Chapter 39
Viewers 4k

Volume 3 : သင်္ချာဌာန


Chapter 39 (သုဒ္ဓကိန်းများဝင်္ကပါ ၀၂)


နံနက် 8 နာရီတွင် သင်္ချာဌာန၏ မသင်မနေရသင်တန်း ‘သုဒ္ဓကိန်းများဝင်္ကပါ’စာမေးပွဲခန်းကို ဖွင့်လှစ်ခဲ့သည်။


 ယွဲ့ရှင်းဝမ်တို့ လေးယောက်သည် ထူးဆန်းသော ဝင်္ကပါထဲကို ချက်ချင်းဆွဲသွင်းခံခဲ့ရသည်။ ဝင်္ကပါ၏အခန်းသည် စတုရန်းပုံစံဖြစ်ပြီး နံရံခြောက်ခုကို ထူးခြားသောအနက်ရောင်ဆေးဖြင့် ခြယ်သထားကာ မှောင်မိုက်နက်နဲသော ကောင်းကင်ယံ၌ ကြယ်ရောင်စုံသော ကြယ်များကဲ့သို့ ကြယ်ပုံသဏ္ဌာန်များစွာရှိသည်။ ထို ‘ကြယ်များ’သည် အခန်းကို တောက်ပစေသော အလင်းရောင်ဖျော့ဖျော့ကို ထုတ်လွှတ်သည်။


နံရံလေးခုစီတွင် တံခါးတစ်ခုစီရှိပြီး နံပါတ်ကတ်လေးခုကို အကြည်ရောင်စာလုံးများဖြင့် ကပ်ထားပြီး ‘တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ’သင်တန်းမှ အမှတ်ကတ်များလိုမျိုး တောက်ပနေသည်။


အပိုမေးခွန်း: အမြွှာသုဒ္ဓကိန်းအားလုံးကို စုဆောင်းပါ


အပိုမေးခွန်းများကိုဖြည့်ရန် နံရံပေါ်တွင်ကပ်ထားသော ‘အမြွှာသုဒ္ဓကိန်းများ’ကတ်အားလုံးကို သူတို့ယူရမည်။ 


ယွဲ့ရှင်းဝမ်၏မျက်လုံးများက ပတ်ပတ်လည်ကို လျင်မြန်စွာ ကြည့်လိုက်သည်။ ပထမအခန်းရှိ နံပါတ်လေးခုက အလွန်ရိုးရှင်းသော 4၊ 5၊ 6၊ 7 တို့ဖြစ်သည်။


နံပါတ်တစ်လုံးတည်းသော သုဒ္ဓကိန်းနံပါတ်များကို ရှာရလွယ်ကူပြီး 5 နဲ့ 7 က အမြွှာသုဒ္ဓကိန်းများဖြစ်သည်။ ကတ်မှားယူမိပါက အပိုမေးခွန်းအတွက် အမှတ်များရရှိနိုင်မည်မဟုတ်သောကြောင့် ကတ်များကိုမယူမီ နံပါတ်များကိုတွက်ချက်ရမည်။


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ကြည့်လိုက်သည်။

"Credit 3 မှတ်တန် ဝင်္ကပါအတန်းက အရမ်းတော့မလွယ်လောက်ဘူးမလား?"


ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ကာ စက္ကန့်အနည်းငယ်လောက် တွေးနေသည်။

"အခန်းတစ်ခုစီမှာ တံခါး 4 ပေါက်ရှိတယ်… တံခါးတစ်ခုစီရဲ့ နောက်မှာ လမ်းကြောင်းတစ်ခုရှိရင် ဒီဝင်္ကပါရဲ့တံခါးအရေအတွက်က 4 to the power of n(4^n)ပဲ… အမြွှာသုဒ္ဓကိန်းတွေကို ရှာဖို့က မခက်ခဲပါဘူး… မှန်ကန်တဲ့လမ်းကြောင်းကို ရှာဖို့ပဲ… လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း ပုံဖော်ပြီး အကဲဖြတ်ရင်း ဝင်္ကပါကို လျှောက်ဖို့လိုအပ်တယ်…"


ခယ်ရှောင်ပင်းက သူ့လက်ပ်တော့ကို အမြန်ထုတ်လိုက်သည်။

"ဘယ်ဟာတွေက သုဒ္ဓကိန်းနံပါတ်တွေလဲဆိုတာကို ငါမြန်မြန်ဆန်ဆန် ဖော်ထုတ်ပြီး ဝင်္ကပါပုံစံကို အမြန်တည်ဆောက်လိုက်မယ်… ခဏနေဦး… ငါ့လက်ပ်တော့ ဖွင့်လို့မရဘူး…"


လျှိုကျောက်ချင်းက ငုံ့ကာ ကြည့်လေသည်။

"ပျက်သွားတာတော့ မဟုတ်ဘူးမလား?"


ခယ်ရှောင်ပင်းက boot ခလုတ်ပေါ် သူ၏လက်ဗွေဖြင့် အကြာကြီးဖိထားပြီး တွေးဆသည်။

"ကွန်ပျူတာကို အသုံးပြုခွင့်မပြုတာလား?"


