အပိုင်း ၂
Viewers 606

တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့

 

အပိုင်း ၂.၁

 

 

 

မေ့ကျိုက်ကျောင်းသို့ ကားစီးသွားနေရင်းပင် ကျန်းယွီသည် ဖုန်းထဲက app ကိုဖွင့်၍ software နှင့်ပတ်သတ်သည့် အချက်အလက်အချို့ကို ရှာနေခဲ့သည်။

 

 

Page တစ်နေရာတွင်တော့ အောက်ပါ ဖော်ပြချက်တစ်ချို့ကို တွေ့လိုက်သည်။

 

 

“မပြောင်းလဲပစ်နိုင်ဘူးလို့ မင်းသိထားတယ်။ ဒီကမ္ဘာပေါ်မှာ နောင်တတရားကို ကုစားနိုင်တဲ့ ဆေးမှမရှိဘူး ဆိုကြတယ်

 

 

ဒါပေမယ့် ရှိတယ်ဆိုရင်ရော.. မင်းရဲ့အမှားတွေကို ပြုပြင်နိုင်ဖို့နဲ့ နောင်တတရားတွေကို ဖျောက်ဖျက်ပစ်နိုင်ဖို့ အချိန်တွေ နောက်ပြန်သွားလို့ရတယ်။

 

 

ကျွန်ုပ်တို့က အနာဂတ်မှ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ပြန်လည်မွေးဖွားလာတဲ့ လူတွေကို ရှာဖွေပြီး အတိတ်နဲ့ အနာဂတ်ကြားက ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးပါတယ်။ သင်တကယ်ဖြစ်ချင်တာတွေကို ရှာဖွေပြီး အနာဂတ်ကိုပြန်လည်ဖန်တီးနိုင်ဖို့ ကူညီပေးမှာပဲဖြစ်ပါတယ်။

 

 

လိုက်နာရမည့်စည်းကမ်းများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

 

 

၁ - ပြန်လည်မွေးဖွားလာသူသည် အကူအညီမတောင်းခံရပါ။ အနာဂတ်နှင့် အတိတ်ကြား အကူအညီတောင်းခံရန် စကားပြောဆို ဆွေးနွေးခြင်းများကို တွေ့ရှိခဲ့ပါက စာချုပ်ပျက်ပြယ်မည်ဖြစ်သည်။ ထို့အပြင် ပြန်လည်မွေးဖွားလာသူ၏ ဘဏ်အကောင့်ထဲမှ ငွေများသည်လည်း နှုတ်ယူခံရမည်ဖြစ်သည်။ ဘဏ်အကောင့်သည် အနှုတ်အခြေအနေသို့ ရောက်ရှိလာပါက ပြန်လည်မွေးဖွားခြင်းသည် ထာဝရပျောက်ဆုံးသွားမည်ဖြစ်သည်။

 

 

၂ - ပြန်လည်မွေးဖွားလာသူသည် ကာစတန်မာနှင့် ချစ်ကြိုက်ခြင်း လုံးဝမပြုလုပ်ရပါ။”

 

 

ကျန်းယွီ ထိုစည်းကမ်းချက်၂ခုကို သေချာကြည့်လိုက်လေသည်။ ပထမတစ်ခုသည် စည်းကမ်းချိုးဖောက်ပါက ရရှိမည့်ပြစ်ဒဏ်ကို ထင်ထင်ရှားရှားဖော်ပြထားသော်လည်း ဒုတိယတစ်ခုကမူ ပြစ်ဒဏ်ကို ပြဌာန်းထားခြင်းမရှိပေ။

 

 

ဒုတိယစည်းကမ်းချက်ကို ချိုးဖောက်မိပါက ဘာဖြစ်လာမည်ကို သူမ,မသိပါ။ သို့သော်လည်း သူမကဲ့သို့ အလုပ်ကို ကိုယ့်ကျင့်တရားရှိရှိ လုပ်မည့်သူအဖို့ ဤသည်မှာ အရေးကြီးသည်မဟုတ်။

 

 

အောက်သို့ဆက်၍ ကြည့်လိုက်သည်။ သူမကို အဆွဲဆောင်နိုင်ဆုံးသော အရာမှာ သူမရရှိနိုင်မည့် ဆုလာဒ်များပင်။

 

 

တာဝန်၏ ခက်ခဲမှုအပေါ်မူတည်၍ ပိုက်ဆံပေးချေရသလို၊ ပြန်လည်မွေးဖွားလာသူကို အကူအညီတောင်းခံသူသည်လည်း app ကိုပါ ငွေပေးချေရသည်။ သို့သော် ထိုငွေအား ၁၀ပုံပုံ၍ ပြန်လည်မွေးဖွားလာသူသည် ၈ပုံ၊ app သည် ၂ပုံ ရရှိခြင်းဖြစ်သည်။

 

 

ပြန်လည်မွေးဖွားလာသူကို ပိုမို၍ အကျိုးခံစားခွင့်ပေးသဖြင့် ဒီ app သည် အတော်အတန်တော့ အသိတရားရှိသားဟူ၍ ကျန်းယွီ တွေးလိုက်မိသည်။

