အပိုင်း ၁
Viewers 605

တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့

 

အပိုင်း ၁.၁

 

 

 

မသေခင် အခိုက်အတန့်လေးမှာ ကျန်းယွီတစ်ယောက် ဒီဘဝကို နောက်ကြောင်း ပြန်ကြည့်လိုက်မိသည်။ သူမဘဝမှာ ကံဆိုးမိုးမှောင်အကျဆုံးလို့ ဆိုရမယ့်အဖြစ်ဆိုးမှာ ဆင်းရဲသောမိသားစုတွင် မွေးဖွားလာသောကြောင့် မဟုတ်ခဲ့ပေ..။

 

 

သူမ၏ သိမ်ငယ်တတ်မှု၊ သူရဲဘောကြောင်နိုင်မှုတို့နှင့်အတူ ဒီလိုဘဝပေးအခြေအနေ ဆိုးရွားခဲ့သောကြောင့် သူမကို သူ့အချစ်ဦးနေရာမှာ အစားထိုးရုံမျှသာ အသုံးချခဲ့သည့် သူဌေးဒုတိယမျိုးဆက် ငတိတစ်ယောက်နဲ့ လက်ထပ်ဖြစ်ခဲ့ပေသည်။ လက်ထပ်ပြီးသည့်တိုင် သူ့လူပြန်လာသည်နှင့် သူမကို အတောမသတ်နိုင်သော အရှက်ခွဲမှုများ၊ နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည့် အလကားလူပေ။

 

 

ထိုအရာသည် သူမဘဝ၏ အကြီးမားဆုံးသော ကျရှုံးခြင်းပေတည်း..

 

 

နောက်ပိုင်းတွင်တော့ အလွန်တရာ စိတ်ပျက်စရာကောင်းသောအခြေအနေများစွာဖြင့် သူမသေဆုံးခဲ့ရပေသည်။ ထိုစဉ် မျက်လုံးများကို မှိတ်နေရာမှ ဖွင့်မိလိုက်သောအခါ စိတ်ဓာတ်ကျခြင်းများနှင့်သာ ပြည့်နှက်နေသော ၁၇အရွယ်သို့ ပြန်ရောက်နေကြောင်း သိလိုက်ရသည်။

 

 

ယခုလို ဘဝကိုအသစ်တစ်ဖန်ပြန်စနိုင်ခြင်းဆိုသည့် အခွင့်အရေးမှာ လူတိုင်းအတွက် မဟုတ်ခဲ့ပေ..။

 

 

ထိုအချိန်မှာပဲ ကျန်းယွီတစ်ယောက် သူမ၏တံခါးအရှေ့တွင် မတ်တပ်ရပ်လိုက်မိသည်။ သူမ၏အိမ်သည် ထုန်းကျီလို လမ်းကြားထဲတွင်ရှိသည့် ၁၉၈၀ခုနှစ်များက အိမ်ဟောင်းလေးတစ်ခုပင်..။  များမကြာမှီ ပြိုကျတော့မည့် အိမ်တစ်ခုလည်း ဖြစ်ပေသည်။

 

 

သို့သော်ငြားလည်း အိမ်စျေးမြင့်တက်သွားသောအခြေအနေနှင့် ကြုံကြိုက်ရသည့် ကံကောင်းခြင်းမျိုးကို သူမ၏အရင်ဘဝတွင် မကြုံခဲ့ရပေ။

 

 

ထိုစဉ် ဒီနေ့သည် သူမ၏အဒေါ်ဖြစ်သူမှ အတန်းပညာမပြည့်စုံသည့်အမေ့အား ယွမ်၅၀၀၀ဖြင့် အပေါင်စာချုပ်ကို လိမ်လည်လက်မှတ်ထိုးခိုင်းရန် အိမ်ရောက်လာသည့်နေ့ ဖြစ်နေခဲ့ပေသည်။

 

 

သူတစ်ပါး၏အတင်းအဖျင်းအား စပ်စုရန်ရောက်နေကြသော အိမ်နီးချင်းတစ်အုပ်ကလည်း အိမ်ပေါက်ဝတွင် ရှိနေသည်ပင်။

 

 

“ဘာတွေအဲ့လောက်ကြည့်နေတာလဲ? မြန်မြန် လက်မှတ်သာထိုးလိုက်စမ်းပါ။ နင်က တက္ကသိုလ်မတက်ခဲ့ရတော့ ဖတ်လည်းဒါမျိုးတွေကို နားလည်မှာမဟုတ်ပါဘူး”

 

 

ကိုးရိုးကားရားနိုင်သော ဖက်ရှင်နှင့်အတူ ဒူးနားတွင် ဘေးခွဲထားသောစကတ်ကို ဝတ်ဆင်ထားသည့် အဒေါ်သည် အမေအား လိမ်ညာဖြီးဖြန်းနေလေသည်။

 

 

“အရမ်းကြီးတွေးမနေနဲ့။ နောက်စာသင်နှစ်အတွက် နင့်သမီးကျောင်းစရိတ်က ယွမ်၅၀၀၀တောင် လိုနေသေးတာမဟုတ်ဘူးလား? ငါတို့ညီအမဆက်ဆံရေးသာ ရှိမနေရင် ငါက ဒီကိုတကူးတကြီးလာပြီး ပိုက်ဆံလာပေးနေပါ့မလား?”

 

 

ကျန်းယွီ၏ အမေသည် တွန့်ဆုတ်စွာဖြင့် “သတ်မှတ်ချက်တွေက ဘာတွေလဲ.. ငါသေချာကြည့်လို့ရမလား.. ဘာပဲဖြစ်ဖြစ် အိမ်ကိုအပေါင်ထားဖို့ဆိုတာ အတော်ကြီးလေးတဲ့ကိစ္စပဲလေ”

 

 

“အမလေး အရပ်ကတို့ရေ ကြည့်ကြပါဦးတော်.. ကျွန်မက သူတို့သားအမိကို ပိုက်ဆံပေးဖို့ ရောက်လာတယ်။ အဲ့ဒါကို ကျွန်မကပဲ သူလိုမုဆိုးမတစ်ယောက်ကို နားလည်ပါးရိုက်လုပ်နေတယ်ဆိုတဲ့ စကားတွေနဲ့ ပြန်ပက်နေတာ! လွန်လွန်းအားကြီးတာပဲ.. ကောင်းပြီလေ ဒီလိုလူဆိုးဇတ်သွင်းပြီး ငါ့ကိုမလိုအပ်ဘူးဆိုမှတော့ လှည့်ပြန်ရုံပဲရှိတော့တာပေါ့!”

