်ကိုကျိုဖုန်းနဲ့ အခြားသူတွေအားလုံး ရှိကြတယ်…"


ရှင်းယန်: "ကိစ္စမရှိပါဘူး…"

သူက ခေါင်းကို မော့လိုက်ပြီး ကျိုဖုန်းတို့သုံးယောက်ကို ကြည့်ကာ

"သူတို့က 3 ထပ်မှာ စာမေးပွဲကျလို့ ပြန်ဖြေနေတယ်ဆိုတဲ့ မင်းပြောတဲ့အဖွဲ့လား?"


ကျိုဖုန်းက သူ့နဖူးကို ကူကယ်ရာမဲ့စွာ ကိုင်လိုက်သည်။

"ဒီကျောင်းသားက တကယ်ကို တဲ့တိုးဆန်တာပဲ…"


လင်းမန့်လော်က ခပ်ဖျော့ဖျော့ရယ်ကာ ပြောသည်။

"သူပြောတာလည်း မှန်တာပဲ… ငါတို့က 3 ထပ်မှာ စာမေးပွဲကျလို့ ပြန်ဖြေနေတာပဲကို…"


ခယ်ရှောင်ပင်းက အနည်းငယ်ရှက်သွားပြီး

"ရှင်းယန်က စကားပြောရင် ဒီလိုမျိုးပဲ… အဟန့်… စီနီယာအစ်ကိုတို့ စိတ်ထဲမထားကြပါနဲ့…"


ယွဲ့ရှင်းဝမ်က ရှေ့တိုးလာကာ မေးသည်။

"မင်းရဲ့သုတေသနအဖွဲ့ကရော?"


ရှင်းယန်: "သုတေသနအဖွဲ့တစ်ခု တည်ထောင်ဖို့က အမှတ် 1,000 လိုအပ်ပြီး အများသူငါစိတ်ကြိုက်သင်တန်းမှာ ငါတို့က အမှတ် 200 ပဲ ရခဲ့တာဆိုတော့ ချက်ချင်းဖျက်သိမ်းလိုက်ဖို့ တွက်ခြေမကိုက်ဘူး… အဖွဲ့ထဲ မေ့ဆေးနဲ့ ကာကွယ်ဆေး ကျောင်းသူတွေပါတာဆိုတော့ အဖွဲ့ကိုမဖျက်သိမ်းခင် ဆေးပညာဌာနရဲ့ စိတ်ကြိုက်သင်တန်းနှစ်ခုကိုတက်ဖို့ ဆုံးဖြတ်လိုက်တယ်…"


ယွဲ့ရှင်းဝမ်က ကျိုဖုန်း၏နားနားကိုကပ်ကာ မေးသည်။

"စီနီယာအစ်ကို၊ ဓာတုဗေဒဌာနက အဖွဲ့ဝင်တစ်ယောက်ကို ပေါင်းထည့်ဖို့ စိတ်ကူးရှိလား? သူက ကျွန်တော့်ရဲ့မိုးသည်းခြင်းနဲ့ ပေါင်းစပ်ပြီး အရမ်းတိုက်စားနိုင်တဲ့ အက်စစ်မိုးအဖြစ် ထုတ်လုပ်ပေးနိုင်တယ်…"


ကျိုဖုန်းက မေးလိုက်သည်။

"ဒါက ရှင်းယန်လား?"


"အင်း… သူက ရှောင်ခယ်ရဲ့ အထက်တန်းကျောင်းက အတန်းဖော်ပါ… လောလောဆယ်မှာ တိုက်စားနိုင်တဲ့ Aqua regia နဲ့ အဆုံးမရှိအရက်မီးခွက် စွမ်းရည်နှစ်မျိုးကို သင်ယူထားတယ်…" 


"မင်း သူ့ကို ထည့်လို့ရမယ်ထင်ရင် ငါကတော့ ပြဿနာမရှိပါဘူး…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြပြီး ရှင်းယန်ကိုကြည့်ကာ

"ရှင်းယန်၊ ငါတို့နဲ့ မင်းရဲ့ သင်တန်းတိုးတက်မှုက အထပ်မတူသေးတော့ မင်းကို အဖွဲ့ထဲ တိုက်ရိုက်ထည့်လို့မရသေးဘူး… ဒါမှမဟုတ် မင်း ဆေးပညာဌာနရဲ့ စိတ်ကြိုက်သင်တန်းတွေကို ပြီးတဲ့အခါ စီနီယာအစ်ကိုကျိုဖုန်းနဲ့ ငါတို့လည်း 3 ထပ်မြောက်ကို ရောက်နိုင်ပြီဖြစ်တာကြောင့် ပြီးမှ သုတေသနအဖွဲ့ကို တိုးချဲ့မယ်… ငါတို့မှာ လူနည်းပြီး မင်းလည်း သတ်မှတ်ထားတဲ့ သုတေသနအဖွဲ့မရှိဘူးရင် ငါတို့နဲ့ပူးပေါင်းဖို့ စဉ်းစားနိုင်မလား?"


