Chapter 41
Viewers 4k

Volume 3 : သင်္ချာဌာန


Chapter 41 (သုဒ္ဓကိန်းများဝင်္ကပါ ဇာတ်သိမ်း)


သင်္ချာဌာန၏ ‘သုဒ္ဓကိန်းများဝင်္ကပါ’သင်တန်းမှ သုတေသနအဖွဲ့တစ်ဖွဲ့လုံး၏ အဖွဲ့ဝင်လေးဦးသည် စုစုပေါင်းအမှတ် 585 မှတ်အထိ ရရှိခဲ့ပြီး ယခင်က ‘နှလုံးသွေးကြောဆိုင်ရာလူနာဆောင်’ထက် ပိုမိုများပြားပြီး ဒီလောက်များပြားသော အမှတ်များကိုရရန် တစ်နာရီခွဲသာ ကြာမြင့်ခဲ့သည်။ 


‘နှလုံးသွေးကြောဆိုင်ရာလူနာဆောင်’တွင် လူသတ်သမားကို ရှာဖွေတာနှင့် မကောင်းဆိုးရွားများကို 5 ရက်ကြာ တိုက်ခိုက်ရသည့် စိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံကို တွေးကြည့်လျှင် ဤတစ်ကြိမ်မှာ တစ်နာရီခွဲတွင်း အမှတ် 585 မှတ်ရခဲ့တာက တကယ်ကို လွယ်ကူသည်။


ယွဲ့ရှင်းဝမ်က စိတ်လှုပ်ရှားနေပြီး တစ်ဖက်သို့လှည့်ကာ ကျန်းဖျင်စစ်ကို ပွေ့ဖက်လိုက်သည်။

"အမှတ်ပြည့်ပဲ! မင်းက အရမ်းတော်တာပဲ! ငါတို့ သုံးယောက်က ဟိုသွားဒီသွားလုပ်ရတာကလွဲရင် ဘာမှမပိုဘဲ အမှတ် 585 မှတ်ရတယ်ဆိုတော့ အရမ်းအဆင်ပြေတာပဲ!"


လျှိုကျောက်ချင်းက သက်ပြင်းချသည်။

"ဒါက ငါတို့အတွက် အမှတ်ရဖို့ အလွယ်ဆုံးအချိန် ဖြစ်နိုင်တယ် မဟုတ်လား? အဖွဲ့ထဲ ထိပ်တန်းကျောင်းသားတစ်ယောက်ရှိတာ plug-in လိုပဲ…"


ခယ်ရှောင်ပင်းလည်း လေးနက်စွာ ဆိုသည်။

"ငါ ဂဏန်းတွက်စက်ကို အသုံးပြုရင်တောင် ဖျင်စစ်ရဲ့ စိတ်တွက်ကို ယှဉ်နိုင်မယ်မထင်ဘူး…"


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်သည် သင်္ချာဘာသာရပ်တွင် အလွန်ကောင်းမွန်ကြောင်း အမြဲသိခဲ့သည်။ အထက်တန်းကျောင်းတုန်းက ကျန်းဖျင်စစ်သည် သင်္ချာစာမေးပွဲတိုင်း အမှတ်ပြည့်ရခဲ့သည်။ သူတို့အတန်းထဲက သင်္ချာဆရာသည် ကျန်းဖျင်စစ်၏ စာရွက်ကို မေးခွန်းတစ်ခုအတွက် စံအဖြေအဖြစ် တိုက်ရိုက်အသုံးပြုရမယ်လို့ ဆိုခဲ့သည်။


တက္ကသိုလ်ကို ရောက်သောအခါ ကျန်းဖျင်စစ်က ပိုလို့တောင် အစွမ်းထက်လာသည်။ ဤတစ်ကြိမ်တွင် ဝင်္ကပါသည် သင်္ချာဆိုင်ရာ လုပ်ဆောင်ချက်များနှင့် သုံးဖက်မြင် ဂျီဩမေတြီပုံသဏ္ဌာန် ခွဲခြမ်းစိတ်ဖြာမှုကို ပေါင်းစပ်ထားသည်။ ကျန်းဖျင်စစ်သာမရှိရင် သူတို့သည် 1 နာရီခွဲအတွင်း ထွက်သွားဖို့ မဆိုထားနှင့် 4 နာရီအတွင်းတောင် သူတို့လမ်းကို ရှာတွေ့မှာမဟုတ်ပေ။


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်၏ပခုံးကို ညင်သာစွာပုတ်ပြီး ပြောလိုက်သည်။

"သူရဲကောင်းကြီး၊ မင်း ဒီတစ်ခေါက် အလုပ်ကြိုးစားခဲ့တယ်…"


ကျန်းဖျင်စစ်: "ရပါတယ်… အပန်းမကြီးပါဘူး…"


ပထမသင်တန်းတက်ပြီးနောက် စာကြည့်တိုက်ရှိအချိန်က မနက် 10 နာရီရှိနေသည်။ ယွဲ့ရှင်းဝမ်က နံရံပေါ်ရှိ နာရီကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"အိပ်ဆောင်ကို အရင်သွားရအောင်… စီနီယာအစ်ကိုကျိုဖုန်းနဲ့ အခြားသူတွေက ဆေးပညာဌာနမှာ စာမေးပွဲပြန်ဖြေနေတာဆိုတော့ မကြာခင် ထွက်လာလောက်ပြီ…"