 

 

ပြောရင်းဆိုရင်းပင် အဒေါ်သည် အပေါင်စာရွက်များကို အမေ့လက်ထဲမှဆွဲယူပြီး ထွက်သွားရန် လှည့်လိုက်သည်။

 

 

ကျောင်းစရိတ်ရမည့် အခွင့်အရေးဆုံးရှုံးမည်ကို စိုးရိမ်သောကြောင့် အမေသည် သူမအား တားလိုက်မိသည်။

 

 

သို့သော်ငြားလည်း ကျန်းယွီမှ အခန်းထဲကို အချိန်မှီရောက်လာမိပြီး သူမအမေကိုတားကာ “အလျင်စလိုတွေလုပ်ဖို့မလိုပါဘူး” ဟု ပြောလိုက်သည်။

 

 

အမေက သူမအား တားမည်ဖြစ်ကြောင်းကို အဒေါ်သည် သေချာပေါက်သိနေသူပင်။

 

 

မှန်ပါသည်..။ သူတော်စင်ပင် ပိုက်ဆံနှင့် ပတ်သတ်လာလျှင် တိမ်းညွတ်ရသည် မဟုတ်ပါဘူးလား။ ယွမ် ၅၀၀၀သာ မရှိလျှင် ကျန်းယွီ ဒုတိယပညာသင်နှစ်ကို ဆက်တက်နိုင်လိမ့်မည်မဟုတ်ဘဲ ကျောင်းထွက်ရပေလိမ့်မည်။

 

 

အဒေါ်ပြန်ထွက်ရန် ဖိနပ်ချွတ်သည့်နားရောက်သည့်အချိန်အထိ သူမတို့သားအမိနှစ်ယောက်လုံး တိတ်ဆိတ်နေမိသည်။

 

 

အဒေါ်လည်း မတင်မကျဖြစ်စွာဖြင့် အနောက်ကိုပြန်လှည့်ကြည့်လိုက်သောအခါ သူမအားတားမည့်အရိပ်အယောင်သည် သားအမိနှစ်ယောက်စလုံးတွင် မရှိနေကြောင်း တွေ့လိုက်ရသဖြင့် မျက်မှောင်ကျုံ့စွာပင် နောက်ပြန်လှည့်လာလေသည်။

 

 

“အော်! နင်တို့က မိသားစုအချင်းချင်းတောင် ယုံကြည်မှုလေးတစ်စက်မှ ရှိမနေဘူးပဲ!”

 

 

ကျန်းယွီသည် သရော်ပြုံးပြုံးကာ “ဘာလဲ? အန်တီကပြန်တော့မှာမဟုတ်ဘူးလား?”

 

 

“ညည်း ကျောင်းစရိတ်လိုနေတယ်ဆိုတာသာ ငါမသိရင် ငါ့မှာညည်းတို့အိမ်ကို လာစရာအကြောင်းရှိလို့လား? တွေ့လား အရပ်ကတို့ရေ… အခုခေတ်များတော့ ကိုယ်ကပိုက်ဆံချေးမယ်ဆိုရင်တောင် ကြုံရာလူချေးလို့မရတော့ဘူး.. ချေးရမယ့်လူက ဘယ်သူလဲ သေချာကြည့်မှရတော့မယ်”

 

 

အကြောင်းအရင်း ခိုင်ခိုင်လုံလုံမသိဘဲ သူများအတင်းအဖျင်းသာ စိတ်ဝင်စားကြသော အိမ်နီးချင်းများကတော့ စတင်၍ တစ်ယောက်တစ်ပေါက်ပြောကာ ပွါးကြတော့သည်။

 

 

“ဟုတ်တယ်လေ။ ကိုယ့်ဆွေမျိုးအရင်းအချာက ကိုယ့်ကိုပိုက်ဆံနဲ့ ပတ်သတ်ပြီး ကူညီပေးတာ ဘယ်လောက်ကောင်းလိုက်လေသလဲ”

 

 

“ဒီလိုတာဝန်ကျေတဲ့ဆွေမျိုး,မျိုး လိုချင်လှပါတယ်ဆိုရင်တောင် ဘယ်မှာသွားရှာမလဲပြော”

 

 

“လက်မှတ်သာ မြန်မြန်ထိုးလိုက်ပါတော့! ဇာချဲ့နေတာမကောင်းဘူး။ မိုးပေါ်ကနေ ပိုက်ဆံကျလာသလိုကြီးကို”

 

 

အတော်အာရုံနောက်စရာကောင်းလှသော အိမ်နီးချင်းတစ်အုပ်အား ကျန်းယွီ မျက်စောင်းဖြင့်ကြည့်ကာ သရော်ပြုံးလေးဖြင့် ထပ်ပြောလိုက်မိသည်။

 

 

“ဒီလို ပိုက်ဆံတွေ မိုးပေါ်ကကျလာတဲ့ အခွင့်အရေးကောင်းကြီးကို သိပ်အားကျနေကြမှတော့ ကိုယ်တိုင်ပဲဝင်ရင်းနှီးမြှုပ်နှံလိုက်ကြပါလား? ကိုယ့်စာရွက်စာတမ်းလေးတွေသွားယူလိုက်လေ.. ဘယ်သူ့ကိုမှမတားပါဘူး!”

 

 

အိမ်နီးချင်းများလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ နှုတ်ဆိတ်သွားကြသည်။

 

 

“ငါ့တူမ! ညည်းဘယ်လိုတောင် ပြောလိုက်တာလဲ? ငါသာညည်းအမေ မုဆိုးမအတွက် မတွေးပေးဘူးဆိုရင် ညည်းကိုကူညီမှာတောင်မဟုတ်ဘူး သိရဲ့လား?!”

 

 

ထို့နောက် အမေ့လက်ကို လှမ်းဆွဲကာ ထိုကိစ္စရပ်သည် မည်မျှကောင်းကြောင်း၊ သူမအား မည်မျှပိုက်ဆံပေးမည်ဖြစ်ကြောင်း အစရှိသည့်ဖြင့် စီကာပတ်ကုံးအကျယ်ချဲ့၍ ပြောလေသည်။

 

 

“ငါက တက္ကသိုလ်တက်ခဲ့တဲ့လူပါ.. နင့်ကိုလိမ်မလား? နင်ကရင်းနှီးမြှုပ်နှံမှုအကြောင်းတွေ ဘာမှသိတာမဟုတ်ပါဘူး။ ဒီအတိုင်း ဒီကိစ္စကို ငါ့သာအပ်ထားလိုက်”

 

 

အဒေါ်သည် သိပ္ပံနှင့်နည်းပညာကျောင်းဆင်းတစ်ဦးဖြစ်သည်။ သူမအမေအပေါ် အမြဲတမ်းတင်စီးနေသည့် အကြောင်းအရင်းလည်းဖြစ်သလို အဒေါ်၏ဂုဏ်အယူရဆုံးအရာတစ်ခုလည်း ဖြစ်ပေသည်။ သူမတက္ကသိုလ်တက်ခဲ့သည်ဆိုသည့်အကြောင်းကိုလည်း မကြာခဏ ကြွားလုံးထုတ်တတ်သူပင်။

 

 

အမေသည် သူမမိသားစု၏ အကြီးဆုံးသမီးဖြစ်ကာ အမေ့၏ အမှတ်များသည် အလွန်တရာမှ ကောင်းမွန်ခဲ့သည်။ သို့သော် ငယ်စဉ်ကတည်းက အိမ်တွင်အလိုလိုက်ခံထားရသောအဒေါ်သည် အမြဲငိုယိုကာ ဗိုလ်ကျတတ်လေသည်။ ထ်ို့​အပြင် မိဘများကလည်း အရာအားလုံး အဒေါ့်အားဦးစားပေးရန် အမေ့ကို အမြဲတမ်း ဖိအားပေးခဲ့သည်ပင်။