 

 

တာဝန်၏ အသေးစိတ်အချက်အလက်များကို အလျင်အမြန်ပြန်ဖတ်လိုက်ပြီးသည့်နောက် ဘတ်စ်ကားသည်လည်း ပေချန်အလယ်တန်းကျောင်းမှတ်တိုင်သို့ ရောက်ရှိလာခဲ့လေသည်။

 

 

ဒီနေ့သည် အထက်တန်းကျောင်းသားများ တက္ကသိုလ်လျှောက်ဖို့ ဖောင်တင်ရန်အတွက် ပေချန်အလယ်တန်းကျောင်း၏ ကွန်ပြူတာခန်းများကို ဖွင့်ပေးသောနေ့ဖြစ်သည်။

 

 

ကျောင်းသားအများအပြားသည် မိမိတို့ရွေးချယ်ထားသော မေဂျာအသီးသီးအကြောင်းကို ဆွေးနွေးရင်း ကျောင်းဝန်းထဲသို့ စည်ကားသိုက်မြိုက်စွာ ဝင်သွားနေကြသည်။

 

 

ထိုအချိန်ထိတိုင် ကျန်းယွီသည် ဤထူးခြားလှသည့် app မှပေးသည့် တာဝန်ကို အပြည့်အဝ မယုံနိုင်သေးပေ။

 

 

သို့သော်ငြား မေ့ကျိုက်တစ်ယောက် သူမဖောင်ကို မတင်မှီ ရအောင်တားရပေမည်။ လျှောက်တွေးဖို့ပင် အချိန်မရှိလောက်အောင် အခြေအနေသည် အလျင်လိုနေသည်ပင်။

 

 

ကျန်းယွီသည် ဖောင်များကိုဖြည့်ရန် ကွန်ပြူတာခန်းထဲသို့ တန်းစီသွားနေကြသော ကျောင်းသားများကြားတွင် မေ့ကျိုက်ကို မတွေ့ခဲ့ပါ။ ထို့ကြောင့် သူမ,မလာသေးတာဖြစ်မည်ဟု ချက်ချင်းတွေးလိုက်မိသည်။

 

 

အနာဂတ်မှ မေ့ကျိုက်၏ ပြောကြားချက်အရဆိုလျှင် သူမဖောင်ကိုဖြည့်ခဲ့သည့်အချိန်မှာ နေ့လယ်၂နာရီဖြစ်သည်။ အခုမှာ ၁နာရီ ၄၀မိနစ်သာ ရှိသေး၏။

 

 

သည့်အတွက် မေ့ကျိုက်ကို ကွန်ပြူတာခန်းဆီသွားသော လှေကားစောင်းတန်းလေးနားတွင်ပင် ရပ်စောင့်နေမိလိုက်သည်။

 

 

လှေကားခွင်တွင်လည်း ဝင်လိုက်ထွက်လိုက်နှင့် ကျောင်းသား အများအပြားရှိနေသည်။ သူတို့တစ်ဦးချင်းစီ၏ မျက်နှာကို အသေအချာလိုက်ကြည့်မိသော်လည်း မေ့ကျိုက်နဲ့တူသည့်လူ တစ်ယောက်မျှ မတွေ့ချေ။

 

 

များမကြာမှီတွင်တော့ ဆံပင်ဂုပ်ဝဲလေးနှင့် အဖြူရောင်စကတ်ဝဲဝဲလေးကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်အား တွေ့လိုက်မိသည်။

 

 

သူမ၏ဘေးတွင်တော့ ဟူဒီဝတ်ဆင်ထားသည့် ကောင်လေးတစ်ဦးပင်။ ထိုကောင်လေးကြည့်ရတာ ငယ်ရွယ်၍ ချောမောလှသည်။ အမည်းရောင် ပခုံးလွယ်အိတ်နှင့် AJ ရှူးဖိနပ်ကိုဝတ်ဆင်ထားပြီး အလွန်ပင် သွက်သွက်ချာချာရှိလှသည်။

 

 

ကျန်းယွီသည်လည်း ဓာတ်ပုံထဲမှ မိန်းမချောလေးကို မြင်လျှင်မြင်ချင်း မှတ်မိလေ၏။

 

 

ထိုကောင်လေးသည်ကား မေ့ကျိုက်ကို နားပူနားဆာလုပ်နေလေသည်။

 

 

“ဘာမှတွေဝေမနေနဲ့တော့ ဟုတ်ပြီလား.. ငါတို့တွေ တက္ကသိုလ်တစ်ခုတည်းမှာ မေဂျာအတူတူယူကြမှာပဲလေ။ ငါတို့တွေဘယ်တော့မှ ဝေးရတော့မှာမဟုတ်ဘူး”

 

 

မေ့ကျိုက်ကတော့ ကြည့်ရတာ စိတ်ရှုပ်နေလေသည်။

 

 