သူတို့ လေးယောက် ထွက်သွားတော့ သင်္ချာဌာန၏ ခန်းမကို ပြန်ရောက်သွားခဲ့သည်။ ကျောင်းသားအများအပြားက အတန်းချိန်ဇယား၏ screen ကြီးအောက်တွင် စုရုံးနေကြသည်။ ကျောင်းသားများ အားလုံးက မျက်မှောင်ကြုတ်ကာ သင်္ချာဌာန၏စာမေးပွဲကို ဘယ်လိုဖြေရမလဲ မသိဘူး ဖြစ်နေသည်။


ယွဲ့ရှင်းဝမ်က စိတ်ရှုပ်နေသော အတန်းဖော်များကို ကြည့်ကာ ခေါင်းငုံ့ပြီး တွေးတောနေသည်။ ထို့နောက် သူက ကျန်းဖျင်စစ်၏နားနားသို့ကပ်ကာ တိုးတိုးပြောလိုက်သည်။

"ဒီသင်္ချာဌာနရဲ့ ‘သုဒ္ဓကိန်းများဝင်္ကပါ’က ကျရှုံးမှုနှုန်းက 65% တောင်ရှိတယ်… ကျောင်းသားတော်တော်များများအတွက် ခက်ခဲပုံပဲ… မင်းစိတ်မရှိရင် ငါတို့ရဲ့ရှင်းလင်းရေးဗျူဟာကို လူတိုင်းကိုမျှဝေပြီး ကူညီပေးလိုက်ပါလား?"


ကျန်းဖျင်စစ်က ရိုးရှင်းစွာ သဘောတူခဲ့သည်။

"ကောင်းပြီ… ငါပြန်သွားပြီး ငါ့အတွေးတွေကို စုစည်းလိုက်မယ်…"


သူတို့ စာမေးပွဲအောင်ပြီး သူတို့အနောက်က ကျောင်းသားတွေကို နည်းဗျူဟာမျှဝေခြင်းက သူတို့၏စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုမရှိဘဲ တက္ကသိုလ်ရှိ စီနီယာတော်တော်များများက သူတို့၏ အတွေ့အကြုံကို မျှဝေကြပြီး သူတို့၏ဂျူနီယာများကို ပြန်လည်သုံးသပ်သည့် စာရွက်စာတမ်းများ ပေးကြသလိုပဲဖြစ်သည်။


ယွဲ့ရှင်းဝမ်သည် ကျောင်းရှိ စီနီယာအများအပြား၏ အကူအညီကို ရရှိထားပြီး သူကိုယ်တိုင်လည်း ဖိုရမ်တွင် မကြာခဏ အချက်အလက်များ မျှဝေလေ့ရှိသည်။


ကျန်းဖျင်စစ်က ဒီလိုမလုပ်ဖူးပေမယ့် ယခုအခါတွင် စာကြည့်တိုက်သည် လက်တွေ့နှင့်မတူဘဲ အကယ်၍ သူတို့တွေ သင်တန်းကျရှုံးပြီး ပြန်လည်ဖြေဆို၍ ပြန်ကျပါက သေရလိမ့်မည်! ယွဲ့ရှင်းဝမ် တက္ကသိုလ်မဟာမိတ်ဖွဲ့ရန် တောင်းဆိုလာကတည်းက ကျန်းဖျင်စစ်သည် သူနှင့် လိုလိုလားလား ပူးပေါင်းကာ သူတို့အနောက်ကကျောင်းသားများ စာမေးပွဲကို ပိုမိုလွယ်ကူစွာ ကျော်ဖြတ်နိုင်စေရန် သူ၏အတွေ့အကြုံကို မျှဝေလိုစိတ်ရှိခဲ့သည်။ 


နှစ်ယောက်သား အိပ်ဆောင်သို့ ပြန်ခဲ့ကြပြီး ကျန်းဖျင်စစ်က ဝင်္ကပါမြေပုံကို စတင်အဖြေထုတ်ခဲ့သည်။


သူသည် အပေါ်ထပ်၊ အလယ်ထပ်နှင့် အောက်ထပ်ရှိ မြေပုံများကို ပြန်လည်ရေးဆွဲကာ ဓာတ်ပုံများရိုက်ပြီး အိပ်ဆောင်ရှိ တက်ဘလက်ကွန်ပျူတာဖြင့် တင်ကာ ဖိုရမ်တွင် ပို့စ်တင်ခဲ့သည်——


[သင်္ချာဌာန ‘သုဒ္ဓကိန်းများဝင်္ကပါ’သင်တန်း၏ ရှင်းလင်းရေးနည်းဗျူဟာ]


ကျန်းဖျင်စစ်၏ ဗျူဟာပို့စ်သည် ဖိုရမ်နှင့်အတူ ပါလာသော အနက်ရောင် ‘Song’ပုံစံကို အသုံးပြု၍ အလွန်တိကျသည်။ သင်္ချာပုစ္ဆာတစ်ခုလိုပင် သူသည် အဓိကအမှတ်အနည်းငယ်ကို ရိုးရိုးရှင်းရှင်း ဖော်ပြခဲ့သည်။


1. အပိုမေးခွန်းများ မဖြေဘဲ ရမှတ် 60 ဖြင့် စာမေးပွဲကို မည်သို့အောင်မြင်အောင် လုပ်ရမည်နည်း။