 

 

ဤသို့ဖြင့် အဒေါ့်ကောင်းမှုကြောင့် အမေသည် တက္ကသိုလ်တက်ရန် အခွင့်အရေးအား လက်လွှတ်ဆုံးရှုံးခံခဲ့ရကာ အလုပ်သာထွက်လုပ်ခဲ့ရတော့သည်။

 

 

အချိန်ကာလအတော်ကြာအောင် အဖျော်ယမကာဆိုင်တွင် စားပွဲထိုးလုပ်ခဲ့ရသော အမေ့တွင် သူမ၏ချောမောလှပမှုကြောင့် အခက်အခဲများ ကြုံခဲ့ရသည်မှာလည်း နည်းနည်းနောနောပင် မဟုတ်ချေ။

 

 

တစ်ဖက်တွင်တော့ တက္ကသိုလ်တက်ခွင့်ရခဲ့သော အဒေါ်သည် သိပ္ပံနှင့်နည်းပညာကျောင်းဆင်းဖြစ်ခဲ့ပြီး စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးနှင့် အိမ်ထောင်ပြုခဲ့သည်။ သူမ၏ ယောင်္ကျားသည် အတိုင်းအတာတစ်ခုအထိ စည်းစိမ်ဥစ္စာကြွယ်ဝသူဖြစ်သော်ငြားလည်း သူမကတော့ ကျန်းယွီတို့မိသားစုတွင်ရှိသော အရာများကို အမြဲတစေ မျက်စောင်းထိုးကာ တပ်မက်နေခဲ့လေသည်။

 

 

အဘယ်ကြောင့်ဆိုသော် သူမတို့ညီအစ်မနှစ်ဦး ငယ်စဉ်ကတည်းက မိသားစုတစ်ခုတွင် အကြီးမှအငယ်ကို စောင့်ရှောက်ရမည်ဆိုသည့် အယူအဆကို မိဘများက ခေါင်းထဲ ရိုက်သွင်းပေးခဲ့သောကြောင့်ပင်။

 

 

ဒီလိုဖြင့် သူမအမေဆီမှ နှစ်ပေါင်းများစွာ ပိုက်ဆံရခဲ့သည်တိုင်အောင် ယခုတွင်လည်း ပြေးကြည့်လျှင်တောင် သားအမိ၂ယောက်လုံး၏ ပိုင်ဆိုင်သမျှအကုန်ဖြစ်သော အိမ်လေးကိုပင်မချန်ဘဲ လိမ်လည်လှည့်ဖျားချင်နေသေး၏။

 

 

ကျန်းယွီ ဒီတစ်ကြိမ်တွင်တော့ အဒေါ့်အကြံတွေကို အောင်မြင်ခွင့်ပေးတော့မည် မဟုတ်ပါ။

 

 

အဒေါ့်၏ အဓိပ္ပာယ်မရှိသောစကားများကို နားထောင်မနေတော့ဘဲ ရင်းနှီးမြှုပ်နှံခြင်းစာချုပ်ဆိုသောအရာအား မျက်ထောင့်ဖြင့်လှမ်းကြည့်၍ စားပွဲပေါ်မှ ဆတ်ခနဲဆွဲယူလိုက်သည်..

 

 

“ရီရတယ်နော်”

 

 

မထင်မှတ်ထားသောစကားကြောင့် လူတိုင်းတိတ်ဆိတ်သွားကာ ကျန်းယွီကို မယုံနိုင်စွာကြည့်လိုက်ကြသည်။

 

 

“ကျန်းယွီ ညည်းဘာပြောတာလဲ”

 

 

ကျန်းယွီသည် မေးကိုပင့်လိုက်ကာ အေးစက်စက်အသံဖြင့်“အန်တီ.. တကယ်ပဲ အမေ့ကိုပညာမတတ်ဘူးဆိုပြီး အထင်သေးလို့ ဒီလိုမျိုး အွန်လိုင်းပေါ်က မဟုတ်ကဟုတ်က စာချူပ်လေးတစ်ခုကို ဒေါင်းလုတ်ဆွဲလာတယ်ပေါ့? အမေ့အိမ်ကနေ အမေ့ကိုပြန်နှင်ထုတ်ဖို့လေ!”

 

 

“ညည်း…”

 

 

အဒေါ်မှပြာပြာသလဲလေသံဖြင့် ဟန့်လိုက်သည်။

 

 

“ညည်း ဘာအဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ? ဘယ်သူပြောလဲ ဒါတွေက အွန်လိုင်းကဒေါင်းလုတ်ဆွဲလာတယ်ဆိုတာ?! ဒါငါ့ရဲ့ရင်းနှီးမြှုပ်နှံမှုစာချုပ်တွေ။ ပါဝင်သူ A ဘက်ကတောင် လက်မှတ်ထိုးထားတာ! ငါကိုယ်တိုင်လည်း လက်မှတ်ထိုးထားတာပဲ!”

 

 

ကျန်းယွီသည်လည်း စာချုပ်ကိုအလျင်အမြန်ကောက်ကိုင်လိုက်ပြီး အဒေါ့်ဆီတည့်တည့်လျှောက်သွားကာ စာချုပ်အောက်ခြေတွင်ရှိနေသော watermark (မူပိုင်အမှတ်အသား) အား လက်ဖြင့်ထိုးပြလိုက်လေသည်။

 

 

“အန်တီရယ်.. နောက်တစ်ခါ သူများကိုလိမ်ချင်တယ်ဆိုရင်လည်း အောက်က watermark ကိုအရင်ဖျက်ဖို့တော့ သတိထားပါဦးလား။ ကျွန်မတို့က မိသားစုဖြစ်နေလို့သာ တော်သေးတာပေါ့။ သူများကို ဒီလိုသွားလုပ်ကြည့်ပါလား.. အဲ့ကျရင် အန်တီရထားတဲ့ဘွဲ့လက်မှတ်တွေလည်း အန်တီ့ကို ဝင်ကယ်နိုင်မှာ မဟုတ်ဘူးနော်”

 

 

ထိုစကားများကို ကြားကြားချင်း အဒေါ့်မျက်နှာတစ်ခုလုံး ဒေါသများဖြင့် မွှန်ထူသွားလေသည်။

 

 

သူမ၏ ပညာရေးနောက်ခံသည် ၁၉၈၀ နှင့် ၁၉၉၀ ပြည့်နှစ်များတွင် အတော်အသင့်ကောင်းသောအရာတစ်ခုဖြစ်ခဲ့လေသည်။ ထို့ကြောင့်လည်း သူမ၏အစ်မဖြစ်သူအပေါ်ကို အမြဲတမ်းလိုလို တင်စီးကာဗိုလ်ကျနေခဲ့သည်ပင်။ သို့သော် မထင်မှတ်ထားစွာဖြင့် ယခုလို သူမ၏တူမဖြစ်သူထံမှ အထင်သေးရှုတ်ချမှုကို ခံလိုက်ရလေသည်။