ယွဲ့ရှင်းဝမ်က သူ့နဖူးကို ကူကယ်ရာမဲ့စွာ ထောက်လိုက်သည်။

"ဒီသင်တန်းကို ငါတို့တွေ ကွန်ပျူတာနဲ့ တွက်ချက်လို့မရဘဲ ငါတို့ကိုယ်တိုင်ပဲ တွက်ချက်ရမယ်ထင်တယ်…" 


သူသည် ခေါင်းမော့၍ ညာဘက်အပေါ်ထောင့်ရှိ သတ်မှတ်ချိန်ကို ကြည့်လိုက်သည်။

"စာမေးပွဲအချိန်က 4 နာရီပဲ… လမ်းမှာ လမ်းဆုံလမ်းခွတွေ အများကြီးရှိနေရင် ငါတို့တွေ ဖြည်းဖြည်းချင်း စစ်ဆေးကြည့်ကြမလား?"


လျှိုကျောက်ချင်းက သူ့လက်ကို ဖြန့်လေသည်။

"ငါ သင်္ချာကို မထိတာ နှစ်တော်တော်ကြာပြီ… မင်းတို့ ငါ့ကို နံပါတ်တွေ စားခိုင်းရင် ငါ့ဦးနှောက်ကတော့ လည်သွားလိမ့်မယ်… ဒီအတန်းမှာတော့ မင်းတို့ ငါ့ကို လှုပ်ရှားလို့ရတဲ့ အသုံးအဆောင်လေးလို့ပဲ သဘောထားပြီး ငါမင်းတို့နောက်ကနေ တိတ်တိတ်လေး လိုက်သွားပါ့မယ်…"


ယွဲ့ရှင်းဝမ်က ရယ်သည်။

"ကျွန်တော်လည်း အတူတူပါပဲ…"


ကျန်းဖျင်စစ်က ရုတ်တရက် လေးနက်စွာ ပြောလာသည်။

"ဒီစာမေးပွဲကို အမြန်ဆုံး အောင်ဖို့အတွက် ကျွန်တော်တို့ လူခွဲပြီး လမ်းကြောင်းရှာဖွေတာက ပိုကောင်းတယ်…"


ခယ်ရှောင်ပင်းနှင့် လျှိုကျောက်ချင်းတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ချိန်တည်းပြောလာကြသည်။

"လူခွဲမယ်?"


သူက ယွဲ့ရှင်းဝမ်နဲ့အတူတူ သွားလိမ့်မည်။ သူတို့နှစ်ယောက်က လုပ်နိုင်ပါ့မလား?


ခယ်ရှောင်ပင်းက မျက်မှန်ကို ရှက်ရွံ့စွာ ပင့်တင်ကာ သူ့နားရွက်တွေက အနည်းငယ်နီနေသည်။

"ငါက သိပ္ပံကျောင်းသားဆိုပေမယ့် ငါ… ငါက တွက်ချက်ဖို့ပြဿနာအားလုံးကို ဖြေရှင်းဖို့ ပထမနှစ်ကတည်းက ကွန်ပျူတာကိုပဲ သုံးခဲ့တာ… ငါ့ဟာငါ မတွက်ချက်တာ ကြာလှပြီ… နံပါတ် 10 ထက်ပိုတဲ့ မြှောက်ခြင်း၊ စားခြင်းတွေဆိုရင် ငါနားလည်နိုင်ဖို့အတွက် အကြိမ်ပေါင်းများစွာ တွက်ချက်ဖို့ ဘောပင်နဲ့ စာရွက်ကို အသုံးပြုရလိမ့်မယ်… စီနီယာအစ်ကိုလျှိုနဲ့ ငါ့အဖွဲ့က သိပ်ပြီး ထိရောက်မှု မရှိနိုင်ဘူးလား?"


ကျန်းဖျင်စစ်: "ဒါက အဖွဲ့နှစ်ဖွဲ့ခွဲမှာမဟုတ်ဘူး…"


သူက သူ့ဘေးနားရှိ အဖွဲ့ဝင်များကို ကြည့်ကာ စကားကို တစ်လုံးချင်းပြောလာသည်။

"အဖွဲ့လေးဖွဲ့ ခွဲမှာဖြစ်ပြီး တစ်ယောက်ကို တစ်ဖွဲ့ပဲ…"


ကျန်သုံးယောက်: "…"


မင်းနောက်နေတာလား? လျှိုကျောက်ချင်းက ထိတ်လန့်စွာ ကြည့်နေသည်။ 

"ငါတကယ် သင်္ချာမကျွမ်းဘူးနော်!"


ယွဲ့ရှင်းဝမ်က သူ့အတွေးတွေကို အမြန်သဘောပေါက်သွားသည်။

"မင်းဆိုလိုတာက ငါတို့လေးယောက်က တစ်လမ်းစီသွားပြီး တွက်ချက်မှုတွေအားလုံးကို မင်းလက်ထဲ လွှဲပေးရမှာလား? မင်းက လမ်းကြောင်းလေးခုရဲ့ သုဒ္ဓကိန်းတွေကို တစ်ချိန်တည်းမှာ တွက်ချက်မှာလား?"