သုဒ္ဓကိန်းများဝင်္ကပါက သုံးဖက်မြင်ဖွဲ့စည်းပုံဖြစ်ပါတယ်။ ဝင်္ကပါထဲကို ဝင်သွားပြီးရင် အခန်းအတွင်းက နံပါတ်အားလုံးကို လျစ်လျူရှုလို့ရတယ်။ နံပါတ်တွေက သုဒ္ဓကိန်းဟုတ်၊မဟုတ်ကို တွက်ချန်ရန် မလိုအပ်ဘဲ တံခါးပေါ်မှာရှိတဲ့ နံပါတ်တွေကို ရိုးရှင်းစွာအသုံးပြုပြီး ကိုယ်သွားမယ့်လမ်းကြောင်းတစ်ခုဆွဲပါ။ မင်းက ပထမဆုံး တည့်တည့်သွားနိုင်ပြီး လမ်းဆုံးကို တွေ့တဲ့အခါ အနောက်ကို တစ်ခန်းပြီးတစ်ခန်း ပြန်သွားပါ။ မင်း အရင်ဆုံး ညာဘက်သွား၊ ပြီးရင် ဘယ်ဘက်သွား၊ ပြီးရင် ဒီအထပ်ကနေ အပေါ်/အောက်ကို သွားနိုင်တဲ့ ဓာတ်လှေကားကို တတ်နိုင်သမျှ မြန်မြန်ရှာပါ။ 


ဝင်္ကပါရဲ့ အပေါ်ထပ်နဲ့ အောက်ထပ်က 7x7 ဖြစ်ပြီး စုစုပေါင်း အခန်း 49 ခန်းရှိတယ်။ စာရွက်ပေါ်မှာ အလျားလိုက် 7 ခုနဲ့ ဒေါင်လိုက် 7 ခုနဲ့ စုစုပေါင်း စတုရန်း 49 ခုကို ဆွဲပါ။ ဘယ်ဦးတည်ချက်ကိုမဆို အဆုံးအထိ တည့်တည့်သွားပြီး ညာ/ဘယ်ကို ပြန်လှည့်ပြီးတော့ အဆုံးအထိ တည့်တည့်ဆက်သွားပါ။ တစ်နည်းဆိုရရင် ‘I’ပုံသဏ္ဌာန် လမ်းကြောင်းကိုလျှောက်ပြီး အဲဒီအချိန်မှာ မင်းက အခန်း 49 ခန်းရဲ့ ထောင့်မှာ ရှိနေပါလိမ့်မယ်… ပြီးနောက် ‘S’ပုံသဏ္ဌာန် လမ်းကြောင်းအတိုင်း သွားပြီး လမ်းကြောင်းတွေကို ထပ်ခါတလဲလဲ သွားစရာမလိုသလို လမ်းပျောက်မှာလည်း မဟုတ်ဘူး။


ဓာတ်လှေကားကိုရှာပြီးနောက် ဝင်္ကပါထဲက ထွက်ပါ။ ဒီသင်တန်းပြီးသွားတဲ့အခါ ရမှတ် 60 နဲ့ အောင်ပါလိမ့်မယ်။


ဝင်္ကပါရဲ့အသေးစိတ် အထပ်သုံးထပ်မြေပုံ၊ သုံးဖက်မြင်ဂရပ်ဖစ်နဲ့ ဝင်္ကပါလမ်းကြောင်းမြေပုံကို ကိုးကားဖို့အတွက် ပူးတွဲဖော်ပြထားပါတယ်။ နောက်စာမေးပွဲတွေမှာ ဝင်္ကပါအတွင်းပိုင်းမှာ အပြောင်းအလဲတချို့ရှိနိုင်ပြီး နံပါတ်တွေကို ကျိန်းသေပေါက် ပြောင်းလဲမှာဖြစ်ပေမယ့် အလုံးစုံဖွဲ့စည်းပုံနဲ့ စာမေးပွဲကို အောင်နိုင်မယ့် နည်းလမ်းကတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး။


2. အပိုမေးခွန်းများ ဖြေဆိုလိုသော အဖွဲ့များအတွက် စာမေးပွဲကို မည်သို့ဖြေဆိုရမည်နည်း။ 


အပိုမေးခွန်းက အမြွှာသုဒ္ဓကိန်းအားလုံးကို စုဆောင်းရန် လိုအပ်တာကြောင့် ဝင်္ကပါထဲက အခန်းအားလုံးကို ရှာဖွေပြီး နံပါတ်တစ်ခုစီက သုဒ္ဓကိန်းဟုတ်၊မဟုတ် တွက်ချက်ဖို့ လိုအပ်ပါတယ်။ နောက်ဆုံးဂဏန်း 1/3/7/9 က သုဒ္ဓကိန်းဖြစ်နိုင်ခြေ ပိုများပြီး နောက်ဆုံးဂဏန်း 0/2/4/5/6/8 ကိုတော့ တိုက်ရိုက်ဖယ်ထုတ်ထားပါတယ်။