 

 

အမြဲတမ်း နုံအအနှင့် ဘာမျှအဖြစ်မရှိသော တူမဖြစ်သူသည် ယနေ့ကျမှ ဒီလောက်ထိစကားကို ချက်နှင့် လက်နှင့်ပြန်ပြောနိုင်နေလေသည်။ တစ်ခြားလူတစ်ဦးပြောင်းသွားသကဲ့သို့ပင် ဖြစ်နေသောကြောင့် မယုံနိုင်စွာဖြင့်ပင် ကျန်းယွီကိုကြည့်လိုက်မိသည်။

 

 

ယခုလိုမယုံနိုင်ဖြစ်နေသည်မှာ အဒေါ်တစ်ဦးတည်းတင်မဟုတ်ဘဲ အိမ်နီးချင်းများလည်း ပါသည်ပင်။

 

 

ဒီကျန်းယွီဆိုသော ကောင်မလေးသည် အလွန်တရာမှသိမ်ငယ်တတ်သူတစ်ဦးဖြစ်သည်။ မည်မျှပင် ခက်ခဲမှုကို ရင်ဆိုင်နေရပါစေ သူတစ်ပါးနှင့် ရန်မဖြစ်၊ ငြင်းခုန်ခြင်းမရှိဘဲ သူမဘာသာအံကြိတ်၍ မျက်ရည်များကိုသုတ်ကာ ပြောမည့်စကားများကို မျိုသိပ်ထားတတ်သူပင်။

 

 

ကျန်းယွီ၏ ဒေါက်ဖြုတ်လိုက်သောစကားများကြောင့် အဒေါ်လည်း ဒေါသထွက်လာလေသည်။ စားပွဲပေါ်မှ ယွမ်၅၀၀၀အား ပြန်ယူလိုက်ကာ ပြောလိုက်၏။

 

 

“ကျောင်းလခမသွင်းနိုင်လို့ ကျောင်းထုတ်ခံရတာကိုသာ ညည်းစောင့်နေလိုက်တော့!”

 

 

ဒီလိုနှင့် အမေလည်း စိတ်ဆိုးသွားကာ “နင်ကယွမ် ၅၀၀၀လောက်အတွက်နဲ့ ငါ့အိမ်ကိုအပေါင်ခံစေချင်နေတာပေါ့! ဘယ်လိုတောင် လာလူလည်ကျနေရတာလဲ! အိမ်မက်မက်နေလိုက်!”

 

 

အဒေါ်လည်း ဒေါသအိုးပွက်ပွက်ဆူသွားကာ မျက်မှောင်ကြုံ့နေသည်မှာ သူမမျက်နှာပေါ်က ပေါင်ဒါမှုန့်ထူထူများပင် ကွာကျလာတော့မည့်အလားပင်။

 

 

“ငါ နင့်ကို ဘာမှရှင်းပြမနေတော့ဘူး ဂရုလည်းမစိုက်တော့ဘူး! ဒီလိုပညာမတတ်တဲ့ဟာ.. ဒီစီးပွါးရေးကြောင့် ငါပိုက်ဆံအများကြီးရလာတဲ့အခါကျရင် နင်ရောနင့်သမီးရောကို တစ်ပြားတစ်ချပ်တောင် ပေးမယ်မထင်နဲ့ သိလား!”

 

 

ပြောပြောဆိုဆိုပင် သူမလှည့်ထွက်သွားလေသည်။

 

 

 

 

 

တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့

 

အပိုင်း ၁.၂

 

 

 

သို့သော်ငြားလည်း အိမ်ပေါက်ဝမှ သူမထွက်မည့်အခိုက် ရဲဝတ်စုံဝတ်ထားသူ၂ဦးရောက်လာ၍ သူမအားလမ်းပိတ်လိုက်လေသည်။

 

 

“လိမ်တဲ့လူရှိနေတယ်ဆိုပြီး တိုင်ကြားစာရောက်လို့ ကျွန်တော်တို့ ရောက်လာတာပါ”

 

 

ရဲကိုမြင်သည်နှင့် အဒေါ်သည် ခြေမကိုင်မိလက်မကိုင်မိပုံစံဖြစ်လာလေသည်။ နံရံကိုမှီကာ တုန်ရီသောအသံဖြင့် မေးလိုက်၏။

 

 

“ဘယ်သူ.. ဘယ်သူက လိမ်တာလဲ? ကျွန်မအစ်မဖြစ်သူနဲ့ စီးပွါးရေးအကြောင်းပြောနေတာပါ။ ဘယ်သူရဲခေါ်လိုက်တာလဲ?!”

 

 

ကျန်းယွီလည်း တည်ငြိမ်သောလေသံဖြင့် ပြန်ပြောလိုက်သည်။

 

 

“ကျွန်မ ခေါ်လိုက်တာ”

 

 

ထို့နောက် ရဲများဘက်ကိုလှည့်၍ ထပ်ပြောလိုက်သေးသည်။

 

 

“သူမက စာရွက်စာတမ်းအတုတွေ သုံးပြီး ကျွန်မအမေကို လာလိမ်နေတာ ဒီအိမ်ကိုအပေါင်ခံခိုင်းပြီးတော့.. အသေးစိတ် အချက်အလက်တွေအတွက် သူမကိုရဲစခန်းမှာ စစ်ဆေးမေးမြန်းဖို့ အရာရှိတို့ကို ကျွန်မတောင်းဆိုချင်ပါတယ်”

 

 

ရဲများလည်း ဘာမှမေးမနေတော့ဘဲ သူမအားတိုက်ရိုက်ခေါ်သွားလေသည်။ အဒေါ်သည် အကြောက်အကန်ဖြင့်သာ ရုန်းကန်အော်ဟစ်၍ ကြွေးကြော်နေလေသည်။

 

 

“မဟုတ်ဘူး! ကျွန်မမလုပ်ဘူး! ကျွန်မ မလိမ်ပါဘူး!”