ရှင်းယန်က ငြင်းဆန်ပြီး “နောက်မှပြောရအောင်”ဟု ပြောလိမ့်မယ်လို့ သူထင်ခဲ့ပေမယ့် ရှင်းယန်က သဘောတူခဲ့သည်။

"ကောင်းပြီ… ငါမင်းတို့ကို တတိယထပ်မှာတွေ့မယ်…"


ခယ်ရှောင်ပင်းက အနည်းငယ်ပျော်သွားပြီး သူက မျက်မှန်ကိုပင့်တင်ကာ အပြုံးဖြင့်ပြောလေသည်။

"ကောင်းလိုက်တာ! ငါတို့မှာ ဓာတုဗေဒဌာနက အဖွဲ့ဝင်ရှိသွားပြီ… ရှင်းယန်ရဲ့ အဆုံးမဲ့အရက်မီးခွက်က အရမ်းမိုက်တယ်လို့ထင်တယ်!"


ရှင်းယန်က ယွဲ့ရှင်းဝမ်နှင့် အခြားသူများကို ခေါင်းငြိမ့်ပြပြီးနောက် မနက်စာစားရန် ကန်တင်းဘက်သို့ လှည့်သွားသည်။ ယွဲ့ရှင်းဝမ်အနားကနေ ဖြတ်သွားသောအခါ သူက ရုတ်တရက် ခပ်ဖျော့ဖျော့ ပြောခဲ့သည်။

"မင်း ဒီသဘောတူညီချက်ရဲ့ ကိစ္စကို ကောင်းကောင်း ကိုင်တွယ်ခဲ့တာပဲ…"


ဒါကြောင့် သူ အဖွဲ့ထဲပါဝင်ဖို့ သဘောတူခဲ့တာ ဖြစ်နိုင်သည်။ ယွဲ့ရှင်းဝမ်က ပြုံးကာ ပြန်ပြောလိုက်သည်။

"မင်း ချောချောမွေ့မွေ့ အောင်နိုင်ပါစေလို့ ငါမျှော်လင့်ပါတယ်… 3 ထပ်မြောက်မှာ တွေ့ကြမယ်…"


ကျိုဖုန်းသည် ကောင်လေး၏ကျောပြင်ကိုကြည့်ကာ ရှင်းယန်၏စိတ်နေစိတ်ထား အနည်းငယ်သုန်မှုန်နေသလို အမြဲခံစားရသည်။ သူ၏အေးစက်သော အဖြူရောင်အသားအရေက နေရောင်အောက်တွင် အကြာကြီး မနေဖူးသော သွေးစုပ်ဖုတ်ကောင်နှင့် တူသည်။ သူက အေးစက်စက်နဲ့ မထူးခြားဟန်သာ ပြောဆိုလေ့ရှိတာကြောင့် ပေါင်းရသင်းရမလွယ်ကူပုံရသည်။ သို့သော် ဓာတုဗေဒဌာနမှ ‘အဝေးပစ်မှော်စွမ်းအား’အနေဖြင့် သူတို့အဖွဲ့ထဲတွင်လည်း တစ်ယောက်ရှိသင့်ပြီး နောက်ပိုင်းသင်တန်းတွင် ဓာတုဗေဒဌာနကို သူတို့ရောက်သောအခါ သူလည်း ကူညီပေးနိုင်တာကြောင့် ကျိုဖုန်းက သူ့ကို ထည့်သွင်းရန် မကန့်ကွက်ခဲ့ပေ။


လင်းမန့်လော်က အနည်းငယ် စိုးရိမ်သွားသည်။

"မိန်းကလေးဆိုလို့ ငါတစ်ယောက်တည်း… ပြီးတော့ ဝိဇ္ဇာဘာသာရပ်တွေ အရမ်းနည်းနေသေးတယ်…"


ယွဲ့ရှင်းဝမ်က သူမကို ပြုံးပြကာ နှစ်သိမ့်ပေးသည်။

"စီနီယာအစ်မ စိတ်မပူပါနဲ့… ဝိဇ္ဇာဘာသာရပ်တွေက နောက်အထပ်တွေမှာ ရှိလောက်တယ်… 3 ထပ်မြောက်ပြီးရင် စီနီယာအစ်မနဲ့အတူနေဖို့ ဝိဇ္ဇာဘာသာရပ် မိန်းကလေးအဖွဲ့ဝင်တွေကို အဓိကထားရှာလိုက်မယ်…"


လင်းမန့်လော်က ရယ်လိုက်သည်။

"ကောင်းပြီ! အရင်သင်တန်းတွေကို အရင်ဆုံးပြီးအောင် လုပ်ကြရအောင်!"