① နံပါတ်တစ်ခုကို 3 ဖြင့် စား၍ပြတ်တယ်ဆိုတာ လျင်မြန်စွာ ဆုံးဖြတ်ခြင်း; မူလနံပါတ်တစ်ခုလုံးရဲ့ ဂဏန်းတစ်ခုစီကို ပေါင်းပြီး ရလာတဲ့နံပါတ်ကို 3 ဖြင့် စား၍ ပြတ်ရင် မူလနံပါတ်ကလည်း 3 ဖြင့် စား၍ပြတ်ပါတယ်။ ဥပမာအားဖြင့် နံပါတ် 185337 ကို 1+8+5+3+3+7 = 27 အဖြစ် တိုက်ရိုက်တွက်ချက်နိုင်ပြီး ၎င်းနံပါတ် 27 ကို 3 ဖြင့် စား၍ပြတ်တာကြောင့် 185337 ကလည်း 3 ဖြင့် စား၍ပြတ်ပါတယ်။ ဒါကြောင့် အဲဒီနံပါတ်က သုဒ္ဓကိန်းမဟုတ်ပါဘူး။


② နံပါတ်တစ်ခုကို 7၊ 11 နှင့် 13 ဖြင့် စား၍ပြတ်တယ်ဆိုတာ လျင်မြန်စွာ ဆုံးဖြတ်ခြင်း; သင်က ‘နောက်ဆုံးဂဏန်းသုံးလုံး’နည်းလမ်းကို အသုံးပြုနိုင်သည်။ နောက်ဆုံးဂဏန်းသုံးလုံးနှင့် ပထမဆုံးဂဏန်းသုံးလုံးကို နုတ်လိုက်ပါ(နုတ်တဲ့အခါ positive နံပါတ်ပဲ ထွက်ရမှာဖြစ်တာကြောင့် ကြီးတာက ငယ်တာကို နုတ်ရပါမယ်)။ နုတ်၍ရလာသော နံပါတ်ကို 7၊ 11 နှင့် 13 ဖြင့် စား၍ပြတ်ပါက မူလနံပါတ်ကိုလည်း 7 ၊ 11 နှင့် 13 ဖြင့် စား၍ပြတ်နိုင်ပါတယ်။


ဥပမာ: 939911 ကို 939–911=28 အဖြစ် တွက်ချက်လိုက်ပါက ၎င်း 28 ကို 7 ဖြင့် စား၍ပြတ်တာကြောင့် 939911 ကိုလည်း 7 ဖြင့် စား၍ပြတ်ပါတယ်။ 


နောက်ထပ်ဥပမာ: 124371 ကို 371–124=247 အဖြစ် တွက်ချက်လိုက်ပါက 237 ကို 13 စား၍ပြတ်တာကြောင့် ၎င်း 124371 ကိုလည်း 13 ဖြင့် စား၍ပြတ်ပါတယ်။


အပေါ်ကနည်းလမ်းနှစ်ခုလုံးက ဂဏန်းအရေအတွက်ကို လျှော့ချဖို့နဲ့ သင်္ချာတွက်ချက်ရာမှာ ရိုးရှင်းစေဖို့ဖြစ်ပါတယ်။ 


သက်သေပြချက်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။


နံပါတ်တစ်ခုကို abcdef ထားလိုက်ပါ။


abcdef

= abc x 1000 + def

= abc x 1001 – abc + def

= abc x 7 x 13 x 11 – (abc – def)


‘abc – def’ ကို 7/11/13 ဖြင့် စား၍ပြတ်သောအခါ abcdef ကို 7/11/13 ဖြင့် စား၍ပြတ်ပါတယ်…


[TK မှ ပြန်ရှင်းပြချက် : abcdef ကို 939911 အဖြစ် မှတ်ယူလိုက်ပါ။

အပေါ်မှာ သက်သေပြထားတဲ့အတိုင်း abcdef နေရာမှာ 939911 ထည့်လိုက်ပါ။ abc အနောက်မှာ 1000 ထည့်မြှောက်ရတာက c ဂဏန်းက ထောင်ဂဏန်းနေရာမှာရှိနေပြီး def ကို ခွဲထုတ်ချင်တာကြောင့်ပါ။


939911 

= 939 x 1000 + 911

= 939 x 1001 – 939 + 911

= 939 x 7 x 13 x 11 – (939 – 911)

*နောက်ပြန် ပြန်တွက်မယ်*

= 939 x 1001 – 28 

= 939939 – 28

= 939911 (မူလအဖြေပြန်ရတာကြောင့် သက်သေပြချက်က မှန်ကန်ပါတယ်)


(939 ရဲ့ အနောက်က x 1000 ကနေ ဘာလို့ x 1001 – 939 ဖြစ်သွားလည်း မသိရင် 939 x 1001 ကို မြှောက်ပြီး – 939 ကို နုတ်လိုက်ရင် 939 x 1000 ပြန်ရပါတယ်။)]


ဒါကို မြင်တော့ ယွဲ့ရှင်းဝမ်ဟာ ခေါင်းကိုက်လာတာကြောင့် စဉ်းစားရန် လက်လျှော့လိုက်လိုက်ပြီး နောက်ဆက်တွဲ အကြောင်းအရာများကို သူ့လက်ချောင်းများနဲ့ ဆွဲပွတ်လိုက်တော့သည်။


သင်္ချာဆိုတာ တကယ်ကို အံ့သြစရာကောင်းတဲ့ ဘာသာရပ်တစ်ခုပဲဖြစ်သည်။


ကျန်းဖျင်စစ်၏ဗျူဟာက လေးနက်ခိုင်မာပြီး လူတိုင်းကို ဘာလုပ်ရမလဲဆိုတာ ပြောပြရုံသာမက ‘ဘာကြောင့်ဒီလိုလုပ်ရတယ်’ဆိုတာကိုပါ ဖော်ပြထားသည်။ သိပ္ပံကျောင်းသားများအတွက် ဒါက ဘာအခက်အခဲမှ မရှိနိုင်ပေမယ့် ဝိဇ္ဇာကျောင်းသားများအတွက်တော့ တကယ်ကို ခေါင်းမူးစေသည်။