“ဒါပေမယ့် နင်က စာရင်းအင်းကို သင်ချင်တာလေ။ ငါက အဲ့ဒါနဲ့ပတ်သတ်ပြီး ဘာမှသိတာမှမဟုတ်ဘဲ။ ငါကစာပေကို သဘောကျတာ.. အဲ့ဒါကြောင့်မို့လို့ တရုတ်ဘာသာရပ်ကို ယူချင်တယ်”

 

 

သို့သော်လည်း သူမကောင်လေးက အလျော့မပေးဘဲ ဆက်ပြောလေသည်။

 

 

“အချိန်တန်ရင် အရာအားလုံးက အဆင်ပြေချောမွေ့သွားမှာပဲလေ။ အမှတ်ပိုများတဲ့လူက အမှတ်နည်းတဲ့လူကို ပိုဦးစားပေးသင့်တာ မဟုတ်ဘူးလား။ နင်သာငါ့ထက် အမှတ်၈၀ပိုနည်းနေတာဆိုရင် နင်ရွေးတဲ့တက္ကသိုလ်ကို ငါတို့သွားမှာပေါ့”

 

 

မေ့ကျိုက်လည်း မျက်မှောင်ကြုံ့လိုက်ကာ -

 

 

“ဒါဖြင့်လည်း စာရင်းအင်းရော တရုတ်ဘာသာရပ်ရော ရှိတဲ့တက္ကသိုလ်ကို နင်ရွေးလေ”

 

 

“နန်ချန်စီးပွါးရေးတက္ကသိုလ်က ငါ့အမှတ်နဲ့ ရွေးလို့ရတဲ့ထဲမှာ အကောင်းဆုံးတစ်ခုပဲလေ။ သူ့ဆီမှာ တရုတ်ဘာသာရပ်တော့မရှိပေမယ့် အဲ့က စာရင်းအင်းဘာသာရပ်အတွက် အတန်းတွေက အရမ်းကောင်းတာ။ ပြီးတော့ နင်က တရုတ်ဘာသာရပ်ကိုယူပြီး ဘာလုပ်မှာလဲ။ ပြီးရင် ဆရာမပဲလုပ်လို့ရမှာလေ ပိုက်ဆံလည်းသိပ်ရမှာမဟုတ်ဘဲနဲ့”

 

 

“ဒါပေမယ့် ငါသဘောကျတယ်လေ”

 

 

မေ့ကျိုက်လည်း ရှက်ကိုးရှက်ကန်းလေးဖြင့် ပြန်ပြောလိုက်သည်။

 

 

“ငါကသင်္ချာမှာလည်း တော်တာမဟုတ်ဘူး။ စာရင်းအင်းကိုသာ သင်မယ်ဆိုရင် ငါအတော်လေးကို ကြိုးစားရုန်းကန်ရမှာ။ ပြီးတော့ ကျောင်းပြီးရင်လည်း ငါလုပ်ငန်းခွင်ဝင်နိုင်လောက်မှာ မဟုတ်ဘူး”

 

 

သူမကောင်လေးသည် သူမ၏ပခုံးကို တင်းတင်းဆုပ်ကိုင်ကာ သူ့ကိုယ်သူယုံကြည်မှုရှိရှိဖြင့် ဆိုလိုက်၏။

 

 

“အနာဂတ်မှာ နင်က ငါနဲ့အတူတူရှိနေမှာပဲလေ။ ငါတို့လက်ထပ်ကြတဲ့အခါ နင်ကငါ့ရဲ့ အိမ်ထောင်ရှင်မလေးဖြစ်လာမှာ။ နင်အလုပ်လုပ်ဖို့ မလိုပါဘူး။ ငါရှာကျွေးမှာပဲလေ”

 

 

မေ့ကျိုက်လည်း ရင်ထဲထိသွားကာ သူ့အားကြည့်၍ မေးလိုက်သည်။

 

 

“တကယ်ပြောတာလား?”

 

 

“တကယ်ပေါ့၊ နင်က ငါ့ကိုတောင် မယုံဘူးလား”

 

 

“ယုံပါတယ်”

 

 

ရည်းစားဖြစ်သူ၏ ကတိစကားများကြောင့် မေ့ကျိုက်မျက်နှာပေါ်မှ စိုးရိမ်ပူပန်နေမှုများလည်း ပျောက်ကွယ်သွားလေတော့သည်။

 

 

“ဒါဖြင့်လည်း ဖောင်မြန်မြန်ဖြည့်လိုက်ကြတာပေါ့။ မဟုတ်ရင် ငါစိတ်ပြောင်းမိသွားမှာကို ကြောက်တယ်”

 

 

“ဟုတ်ပြီကွ!”

 

 

ကောင်လေးလည်း မေ့ကျိုက်လက်ကိုဆွဲ၍ သူတို့နှစ်ဦးသည် ကွန်ပြူတာခန်းဆီသို့ ခပ်သွက်သွက်လျှောက်သွားကြလေသည်။

 

 

အဖြစ်အပျက်ကို မြင်ပြီးသော ကျန်းယွီလည်း နောက်မှလိုက်ကာ သူတို့ရှေ့ ပိတ်ရပ်လိုက်၏။

 

 

“ခဏနေဦး!”