 

 

အတင်းအဓမ္မရုန်းကန်နေသောကြောင့် ရဲများလည်း ချက်ချင်းလက်ထိပ်ခတ်ကာ လူအများရှေ့မှောက်ပင် သူမအားရဲစခန်းသို့ ခေါ်ဆောင်သွားလေသည်။

 

 

ရဲတိုင်ရန်အထိ မလိုအပ်သော်ငြားလည်း အဒေါ့်အား မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးဖို့လိုခဲ့သည်ပင်။ ဒါမှလည်း နောင်တွင် သူမနှင့် သူမ၏အမေအား လက်လွတ်စပယ်အနိုင်မကျင့်ရဲတော့မည် ဖြစ်သည်။

 

 

တစ်အောင့်နေတော့ အိမ်နီးချင်းတွေလည်း လူစုခွဲလိုက်ကြပြီး အမေ့မှာလည်း သူမအိမ်လေး အလိမ်ခံလိုက်ရလုဆဲဆဲဖြစ်သွားသောကြောင့် ရင်ဘတ်ကိုဖိလျှက် သက်ပြင်းချကာ ထိုင်ချလိုက်လေသည်။

 

 

ဤအိမ်သည် သူမနှစ်ပေါင်းများစွာ အလုပ်ကြိုးစား၍ နည်းနည်းချင်းစီဖဲ့စုကာ ခက်ခက်ခဲခဲဝယ်ထားရသောအိမ်လေးဖြစ်ပေသည်။

 

 

ကျန်းယီအား နဖူးကိုတစ်ချက်တောက်လိုက်လျှက် “လူဆိုးမလေး.. အရင်က ပိတ်ရက်ဆိုရင် နည်းနည်းလေးမှတောင် အကူအညီမရတဲ့ဟာလေးက ဒီနေ့ကျမှ ဘာလို့ရုတ်တရက်ကြီး အထူးအဆန်းတွေ ထလုပ်နေတာလဲ?”

 

 

ကျန်းယွီ အမေ့အား တင်းတင်းကြပ်ကြပ် ဖက်လိုက်ပြီး ခံစားချက်များက ထိန်းချုပ်မရစွာ ပြင်းထန်နေလေသည်။

 

 

“မေမေ! မေမေ့ကိုတွေ့ရတာ အရမ်းကောင်းတာပဲ!”

 

 

အမေလည်း ကြောင်အမ်းအမ်းဖြစ်သွားကာ ကြက်သီးထလာ၍ အလျင်အမြန်ဆိုသလို သူမအား တွန်းထုတ်လိုက်သည်။

 

 

“သေတော့မှာပဲ ဒီကောင်မလေးတော့.. ဆေးတွေဘာတွေများ မှားသောက်ထားတာလား!”

 

 

ကျန်းယွီ ပြုံး၍ ထလိုက်ကာ အမေ့လက်ကိုဆွဲ၍ ခပ်ချွဲချွဲလေး ဆက်ပြောလိုက်သည်။

 

 

“မေမေ သမီးဗိုက်ဆာတယ်.. မေမေလုပ်ပေးတဲ့ ခေါက်ဆွဲစားချင်တယ်”

 

 

အမေလည်း စိတ်ထဲထူးဆန်းနေကာ တကယ်မရည်ရွယ်စွာဖြင့် တဗျစ်တောက်တောက် ပြောဆိုကျိန်းမောင်းနေလေသည်။

 

 

“ဘယ်တော့မှ စားလို့ကို မဝနိုင်ဘူး။ ဒီအဘွားကြီးက နင်ဗိုက်ဝတဲ့အထိ ကျွေးနိုင်မွေးနိုင်ဖို့ ပိုက်ဆံကို ကုန်းရုန်းပြီးရှာနေရတာပဲ”

 

 

ထိုကဲ့သို့ပြောဆိုနေပေမယ့်လည်း ချက်ချင်းပင် မီးဖိုချောင်ထဲသို့ဝင်ကာ ကျန်းယွီအတွက် ချက်ပြုတ်ပေးလေတော့သည်။

 

 

ပြောရလျှင် ယခုလိုပြန်မမွေးဖွားလာခင် အတိတ်ဘဝတွင်တော့ သူမတို့နှစ်ဦးသည် ဆက်ဆံရေးမကောင်းခဲ့ချေ။

 

 

သူမအမေ၏ နာမည်သည် ကျန်းမန့်ယီဖြစ်သည်။ သူမ၏ဂုဏ်သရေရှိလှသော နာမည်ကဲ့သို့ပင် စိတ်ကူးယဉ်ဆန်တတ်သောဓာတ်ခံလေးနှင့်အတူ မွေးဖွားလာခဲ့သူပင်။ ကံကြမ္မာက မည်သို့ပဲ ခါးသီးနေပါစေ သူမ၏ရိုးသားမှုနှင့် ပျော်ရွှင်မှုကတော့ ဘယ်သောအခါမှ ပျောက်မသွားခဲ့ပေ။

 

 

သို့သော် ဘဝတွင်တော့ အောင်မြင်သူတစ်ဦးမဟုတ်ခဲ့ချေ။ အဖျော်ယမကာဆိုင်စားပွဲထိုးတစ်ဦးဖြစ်ခဲ့သလို ယခုတွင်လည်း spa တစ်ခုတွင် အနှိပ်သမတစ်ဦးအဖြစ် အလုပ်လုပ်နေရလေသည်။

 

 

ပုံမှန်အားဖြင့် ညနောက်ကျမှ ပြန်လာရသည့်အတွက် ပတ်ဝန်းကျင်၏ အထင်အမြင်လွဲကာ ဝေဖန်မှုများကိုလည်း ခံခဲ့ရသည်ပင်။

 

 

ကျန်းယွီကိုယ်တိုင်သည်ပင် အမေ့၏အလုပ်ကို ဝေဖန်ခဲ့ဖူးသည်။ ပတ်ဝန်းကျင်၏ အတင်းအဖျင်းများနှင့် အတန်းဖော်များ၏ ကဲ့ရဲ့ရှုံ့ချမှုကို ခံခဲ့ရသောကြောင့်ပင်။

 

 

ဒီ့အပြင် အမေ့၏ရုပ်ရည်သွင်ပြင်သည် အလွန်ကိုလှပညက်ညောရုံသာမက သူမ၏အကျင့်စရိုက်သည်လည်း ရိုးရှင်း၍ ဖော်ရွှေတတ်သူတစ်ဦးဖြစ်သည်။ အမြဲလိုလို မျက်နှာပေါ်တွင် အပြုံးကိုပန်ဆင်ထားတတ်သူတစ်ဦးဖြစ်ပြီး ယောင်္ကျားအချို့သည်လည်း သူမကိုစနောက်ရတာ သဘောကျပေသည်။

 

 

ငယ်ရွယ်ပြီး မာန်မာနထောင်လွှားခဲ့သော ကျန်းယွီအဖို့ အမေဟာ ဉာဏ်နီဉာဏ်နက်များပြီး မိန်းမပျက်ဆန်သည်ဟု မကြာခဏဆိုသလို တွေးခဲ့မိလေသည်။ ဒီလိုတွေးမိခြင်းများ၏ ရလဒ်အနေဖြင့်တော့ သားအမိဆက်ဆံရေး အလွန်တင်းမာလာပြီး မကြာခဏဆိုသလို အချိန်တိုင်းလိုလိုပင် ရန်ဖြစ်အငြင်းပွါးနေလေ့ရှိခဲ့သည်သာ။

 

 

အမေ့ကို အရင့်သီးဆုံးစကားလုံးများဖြင့်လည်း ဆဲခဲ့သလို အခက်ထန်ဆုံး အသုံးအနှုန်းများဖြင့်လည်း ပြောဆိုဆက်ဆံမိခဲ့လေသည်။

 

 

ယခုလို ရင့်ကျက်လာသည့်အခါမှာတော့ အမေတစ်ယေ က် ဒီလိုအရှက်ကွဲမျက်နှာပျက်ရမှုများကို သည်းခံနေခြင်းစိတ်အား ကျန်းယွီတစ်ယောက် နားလည်လာမိသည်။ ဘဝဟာ ဤမျှလောက် မခက်ခဲ မကြမ်းတမ်းပါဘူးဆိုလျှင် ဒီလိုဖြစ်လာမည်တဲ့လား..?