ကျန်းဖျင်စစ်သည် ဗျူဟာကို တင်ပြီးနောက် တုံ့ပြန်မှု အရေအတွက်က ချက်ချင်း မြင့်တက်လာသည်။


ဝိဇ္ဇာဘာသာရပ်တွင် အဓိကသင်ကြားနေသော ကျောင်းသားများက ဒီလို comment များ ရေးလာသည်: "ရွှယ်ပ(ထိပ်တန်းကျောင်းသား/စာတော်သူ)၊ ငါ့အခန်းဖော်က မင်းရဲ့ဗျူဟာကိုကြည့်ပြီး ငါဘာလို့ ဒူးထောက်နေရတာလဲလို့ မေးနေတယ်!"


"သင်္ချာဌာနရဲ့ ဗျူဟာပို့စ်ကို ကြည့်ဖို့ ငါဘယ်လိုလုပ်များ ယုံကြည်မှုရှိရတာလဲ? ငါ့မျက်လုံးငါထိုးဖောက်ချင်တယ်!"


"ငါ့မျက်လုံးတွေက နားလည်တယ်လို့ ပြောနေပေမယ့် ငါ့ဦးနှောက်ကတော့ နားမလည်ဘူးလို့ပြောနေတယ်!"


"ဝိဇ္ဇာဘာသာရပ်က ကျောင်းသား‌တွေ၊ မင်းတို့ ဘယ်လိုထင်ကြလဲ? သင်္ချာဌာနရဲ့သင်တန်းအတွက် အောင်ဖို့က ကောင်းမွန်နေပြီမို့ ငါတို့တွေ ပထမမေးခွန်းကိုပဲ ဖတ်လို့ရမလား? ဒီစီနီယာအစ်ကိုက မြေပုံတောင် ဆွဲပြထားသေးတယ်… ပထမမေးခွန်းကတော့ အတော်လေး နားလည်ရလွယ်ကူပေမယ့် ဒုတိယမေးခွန်းကတော့… ငါ တောင်းပန်ပါတယ်၊ ငါကျော်သွားပြီ…"


"အပေါ်မေးခွန်းကတော့ ဟုတ်ပါပြီ၊ အပိုမေးခွန်းကလား? ငါတို့တွေ အတွေးလွန်နေပြီ… အပိုမေးခွန်းမလုပ်တော့ဘဲ နံပါတ်တွေအားလုံးကို လျစ်လျူရှုပြီး ဝင်္ကပါကနေ ရိုးရှင်းစွာထွက်ပြီးတော့ အမွှေးတိုင်ပူဇော်ပေးပါ့မယ်!"


သိပ္ပံကျောင်းသားတော်တော်များများက ပို့စ်ကိုဖတ်ပြီးနောက် သူတို့၏အတွေးတွေ ရှင်းလင်းလာခဲ့ပြီး ဗျူဟာကို စတင်ရေးသားခဲ့သော ကျန်းဖျင်စစ်ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ကြပြီး ပို့စ်ထဲမှာ fanboy၊ fangirl အများအပြားက ကျန်းဖျင်စစ်ကို ဝန်ခံခဲ့ကြသည်။ 


Reply များစွာက ရောထွေးနေကြသည်:

"စီနီယာအစ်ကိုက အရမ်းချောတယ်!"


"ရွှယ်ပ မွ!!!!"


"နတ်ဘုရားလေး၊ နင့်မှာ လက်ပါးစေ လိုသေးလား?"


ယွဲ့ရှင်းဝမ်က စာများကို ဖတ်ပြီးရယ်ကာ ကျန်းဖျင်စစ်ကို ပြန်ကြည့်ပြီး သူ့ကိုစနောက်လိုက်သည်။

"မင်း ဒီဗျူဟာကို တင်လိုက်တာနဲ့ စာကြည့်တိုက်မှာ fan အမြောက်အများရရှိလိမ့်မယ်လို့ ငါခန့်မှန်းမိခဲ့ပြီး မင်းကို ဝန်ခံတဲ့ reply ဒါဇင်ပေါင်းများစွာကို ငါတွေ့ခဲ့ပြီးပြီ…"


ကျန်းဖျင်စစ်က ပေါ့ပေါ့ပါးပါး ပြောသည်။

"မင်းအတွက်ကြောင့်သာ မဟုတ်ရင် ငါ ဒီဗျူဟာကို ရေးမှာမဟုတ်ဘူး…"


သူက ကြင်နာတတ်သောလူမဟုတ်သော်လည်း ယွဲ့ရှင်းဝမ်၏တောင်ဆိုမှုကို သူဘယ်သောအခါမှ မငြင်းဆန်ဘူး။ ရှင်းဝမ်က သူ့ကိုကူညီဖို့ တောင်းဆိုတိုင်း သူကူညီလိမ့်မည်။ အကယ်၍ ယွဲ့ရှင်းဝမ်သာ မပြောလာပါက သူက ဒီဗျူဟာကို တက်ကြွစွာတင်ရန် အချိန်ဖြုန်းမည်မဟုတ်ပါ။