 

 

မေ့ကျိုက်သည် ကျန်းယွီအားကြည့်၍ အံ့ဩစွာဖြင့် မေးလိုက်သည်။

 

 

“အတန်းဖော် အဆင်ပြေရဲ့လား.. ဘာဖြစ်လို့လဲ”

 

 

ကျန်းယွီ ခပ်မြန်မြန်ပင် ပြန်ပြောလိုက်လေသည်။

 

 

“နင်.. နင်သူ့တက္ကသိုလ်ကို တက်မိရင် နောက်ကျနောင်တအကြီးအကျယ်ရမှာ”

 

 

ဤစကားကို ကြားကြားချင်း မေ့ကျိုက်တို့ သမီးရည်းစားနှစ်ယောက်လုံး အင်တင်တင်ဖြစ်သွားကြလေသည်။ ထိုအခါ ကောင်လေးမှ -

 

 

“မင်းကဘယ်သူလဲ.. ဘာမို့လို့ ဒီလိုလာပြောနေရတာလဲ”

 

 

ကျန်းယွီ သူ့အား အရေးမစိုက်အားပါ။ မေ့ကျိုက်၏ ပခုံးကိုကိုင်၍သာ ထပ်ပြောလိုက်၏။

 

 

“ငါ့ကိုယုံပါ.. နင်တကယ်ကို နောင်တအကြီးကြီးရမှာ။ ဘာလို့လဲဆိုတော့ နင့်အနာဂတ်က နင်ကိုယ်တိုင်ဆုံးဖြတ်ရမှာ။ တစ်ခြားလူက ဝင်စွက်ဖက်ရမှာမဟုတ်ဘူးလေ”

 

 

“မင်းကဘာလား အူကြောင်ကြောင်နဲ့” ကောင်လေးသည် ဒေါသထွက်လာသဖြင့် အော်လိုက်မိသည်။

 

 

“တော်လိုက်တော့ ဒါမင်းကိစ္စမဟုတ်ဘူး”

 

 

ကျန်းယွီလည်း မေ့ကျိုက်အား ဤသည်မှာ အနာဂတ်ကသူမ အကူအညီ တောင်းထားခြင်းသာဖြစ်ကြောင်း ပြောပြလိုက်ချင်မိ၏။ သို့သော်လည်း ထိုကဲ့သို့ ပြောလိုက်မိပါက သူမအား အရူးတစ်ယောက်ဟုသာ ထင်သွားကြမည်ပင်။

 

 

သည့်အပြင် ကျန်းယွီသည် အခုထိ ထို app အား မယုံကြည်နိုင်သေးပေ။

 

 

သူမသည် ပြန်လည်မွေးဖွားလာသူဖြစ်သည် ဟူ၍သာပြောလိုက်လျှင် သူမကို စိတ္တဇဆေးရုံမှ ထွက်ပြေးလာသူတစ်ဦးဟုသာ သတ်မှတ်ကြပေလိမ့်မည်။

 

 

သို့သော်လည်း စက္ကန့်အနည်းငယ်အကြာတွင် ကျန်းယွီအကြံကောင်းတစ်ခု တွေးလိုက်မိ၏။

 

 

ကောင်လေးဘက်သို့လှည့်၍ အော်စကာဆုရ မင်းသမီးတစ်လက်ကဲ့သို့ ပြုမူကာ ထိတ်ထိတ်ပြာပြာနှင့် ပြောလိုက်လေသည်။

 

 

“နင်ပြောတော့ ငါ့တစ်ယောက်တည်းကိုပဲ ချစ်တာပါဆို! အခုကျတော့… သူမကိုလိမ်ပြီး နင်နဲ့အတူတူ တစ်ကျောင်းတည်းကို လျှောက်ခိုင်းနေတယ်ပေါလေ! နင်ဘာလုပ်ချင်နေတာလဲ ဟမ်? အခုကတည်းက တက္ကသိုလ်ရောက်ရင် ခြေရှုပ်ဖို့ ကြိုးစားနေတာပေါ့ ဟုတ်လား?”

 

 

ကောင်လေးလည်း လှေကားမှပြုတ်ကျတော့မတတ်ပင် အတော်တုန်လှုပ်သွားမိ၏။

 

 

“မင်း.. မင်းမဟုတ်တာတွေ လျှောက်ပြောမနေနဲ့! ငါမင်းကိုသိတောင်မသိဘူး!”