 

 

ထို့နောက်တွင် အမေသည် နာမကျန်းဖြစ်ပြီး ကျန်းမာရေးချို့တဲ့မှုကြောင့် ကွယ်လွန်ခဲ့ရသည်။ ထိုအရာသည်ကား ကျန်းယွီဘဝ၏ အကြီးမားဆုံးသော သောကတစ်ခုပေတည်း။

 

 

အတိတ်ဘဝမှ ကျန်းယွီသည် တကယ့်ကို အရှုပ်ထုပ်အဆိုးအသွမ်းပင်။

 

 

ထို့ကြောင့် ယခုဘဝတွင်တော့ အမေ့ကို နည်းနည်းမျှ အထင်လွဲတော့မည်မဟုတ်ပါ.. သူမဘဝ၏ အရေးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သည့် အမေ့အား ပို၍ပင် ဂရုစိုက်စောင့်ရှောက်မည်ဖြစ်သည်။

 

 

အမေ ခေါက်ဆွဲလုပ်ပေးပြီးသည်နှင့် ကျန်းယွီတစ်ယောက် အားပါးတရယူစားလေ၏။

 

 

ကျန်းမန့်ယီသည်လည်း စိတ်မတင်မကျဖြစ်စွာဖြင့် ဆိုလိုက်သည်။

 

 

“ဖြည်းဖြည်းသာသာစားစမ်းပါ.. ဘယ်သူက လုစားမှာမို့လဲ”

 

 

“ဗိုက်ဆာလို့ပါမေမေရဲ့”

 

 

“ဘဲလေးကရမယ့်ဟာကို အစားတအားကြူးနေတာပါပဲလား။ ဘဲငန်းဝဝကြီးတွေက မပျံနိုင်ဘူးနော်.. ကချင်ရင်တောင် မကနိုင်ဘူး သိတယ်မလား။ ဒါပေမယ့် တက္ကသိုလ်တက်ရင်တော့ အစားရှောင်ဖို့ရော ဝိတ်ချဖို့ရော မလိုတော့ပါဘူး.. အဲ့ကျရင်တော့ ဘာပဲဖြစ်ဖြစ် စားလို့ရပြီ”

 

 

ထိုစကားများကို ကြားရသည်နှင့် ကျန်းယွီလည်း စားလက်စတူကို ချလိုက်မိသည်။

 

 

ဒီစကားမျိုးများကိုကြားရတာ အတိတ်က ကျန်းယွီသာဆိုလျှင် သေချာပေါက်ပင် အမေနဲ့ရန်ဖြစ်နေလောက်လေပြီ။ အမြဲတမ်းလည်း ခံစားမိခဲ့သည်က အမေသည် သူမကို သရော်ကျီစယ်ကာ သိက္ခာကျအောင် ပြောဆိုတတ်လေသည်ဟုပင်။

 

 

အတိတ်ဘဝတွင်ဖြင့် သူမဘဝ၏ အိပ်မက်ဖြစ်သော ဘဲလေးအကကို လက်လွှတ်ဆုံးရှုံးခဲ့ရသည့်အပြင် အမျိုးသားဖြစ်သူအပေါ်ကိုသာ မှီခိုအားထား၍ ရပ်တည်ရသော နွယ်ပင်လေးတစ်ခုသာ ဖြစ်ခဲ့ရသည်။

 

 

ဒီလိုတွေးကြည့်မည်ဆိုလျှင် သိက္ခာအကြောင်းပြောရန်ပင် မထိုက်တန်သူမှာ သူမပင်ဖြစ်နေပါရောလား။ အသက်ရှင်ရပ်တည်နိုင်အောင် ဘယ်လိုလုပ်ရမည်ကို မသိသည့်အပြင် ထိုအတွက်လည်း မည်သည့်အရည်အချင်းမျှ မရှိခဲ့သောသူမ ဖြစ်ခဲ့သည်ကိုး။

 

 

ထို့နောက် ကျန်းယွီသည် ပန်းကန်လုံးထဲမှ အသီးအရွက်များကို ရွေးစားလိုက်သည်။

 

 

သူမသည် ငယ်ရွယ်စဉ်ကလေးဘဝကတည်းက အက,ကလာသူတစ်ဦးဖြစ်သည့်ပီပီ ခန္ဓာကိုယ်အချိုးအစားမှာ အတော်ကိုပင် လှပပြေပျစ်ပေသည်။

 

 

စာသင်ဖူးသမျှ သက်တမ်းတစ်လျှောက်လုံးတွင် ကျန်းယွီကဲ့သို့သော သေးသွယ်ရှည်လျား၍ အပြစ်ဆိုဖွယ်တစ်ခုမှမရှိသော ခြေထောက်တစ်စုံအား မမြင်ဖူးဘူးဟု ဆရာမဆီမှလည်း မကြာခဏ ချီးကျူးခံရလေသည်။

 

 

ကျန်းယွီဆိုသည့် မိန်းမပျိုလေးမှာ စင်မြင့်ထက်၌ အတောင်ပံလေးများကို ဖြန့်ကျက်ကာ တောက်ပစွာလှပနေရမည့် ငန်းဖြူမလေးအဖြစ် မွေးဖွားလာခဲ့သည်ပင်။

 

 

ကျန်းယွီစားတာကို ကြည့်နေစဉ်မှာပင် ကျန်းမန့်ယီသည် သူ့သမီး၏ နောက်စာသင်နှစ်ကျောင်းစရိတ်အတွက် ပူပင်လာမိပြန်သည်။ ယွမ်၅၀၀၀သာ မရှိလျှင် သေချာပေါက်ကို ကျန်းယွီကျောင်းထုတ်ခံရတော့မည်။

 

 

“ဒါမှမဟုတ်လည်း အကသင်တန်းကို မသွားတော့ဘဲနဲ့ အဲ့ဒီကိုသွင်းရမယ့်ပိုက်ဆံကို ကျောင်းလခပဲ သွင်းလိုက်ရင်ရော”

 

 

“မဖြစ်ဘူး”

 

 

ကျန်းယွီ လက်မခံနိုင်စွာ ပြန်ပြောလိုက်သည်။

 

 

“သမီးကမှကို ဖြစ်မှာ”

 

 

ဒါသူမ၏ အိပ်မက်ပေတည်း။

 

 

“ဘာလုပ်ဖို့ ကမှာလဲ?”