ရှင်းဝမ်က သေချာပေါက် သူ့ကို ပိုသိတာကြောင့် ကျန်းဖျင်စစ်က တည်ငြိမ်စွာ ခေါင်းငြိမ့်ပြသည်။


ခယ်ရှောင်ပင်းနှင့် လျှိုကျောက်ချင်းတို့က သူ့ကို ပြူးကျယ်သောမျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။


သူ အဖွဲ့ခွဲမယ်လို့ပြောတော့ သူတို့က အဖွဲ့နှစ်ဖွဲ့ခွဲမယ်လို့ ထင်ခဲ့သည်။ သို့သော် ရလဒ်အနေဖြင့် ကျန်းဖျင်စစ်က လူတိုင်းထင်ထားသည်ထက် ပို၍ကြမ်းကြုတ်ပြီး—— တိုက်ရိုက် လေးဖွဲ့ခွဲခဲ့သည်! ပြီးနောက် သူက တစ်ချိန်တည်းမှာ လမ်းကြောင်းလေးခုအတွက် တွက်ချက်ဦးမည်!


သူ၏တွက်ချက်ခြင်းစွမ်းရည်ကို လုံလောက်အောင်ယုံကြည်မှုရှိမှန်း ရှင်းပါသည်။ 


ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကိုကြည့်ပြီး လေးနက်စွာ ပြောသည်။

"စာမေးပွဲအတွင်း ငါတို့တွေ သုတေသနအဖွဲ့ chat channel မှာ စာပို့လို့ရတယ်… မင်းတို့ ဝင်သွားတဲ့ ဝင်္ကပါအခန်းတိုင်းက နံပါတ်တွေကို သုတေသနအဖွဲ့ chat channel မှာ ပြောပြပြီး ငါက အဲဒါကိုတွက်ချက်ပြီးတော့ အဖြေမှန်ပေးမယ်…"


ယွဲ့ရှင်းဝမ်က သုတေသနအဖွဲ့ chat channel တွင် စာတစ်ကြောင်းရေးရန် ကြိုးစားခဲ့သည်။

"ဒါကို မင်းတို့မြင်ရလား?"


သူတို့လေးဦးစလုံးသည် ဘယ်ဘက်အပေါ်ထောင့်ရှိ အကြည်ရောင် လေးထောင့်ဘောင်အတွင်းမှ အချက်အလက်များကို တွေ့ခဲ့ကြသည်။


ယွဲ့ရှင်းဝမ်၏မျက်လုံးများ တောက်ပလာသည်။

"ဒီနည်းလမ်းက အံ့ဩစရာပဲ! လူလေးယောက်က လမ်းကြောင်းလေးခုခွဲပြီး ဝင်္ကပါကိုစူးစမ်းလေ့လာတာက အချိန်ကုန်သက်သာသလို ငါတို့တွေ လမ်းကြောင်းမှားသွားရင် အသွားအပြန်လုပ်ရတာ နည်းသွားလိမ့်မယ်…" 

သူက ခဏရပ်ကာ ကျန်းဖျင်စစ်ကို စိုးရိမ်စွာ ကြည့်လိုက်သည်။

"ဒါပေမယ့် မင်းက ဖိအားတွေ အများကြီး ခံရလိမ့်မယ် ဟုတ်တယ်မလား? လေးခုရှိပြီး ရှေ့ဆက်သွားလို့ လမ်းမှားသွားရင် ဘယ်လမ်းသွားရမလဲဆိုတာ မင်းပြောပြပေးနိုင်လား?"


ကျန်းဖျင်စစ်၏ ဆုံးဖြတ်ချက်သာ မှန်ကန်ရင် ဝင်္ကပါအခန်းတစ်ခုစီတွင် တံခါးလေးပေါက်နှင့် လမ်းကြောင်းလေးခုရှိရင် မှန်ကန်သောလမ်းကြောင်းတွေ 4^n အထိရှိသည်။ အဆမတန်တိုးများလာသောလမ်းကို သုမှတ်မိနိုင်မလား?


ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကိုကြည့်ကာ သူ၏အမည်းရောင်မျက်လုံးများထဲတွင် လေးနက်မှုအပြည့်ရှိနေသည်။

"ငါ့ကိုယုံပါ…"


သူ့အကြည့်ကို တွေ့လိုက်သောအခါ ယွဲ့ရှင်းဝမ်က ချက်ချင်း ခေါင်းငြိမ့်ပြသည်။

"ကောင်းပြီ… ငါမင်းကိုယုံတယ်… မင်းပြောတဲ့အတိုင်း လုပ်မယ်!"