 

 

ကျန်းယွီသည် စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောလိုက်သည်။

 

 

“ငါက လု့ဖန်ရဲ့ကောင်မလေးပဲ။ မနေ့က သူငါ့ကိုပြောတာကျတော့ သူနဲ့အတူတူ နန်ချန်စီးပွါးရေးတက္ကသိုလ်ကို လျှောက်ရအောင်တဲ့။ နင့်ကိုပါ သူအဲ့လိုပြောမယ်လို့ ငါတကယ်ကို မထင်ထားခဲ့ဘူး…”

 

 

ဒါပေါ့.. လု့ဖန်သည် မေ့ကျိုက်၏ ရည်းစားပင်။ ထို့ကြောင့် သူ၏နာမည်နှင့် သိသင့်သိထိုက်သည့် အချက်အလက်အားလုံးကို ဖုန်းထဲမှတစ်ဆင့် ကျန်းယွီသိပြီးသားဖြစ်သည်။

 

 

 

 

 

တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့

 

အပိုင်း ၂.၂

 

 

 

မေ့ကျိုက်သည် သူမရည်းစားနာမည်ကို ကြားလိုက်ရသည်နှင့် အစက သံသယဖြစ်နေတာတွေအားလုံး ပျောက်သွားခဲ့သည်။ ထို့နောက် တည်ငြိမ်စွာနှင့်ပင် -

 

 

“နင်က တကယ် သူ့ကောင်မလေးလား?”

 

 

“ဒါပေါ့! သူကနင့်ကို အနာဂတ်မှာ သူရှာကျွေးမှာလို့ရော ပြောခဲ့သေးလား? ဘဝတစ်လျှောက်လုံး ကြင်နာပေးပြီး အလိုလိုက်ထားမယ်ဆိုတာရောလေ! ဘွဲ့ရတာနဲ့ တန်းလက်ထပ်ပြီး သူကပိုက်ဆံတွေအများကြီးရှာမယ်၊ ပြီးရင် ကလေး၂ယောက်ယူကြမယ်ဆိုတာလေ။ တစ်သက်လုံး စောင့်ရှောက်သွားမှာပါဆိုပြီးတော့လေ?”

 

 

“အင်း နင်ဒါတွေကို ဘယ်လိုသိတာလဲ”

 

 

“ငါ့ကိုလည်း ဒါတွေပြောခဲ့လို့ပဲပေါ့!”

 

 

ပြောနေရင်းပင် လု့ဖန်ကို လက်ညိုးထိုးကာ အော်လိုက်လေ၏။

 

 

“နင် လူလိမ်ကောင်!”

 

 

လု့ဖန်တစ်ယောက် ပါးစပ်ထဲမှ သွေးအန်မတက်ပင် ဖြစ်လာလေ၏။

 

 

ထိုအချိန်တွင် မေ့ကျိုက်သည်တော့ ကျန်းယွီ၏ စကားလုံးများကို ယုံကြည်မိလာလေသည်။ အဘယ်ကြောင့်ဆိုသော် လု့ဖန်ပြောခဲ့သော ထိုစကားများကို သူမမှအပ မည်သူမျှ မသိနိုင်လို့ပင်။

 

 

ကြည့်ရတာတော့ လု့ဖန်တစ်ယောက် ဒီလိုစကားတွေကို ကောင်မလေးဘယ်နှယောက်ကို လိုက်ပြောပြီးပြီလဲဆိုတာ ဘုရားပင် သိနိုင်ပေတော့မည်။

 

 

“အလိမ်အညာကောင်! ငါတို့ပြတ်ပြီ! ဒါနဲ့တောင် နင်ကငါ့အမှတ်တွေကို အနစ်နာခံခိုင်းပြီး နင်နဲ့တစ်ကျောင်းတည်းတက်စေချင်သေးတယ်! အိပ်မက်မက်နေလိုက်!”

 

 

ပြောလျှင်ပြောပြီးချင်းပဲ မေ့ကျိုက်တစ်ယောက် နောက်ကိုတစ်ချက်ပင် လှည့်မကြည့်ဘဲ ကွန်ပြူတာခန်းဘက်သို့ ထွက်လာခဲ့လေသည်။

 

 

မေ့ကျိုက်၏ ခေါင်းကြောမာပြီးဖြေရှင်းရခက်ပုံကြောင့် လု့ဖန်တစ်ယောက်တော့ ဤကိစ္စသည် ကိုင်တွယ်ရခက်တော့မည်ကို ကောင်းကောင်းသိနေလေသည်။

 

 

ဒေါသထွက်စွာဖြင့် ကျန်းယွီကိုကြည့်ကာ မေးလိုက်လေသည်။

 

 

“ငါမင်းအပေါ် တစ်ခုခုလုပ်မိတာများ ရှိလို့လား ဟမ်.. ဘာလို့ ငါ့ကိုဒီလို ဒုက္ခလာပေးရတာလဲ! ငါနင့်အပေါ် အကြွေးတင်နေလို့လား ပြော?”

 

 

ကျန်းယွီသည်လည်း အရေးမစိုက်ဟန်ဖြင့် ပခုံး​လေးတွန့်ကာ ခပ်ပြုံးပြုံးလေး ပြန်ဖြေလိုက်သည်။

 

 

“မိန်းကလေးတစ်ယောက်ကို ကိုယ်ရှာကျွေးမယ်ဆိုတဲ့စကား ဘယ်တော့မှ မပြောမိစေနဲ့”

 

 

“အဲ့တော့ ဘာဖြစ်လို့လဲ?”