 

 

ကျန်းမန့်ယီလည်း စိတ်ရှုပ်လာဟန်ဖြင့် ပြန်မေးလိုက်သည်။

 

 

“စာကိုပဲ သေချာကြိုးစားတာက ဘဝအတွက် အကောင်းဆုံးအရာပဲ။ အမေအခုလိုမျိုး ဒုက္ခတွေရောက်၊ ရုန်းကန်နေရတာက ပညာမတတ်ခဲ့လိုလေ။ သမီးလည်း ပညာရေးမှာ မထူးချွန်တာမျိုး ဖြစ်ခဲ့ရင် ဘယ်လိုလုပ်ရပါ့မလဲ.. အဲ့အခါကျ သူများနှပ်ချသမျှပဲ ခံနေရတော့မှာ..”

 

 

သမီးနှင့် ရန်ဖြစ်မိမှာကို စိုးရိမ်သဖြင့် စကားကိုရင့်ရင့်သီးသီး မပြောမိခင် သူမနှုတ်ဆိတ်လိုက်လေသည်။

 

 

မည်သို့ပင်ဆိုစေ ကျန်းယွီသည်လည်း သူမနှင့် ရန်မဖြစ်ချင်ပါ။ ပြန်လည်မွေးဖွားလာပြီးကတည်းက သူမသည် အမေ့ကို တဖြည်းဖြည်း နားလည်လာခဲ့လေပြီ။

 

 

ကျန်းယွီ တက္ကသိုလ်မတက်နိုင်မည်မှာ ကျန်းမန့်ယီဘဝတွင် အစိုးရိမ်ရဆုံးဖြစ်ခဲ့သည်။ ကျန်းယွီတစ်ယောက် တက္ကသိုလ်ကောင်းကောင်းတစ်ခု၌ ရှေ့နေ့ သို့မဟုတ် စာရင်းအင်းစသည့် ဘာသာရပ်တစ်ခုခုကိုတက်ရောက်ပြီး ဝင်ငွေကောင်းကောင်းရှာနိုင်ကာ ကိုယ့်ဘဝကိုယ်ထိန်းကြောင်းနိုင်သူတစ်ဦး ဖြစ်စေချင်သည်။

 

 

“မေမေစိတ်မပူပါနဲ့ သမီးအဖြေရှာမှာပါ”

 

 

ကျန်းယွီလည်း အမေ့ကို ဖြောင်းဖြလိုက်သည်။

 

 

“သမီးကျောင်းလည်းတက်မယ် အကသင်တန်းကိုလည်း ရအောင်တက်မယ်!”

 

 

“ဒီကောင်မလေးကတော့ ဘာတွေပြောနေတာလဲ?”

 

 

ထို့နောက် ကျန်းမန့်ယီသည် စိတ်ပျက်လက်ပျက်စွာဖြင့် ဆက်ပြောလိုက်သည်။

 

 

“အခုက တကယ်ကိုဆုပ်လည်းစူး စားလည်းရူးဖြစ်နေတာ.. အိမ်ကိုပေါင်ပြီးပဲ ကိစ္စတွေကို ဖြေရှင်းလိုက်ရတော့မလားပဲ”

 

 

“ဒီအိမ်က နောက်နှစ်အနည်းငယ်ကြာရင် ဖြိုချခံရတဲ့ထဲပါမှာ.. အဲ့ကျရင် မြောက်ပိုင်းမြို့က အိမ်ခြံမြေစျေးတွေက မိုးထိုးတက်ကုန်ကြမှာမေမေရဲ့။ လျော်ကြေးကလည်း ရမှာနည်းနည်းနောနောမဟုတ်ဘူး။ အဲ့ဒါကြောင့် အခုဒီအိမ်လေးကို ဆက်ထိန်းသိမ်းထားရမယ်”

 

 

ကျန်းမန့်ယီသည်လည်း သူ့သမီးတစ်ယောက် စိတ်ကူးတွေယဉ်နေသည်ဟုသာ မှတ်ယူလိုက်သည်။ ပန်းကန်များကို ဆေးကြောရင်း စကားတစ်ခွန်းကိုလည်း လှမ်းပြောလိုက်သေးသည်။

 

 

“အေး.. နင့်အိပ်မက်တွေအကုန် ဖြစ်မြောက်လာအောင် သူဌေးသာ သွားရှာပေတော့”

 

 

ကျန်းယွီလည်း ကော်ရစ်ဒါသို့ထွက်လာခဲ့ပြီး ဖုန်းကိုထုတ်လိုက်သည်။

 

 

ပြန်လည်မွေးဖွားလာကတည်းက မပျောက်ပျက်သွားဘဲကျန်ရှိနေသေးသောအရာမှာ သူမမှတ်ဉာဏ်တွေတင်မကဘဲ သူမနှင့်အတူပါလာသော သူမ၏ဖုန်းလေးသာဖြစ်သည်။

 

 

ဖုန်းထဲတွင် app တစ်ခုကလည်း ရှိနေသည်။

 

 

အပေါ်ယံဒီဇိုင်းမှာတော့ Wechat နှင့် အနည်းငယ်ဆင်တူသည်။ ထိပ်ဆုံးတွင်ရှိနေသော အက်မင်အကောင့်တစ်ခုမှ သူမအား အသံမက်ဆေ့ချ်ပို့ထားသည်ကို မြင်လိုက်ရသည်။

 

 

“ဒီဖုန်းကနေတစ်ဆင့် အနာဂတ်ကလူတွေနဲ့ ဆက်သွယ်နိုင်ပါတယ်”

 

 

“သင့်တာဝန်ကတော့ ဒီလူတွေကို နောင်တတရားတွေမရှိတော့အောင် ဖြေဖျောက်ပေးဖို့နဲ့ သူတို့ရဲ့အတိတ်ကအမှားတွေကို ပြန်လည်ပြုပြင်ပေးဖို့ပဲ ဖြစ်ပါတယ်”

 

 

“သူတို့ရဲ့နောင်တတရားတွေကို အောင်မြင်စွာ ဖြေဖျောက်ပေးနိုင်ပြီးရင်တော့ တာဝန်အရ သက်ဆိုင်ရာဆုလာဒ်များကို ရရှိမှာပဲဖြစ်ပါတယ်။ ‘လက်ခံမည်ဖြစ်ပြီး တာဝန်အသစ်တစ်ခုစတင်မည်’ ဟု ပြန်လည်စာပို့ပေးပါ။”

 

 

ဒီဟာကို မြင်မြင်ချင်း ကျန်းယွီတွေးလိုက်မိသည်ကတော့ ဒါသည် အလိမ်အညာတစ်ခုပင်။

 

 

အင်တာနက်ခေတ်မှာ ကြီးပြင်းလာသူတစ်ဦးပီပီ ယခုကဲ့သို့သော အွန်လိုင်းမှတစ်ဆင့် လိမ်လည်မှုများကို သူမအများကြီးကြုံတွေ့ခဲ့ဖူးပြီ။ ထို့ကြောင့်ပင် ဒီထူးဆန်းလှသည့် app ကို သူမယုံကြည်ဖို့ရန် မဖြစ်နိုင်ပေ။

 

 