ကျန်းဖျင်စစ်: "ပထမဆုံး မင်းရဲ့အဘိဓာန်ကိထုတ်ပြီး ငါ့အတွက် စာရွက်တချို့ကို ဆုတ်ဖြဲလိုက်… ငါ ဝင်္ကပါလမ်းကြောင်းကို မြေပုံဆွဲမယ်…"


ယွဲ့ရှင်းဝမ်က သူပြောသည့်အတိုင်းလုပ်လိုက်ပြီး သူ့အိတ်ကပ်ထဲက ဘောပင်ကို ထုတ်ကာ ကျန်းဖျင်စစ်ကို ပေးလိုက်သည်။


ကျန်းဖျင်စစ် နံပါတ် 5 ကတ်ထားသော နံရံဆီသို့ လျှောက်သွားပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ နောက်တစ်ခန်းက ဒီအခန်းနဲ့အတူတူပဲ နံရံလေးခုတွင် နံပါတ်လေးခုပါရှိသည်။ 


ကျန်းဖျင်စစ်သည် အခြားတံခါးသုံးခု 4၊ 6၊ 7၊ ကို ထပ်မံဖွင့်ရန် ကြိုးစားခဲ့ပြီး တူညီသော အခြေအနေမျိုးသာတွေ့ခဲ့သည်။ 


သူ၏ကျိုးကြောင်းဆင်ခြင်မှုက မှန်ကန်ကြောင်း ဒါက သက်သေပြနေသည်—— အခန်းတိုင်းတွင် တံခါးလေးပေါက်နှင့် ထွက်ပေါက်လေးခုရှိသည်။ အနောက်ဘက်ရှိ တချို့အခန်းများမှာ တံခါးအသေများအဖြစ်သို့ ပြောင်းလဲသွားမှာ သေချာသည်။ ဝင်္ကပါ၏မှန်ကန်သောထွက်ပေါက်ကို ရှာချင်ရင် သူတို့လေးယောက် အတူတူနေပြီး အခန်းတွေကို ဖြည်းဖြည်းချင်း စစ်ဆေးကြည့်မယ်ဆိုရင် 4 နာရီအတွင်း ထွက်လာနိုင်ပါသည်။ သို့သော် ဒီသင်တန်းတွင် အမှတ်မြင့်မြင့်ရလိုပါက ဒီလိုတုံးအသောနည်းလမ်းကို အသုံးပြုလို့မရပေ။


ကျန်းဖျင်စစ်က စာရွက်ပေါ်တွင် လေးထောင့်ကွက် အနည်းငယ်ကို ခပ်မြန်မြန်ဆွဲကာ ရှင်းပြသည်။

"မင်းတို့တွေက အခန်းတွေ အများကြီးကို လျှောက်သွားပြီးရင် ဦးတည်ရာကို မှတ်မိမှာမဟုတ်တော့ဘူး… ဥပမာအားဖြင့်၊ လက်ရှိအခန်းမှာ နံပါတ် 4,5,6,7 လေးခုရှိတယ်… မင်းတို့ နောက်တံခါးတစ်ခုကို ဝင်ရမှာဖြစ်ပြီး နံပါတ် 5 နဲ့ ဆက်ထားတဲ့ အခြားတံခါးက နံပါတ်ကဘာလဲဆိုတာကို မှတ်ထား… မင်းတို့က နံပါတ်တွေကို ပေးပို့တဲ့အခါမှာ မင်းတို့ဝင်သွားတံခါးကနေစတင်ပြီး နာရီလက်တံအတိုင်း နံပါတ်တွေကို ပေးပို့ပါ… ငါပြောချင်တာကို နားလည်လား?"


ယွဲ့ရှင်းဝမ်သည် သူဆွဲထားတာကိုကြည့်ပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် နံပါတ်တစ်ခုစီပါသော အခန်းငါးခန်းဆက်တိုက်ကို စာရွက်ပေါ်တွင်ဆွဲထားတာ တွေ့လိုက်ရသည်။ သူပြောသည့်အတိုင်း အနောက်မှာ သွားထားသောလမ်းများစွာ ရှိလာသောအခါ ဦးတည်ရာအာရုံသည် လွင့်မျောနေသာတိမ်တိုက်ကဲ့သို့ ဖြစ်လာလိမ့်မည်။ သူတို့တွေ အရှေ့၊ အနောက်၊ တောင်၊ မြောက် ခွဲဖို့မဆိုထားနှင့် ဒီဝင်္ကပါထဲက နံရံတွေအားလုံးကို ကြယ်တွေရှိသော ကောင်းကင်အဖြစ် ခြယ်သထားတာကြောင့် ခေါင်းမမူးတာက ပို၍အံ့ဩစရာကောင်းလိမ့်မည်။


ဦးတည်ရာအတိအကျကို ရှာလိုပါက ယခင်ဝင်္ကပါအခန်းများကို အသုံးပြုရလိမ့်မည်။


ဥပမာအားဖြင့် အခန်း A ၏ရှေ့ရှိ တံခါးတွင် 5 ကို ကပ်ထားတာကြောင့် ‘တံခါး 5’ဟု မှတ်ယူပြီး ထိုတံခါးကို ဖွင့်လိုက်သောအခါ အခန်း B ဖြစ်သွားပြီး အခန်း B သည် စတုရန်းတစ်ခုဖြစ်သောကြောင့် လေးထောင့်ခန်းနှစ်ခုသည် အတူတူ ချိတ်ဆက်ထားသောအခါတွင် ဘေးတစ်ဖက်ကိုမျှဝေထားပြီး ဆိုလိုသည်မှာ အခန်း B ၏ နံရံလေးခုတွင် အခန်း A က ‘တံခါး 5’နှင့် တိုက်ရိုက်ချိတ်ဆက်ထားသော တံခါးတစ်ခုရှိနေမည်။