ကျန်းဖျင်စစ်က အေးစက်ပြီး ဂရုမစိုက်တတ်သော စရိုင်လက္ခဏာရှိကြောင်း ယွဲ့ရှင်းဝမ်သိသည်။ ဒီစကားကိုကြားသောအခါ သူက ပြုံးပြီး ကျန်းဖျင်စစ်နှင့် ဘေးချင်းကပ်ထိုင်ကာ ပြောလေသည်။

"လူတချို့က မင်းရဲ့ဗျူဟာပို့စ်ကို နားမလည်နိုင်ပေမယ့် ကျောင်းသားအများကြီးကလည်း အဲဒီကနေ လေ့လာနိုင်တယ်လေ… ပထမမေးခွန်းပဲ နားလည်တယ်ဆိုရင်တောင် အနည်းဆုံးတော့ ဝင်္ကပါထဲကနေ ချောချောမွေ့မွေ့ ထွက်လာနိုင်ပြီး အမှတ် 60 နဲ့ စာမေးပွဲအောင်သွားနိုင်ပါတယ်…"


သူက ကျန်းဖျင်စစ်ကိုကြည့်ရန် သူ့ခေါင်းကို လှည့်လိုက်ပြီး ချိုသာစွာဆိုသည်။

"ဖျင်စစ်၊ ဒီဗျူဟာက မင်းအတွက် လက်ချောင်းလေးမပြီး ရေးလိုက်ရုံပဲဆိုပေမယ့် သုဒ္ဓကိန်းများဝင်္ကပါကို မအောင်မြင်နိုင်တဲ့ သုတေသနအဖွဲ့တွေအများကြီးအတွက် အချိန်ကိုက် မိုးရွာသလိုပဲလေ…"


ယွဲ့ရှင်းဝမ်၏အမူအရာက လေးနက်လာပြီး ဆက်ပြောသည်။

"ငါက စပ်စုပြီး အရမ်းကြင်နာတတ်တယ်လို့ မထင်လိုက်နဲ့… စာကြည့်တိုက်ရဲ့ပတ်ဝန်းကျင်က အရမ်းရက်စက်လွန်းပြီး အခုလေးတင် သင်္ချာဌာနရဲ့ ခန်းမထဲက အချိန်ဇယားအောက်မှာ မိန်းကလေးတော်တော်များများက စိုးရိမ်တကြီးနဲ့ ငိုနေကြတယ်… သုဒ္ဓကိန်းများဝင်္ကပါက မင်းအတွက် လွယ်တယ်‌ဆိုပေမယ့် သင်္ချာမကျွမ်းကျင်တဲ့ ကျောင်းသားတော်တော်များများအတွက်တော့ ကောင်းကောင်းအိပ်ပျော်နိုင်မှာမဟုတ်သလို ကျတောင်ကျသွားနိုင်တယ်… ငါတို့လည်း တတ်နိုင်သမျှ ကူညီကြတာပေါ့… မင်းဘယ်လိုထင်လဲ?"


သူက လူတွေကို အလေးအနက်ထား ပြောဆိုတိုင်း ထိုလူတွေကို အမြဲတမ်း ‌ဆွဲဆောင်နိုင်သည်။


ကျန်းဖျင်စစ်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကြွတက်လာသည်။

"အင်း… မင်းပြောတာ ငါနားထောင်မယ်… နောက်သင်တန်းတွေမှာလည်း ငါတို့တွေ ဗျူဟာတွေကို စုစည်းပြီး သူတို့ကို ကိုးကားချက်ပေးနိုင်တယ်…"

သူ့ဘေးနားက ယွဲ့ရှင်းဝမ်ကို ကြည့်လိုက်တော့ သူ့အကြည့်တွေက တဖြည်းဖြည်း ပျော့ပျောင်းလာသည်။

"မင်းက အခြားသူတွေကို ကူညီရတာက အမြဲသဘောကျတယ်… စာကြည့်တိုက်က မင်းကြောင့် အခက်အခဲတွေ အများကြီး လျော့သွားပြီ…"


လူတိုင်းကို ထိန်းချုပ်ရန်နှင့် အတန်းဖော်များ အချင်းချင်း တိုက်ခိုက်ခြင်းမှ တားဆီးရန် ကျောင်းသားသဘောတူညီချက်ကို ရေးဆွဲရန်ဖြစ်စေ၊ သို့မဟုတ် နောက်ပိုင်းစာမေးပွဲများအတွက် ကျောင်းသားများအား ကိုးကားဖွယ်ရာ ဗျူဟာများ ပေးပို့ရန် အစပျိုးလုပ်ဆောင်ရန်ဖြစ်စေ…


ယွဲ့ရှင်းဝမ်၏ ချဉ်းကပ်မှုတိုင်းက ကျောင်းသားများကို အကူအညီဖြစ်စေခဲ့သည်။


သူက စာကြည့်တိုက်တစ်ခုလုံး၏ အငွေ့အသက်ကို သဟဇာတဖြစ်အောင် နွေးထွေးစေခဲ့သူဖြစ်သည်။


မူလက မှောင်မိုက်ပြီး စိတ်လှုပ်ရှားစရာ လွတ်မြောက်ခြင်းဂိမ်းသည် “ကျောင်းသားများ အတူတကွ ကြိုးစားလုပ်ဆောင်ခြင်း”ဆိုင်ရာ တက္ကသိုလ်နောက်ဆုံးစာမေးပွဲအဖြစ် ပြောင်းလဲသွားသည်။