ရိုးရှင်းသော နံနက်စာကို စားပြီးနောက် ဓာတ်လှေကားတွင် လူခွဲခဲ့ကြသည်။


ကျိုဖုန်းတို့သုံးယောက်က ပြန်လည်ဖြေဆိုရန် ပထမထပ်ရှိ ဆေးပညာဌာနသို့ သွားခဲ့ကြပြီး ယွဲ့ရှင်းဝမ်တို့လေးယောက်က ဒုတိယထပ်ရှိ သင်္ချာဌာနသို့ သွားခဲ့ကြသည်။


ဓာတ်လှေကားက ဒုတိယထပ်မှာ ရပ်လိုက်တာနဲ့ အေးစက်စက် စက်ရုပ်အသံက သူတို့နားထဲမှာ မြည်လာသည်။

"သင်္ချာဌာနကနေ ကြိုဆိုပါတယ်…"


ဓာတ်လှေကားတံခါးပွင့်လာသည်နှင့် ယွဲ့ရှင်းဝမ်သည် သူ့ရှေ့မှမြင်ကွင်းကြောင့် အလွန်ထိတ်လန့်သွားကာ မှင်တက်သွား၏—— 


ကျယ်ဝန်းသောစင်္ကြံ၏ ဘေးနှစ်ဖက်ရှိ နံရံတစ်ခုလုံးကို ဖုံးအုပ်ထားသည့် အဆင့်မြင့်နည်းပညာ LCD စခရင်များရှိသည်။ ယခုအချိန်တွင် ဖော်မြူလာလိုင်းများသည် စခရင်ပေါ်တွင် အဆက်မပြတ်ခုန်နေသည်။ များပြားပြီး ရှုပ်ထွေးနေသော သင်္ချာဖော်မြူလာများသည် ဝိဇ္ဇာကျောင်းသားများကို အံ့သြထိတ်လန့်စေပါသည်။


နံရံစခရင်များအားလုံးပေါ်တွင် ရေးထားသော ဖော်မြူလာများအပြင် သူတို့ခြေထောက်အောက်ရှိ စကျင်ကျောက်ကြမ်းခင်းမှာလည်း အခြေခံကိန်းဂဏန်း 0–9 ၏ သာမန်ပုံစံများကို ဖော်ပြထားသည်။  


ကမ္ဘာတစ်ခုလုံးကို ကိန်းဂဏန်းများဖြင့် ပြုလုပ်ထားသလိုပါပဲ။


ခန်းမအလယ်တွင် “ယခုအပတ်အတွက် သင်္ချာဌာနသင်တန်းအချိန်ဇယား”ဟူသော စခရင်တစ်ခုရှိသည်။ သူတို့လေးယောက်က စခရင်ရှေ့ကိုလာပြီး သင်တန်းချိန်ဇယားကို ကြည့်လိုက်သည်——


တနင်္လာ/ဗုဒ္ဓဟူးနေ့


မနက် 8:00–10:00၊ သေခြင်းကုဒ် (မသင်မနေရသင်တန်း၊ Credit: 5)


မနက် 10:00–12:00၊ Sequence (စိတ်ကြိုက်သင်တန်း၊ Credit: 3)


ညနေ 2:30–4:30၊ Calculus (စိတ်ကြိုက်သင်တန်း၊ Credit: 3)


*****


အင်္ဂါ/ကြာသပတေး


မနက် 8:00–10:00၊ သုဒ္ဓကိန်းများဝင်္ကပါ (မသင်မနေရသင်တန်း၊ Credit: 3)


မနက် 10:00–12:00၊ Probability (စိတ်ကြိုက်သင်တန်း၊ Credit: 3)


ညနေ 2:30–4:30၊ ဂျီဩမေတြီပုစ္ဆာ (စိတ်ကြိုက်သင်တန်း၊ Credit: 4)


*****


သောကြာ


မနက် 8:00–10:00၊ သုဒ္ဓကိန်းများဝင်္ကပါ (မသင်မနေရသင်တန်း၊ Credit: 3)


မနက် 10:00-12:00၊ ဂရပ်သီအိုရီနှင့် Optimum နည်းလမ်း (စိတ်ကြိုက်သင်တန်း၊ Credit: 6)


ညနေ 2:30–4:30၊ သေခြင်းကုဒ် (မသင်မနေရသင်တန်း၊ Credit: 6)


ညနေ 4:30–6:30၊ Fourier Series (စိတ်ကြိုက်သင်တန်း၊ Credit: 6)



လျှိုကျောက်ချင်းက မနေနိုင်ဘဲ ညည်းညူသည်။

"သင်္ချာမကောင်းတဲ့သူတွေ ဒီအတန်းချိန်ဇယားကိုမြင်ရင် ဒူးထောက်ရလိမ့်မယ်!"