ကျန်းဖျင်စစ် အသုံးပြုသော အတွေးအမြင်က ‘အခန်းနှစ်ခန်းကို တံခါးတစ်ခုဖြင့် ချိတ်ဆက်ထားပြီး တံခါး၏ အရှေ့နဲ့ အနောက်ကို မတူညီသော နံပါတ်များဖြင့် ကပ်ထားသည်’။ ထို့နောက် ပထမအခန်းမှ စတင်၍ ဆင်ခြင်သုံးသပ်ကာ ပြီးပြည့်စုံသော ဝင်္ကပါမြေပုံကို ကောက်ချက်ချနိုင်သည်။


ဤကဲ့သို့သော် ကျိုးကြောင်းဆင်ခြင်ခြင်းနည်းက အရှေ့၊ အနောက်၊ တောင်၊ မြောက်ကို ဂရုစိုက်စရာမလိုပေ။ အခန်းတိုင်း မှန်နေသ၍ သူ့မြေပုံလည်း မှားနေစရာအကြောင်းမရှိပေ။


ကျန်းဖျင်စစ်က အဖွဲ့ဝင်သုံးယောက်ကို ကြည့်ပြီး နောက်တစ်ကြိမ် ထပ်သတိပေးသည်။

"မင်းတို့ တွန်းဖွင့်လိုက်တဲ့ တံခါးပေါ်က နံပါတ်ကို သေချာမှတ်ထားနော်… နောက်အခန်းထဲကို ဝင်ပြီးတာနဲ့ ဝင်သွားတဲ့ တံခါးနောက်ဘက်မှာရှိတဲ့ နံပါတ်ကို ချက်ချင်းကြည့်ပြီး အဲဒီနံပါတ်ကနေ နာရီလက်တံအတိုင်း ပေးပို့ပါ… အမှားမလုပ်မိစေနဲ့… ငါတို့ အမှားတစ်ခုလုပ်လိုက်တာနဲ့ နောက်ထပ် အမှားတွေ ထပ်လုပ်မိလိမ့်မယ်၊ နားလည်လား?"


သုံးယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တညီတညွတ်တည်း ခေါင်းညိတ်ပြကြသည်။ 

"နားလည်ပြီ!"


အရှေ့၊ အနောက်၊ မြောက်နှင့် တောင်ကြားက ဦးတည်ချက်ကို သူတို့ မပြောနိုင်သောလည်း နာရီလက်တံနှင့် နာရီလက်တံပြောင်းပြန်ကိုတော့ သူတို့ ပြောနိုင်သေးသည်။


ကျန်းဖျင်စစ်က ‌ဆိုသည်။

"လူခွဲဖို့ ပြင်ဆင်မယ်… ရှောင်ခယ်၊ မင်းက နံပါတ် 4 တံခါးကိုသွား၊ ငါက နံပါတ် 5၊ ရှင်းဝမ်က နံပါတ် 6၊ စီနီယာအစ်ကိုလျှိုက နံပါတ် 7…"


ယွဲ့ရှင်းဝမ်က သူ့လက်ကို အရင်ဆုံးဆန့်လိုက်သည်။

"လာကြ… ထိပ်တန်းကျောင်းသားလေးကို အားပေးကြရအောင်…"


လျှိုကျောက်ချင်းနှင့် ခယ်ရှောင်ပင်းတို့ကလည်း သူတို့လက်ကို တင်လိုက်သည်။ ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကိုကြည့်ကာ သူ့လက်ကို တင်လိုက်ပြီး ယွဲ့ရှင်းဝမ်က တစ်ဖက်လူ၏လက်ပေါ် သူ၏အခြားလက်ကို ညင်သာစွာ တင်ကာ တောက်ပစွာ ပြုံးလိုက်သည်။

"Fighting! ကိုယ့်ကိုယ်ကို ဖိအားအရမ်းမပေးပါနဲ့… ငါတို့ အောင်သွားရင်ရပါပြီ… ပထမနေရာအတွက် သွားစရာမလိုပါဘူး၊ မင်းသိတယ်မလား?"