ယနေ့ဖိုရမ်တွင် reply ပြန်ချက်များအရ အတန်းဖော်အများစုသည် ပေါ့ပေါ့ပါးပါးနှင့် ရယ်မောကာ တုံ့ပြန်ကြတာကို တွေ့မြင်ရပြီး တချို့က ကျောင်းဖိုရမ်တွင် လေပေါခြင်းနှင့် စကားစမြည်ပြောဆိုခြင်းကဲ့သို့ ပို့စ်အောက်တွင် ကျန်းဖျင်စစ်ကိုတောင် flirt နေကြသည်။ မနေ့က အက်စစ်ဖြင့်ပတ်မှုကြောင့် ကြီးမားသော အခြေအတင် စကားများ ရန်ဖြစ်မှုများနှင့် နှိုင်းယှဉ်ပါ့ စာကြည့်တိုက်ရှိ ဖိုရမ်က တဖြည်းဖြည်း ပိုမိုတက်ကြွကာ နွေးထွေးလာသည်။


ယွဲ့ရှင်းဝမ်က ချီးမွှမ်းခံရတာကြောင့် ရှက်သွားပြီး ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်သည်။

"ငါ့ကို အမြင့်ဆီမတွန်းတင်ပါနဲ့… ငါက ငါတတ်နိုင်သလောက် လုပ်နေတာ… ဒီတစ်ခေါက် ဝင်္ကပါမှာတော့ မင်းကို ကျေးဇူးတင်ရမယ်… မင်းဆွဲထားတဲ့ မြေပုံက ဘာကိုဆိုသလဲဆိုတာ အခုမှ ငါနားလည်သွားတယ်… ဒါက အရမ်းမိုက်တယ်! ငါကိုယ်တိုင်သာ ခွဲခြမ်းစိတ်ဖြာရမယ်ဆိုရင် 7x7 စတုရန်းတွေဆိုတာ ငါမတွေးနိုင်ဘံ မူးနေလိမ့်မယ်…"


ကျန်းဖျင်စစ်က နူးညံ့စွာ ပြောခဲ့သည်။

"ငါ့ရဲ့အမြင်အာရုံအကွာအဝေးနဲ့ တွက်ချက်ခြင်းစွမ်းရည်က မင်းထက် ပိုကောင်းပေမယ့် မင်းရဲ့အပြောအဆိုစွမ်းရည်နဲ့ ဗဟုသုတက ငါ့ထက် အများကြီး ပိုကောင်းပါတယ်… လူတိုင်းမှာ အားသာချက်ကိုယ်စီရှိကြတာမို့ သင်္ချာမှာ ငါနဲ့မယှဉ်နိုင်တာကို မင်းရှက်နေစရာမလိုပါဘူး…"


ယွဲ့ရှင်းဝမ်က မျက်ခုံးပင့်ကာ ပြောလိုက်သည်။

"ငါက ဘာလို့ရှက်ရမှာလဲ? မင်းနဲ့သာဆိုရင် နောင်အခါ သင်္ချာနဲ့ပတ်သက်ပြီး ဘာပဲလာလာ ငါတွေးတောဖို့ လက်လျှော့လိုက်မယ်!"


နှစ်ယောက်သား အပြန်အလှန် ပြုံးပြကြသည်။


ဖိုရမ်တွင် ကျန်းဖျင်စစ်၏ ပို့စ်က လျှင်မြန်စွာ ရေပန်းစားလာခဲ့သည်။


ယွဲ့ရှင်းဝမ် ပြောသည့်အတိုင်း ဤဗျူဟာပို့စ်သည် ပူပြင်းသောနွေရာသီတွင် ဒုတိယထပ်ရှိ သင်္ချာဌာန၌ ပိတ်မိနေသောသုတေသနအဖွဲ့များအတွက် အချိန်နှင့်တစ်ပြေးညီ မိုးရွာလာသကဲ့သို့ပင် ဖြစ်ခဲ့သည်။ အကယ်၍ သူတို့သည် အပိုမေးခွန်းများကို မဖြေချင်ဘဲ စာမေးပွဲအောင်ချင်ပါက ကျန်းဖျင်စစ်၏နည်းလမ်းကို လိုက်နာပြီး ဝင်္ကပါကိုလမ်းလျှောက်ရုံပဲ ဖြစ်သည်။ ဝိဇ္ဇာဘာသာရပ်မှ ကျောင်းသားလေးယောက်ပါဝင်သည့် အဖွဲ့တစ်ဖွဲ့ပင်လျှင် အမှတ် 60 ဖြင့် စာမေးပွဲကိုအောင်နိုင်ပါသည်။ တွက်ချက်ခြင်းစွမ်းရည် ကျွမ်းကျင်သော ကျောင်းသားများက အပိုမေးခွန်းများဖြေဆိုရန် ကြိုးစားနိုင်ပြီး ကျန်းဖျင်စစ်က သူတို့အတွက် တွက်ချက်ခြင်းနည်းလမ်းများစွာကို စာရင်းပြုစုထားသည်။


ကျေးဇူးတင်ကြောင်း message များ ပိုများလာကာ တချို့သောကျောင်းသားများက ကျန်းဖျင်စစ်၏နာမည်ကို မှတ်မိကြပြီး သင်္ချာဌာန၏ ဒဏ္ဍာရီလာနတ်ဘုရားဖြစ်သော ကျန်းဖျင်စစ်အား လေးစားကြောင်း ဖော်ပြကြသည်။