ယွဲ့ရှင်းဝမ်က သူ့နားထင်ကို ညင်သာစွာ ပွတ်သပ်ရင်း

"ငါ အထက်တန်းကျောင်းတုန်းက သင်္ချာဘာသာရပ်မှာ ကောင်းမွန်ပေမယ့် တက္ကသိုလ်မှာ ဝိဇ္ဇာဘာသာရပ်ကို လျှောက်ခဲ့တော့ သင်္ချာကို မထိတာ နှစ်နှစ်ရှိပြီ… ငါသင်ယူခဲ့တဲ့ ဗဟုသုတအားလုံးနီးပါး ဆရာ့ဆီပြန်ပေးလိုက်ပြီ…"


သူတို့အရှေ့ဘက်ရှိ စခရင်ကြီးအောက်တွင် မိန်းကလေးတချို့က အသံတိုးတိုးဖြင့် ညည်းညူနေကြသည်။

"ငါ အတန်းချိန်ဇယားကိုတောင် နားမလည်ဘူး!"


တစ်စုံတစ်ယောက်က ပြောလေသည်။

"ငါ့ကို ခေါ်သွားပေးနိုင်တဲ့ သင်္ချာတော်တဲ့သူများ မရှိဘူးလား? ငါအောင်သွားရင် အမှတ်အားလုံး မင်းပဲယူလို့ရပါတယ်!"


အတန်းချိန်ဇယား၏ စခရင်အောက်တွင် ဆူဆူညံညံဖြစ်နေကြသည်။


ခယ်ရှောင်ပင်းက ‌တိုးတိုးပြောသည်။

"ငါတို့တွေ လက်ရှိအချိန်ဇယားထဲက စိတ်ကြိုက်သင်တန်းတွေကို လျစ်လျူရှုပြီး မသင်မနေရသင်တန်းတွေကိုပဲ ကြည့်လိုက်… ငါတို့က မနေ့က တနင်္လာနေ့ရဲ့ အတန်းကို လွတ်သွားတယ်… ဒီနေ့က အင်္ဂါနေ့ဆိုတော့ “သုဒ္ဓကိန်းများဝင်္ကပါ”ဆိုတဲ့ မသင်မနေရသင်တန်းတစ်ခုပဲ ရှိတယ်…"


သုဒ္ဓကိန်းများဝင်္ကပါလား? သုံးယောက်သား ကျန်းဖျင်စစ်ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။


ကျန်းဖျင်စစ်က တည်ငြိမ်သောအမူအရာဖြင့် ပြောလေသည်။

"ဒါက သုဒ္ဓကိန်းတွေနဲ့ သက်ဆိုင်တဲ့ ကြီးမားတဲ့ သုံးဖက်မြင်ဝင်္ကပါဖြစ်နိုင်တယ်… သုဒ္ဓကိန်းဟုတ်၊မဟုတ်ကို ဆင်ခြင်သုံးသပ်ဖို့နဲ့ သုံးဖက်မြင်ဂျီဩမေတြီဆိုင်ရာ အသိပညာတချို့လိုအပ်တယ်… အရမ်းမခက်ခဲပါဘူး…"


ကျန်လူသုံးယောက်: "…"


မင်းကသာ အရမ်းမခက်ခဲပါဘူးလို့ ပြောနေတာ ဒါပေမယ့် အခြားသူတွေအတွက် အိမ်မက်ဆိုးအဆင့်ပဲ မဟုတ်ဘူးလား?