ကျန်းဖျင်စစ်၏ရင်ထဲ နွေးထွေးသွားပြီး သူက ခေါင်းငြိမ့်ပြသည်။

"အင်း… မင်းတို့တွေ ကတ်မှားမယူကြနဲ့… အပိုမေးခွန်းကနေ အမှတ်ရချင်တယ်ဆိုရင် ငါတို့တွေ အမြွှာသုဒ္ဓကိန်းအားလုံးကို စုဆောင်းရမှာဖြစ်ပြီး ကတ်မှားယူလိုက်ရင် အမှတ်တွေကို နုတ်သွားလိမ့်မယ်…"


သူတို့လေးယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တံခါးလေးပေါက်ဆီသို့ သီးခြားစီလျှောက်သွားပြီး နောက်အခန်းတွင် နံပါတ်များ ထပ်ပေါ်လာသည်။


ဒီတစ်ခါတော့ နံပါတ်နှစ်လုံးဖြစ်သွားသည်။


ယွဲ့ရှင်းဝမ်၏အခန်းက 11,12,13,14;

ခယ်ရှောင်ပင်း၏အခန်းက 16,17,18,19;

လျှိုကျောက်ချင်း၏အခန်းက 28,29,30,31;

ကျန်းဖျင်စစ်၏အခန်းက 40,41,42,43 ဖြစ်သည်။


နံပါတ်နှစ်လုံးပါသော ကိန်းဂဏန်းက အလွန်ရိုးရှင်းပြီး လူတိုင်းက သူတို့ဘာသာ တွက်ချက်နိုင်သော်လည်း ကျန်းဖျင်စစ် မြေပုံရာတွင် အဆင်ပြေစေရန်အတွက် သူတို့သုံးဦးသည် သူပြောသည့် စည်းကမ်းများကို လိုက်နာကာ သူတို့ဝင်ပေါက်မှ နာရီလက်တံအတိုင်း ပေးပို့ခဲ့ကြသည်။


ကျန်းဖျင်စစ်က ညွှန်ကြားခဲ့သည်။

"အမြွှာသုဒ္ဓကိန်းနှစ်ခုကို ယူလိုက်… ရှင်းဝမ်၊ မင်းက နံပါတ် 13 ကိုသွား၊ ရှောင်ခယ်က နံပါတ် 18၊ စီနီယာအစ်ကိုလျှိုက နံပါတ် 30…"


သူရွေးသမျှက သူတို့အရှေ့တည့်တည့်လမ်းကြောင်းဖြစ်ပြီး မျဉ်းဖြောင်းအတိုင်း အရင်လျှောက်မည်။ လမ်းအဆုံးကို တွေ့ကြုံရသောအခါ ညာဘက်ကိုသွားပြီးနောက် ဘယ်ဘက်ကိုသွားကာ ဒီလိုဆိုရင် စိတ်မရှုပ်ထွေးတော့ပေ။ 


လေးယောက်သားက နောက်အခန်းထဲကို အမြန်ဝင်လိုက်သည်။ ဒီတစ်ခေါက်နံပါတ်တွေက နံပါတ်သုံးလုံးဖြစ်သွားသည်။ 


ကျန်းဖျင်စစ်: "စီနီယာအစ်ကိုလျှို နံပါတ် 107 နဲ့ 109 ကို ယူပြီး နံပါတ် 111 ကို သွားလိုက်…"


သူ၏ညွှန်းကြားချက်အတိုင်း လျှိုကျောက်ချင်းက နံပါတ်ကတ်နှစ်ခုကို ဖြုတ်ယူကာ ရှေ့သို့ဆက်သွားခဲ့သည်။ 


သုတေသနအဖွဲ့ chat channel ကျန်းဖျင်စစ်ထံမှ message များ ဆက်လက်ပေါ်ထွက်လာသည်။

"ရှင်းဝမ် နံပါတ် 137 နဲ့ 139 ကို ယူပြီး နံပါတ် 133 ကို သွားလိုက်…"


"ရှောင်ခယ် နံပါတ် 179 နဲ့ 181 ကို ယူပြီး နံပါတ် 181 ကို သွားလိုက်…"


နောက်အခန်းတွင် သုဒ္ဓကိန်းနံပါတ်တွေက ထပ်တိုးလာပြီး နံပါတ်လေးလုံးဖြစ်လာသည်။


နံပါတ်နှစ်လုံးနှင့် နံပါတ်သုံးလုံးများကို လူတိုင်းက တွက်ချက်နိုင်သည်။ နံပါတ်လေးလုံးများ ရောက်ရှိလာပြီးနောက် သုံးယောက်စလုံးသည် တွေးတောရန် လက်လျှော့လိုက်ကြသည်။ သူတို့ဟာသူတို့ တွက်ချက်နေပါက အချိန်ကြာနေမည်ဖြစ်တာကြောင့် မြန်မြန်စာရိုက်ပြီး ကျန်းဖျင်စစ်၏ တွက်ချက်တာကို စောင့်တာက ပိုကောင်းပါသည်။


ကျန်းဖျင်စစ်၏ ဦးနှောက်အမြန်နှုန်းက အံ့မခန်းဖြစ်ပြီး လမ်းကြောင်းလေးခုကို တစ်ချိန်တည်းတွင် တွက်ချက်ကာ စက္ကန့်ပိုင်းအတွင်းပင် အဖြေတစ်ခုပေးနိုင်သည်။


"4019,4021" "8969,8971" "9281,9283…"