 

 

“ဘာလို့လဲဆိုတော့ အမြဲတမ်းအဲ့အတိုင်း လုပ်နိုင်ပါမယ်လို့ မပြောနိုင်ဘူးလေ။ နောက်ဆုံးကျရင် နင့်ကိုရွေးမိတဲ့အတွက် ကောင်မလေးဘက်က နောင်တတွေပဲရလာမှာ”

 

***

 

များမကြာမှီတွင် ပေချန်အလယ်တန်းကျောင်းမှ ကျောင်းဝင်ခွင့်များကို ထုတ်ပြန်ကြေငြာလေသည်။

 

 

ကျန်းယွီလည်း ကျောင်းသို့တစ်ဖန် သွားရောက်၍ မေ့ကျိုက်အားရှာကာ ထိုနေ့က သူမ၏ အပြုအမူအတွက် တောင်းပန်၍ အရာအားလုံးကို ရှင်းပြလေ၏။

 

 

စီစဉ်ထားသည့်အတိုင်းဆိုလျှင် ထိုကဲ့သို့ အပိုအလုပ်မျိုး သူမ လုပ်လိမ့်မည်မဟုတ်ပေ။ လု့ဖန်သည် ဘယ်လိုလူစားမျိုးမှန်း သူမ,မသိခဲ့၍သာ ဖြစ်သည်။

 

 

ထို့ကြောင့်ပင် လု့ဖန်နှင့် မေ့ကျိုက်တို့၏ ဆက်ဆံရေးအား ရှေ့ဆက်သင့် မဆက်သင့်ကို မေ့ကျိုက်သည်သာ ဆုံးဖြတ်သင့်သည်။

 

 

ထိုအချိန်၌ ကျန်းယွီပြောပြသမျှသော သူမ၏အတိတ်နှင့် အနာဂတ်မှ အမှာစကားများအား မေ့ကျိုက်တစ်ယောက် မယုံနိုင်စွာဖြင့် နားထောင်နေလေသည်။

 

 

မည်သို့ပင်ဆိုစေ သူမလက်ထဲတွင် ကိုင်ထားသော ပေချန်တက္ကသိုလ် တရုတ်ဘာသာရပ်မေဂျာ ဝင်ခွင့်ကိုကြည့်လိုက်မိသောအခါ သူမမျက်လုံးများ ချက်ချင်းပင် တောက်ပလာခဲ့သည်။

 

 

“ငါ့ရဲ့လာမယ့် ၁၈နှစ်ပြည့်မွေးနေ့အတွက် အကောင်းဆုံးလက်ဆောင်က ငါ့အနာဂတ်ကို ငါကိုယ်တိုင်ရွေးချယ်ခဲ့ခြင်းပဲ”

 

 

ဆက်လက်၍ မေ့ကျိုက်က ကျန်းယွီအား သူမ၏ ခံစားချက်အစစ်အမှန်ကို ရင်ဖွင့်လိုက်တော့သည်။

 

 

“အမှန်အတိုင်းပြောရရင်… သူ့အမှတ်တွေနဲ့ ငါ့အမှတ်တွေ ဘယ်လောက်ခြားနားလဲဆိုတာကို မြင်ကတည်းက ငါ့စိတ်ထဲကနေ သိနေခဲ့တာ”

 

 

“ဟုတ်လား”

 

 

“သူပြောတယ်.. ငါ့ကိုစောင့်ရှောက်ပေးမယ်၊ ငါ့ကိုလုပ်ကျွေးမယ်ပေါ့။ ဒီစကားတွေကြားရတာ သိပ်ကိုတော့ ချိုမြိန်ပါတယ််။ အဲ့ဒါကြောင့်လည်း သူ့ကမှီခိုလို့ရမယ့် ယောင်္ကျားမျိုးပဲလို့ ငါတွေးခဲ့မိတာ။ ပြီးတော့ ပြောရမယ်ဆိုရင်.. ငါက ကိုယ့်ဟာကိုယ်ကြိုးစားပြီး စာလေ့လာချင်တာ။ တကယ်တမ်း သေချာတွေးကြည့်မယ်ဆိုရင် သူ့ရဲ့ဒီလောက်လုပ်နိုင်စွမ်းလေးနဲ့ ငါ့ကိုဘယ်လိုများထောက်ပံ့ပေးနိုင်မှာတဲ့လဲ? အရင်က ဒီလိုတွေးမိတိုင်း ဒီစကားလုံးလှလှလေးတွေကို မလွန်ဆန်နိုင်ခဲ့ဘူး.. လေထဲမှာတိုက်အိမ်ဆောက်နေတယ်ဆိုတာ သိပေမယ့်လည်းပေါ့။ ဒါပေမယ့် အခုငါ့လက်ထဲက ဝင်ခွင့်စာရွက်ကိုမြင်ရတော့ ငါတကယ်ကို စိတ်သက်သာရာရမိတယ်”

 

 

ကျန်းယွီသည်လည်း မေ့ကျိုက်၏ ပြောဆိုချက်များကို အလေးအနက် သဘောတူမိ၏။

 