ယွဲ့ရှင်းဝမ်က တစ်ဖက်လူ၏ ပခုံးကို့ ပေါ့ပေါ့ပါးပါး ပုတ်လိုက်သည်။

"ငါမင်းကိုအားကိုးမယ်နော်…"


သူတို့လေးယောက်က ဘေးချင်းကပ်လျက်ထားရှိသော တက်ဘလက်ကွန်ပျူတာများဆီသို့ လျှောက်သွားကာ “ရွေးချယ်ရန်သင်တန်း”ခလုတ်ကို နှိပ်လိုက်သည်။


စခရင်ပေါ်တွင် အချက်ပြသံတစ်ခု ပေါ်လာသည်——


[သင်္ချာဌာန၏ မသင်မနေရသင်တန်း: သုဒ္ဓကိန်းများဝင်္ကပါ]


[Credit: 3 မှတ်]


[စာမေးပွဲခန်းစည်းကမ်းများ: သင်တန်းကို သုတေသနအဖွဲ့အဖြစ်သာ ကန့်သတ်ထားပြီး သုတေသနအဖွဲ့ အုပ်စုပုံစံဖြင့်သာ စာရင်းသွင်းရပါမယ်]


[သင်တန်းဖော်ပြချက်: ဒီသင်တန်းက သုဒ္ဓကိန်းများဖြင့် ဖွဲ့စည်းထားတဲ့ သုံးဖက်မြင်ဝင်္ကပါတစ်ခုဖြစ်ပါတယ်။ သုဒ္ဓကိန်းများကို စား၍မပြတ်သောကိန်းများဟုလည်း ခေါ်ဆိုပြီး ၎င်းကိန်းဂဏန်းများက 1 ထက်ကြီးသော သဘာဝကိန်းများထဲ တစ်ခုဖြစ်ကာ 1 နှင့် စား၍ပြတ်သောကိန်းဂဏန်းများ မပါဝင်ဘဲ 1 သည် သူ့ဟာသူ စား၍ပြတ်သောကြောင့် ဖြစ်ပါတယ်။


1900 ခုနစ်က နိုင်ငံတကာသင်္ချာပညာရှင်များညီလာခံတွင် Hilbert မှ အမြွှာသုဒ္ဓကိန်းများ၏ မှန်းဆချက်ကို အဆိုပြုခဲ့ပါတယ်—— P ကို အဆုံးမရှိဆတိုးကိန်း သုဒ္ဓကိန်းများအဖြစ် သတ်မှတ်ပါက P+2 ကလည်း သုဒ္ဓကိန်းဖြစ်ပါတယ်။


အမြွှာသုဒ္ဓကိန်းများသည် 3 နှင့် 5၊ 17 နှင့် 19 သုဒ္ဓကိန်းအတွဲများဖြစ်ပြီး 2 လိုမျိုး ကိန်းဂဏန်းတစ်လုံးတည်း သုဒ္ဓကိန်းနဲ့ ကွဲပြားပါတယ်။]


[စာမေးပွဲလိုအပ်ချက်များ: 4 နာရီအတွင်း ဝင်္ကပါမှ ထွက်ရန်]


[အပိုမေးခွန်း: အမြွှာသုဒ္ဓကိန်းအားလုံးကို စုဆောင်းပါ၊ အမှတ် +20]


[မှတ်ချက်: သုတေသနအဖွဲ့တွင် အတွက်အချက်စွမ်းရည်ကောင်းမွန်သော သိပ္ပံကျောင်းသား အနည်းဆုံးတစ်ဉီးရှိရန် အကြံပြုပါတယ်။]


[သင်တန်းရွေးချယ်မှုကို အတည်ပြုပါ: Yes/No]


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကိုကြည့်ကာ 

"ငါအတည်ပြုလိုက်ရတော့မလား?"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်ပြသည်။

"အင်း…"


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်၏ ပခုံးပေါ် လက်တင်ကာ စနောက်လိုက်သည်။

"ငါ မင်းနောက်ကနေ အနီးကပ်လိုက်ပြီး မင်းငါ့ကို ဦးဆောင်ခေါ်သွားလိုက်… ငါ သင်္ချာဝင်္ကပါထဲမှာ လမ်းပျောက်သွားရင် ငါ အပြင်မထွက်နိုင်တော့ဘူး…"


ကျန်းဖျင်စစ်၏နှုတ်ခမ်းထောင့်များက အနည်းငယ် ကော့တက်သွားသည်။

"စိတ်ချပါ… ငါမင်းကို လမ်းမပျောက်စေရဘူး…"


သူတို့လေးယောက်၏ နားထဲတွင် စက်ရုပ်သံတစ်ခုထွက်ပေါ်လာသည်——


[C-183 သုတေသနအဖွဲ့က သင်တန်းကို အောင်မြင်စွာ ရွေးချယ်နိုင်ခဲ့ပါတယ်။ စာမေးပွဲကို မနက် 8:00 တွင် စတင်မှာဖြစ်ပြီး ကျေးဇူးပြု၍ ပြင်ဆင်ထားကြပါ။]


#TK