နောက်တစ်ခန်းကို လျှောက်သွားသောအခါ နံပါတ်က ငါးလုံးဖြစ်လာပြန်သည်။


"16829,16831" "31541,31543"


သို့သော် ကျန်းဖျင်စစ်အတွက် နံပါတ်ငါးလုံးသည် မခက်ခဲဘဲ သူသည် လျင်မြန်တိကျစွာတွက်ချက်ပြီး နံပါတ်နှစ်ခုကို ပေး‌ပို့သည်။


အဖွဲ့ဝင်များသည် သူတို့၏လက်ထဲတွင် အမြွှာသုဒ္ဓကိန်းကတ်များကို ပို၍စုဆောင်းလာနိုင်ကြသည်။ ကျန်းဖျင်စစ်သည် တစ်ချိန်တည်းတွင် လမ်းကြောင်းလေးခု၏ နံပါတ်နှစ်လုံးကို တွက်ချက်ရုံသာမက သူ့အဖွဲ့ဝင်များ၏ ဦးတည်ချက်မှန်ကန်ကြောင်း သေချာစေရန် လမ်းလျှောက်ရင်း ဝင်္ကပါမြေပုံကိုလည်း ဆွဲပေးသည်…


နံပါတ်များဖြင့် ပြည့်နေသော ဒီဝင်္ကပါသည် အခြားသူတွေ၏ မျက်လုံးများထဲတွင် မည်းမှောင်နေပြီး ဘယ်ကိုသွားရမှန်းမသိပေမယ့် ကျန်းဖျင်စစ်အတွက်တော့ ရေထဲက ငါးလိုပဲဖြစ်သည်—— ဒီနံပါတ်တွေက သူကြီးပြင်လာကတည်းက သူ၏အရင်နှီးဆုံးအဖော်များဖြစ်သည်။ သူသည် အထက်တန်းကျောင်းတွင် နိုင်ငံတကာသင်္ချာပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ သူသည် သင်္ချာဘာသာရပ်နှင့် ဂဏန်းများဖြင့် ဖွဲ့စည်းထားသော အံ့ဩခြင်း၊ ပေါများခြင်း၊ ခက်ခဲခြင်းလောကကို သူအမှန်တကယ် ချစ်မြတ်နိုးသည်။ 


သင်္ချာလောကတွင် သူသည် မွေးရာပါဘုရင်နှင့်တူပြီး အခြားသူတွေက နံပါတ်တွေကို ကြောက်ရွံ့ပေမယ့် သူက နံပါတ်တွေကို ထိန်းချုပ်နိုင်သည်။


အခန်းတွင်းရှိ နံပါတ်များက ပိုမိုရှုပ်ထွေးလာပြီး တွက်ချက်မှု ပမာဏသည် အရိုင်းဆန်စွာ တိုးပွားလာသည်။


ကျန်းဖျင်စစ်သည် မြန်နှုန်းမြင့် ကွန်ပြူတာစက်နှင့်တူသည်။ သူ တွက်ချက်ရင်းနဲ့ သူ့စိတ်ထဲမှာ ဝင်္ကပါကို တဖြည်းဖြည်း ဆွဲလိုက်သည်။ သူ့အဖွဲ့ဝင်တွေက နံပါတ်တွေကို ပို့ပေးပြီးတာနဲ့ သူက အဖြေမှန်ကို တတ်နိုင်သမျှ အမြန်ဆုံးပေးနိုင်သည်။


ယွဲ့ရှင်းဝမ်: "အရှေ့ခန်းက ဆုံးနေပြီ… တံခါးမရှိဘူး…"


ကျန်းဖျင်စစ်က ညွှန်ကြားသည်။

"အရှေ့တစ်ခန်းကို ပြန်သွားပြီး တံခါးနံပါတ် 8861 ကို သွားလိုက်…" 


ခယ်ရှောင်ပင်းက လျင်မြန်စွာ ရေးပို့လာသည်။

"ငါလည်း အခန်းဆုံးကို ရောက်နေပြီ…"


ကျန်းဖျင်စစ်: "ပြန်သွားပြီး တံခါးနံပါတ် 9657 ကို သွားလိုက်…"


"စီနီယာအစ်ကိုလျှို အရှေ့ကို ပြန်သွားပြီး တံခါးနံပါတ် 9861 ကို သွားလိုက်…"


ကျန်းဖျင်စစ်၏ ညွှန်ကြားမှုအောက်တွင် လူတိုင်းသည် လမ်းကို အကြိမ်ကြိမ် စူးစမ်းခဲ့ကြပြီး သင်္ချာဝင်္ကပါတစ်ခုလုံးရှိ လမ်းဆုံလမ်းခွအရေအတွက်က မရေမတွင်နိုင်အောင် များပြားလှသည်။ ယွဲ့ရှင်းဝမ်တစ်ယောက်တည်းပင် လမ်းဆုံလမ်းခွရှစ်ခုရှိခဲ့ပြီး ကျန်းဖျင်စစ်က တကယ် အမှားမလုပ်ဘူးဟု စိတ်ကူးကြည့်ရန် ခက်ခဲလှသည်။ 