မည်သို့ပင်ဆိုစေ.. ယခုလို ဘေးကြပ်နံကြပ်ဖြစ်နေသည့် ဘဝအခြေအနေရောက်နေလျှင် လွတ်မြောက်ရန် ကောက်ရိုးမျှင်စလေးတစ်ခုဖြစ်ဖြစ် ပေါ်လာသည့်အခါ ဆွဲယူချင်မိသည်မှာ လူတိုင်းပင်မဟုတ်ပါလား။ အလိမ်အညာဆိုလျှင်ပင် သူမကြိုးစားကြည့်မိချင်သေးသည်။

 

 

လူတိုင်းသည်လည်း အခုလိုပင် လုပ်မိကြမည် မဟုတ်ပါလား။

 

 

သူမလည်း ထိုနည်း၎င်းပင်။ ကျောင်းစရိတ်ယွမ်၅၀၀၀ကိုသာ မပေးနိုင်ခဲ့လျှင် သူမအိပ်မက်ဖြစ်သည့် ဘဲလေးအကကို စွန့်လွှတ်ရမည်ဖြစ်ပြီး သူမတစ်ဘဝလုံး ပြောင်းလဲသွားပေလိမ့်မည်။

 

 

ထို့ကြောင့်ပင် ဒီ app အား ယုံကြည်ကြည့်ရန်မှအပ တစ်ခြားမရှိတော့ပေ။

 

 

“ကျွန်မတာဝန်ကို လက်ခံတယ်” ဟူသော အသံမက်ဆေ့ချ်အား ပြန်ပို့လိုက်လေသည်။

 

 

အချိန်အတန်ကြာအောင် ပြန်စာမလာခဲ့ပေ။

 

 

ထို့ကြောင့်လည်း ကျန်းယွီ သူမကိုယ်သူမ အပြစ်တင်လာမိ၏။ ဒီလိုစိတ်ကူးယဉ်သက်သက် မဖြစ်နိုင်တာတွေကို ယုံမိရမလားဟူ၍ ကိုယ့်ကိုယ်ကိုယ် တုံးအလွန်းသည်ဟု ခံစားနေလေသည်။

 

 

သို့သော်ငြားလည်း နောက်မိနစ်၂၀ကြာသောအခါ လူတစ်ဦးသည် သူမ၏ သူငယ်ချင်းစာရင်းထဲသို့ ရောက်လာလေသည်။

 

 

App ၏ chat bar နေရာတွင် မေ့ကျိုက် ဟူသောနာမည်ဖြင့် သူငယ်ချင်းစာရင်းတွင်ပေါ်လာသည်။

 

 

မေ့ကျိုက်မှစတင်ကာ သူမအား စာပို့၍ မေးလိုက်သည်ကား “နင်ကတကယ်ပဲ ၂၀၁၄ခုနှစ်မှာ ပြန်မွေးဖွားလာတဲ့သူလား?”

 

 

ကျန်းယွီလည်း သိချင်စိတ်ကလေးပေါ်လာသဖြင့် ပြန်ဖြေလိုက်သည်။

 

 

“အင်း”

 

 

ထို့နောက်ချက်ချင်းပင် ဇွန် ၂၈၊ ၂၀၁၄ ဟုပြနေသော ပြက္ခဒိန်အား ဓာတ်ပုံရိုက်၍ ပို့ပေးလိုက်သည်။

 

 

မေ့ကျိုက်သည်လည်း ကြိုးစားကြည့်ရန် စိတ်ဆုံးဖြတ်ထားဟန်တူသည်။

 

 

“၂၀၁၄ခုနှစ်က ငါတက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် လျှောက်လွှာတင်ခဲ့ရတာပဲ။ ငါဖြစ်စေချင်တာက မင်းငါ့ကိုရှာစေချင်တယ်။ ငါက ပေချန်တက္ကသိုလ်ကိုပဲ လျှောက်သင့်ပြီး ငါ့ရဲ့စာပေအိပ်မက်တွေနောက်ပဲ လိုက်သင့်တယ်ဆိုတာရယ်၊ ငါ့ရည်းစားရဲ့စကားကိုနားထောင်ပြီး သူနဲ့အတူတူတက္ကသိုလ်တက်ရဖို့လေးနဲ့ ငါ့အမှတ်တွေကို နိမ့်ချမပစ်လိုက်ဖို့ကို ပြောပေးပါ။ ပြီးတော့ ငါလုံးဝစိတ်မဝင်စားတဲ့ စာရင်းအင်းဘာသာရပ်နဲ့ အသက်မွေးဝမ်းကြောင်းမပြုဖို့ပေါ့။ ငါတစ်သက်လုံးနောင်တရမယ့်အရာဖြစ်တာမို့ပဲ”

 

 

ဒီအမျိုးသမီးက သိပ်ကိုရိုးသားပွင့်လင်းပါလားဟု ကျန်းယွီတွေးလိုက်မိသည်။ လိမ်နေတာဆိုရင်လည်း သူမ၏ သရုပ်ဆောင်ချက်တွေက ကောင်းလွန်းလှသည်။

 

 

ဘယ်လိုပဲဖြစ်စေ သူမဘက်က ပိုက်ဆံအလိမ်မခံရအောင် သတိထားရပေမည်။ မည်သို့ပင်ဆိုစေ ကြိုးစားကြည့်ခြင်းသည် အရှုံးတော့မရှိပေ။

 

 

‘လုပ်ကြည့်တာပေါ့’

 

 

ကျန်းယွီ - “အိုခေ.. ငါ နင့်ကို ဘယ်လိုရှာရမလဲ?”

 

 

မေ့ကျိုက် - “ငါ့အချက်အလက်တွေ ပို့ပေးမယ်နော်”

 

 

မကြာမှီတွင် သူမသည် ကျန်းယွီအား သူမ၏အတိတ်အကြောင်းအသေးစိတ်နှင့်၊ ကျောင်းလိပ်စာ၊ အခန်းလိပ်စာနှင့် သူမကျောင်းတက်စဉ်က ဓာတ်ပုံများကိုပါ ပို့ပေးလိုက်သည်။

 

 

မေ့ကျိုက် - “ဒိတ်အရဆိုရင် ဒီနေ့က ဇွန်၂၈၊၂၀၁၄ မို့လို့ ကျောင်းမှာ ကျောင်းသားတွေ လျှောက်လွှာတင်ရမယ့်နေ့ပဲ၊ အခုအဲ့ဘက်မှာဘယ်အချိန်လဲ?”

 

 

ကျန်းယွီ  - “နေ့လယ်၁၂ခွဲနေပြီ”

 

 

မေ့ကျိုက် - “ဒီနေ့ နေ့လယ်မှာ ငါကျောင်းက ကွန်ပြူတာခန်းကိုသွားပြီး ဖောင်ဖြည့်လိမ့်မယ်။ အဲ့ဒီငါကို ကျေးဇူးပြုပြီး တားပေးပါ”

 

 

ကျန်းယွီလည်း အချက်အလက်များကို ရပြီးသည်နှင့် အများကြီး မစဉ်းစားတော့ဘဲ မေ့ကျိုက်၏ ကျောင်းသို့ အလျင်အမြန်သာ ထွက်လာခဲ့လိုက်တော့သည်။