 

အတိတ်ဘဝတွင် သူမ၏ သိမ်ငယ်စိတ်နှင့် သူရဲဘောကြောင်မှုတို့ကြောင့် ဟော့ချန်အား လိုလိုလားလားဖြင့် လက်ထပ်ချင်ခဲ့ပြီး နောက်ပိုင်းတွင် အစားထိုးခံသက်သက်သာ ဖြစ်လာခဲ့ရသည်။ အကျိုးဆက်အနေဖြင့်တော့ အမြဲလိုလို အရိုက်ခံရပြီး ဆဲဆိုခံရကာ ဒေါသများအားလုံး ကျန်းယွီပေါ်၌ ပုံချခံခဲ့ရသည်ပင်။ အကြောင်းမူကား ဟော့ချန်သည် သူ့အချစ်ဦးကို ရအောင်မယူနိုင်ခဲ့သည့်အတွက်တည်း။

 

 

လက်ထပ်ပြီးသည့်နောက်တွင် ကျန်းယွီသည် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်သည့် အရည်အချင်းအား ဆုံးရှုံးခဲ့ရသည်။ သည့်အတွက် ဟော့ချန်ကိုသာ မှီခို၍ အသက်ဆက်နေရသော နွယ်ပင်လေးတစ်ပင်ထက် ဘာမှမပိုခဲ့ပေ။

 

 

ဤသည်မှာ ဟော့ချန်သေဆုံးကာ သူမ၏အိပ်မက်ဆိုးကို အဆုံးမသတ်ပေးခင်အထိဖြစ်သည်။

 

 

သူမ၏ ဒုတိယဘဝတွင်တော့ ကျန်းယွီသည် တတ်နိုင်သမျှ ဟော့ချန်နှင့် အဝေးမှာနေကာ သူမဘဝကို ကိုယ်တိုင်ထိန်းကျောင်းချင်သည်။

 

***

 

ပေချန်အလယ်တန်းကျောင်းမှ ထွက်လာသည့်အချိန်တွင် “ပီ”ဆိုသည့် အသံဖြင့် မက်ဆေ့ချ်တစ်စောင် ဝင်လာလေသည်။

 

 

“ဂုဏ်ယူပါတယ်၊ သင့်ကိုပေးအပ်ထားသည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ပါပြီ။ ဝန်ဆောင်ခ ယွမ်၂၀၀၀၀ ပေးချေထားပါတယ်။ ကုမ္ပဏီဘက်မှ ဝန်ဆောင်ခကို နှုတ်လိုက်ပါက သင့်အတွက် ယွမ်၁၆၀၀၀ ရရှိပါမည်။”

 

 

ကျန်းယွီ မြန်မြန်ပင် သူမ၏ ဘဏ်အကောင့်ကို စစ်ကြည့်လိုက်၏။ အမှန်တကယ်ကိုပင် ယွမ် ၁၆၀၀၀ ရှိနေလေသည်။ သူမတကယ်ကို မယုံကြည်နိုင်ဖြစ်နေသဖြင့် ဘဏ်ကဒ်မှတစ်ဆင့် ငွေသားထုတ်ရန် ချက်ချင်းလုပ်လိုက်လေသည်။

 

 

မထင်မှတ်ထားလောက်အောင်ပင် မိနစ်အနည်းငယ်အကြာ၌ ငွေပမာဏရောက်ရှိပြီဖြစ်ကြောင်း စာတိုတစ်စောင် ရောက်ရှိလာ၏။

 

 

ကျန်းယွီသည် ယုံကြည်ရန် ခက်ခဲနေသေးသဖြင့် အနီးစပ်ဆုံးဘဏ်ဆီသို့သွားကာ ATM စက်မှငွေထုတ်ကြည့်လေရာ တကယ်ကိုပင် သူမယွမ် ၁၆၀၀၀ ရရှိခဲ့လေသည်။

 

 

ထိုအချိန်တွင် သူမသိလိုက်မိသည်ကား ဒီ app သည် သူမ၏အခက်အခဲအားလုံးကို ဖြေရှင်းပေးနိုင်လိမ့်မည်ပင်။

 

 

ပြန်လည်မွေးဖွားခြင်းကိုပင် မယုံနိုင်စရာကောင်းလောက်ပြီဟု ထင်နေခဲ့သည်သာ။ ယခုတွင်မူ အနာဂတ်နှင့် ဆက်သွယ်နိုင်သော ဖုန်းပါရှိနေသဖြင့် မဖြစ်နိုင်သည်မှာ ဘာမှမရှိဘူးဟုပင် ထင်လာမိ၏။

 

 

ထိုအခိုက်အတန့်တွင်ပင် အက်မင်ဆီမှ နောက်ထပ်စာတစ်စောင် ရောက်လာလေ၏။

 

 

“သင်နောက်ထပ်အကူအညီ တောင်းခံထားရပါသည်။ လက်ခံမည်၊ မခံမည်ဖြစ်ကြောင်းကို စာပြန်ပေးပါ။ ဝန်ဆောင်ခသည် ယွမ်သန်း၃ရာ ဖြစ်ပါသည်။”

 

 

“ဘာ!!”