ဒီအတိုင်းဆက်ပြီး စူးစမ်းနေမယ်ဆိုရင် မကြာခင်မှာ လမ်းဆုံလမ်းခွအားလုံးကို စစ်ဆေးနိုင်လိမ့်မယ်ဟု ထင်မိသည်။ သို့သော် ယွဲ့ရှင်းဝမ် စုဆောင်းထားသော အမြွှာသုဒ္ဓကိန်းကတ်များက အရေအတွက် 30 ပြည့်သွားသောအခါ သုတေသနအဖွဲ့ chat channel တွင် လျှိုကျောက်ချင်းထံမှ message တစ်ခု ရုတ်တရက် ပေါ်လာသည်။

"Holy shit! ငါ အခန်းတစ်ခုတည်းဝင်လိုက်တာ ဓာတ်လှေကားပေါ်လာတယ်… အတက်အဆင်းခလုတ်တွေရှိတယ်…"


စက္ကန့်အနည်းငယ်အကြာတွင် ခယ်ရှောင်ပင်းကလည်း message ပို့လာသည်။

"ငါ တံခါးနံပါတ် 24189 ကို ဝင်သွားတာ အထဲမှာလည်း ဓာတ်လှေကားရှိနေတယ်…"


ဓာတ်လှေကားက အတက်အဆင်းလုပ်နိုင်တာလား?


ယွဲ့ရှင်းဝမ်: "ဒီဝင်္ကပါက အနည်းဆုံးအလွှာသုံးလွှာ ရှိနေမလား?"


ကျန်းဖျင်စစ်: "ငါထင်ထားတာကြာပြီ… သင်တန်းရဲ့ဖော်ပြချက်က ဒါကို သုံးဖက်မြင်ဝင်္ကပါတစ်ခုလို့ ပြောထားတယ်… ဝင်္ကပါထဲမှာ လမ်းဆုံလမ်းခွတွေ ဘယ်လောက်ပဲရှိနေပါစေ အမှတ်အသားပြုဖို့နဲ့ ဖြည်းဖြည်းချင်း စူးစမ်းဖို့ မခက်ခဲဘူး… သုံးဖက်မြင်ဝင်္ကပါရဲ့ ခက်ခဲမှုက နှစ်ဆတိုးလာလိမ့်မယ်…"


ယွဲ့ရှင်းဝမ်က စိတ်ပူသွားသည်။

"သုံးဖက်မြင်ဝင်္ကပါဆိုရင် မင်းရဲ့တွက်ချက်မှုကလည်း နှစ်ဆတိုးသွားမှာ မဟုတ်ဘူးလား?"


ကျန်းဖျင်စစ်: "ရတယ်… အရင်ဆုံးပြန်လာလိုက်… အပေါ်ထပ်ကို မတက်ခင် ဒီအထပ်မှာရှိတဲ့ အမြွှာသုဒ္ဓကိန်းနံပါတ်တွေကို ငါတို့စုဆောင်းရမယ်…"


အပိုမေးခွန်းကို ဖြေချင်ရင် အမြွှာသုဒ္ဓကိန်းနံပါတ်များအားလုံးကို စုဆောင်းပြီး ဝင်္ကပါ၏အခန်းအားလုံးကို စူးစမ်းရမည်။ သူတို့သုံးဦးသည် ရှုပ်ထွေးနေပြီး တောင်နှင့် မြောက်တောင် မပြောနိုင်သော်လည်း ကျန်းဖျင်စစ်၏ တည်ငြိမ်ပြီး ပြတ်သားသော ညွှန်ကြားချက်ကြောင့် သူတို့အား ယုံကြည်မှုအပြည့်ရှိစေခဲ့သည်။


ကြယ်ရောင်ကောင်းကင်ကြီးလို ကျယ်ပြောလှသော ဒီဝင်္ကပါထဲတွင် သူသည် သူ့အဖွဲ့ဝင်များအတွက် ‌လမ်းကြောင်းလေးခု၏ များပြားလှသောနံပါတ်အတွဲများထဲမှ အမြွှာသုဒ္ဓကိန်းနံပါတ်နှစ်ခုကို တစ်ပြိုင်နက်တည်း တွက်ချက်ရုံသာမက သူ့အဖွဲ့ဝင်များသည် တံခါးများကိုတွန်းလိုက်၊ စူးစမ်းလိုက်၊ ပြန်လာလိုက် ထပ်ခါတလဲလဲဖြစ်စဉ်တွင် လမ်းမပျောက်သွားစေဖို့ သူသေချာပြုလုပ်ရန်လည်း လိုအပ်သည်။ 


ဒီလိုခက်ခဲသော ညွှန်ကြားမှုကို အခြားအဖွဲ့တွေက တွေးတောင်မတွေးရဲလောက်ကြပေ။


သို့သော် ကျန်းဖျင်စစ် သေချာပေါက် လုပ်နိုင်လိမ့်မည်ဟု ယွဲ့ရှင်းဝမ် ယုံကြည်ခဲ့သည်။


#TK