ကျန်းဖျင်စစ်က message များကို တစ်ချက်ကြည့်ပြီး ဖိုရမ်ကို ပိတ်လိုက်သည်။


ဒါဟာ သူကြီးပြင်းလာကတည်းက သူ့အတွေ့အကြုံကို အခြားအတန်းဖော်တွေနဲ့ ပထမဆုံးအကြိမ် ဝေမျှခဲ့တာဖြစ်သည်။


အထက်တန်းကျောင်းသုံးနှစ်တွင် သူသည် အလွန်အေးစက်လွန်းတာကြောင့် သူ့ထံမှ မှတ်စုများကို မည်သူမျှ မငှားရဲကြပေ။ တက္ကသိုလ်ရောက်သောအခါ သူသည် ယွဲ့ရှင်းဝမ်နှင့် ရံဖန်ရံခါ self-study လေ့လာခြင်းမှလွဲ၍ သူ့အတန်းဖော်များနှင့် ဆက်ဆံရခဲသည်။ 


ဗျူဟာပို့စ်ကို တင်ပြီးနောက် ကျန်းဖျင်စစ်သည် reply ထောင်ပေါင်းများစွာတွင် "ကျေးဇူးတင်ပါတယ်" အများအပြားကို တွေ့လိုက်ရသောအခါ ရုတ်တရက် စိတ်ထဲတစ်မျိုးခံစားလိုက်ရသည်။ ယွဲ့ရှင်းဝမ်က ဦးနှောက်ခြောက်တာ၊ အလုပ်များတာတွေကို နှစ်သက်သည်ဟု သူထင်ခဲ့ဖူးသော်လည်း ယခုအခါတွင် ရှင်းဝမ်သာ သူကြုံတွေ့နေရသည့် ဘယ်လိုကမ္ဘာမျိုးမဆို စိတ်ကောင်းထားပြီး ကရုဏာနှင့် ဖြူစင်သောနှလုံးသားကို ထိန်းသိမ်းထားနိုင်မှန်း သူတွေ့ရှိခဲ့သည်။ 


ဒီလိုလူမျိုးတွေက အရှားပါးဆုံးပဲဖြစ်သည်။ 


ကျန်းဖျင်စစ်က သူ့ကိုယ်သူ စိုက်ကြည့်နေတာကိုမြင်တော့ ယွဲ့ရှင်းဝမ်က မနေနိုင်ဘဲ တွေးဆသည်။

"ဘာဖြစ်လို့လဲ? ငါ တစ်ခုခုများ အမှားပြောမိလိုက်လို့လား?"


ကျန်းဖျင်စစ်က နူးညံ့စွာ ပြုံးပြသည်။

"မင်းပြောတာ အားလုံးမှန်တယ်…"


ယွဲ့ရှင်းဝမ်က ‘ငါ အခု မင်းကို အားကိုးမယ်နော်’ဆိုသည့် ဂုဏ်ယူသောအမူအရာဖြင့် တစ်ဖက်လူ၏ ပခုံးကို လက်ဖြင့် ပုတ်လိုက်သည်။ ခဏလောက် တိတ်သွားပြီးနောက် သူက ရုပ်တည်တည်ဖြင့် ပြောလာသည်။

"ဒီနေ့နေ့လယ်က စိတ်ကြိုက်သင်တန်းကိုတော့ ကျော်လိုက်ရအောင်… အတန်းအချိန်ဇယားကိုကြည့်ပြီး ငါ‌ခေါင်းကိုက်တယ်… ဒါကြောင့် မသင်မနေရသင်တန်းတွေကိုပဲ ငါတို့ အရင်ဆုံး အောင်ဖို့လိုတယ်…"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်လိုက်သည်။

"အင်း… ဒီနေ့လယ် အိပ်ဆောင်မှာပဲ အနားယူမယ်… မနက်ဖြန် မနက် 8 နာရီမှာ သင်္ချာဌာနရဲ့ နောက်ထပ်မသင်မနေရသင်တန်း ‘သေခြင်းကုဒ်’ရှိမယ်… အဲဒီအတန်းကိုပဲ ငါတို့တိုက်ရိုက်သွားကြရအောင်…" 


ယွဲ့ရှင်းဝမ်က တွေးဆသည်။

"သေခြင်းကုဒ်လား? နာမည်ကို နားထောင်ရတာ ကျိုးကြောင်းဆင်ခြင်တဲ့ အတန်းတစ်ခုနဲ့တူသလိုပဲ…"


ကျန်းဖျင်စစ်က မှန်းဆလေသည်။

"ဒါက နံပါတ်တွေနဲ့ ပတ်သတ်နေတဲ့ သည်းထိတ်ရင်ဖိုကိစ္စတစ်ခု ဖြစ်နိုင်တယ်…"


နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တော့ ယွဲ့ရှင်းဝမ်က ပြုံးကာ ပြောသည်။

"ဒါက ကျိုးကြောင်းဆင်ခြင်တဲ့ အတန်းတစ်ခုဆိုရင် ငါကူညီနိုင်သေးတယ်… အချိန်ကျလာရင် ငါတို့တွေ အချင်းချင်း အကြံဉာဏ်ပေးကြပြီး သင်တန်းကို အတူတကွကျော်ဖြတ်ပြီးတော့ ငါ့အဘိဓာန်ကို အဆင့်မြင့်ဖို့ အမှတ်များများရအောင် ကြိုးစားရမယ်!"


#TK