 

 

ကျန်းယွီတစ်ယောက် သုညများကို သေချာတိကျစွာဖြင့် လိုက်ရေမိလိုက်သည်။ အမှန်အကန်ကိုပင် ယွမ်သန်း၃၀၀ပေတည်း။

 

 

အခုတင် မေ့ကျိုက်၏တာဝန်အတွက် ယွမ်၁၆၀၀၀ ရခဲ့သည်။ အခုတာဝန်ကတော့ ယွမ်သန်း၃ရာတောင်ပင်။ ဤတာဝန်သာ အောင်မြင်ခဲ့မည်ဆိုလျှင် လက်ရှိဆင်းရဲနေရာကပင် အလယ်အလတ်တန်းစား အခြေအနေသို့ တန်းရောက်သွားမည်ဖြစ်ပေသည်။

 

 

သူမ၏ စိတ်လှုပ်ရှားမှုများကို ချုပ်တည်း၍ တာဝန်ကို လက်ခံမည်ဖြစ်ကြောင်း စာပြန်လိုက်လေ၏။

 

 

သိပ်မကြာခင်တွင် ချူးလီ အမည်ရှိသော လူတစ်ယောက် သူမအား သူငယ်ချင်းလာ add ၍ အသံမက်ဆေ့ချ်တစ်ခု ပို့လိုက်သည်။

 

 

“ငါ့ကိုကယ်တင်ပေးပါ”

 

 

စကားလုံး၂လုံးမျှသာ… သို့သော် လူကိုပင်သေချင်ဆော်နံလာစေအောင် ပြုလုပ်နိုင်သော ညို့အားပြင်းပြင်းနှင့် ယစ်မူးဖွယ်ရာ အသံပင်ဖြစ်သည်။

 

 

ထိုအသံကို ကြားသည်နှင့် ကျန်းယွီတစ်ယောက်ကြောက်လွန်း၍ လက်ထဲမှဖုန်းပင် လွှတ်ကျသွားခဲ့ရသည်။

 

 

ဟုတ်ပါသည်.. သူမ ဒီအသံကိုမှတ်မိသည်။ သူမယောင်္ကျားဟော့ချန်၏ အတွင်းရေး စိတ်ရောဂါပညာရှင်ဖြစ်သည်။ နောက်ဆုံးတွင် ဟော့ချန်၏ ဘဝအား အဆုံးသတ်ခဲ့သူလည်း ဖြစ်ပေသည်။

 

 

ထိုဟော့ချန်၏ မှုခင်းကို သတင်းများက ဆယ်ရက်တိုင်တိုင် ဖော်ပြခဲ့ကြလေသည်။ ရဲများသည်တော့ သူသည် အလွန်အမင်းပင် အန္တရာယ်များကာ လူမှု့ဆက်ဆံရေး အတော်ကို ညံ့ဖျင်းသောသူဖြစ်ကြောင်း၊ ခံစားချက်မရှိသည့်အပြင် စိတ်ကိုကြိုးကိုင်ခြယ်လှယ်ရာတွင်လည်း ဆရာတစ်ဆူဖြစ်ကြောင်း ဖော်ထုတ်ခဲ့ကြသည်။

 

 

မည်သို့ပင်ဆိုစေ ထိုသူသည် လူ့ပတ်ဝန်းကျင်အတွက် အန္တရာယ်ရှိသော ခြိမ်းခြောက်မှုတစ်ခုပင်ဖြစ်လေသည်။ သူမဘဝတစ်လျှောက်လုံးတွင် နည်းနည်းလေးမျှ သွားမထိချင်မိသောလူပေ။

 

 

သို့သော်ငြားလည်း ချူးလီကတော့ ဒီပြန်လမ်းမရှိသောလမ်းမှလွတ်မြောက်၍ သူ့ဘဝကိုပြောင်းလဲရန် သူ၏ ၁၇ နှစ်အရွယ်ဘဝအား ကျန်းယွီကူညီပေးရန်ကို မျှော်လင့်နေမိသည်။

 

 

အခုတွင်တော့ သူသည် တစ်သက်တစ်ကျွန်း အပြစ်ဒဏ် ချမှတ်ခံထားရလေသည်။ ကျန်းယွီကိုပေးမည့် ယွမ်သန်း၃ရာဆိုသည်မှာ ဆွစ်ဇာလန်ဘဏ်ထဲတွင် သိမ်းထားသမျှ သူ၏ပိုင်ဆိုင်မှူအကုန်သာဖြစ်သည်။ ကျန်းယွီ ကူညီကာပြောင်းလဲပေးမည့် သူ့အနာဂတ်အတွက်ပေတည်း။

 

 

ကျန်းယွီသည်တော့ ဤယွမ်သန်း ၃ရာ တန်တာဝန်သည် အလွန်ကောင်းသည်ဟု ထင်နေလေသည်။